အခန်း (၄၅၁)
Vol. 32 Ch. 451
“ဒီလို ငယ်ရွယ်တဲ့ ဝူဘုရင်နဲ့ စစ်တုရင်ကစားဖို့ဆိုတာ ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ”
နင်ယွမ်ရှန်းက ပြောလိုက်၏။ “အင်း... ကျုပ်က စစ်တုရင်ကို စိတ်လိုလက်ရ မကစားခဲ့ရဘူး။”
ဝူဘုရင်က ခေါင်းကို ခါယမ်းလိုက်သည်။ “အဲလောက် မဟုတ်ပါဘူး။ အစ်ကိုနင်ရဲ့ စစ်တုရင်စွမ်းရည်က အရမ်းကို မြင့်မားလွန်းတယ်။ ကျုပ်က ဦးနှောက်တစ်ခုလုံးကို ညှစ်ထုတ်ရလွန်းတာမို့ အခု ဦးနှောက်ထဲမှာ အရည်တောင် ခမ်းနေပြီ။ အင်း... အနာဂတ်မှာ ကျုပ် တစ်နေ့ကို တစ်ပွဲပဲ ဆော့နိုင်တော့မယ် ထင်တယ်။ မဟုတ်ရင် ကျုပ်ရဲ့ ဦးနှောက်က ဒါကို လက်ခံနိုင်တော့မှာ မဟုတ်ဘူး”
“ဟား ဟား ဟား”
နင်ယွမ်ရှန်းက ရယ်မောကာ ပြောလိုက်၏။ “ဝူဘုရင်ကတော့ တကယ်ကို နှိမ့်ချလွန်းနေပြီ”
ပြီးနောက် သူက လှောင်ပြောင်သလို ပြောလိုက်သည်။ “ဝူဘုရင်နဲ့ စစ်တုရင် ကစားတယ်ဆိုတာ တကယ်ကို ပြိုင်ဘက်ကောင်း တစ်ယောက်နဲ့ တွေ့တာပဲ။ ရှမ့်လန်နဲ့ ကျုပ် နောက်ဆုံးအကြိမ် ကစားခဲ့ရတုန်းက ဆိုရင် ကျုပ် အိပ်မောကျလုမတတ် ပျင်းရိခဲ့တယ်။ ဒီအကောင်ရဲ့ စစ်တုရင်စွမ်းရည်က နိမ့်ပါးလွန်းတယ်။ ကျုပ်ရဲ့ ဘဝမှာ ဒီလိုကောင်မျိုးနဲ့ ကစားခဲ့ရတာ ရှက်စရာပဲ”
ဝူဘုရင်က မျက်လုံးလှန်ကာ မသိမသာကြည့်လိုက်မိသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း နင်ယွမ်ရှန်းသည် ရှမ့်လန်ဆိုသည့် နာမည်ကို အကြိမ်ပေါင်းများစွာ ပြောခဲ့၏။ သူ၏သားများ အကြောင်းထက်ပင် ပိုမိုကာ ပြောခဲ့သေး၏။ ရှမ့်လန်အကြောင်းကို ထုတ်ဖော် ပြောဆိုခဲ့သော်လည်း နင်ယွမ်ရှန်း၏ လေသံတစ်ခုလုံးက လှောင်ချင်ပြောင်ချင်သည့် အသံမျိုး ပေါက်၏။ သို့ပေမည့် အသံထဲတွင် ပါဝင်နေသည့် ချစ်ခင်နှစ်သက်မှုများကို သူ့ကဲ့သို့သော နိုင်ငံတစ်ခု၏ ဘုရင်က မသိဘဲ ဘယ်နေမည်နည်း။
ဝူဘုရင်က ပြောလိုက်၏။ “အင်း... အစ်ကိုနင်ရဲ့ လူကတော့ တကယ်ကို ပါရမီရှင်တစ်ယောက်ပဲ။ ကျုပ် မနာလို ဖြစ်မိတယ်”
နင်ယွမ်ရှန်းက ပြောလိုက်သည်။ “အင်း.. ရွှဲ့ပြည်နယ်မှာ ပါရမီရှင်တွေ တော်တော်များများ ရှိတယ်။ ဒါပေမဲ့ ရှမ့်လန်က အဲထဲက တစ်ယောက်တော့ မဟုတ်ဘူး။ သူက နည်းနည်း ထူးချွန်ရုံပဲ။ ပါရမီရှင်လို့ ထုတ်ဖော်ပြောဆိုဖို့တောင် တန်တဲ့လူ မဟုတ်ဘူး”
ဝူဘုရင်က စိတ်ထဲမှာ ကြိတ်တ်ကာ ဆဲဆိုနေမိ၏။ ထုတ်ဖော်ပြောဆိုဖို့ မတန်လျှင် အဘယ်ကြောင့် ဤရက်ပိုင်းအတွင်း အကြိမ်ပေါင်းများစွာ ပြောဆိုနေရသနည်း။
ထိုအချိန်မှာပဲ မိန်းမစိုးကြီး လီစွမ်းက အထဲသို့ အလျင်အမြန် လျှောက်ဝင်လာခဲ့ပြီး လျှို့ဝှက်စာ တစ်ခုကို ကမ်းပေးလိုက်၏။
နင်ယွမ်ရှန်းက ဖွင့်ကြည့်လိုက်၏။ အထဲတွင် စာတန်းနှစ်ခုသာ ရေးထိုးထား၏။ ပထမတစ်ခုမှာ နင်ကျန်းက အထူးတရားရုံးဆီမှ အရာရှိငါးယောက်တို့ကို သတ်ဖြတ်ပစ်ခဲ့၏။ ဒုတိယတစ်ခုက ရှမ့်လန် နန်းမြို့တော်ဆီသို့ ပြန်လာသည့်အချိန်တွင် တပ်မှူးဝမ်တုံကို သတ်ဖြတ်ခဲ့ပြီး ရွှမ်ဝူဂိတ်တံခါးဆီမှ အတင်း ဖောက်ဝင်ခဲ့သည် အကြောင်းပင်။
ချက်ချင်းဆိုသလိုပဲ နင်ယွမ်ရှန်း၏ အမူအရာက ပြောင်းလဲသွားသည်။
ဝူဘုရင်က မတ်တတ်ထရပ်ကာ ပြောလိုက်၏။ “ကျုပ် နည်းနည်း ပင်ပန်းနေပြီ။ အခု ပြန်ပြီး အနားယူလိုက်အုံးမယ်။ အစ်ကိုနင်... စောစော အနားယူပါ။”
နင်ယွမ်ရှန်းက ဝူဘုရင်ကို တံခါးဝဆီသို့ အားတက်သရော လိုက်ပို့၏။ ပြီးနောက် သူ၏ အမူအရာ တစ်ခုလုံးက အေးစက်ပြီး သုန်မှုန်သွားခဲ့သည်။ “အင်း.... နန်းမြို့တော်ရဲ့ အုပ်ချုပ်ရေးတပ် အရာရှိတွေက ရှမ့်လန်ကို သွားဖမ်းခဲ့တာလား”
မိန်းမစိုးကြီး လီစွမ်းက ပြောလိုက်၏။ “မဟုတ်ပါဘူး။ စစ်သည်ပေါင်း ၂၀၀၀ ကို စေလွှတ်ပြီး ပဉ္စမမင်းသားရဲ့ အိမ်တော်ထဲကို ဝန်းရံထားခဲ့ရုံပါပဲ။”
နင်ယွမ်ရှန်း၏ အကြည့်များက ပိုမိုကာ အေးစက်သွားခဲ့၏။ သူသည် ရှေ့တွင် ရှိနေသည့် စားပွဲကို ခပ်ဝေးဝေးဆီသို့ ကန်ထုတ်လိုက်၏။ “ငါ မသေသေးဘူး ဘာကြောင့် သူတို့ ဒီလောက် အလျင်စလို လုပ်ရတာလဲ။ အင်း... ငါ့ကို လူညံ့တစ်ယောက်လို ထင်နေတာလား။ ငါက အရည်အချင်းရှိတဲ့ အုပ်စိုးသူတစ်ယောက် မဟုတ်ဘူးလို့ သူတို့ ထင်နေကြတာလား”
ဘုရင်မင်းမြတ်က ဒေါသထွက်လျက် ရှိသည်။ “မနက်ဖြန် ဝူဘုရင်ကို ဝူပြည်နယ်ဆီကို ပြန်ပို့လိုက်တော့။ မနက်ဖြန် နေ့လယ် နန်းမြို့တော်ကို ပြန်မယ်။ အဲလူတွေ ဘာလုပ်ချင်လဲ ဆိုတာကို ငါကြည့်ချင်သေးတယ်။ သူတို့အားလုံး သေချင်နေကြတာပဲ”
နောက်တစ်ရက်မှာတော့ ဘုရင်မင်းမြတ် နင်ယွမ်ရှန်းသည် ဝူဘုရင်ကို အခမ်းအနားနှင့် ပြန်လည်ကာ ပို့ဆောင်၏။ ပြီးနောက် စစ်သည်ပေါင်း သောင်းချီကို ဦးဆောင်ပြီး ရွှဲ့ပြည်နယ်၏ နန်းတော်ဆီသို့ ပြန်လာခဲ့၏။
ဘုရင်မင်းမြတ်က အလွန်အမင်း ဒေါသထွက်လျက် ရှိသည်။
........
အိမ်ရှေ့စံမင်းသား၊ တတိယမင်းသားတို့နှင့် ရင်ဆိုင်ယှဉ်ပြိုင်ရခြင်းဆိုသည်မှာ ယခင်တိုက်ပွဲများနှင့် အလုံးစုံ ခြားနား၏။ ယခင်တုန်းက သူ့အနေနှင့် ရန်သူကို ဖျက်ဆီးပစ်ရန်သာ လို၏။ သို့ပေမည့် လက်ရှိအခြေအနေ မှာတော့ မဟုတ်တော့ချေ။ အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့ကို ဖျက်ဆီးရန်အတွက် သူ့အနေနှင့် ပဉ္စမမင်းသားကို အရင်ဆုံး တည်ထောင်ပေးရန် လိုအပ်နေ၏။
ပဉ္စမမင်းသား၏ အခြေအနေတစ်ခုလုံးကို အခြေခံကအစ ပြန်လည် တည်ထောင်ပေးရမှာ ဖြစ်၏။ မဟုတ်ပါက ရှမ့်လန်က ရန်သူ၏ ပိုင်နက်ထဲသို့ ဝင်ရောက်တိုက်ခိုက်ရပေလိမ့်မည်။ အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသား တို့ကို တစ်ယောက်တည်း ယှဉ်ပြိုင်တိုက်ခိုက်ဖို့ဆိုသည်မှာ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ တစ်ယောက်တည်း ပြုလုပ်မည်ဆိုလျှင် မည်သို့မှ အလုပ်ဖြစ်မည် မဟုတ်ချေ။
ချင်နိုင်ငံ သို့မဟုတ် စုနန် ... ထိုအခြေအနေများ၌ ရှမ့်လန်သည် ကောင်းမွန်သည့် လုပ်ဆောင်မှုမျိုးကို ပြုလုပ်ခဲ့သည် ဆိုသော်လည်း ထိုအရာအားလုံး၏ အကျိုးကျေးဇူးကို ရရှိသည့်လူက ဘုရင်မင်းမြတ် ဖြစ်၏။ တိတိကျကျ ပြောရမည်ဆိုလျှင် ရှမ့်လန် ပြုလုပ်ခဲ့သမျှ အကြောင်းအရာတိုင်းက ဘုရင်မင်းမြတ်၏ စိတ်နှလုံးအတွင်းရှိ လိုအပ်ချက်များနှင့် ကိုက်ညီနေခဲ့သည်။
ထို့ကြောင့် သူသည် ဘုရင်မင်းမြတ် အကျိုးမရှိမည့်အရာမျိုးကို ဘယ်တော့မှ လုပ်လိမ့်မည် မဟုတ်ပေ။ သူက ဘုရင်မင်းမြတ်၏ အောက်ခြေစည်းမျဉ်းကို ဘယ်တော့မှ နင်းလျှောက်လိမ့်မည် မဟုတ်ချေ။ ထို့သို့ နေထိုင်နေသရွေ့ သူ့အတွက် အဆင်ပြေနိုင်၏။
သို့ပေမည့် အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့မှာ ဘုရင်မင်းမြတ်၏ သားများသာ မကချေ။ နောင် ရွှဲ့ပြည်နယ်၏ ဆက်ခံသူ ဖြစ်လာနိုင်သော သူများပင်။ ထိုသူတို့ကို ဖျက်ဆီးချင်သည် ဆိုပါက ရွှဲ့ပြည်နယ်နှင့် ဘုရင်မင်းမြတ် နင်ယွမ်ရှန်းတို့အတွက် ကျိန်းသေပေါက် ကြီးမားသော ဆုံးရှုံးမှာ ဖြစ်ပေမည်။
ဟုတ်ပေ၏။ ရှမ့်လန်က ရွှဲ့ပြည်နယ်၏ စိတ်ဝင်စားမှု၊ အကျိုးကျေးဇူး ထိုအရာအားလုံးကို ဂရုစိုက်သည့်လူ မဟုတ်ချေ။ သို့ပေမည့် သူက အနည်းဆုံး နင်ယွမ်ရှန်း၏ သမက်တော် ဟုလည်း သွယ်ဝိုက် သတ်မှတ်၍ရသည်။ နင်ယွမ်ရှန်းနှင့် ရှမ့်လန်တို့ ထိုအရာကို အသီးသီး အသိအမှတ်မပြုသေးဘူး ဆိုလျှင်တောင်မှပေါ့။ ထို့ကြောင့် နင်ယွမ်ရှန်း ဘက်ကို သူ ကြည့်ပေးရပေမည်။
ထို့ကြောင့် ဤတိုက်ပွဲအတွက် အရေးကြီးဆုံးသောအရာက ပဉ္စမမင်းသား နင်ကျန်းကို ထောက်ပံ့ခြင်းသာ ဖြစ်၏။ ပထမဦးဆုံး ခြေလှမ်းအနေနှင့် နင်ကျန်း၏ ဂုဏ်သိက္ခာ၊ နင်ကျန်း၏ အနေအထားတစ်ခုလုံးကို ပုံမှန်အဖြစ်သို့ ရောက်အောင် လှမ်းထားရန် လို၏။
နင်ကျန်း၏ လက်ရှိ ဂုဏ်သိက္ခာက သာမန်အောက်တွင်သာ ရှိ၏။ ဘုရင်မင်းမြတ်၏ သားတစ်ယောက် ဖြစ်၏။ သို့ပေမည့် တခြားသောဘွဲ့ထူးနှင့် ကျေးကျွန် တစ်စုံတစ်ခုမှ ပိုင်ဆိုင်သည့်လူ မဟုတ်ချေ။ ကုန်သည် တစ်ယောက်၏ သမီးနှင့်သာ လက်ထပ်ခဲ့ရ၏။ ထိုတင်သာ မကသေးချေ။ နန်းတော်ထဲတွင် ဂုဏ်ပြုပွဲ ရှိသည့်အချိန်တိုင်း နင်ကျန်းက တက်ရောက်ခွင့် မရှိချေ။ သူ မသွားချင်၍ မဟုတ်ပေ။ ဘုရင်မင်းမြတ်က သူ့ကို မလာခိုင်းခြင်းသာ ဖြစ်သည်။
နင်ကျန်းကို မြင်ရသည်မှာ မင်္ဂလာမရှိသည့် လူတစ်ယောက်ကို မြင်ရသကဲ့သို့ပင် ဘုရင်မင်းမြတ်က ခံစား၏။ ကျက်သရေ ကင်းမဲ့သည်ဟုလည်း ခံစားမိ၏။ ထို့ကြောင့် နင်ကျန်း၏ တည်ရှိမှု ပုံမှန်အဖြစ်သို့ ပြန်လည်ရောက်အောင် ပြုလုပ်ရန် လိုအပ်ပြီး အရှင်မင်းကြီးမှ ပေးအပ်သည့် ဘွဲ့ထူးတစ်ခုခုကို ရယူရန် လိုအပ်၏။
သာမန်အားဖြင့် ဘုရင်မင်းမြတ်၏သားများသည် ဘွဲ့ထူးတစ်ခုခုကို ရရှိသင့်၏။ နင်ကျန်းအနေဖြင့် ဘွဲ့ထူးတစ်ခုကို ရရှိပြီး ကြီးမားသည့် အိမ်တော်တစ်ခုကို ရရှိရန် လိုအပ်သည်။ ပြီးနောက် ကိုယ်ပိုင်စစ်သည်များကို စုဆောင်းရပေမည်။
ဒုတိယခြေလှမ်း အနေနှင့် မိမိ၏ ပိုင်နက်၊ မိမိ၏ ဩဇာအာဏာကို တိုးတက်အောင် ပြုလုပ်ရပေမည်။ ပြီးနောက် တတိယခြေလှမ်း ဖြစ်၏။ နင်ကျန်း၏ အသင်းအဖွဲ့များသည် အားလုံးသော သူတို့ကို ဖိနှိပ်နိုင်ရပေမည်။ ဆက်တိုက်ဆိုသလို လောက၏ အလှည့်အပြောင်းများကို ဖန်တီးပြီး ကြီးမားသည့်အကျိုးကျေးဇူးများကို ဖန်တီး ရယူရပေလိမ့်မည်။ လောကကြီးတစ်ခုလုံးက နင်ကျန်း မည်မျှအားကောင်းကြောင်း သိရှိရပေမည်။ ဤအရာက ဘုရင်မင်းမြတ်ကို အလင်းရောင်အသစ်တစ်ခုအဖြစ် မြင်ရစေမည့် လုပ်ရပ်မျိုး ဖြစ်၏။
စတုတ္ထခြေလှမ်းအားဖြင့် အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့ကို သုတ်သင်ရှင်းလင်းပစ်ပြီး နင်ကျန်းကို ထိုသူတို့၏နေရာ အိမ်ရှေ့စံမင်းသားတည်နေရာတွင် ထားရှိရပေလိမ့်မည်။
ဤ မဟာဗျူဟာ အောင်မြင်သွားသည်နှင့်တပြိုင်နက် ရှမ့်လန်သည် လောကကြီးထဲတွင် မည်သည့် ရန်သူမှ မရှိတော့ချေ။ ထိုသို့ဆိုလျှင် သူက ရွှမ်ဝူနယ်စားအိမ်တော်ဆီသို့ ပြန်ပြီး သက်တောင့်သက်သာဖြင့် ဇိမ်ကျသည့် ဘဝကို ဖြတ်သန်း နေထိုင်ရပေတော့မည်။ သူက သင်္ဘောတစ်စင်းကို အဆင့်မြင့်တင် တည်ဆောက်ထားသည်။ ထိုသင်္ဘာကြီးနှင့်အတူ မူလန့်ကို ခေါ်ပြီး လောကကြီးအနှံ့ လှည့်လည် သွားလာပေလိမ့်မည်။ နေ့စဉ်နေ့တိုင်းဆိုသလို မူလန်နှင့် အိပ်စက်မည်၊ ကလေးများ မွေးဖွားမည်။
သို့ပေမည့် သူ ပြုလုပ်ရမည့် ကိစ္စများက ကောင်းကင်ပေါ် တက်လှမ်းသည်ထက်ပင် ခက်ခဲနေသေး၏။
အဘယ်ကြောင့် ကောင်းကင်ကို တက်လှမ်းသည်ထက် ခက်ခဲသည့်အရာများကိုပဲ သူ ရင်ဆိုင်ခဲ့ရသနည်း။
ပထမဦးဆုံး ရွှမ်ဝူမြို့သည် မူဝါဒသစ်၏ သုတ်သင်ရှင်းလင်းခြင်းကို ခံရလုနီးပါး ဖြစ်၏။ ထိုအရာကို ဖြေရှင်းခြင်းကလည်း ကောင်းကင်ပေါ်သို့ တက်လှမ်းသည်ထက် ခက်ခဲသည့်အရာ ဖြစ်သည်။
ဒုတိယမှာတော့ စုမိသားစုကို ဖျက်ဆီးခြင်းပင်။ ထိုအရာကလည်း ကောင်းကင်ပေါ်သို့ တက်လှမ်းခြင်းထက် ခက်ခဲသည့် အရာမျိုးပင်။ သို့ပေမည့် ရှိနေသေးသည်လား။ အမှန်ပင် ရှိသေး၏။ အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့ကို သုတ်သင်ရှင်းလင်းပစ်ပြီး ပဉ္စမမင်းသား နင်ကျန်းကို အိမ်ရှေ့စံ ဖြစ်စေချင်၏။
နင်ကျန်း အိမ်ရှေ့စံ ဖြစ်လာမည်လား။ မဖြစ်နိုင်သလောက်ပင်။ သို့ပေမည့် အောင်မြင်သွားသည်နှင့် တပြိုင်နက် အခြေအနေတစ်ခုလုံးက ပိုမိုကာ ကောင်းမွန်သည့် အနေအထားဆီသို့ ရောက်ရှိသွားပေလိမ့်မည်။
အဓိကသော့ချက်အားဖြင့် ထိုကဲ့သို့ ပြုလုပ်နိုင်သည်ဆိုသည်နှင့် လောကကြီးထဲတွင် သူ့အတွက် မည်သည့်ရန်သူမှ ရှိတော့မည် မဟုတ်ချေ။
..................
ထျန်းရွှဲ့အုပ်ချုပ်ရေးမှူးရုံးလက်အောက်ရှိ စစ်သည်ပေါင်း နှစ်ထောင်ကျော်တို့က ပဉ္စမမင်းသား၏ အိမ်တော်ကို ဝိုင်းပတ်ထားခဲ့ကြ၏။ မည်သူမှ အထဲသို့ ဝင်ရောက်ခွင့် မရှိသလို မည်သူမှ အပြင်သို့ ထွက်ခွင့် မရှိချေ။
ရှမ့်လန် အိမ်သို့ ပြန်ရောက်လာပြီးနောက် ပင်းအာက စိတ်တည်ငြိမ်သွားခဲ့၏။ ထို့ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျခဲ့၏။
ကျင်းမူကုန်းကတော့ အိမ်မှာမရှိချေ။ သူက အင်ပါယာ ဘုရားကျောင်းဆီသို့ သွားပြီး ဦးရီးတော် နင်ယုနှင့် သွားရောက်တွေ့ဆုံနေ၏။ သူက အလွန်အမင်း အားနည်းလွန်းသောကြောင့် ပဉ္စမမင်းသား နင်ကျန်းကို ကယ်တင်နိုင်ခြင်း မရှိကြောင်း သိရှိပြီး ဖြစ်၏။ သို့ပေမည့် သူက ထိုသို့ဖြစ်သောကြောင့် လက်လျော့ အရှုံးပေးခြင်းကို မပြုလုပ်ချင်ပေ။ လွန်ခဲ့သည့်သုံးရက်အတွင်း သူက နန်းတွင်းအင်ပါယာဘုရားကျောင်းထဲတွင် အချိန်ကုန်ခဲ့သည်။
ရှမ့်လန်က ရှောင်ပင်း၏ သန္ဓေသားကို သေသေချာချာ စစ်ဆေး၏။ ကျန်းမာရေး ကောင်းမွန်၏။ အမေ၏ ကြောက်လန့်မှုကြောင့် သန္ဓေသားကို သက်ရောက်သွားပုံ မပေါ်ချေ။ ပင်းအာ၏ ကိုယ်ဝန်က မိန်းကလေး ဖြစ်၏။ အချိန်တော်တော်များများ၌ သူမက ငြိမ်သက်နေတတ်၏။ တစ်ခါတစ်ရံတွင် တက်ကြွလန်းဆန်းပြီး သူ့အမေ၏ ဗိုက်ကို ကန်ကျောက်တတ်၏။
ရှမ့်လန်က အသာပင် ဝမ်းဗိုက်ထဲရှိ ကလေးလေးကို အပေါ်မှ ပွတ်သပ်ပေးနေမိသည်။
ဆယ်နာရီကျော် အိပ်စက်ပြီးနောက် ပင်းအာက နိုးထလာခဲ့၏။ သူမက မျက်နှာထသစ်၏။ ပြီးနောက် ရှမ့်လန်၏ ရင်ခွင်ထဲသို့ ထပ်မံကာ ရောက်ရှိလာ၏။ “သမက်တော်... ပဉ္စမမင်းသားကို ကယ်တင်ပြီးရင် အိမ်ကို ပြန်ရအောင်။ ကျွန်မ နန်းမြို့တော်မှာနေရတာ မကြိုက်ဘူး”
ရှမ့်လန်ကလည်း မကြိုက်ချေ။ သူ့အနေနှင့် ပင်းအာကို ရွှမ်ဝူမြို့ဆီသို့ ပြန်လည်ကာ ပို့ချင်၏။ သို့ပေမည့် သူမ၏ ကိုယ်ဝန်က ရင့်နေပြီဖြစ်၏။ ထို့ကြောင့် ခရီးသွားရန် မသင့်တော်ချေ။ ကလေးမွေးဖွားပြီးသည်အထိ ဤနေရာတွင် နေထိုင်ရန် လိုအပ်၏။ ကလေး တစ်နှစ်သားလောက် ရောက်မှ ရွှမ်ဝူမြို့ရှိ မိသားစုဆီသို့ ပြန်လည်စေလွှတ်ရန် သူက စဉ်းစားထားသည်။ ကလေးငယ်လေးနှင့် ခရီးဝေးသွားရန် သင့်တော်မည် မဟုတ်ချေ။
“အင်း... ဟိုကလေးလေးနှစ်ယောက် ဘာတွေဖြစ်နေပြီလဲ သိချင်လိုက်တာ။ ကလေးအကျဉ်းထောင်က တကယ့်ကို ကြောက်စရာကောင်းတဲ့ နေရာပဲ” ပင်းအာက အဆင်မပြေသလို တီးတိုးရေရွတ်လိုက်မိသည်။
ရှမ့်လန်က ပြောလိုက်၏။ “ပင်းအာ.. စိတ်ပူမနေနဲ့။ ပဉ္စမမင်းသားကို ကယ်တင်ပြီးတာနဲ့ ကလေးနှစ်ယောက်ကို အိမ်ကို ပို့လိုက်မယ်”
................
ကျုံးကျန့် နန်းတွင်း အင်ပါယာဘုရားကျောင်းအတွင်းမှာတော့ ..
ကျင်းမူကုန်းက ခြံဝင်းထဲတွင် လှုပ်ရှားမှုကင်းမဲ့စွာဖြင့် မတ်တပ်ရပ်လျက် ရှိ၏။ အတိုင်ပင်ခံ အကြီးအကဲ ဦးရီးတော် နင်ယုက သူ့ကို တစ်ချက်ကလေးမှ လာရောက်တွေ့ဆုံခြင်း မရှိချေ။ ကျင်းမူကုန်း၏ ဂုဏ်သိက္ခာက နိမ့်ပါးလွန်းလှချေ၏။ ထို့ကြောင့် သူက နင်ယု၏ မျက်လုံးထဲသို့ မရောက်ပေ။
သူက ရွှမ်ဝူအိမ်တော်၏ ဆက်ဆံသူဖြစ်သော်လည်း ကျင်းမိသားစု၏ ကိုယ်စားလှယ်က ရှမ့်လန် ဖြစ်ကြောင်း အားလုံးသောသူတို့ သိရှိပြီး ဖြစ်၏။ ကျင်းမူကုန်းက အဆင့်နိမ့်လူသားတစ်ယောက် ကဲ့သို့ပင်။ လောကကြီးထဲတွင် ဘာတစ်ခုမှ အသုံးမဝင်သည့် လူတစ်ယောက်ကဲ့သို့ ဖြစ်သည်။ သူပြောသည့် စကားလုံးများက ဘာတစ်ခုမှ အရာမရောက်ခဲ့ပေ။ သို့ပေမည့် သူက ထိုကဲ့သို့ပင် မတ်မတ်ရပ်လျက်ရှိ၏။
ညတည်းက သူက ပင်ပန်းခဲ့၏။ မြေပေါ်သို့ထိုင်ချပြီးနောက် တခါတည်း အိပ်မောကျခဲ့၏။ ပြီးနောက် တစ်စုံတစ်ယောက်က သူ့ကို စောင်တစ်ထည် လာပေး၏။
နောက်တစ်နေ့ မိုးလင်းမှာတော့ သူက မတ်တပ်ထရပ်ပြန်၏။ သူက အတိုင်ပင်ယံ နင်ယု၏ ဂိတ်တံခါးပေါက ်ရှေ့တွင် တားဆီးပိတ်ပင်ထားခဲ့၏။ ဤခေါင်းမာသည့် အမူအကျင့်က ကျင်းကျိုးနှင့် တူညီခြင်း ဖြစ်ပေလိမ့်မည်။
နောက်ဆုံး .... ယနေ့မှာတော့ အတိုင်ပင်ခံ နင်ယုက လာပြောသည်။ “ကျင်းမူကုန်း... ပြန်တော့။ မင်းရဲ့ စကားလုံးတွေက ဘာမှအရာမရောက်ဘူး။ ရှမ့်လန် လာတဲ့အထိ စောင့်ရအောင်”
ပြီးနောက် အတိုင်ပင်ခံ နင်ယုက ဆက်ကာ ပြောလိုက်၏။ “ဒါပေမဲ့ ရှမ့်လန် လာတယ်ဆိုရင်တောင်မှ အသုံးဝင်မှာ မဟုတ်ဘူး။ သူ နင်ကျန်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။
နင်ကျန်းက အထူးတရားရုံးရဲ့ အရာရှိ သုံးယောက်ကို သတ်ဖြတ်ပစ်ခဲ့တယ်။ စစ်သည်နှစ်ယောက် ကိုလည်း သတ်ဖြတ်ခဲ့သေးတယ်။ တကယ့်ကို ဆိုးတဲ့ကိစ္စပဲ။ ဒီသတင်းက အရှေ့ဘက် နိုင်ငံအသီးသီးကို ပျံ့နှံ့နေခဲ့ပြီ။ နိုင်ငံရပ်ခြားက သံတမန်အသီးသီးကလည်း တကယ့်ကို တုန်လှုပ်နေခဲ့ ကြတယ်။ တော်ဝင်မိသားစုထဲမှာ ဒီလို ရက်စက်တဲ့ လူတစ်ယောက် ရှိနေလိမ့်မယ်လို့ မထင်ကြဘူး။”
ဤကိစ္စက အမှန်ပင် ဖြစ်၏။ နင်ကျန်း အရာရှိတော်တော်များများကို သတ်ဖြတ်ပစ်ခဲ့သည်ဆိုသော သတင်းက အရှေ့ဘက် လောကတလွှား ပျံ့နှံ့လျက် ရှိ၏။ တကယ့်ကို တုန်လှုပ်စရာ ကောင်းလွန်းသလို ထိုအတွက် ဖြစ်လာခဲ့သည့် အကျိုးဆက်ကလည်း ကြီးမားလွန်းသည်။
မန်ချူးခေတ်က တုံ့ယန်အင်ပါယာ၏ အကြီးဆုံးသား ရင်ဝေသည် သူသာ နန်းတက်ခဲ့ပါက ပထမဆုံး သတ်ဖြတ်မည့်လူမှာ သူ၏ဆရာဖြစ်ကြောင်း ကြွေးကြော်ခဲ့၏။ အဆုံးသတ်မှာတော့ တုံ့ယန်အင်ပါယာက သူ၏ အကြီးဆုံးသား ဘောကိုကန်ပြီး သတ်ဖြတ်ပစ်ခဲ့၏။ စကားလုံးတစ်လုံးက ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်း၏။
ယခု ရှမ့်လန်က တပ်မှူးဝမ်တုံကို အားလုံးသောသူတို့၏ရှေ့တွင် ပွင့်ပွင့်လင်းလင်း သတ်ဖြတ်ပစ်ခဲ့၏။ ပဉ္စမမင်းသား နင်ကျန်းကလည်း အထူးတရားရုံးမှ လူများကို သတ်ဖြတ်ပစ်ခဲ့၏။ တကယ့်ကို နိုင်ငံတစ်ခုလုံး တုန်လှုပ်စရာ ကိစ္စရပ်ပင်။ ဤအရာက ကောင်းကင်တစ်ခုလုံးကို ထွင်းဖောက်ပြီး အားလုံးသောသူတို့ သိရှိသည့်အရာ ဖြစ်လာသည်။
သို့ပေမည့် ရှမ့်လန်၏ မျက်လုံးများထဲတွင် ထိုအရာက အရေးကြီးသည့် ကိစ္စတစ်ခု မဟုတ်ချေ။ လူဆိုသည်မှာ သေမျိုးကြီးဖြစ်သည်။ ထို့အတူ သူ့ကို ရန်စသူသည် စောစောသေ၏။
.................