← Chapters

အခန်း (၄၅၀)

Vol. 32 Ch. 450

အခန်း (၄၅၀)

Vol. 32 Ch. 450

“ပင်းအာ... မင်းက လူကို ကြုံရာလိုက်သတ်တဲ့ လူစားမျိုး မဟုတ်ဘူး။ ဘာတွေ ဖြစ်ခဲ့တာလဲ”

ပင်းအာက ရှမ့်လန်၏ ရင်ခွင်ထဲသို့ တိုးဝင်ပြီးသည့်နောက် လုံခြုံသည့် ခံစားချက်များကို ရရှိသွားခဲ့ပုံပေါ်၏။ သူမက ဖြစ်စဉ်တစ်ခုလုံးကို ပြောပြခဲ့၏။ ထန်းဖန်စာအုပ်ဆိုင်ပိုင်ရှင်ယု၏ သမီးနှစ်ယောက်ကြောင့်ပင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ယုဖန်နှင့် သူ၏မိန်းမတို့သည် ကျင်းမူကုန်းကို ပြဿနာ ရှာခဲ့၏။ ထို့ကြောင့်ပင် ရှမ့်လန်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ ယုဖန်၏ ကလေးနှစ်ယောက်ကို မွေးစားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး နှစ်သစ်ရောက်ပြီးနောက် ကလေးနှစ်ယောက်က သုံးနှစ်နှင့် လေးနှစ် အရွယ်သို့ပင် ရောက်ရှိလာခဲ့၏။ နှစ်ဝက်နီးပါးခန့် ကြာမြင့်ပြီးနောက် ကလေးမလေးများသည် ရှမ့်လန်နှင့်ပင် အလွန် ရင်းနှီးလျက် ရှိနေ၏။ ပင်းအာနှင့် ဆိုလျှင် ပြောနေစရာပင် မလိုအပ်ချေ။

ရွှဲ့ပြည်နယ်၏ စည်းမျဉ်းစည်းကမ်းများအရ ယုဖန်၏ မိသားစုတစ်ခုလုံးကို သုတ်သင်ရှင်းလင်းပစ်ရမည် ဖြစ်သောကြောင့် ဤကလေးမနှစ်ယောက်ကို ကလေးတရားရုံးဆီသို့ ခေါ်ဆောင်ရပေလိမ့်မည်။ ကလေးတရားရုံး ဆိုသည်မှာ ကလေးများ၏ အမှုအခင်းများကို ကိုင်တွယ်ရသည့် နေရာဖြစ်၏။ ကလေးများက ငယ်ရွယ်၏။ ထို့ကြောင့် သတ်ဖြတ်ခြင်းကို မခံရသင့်ပေ။ ထို့အပြင် ရာဇဝတ်သားများအဖြစ် မွေးမြူခြင်းကိုလည်း မခံရသင့်ဟု အိမ်တော်တစ်ခုလုံးက တွေးထင်ထားကြသည်။

ထိုနေရာကြီး တစ်ခုလုံးက ငရဲခန်းကဲ့သို့ပင်။ ရောက်ရှိသွားခဲ့သည့် ယောက်ျားလေးပေါင်းများစွာတို့က အရွယ်ရောက်သည်နှင့် သင်းကွပ်ခြင်းကို ခံရပြီး မိန်းမစိုးများ သို့မဟုတ် စစ်တပ်၏ ကျေးကျွန်များအဖြစ် အသုံးတော်ခံရ၏။ မိန်းကလေးများက ပိုမိုကာ ဆိုးရွား၏။ အဆင့်နိမ့် အမျိုးသမီး ကျေးကျွန်များအဖြစ်ပင် အလုပ်အကျွေး ပြုရ၏။ ရောက်ရှိသွားခဲ့သည့် ကလေး ၃၀ ရာခိုင်နှုန်းလောက်သည် အရွယ်မရောက်ခင်တွင် သေဆုံးသွားခဲ့ကြ၏။

ဟုတ်ပေ၏။ ရှမ့်လန်နှင့် ပဉ္စမမင်းသားတို့သည် ဤမိန်းကလေးနှစ်ယောက်ကို ဤကဲ့သို့ ကလေးထောင်ဆီသို့ ပေးပို့ခြင်းကို မပြုလုပ်ချင်ကြပေ။ အထူးသဖြင့် ပဉ္စမမင်းသား နင်ကျန်း ဖြစ်၏။ ဤမိန်းကလေး နှစ်ယောက် ကြီးပြင်းလာသည်ကို သူက မျက်မြင်တွေ့ခဲ့သည် မဟုတ်ပါလား။ ထို့အပြင် ဤမိန်းကလေး နှစ်ယောက်က တကယ်ကို ချစ်စရာကောင်း၏။ သူတို့၏ မျက်နှာသွင်ပြင်နှင့် အသားအရေများက ကျောက်စိမ်း ကဲ့သို့ပင် သပ်ရပ်ပြီး လှပလွန်းသည်။

ကလေးအကြီးမက ဉာဏ်ကောင်းပြီး လိမ္မာ၏။ ကလေးအငယ်လေးမှာတော့ အပြစ်ကင်းစင်ပြီး သန့်စင်လွန်း လှချေ၏။ နင်ကျန်းကို မဆိုနှင့် ရှမ့်လန်ပင်လျှင် ထိုကလေးများကို ချစ်မြတ်နိုး၏။ ရံဖန်ရံခါဆိုသလို ထိုကလေးများနှင့် ဆော့ကစားမှုကိုပင် ပြုလုပ်တတ်၏။

အရင်တုန်းက ရှမ့်လန်သည် ချင်နိုင်ငံဆီသို့ နိုင်ငံရေးရာတာဝန်ဖြင့် သွားရောက်သည့်အချိန်တွင် အထူးတရားရုံးက ပဉ္စမမင်းသား၏ နေအိမ်ဆီသို့ ရောက်ရှိလာခဲ့ပြီး ဤမိန်းကလေးနှစ်ယောက်ကို ကလေး အကျဉ်းထောင်ဆီသို့ ပို့ဆောင်ရန် အကြိမ်ပေါင်းများစွာတောင်း၏။ သို့ပေမည့် နင်ကျန်းက အားလုံးကို ငြင်းပယ်ခဲ့သည်။

နင်ကျန်းက အရှက်ခွဲခံရသလို အချိန်တိုင်း ခံစားနေမိ၏။ သူ့၌ ဩဇာမရှိသည့် အကြောင်းအရာနှင့် ပတ်သက်၍လည်း ဝမ်းနည်းနေမိ၏။ သူက ကလေးမလေးနှစ်ယောက်ကိုပင် ကာကွယ်နိုင်ခြင်း မရှိခဲ့ချေ။ နောက်ပိုင်း ရှမ့်လန် ချင်နိုင်ငံဆီမှ ပြန်လာသည့်အချိန်တွင် အထူးတရားရုံးက ငြိမ်သက်သွားခဲ့ကြ၏။ ရှမ့်လန် မရှိချိန် ပြန်လည်ရောက်ရှိလာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မိမည်နည်း။

လွန်ခဲ့သည့် သုံးရက်တုန်းက အထူးတရားရုံး၏ ဒုတိယဝန်ကြီးအဖြစ် အသစ်ခန့်အပ်ထားခဲ့သည့် လူသည် ပဉ္စမမင်းသား၏ အိမ်ဆီသို့ လူတစ်စုကို ခေါ်ဆောင်၍ ရောက်ရှိလာခဲ့၏။ နင်ကျန်း ဤနေရာတွင် မရှိသည့် အချိန်အတွင်းမှာပင် မိန်းကလေးနှစ်ယောက်ကို အတင်းခေါ်ဆောင်သွားရန် ပြင်ဆင်ခဲ့၏။

ဟုတ်ပေ၏။ ပင်းအာနှင့် ကတော်ကျိုးတို့က ထိုအရာကို လက်မခံခဲ့ချေ။ ရှေ့ဆီသို့ လှမ်းတက်ပြီး တားဆီးခဲ့ ကြ၏။ ဤမိန်းကလေးနှစ်ယောက်၏ ရှေ့တွင်ရပ်ကာဖြင့် အားလုံးသောသူတို့ကို တားဆီးထားခဲ့၏။ အဆုံးသတ်မှာတော့ အထူးတရားရုံးမှ စစ်သည်တော်တစ်ယောက်သည် ပင်းအာ၏ ဝမ်းဗိုက်ကို ရိုက်နှက်ပြီး အထဲမှ ကလေးကို သတ်ဖြတ်ချင်ခဲ့သည်။

ဝမ်းဗိုက်ထဲတွင်ရှိနေသည့် ကလေးသည် ပင်းအာ၏ မျှော်လင့်ချက် ၊ သူမ၏ အသက်သွေးကြောလည်း ဖြစ်၏။ အဘယ်သို့ တစ်စုံတစ်ခု အဖြစ်ခံရမည်နည်း။ ထို့ကြောင့် ပင်းအာက လက်နက်ပုန်းကို ထုတ်ယူပြီး ပစ်ခတ်လိုက်၏။ ထို့ကြောင့် အထူးတရားရုံးမှ လူငါးယောက်လုံး သေဆုံးသွားခဲ့၏။

ဤလူများကို သတ်ဖြတ်ခဲ့ပြီးနောက် ပင်းအာက တကယ်ကို ကြောက်လန့်နေမိ၏။ ကြီးမားသည့် ပြဿနာကြီးတစ်ခုကို ရှာခဲ့မိပြီဖြစ်ကြောင်း သူမက ခံစားမိ၏။ ထိုအရာက သမက်တော်နှင့် ကျင်းမိသားစု တစ်ခုလုံးအတွက် ကြီးမားသည့် ပြဿနာကြီးပင်။ သို့ပေမည့် သူမက နောင်တမရချေ။ တစ်စုံတစ်ယောက်က သူမ၏ ကလေးကို ထိခိုက်နာကျင်အောင် ပြုလုပ်ချင်သည် မဟုတ်ပါလား။

ပဉ္စမမင်းသား နင်ကျန်း ပြန်ရောက်လာသည့်အချိန်မှာတော့ အလွန်အမင်း ဒေါသထွက်ခဲ့၏။ နံရံကိုပင် လက်သီးနှင့် ထိုးခဲ့၏။ ပြီးနောက် သူ၏ ဩဇာအာဏာ မရှိခြင်းနှင့် ပတ်သက်၍ အလွန်တရာ မုန်းတီး၏။ ထိုကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျခံရခြင်းအား သူ အလွန်အမင်း မုန်းတီး၏။ ဤကလေးနှစ်ယောက်က သေးငယ်လွန်းသည့် ကလေးမလေး နှစ်ယောက် ဖြစ်၏။ သို့ပေမည့် သူ မရှိချိန်တွင် အထူးတရားရုံးက ရောက်ရှိလာခဲ့ပြီး ဖမ်းဆီးရန် ပြင်ဆင်နေခဲ့၏။ အဘယ့်ကြောင့်နည်း။

ပင်းအာသည် အိမ်ထဲတွင် နေထိုင်လျက် ရှိနေ၏။ ထို့အပြင် သူမ၌ သူမကိုယ်သူမ ကာကွယ်ရန် တာဝန် ဝတ္တရား ရှိ၏။ ကိုယ်ဝန်သည်ကို မဆိုနှင့် သာမန်မိန်းကလေးတစ်ယောက် ဆိုလျှင်တောင်မှ သူမကို အလွန်အမင်း ထိခိုက်လာသည် ဆိုလျှင် ကာကွယ်ရန် အခွင့်အရေး ရှိ၏။

သို့တစေ သူက ပင်းအာ၏ လူသတ်မှုအတွက် ကိုယ်တိုင်ကိုယ်ကျ ခေါင်းဝင်ခံခဲ့၏။ အထူးတရားရုံး၏ ဖမ်းဆီးခြင်းကို ခံရပြီးသည့်နောက် အင်ပါယာဘုရားကျောင်း၏ အကျဉ်းထောင်ထဲသို့ စေလွှတ်ခြင်းခံရ၏။ မိန်းကလေးနှစ်ယောက်မှာတော့ ကျန်သည့်မင်းမှုထမ်းများ၏ အတင်းခေါ်ဆောင်ခြင်းကို ခံရပြီး ကလေး အကျဉ်းထောင်သို့ ရောက်ရှိသွားခဲ့သည်။

...............

ထိုစကားကို ကြားရသည့်အချိန်မှာတော့ ရှမ့်လန်က ဒေါသူပုန် ထ၏။ တစ်ဖက်လူများက အောက်ခြေ စည်းမျဉ်း မရှိချေ။ ယခု နင်ကျန်းက အထူးတရားရုံးမှ အရာရှိ၊ မင်းမှုထမ်းများကို သတ်ဖြတ်ပစ်သည့် ပြစ်မှုကို ပြုလုပ်ခဲ့သည်သာ မကချေ။ ရှမ့်လန်ကလည်း တပ်မှူးတစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီ ဖြစ်၏။ သံသယရှိစရာ မလိုပါဘဲ ထိုအရာက အိမ်ရှေ့စံမင်းသား၏ လုပ်ရပ်သာလျှင် ဖြစ်မှာ သေချာ၏။

ဤနောက်ကွယ်တွင် မည်သူက စီမံဆောင်ရွက်ခဲ့သနည်း။ ကျိုးကျောင်းရန်လား။ ဟုတ်ပေ၏။ ဤအမျိုးသမီးပင် ဖြစ်ရပေလိမ့်မည်။ တကယ်လည်း ရက်စက်လွန်းလှချေသည်။

“သမက်တော်.. ဒါတွေအားလုံးက ကျွန်မရဲ့ အပြစ်ပါပဲ။ ကျွန်မရဲ့ အပြစ်တွေပါပဲ”

ပင်းအာက ထပ်တလဲလဲ ပြောဆိုရင်း ငိုရှိုက်လျက် ရှိနေသည်။ “ဒါတွေအားလုံးက ကျွန်မရဲ့ အပြစ်ပါပဲ။ ကျွန်မသာ တစ်စုံတစ်ယောက်ကို မသတ်ခဲ့ဘူးဆိုရင် ပဉ္စမမင်းသားလည်း အဖမ်းခံရမှာ မဟုတ်ဘူး။”

ရှမ့်လန်က ကြင်နာစွာ ပြောလိုက်၏။ “ပင်းအာ... မင်း မှားတဲ့အရာ ဘာတစ်ခုကိုမှ မလုပ်ခဲ့ဘူး။ မင်းက အရမ်းကို ရဲရင့်လွန်းတယ်။ တစ်စုံတစ်ယောက်က ငါတို့ရဲ့ ကလေးကို ထိခိုက်နာကျင်အောင် လုပ်ရဲတယ် ဆိုမှတော့ ငါတို့ကလည်း တုံ့ပြန်ရမှာပေါ့။ တစ်ဖက်လူက ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က အကုန်လုံးကို သတ်ပစ်ရမယ်။ ကလေးနှစ်ယောက် မရှိဘူးဆိုရင်တောင်မှ တခြားသော အကြောင်းအရင်း တစ်ခုခုကို ရှာပြီး ငါတို့ကို ဒုက္ခပေးအုံးမှာပဲ”

ပြီးနောက် ရှမ့်လန်က မိန်းမစိုးအိုကြီးကို လှည့်ကာ မေးမြန်းလိုက်သည်။ “အကြီးအကဲ... ခင်ဗျား တစ်စုံတစ်ယောက်ကို စေလွှတ်ပြီး ဘာလို့ ကျုပ်ဆီ သတင်းမပို့ရတာလဲ”

မိန်းမစိုးအိုကြီးက ပြန်ပြောလိုက်၏။ “တစ်ဖက်လူတွေရဲ့ ပစ်မှတ်က သခင်လေးရှမ့်လန် ဖြစ်တယ်ဆိုတာကို ကျုပ်တို့ သိတယ်။ တကယ်လို့ တစ်စုံတစ်ယောက်ကို လွှတ်ပြီး သတင်းပေးပို့ခဲ့မယ်ဆိုရင် သခင်လေးရှမ့်လန်ရဲ့ အစီအစဉ်တွေ အကုန်လုံး ပျက်စီးသွားမှာ စိုးလို့ပါ။”

ရှမ့်လန်က ခေါင်းညိတ်၏။ မိန်းမစိုးအိုကြီး ပြောသည်မှာ အမှန်ပင် ဖြစ်၏။ အိမ်ရှေ့စံမင်းသားဘက်က လုပ်ရပ်သည် သူ့ကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်။

သူတို့၏ ပစ်မှတ်က တကယ် ရှမ့်လန်ပင်။ ရှမ့်လန်က ရွှမ်ဝူဂိတ်တံခါးကို စောင့်သည့် တပ်မှူးတစ်ယောက်ကို သတ်ဖြတ်ပစ်ခဲ့ပြီး ရွှမ်ဝူဂိတ်တံခါးကို ချိုးဖျက်ကာ ဝင်ရောက်ခဲ့၏။

နင်ကျန်းကလည်း အထူးတရားရုံးမှ အရာရှိများကို သတ်ဖြတ်ပစ်ခဲ့၏။ မိမိကိုယ်တိုင်ပင် ကာကွယ်နိုင်ခြင်း မရှိခဲ့ချေ။ တခြားသောသူများကို ကယ်တင်ဖို့ဆိုသည်မှာ ဝေးလာဝေးပင် ဖြစ်သည်။

ကောင်းမွန်သည့် ကိစ္စရပ်များကို ပြုလုပ်လာခဲ့သောကြောင့် မိမိကိုယ်ကို အားကောင်းလွန်းသည်ဟု ထင်မှတ်နေသည်လား။ တကယ်တမ်းမှာတော့ ရှမ့်လန်က အားနည်းလွန်း၏။ ယခု အားနည်းမှု၏ အစစ်အမှန်တရားကို မျက်မြင်တွေ့ပြီး ခက်ခက်ခဲခဲ ရင်ဆိုင်ရန်သာ ရှိတော့၏။ အိမ်ရှေ့စံမင်းသားနှင့် ရန်သူဖြစ်ရန် သူက လုံလောက်သည့် အရည်အချင်း ရှိသည်လား။

ထိုအချိန်မှာပင် အပြင်ဘက်ဆီမှ ခြေသံများ ထွက်ပေါ်လာခဲ့၏။ လက်နက်ချင်း ထိတွေ့သံများလည်း ပေါ်ပေါက်လာခဲ့၏။ မြင်းခွာသံများကလည်း ဆူညံလျက်ပင်။ စစ်တပ်ကြီးတစ်ခုက ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ စစ်သည်ပေါင်း ၂၀၀၀ ကျော်တို့က ပဉ္စမမင်းသား နင်ကျန်း၏ အိမ်တော်လေးကို ဝိုင်းရံထားခဲ့၏။

ပြီးနောက် ရှေ့ဆုံးမှ ဦးဆောင်လာခဲ့သည့် တပ်မှူးက အော်ဟစ်လိုက်သည်။ “ရှမ့်လန် ဘယ်မှာလဲ”

ရှမ့်လန်က အပြင်ဘက်သို့ ထွက်လျှောက်သွားခဲ့၏။

အဆင့်လေး တပ်မှူးတစ်ယောက်က အေးစက်စက်ဖြင့် မေးမြန်းလိုက်သည်။ “မင်းက ရှမ့်လန်လား”

ရှမ့်လန်က ဖြေလိုက်၏။ “ဟုတ်ပါတယ် ဒါနဲ့ ခင်ဗျားက”

ထိုသူက ပြောလိုက်သည်။ “ထျန်းရွှဲ့စီရင်စုရဲ့ တပ်မှူး ရှုစီမင်ပဲ”

တပ်မှူးလား ။ တကယ့်ကို အဆင့်မြင့် တပ်မှူးတစ်ယောက်ဟု သုံးသပ်ရမှာ ဖြစ်၏။

ရှမ့်လန်က မေးလိုက်သည်။ “ဘာကိစ္စ ရှိလို့လဲ”

တပ်မှူး ရှုစီမင်က ပြောလိုက်၏။ “ရှမ့်လန်... ရွှမ်ဝူဂိတ်တံခါးကို လှမ်းကြည့်လိုက်လေ။ မင်းက နိုင်ငံရေးရာ တာဝန်တွေ၊ အရေးကြီး ကိစ္စတွေ ရှိတယ်ဆိုပြီး အော်သွားတယ်။ လုပ်ချင်ရာကို လုပ်သွားတယ်။ ဌာနလေးခုက ထုတ်ပြန်ထားတဲ့ အမိန့်ကိုပုန်ကန်ခဲ့ပြီး ဂိတ်တံခါးမှာ စောင့်ကြပ်နေတဲ့ စစ်သည်တွေကို သုတ်သင်ပစ်ခဲ့တယ်။ အခု ငါတို့နဲ့ စစ်ဆေးရေးရုံးကို လိုက်ခဲ့တော့။ ကိုယ့်လူတို့ ရှမ့်လန်ကို ဖမ်းခေါ်သွားကြ။”

မည်မျှ စိတ်ဝင်စားစရာ ကောင်းလိုက်သနည်း။ ရွှမ်ဝူဂိတ်တံခါးသို့ သူ ချိုးဖျက်ကာ ဝင်ရောက်လာသည့်အချိန်၌ တစ်ဖက်လူများက တခါတည်း လိုက်ပါမလာခဲ့ချေ။ သို့ပေမည့် ယခုမှ ရောက်ရှိလာခဲ့၏။ ပဉ္စမမင်းသား တစ်စုံတစ်ခု ဖြစ်သည်ကို သိရှိစေရန် ဤနေရာသို့ တမင် လွှတ်လိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။

ရှမ့်လန်က အသာပင် လှမ်းကြည့်ပြီး ပြောလိုက်သည်။ “အင်း ငပေါတွေပဲ”

ပြီးနောက် သူက ပဉ္စမမင်းသား၏ အိမ်တော်ထဲသို့ လှမ်းဝင်သွားခဲ့၏။ “ထွက်သွားစမ်း။ အရူးကြီး.. မင်း ဒီတံခါးကို စောင့်ကြပ်ထား။ အထဲကို ဝင်လာရဲတဲ့ ဘယ်သူ့ကိုမဆို ရိုက်သတ်လိုက်။”

“ကောင်းပါပြီ”

အရူးကြီးသည် နင်ကျန်း၏ အိမ်တော် ဂိတ်တံခါးတွင် မတ်မတ်ရပ်လျက်ရှိနေပြီး သံတုတ်ကြီးတစ်ခုကို ကိုင်ဆောင်ကာ တံခါးစောင့်နတ်ဘုရားကြီးကဲ့သို့ပင် ရှိနေသည်။

တပ်မှူး ရှုစီမင်က နှာခေါင်းရှုံ့ကာ အော်ဟစ်လိုက်၏။ “အင်း.. အိမ်တော်တစ်ခုလုံးကို ဝိုင်းရံထား။ သစ္စာဖောက် ရှမ့်လန်ကို ထွက်ပြေးမသွားစေနဲ့။ အထက်ပိုင်း အကြီးအကဲတွေရဲ့ အမိန့်ကို စောင့်ကြရအောင်”

ချက်ချင်းပဲ စစ်သည်ပေါင်း ၂၀၀၀ ကျော်တို့က ပဉ္စမမင်းသား၏ အိမ်တော်တစ်ခုလုံးကို ဝိုင်းရံထားခဲ့ကြ၏။ သူတို့က အထဲတွင် ရှိနေသည့် တစ်စုံတစ်ယောက်ကိုမှ အပြင်ထွက်ခွင့် မပေးခဲ့ချေ။

ကျိုးကျောင်းရန်သည် မီတာ ၁၀၀ အဝေးဆီမှ ရှမ့်လန်ဆီသို့ လှမ်းကာ အေးစက်စက် ကြည့်လိုက်၏။ သူမက အထင်အမြင်သေးစွာဖြင့် ရယ်မောလိုက်သည်။ “ရှမ့်လန်.. စုနန်ကို သတ်ဖြတ်ပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် အားကောင်းတယ်လို့ ထင်နေတာလား။ အိမ်ရှေ့စံမင်းသားရဲ့ ရန်သူ လုပ်ချင်တာလား။ ငါ့ကိုရော ဒီလိုမျိုး အရှက်ခွဲရဲတယ်လား။ အခု ရှင် အားနည်းခြင်း၊ မပြည့်စုံခြင်းဆိုတာကို သိသွားပြီမလား။”

သူမနှင့် မနီးမဝေး တည်နေရာတွင် ရွှယ်ဖန် ရှိနေ၏။ ဝူအန်းမြို့စားအိမ်တော်၏ ဆက်ခံသူ ဖြစ်ပြီး တတိယ မင်းသား နင်ချီ၏ အတိုင်ပင်ခံလည်း ဖြစ်၏။ သူက အဝေးတစ်နေရာဆီမှ ရှမ့်လန်ကို လှမ်းကာ ကြည့်ရှုနေ၏။ အရှက်ကင်းမဲ့စွာဖြင့် ဝါကြွားတတ်သည့် ဤခပ်ချောချော ကောင်လေးသည် မျက်နှာသာ ပေးလိုက်သည် ဆိုသည်နှင့် ရောင့်တက်တတ်၏။

ရွှယ်ကလန်၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့၏။ ယခု လက်စားချေခံရမှု၏ ဆိုးရွားမှုကို ကောင်းကောင်း သိရှိနားလည်သင့်ပြီ မဟုတ်ပါလား။ တကယ်ကို ရယ်ရွှင်ဖွယ်ရာပင်။ အိမ်ရှေ့စံမင်းသား၏ လက်အောက်ရှိ အမျိုးသမီးက လှုပ်ရှားခဲ့ပြီ ဖြစ်၏။ ရှမ့်လန်က ကျိန်းသေပေါက် ကပ်ဘေးကြီးနှင့် ကြုံဆုံရပြီ ဖြစ်သည်။

သာမန်ရှမ့်လန်ဆိုသည့် ကောင်လေးတစ်ယောက်က အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့ကို တပြိုင်နက်တည်း ပြဿနာရှာခဲ့၏။ သေချင်သည် ဆိုလျှင်တောင်မှ ရိုးရိုးတန်းတန်း သေလိမ့်မည် မဟုတ်ချေ။

............

ဤကဲ့သို့ ပိတ်ဆို့ထားခြင်းကို ခံရသည့်အချိန်မှာတော့ ပဉ္စမမင်းသား၏ အိမ်တော်ထဲတွင် ရှိနေသည့် အားလုံးသော သူတို့က ကြောက်လန့်သွားခဲ့ကြ၏။ ပဉ္စမမင်းသားကို ကယ်တင်၍ မရသေးချေ။ သို့ပေမည့် သခင်လေး ရှမ့်လန်ကလည်း မှုခင်းတစ်ခုကို ကျူးလွန်ခဲ့၏။ ကံဆိုးခြင်းတရားများက အချိန်ကိုက် ရောက်ရှိလာသကဲ့သို့ပင်။

မိန်းမစိုးအိုကြီးက စိုးရိမ်ပူပန်စွာ ပြောလိုက်၏။ “ကျုပ်တို့ ဘာလုပ်ရမလဲ။ ကျုပ်တို့ ဘာဆက်လုပ်ရမလဲ”

ရှမ့်လန်က ဂရုမစိုက်ချေ။ “စိတ်မပူပါနဲ့... အခြေအနေက အန္တရာယ်ကြီးမားတဲ့ပုံ ပေါ်တယ်။ ဒါပေမဲ့ ဒါက အလကားပါပဲ။ ဟိတ်ကြီးဟန်ကြီး လုပ်နေတာမျိုးပါပဲ။”

ပြီးနောက် ရှမ့်လန်က မျက်လုံးကို မှိတ်ကာ စတင်ကာ တွေးတောနေ၏။ သူက သူဖြစ်ပျက်နေသည့် အရေးအခင်း အားလုံးကို မည်ကဲ့သို့ ရင်ဆိုင်ရမည် ဖြစ်ကြောင်း တွေးတောနေခြင်း မဟုတ်ချေ။ အချက်အလက်အားဖြင့် သူ့အနေနှင့် ထိုကဲ့သို့သော ကိစ္စရပ်များကို ဖြေရှင်းရန် စဉ်းစားနေစရာပင် မလိုအပ်ချေ။ အရာအားလုံးက ဘုရင်မင်းမြတ်၏ စိတ်ဆန္ဒပေါ်တွင်သာ မူတည်လျက် ရှိနေ၏။

သူ အဓိကအားဖြင့် နင်ကျန်းကို မည်ကဲ့သို့ ကယ်ရမည်ဆိုသည့် အကြောင်းကိုသာ စဉ်းစားနေ၏။ မဟုတ်သေးပေ။ နင်ကျန်းကို ကယ်တင်ရုံသာ မကသေးချေ။ နင်ကျန်းကို အပေါ်သို့ တွန်းတင်ရပေလိမ့်မည်။ လက်ရှိ ရှိနေသည့် အခြေအနေထက် အပေါ်သို့ တွန်းတင်နိုင်မှသာ အဆင်ပြေပေလိမ့်မည်။

နန်းမြို့တော်ထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် အိမ်ရှေ့စံမင်းသား၊ တတိယမင်းသားတို့နှင့် တိုက်ပွဲကို စတင်နေရပြီ ဖြစ်သည်။

.......................

ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက မြောက်ပိုင်း နန်းတော်တည်နေရာထဲတွင် ဧည့်သည်ကို ဧည့်ခံလျက် ရှိနေ၏။ သူ အဘယ်ကြောင့် နန်းမြို့တော်ဆီသို့ မပြန်ရသေးသနည်း။ အဘယ်ကြောင့်ဆိုသော် ချောင်ပြည်နယ်၏ သံတမန်ကို စောင့်မျှော်လျက် ရှိနေသောကြောင့်ပင်။

နင်ယွမ်ရှန်း အနေနှင့် ဝူဘုရင်ကို ရွှဲ့ပြည်နယ်၏ နန်းမြို့တော်ဆီသို့ ဖိတ်ခေါ်ခြင်း မရှိခဲ့ချေ။ သို့ပေမည့် သူက ဝူဘုရင်ကို အသုံးပြုပြီး ချောင်ပြည်နယ်၏ သံတမန်ကို ခြိမ်းခြောက်ရန် စဉ်းစားထားခဲ့၏။ ထို့ကြောင့် သူက မြောက်ပိုင်းနန်းတော်ထဲ နေထိုင်နေခြင်းပင်။

ရက်အနည်းငယ်အတွင်းမှာပဲ နင်ယွမ်ရှန်းသည် နေ့စဉ်နေ့တိုင်းဆိုသလို စားပွဲများကို ကျင်းပပြီး ဝူဘုရင်ကို ဖျော်ဖြေ ဧည့်ခံ၏။ သူက နွေးနွေးထွေးထွေး ဆက်ဆံသည်။ ထိုတင်သာ မကသေးချေ။ သူတို့နှစ်ယောက်က ကဗျာများကို အတူတူ ရွတ်ဖတ်ခြင်း၊ စစ်တုရင် ကစားခြင်းများကို ပြုလုပ်၏။ တစ်ခါတစ်ရံ မြင်းစီးထွက်ခြင်း ကိုပင် ပြုလုပ်ကြသေး၏။

အတိုချုပ်အရ ပြောရမည်ဆိုလျှင် ဘုရင်နှစ်ပါးတို့သည် မိတ်ဆွေရင်းချာများကဲ့သို့ ဖြစ်လာသည်သာမက သွေးသောက်ညီနောင်များကဲ့သို့ပင် နီးစပ်လာခဲ့ကြသည်။

တစ်ရက်မှာတော့ ဘုရင်နှစ်ပါးတို့သည် စစ်တုရင်ကစားခြင်းကို ထပ်မံကာ ပြုလုပ်ကြ၏။ နင်ယွမ်ရှန်းက ရှုံးသည်ထက် နိုင်သည်က များ၏။ သူက ဝူဘုရင်၏ စစ်တုရင်ကစားပုံကို ကောင်းကောင်း အဖြေရှာနိုင်ခဲ့ပြီ ဖြစ်၏။

နောက်ဆုံး နယ်စပ်အမဲလိုက်ပြိုင်ပွဲ၌ သူက ဝူဘုရင်ကို ရှုံးနိမ့်ခဲ့၏။ ထိုအရာမှာ ဝူဘုရင်၏ စစ်တုရင် စွမ်းရည်သည် သူ့ထက်သာလွန်နေသောကြောင့်ဟု ယုံကြည်ခဲ့မိ၏။ သို့ပေမည့် တကယ်တမ်းမှာတော့ ဝူဘုရင်၏ စစ်တုရင် စွမ်းရည်က သူ့ထက် သာလွန်နေခြင်း မဟုတ်ချေ။ ဝူဘုရင်၏ စစ်တုရင်ကစားသည့်ပုံစံ၊ တွေးခေါ်တတ်သည့် အမူအကျင့်ကို သူ မသိရှိသည့်အပြင် တစ်ဖက်လူက သူ၏ တွေးခေါ်မှုပုံစံကို သိရှိနေသောကြောင့် သူ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်၏။ လက်ရှိအချိန်မှာတော့ နင်ယွမ်ရှန်းက သက်တောင့်သက်သာ အနိုင်ယူနိုင်နေပြီ ဖြစ်သည်။

All Chapters