← Chapters

အခန်း (၄၄၇)

Vol. 32 Ch. 447

အခန်း (၄၄၇)

Vol. 32 Ch. 447

ကျိုးကျောင်းရန်က အသာပင် ပြုံးလိုက်၏။ “အင်း... ဟုတ်တာပေါ့”

ပြီးနောက် သူမက ကုတင်ပေါ် ထိုင်ချလိုက်၏။ သူမ၏ တင်းရင်းကျစ်လျစ်လွန်းသည့် ခန္ဓာကိုယ်ပ အထင်းသား ပေါ်ပေါက် လာခဲ့၏။ သူမက အပေါ်ဝတ်အောက်တွင် မည်သည့်အရာကိုမှ ဝတ်ဆင်မထားသကဲ့သို့ ခန္ဓာကိုယ်က စွဲမက်ဖွယ် လှပသည်။

ကျောက်စိမ်းကဲ့သို့ သွယ်လျသည့်လက်များက ရှမ့်လန်အား လှမ်းဆွဲလိုက်သည်။ ထိုလက်များက မြွေတစ်ကောင်ကဲ့သို့ပင် ရှမ့်လန်၏ လည်ပင်းကို ရစ်ပတ်လိုက်၏။ သူမ၏ လှပသည့် မျက်နှာလေးက ရှေ့သို့ တိုးကပ်လာသည်။ သူမက နှစ်ကိုယ်ကြား ပြောလိုက်၏ “ရှမ် .. ဒီအချိန်က ရွှေဒင်္ဂါးထောင်ချီတန်တဲ့ အချိန်ကောင်းပဲ။ အချိန်မဖြုန်းဘဲ လုပ်စရာ ရှိတာလုပ်ကြရအောင်”

……

ကျိုးကျောင်းရန်က လှပသည့် မိန်းကလေးတစ်ယောက်ဖြစ်၏။ ထို့အပြင် သူမ၏ လှပမှု၌ ဆွဲဆောင်မှု နှင့် ဆွဲငင်နိုင်မှုတို့ ရောနှောပါဝင်နေသည်။

ရှမ့်လန်က တဏှာရူးတစ်ယောက် မဟုတ်ပေ။ သို့သော်ငြား မိန်းမတစ်ယောက်ယောက် နှင့် မအိပ်စက်ခဲ့သည်မှာ တစ်လကျော်ခဲ့ပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမှု သူသည် ကျိုးကျောင်းရန်၏ နှုတ်ခမ်းလှလှလေးများ ဆီမှ ရှောင်ရှားလိုက်၏။

ရှမ့်လန်က မိန်းကလေး လေးယောက်နှင့် အိပ်စက်ခဲ့ဖူးသည်။ လေးယောက်လုံးက ရေလို သန့်စင်သည့် မိန်းကလေးများဖြစ်ပြီး ကျောက်စိမ်းကဲ့သို့ သန့်ရှင်း၏။ ထို့ကြောင့် ကျိုးကျောင်းရန်ကဲ့သို့သော မိန်းမ တစ်ယောက်ကို အဘယ်ကြောင့် သူက ထိတွေ့ရမည်နည်း။

“ဘာလဲ ... ရှမ့်က ကျွန်မကို လုံလောက်အောင် မလှဘူးလို့ ထင်နေတာလား” ကျိုးကျောင်းရန်က ရှက်ဝဲဝဲဖြင့် မေးမြန်းလိုက်၏။

ရှမ့်လန်က သက်ပြင်းချလိုက်သည်။ “မိန်းကလေးကျိုး.. ခင်ဗျားက ကျုပ်မိန်းမရဲ့ ဆရာတူအစ်မ ဖြစ်ခဲ့တယ်။ ဒီလိုတည်ရှိမှုက ကျုပ်အတွက် အရမ်းကို အရေးကြီးတယ်။ ဒါပေမဲ့ အဲထက် အရေးကြီးတဲ့အရာတစ်ခုလည်း ရှိသေးတယ်။ ဘာလဲဆိုတော့ ခင်ဗျား ကျုပ်ကို ဒုက္ခပေးမှာစိုးလို့ပဲ”

ထိုစကားကိုကြားသည့်အချိန်မှာတော့ ကျိုးကျောင်းရန်၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ ရှမ့်လန် ဤကဲ့သို့ တည့်တိုးပြောဆိုလိမ့်မည်ဟု သူမ မထင်မှတ်မထားခဲ့ချေ။ မျက်နှာတည့်တည့်ကို ပိတ်ရိုက်ခြင်းပင် ဖြစ်၏။ ယင်ယွမ်အဖွဲ့အစည်းနှင့် ပူးပေါင်းခဲ့စဉ်တည်းက ဤကဲ့သို့ အရှက်ကွဲမှုမျိုးကို သူမက တစ်ခါမှ မကြုံခဲ့ရတော့ချေ။ ရှမ့်လန်၏ ပါးစပ်က အပေါက်ဆိုးသည့် မိန်းမတစ်ယောက် ထိုင်ဆဲနေသည်ထင်ပင် ဆိုးရွား၏။

သူ၏ရှေ့တွင် ရှိနေသည့် မိန်းကလေးက အိမ်ရှေ့စံမင်းသား၏ အမည်ခံ ကိုယ်လုပ်တော် တစ်ယောက် ဖြစ်ကြောင်း ရှမ့်လန်က ကောင်းကောင်းသိရှိပြီး ဖြစ်၏။ အိမ်ရှေ့စံမင်းသားသည် တကယ့်ကို ပိုင်ဆိုင်လိုစိတ် ကြီးမားသည့် လူတစ်ယောက်ဖြစ်၏။ ဤမိန်းကလေးအား အဘယ်သို့ နွားကျခံ၍ သူ့ဆီသို့ လွှတ်ပေးမည်နည်း။ မဖြစ်နိုင်ချေ။ တစ်စုံတစ်ယောက်ကိုသာလျှင် သူနှင့်အိပ်စက်ရန် စေလွှတ်ပေလိမ့်မည်။ သူ၏ကိုယ်ပိုင် ကိုယ်လုပ်တော်ကိုတော့ အိမ်ရှေ့စံက စေလွှတ်လိမ့်မည် မဟုတ်ချေ။ ဤနေရာတွင် မကောင်းသည့်အရာတစ်ခုခု ရှိနေရပေမည်။

ရှမ့်လန်သည် အိမ်ရှေ့စံမင်းသားနှင့် ရင်းနှီးခြင်းမရှိပေ။ သို့ပေမည့် အိမ်ရှေ့စံအပေါ် အကြမ်းဖျင်းနားလည်မှုတော့ တည်ရှိ၏။ ဘုရင်မင်းမြတ်၏သားများ ဖြစ်သောကြောင့် ခန့်မှန်းရလည်း လွယ်ကူသည်။ အိမ်ရှေ့စံသည် ကိုယ်ချင်းစာစိတ်မရှိ၊ တစ်ကိုယ်ကောင်းဆန်သည့်နေရာ၌ ဘုရင်မင်းမြတ်ထက်ပင် ပိုမိုကာ ရက်စက်၏။ ဘုရင်မင်းမြတ် နင်ယွမ်ရှန်းလို့ တစ်ချို့သော မေတ္တာတရားများပင် မရှိဘဲ အတ္တကြီးသည်။

ကျိုးကျောင်းရန်၏ အခြေအနေတစ်ခုလုံးကိုလည်း ရှမ့်လန်က သေသေချာချာသိရှိ၏။ တကယ့်ကို နက်နက်နဲနဲ သိရှိနားလည်ခြင်းသာ ဖြစ်၏။ ပထမဦးဆုံး သူမက ယင်ယွမ်အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်၏။ ယင်ယွမ်အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်သည်သာမကချေ။ လျှို့ဝှက်တာဝန်များကို ထမ်းဆောင် နေရသူလည်း ဖြစ်၏။

အသက်အနည်းငယ် ရှူရှိုက်ပြီးနောက် ကျိုးကျောင်းရန်၏ အမူအရာက တည်ငြိမ်သွားခဲ့၏။ သူမက ချက်ချင်းပဲ ကြည့်ကောင်းလွန်းသည့် အပြုံးတစ်ခုကို ပြုံးပြီး ဆွဲဆောင်မှုရှိစွာ ပြောလိုက်၏။ “ရှမ့်”

“အင်း”

“ဒုက္ခပေးမလား၊ မပေးဘူးလားဆိုတာ စမ်းကြည့်မှ သိမှာမဟုတ်ဘူးလား”

ရှမ့်လန်က ပြောလိုက်သည်။ “အစ်မကျိုး... ဒီလိုလုပ်လို့ မဖြစ်ဘူး။ ခင်ဗျားကို လူပေါင်းများစွာက အရသာခံခဲ့ပြီးပြီ မဟုတ်လား။ အဲဒီနေရာမှာ ဘယ်လောက်များပြားတဲ့ တံတွေးတွေ ဒါမှမဟုတ် သေးတွေ၊ ချေးတွေ ရှိနေမလဲ ကျုပ် မသိနိုင်ဘူး။ ဒါက ကျန်းမာရေးအရ ကောင်းမွန်တဲ့ အရာမဟုတ်ဘူး”

ဤစကားစုက တကယ်ကို ရက်စက်လွန်းလှ၏။ ကျိုးကျောင်းရန်သည် မည်သို့မှ သည်းမခံနိုင်တော့ချေ။ သူမ၏ ချောမောသည့် မျက်နှာသွင်ပြင်တစ်ခုလုံးက အေးစက်သွားခဲ့၏။ ပြီးနောက် သူမက ဆောင့်ကြောင့် ထိုင်ချလိုက်၏။ စောဏက ချွတ်ချထားသည့် အဝတ်အစားများကို ပြန်လည်ကာ ကောက်ဝတ်ပြီး အေးစက်စက် ဆို၏။ “ရှမ့်လန်.... ဒီလောကကြီးမှာ ထင်ယောင်ထင်မှား ဖြစ်စေတဲ့အရာက ဘာလဲ သိလား”

ရှမ့်လန်က ဖြေလိုက်သည်။ “လေပေါ့။ ဘာလို့လဲဆိုတော့ တစ်ခါတစ်ရံမှာ လေက ပုံစံအမျိုးမျိုးနဲ့ တိုက်ခတ်တတ်တယ်”

သူပြောနေသည့် လေဆိုသည့် အဓိပ္ပါယ်မှာ ဘုရင်မင်းမြတ်၏ မျက်နှာသာပေးမှုကို ဆိုလိုခြင်းဖြစ်၏။

ကျိုးကျောင်းရန်က ပြောလိုက်သည်။ “လူတွေရဲ့ စိတ်ထားဆိုတာ လေလိုပဲလေ။ ဒီနေ့မှာ တစ်စုံတစ်ယောက်ကို သဘောကျနေတယ် ဆိုရင်တောင်မှ မနက်ဖြန် သဘောကျချင်မှ ကျမှာပဲ။ လူတချို့က တည်မြဲတတ်တဲ့ စိတ်ဆန္ဒရှိတယ် ဆိုရင်တောင်မှ အချိန်တော်တော်များများမှာ လေနှင်ရာ လွင့်နေကြရတာပဲ။ အင်း... ကျွန်မက လတ်တလောမှာ ချစ်စရာကောင်းတဲ့ ခွေးပေါက်စလေးတစ်ကောင်လို ကြည့်ရှုစောင့်ရှောက်ခြင်း ခံခဲ့ရတယ်။ ဒါပေမဲ့ အဲဒီအရာတွေနဲ့ပတ်သက်ပြီး ကျွန်မ ပင်ပန်းနေပြီ”

ရှမ့်လန်ကို ယနေ့အချိန်ထိ ဘုရင်မင်းမြတ်က မျက်နှာသာပေးနေသော်လည်း မနက်ဖြန်တွင် ထိုကဲ့သို့ ဖြစ်ချင်မှ ဖြစ်လိမ့်မည်ဟု ခြိမ်းခြောက်ခြင်းပင်။

ရှမ့်လန်က ပခုံးတွန့်လိုက်၏။

ကျိုးကျောင်းရန်က တခစ်ခစ်နှင့် ရယ်မောလိုက်သည်။ “ရှမ့်က အရာအားလုံးကို စိုးရွံ့နေတယ်နဲ့တူတယ်။ အင်း... နောက်ထပ်ဖြစ်လာမယ့်အရာတွေက ကိုယ့်အခြေအနေကို ကိုယ်ပိုပြီးနားလည်စေဖို့ အကူအညီ ဖြစ်စေမယ်လို့ ကျွန်မမျှော်လင့်မိတယ်။ နှုတ်ဆက်ပါတယ် သခင်လေးရှမ့်၊ အိပ်မက်လှလှမက်ပါစေ”

ပြီးနောက် ကျိုးကျောင်းရန်က ကြည့်ကောင်းလှစွာဖြင့် ထွက်ခွာသွားခဲ့၏။

ရှမ့်လန်က ပြောလိုက်သည်။ “ကျိုးကျောင်းရန်... ဓားပြကြီး နာကျည်းမှုက ကျုပ်ရဲ့ယောက္ခထီးကို သတ်ဖြတ်ပစ်ခဲ့တဲ့ ကိစ္စရှိသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျုပ်ကိုယ်တိုင် အရှင်မင်းကြီးဆီ တိုင်ကြားရအုံးမှာပေါ့”

ကျိုးကျောင်းရန်က ချိုသာစွာ ပြုံးလိုက်၏။ “ဘာပဲဖြစ်ဖြစ် ရှမ့်... ဖြစ်နိုင်သမျှအမြန်ဆုံး နန်းမြို့တော်ကို ပြန်တော့။ လျန်စီရင်စုဆီမှာ မနေနဲ့တော့။ ဟိုမှာ အံ့အားသင့်စရာကောင်းတဲ့ အရာတွေ စောင့်နေလိမ့်မယ်”

ဤအရာက သတိပေးမှုဖြစ်၏။ လေးလေးနက်နက် သတိပေးမှုပင် ဖြစ်သည်။

နှစ်ရက်ကြာမြင့်ပြီးနောက် ရှမ့်လန်က လျန်ခရိုင်ကို ဖြတ်သန်းသွားခဲ့၏။ သို့ပေမည့် သူက တတိယ မင်းသား နင်ချီဆီသို့ သွားရောက်လည်ပတ်ခဲ့ခြင်း မရှိချေ။ သို့ပေမည့် တတိယမင်းသားကတော့ သူ့ဆီသို့ လာရောက် လည်ပတ်ခဲ့၏။ ရှမ့်လန်နေထိုင်ရာ အရာရှိ တည်းခိုရိပ်သာဆီသို့ တည့်တည့် ရောက်ရှိလာခဲ့ခြင်းပင်။

နင်ချီနှင့် တွေ့ဆုံရခြင်းဆိုသည်မှာ သူ့အတွက် ပထမဦးဆုံး မဟုတ်ချေ။ သို့ပေမည့် ဤအရာက ပထမဆုံးအချိန်အဖြစ် မျက်နှာချင်းဆိုင် တွေ့ဆုံခြင်း ဖြစ်၏။ တတိယမင်းသား နင်ချီ၏ အသွင်အပြင်၊ အမူအရာနှင့် ခန္ဓာကိုယ်သည် ဘုရင်မင်းမြတ်နှင့် ခြားနားလွန်း၏။

နင်ယွမ်ရှန်းက တကယ့်ကို ချောမောသည့် လူတစ်ယောက်ဖြစ်ပြီး သိုင်းပညာကို ကောင်းကောင်း သိရှိနားလည်သော်လည်း ကျောင်းတော်သား တစ်ယောက်နှင့် ဆင်တူသည်။

တခြားသောဘက်ခြမ်းတွင် ရှိနေသည့် နင်ချီမှာတော့ တကယ့်ကို လေးနက်သည့်ရုပ် ဖြစ်၏။ သူက စာပေပညာနှင့် ပတ်သက်၍ ကျွမ်းကျင်သလို သိုင်းပညာ၌လည်း ထိပ်တန်းအဆင့်ပင်။ သိုင်းပညာရှင် တော်တော်များများဆီမှ သိုင်းပညာများကို လေ့လာသင်ယူထားခဲ့သူ ဖြစ်၏။ ပထမဦးဆုံးသော ဆရာက မဟာပညာရှင် ရန်နန်းဖေး ဖြစ်ပြီး ဒုတိယမှာတော့ ကျုံးယောင်ဖြစ်၏။ တတိယသည် ကောင်းကင်ပင်လယ်နန်းဆောင်ဆီမှ ကျိုးရှီပင်ဖြစ်၏။ ဆရာများ၏စာရင်းကို ကြည့်ရှုရမည်ဆိုလျှင် ဤလူမည်မျှ အားကောင်းကြောင်း သိရှိနိုင်ပေမည်။ အားမကောင်းလျှင်လည်း အဘယ်သို့ အိမ်ရှေ့စံမင်းသား၏ ပြိုင်ဘက် ဖြစ်လာမည်နည်း။

နင်ယွမ်ရှန်းသည် အိမ်ရှေ့စံမင်းသား သို့မဟုတ် တတိယမင်းသား မည်သူက နန်းပလ္လင်ကို ဆက်ခံလိမ့်မည် ဖြစ်ကြောင်း တိတိကျကျ ဆုံးဖြတ်ထားခြင်း မရှိသေးချေ။ ထိုကဲ့သို့သော တွန့်ဆုတ်နေခြင်းက ညီလာခံအတွင်း နန်းပလ္လင်အတွက် တိုက်ခိုက်မှုကို ဖန်တီးပေးထားသကဲ့သို့ ဖြစ်ခဲ့၏။ ဤလူက တကယ့်ကို စာပေအတတ်ပညာနှင့် သိုင်းပညာ နှစ်ခုလုံး၌ ကျွမ်းကျင်သည့် လူတစ်ယောက်ဖြစ်ကြောင်း ထင်ပေါ်သည်။

ရှမ့်လန်သည် ထိုသူနှင့် မျက်နှာချင်းဆိုင်မိချိန်မှာတော့ အလွန်အားကောင်းသည့် သတ်ဖြတ်လိုခြင်း အော်ရာများကို ခံစားမိ၏။ ထိုအရာက ထိပ်တန်းသိုင်းပညာရှင်များ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်တတ်သည့် အရှိန်အဝါမျိုးပင်။ ထိုတင်သာမကသေးချေ။ တကယ့်ကို တော်ဝင်ဆန်သည့် အရှိန်အဝါမျိုးကလည်း ရောနှောနေသေး၏။

ချင်ဘုရင်နှင့် အလုံးစုံ ခြားနားလွန်း၏။ ချင်ဘုရင်ဆိုသည်မှာ ရန်သူများကို သုတ်သင်ရှင်းလင်းပစ်ရန် သာ အားသန်သည့် လူဖြစ်၏။ ရှေ့ရှိ တတိယမင်းသားမှာတော့ အားကောင်းလွန်းသည့်အပြင် ယုံကြည်ချက်၊ ခံယူချက် ကြီးမားလွန်းသည့် လူတစ်ယောက်ဖြစ်သည်။

“ရှမ့်လန်.... ငါ မင်းကို ဘာပေးရမလဲလဲ” နင်ချီက မေးမြန်းလိုက်၏။ သူက အိမ်ရှေ့စံမင်းသား မဟုတ်ချေ။ ထို့ကြောင့် တစ်ဖက်လူအား ဟိတ်ကြီးဟန်ကြီး အထက်စီးမှ ပြောဆိုနေစရာမလိုပေ။

ရှမ့်လန်က ခဏလောက် တွေးတောလိုက်၏။ ပြီးနောက် ခေါင်းကို ခါယမ်းလိုက်၏။

နင်ချီက ပြောလိုက်သည်။ “ဒါဆိုရင် ဘာလိုချင်လဲ”

ရှမ့်လန်က ခဏလောက် စဉ်းစားလိုက်၏။ “လက်စားချေချင်တယ်”

အဖြေကို ကောင်းကောင်းသိရှိပြီး ဖြစ်လျှင်တောင်မှ နင်ချီက ကြောင်အသွားခဲ့၏။ ဘယ်လို ရန်ငြိုးရန်စ ဖြစ်သနည်း။ စုကလန်က ရွှမ်ဝူအိမ်တော်ကို ချုံခိုတိုက်ခိုက်ခဲ့၏။ ထို့အတွက် စုကလန်တစ်ခုလုံး သုတ်သင်ရှင်းလင်းခြင်း ခံရ၏။ ယခု ဘယ်သူ့ကို လက်စားချေချင်နေသေးသနည်း။

နင်ချီက မေးလိုက်၏။ “ဘယ်သူ့ကို လက်စားချေချင်သေးတာလဲ”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်မိသားစုကို ထိခိုက်နာကျင်အောင်လုပ်တဲ့ ဘယ်သူ့ကိုမဆို ကျုပ် လက်စားချေချင်တယ်”

ဤစကားကို ကြားရချိန်မှာတော့ ဆက်လက်ဆွေးနွေးစရာအကြောင်းမရှိတော့ဟု တတိယမင်းသား သတ်မှတ်လိုက်သည်။ ရှမ့်လန်၏မျက်လုံးထဲတွင် ဘာတစ်ခုမှလည်း လိုချင်စိတ် မရှပေ။ ပိုက်ဆံ၊ ဩဇာအာဏာ ထိုအရာအားလုံးက ရှမ့်လန်၏မျက်လုံးထဲတွင် ခွေးချေးကဲ့သို့ပင် အသုံးမဝင်ချေ။ သူက မိန်းမလှလေးများကို ချစ်ခင် နှစ်သက်၏။ သို့ပေမည့် သူ့ကို မိန်းမလှလေးများနှင့် ဆွဲဆောင်ဖို့ ဆိုသည်မှာတော့ မဖြစ်နိုင်ချေ။

“အင်း.... ရွှယ်ကလန်နဲ့ပတ်သက်တဲ့ မင်းရဲ့အမုန်းတရားတွေကို ဖြေရှင်းဖို့ တခြားနည်းလမ်း မရှိတော့ဘူးလား” နင်ချီက မေးမြန်းလိုက်၏။

ရှမ့်လန်က ပခုံးတွန့်လိုက်သည်။

နင်ချီက ဆက်လက်ကာ ပြောလိုက်၏။ “ဒါဆိုလို့ရှိရင် အင်း... လက်စားချေဖို့ အချိန်ယူရအုံးမှာပေါ့”

ဆိုလိုရင်းက ရှင်းလင်းလှ၏။ အိမ်ရှေ့စံမင်းသားကို အရင်ဆုံး လက်စားချေသင့်၏။ သူတို့နှစ်ယောက် ပူးပေါင်းပြီး အိမ်ရှေ့စံမင်းသားကို ပြောင်းပြန်လန်အောင် ပြုလုပ်မည်ဆိုသည့် အဓိပ္ပာယ်ပင်။ ရွှယ်ကလန်နှင့် ပတ်သက်သည့် အမုန်းတရားနှင့် ပတ်သက်၍တော့ နောက်မှ ဆက်လက်ရင်ဆိုင်ဖြေရှင်းရန်ပင်။

ရှမ့်လန်က ပြောလိုက်သည်။ “တတိယမင်းသား... ခင်ဗျားက ကျုပ်ရဲ့ လေးစားမှု၊ ရိုသေမှုနဲ့ ထိုက်တန်တဲ့ လူတစ်ယောက်ပါပဲ။ ဒါပေမဲ့ ကျုပ်တို့ လက်တွဲလို့မဖြစ်ဘူး။ ကျုပ်ရဲ့အသင်းဖော်တွေက ဝက်လို အသုံးမဝင်တဲ့ လူတွေချည်းပဲ”

ပြောနေတုန်းမှာပင် သူ၏မျက်လုံးထဲ၌ မင်းသမီးနင်ယန်၏ မျက်နှာ ပေါ်ပေါက်လာခဲ့၏။ သူမ၏ လှပသည့်မျက်နှာသည် သူ့ကို စူးစိုက်ကာ ကြည့်ရှုနေသကဲ့သို့ပင်။

‘မင်း ဘာပြောတာလဲ။ ငါ့ကို ဝက်လို အသင်းဖော်လို့ ပြောနေတာလား။ သတိထား.. ငါ မင်းကို သတ်ပစ်မယ်’

နင်ချီက ပြောလိုက်၏။ “ရွှယ်ကလန်က ငါ့ရဲ့လူတွေပဲ။ တကယ်လို့ မင်း သူတို့ကို တိုက်ခိုက်မယ်ဆိုရင် ငါ့ရဲ့ရန်သူဖြစ်လာလိမ့်မယ်။ ဒီတော့ သေသေချာချာ တွေးထား။ ငါ မင်းကို နောက်ဆုံးအကြိမ် မေးမယ်။ မင်း ငါ့ရဲ့ရန်သူဖြစ်ချင်တာ သေချာလား”

ရှမ့်လန်က သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ “တတိယမင်းသား... ခွေးဖြစ်မှတော့ အဝတ်အစားမရှိတာ စိုးရိမ်နေပါတော့မလား”

နင်ချီက ပြောလိုက်၏။ “အင်း ငါနားလည်သွားပြီ။ ဒီညပြီးရင် ငါတို့က ရန်သူတွေ ဖြစ်သွားပြီ။ ဒါပေမဲ့ ဒီညမှာတော့ ငါတို့ အတူတူသောက်ပြီး စကားပြောကြရအောင်”

ရှမ့်လန်က ခွက်ကို မြှောက်လိုက်သည်။ “အရှင်မင်းသား... ဒီဝိုင်မှာ အဆိပ်တော့ ခတ်မထားဘူးမလား”

နင်ချီ၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ သူက စားပွဲကို ပြောင်းပြန်လှန်ပစ်ချင်စိတ်ပင် ပေါက်သွား၏။

ရှမ့်လန်က အလောတကြီးဖြင့် ပြန်လည်ကာ ပြောဆိုလိုက်၏။ “နောက်တာပါ။ ကျုပ်က ဟာသလုပ်ရတာ ကြိုက်တယ်။”

ပြီးနောက် သူက ရှေ့တွင် ချထားသည့် ဝိုင်ခွက်ကို ကောက်ယူပြီး တစ်ခါတည်းမော့သောက်လိုက်သည်။

နင်ချီကလည်း ခွက်ကို မြှောက်လိုက်၏။ သူက မည်သည့်စကားကိုမှ မဆိုချေ။ တစ်ခါတည်းမော့သောက်၏။ ပြီးနောက် သူတို့နှစ်ယောက်က မည်သည့်စကားကိုမှ မဆိုတော့ချေ။ သောက်လျက်သာ ရှိ၏။ သူတို့ နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် ချီးကျူးမှုရှိပြီးသား လူများဖြစ်သလို တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်နှစ်သက်ခြင်း မရှိကြသည့် လူများပင်။

ညနက်သည်အထိ သောက်စားပြီးနောက် မင်းသား တတိယမင်းသား နင်ချီက ထွက်ခွာသွားခဲ့၏။ သူက ပြောချင်သည့်အရာများကို ထပ်မံကာ မပြောခဲ့ချေ။ သို့ပေမည့် ဆိုလိုရင်းက ရိုးရှင်းလှ၏။ ယနေ့မှစ၍ သူတို့က ရန်သူများ ဖြစ်သွားခဲ့၏။ အနာဂတ်တွင် သားသတ်သမား၏ ဓားကျဆင်းလာချိန်တွင် တရားမျှတမှု၊ မတရားမှု စသည့်အရာများအတွက် ငိုကြွေးမနေသင့်တော့ပေ။

………..

တတိယမင်းသား နင်ချီထွက်ခွာသွားပြီးနောက် ရှမ့်လန်က အတွေးနက်လျက် ရှိနေ၏။ နင်ချီသည် မူလတည်းက သူ၏ အမိန့်ပေးမှုအောက်သို့ ရှမ့်လန် ဝင်ရောက်လာလိမ့်မည်ဟု မထင်ချေ။ သို့တစေ အိမ်ရှေ့မင်းသားကို ရင်ဆိုင်ရန် မဟာမိတ်အဖြစ် ခဏတာ ဖွဲ့စည်းနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့မိ၏။

သို့သော်ငြား ရှမ့်လန်က ငြင်းပယ်ခဲ့၏။ ထို့ကြောင့် ဆက်လက်ပြုလုပ်ရမည့် အစီအစဉ်တစ်ခုလုံးက လွဲချော် သွားခဲ့သည်။

တတိယမင်းသား ထွက်ခွာသွားသည့် ခြေသံကိုနားထောင်ပြီးနောက် ရှမ့်လန်က စစ်ပွဲ၏ စည်သံများ ထွက်ပေါ်နေသကဲ့သို့ပင် နားထဲတွင် ကြားယောင်လာခဲ့၏။ ထိုအရာက စစ်ပွဲမစတင်ခင် ကြိုတင်ကာ ပြင်ဆင်ရန် မမေ့မလျော့ သင့်သည့် အချက်ပေးမှုပင်။

ယခုစတင်နိုင်၏။ သို့မဟုတ် ရက်အနည်းငယ် အကြာတွင် စတင်ခြင်းလည်း ဖြစ်နိုင်၏။

တတိယမင်းသားနှင့် အိမ်ရှေ့စံတို့သည် ရှမ့်လန်ကို သူတို့နှင့်အတူ ပူးပေါင်းရန် လာရောက် သိမ်းသွင်းလျက် ရှိနေ၏။ သို့ပေမည့် မည်သူမှ မအောင်မြင်ခဲ့ချေ။ ထို့ကြောင့် သူတို့အားလုံးက စတင်ကာ တိုက်ခိုက်ရန် ပြင်ဆင်လာခဲ့ပြီ ဖြစ်သည်။

သာမန်အမြင်အရဆိုလျှင် တတိယမင်းသားနှင့် အိမ်ရှေ့စံတို့က ယခင်တည်းက ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လျက် ရှိနေ၏။ ရှမ့်လန်သာ ဝင်ရှုပ်သည်ဆိုပါက ရှုပ်ထွေးလျက် ရှိနေသည့် ရေထဲသို့ ခဲလုံးပစ်ချသည်နှင့် ဆင်တူ၏။

သို့ပေမည့် အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့၏ မျက်လုံးထဲတွင် ရှမ့်လန်က သူတို့နှင့် ယှဉ်ပြိုင်ရန် လုံလောက်သည့် အရည်အသွေးမျိုးရှိသည် မဟုတ်ချေ။

ဓားပြကြီး နာကျဉ်းမှု ကျင်းကျိုးကို ဝင်ရောက် သုတ်သင်ရှင်းလင်းပစ်ခြင်းဆိုသည်မှာ အိမ်ရှေ့စံ မင်းသားနှင့် ရှမ့်လန်တို့၏ ကြားမှ ပဋိပက္ခကို ပိုမိုကာ တိုးတက်သွားစေခဲ့၏။ ရှမ့်လန် ထိုပြစ်မှုကို ကိုင်ဆွဲပြီး သူ့ကို တိုက်ခိုက်ရန် အိမ်ရှေ့စံမင်းသားက ခွင့်ပြုပေးထားမည်လား။ ကျိန်းသေပေါက် ခွင့်ပြုပေးလိမ့်မည် မဟုတ်ချေ။

အိမ်ရှေ့စံမင်းသားက ပထမဦးဆုံးလှုပ်ရှားမှုကို ပြုလုပ်ပြီး ရှမ့်လန်ကို သူ၏သတ်ကွင်းထဲသို့ ဆွဲခေါ်ပေလိမ့်မည်။ ထို့ကြောင့် တခြားသောအရာကိစ္စများကို ဂရုစိုက်နိုင်ရန် အချိန်ဟူ၍ ရှိတော့မည် မဟုတ်ချေ။ နန်းမြို့တော်တွင် တစ်စုံတစ်ခု ဖြစ်ပွားလာပေလိမ့်မည်။ တစ်ဖက်လူများက အစောကြီးတည်းက ပြင်ဆင်ထားပြီး ဖြစ်ပေလိမ့်မည်။

ပြင်ဆင်ပြီးပြီဆိုလျှင် မည်သို့သောအရာမျိုးဖြစ်မည်နည်း။

.........

All Chapters