← Chapters

အခန်း (၄၄၅)

Vol. 32 Ch. 445

အခန်း (၄၄၅)

Vol. 32 Ch. 445

နင်ယွမ်ရှန်း နှင့် လီစွန်းတို့ ပြောဆိုနေတုန်းမှာပဲ မိန်းမစိုးရှောင်လီသည် အထဲသို့ပင် လှမ်းဝင်လာပြီး တုန်ယင်နေသည့်အသံနှင့် လျှောက်တင်လိုက်သည်။ “အရှင်မင်းကြီး.. ဝူဘုရင် ရောက်နေပါတယ်”

ရွဲ့ဘုရင် နင်ယွမ်ရှန်းက ကြောင်အသွားခဲ့၏။ သူ နားကြားမှားလေသည်လား။ တစ်ဖက်လူသည် စည်းမျဉ်းစည်းကမ်းများကို လိုက်နာတတ်သည့်လူ မဟုတ်ပေ။ အကယ်၍ ဘုရင်တစ်ယောက် အနေနှင့် တခြားနိုင်ငံသို့ လာရောက် လည်ပတ်ချင်သည်ဆိုလျှင်တောင်မှ အရင်ဦးဆုံး ခွင့်တောင်းသင့်သည်။ လက်ခံလိုက်လျှင်လည်း လာရောက်လည်ပတ်မည့် နေ့ကောင်းရက်သာကို ရွေးချယ်သင့်သည်။ သို့ပေမည့် ဝူချီသည် ဤကဲ့သို့ပင် ရောက်ရှိလာသည်လား။ မသိလျှင် ဘေးအိမ်သို့ ဟင်းလာတောင်းသလိုပင်။

သို့ပေမည့် နင်ယွမ်ရှန်းက တကယ်ပဲ ပျော်ရွှင်သွားခဲ့၏။ ထို့အပြင် အံ့အားသင့်လို့လည်း နေ၏။ တကယ့်ကို ကြီးမားလွန်းသည့် နိုင်ငံရေးရာ အောင်မြင်မှုတစ်ခုပင် ဖြစ်၏။ သာမန်အခြေအနေမျိုးတွင် နိမ့်ပါးသည့် ဘုရင်ကသာလျှင် တစ်ဖက် မြင့်မားသည့် ဘက်ခြမ်းသို့ လာရောက်လည်ပတ်ရသည်။ ဤအရာက သဘာဝပင်။

လွန်ခဲ့သည့်နှစ် ၂၀ ယန်ကျိုးဖြစ်စဉ်တွင် ဝူပြည်နယ်က ရှုံးနိမ့်ခဲ့၏။ သို့ပေမည့် ဝူဘုရင်သည် ရွဲ့ပြည်နယ်ဆီသို့ စဦးလာရောက် လည်ပတ်ခဲ့ခြင်း မရှိချေ။ နယ်စပ်နေရာ၌သာ စင်မြင့်တစ်ခုကို တည်ဆောက်ခဲ့ပြီး ဘုရင်နှစ်ပါး ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့၏။ ညှိနှိုင်းဆွေးနွေးမှုရလဒ်အရ ဝူပြည်နယ်က အညံ့ခံခဲ့ရသည်။ ဝူပြည်နယ်သည် ရွဲ့ပြည်နယ်ဆီသို့ ခရိုင်ကိုးခုကို ပေးအပ်ခဲ့ရ၏။

နင်ယွမ်ရှန်းက ပျော်ရွှင်သွားခဲ့မိ၏။ သူက ခေတ္တနန်းတော်ထဲသို့ ရှိရှိသမျှ အမှုထမ်းအားလုံးကို ဆင့်ခေါ်လိုက်၏။ သူက စစ်သည်ပေါင်းသောင်းချီကို စုစည်ပြီး ဝူပြည်နယ်ဘုရင်ကို သူ၏စစ်သည်အင်အား ၊ စစ်ရေးပြရန် စီစဉ်လိုက်သည်။

..............

ဝူဘုရင်လူငယ်သည် အရှက်ခွဲခံရမည်ကို ကြိုတင်တွက်ဆခဲ့ပြီးသား ဖြစ်၏။ နင်ယွမ်ရှန်းကလည်း ထိုအရာကို ကောင်းကောင်းနားလည်၏။ ထိုကဲ့သို့ ပြန်လည်ပြုလုပ်မှသာလျှင် နယ်စပ်ဒေသ၏ အမဲလိုက်ပွဲတုန်းက သူ၏ ရှုံးနိမ့်မှု ပျောက်ကွယ်သွားမည် မဟုတ်ပါလား။ ရွဲ့ပြည်နယ်အနေနှင့် ကြီးမားသည့် အောင်ပွဲတစ်ခုကို ရရှိခဲ့၏။

ဝူဘုရင်သည် နင်ယွမ်ရှန်း၏ အကူအညီကို လိုအပ်လျက် ရှိ၏။ ထို့ကြောင့် နင်ယွမ်ရှန်း မိမိလုပ်ချင်ရာကို ပြုလုပ်ရန် သဘာဝအားဖြင့် စေလွှတ်ထားပေရပေလိမ့်မည်။

ဝူချီသည် ရွဲ့ဘုရင်ဆီသို့ ရောက်လာသည့်အချိန်မှာတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ခက်ခဲကြမ်းတမ်းမှု အားလုံးကို အံကြိတ်ကာ ခုခံရန် ပြင်ဆင်ထားခဲ့ပြီးသား ဖြစ်၏။ နင်ယွမ်ရှန်းက သူသည်သာ လောကတွင် အချောဆုံးယောက်ျားဟု ပြောဆိုမည်ဆိုလျှင်ပင် ဝူဘုရင်ဖြစ်သော သူက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ် ပြရပေမည်။ သူက နိုင်ငံတစ်ခု၏ ဘုရင်တစ်ပါး ဖြစ်၏။ သို့ပေမည့် တစ်ဖက်လူနှင့် ပူးပေါင်း ဆောင်ရွက်ရပေလိမ့်မည်။ “နင်ယွမ်ရှန်း .. ခင်ဗျား လုပ်ချင်တာကိုသာ လုပ်ပါတော့”

အနိုင်ကျင့်စော်ကားခြင်းကို ခံရလိမ့်မည်ဖြစ်ကြောင်း ဝူဘုရင် ကောင်းကောင်း သိရှိထား၏။ သို့ပေမည့် သူက ဆုံးဖြတ်ချက် ချပြီးသား ဖြစ်၏။ ရွဲ့ပြည်နယ် လူပေါင်းသိန်းချီတို့၏ လှောင်ပြောင်မှုကိုလည်း သူ ခံရပေလိမ့်မည်။ သို့ပေမည့် သူက ရွဲ့ပြည်နယ်ဆီသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့၏။ ထို့အပြင် ရွဲ့ပြည်နယ်ဘုရင်ကို ဝိုင်ခွက်ကိုငှဲ့ပြီး အလေးအမြတ်ပြုရပေလိမ့်မည်။

ဝူချီသည် အနိမ့်ဆုံးအခြေအနေဆီသို့ မိမိကိုယ်ကိုယ် နှိမ့်ချထားခဲ့၏။ သို့ပေမည့် ညှိနှိုင်းဆွေးနွေးချိန်မှာတော့ သူက အလျှော့ပေးလိမ့်မည် မဟုတ်ချေ။ လျော်ကြေးပေးရခြင်းက အဆင်ပြေသေး၏။ သို့တစေ ရွှေဒင်္ဂါး ငါးသိန်းထက် ပိုမို ပေးအပ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ခရိုင်များကိုလည်း သူ လုံးဝ ပေးလိမ့်မည် မဟုတ်ပေ။

ဝူချီက ဆုံးဖြတ်ခဲ့ပြီးသား ဖြစ်၏။ နင်ယွမ်ရှန်း သဘောမတူပါက သူသည် ဤရွဲ့ပြည်နယ် ခေတ္တနန်းတော် ထဲတွင်သာ ဆက်လက် နေထိုင်လိုက်မည်။ ဘာပဲပြောပြော သူက နိုင်ငံတစ်ခု၏ ဘုရင်တစ်ပါး ဖြစ်၏။ သူ့ကို မောင်းထုတ်၍ မရနိုင်ပေ။ ဟုတ်ပြီလား။

သို့ပေမည့် ရွဲ့ပြည်နယ် နန်းတော်ထဲသို့ ဝင်ရောက်ပြီးနောက် အရာအားလုံးတို့သည် ဝူဘုရင် ခန့်မှန်းထားသည်နှင့် ခြားနားလျက် ရှိနေကြောင်း သိရှိလိုက်ရ၏။ အလောတကြီးနှင့် ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက သူ့ကို ကြိုဆိုသည့် အခမ်းအနားတစ်ခုကို ပြင်ဆင်ပေးခဲ့၏။ ထိုအရာကလည်း တကယ့်ကို လေးနက်လျက် ရှိပြီး အနိုင်ကျင့် ဖိနှိပ်ချင်သည့် စိတ်ဆန္ဒဟူ၍ တစ်ချက်ကလေးမှ မရှိခဲ့ချေ။

လာရောက်ကြိုဆိုကြသည့် စစ်သည်များစွာတို့က အရေးကြီးသည့် ရာထူးနှင့် စစ်သည်များဖြစ်ခဲ့ကြပြီး ဝန်ကြီးဝန်ထောက် အားလုံးလည်း ပါဝင်၏။ ဘုရင်မင်းမြတ် နင်ယွမ်ရှန်း ကိုယ်တိုင်ပင်လျှင် လာရောက်ကာ ကြိုဆိုခဲ့၏။ အခြားသော မည်သည့်စိတ်ဆန္ဒမှ မရှိသည့်ပုံပင်။

အနည်းငယ် အံ့အားသင့်ခဲ့ပြီးနောက် ဝူဘုရင်က အလောတကြီးဖြင့် ရှေ့ကိုတိုးကာ ဦးညွှတ်ပြီး ပြောလိုက်၏။ “တူတော်မောင်ဝူချီက ရွဲ့ဘုရင်ကို နှုတ်ခွန်းဆက်သပါတယ်”

သို့ပေမည့် သူ ဦးမညွှတ်ရသေးခင်မှာပင် နင်ယွမ်ရှန်းက သူ့ကို ချက်ချင်းတားဆီးလိုက်သည်။

“ဝူဘုရင်... ဒီလိုမျိုး လုပ်လို့မရဘူး။ ခင်ဗျားက ကျုပ်ထက်အများကြီး ငယ်ရွယ်တယ်ဆိုပေမယ့် နိုင်ငံတစ်ခုရဲ့ ဘုရင်ပဲ။ ဒီတော့ တစ်ယောက်နဲ့တစ်ယောက် တန်းတူညီတူ ဆက်ဆံရမှာပေါ့”

နင်ယွမ်ရှန်းက ပြောလိုက်၏။ “ဝူဘုရင်ရဲ့ နာမည်က ကျုပ်ဦးလေးရဲ့ နာမည်နဲ့ တူနေတယ်။ ဒါကတော့ ရယ်စရာတစ်ခုပါပဲ”

ဝူဘုရင်၏ နာမည်က ဝူချီဖြစ်ပြီး နင်ယွမ်ရှန်း၏ ဦးလေးနာမည်မှာတော့ နင်ချီ ဖြစ်သည်။ ထို့အတူ စာလုံးပေါင်း မတူ အသံထွက်တူသည့် တတိယမင်းသား နင်ချီ ရှိနေသေးသည်။

ဝူဘုရင်က ချက်ချင်းပဲ ဦးညွှတ်ကာဖြင့် ပြောလိုက်၏။ “ဝူချီက အစ်ကိုနင်ကို နှုတ်ဆက်ပါတယ်”

နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ကောင်းပြီ။ ငါ့ညီလေးက တကယ့်ကို သူရဲကောင်းဆန်တာပဲ။ လွန်ခဲ့တဲ့ နှစ်ရက်တုန်းက ရွဲ့ပြည်နယ်ဆီ လာရောက်လည်ပတ်ဖို့ ငါ သံတမန်တစ်ယောက်ကို စေလွှတ်ပြီး ဖိတ်ခိုင်းခဲ့သေးတယ်။ ဒီနေ့ မင်း ဒီကိုရောက်လာပြီဆိုတော့ တကယ့်ကို ပျော်စရာပေါ့။ ဘယ်လိုလဲ။ လာတဲ့ခရီးစဉ် က ပျော်စရာ ကောင်းရဲ့လား။ အဆင်ပြေရဲ့လား”

ဝူဘုရင်က ပြောလိုက်၏။ “အင်း... အစ်ကိုနင်ရဲ့ ဖိတ်စာကို ကျုပ် လက်ခံရရှိခဲ့ပါတယ်။ ဒါကြောင့်လည်း အစ်ကိုတော်နဲ့တွေ့ဖို့ ကျုပ်လာခဲ့တာပေါ့။ စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီခရီးစဉ်က တကယ့်ကို အဆင်ပြေချောမွေ့ခဲ့ပါတယ်”

ချီးတဲ့မှ... နင်ယွမ်ရှန်းက အဘယ်တုန်းက ဝူချီကို ဖိတ်ခေါ်ခဲ့သနည်း။ သူတို့၏ ပြောဆိုနေသည့် စကားလုံးများကို နားထောင်ရမည်ဆိုလျှင် ဝူချီက ဖိတ်ကြားခံရသောကြောင့် အဝေးတစ်နေရာဆီမှ အားသွန်ခွန်စိုက် ရောက်ရှိလာခဲ့သလိုပင်။ တကယ်တမ်းမှာတော့ မိုင်ဒါဇင်ချီ အနည်းငယ်သာလျှင် ကွာဝေး၏။ ဤခရီးစဉ်က ချောမွေ့လား။ မချောမွေ့လားဆိုသည်ကို မျက်စိဖြင့် လှမ်းကြည့်လိုက်ရုံနှင့် မြင်နိုင်သည်။ ခလုတ်တိုက်လဲလျှင် တောင်မှ ပြေးထူ၍ ရသည့် အကွာအဝေးမျိုပင်။

ရွဲ့ဘုရင်က ပြောလိုက်၏။ “ညီလေးဝူ.. မင်းက အခု ဧည့်သည်ပဲ။ ဒီတော့ ရှေ့က ကြွပါ”

ဝူဘုရင်က နောက်သို့ တစ်လှမ်းဆုတ်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “အင်း.... အစ်ကိုနင် ရှေ့ကနေ ကြွပါ”

သူတို့နှစ်ယောက်လုံးသည် အရှေ့မှ သွားရန် ငြင်းပယ်လျက် ရှိနေ၏။ နောက်ဆုံးမှာတော့ ရွဲ့ဘုရင်က ဝူဘုရင်၏ လက်မောင်းကို အသာဖမ်းဆွဲကာ ပြောလိုက်၏။ “ဒါဆိုရင်လည်း အတူတူသွားကြတာပေါ့”

ပြီးနောက် ဘုရင်နှစ်ပါးတို့သည် နန်းတော်ထဲသို့ ဝင်ရောက်သွားခဲ့၏။

...........................

သို့နှင့် ရွဲ့ဘုရင်သည် ဝူဘုရင်အတွက် ဂုဏ်ပြုညစာစားပွဲကို ကျင်းပခဲ့၏။ သူတို့နှစ်ယောက်က ကဗျာအကြောင်း၊ စာအကြောင်းများကို ပြောဆိုလျက် ရှိနေပြီး နိုင်ငံရေးရာ ကိစ္စရပ်များကို တစ်ချက်ကလေးမှ မပြောခဲ့ချေ။

ဝူဘုရင်က ရှမ့်လန်၏ ကဗျာစပ်သည့် ပါရမီကို အကြိမ်ပေါင်းများစွာ ချီးကျူးခဲ့၏။ ရွဲ့ဘုရင်သည် ရှမ့်လန်ကိုလည်း အကြိမ်ပေါင်းများစွာ ချီးကျူးလျက် ရှိနေ၏။ သူတို့သည် နှစ်ဖက်မိဘ မင်္ဂလာစကား ပြောဆိုနေသည့် မိဘနှစ်ပါး ကဲ့သို့ပင် ဆင်တူနေ၏။ မသိလျှင် ရှမ့်လန် နှင့် ဝူဘုရင်၏ သမီးတော်တို့ မြန်းနေသလိုပင်။

ပြီးနောက် စားပွဲကို ပျော်ပျော်ရွှင်ရွှင်နှင့် ကျင်းပခဲ့၏။ နှစ်ယောက်သားသည် အခြားသော နန်းဆောင်ထဲသို့ ဝင်ရောက်ခဲ့ပြီး သူတို့၏ လေးနက်သည့်ဂုဏ်နှင့် လိုက်ဖက်ညီသော ဝတ်စုံများကို ပြောင်းလဲ ဝတ်ဆင်လိုက်ကြ၏။

တရားဝင် ညှိနှိုင်းဆွေးနွေးပွဲက စတင်ခဲ့ပြီ ဖြစ်၏။ နင်ယွမ်ရှန်း၏ ဘက်တွင် လူနှစ်ယောက် ရှိပြီး ဝူချီ၏ ဘက်တွင်လည်း လူနှစ်ယောက်သာ ရှိသည်။

ဝူဘုရင်က အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေ၏။ ပြီးနောက် ပြောလိုက်၏။ “အင်း... အစ်ကိုနင် ... ပျံ့ရှောင်း နောက်ဆုတ်ပေးမယ်ရင်ကော ... ဘယ်လိုလဲ”

ဤအရာက တည့်တိုးဆန်လွန်းလှသည်။

နင်ယွမ်ရှန်းက ပြောလိုက်၏။ “အင်း... ဝူဘုရင် ဘာတွေများ ကမ်းလှမ်းချင်သေးလဲ”

ဝူဘုရင်က ပြောလိုက်သည်။ “အင်း... လူသိရှင်ကြား တောင်းပန်မှုပေါ့။ အခုကစပြီး ရွဲ့ပြည်နယ်က ကျုပ်တို့ရဲ့ အစ်ကိုကြီးပဲ။ ဝူပြည်နယ်က ညီငယ်လေးပဲ လုပ်ပါ့မယ်။ စစ်ပွဲအတွက် လျော်ကြေးကတော့ ရွှေဒင်္ဂါး နှစ်သိန်းပေးဖို့ စီစဉ်ထားပါတယ်”

နင်ယွမ်ရှန်းက မည်သို့မှ မဆိုချေ။ သို့ပေမည့် သူ့၏တစ်ဖက်တွင် ရှိနေသည့် ရွဲ့ပြည်နယ်၏ ဝန်ကြီးမှာတော့ နှာခေါင်းရှုံ့လိုက်၏။ ဆိုးဝါးလွန်းလှချေ၏။ ဤအရာကို ကမ်းလှမ်းမှုဟူ၍ပင် ပြောဆို၍ ရနိုင်သည်လား။

‘ဝူဘုရင်... ရွဲ့ပြည်နယ် လေ့ကျိုးကျွန်းကို သိမ်းပိုက်ဖို့ ပြင်ဆင်ခဲ့တာက ခင်ဗျားတို့။ ပြီးတော့ နုရှောင့်မြို့ကို ဝင်တိုက်ဖို့ စစ်သည်ပေါင်း သုံးသောင်းကျော်ကို စေလွှတ်ခဲ့တာလည်း ခင်ဗျားတို့ .... စစ်ကြေညာခဲ့တာလည်း မဟုတ်ဘူး။ ကြုံသလို ဝင်တိုက်သွားတာ မဟုတ်လား။

‘ကိုယ်တိုင်ကိုယ်ကျ စစ်သည်ပေါင်း သုံးသောင်းကျော်ကို ဦးဆောင်ပြီး ရှန်ယီမြို့ဆီလည်း ဦးတည်လာခဲ့တယ်။ တကယ်တမ်း တိုက်ခိုက်ဖို့လည်း ပြင်ဆင်ခဲ့တယ်။ ခင်ဗျားက ကျုပ်တို့ ဘုရင်မင်းမြတ် နဲ့ စီးချင်းထိုးမည့် ပုံစံမျိုးတောင် ရှိခဲ့တာ မဟုတ်လား’

ရွဲ့ပြည်နယ်က အားကောင်းပြီး ကောင်းကင်၏ ကောင်းချီးကို ရရှိထားသောကြောင့်သာ ကံကောင်း၏။ မဟုတ်ပါက တစ်ခါတည်း သုတ်သင်ရှင်းလင်းခြင်းကို ခံရနိုင်၏။ ရွဲ့ပြည်နယ်သာ ရှုံးနိမ့်ခဲ့သည်ဆိုပါက ဝူဘုရင်က အဆမတန် တောင်းဆိုမှာ သေချာ၏။ လေ့ကျိုးကျွန်းစုတစ်ခုလုံးကို ပိုင်ဆိုင်ခွင့်ရရန် တောင်းဆိုမည်မှာ မြေကြီးလက်ခတ် မလွဲပင်။ ထိုတင်သာမကသေးချေ။ ခရိုင်ငါးခုလောက်ကိုပင် အနည်းဆုံး ထပ်မံကာ တောင်းဆို ပေဦးမည်။

လက်ရှိ ဝူပြည်နယ်ရှုံးနိမ့်သွားသည့်အချိန်မှာတော့ ရွှေဒင်္ဂါးနှစ်သိန်းကျော်ကိုသာ လျော်ကြေးပေးရန် ပြင်ဆင် နေ၏။ ဆိုးဝါးလွန်းလှချေ၏။ လောကကြီးထဲတွင် ဤကဲ့သို့ ဈေးပေါလွန်းသည့် အလဲအလှယ်ကိစ္စရပ် ဆိုသည်မှာ ရှိပါရဲ့လား။ အိမ်မက်သာ မက်နေသင့်၏။

ရွဲ့ပြည်နယ်ဝန်ကြီးသည် ခပ်ထေ့ထေ့ ရယ်မောပြီး တစ်စုံတစ်ခုပြောရန် ပြင်ဆင်လိုက်၏။ သို့ပေမည့် နင်ယွမ်ရှန်းက လက်မြှောက်ကာ တားဆီးလိုက်သည်။

“ဝူဘုရင် ... အင်း... ကျုပ် ခင်ဗျားကို လျော်ကြေးတွေဘာတွေ တောင်းဆိုမနေချင်ပါဘူး။ ပြီးတော့ ခင်ဗျားဆီကလည်း ဘယ်ခရိုင်ကိုမှ မလိုချင်ပါဘူး။ ပျံ့ရှောင်းကလည်း သူရဲ့စစ်တပ်ကြီးနဲ့အတူ ပြန်ပြီး နောက်ဆုတ်ပေးလိမ့်မယ်” နင်ယွမ်ရှန်းက ပြောလိုက်၏။

ဝူဘုရင်က ကြောင်အသွားခဲ့သည်။ “အစ်ကိုနင် ဒီကိစ္စကို တကယ်လုပ်ချင်တာ ဟုတ်ရဲ့လား”

နင်ယွမ်ရှန်းက ပြောလိုက်၏။ “အင်း... မဟာမိတ်ပဲလေ။ ဒီနေ့ကနေစပြီး ဝူပြည်နယ်နဲ့ ရွဲ့ပြည်နယ်က သွေးသောက် ညီအစ်ကိုတွေ ဖြစ်သွားပြီ။ ညီအစ်ကိုဆိုပေမဲ့ ဝါစဉ်တွေ ဘာတွေ မရှိဘူး။ တန်းတူညီတူပဲ”

ဝူဘုရင်က တုန်လှုပ်သွားမိ၏။ ဤကဲ့သို့ရလဒ်များ ဖြစ်တည်လာမည်ဟု သူ မျှော်လင့်မထားခဲ့ချေ။ သို့ပေမည့် မကြာခင်မှာပင် နားလည်သွားခဲ့၏။ ရွဲ့ပြည်နယ်၏ အဓိကရန်သူက ဝူပြည်နယ် မဟုတ်ချေ။ ချောင်ပြည်နယ်သာ ဖြစ်သည်။

နှစ်ကြိမ်ဆက်တိုက် ရှုံးနိမ့်ပြီးနောက် ဝူပြည်နယ်သည် ရွဲ့ပြည်နယ်နှင့်ပတ်သက်၍ မည်သည့် အန္တရာယ်ကိုမှ ပေးနိုင်တော့မည် မဟုတ်ချေ။ သို့ပေမည့် ချောင်ပြည်နယ်မှာတော့ အားကောင်းလျက် ရှိနေပြီး ကြမ်းတမ်းလွန်းသည်သာမက တိုက်ခိုက်လိုစိတ်လည်း ပြင်းထန်၏။ လက်ရှိအခြေအနေအရ ဝူပြည်နယ်နှင့် မဟာမိတ်ဖွဲ့လိုက်ခြင်းသည် ရွဲ့ပြည်နယ်အနေဖြင့် ချောင်ပြည်နယ်ကို ခုခံရန် အခြေအနေကောင်းတစ်ခုအား ဖန်တီးလိုက်ခြင်းပင်။

ထို့ကြောင့် နင်ယွမ်ရှန်းက စဦး တောင်းဆိုခဲ့ခြင်း ဖြစ်၏။ သူသည် ဝူဘုရင်ဆီမှ ကုန်းမြေများကို လိုချင်စိတ် မရှိသလို လျော်ကြေးကိုလည်း လိုချင်စိတ်မရှိချေ။ သူက မဟာမိတ်ကိုသာ လိုချင်ခြင်း ဖြစ်၏။ အချက်အလက်အားဖြင့် ပြောရမည်ဆိုလျှင် ဤမဟာမိတ်ဆိုသည်မှာ စိတ်နှလုံးသားထဲမှ အစစ်အမှန်တော့ မဟုတ်ချေ။

နင်ယွမ်ရှန်းက ပြောလိုက်၏။ “ဝူဘုရင်... ခင်ဗျားရဲ့အဖေနဲ့ ခင်ဗျားတို့က ယန်ကျိုးပြည်နယ် ကိစ္စရပ်မှာ အရှက်ကွဲခဲ့တယ်။ နေ့စဉ်နေ့တိုင်း ရွဲ့ပြည်နယ်ရဲ့ ခရိုင်ကိုးခုကို ပြန်လည်ရယူဖို့ ကြိုးစားချင်ခဲ့တယ်။ အင်း... ညီငယ်လေး.. ဒါကြောင့်လည်း လက်စားချေဖို့ မစောင့်နိုင်သလို ဖြစ်ခဲ့တာပေါ့။ တို့ အတူတူ ပူးပေါင်းပြီး ချောင်ပြည်နယ်ကို အရင်ဆုံး ဝင်တိုက်ကြရအောင်။ ပြီးတော့ ချောင်ပြည်နယ်မှာ ရှိနေတဲ့ စီရင်စုကိုးခုမှာ ရှိတဲ့ ကုန်းမြေတွေကို ယူလို့ရတယ်”

ပြီးနောက် နင်ယွမ်ရှန်းက မြေပုံတစ်ခုကို ထုတ်ယူကာဖြင့် ချောင်ပြည်နယ်၏ တည်နေရာတစ်ခုဆီကို လက်ညှိုး ထိုးပြလိုက်သည်။ “ညီငယ်လေး.. ဒီစီရင်စုကိုးခုထဲမှာ ဘယ်အရာကို လိုချင်လဲ။ မြေပုံပေါ်က ကြိုက်တဲ့ တည်နေရာကို စက်ဝိုင်းဆွဲထားလိုက်တော့”

သူ၏စကားလုံးက တကယ့်ကို အားမာန်ပြည့်လွန်း၏။ ချက်ချင်းပဲ ချောင်ပြည်နယ်ကို တိုက်ခိုက် အနိုင်ယူပြီး ထိုနေရာတွင် ရှိနေသည့် မြေပိုင်နက်များကို ခွဲဝေရယူတော့မည် ပုံစံမျိုး ပြောဆိုနေ၏။

ဝူဘုရင်က တိတ်ဆိတ်ငြိမ်သက်နေ၏။ ဟုတ်ပေ၏။ ဤမဟာမိတ်ဟူ၍ ခေါ်သည့်အရာက အတုဖြစ်ကြောင်း သူ နားလည်၏။ ထိုအရာက နိုင်ငံရေး အချက်ပြမှုတစ်ခုသာ ဖြစ်၏။ ချောင်ပြည်နယ်ကို ခွဲဝေရယူမည့် သဘောတူညီချက် ဆိုသည်မှာ တကယ်ပင် ကြောင်တောင်တောင် နိုင်လွန်းလှသည်။

ရွဲ့ပြည်နယ်အတွက် လက်ရှိ အရေးအကြီးဆုံး ကိစ္စဆိုသည်မှာ တောင်ပိုင်းနိုင်ငံ၏ အရှုပ်အထွေးများကို ပြေလည်အောင် ဖြေရှင်းရန်ပင် ပြီးနောက် ကျန်းရှစ်စီရင်စုတစ်ခုလုံးကို ပြန်လည် တည်ငြိမ်အေးချမ်းအောင် ပြုလုပ်ဖို့ အားစိုက်ထုတ်ရပေဦးမည်။ ရွဲ့ပြည်နယ်သည် အတွင်းပိုင်းတွင် တည်ငြိမ်အေးချမ်းမှုကို အရင်ဆုံး ရယူရန် လိုအပ်နေ၏။

လက်ရှိ ရွဲ့ပြည်နယ်၏ အခြေအနေက နယ်မြေချဲ့ထွင်ရန် လုံလောက်သည့် အခြေအနေမျိုး၌ မရှိချေ။

ထို့အပြင် ရွဲ့ပြည်နယ်၏ ချောင်ပြည်နယ်ကို ဝေစုအဖြစ်ခွဲဝေကာ ရယူမည်ဆိုသော အဓိပ္ပာယ်သည် ချောင်ပြည်နယ်ကို တိုက်ခိုက်ရာ၌ အတူတူပူးပေါင်း တိုက်ခိုက်ရမည်ဆိုသည့် အဓိပ္ပာယ် မဟုတ်ပါလား။ ဟုတ်ပေ၏။ ဤရည်ရွယ်ချက်က မနီးမဝေးအခြေအနေတွင် ဖြစ်ပေါ်လာမည့် အရာမျိုးပင်။ သို့ပေမည့် ထိုကဲ့သို့ ပြုလုပ်ရာတွင် အလှည့်အပြောင်းများပြီး စွန်လွှတ်စတေးရသည်များလည်း များပေမည်။

ထို့ကြောင့် မဟာမိတ်စာချုပ်သည် အနည်းဆုံးအနေဖြင့် ကောင်းမွန်သည့် စာချုပ်မျိုး ဟုတ်သလားဟူ၍ပင် မည်သူမှ အာမမခံနိုင်ချေ။ ရွဲ့ပြည်နယ်က အထက်စီးသို့ ရောက်ရှိသည့်အချိန်တွင် တကယ့်ကို ကြင်နာသည့် အပြုအမူမျိုးနှင့် ပြောဆိုဆက်ဆံလျက် ရှိနေ၏။ သို့ပေမည့် ဤကဲ့သို့ ဆွဲဆောင်ပြီး နောက်ထပ် တိုက်ပွဲတစ်ခုကို တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းပေလား။ ရွဲ့ပြည်နယ်အနေနှင့် လတ်တလောတွင် နိုင်ငံတွင်း တည်ငြိမ်အေးချမ်းမှု ရအောင် ပထမဦးဆုံး ပြုလုပ်သင့်၏။

ဝူပြည်နယ်ကလည်း ထိုကဲ့သို့ပင်။ လက်ရှိကြုံတွေ့ခဲ့သည့် အရှုံးကို လက်ခံပြီး အခြေအနေတစ်ခုလုံးကို ပြန်လည် ကောင်းမွန်ရန် ကြိုးစားရပေလိမ့်မည်။ မင်းမှုထမ်းဟောင်းများနှင့် မင်းမှုထမ်းအသစ်များကြားရှိ အကူးအပြောင်း၊ ပဋိပက္ခ၊ ပွတ်တိုက်မှု အားလုံးကို သူ ပြန်လည်ကာ ဖြေရှင်းရပေလိမ့်မည်။

သူသာ ဤတစ်ကြိမ် နိုင်ခဲ့ပါက အရာအားလုံး အဆင်ပြေနိုင်၏။ သို့ပေမည့် သူက ထပ်မံကာ ရှုံးနိမ့်ခဲ့၏။ ထို့ကြောင့် ဝူဘုရင်သည် သူ၏အခွင့်အာဏာကို တည်တံ့ခိုင်မြဲစေရန် အချိန်အတော်ကြာ ပြန်လည် ကြိုးစားရပေဦးမည်။

ဝူဘုရင်က ခဏလောက် တွေးတောလိုက်၏။ ပြီးနောက် သူ့လက်ကို ဆန့်တန်းကာ ပြောလိုက်၏။ “အစ်ကိုနင်.. အခုကစပြီး ဝူပြည်နယ်နဲ့ ရွဲ့ပြည်နယ်ဆိုတာ သွေးသောက်ညီနောင်တွေပါပဲ”

နင်ယွမ်ရှန်းက ဝူချီ၏ လက်ကို အသာလှမ်းကိုင်လိုက်၏။ “ဒီနေ့ကစပြီး ဝူပြည်နယ်နဲ့ ရွဲ့ပြည်နယ်တို့က တစ်နိုင်ံနဲ့တစ်နိုင်ငံ ကူညီကြမယ်”

ဘုရင်နှစ်ပါးက တကယ့်ကို အလှည့်အပြောင်းများနှင့် စိတ်ဆုံးဖြတ်ချက်ချခဲ့ကြသည်။ ပြီးနောက် သူတို့က ငြိမ်းချမ်းရေး စာချုပ်တွင် လက်မှတ်ရေးထိုးကြ၏။

ဟုတ်ပေ၏။ ဝူဘုရင်သည် ထိုအရာက အပေါ်ယံမျှသာ ဖြစ်ကြောင်း သိရှိ၏။ ထို့အတူ စိတ်ထဲတွင်လည်း တိတ်တဆိတ် ကျိန်ဆဲလျက် ရှိနေ၏။ ဤအရာကို ကြည့်ရှုရသည်ဆိုလျှင် ပေါ့ပေါ့ပါးပါး အခြေအနေမျိုး ဖြစ်သော်လည်း တကယ်တမ်းမှာတော့ အတွင်း၌ လောင်မြိုက်ကြိတ်စားလျက် ရှိနေသည်။

မျက်နှာပြင်ထက်တွင် ဝူပြည်နယ်နှင့် ရွဲ့ပြည်နယ်တို့က ညီအစ်ကိုများ ဖြစ်ခဲ့၏။ သို့ပေမည့် အတွင်းဘက်ခြမ်းမှာတော့ ဝူပြည်နယ်သည် ရွဲ့ပြည်နယ်နှင့် ပူးပေါင်းပြီး ချောင်ပြည်နယ်ကို တိုက်ခိုက် ရတော့မည်။ ဝူဘုရင်က ထိုအရာကို တွေးတောထားမိ၏။ မည်သို့ပင်ဖြစ်ဖြစ် သူ့အနေနှင့် လက်မှတ်ရေးထိုးခဲ့ပြီ ဖြစ်သောကြောင့် သူ လက်မှတ်ရေးထိုးထားခဲ့သည့် အကြောင်းအရာသည် တစ်လောကလုံး ဆီသို့ ပျံ့နှံ့သွားပေလိမ့်မည်။

ဤကဲ့သို့သောအဖြစ်အပျက်မျိုးက အမိကမ္ဘာမြေတွင်လည်း ဖြစ်ပျက်ခဲ့ဖူး၏။ ဒုတိယကမ္ဘာစစ် အတောအတွင်း ဂျာမဏီနှင့် ဆိုဗီယက်ပြည်ထောင်စုတို့သည် လျှို့ဝှက်စာချုပ်တစ်ခုကို အတူတူ သဘောတူညီ လက်မှတ် ရေးထိုးခဲ့ဖူး၏။ အဆုံးသတ်မှာတော့ တစ်ယောက်နှင့်တစ်ယောက် ဆက်လက်တိုက်ခိုက်နေဆဲပင်။

နောက်တစ်ရက်မှာတော့ ဝူပြည်နယ်နှင့် ရွဲ့ပြည်နယ်တို့သည် နယ်စပ်တည်နေရာတွင် စင်မြင့်ကြီးတစ်ခုကို စတင်ကာ တည်ဆောက်၏။ ပြီးနောက် စစ်သည်ပေါင်းသောင်းချီ၊ များပြားလွန်းသည့် စစ်ရေးဗျူရို အရာရှိများ၊ အရာရှိအရာခံ ဝန်ကြီးများတို့၏ ရှေ့တွင် ဘုရင်မင်းမြတ်နှစ်ပါးတို့က မဟာမိတ်စာချုပ်ကို စတင်ကာ ချုပ်ဆိုခဲ့ကြ၏။ ဝူပြည်နယ်နှင့် ရွဲ့ပြည်နယ်တို့သည် မဟာမိတ်များ ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။

All Chapters