အခန်း (၄၄၉)
Vol. 32 Ch. 449
ရှမ့်လန်က ဖြည်းညင်းစွာ ပြောလိုက်၏။ “တပ်မှူးဝမ်တုံ... ကျုပ် တူညီတဲ့ စကားကိုပဲ ပြောမယ်။ ကျုပ် တကယ်လို့ လက်နက်မချဘူး၊ သီးသန့်မနေဘူးဆိုရင် ခင်ဗျား ကျုပ်ကို ဘာလုပ်ရမလဲ”
ဝမ်တုံ၏ မျက်လုံးထဲတွင် မောက်မာဝင့်ကြွားသည့် အမူအရာများ ရိပ်ကနဲဖြစ်တည်လာခဲ့၏။ သူက ဂုဏ်သိက္ခာ ကြီးမားသည့် ဟန်ပန်အမူအရာမျိုးနှင့် ရို့ကျိုးစွာ ပြောလိုက်သည်။ “မြို့တော်ဝန်ရှမ့်လန်.. ကျုပ် တောင်းပန်ပါတယ်။ နန်းမြို့တော်မှာရှိတဲ့ လူတွေရဲ့ အသက်လုံခြုံရေးအတွက် ကျုပ် အထက်အမိန့်ကို လိုက်နာရလိမ့်မယ်။ ခင်ဗျားကို ပြဿနာ မရှာချင်ပါဘူး”
ပြီးနောက် ဝမ်တုံက မတ်တပ်ရပ်ကာ အော်ဟစ်လိုက်သည်။ “နန်းမြို့တော်က မြို့သူမြို့သားတွေ... ခင်ဗျားတို့အားလုံး မျက်မြင်တွေ့တယ်နော်။ ကျုပ်က ရှမ့်လန်ကို လုံလောက်အောင် ရိုရိုသေသေ ဆက်ဆံခဲ့ပြီးပြီ။ သူသာ ကျိုးကြောင်းမဆီလျော်တဲ့ အရာတစ်ခုကို ထပ်ပြီးလုပ်မယ်ဆိုရင် ကျုပ်အနေနဲ့ ရွေးချယ်ခွင့် မရှိတော့ပါဘူး”
လူပေါင်းများစွာတို့က လက်သီးလက်မောင်းတန်းကာ အော်ဟစ်လိုက်ကြ၏။ “ကျုပ်တို့ မျက်မြင်သက်သေ ရှိတယ်။ ကျုပ်တို့ မျက်မြင်သက်သေရှိတယ်”
တပ်မှူးဝမ်တုံက အော်ဟစ်လိုက်သည်။ “စစ်သည်အားလုံး အသင့်ပြင်ထားတော့”
ဘန်း ဘန်း ဘန်း
ချက်ချင်းပဲ စစ်သည်ပေါင်းထောင်ချီတို့သည် ရှမ့်လန်၏ စစ်သည်ပေါင်း ၂၀၀ ကျော်တို့ကို ဝိုင်းရံထားခဲ့ပြီ ဖြစ်၏။
တပ်မှူးဝမ်တုံက ပြောလိုက်သည်။ “မြို့တော်ဝန်ရှမ့်လန်... ကျေးဇူးပြုပြီး လက်နက်ချပြီး ကျုပ်တို့နဲ့ သီးသန့် ခြံဝင်းဆီ လိုက်ခဲ့ပါ”
“လက်နက်ချ၊ သီးသန့်နေကြ”
“လက်နက်ချ၊ သီးသန့်နေကြ” လူပေါင်းထောင်ချီတို့က အော်ဟစ်နေသည်။
ရှမ့်လန်က လက်ကို ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပဲ သူ၏နောက်ဘက်တွင် ရှိနေသည့် လူများအားလုံးက တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြ၏။
ဝမ်တုံ၏ အသံက တင်းမာခက်ထန်သွားခဲ့၏။ သူက အော်ဟစ်လိုက်သည်။ “မြို့တော်ဝန်ရှမ့်လန်... လက်နက် မချဘဲ ကျုပ်တို့နဲ့ တိုက်ခိုက်ဖို့ စဉ်းစားနေခဲ့တာလား။ နန်းမြို့တော်ရဲ့အမိန့်ကို တကယ်ပဲ မလိုက်နာတော့ဘူးလား။ ကျုပ် ငါးအထိရေမယ်။ တကယ်လို့ အဲဒီအချိန်အတော်အတွင်း ခင်ဗျားတို့ လက်နက်မချဘူးဆိုရင် ကျုပ် အမိန့်အတိုင်းပဲ ပြုလုပ်ရလိမ့်မယ်။ ခင်ဗျားကို သတ်ရလိမ့်မယ်။ ငါး၊ လေး၊ အသင့်ပြင်ကြ”
တပ်မှူးဝမ်တုံက အော်ဟစ်အမိန့်ပေးလိုက်၏။
လက်ရွေးစင် စစ်သည်ပေါင်းထောင်ချီတို့က တပြိုင်နက်တည်းမှာပဲ ဓားကို ဆွဲထုတ်လိုက်ကြ၏။ သူတို့၏ တိုက်ခိုက်လိုခြင်း စိတ်ဆန္ဒများက ကောင်းကင်ယံသို့ပင် လွင့်တက်သွားသည်။
တပ်မှူးဝမ်တုံက စတင်ကာ ရေရွတ်နေ၏။ “သုံး၊ နှစ်၊ တစ် အချိန်ပြည့်ပြီ။ အရှင်ရှမ့်... ကျုပ် အခွင့်အရေး ပေးခဲ့ပြီးပြီ။ ခင်ဗျားက ခေါင်းမာလွန်းတယ်။ ဒီတော့ ကျုပ်ကို ရက်စက်လွန်းတယ်ဆိုပြီး အပြစ်မတင်နဲ့တော့။ နန်းမြို့တော်မှာရှိတဲ့ လူတွေအကုန်လုံး သက်သေရှိတယ်နော်။ ကျုပ်ဒီကိစ္စကို လူတွေအတွက်လုပ်တာ၊ နန်းမြို့တော်ရဲ့ လုံခြုံရေးအတွက် လုပ်တာပဲ။ တက်ကြ။”
ချက်ချင်းပဲ လက်ရွေးစင် စစ်သည်ပေါင်း နှစ်ထောင်ကျော်တို့သည် ဓားများကို ဆွဲထုတ်ကာ အရှေ့ဆီသို့ တစ်လှမ်းချင်း လှမ်းတက်သွားခဲ့ကြ၏။ အားလုံးသောသူတို့၏ အကြည့်အောက်မှာပဲ တပ်မှူးဝမ်တုံက ဆိုးသွမ်းစွာဖြင့် ရယ်မောလိုက်၏။
“မြို့တော်ဝန်ရှမ့်လန်.. ဒါက ကိုယ့်ဘာကိုယ် တောင်းဆိုတဲ့ ကိစ္စရပ်ပဲ။ ကျုပ်ဆီမှာ လူဦးရေ ထောင်ကျော်ရှိတယ်။ ခင်ဗျားဆီမှာ နှစ်ရာပဲ ရှိတယ်။ မြို့တော်ဝန်ရှမ့်လန်... တကယ်လို့ တိုက်ခိုက်ရဲတယ်ဆိုရင် ဒါပုန်ကန်တာ ဖြစ်သွားမယ်နော်”
ဤအရာက နန်းမြို့တော်ဖြစ်၏။ ရွှမ်ဝူမြို့ မဟုတ်ချေ။ ထို့အပြင် ပိုင်ရီခရိုင်လည်း မဟုတ်ချေ။ နဂါးတစ်ကောင် ဖြစ်နေသည်ဆိုလျှင်တောင်မှ ကျိန်းသေပေါက် ခွေခွေလေးနှင့် ငြိမ်ငြိမ်သက်သက် နေရပေလိမ့်မည်။
ရှမ့်လန်က ဝမ်တုံကို လှမ်းကြည့်ပြီး ထူးမခြားနားသလို ပြောလိုက်၏။ “အရူးကြီး... မင်းမျက်လုံးကို မှိတ်လိုက်”
အရူးကြီးက မျက်လုံးကို မှိတ်လိုက်၏။ ပြီးနောက် လက်ထဲတွင် ရှိနေသည့် သံတုတ်ကြီးကို မြှောက်ကိုင်ကာဖြင့် ရိုက်ချလိုက်သည်။
တပ်မှူးဝမ်တုံက ကြောင်အသွားခဲ့၏။ ပြီးနောက် အော်ဟစ်လိုက်၏။ “ရှမ့်လန်... မင်းလုပ်ရဲတယ် ဟုတ်လား။ မင်းပုန်ကန်ဖို့ ကြိုးစားရဲတယ်ဟုတ်လား။ အားလုံးကို သတ်ပစ်ကြစမ်း”
“ဘန်း”
အရူးကြီး၏ သံတုတ်ကြီးက ကျဆင်းလာခဲ့၏။ ဝမ်တုံက အလျင်အမြန်ဖြင့် ဓားကို မြှောက်ကာ ကာကွယ်လိုက်၏။ ချက်ချင်းပဲ ဓားက အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့၏။ ပြီးနောက် အရူးကြီး၏ တုတ်ကြီးသည် သူ၏ခေါင်းနှင့် ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာခဲ့သည်။
ဝမ်တုံ၏ ဦးခေါင်းတစ်ခုလုံး ကြေမွသွားခဲ့၏။ ခန္ဓာကိုယ်တစ်ခုလုံးကလည်း ပြားချပ်သွား၏။ တကယ့်ကို ဆိုးဆိုးရွားရွား သေဆုံးသွားခဲ့ခြင်းပင်။ ကြည့်ရသည်မှာပင် ကြောက်ရွံ့စရာကောင်း၏။
ရှမ့်လန်၏ နှုတ်ခမ်းသည် အထင်မြင်သေးသလိုပင် ကော့တက်သွား၏။ ပြီးနောက် ထူးမခြားနားသလို ပြောလိုက်သည်။ “အရူးပဲ”
အားလုံးက တုန်လှုပ်သွားခဲ့ကြ၏။
ရှမ့်လန်က ဆက်လက်ကာ အမိန့်ပေးလိုက်သည် “ကျုပ်ဆီမှာ အရေးကြီးတဲ့တာဝန်ပါတယ် ဒီတော့ ကျုပ်ကို တားဆီးတဲ့လူ ဘယ်သူမဆို အကုန်လုံးကို သတ်ပစ်ရမယ်”
အရူးကြီးက မျက်လုံးကို မှိတ်လိုက်၏။ ပြီးနောက် ကြီးမားသည့် သံတုတ်ကြီးကို ကိုင်ဆောင်ကာဖြင့် ရူးရူးမူးမူး စတင်ကာ သတ်ဖြတ်၏။ သွေးများက နေရာအနှံ့သို့ ပြန့်နှံ့လျက်ရှိ၏။
ရှမ့်လန်၏ အမိန့်ပေးမှုအောက်တွင် ရှိနေသည့် စစ်သည်တော်များ အားလုံးတို့က လေးများနှင့် ချိန်ရွယ်ထားကြသည်။
ရွှမ်ဝူဂိတ်တံခါးရှိ လက်ရွေးစင် စစ်သည်များသည် မြေပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် ပြုတ်ကျလျက် ရှိနေ၏။ သူတို့အနေနှင့် ပြန်လည် တိုက်ခိုက်သင့်၏။ သို့ပေမည့် သူတို့၏ တပ်မှူး ဝမ်တုံ သေဆုံးခဲ့ပြီးနောက် ဘာလုပ်လို့ ဘာကိုင်ရမှန်းပင် မသိရှိချေ။
ဝမ်တုံက အမိန့်ကို လိုက်နာသည်ဆိုလျှင်တောင်မှ သူ၏အမိန့်က ရှမ့်လန်၏စစ်တပ်ကို လက်နက် ချစေရန်၊ ထို့အပြင် သီးသန့် ထားရှိမည့် အဆောင်ဆီသို့ ခေါ်ဆောင်သွားရန်သာလျှင် ရှိ၏။ ထို့အပြင် ရှမ့်လန်က တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်ခဲ့သည့် လူတစ်ယောက် ဖြစ်၏။ အဘယ်သို့ သူတို့က သတ်ဖြတ်ရဲမည်နည်း။ သို့ပေမည့် မထင်မှတ်ထားလောက်အောင်ဘဲ သူတို့ မသတ်ဖြတ်ရဲလျှင်တောင်မှ ရှမ့်လန်က သတ်ဖြတ်ရဲနေ၏။ သူတို့က အကြင်နာတရား ကင်းစွာဖြင့် သတ်ဖြတ်လျက် ရှိနေ၏။
ရှမ့်လန်သည် မြေပေါ်သို့ လဲကျလျက် ရှိနေသော ဝမ်တုံ၏ ခန္ဓာကိုယ် ပြားချပ်ချပ်ကြီးကို ကြည့်ရှုပြီး အသာပြောလိုက်သည်။ “အင်း... မင်းရဲ့နောက်ကွယ်မှာ ရှိတဲ့လူက ငါ စိတ်လွှတ်ပြီး မင်းကို သတ်လိုက်တာမျိုး လိုချင်ခဲ့တာလေ။ အခု ငါ မင်းကို သတ်ခဲ့ပြီ။ ဒီတော့ မင်းရဲ့ နောက်ကွယ်မှာရှိတဲ့လူ ဘာဆက်လုပ်မလဲ ကြည့်ကြတာပေါ့”
“သွားကြရအောင်”
ရှမ့်လန်၏ အမိန့်ပေးမှုအောက်မှာပဲ စစ်သည်တော် ၂၀၀ ကျော်တို့က အရှိန်မြှင့်တင်လာ၏။ သူတို့အားလုံးက မြို့စောင့်တပ်၏ ဝိုင်းပတ်ထားမှုမှ ဖောက်ထွက်ပြီး မြို့ထဲသို့ လှမ်းဝင်လိုက်၏။ အလောင်းပေါင်း များစွာတို့က အနောက်တွင် ကျန်ရစ်ခဲ့၏။
လူပေါင်းများစွာတို့က ကြောက်လန့်သွားကြ၏။ ခဏကြာပြီးသည့်နောက် လူပေါင်းများစွာတို့က အော်ဟစ် လိုက်ကြသည်။ “ရှမ့်လန် ပုန်ကန်ပြီ”
“ရှမ့်လန် ပုန်ကန်နေပြီဟေ့”
...............
ရှမ့်လန်သည် အထင်အမြင်သေးစွာဖြင့် ပြုံးလိုက်မိ၏။ ဤသို့သော အခြေအနေသေးသေးလေးဖြင့် သူ့ကို ဒုက္ခပေးရန် ကြံစည်နေသည်လား။ သူသည် ပိုင်ရီခရိုင်တွင် လူသောင်းပေါင်းများစွာကို သတ်ဖြတ်ရဲခဲ့၏။ အဘယ်ကြောင့် နန်းမြို့တော်တွင် ထိုအရာကို မပြုလုပ်ရဲရမည်နည်း။
သူက ရွှမ်ဝူဂိတ်တံခါးဆီမှ ရွှမ်ဝူလမ်းအတိုင်း လှမ်းလျှောက်ပြီး နင်ကျန်း နေထိုင်ရာအိမ်တော်သို့ လာခဲ့၏။ သို့ပေမည့် ထိုအရာက မပြီးဆုံးသေးကြောင်း သူက ကောင်းကောင်းသိ၏။ ရွှမ်ဝူဂိတ်တံခါး ဆိုသည်မှာ သူ့အတွက် အစပျိုးခြင်းသာလျှင် ရှိသေး၏။
ရှမ့်လန် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီးနောက် မည်သည့်စစ်သည်ကမှ သူ၏နောက်သို့ လိုက်ပါမလာခဲ့ချေ။ ရန်သူများ၏ ရည်ရွယ်ချက်က ရိုးရှင်းလွန်း၏။ ရှမ့်လန်တစ်ယောက် ရွှမ်ဝူဂိတ်တံခါးတွင် လူတစ်ယောက်ကို ပွင့်ပွင့်လင်းလင်း သတ်ဖြတ်စေရန် ဖန်တီးခဲ့ခြင်းသာဖြစ်၏။ ထိုအရာကို ပုန်ကန်သည်ဟု သတ်မှတ်ကာ တံဆိပ်တပ်ချင်ခြင်းပင်။
နင်ကျန်း၏ အိမ်တော်ဆီသို့ ဝင်ရောက်ခဲ့ပြီးနောက် ပဉ္စမမင်းသားနင်ကျန်း၏ မိန်းမ ကတော်ကျိုးနှင့် နင်ကျန်းကို ပြုစုစောင့်ရှောက်သည့် မိန်းမစိုးအိုကြီးတို့က မြန်မြန်ဆန်ဆန် ထွက်လာပြီး နှုတ်ဆက်ကြ၏။ “ရှမ့်.. နောက်ဆုံးတော့ ရောက်လာခဲ့ပြီပေါ့”
“ရောက်လာခဲ့ပြီပဲ”
သူတို့၏ အမူအရာများမှာ ပျော်ရွှင်လျက် ရှိနေ၏။ ထို့အတူ ကြောက်ရွံ့မှုများလည်း ပြည့်နှက်လျက် ရှိနေပုံပင်။ သေချာပေ၏ ။ တစ်စုံတစ်ခု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ရှမ့်လန်က ပြောလိုက်သည်။ “ဘာဖြစ်ပြန်ပြီတုန်း”
မိန်းမစိုးအိုကြီးက ပြောလိုက်၏။ “ပဉ္စမမင်းသားက အင်ပါယာဘုရားကျောင်းမှာ ဖမ်းဆီးခြင်း ခံထားရတယ်”
ရှမ့်လန်၏ မျက်နှာပေါ်ရှိ ကြွက်သားများက တုန်ယင်သွားခဲ့သည်။ “အင်ပါယာ ဘုရားကျောင်းပဲလား။ နေအိမ်အကျယ်ချုပ်ချတာလား”
အင်ပါယာ ဘုရားကျောင်းသည် တော်ဝင်မိသားစု၏ အရေးအရာ ကိစ္စအ၀၀များကို တာဝန်ယူသည့် နေရာဖြစ်၏။ တစ်ခါတစ်ရံတွင် ဆိုသလို တော်ဝင်မျိုးနွယ်များ၏ ကိစ္စရပ်များကိုလည်း တာဝန်ယူ၏။
မိန်းမစိုးအိုကြီးက ပြောလိုက်သည်။ “မဟုတ်ဘူး သူ့ကို ထောင်ချထားခဲ့တာပါ။ သူ့ကို အင်ပါယာ ဘုရားကျောင်းရဲ့ အကျဉ်းထောင်ထဲကို ပို့ထားတာ”
ရှမ့်လန်၏ မျက်ခုံးများက တုန်ခါသွားခဲ့၏။ ထိုအရာကို ကြားလိုက်သည့်အချိန်မှာတော့ မယုံကြည်နိုင်သလို ဖြစ်မိနေ၏။ မင်းသမီး နင်ယန်သည် အင်ပါယာ ဘုရားကျောင်း၏ ခြံဝန်းထဲတွင် ချုပ်နှောင်ခြင်း ခံထားရ၏။ သို့ပေမည့် ထိုအရာက အပြင်သဘောအရ ချုပ်နှောင်ထားခြင်း ဖြစ်၏။ အကျယ်ချုပ် ပုံစံမျိုး ဖြစ်ပြီး လွတ်လပ်မှုကို ပိုင်ဆိုင်သေး၏။
သို့ပေမည့် အင်ပါယာ ဘုရားကျောင်း၏ အကျဉ်းထောင်ထဲတွင် ချုပ်နှောင်ခံရသည် ဆိုပါက ကျိန်းသေပေါက် ဒုက္ခများမှာ သေချာသည်။
မင်းသမီး နင်ယန်က နှစ်လနီးပါးခန့် နေအိမ်အကျယ်ချုပ် ချခြင်းကိုသာလျှင် ခံရ၏။ အင်ပါယာ ဘုရားကျောင်း၏ အကျဉ်းထောင်ထဲတွင် ချုပ်နှောင်ခြင်းကို ခံရသည်ဆိုပါက နှစ်အနည်းငယ်လောက် ချုပ်နှောင်ခြင်းကို ခံရကောင်း ခံရနိုင်၏။
သာမန်အကျဉ်းသားများကဲ့သို့ပင် ဆက်ဆံခံရမှာ သေချာပြီး ဤနေရာတွင် လေးစားမှုဟူ၍ ရှိလိမ့်မည် မဟုတ်ချေ။ အင်ပါယာ ဘုရားကျောင်း၏ အကျဉ်းထောင်ထဲသို့ ရောက်ရှိသည် ဆိုခြင်းမှာ အလွန်ပင် ဆိုးရွားသည့်အရာဖြစ်ပြီး တစ်စုံတစ်ယောက်၏ အသက်ကိုပင် သေဆုံးစေနိုင်သည့် ကိစ္စမျိုး ဖြစ်သည်။
“ဘာကြောင့်လဲ။ အရှင်မင်းသားက ဘာမှုခင်းတွေများ ကျူးလွန်ခဲ့တာလဲ”
မိန်းမစိုးအိုကြီးက ပြောလိုက်၏။ “လူသတ်မှုလားပဲ”
ရှမ့်လန်က ကြောင်အသွားခဲ့သည်။ မင်းသား နင်ကျန်းက လူသတ်မှု ကျူးလွန်ခဲ့သည်လား။ မည်သို့ ဖြစ်နိုင်မည်နည်း။ မင်းသား နင်ကျန်းသည် တသီးတသန့် နေထိုင်တတ်သည့် လူတစ်ယောက် ဖြစ်သော်လည်း ကြင်နာပြီး သနားတတ်သူ ဖြစ်၏။ အဘယ်သို့ တစ်စုံတစ်ယောက်ကို သတ်ဖြတ်မည်နည်း။
ရှမ့်လန်က မေးမြန်းလိုက်၏။ “သူ ဘယ်သူ့ကို သတ်ခဲ့တာလဲ”
မိန်းမစိုးအိုကြီးက ပြောလိုက်သည်။ “အထူးတရားရုံးရဲ့ ဒုတိယဝန်ကြီး၊ အထူးတရားရုံးရဲ့ မှတ်တမ်းစာရေး၊ ပြီးတော့ စစ်သည် သုံးယောက်”
ချက်ချင်းပဲ ရှမ့်လန်က ကျောရိုးမကြီးတစ်ခုလုံး စိမ့်တက်သွား၏။ ဤကဲ့သို့ ကြီးမားသည့် မှုခင်းကြီး ဖြစ်နေသည်လား။ အထူးတရားရုံး၏ ဒုတိယဝန်ကြီးက သေဆုံးသွားခဲ့သည်လား။ ထိုအရာက အဆင့်လေး အရာရှိအရာခံ တစ်ယောက်ဖြစ်သည် ဆိုလျှင်တောင်မှ တပ်မှူး တစ်ယောက်ထက်ပိုသည့် ရာထူးရာခံကို ပိုင်ဆိုင်၏။ ကိစ္စကြီးတစ်ခုပင် ဖြစ်၏။ နင်ကျန်း ဖမ်းဆီးခံရပြီး အင်ပါယာရဲ့ဘုရားကျောင်း၏ အကျဉ်းထောင်ထဲသို့ ပို့လွှတ်ခံရသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။
ဤမှုခင်းက ကျိန်းသေပေါက် ကြီးမားလွန်းပြီး မင်းသားတစ်ပါးဟူသည့် အရှိန်အဝါဖြင့်ပင် ဖျောက်ဖျက်၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။ အားလုံးသောသူတို့၏ တန်ဖိုးထားခြင်းကို မခံရသည့် နင်ကျန်းကို မဆိုနှင့် သာမန်မင်းသားဆိုလျှင်ပင် ဒုက္ခရောက်နိုင်၏။ တစ်ဖက်လူများသည် တကယ်ကို ကြမ်းတမ်းလွန်းပြီး သာမန်ထက် ပိုသည့် အကွက်များကို စတင်ကာ ဖန်တီးပြီ ဖြစ်၏။
ရှမ့်လန်က သက်ပြင်းကို ချလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “အင်း.. ပဉ္စမမင်းသားက တစ်စုံတစ်ယောက်ကို သတ်ဖြတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဘာတွေ ဖြစ်ခဲ့တာလဲ”
ထိုအချိန်မှာပဲ ပင်းအာက အပြင်ဘက်သို့ ထွက်လာပြီး ရှမ့်လန်၏ ရင်ခွင်ထဲသို့ တိုးဝင်လာခဲ့၏။ ဤမိန်းကလေးက ကိုယ်ဝန် ခြောက်လနီးပါးခန့် ရှိ၏။ သူမ၏ ဝမ်းဗိုက်က တော်တော် ကြီးမားလာခဲ့၏။ ထိုအချိန်မှာတော့ သူမ၏ လှပသည့် မျက်နှာထက်တွင် ကြောက်လန့်မှုများ၊ မသက်မသာ ခံစားမှုများနှင့် ပြည့်နှက်နေခဲ့၏။ သူမကို ကြည့်ရသည်မှာ ထိတ်လန့်တုန်လှုပ်လျက် ရှိနေသည့် သားရဲရိုင်းလေး တစ်ကောင်ကဲ့သို့ပင်။
“သမက်တော်... ကျွန်မ သူတို့ကို သတ်ခဲ့တာ။ ကျွန်မ သူတို့ကို သတ်ခဲ့တာပဲ”
ရှောင်ပင်းက အော်ဟစ်လိုက်၏။ “အရှင်မင်းသားက ကျွန်မအတွက် ဒုက္ခဝင်ခံခဲ့တာ”
ရှမ့်လန်က ပင်းအာကို ကြည့်လိုက်၏။ ဤမိန်းကလေး၏ မျက်လုံးများက နီရဲလျက် ရှိနေ၏။ သူမ မည်မျှ ကြာသည်အထိ မအိပ်စက်ခဲ့ကြောင်း သိသာနေသည်။ သူမ၏ ဝမ်းဗိုက်ထဲတွင် ရှမ့်လန်၏ ကလေး ရှိနေ၏။ အဘယ့်ကြောင့် ဂရုမစိုက်ရသနည်း။
ရှမ့်လန်က အသာပင် ချော့မြူပြီး မေးလိုက်၏။ “စိုးရိမ်ပူပန်မနေနဲ့။ ငါ့ကို ဖြည်းဖြည်းချင်းပြော။ သူတို့ကို ဘယ်လို သတ်ခဲ့တာလဲ”
ပင်းအာက ပြောလိုက်သည်။ “သခင်လေး ပေးထားတဲ့ လက်နက်ပုန်းကို အသုံးပြုခဲ့တာပဲ။ လက်ကလေးနဲ့ တစ်ချက် နှိပ်လိုက်တာနဲ့ လူဆိုး ငါးယောက်လုံး သေသွားခဲ့တယ်။ ကျွန်မကို ကာကွယ်ဖို့ဆိုပြီး အရှင်မင်းသားက ဒီလူတွေ အကုန်လုံးကို သတ်ခဲ့ပါတယ်လို့ ဝင်ပြောခဲ့တာ။ အခု သူ အဖမ်းခံခဲ့ရပြီ။ သမက်တော်... မြန်မြန်သွားပြီး အရှင်မင်းသားကို ကယ်ပေးပါအုံး”
ရှမ့်လန်က ကျောရိုးမကြီးပင် စိမ့်တက်သွားခဲ့၏။ “ပင်းအာ... ဘယ်လိုဖြစ်ပြီး မင်း ဒီလောက် ကြမ်းတမ်းရတာလဲ”
ရွှမ်ဝူအိမ်တော်ဆီသို့ ခိုးဝင်ကာ ဒုက္ခပေးမည့် လူများကို သတ်ဖြတ်ပစ်ရန် ဤလက်နက်ကို ပေးထားခဲ့ခြင်း ဖြစ်၏။ သို့ပေမည့် နန်းမြို့တော်ထဲတွင် ထိုအရာကို အသုံးမပြုရဲလောက်ဘူးဟု သူ ထင်မှတ်ခဲ့၏။ ထို့ကြောင့် ပြန်လည်ကာ သိမ်းဆည်းခဲ့ခြင်း မရှိခဲ့ချေ။ လက်ရှိအချိန်တွင်တော့ ပင်းအာက ထိုအရာကို အသုံးပြုခဲ့သည်။
ဤမိန်းကလေးက ဉာဏ်ကောင်းသည့် ကလေးမ ဖြစ်၏။ သူမသည် လုပ်သင့်သည်၊ မလုပ်သင့်သည်ကို ကောင်းကောင်း ခွဲခြားသိရှိသည့် လူတစ်ယောက်ပင်။ သူမ တစ်စုံတစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီ ဖြစ်သောကြာင့် တစ်ဖက်လူများသည် သူမ၏ အသက်ကို ခြိမ်းခြောက်ခြင်း သို့မဟုတ် သူမ၏ ဝမ်းဗိုက်ထဲတွင် ရှိနေသည့် ကလေးကို ခြိမ်းခြောက်ခြင်းမျိုး ပြုလုပ်ခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။