← Chapters

အခန်း (၄၅၃)

Vol. 32 Ch. 453

အခန်း (၄၅၃)

Vol. 32 Ch. 453

အားလုံးသော သူတို့ ထင်မှတ်ထားသည်ထက် ဘုရင်မင်းမြတ်က မြန်ဆန်စွာ ပြန်လာခဲ့၏။ ဘုရင်မင်းမြတ်က တစ်ရက်စောပြီး ပြန်ရောက်လာခဲ့သည်။ အိမ်ရှေ့စံမင်းသားက အရာရှိအရာခံများကို ခေါ်ဆောင်ပြီး ဘုရင်မင်းမြတ်ကို အိုးစည်ဗုံမောင်းများဖြင့် သွားရောက်ကာ ကြိုဆို၏။ ကြီးမားလွန်းသည့် အောင်ပွဲကြီးအတွက် ဂုဏ်ပြုခဲ့ခြင်းပင်။

ဘုရင်မင်းမြတ်သည် နန်းတော်သို့ တိုက်ရိုက်မပြန်ချေ။ အသစ်တည်ဆောက်ထားသည့် သူတော်စင် ဘုံကျောင်းဆီသို့ သွားရောက်ပြီး အလေးအမြတ် ပြု၏။ ပြီးနောက် ဘိုးဘေးအထိမ်းအမှတ် နေရာဆီသို့ သွားရောက်ပြီး ဘိုးဘေးများကို ကန်တော့၏။

နောက်ဆုံး နန်းတော်ထဲ ဝင်ချိန်မှာတော့ ညသို့ပင် ရောက်ရှိနေပြီ ဖြစ်၏။ သူက ပထမဦးဆုံး မိဘုရားပျံ့ဆီ သွား၏။ ပြီးနောက် သူမ၏ ဝမ်းဗိုက်နားဆီသို့ကပ်၍ ကလေး၏ နှလုံးခုန်သံကို နားထောင်၏။ မိဘုရား ပျံ့ဖေး၏ အနားတွင် တစ်နာရီကျော် နေထိုင်နေစဉ်မှာပဲ ထျန်းရွှဲ့ အုပ်ချုပ်ရေးရုံးမှ ကျန်ကျောင်းသည် နန်းတော်ထဲသို့ ဝင်ရောက်လာခဲ့သည်။

“အရှင်မင်းမြတ်ကို သတင်းပို့ပါတယ်။ လွန်ခဲ့တဲ့ ငါးရက်တုန်းက ရှမ့်လန်က နန်းမြို့တော်ဆီ စစ်သည်တွေနဲ့ ပြန်လာခဲ့ပါတယ်။ ပိုင်ရီခရိုင်ကနေ ပြန်လာတဲ့လူတိုင်းက သီးခြားနေထိုင်ရပြီး စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ရမယ်လို့ အမိန့်ချမှတ်ထားပါတယ်။ ကျောက်ရောဂါကြောင့် အားလုံး ဒုက္ခရောက်မှာကို စိုးရိမ်လို့ပါ။

ဒါပေမဲ့ ရှမ့်လန်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ဝန်ကြီးများရုံးရဲ့ အမိန့်ကို အာဏာဖီဆန်ခဲ့တယ်။ သူက တပ်မှူးဝမ်တုံကို သတ်ဖြတ်ခဲ့တယ်။ ပြီးတော့ အစောင့် ၈၃ ယောက်ကိုလည်း သတ်ဖြတ်ပစ်ခဲ့တယ်။ ဒီအပြုအမူက ပုန်ကန်တာပါပဲ။

“အခု... ရှမ့်လန်ရဲ့အိမ်ကို ဝိုင်းပိတ်ဖို့ လူဦးရေ ၂၀၀၀ ကျော် ပို့ထားပါတယ်။ ဘယ်သူမှ အထဲကို ဝင်ခွင့်မရှိသလို ဘယ်သူ့ကိုမှလည်း ထွက်ခွင့်မပေးထားပါဘူး။ အခု ရှမ့်လန်ရဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘာဆက်လုပ်ရမလဲ ဆိုတာ ဘုရင်မင်းမြတ်ဆီ မေးချင်ပါတယ်။ ကျေးဇူးပြုပြီး ဆုံးဖြတ်ချက် ချပေးပါအုံး”

ဤထျန်းရွှဲ့စီရင်စု၏ အုပ်ချုပ်ရေးရုံးခေါင်းဆောင် ကျန်ကျောင်းသည် ဘုရင်မင်းမြတ်ဘက်မှ အဖွဲ့ဝင်တစ်ယောက်ဟု သုံးသပ်ရ၏။ သို့သော်ငြား နန်းပလ္လင်လုပွဲတွင် အိမ်ရှေ့စံမင်းသားဘက်သို့ အလေးသာ၏။ ထိုအရာကလည်း ဘုရင်မင်းမြတ် တမင်ဖန်တီးထားခြင်းဖြစ်သည်။

တတိယမင်းသား နင်ချီသည် ထျန်းရွှဲ့မြို့၏ စစ်တပ်ပိုင်းဆိုင်ရာ အကြီးအကဲအားလုံးကို ထိန်းချုပ်ထားခဲ့၏။ ထို့ကြောင့် မြို့စောင့်တပ်ကို အိမ်ရှေ့စံမင်းသား တာဝန်ယူရန် လွှဲပြောင်းထားခြင်းမှာ သာမန်သာ ဖြစ်၏။

နန်းတွင်းရှိ စစ်သည်များကတော့ နင်ယွမ်ရှန်းအပေါ်တွင်သာ သစ္စာခံ၏။ ထို့ကြောင့် အခြေအနေတစ်ခုလုံးက ဘက်မျှနေသည်။

ကျန်ကျောင်း၏ စကားကို ကြားရသည့်အချိန်မှာတော့ ဘုရင်မင်းမြတ်က ဒေါသထွက်သွား၏။ “ရှမ့်လန်က တကယ့်ကို ဆိုးယုတ်တဲ့ကောင်ပဲ။ သူက ရွှမ်ဝူဂိတ်တံခါးရှေ့မှာ ဘာလုပ်ခဲ့တာလဲ။ သူ့ရဲ့ အိမ်ရှေ့တံခါးလို့ ထင်နေတာလား။ သူက အတင်းချိုးဖောက်ဝင်ရောက်ပြီး တပ်မှူးတစ်ယောက်ကိုတောင် သတ်ဖြတ်ပစ် ခဲ့တာလား။ သူက လုပ်ချင်တာကို လုပ်လို့ရနေပြီလို့ ထင်နေတာလား။

“ကျန်းရှစ်စီရင်စုမှာ ကောင်းမွန်တဲ့အရာတွေ ပြုလုပ်ခဲ့တယ်ဆိုရုံနဲ့ မာန်တက်နေတာလား။ တကယ့်ကို မောက်မာ ဝင့်ကြွားလွန်းတယ်။ တောက် ..... လီစွမ်း... လူတွေခေါ်ပြီး ရှမ့်လန်ကို ဒီခေါ်ခဲ့စမ်း”

မိန်းမစိုးကြီး လီစွမ်းက ပြောလိုက်၏။ “ကောင်းပါပြီ”

ပြီးနောက် သူက နင်ကျန်း၏ အိမ်တော်ဆီသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး ရှမ့်လန်ကို ခေါ်ဆောင်လာသည်။

................

တစ်နာရီခန့် ကြာမြင့်ပြီးနောက် ရှမ့်လန်က ဘုရင်မင်းမြတ်၏ ရှေ့၌ ပေါ်ပေါက်လာ၏။ ရှမ့်လန်က ဦးညွှတ်လိုက်၏။ “ဂါရဝပြုပါတယ် အရှင်မင်းကြီး”

ဘုရင်မင်းမြတ်သည် ရှမ့်လန်ကို အချိန်အတော်ကြာ ကြည့်ရှု၏။ ရှမ့်လန်က ပင်ပန်းလွန်းသောကြောင့် ကိုယ်အလေးချိန် ကျဆင်းသွားလိမ့်မည်ဟု ထင်မှတ်ခဲ့၏။ သို့ပေမည့် တကယ်တမ်းတော့ မဟုတ်ချေ။ ရှမ့်လန်က ယခင်ကအတိုင်း သန့်ရှင်းတောက်ပြောင်နေတုန်းပင်။

ဘုရင်မင်းမြတ်က သဘောမတွေ့သလို ဖြစ်သွားခဲ့၏။ နှစ်လအတွင်း သူက စိတ်ရောကိုယ်ပါ ချုံးချုံးကျကာ အလုပ်လုပ်ခဲ့၏။ သို့ပေမည့် ရှမ့်လန်ကို ကြည့်ရှုရသည်မှာ ဘာတစ်ခုမှ အလုပ်မလုပ်ခဲ့ဘဲ အိပ်လိုက်၊ စားလိုက် ပြုလုပ်ခဲ့သလိုပင် တစ်ချက်ကလေးမှ ပြောင်းလဲခြင်း မရှိခဲ့ချေ။

ဘုရင်မင်းမြတ်က သူ၏ ဒေါသတရားများကို လွှတ်ချချင်၏။ ထို့အတူ လက်ရှိအခြေအနေတွင် သရုပ်ဆောင်ရန်လည်း မလိုအပ်တော့ချေ။

“ခွေးကောင်... မင်း ခဏလောက်တောင် သည်းမခံနိုင်ဘူးလား”

ဘုရင်မင်းမြတ်က အကူအညီမဲ့စွာ ပြောလိုက်၏။ “မင်း ဒီလောက် မကြမ်းတမ်းလို့ မဖြစ်ဘူးလား။ နန်းမြို့တော်ထဲသို့ ဝင်လာပြီဆိုတာနဲ့ မင်းကို ပြဿနာရှာပြီး ရှိသမျှ အပြစ်အားလုံး ခေါင်းပေါ် လာတင်တော့မယ် ဆိုတာကို မင်းသိတယ်မလား။ ဘယ်လိုဖြစ်ပြီး ဒီလိုမျိုး ဝင်လာရတာလဲ။ ပြီးတော့ တပ်မှူးတစ်ယောက်ကိုတောင် သတ်ပစ်တယ်။ ဒါက ငါ့ရဲ့မျက်နှာကို ပိတ်ရိုက်တာနဲ့ တူတူပဲ။ ရွှမ်ဝူဂိတ်တံခါးကို ချိုးဖျက်ပြီး ဝင်ရောက်လာခဲ့တယ်ဆိုတော့ နိုင်ငံရဲ့ ဂုဏ်သိက္ခာ ဘယ်ရောက်သွားမလဲ”

ရှမ့်လန်က ရှင်းပြရန် ပြင်လိုက်၏။

“ထားလိုက်တော့။ ထားလိုက်တော့ မင်း ရှင်းပြရင်လည်း ပေါက်ပန်းလေးဆယ်တွေပဲ ပြောမှာ။ မင်းရဲ့ စကား အလှည့်အပြောင်းတွေနဲ့ ပေါက်ပန်းလေးဆယ်တွေကို နားထောင်ဖို့ ငါ စိတ်မဝင်စားဘူး။ ပြီးတော့ မင်းက လူကောင်းတစ်ယောက် မဟုတ်တာ ငါသိတယ်”

ဘုရင်မင်းမြတ်သည် စိတ်မရှည်သလို လက်ကို ယမ်းခါလိုက်သည်။

“ဒါပေမဲ့ ဒီကိစ္စက ကြီးလေးတဲ့ ကိစ္စရပ်တစ်ခုပဲ။ ငါ မင်းကို အပြစ်ပေးရမယ်။ နိုင်ငံရဲ့ဂုဏ်သိက္ခာကို မင်း ဒီလို ဆက်ဆံတယ်ဆိုတာ ဟာသတစ်ခုလို့ ထင်နေတာလား။ ဒါပေမဲ့ ဒီကိစ္စကို နောက်မှ ပြောမယ်”

နင်ယွမ်ရှန်းက ပြောလိုက်၏။ “မင်းက ကောင်းကျိုးတွေကို ပြုလုပ်ခဲ့တယ်။ ပြီးတော့ စုနန်နဲ့ ကျန့်ထော်တို့ကို သတ်ဖြတ်ပစ်ခဲ့တယ်။ ပိုင်ရီခရိုင်ကလူတွေ ကျောက်ရောဂါ ကူးစက်မှာကိုလည်း ကယ်တင်ပေးခဲ့တယ်။ ဒီတော့ မင်း ဘာဆုလဒ်ကို လိုချင်လဲ။ ငါ့ကို ပြောစမ်း”

ရှမ့်လန်က ပြောလိုက်သည်။ “ဘာမဆို ပြောလို့ရတာလား”

“နေအုံး”

ဘုရင်မင်းမြတ်က ပြောလိုက်၏။ “မင်း အခု ပါးစပ်ပိတ်ထားအုံး။ ငါမင်းကို ပြောပြမယ်”

“ကောင်းပါပြီ။ ပြောပါ”

ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “ယွမ်မင်ကျယ်က တော်ဝင်ရန်နိုင်ငံတော်ဆီသို့ ပြန်သွားပြီး မင်းသားလျန်ဆီကို သွားလျှောက်တင်တယ်။ သူက နင်ယန်ရဲ့ ကွာရှင်းမယ့်ကိစ္စကို သွားပြောတာပဲ။ ဒီတော့ ငါ မင်းကို နင်ယန်နဲ့ လက်ထပ်ပေးဖို့ နေ့ကောင်းတစ်ရက်ကို စီစဉ်လိုက်မယ်။ ဘယ်လိုလဲ”

“ဟမ်”

ဤအချိန်မှာတော့ ရှမ့်လန်က ဘာပြောရမှန်း မသိတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူက နင်ယန်၏ နှလုံးသားကို မနာကျင်စေချင်သောကြောင့်ပင်။ သူ့အနေနှင့် ကျိန်းသေပေါက် ကျင်းမိသားစုမှ ထွက်ခွာလိမ့်မည် မဟုတ်ချေ။ မူလန်ကို ထားခဲ့ဖို့ဆိုလျှင် ဝေးလာဝေးပင် ဖြစ်၏။

ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “ကျင်းကျိုးအတွက်ကတော့ ငါ မင်းကို လွတ်လပ်သွားအောင် အမိန့်တစ်ခု ပေးလိုက်မယ်။ ဒီနေ့က စပြီး မင်းက ကျင်းမိသားစုရဲ့ သမက်တော် မဟုတ်တော့ဘူး။ မင်းနဲ့ မူလန်ကို အတင်း ကွာရှင်းဖို့ ငါ တွန်းအားပေးမှာ မဟုတ်ဘူး။ ဘာပဲပြောပြော မင်းတို့ လျှို့ဝှက် တွေ့ဆုံနေလို့ရတာပဲ။ အားလုံးအမြင်မှာတော့ မင်းက နင်ယန်ရဲ့ တစ်ဦးတည်းသော ယောက်ျားပဲ”

ပြောရမည်ဆိုလျှင် ဘုရင်မင်းမြတ်က အကောင်းဆုံးကို ပြုလုပ်ပေးခဲ့ခြင်း ဖြစ်၏။ သူ၏ သမီးကို ကိုယ်လုပ်တော်တစ်ယောက် အဖြစ် ထားရှိရန် မည်သို့ကြည့်ရက်မည်နည်း။ ထို့ကြောင့် ကျင်းမူလန်နှင့် ပတ်သက်သည့် ဆက်ဆံရေးကို မျက်မမြင်ကဲ့သို့ နေထိုင်ရန်ပင် သူက စဉ်းစားပေးခဲ့သည်။

ရှမ့်လန်က အချိန်ကိုက် ပြောဆိုလိုက်၏။ “အရှင်မင်းကြီး.. ကျုပ် ကျင်းမိသားစုရဲ့ သမက်တော်ပဲ ဖြစ်ချင်ပါတယ်။ ဒီလိုလုပ်ရအောင်။ ကျုပ်က ကျင်းမိသားစုရဲ့ သမက်တော်ပဲ ဖြစ်ရမယ်။ ပြီးတော့ နင်မိသားစုရဲ့ သမက်တော်လည်း ဖြစ်လိမ့်မယ်။ ဒါဆိုရင် တပြိုင်နက်တည်း မိသားစုနှစ်ခုရဲ့ သမက်တော် ဖြစ်တာပေါ့”

နင်ယွမ်ရှန်းသည် သူ၏ နားကို မယုံကြည်နိုင်သလိုပင် ဖြစ်နေ၏။ လောကကြီးထဲတွင် ဤကဲ့သို့ အရှက်မဲ့သည့် လူတစ်ယောက် ရှိနေသေးသည်လား။ တပြိုင်နက်တည်း မိသားစုနှစ်ခုထဲသို့ သမက်တော်အဖြစ် ဝင်ရောက်ခြင်း။ ရှမ့်လန် တစ်ယောက်တည်းသာ ဤအရာမျိုးကို တွေးနိုင်ပေမည်။

ဘေးတစ်ဖက်တွင် ရပ်နေသည့် လီစွမ်းမှာလည်း ပါးစပ်အဟောင်းသား ဖြစ်နေ၏။ အဘယ်သို့သော လူဖြစ်သနည်း။

ဘုရင်မင်းမြတ်သည် ရုတ်ချည်းဆိုသလိုပဲ ဒေါသတရားများကြောင့် တုန်ယင်သွားခဲ့၏။ “ဒီကောင့်ကို ဆွဲထုတ်သွားကြစမ်း”

ပြီးနောက် ရှမ့်လန်သည် စစ်သည်တော်နှစ်ယောက်၏ ဖမ်းချုပ်ခြင်းကို ခံရပြီး အခန်းအပြင်သို့ ဆွဲထုတ်ခံလိုက်ရသည်။

“ပြန်ခေါ်ခဲ့စမ်း”

ခဏလောက်ကြာပြီးနောက် ရှမ့်လန်သည် ဘုရင်မင်းမြတ်၏ ရှေ့ဆီသို့ ပစ်ချခြင်း ခံရပြန်၏။

နင်ယွမ်ရှန်းက အော်ဟစ်လိုက်သည်။ “ရှမ့်လန်... မင်း ဘာတွေ လွဲချော်ခဲ့တယ် ဆိုတာ သိလား။ အခွင့်အရေးဆိုတာ တစ်ကြိမ်တည်းပဲ ရမှာ။ ဒီလို အခွင့်အရေးမျိုး ထပ်ပြီး ရမှာ မဟုတ်ဘူး။ ဘာက ကောင်းတယ်ဆိုတာ မင်းမသိဘူး ဆိုရင်တောင်မှ ငါ့ရဲ့ သမက်ဖြစ်လာဖို့ အခွင့်အရေးကို ထာဝရ လွဲချော်သွားနိုင်တယ်။ မင်းက အရူးကောင်.. အရူးကောင်ပဲ”

ဒေါသတရားကို မည်ကဲ့သို့ ဖော်ထုတ်ရမည်ဖြစ်ကြောင်းပင် ဘုရင်မင်းမြတ်က မသိရှိတော့ချေ။ နင်ယွမ်ရှန်း၏ သမက်တော်ဆိုသည်မှာ ကျင်းမိသားစု၏သမက်တော်ထက် ပိုမိုကောင်းမွန်သည့်အရာ မဟုတ်ပါလား။ တဖက်လူအနေနှင့် ပျော်ရွှင်သင့်သည် မဟုတ်ပါလား။

သို့သော်ငြား ကျင်းမိသားစု၏ သမက်တော်တစ်ယောက်အဖြစ် ဆက်လက်ကာ နေထိုင်ပြီး သူ၏ သမက်တော်အဖြစ် နေထိုင်ရန် ငြင်းပယ်ခဲ့၏။ ထိုအရာက မည်သို့သော ဦးနှောက်နည်းသည့် ကိစ္စရပ်မျိုးနည်း။ သူ၏ ကြင်နာမှုကို လက်လွတ်စံပယ် ငြင်းပယ်ခဲ့သည်လား။

သူ နင်ယွမ်ရှန်းက ယခင်တုန်းက ဤသို့ ဆက်ဆံခြင်း မခံခဲ့ရချေ။ သူ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားကောင်းလွန်းသောကြောင့် သူ့ကို စိတ်ရှည်သည့် လူတစ်ယောက်ဟု ထင်မှတ်နေသည်လား။

ဘုရင်မင်းမြတ်က အလွန်တရာ ဒေါသထွက်လျက် ရှိနေ၏။ စိတ်ကို တည်ငြိမ်အောင် အသက်ကိုမနည်းပင် ရှူရှိုက်နေရ၏။

နင်ယွမ်ရှန်းက နှာခေါင်းရှုံ့လိုက်သည်။ “ရှမ့်လန်... မင်းက ကောင်းမွန်တဲ့ ကိစ္စရပ်တွေကို ပြုလုပ်ခဲ့တယ်။ ဒီတော့ မင်းကို ဆုပေးဖို့ ကိစ္စကို ငါငြင်းမှာ မဟုတ်ဘူး။ ကဲ ပြော ... မင်း တခြား ဘာလိုချင်လဲ”

ရှမ့်လန်က မေးမြန်းလိုက်၏။ “အရှင်မင်းကြီး... ကျုပ် ဘာမဆို ပြောလို့ရလား”

နင်ယွမ်ရှန်းက ပြောလိုက်သည်။ “မင်း ပြောချင်ရင် ပြော၊ မပြောချင်ရင်လည်း မပြောနဲ့တော့။ ထွက်သွားစမ်း”

ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းကြီး... ကျေးဇူးပြုပြီး အရှင့်သား နင်ကျန်းကို မင်းကြီးဘွဲ့ ပေးအပ်ပေးပါ”

“........”

ရှမ့်လန် ထိုကဲ့သို့ ပြောလိုက်သည်နှင့် တပြိုင်နက် ဘုရင်မင်းမြတ်၏ အမူအရာက ပြောင်းလဲ သွားခဲ့၏။ မျက်စိသူငယ်အိမ်များပင် ကျုံ့ဝင်သွားခဲ့၏။ ရှမ့်လန်က သူ့မိသားစု၏အတွင်းရေးကိစ္စကို ဝင်ရောက် စွက်ဖက်နေလေသည်လား။

သူက ရှမ့်လန်ကို အလွန်နှစ်သက်၏။ သို့ပေမည့် ထိုအရာက အကန့်အသတ်ဖြင့်သာ ရှိ၏။ တားမြစ်ထားသည့် အရာကို ကျော်လွန်ကာ မည်သူ့ကိုမှ ထိတွေ့ခွင့်ပင် ပေးမည်မဟုတ်ချေ။

ပျံ့ရှောင်းသည် သူ၏ ပုဂ္ဂလိက ကိစ္စရပ်များကို ဘယ်တော့မှ ပါဝင်ရှုပ်ထွေးခြင်းမရှိချေ။ ကျူးဟုန်ကျူး သို့မဟုတ် ရေနက်တပ်ဖွဲ့၏ အုပ်ချုပ်ရေးမှူး ခေါင်းဆောင် ရန်အီတို့ပင်လျှင် ထိုအရာကို ပြုလုပ်ခြင်းမရှိချေ။ သူတို့က မင်းသားများကို ထောက်ပံ့၏။ သို့ပေမည့် နင်ယွမ်ရှန်း၏ သီးသန့်ကိစ္စရပ်များကို ဝင်ရောက်ခြယ်လှယ် ပြောဆိုခြင်း မရှိပေ။

ရှမ့်လန်၏ စကားလုံးများကတော့ ဘုရင်မင်းမြတ်ကို မမျှတသည့် လူတစ်ယောက်ဟု ကင်ပွန်းတပ်နေသလိုပင်။ ဘုရင်မင်းမြတ်က တကယ့်ကို စိတ်သဘောထား ကျဉ်းမြောင်းသည့် လူတစ်ယောက် ဟု သွယ်ဝိုက် ပြောဆိုခြင်းဖြစ်၏။ သူ့ကို တစ်ဖက်လူက လာရောက်သုံးသပ်သည်ကို မည်သို့မှ သည်းခံလိမ့်မည် မဟုတ်ချေ။ ထိုသို့သောစကားကို ကြားသည့်အချိန်၌ အဘယ်သို့ ဒေါသမထွက်ဘဲ နေမည်နည်း။

“မင်း ရှမ့်လန်က နင်ကျန်းကို ဂုဏ်ထူးဂုဏ်ရှိန် ရှိတဲ့လူတစ်ယောက်ဖြစ်စေချင်တာလား။ ဟာသပဲ။ မင်း ငါ့ကို လာနောက်နေတာလား”

ခဏလောက်ကြာပြီးနောက် ဘုရင်မင်းမြတ်က ပြောလိုက်၏။ “ရှမ့်လန်... မင်း ငါ့မိသားစုရဲ့ ကိစ္စရပ်ကို ဝင်ပြီး ရှုပ်ဖို့ ကြိုးစားနေတာလား”

နင်ယွမ်ရှန်း၏ ကိုယ်ရည်ကိုယ်သွေးက ထိုကဲ့သို့ပင် ဖြစ်၏။ ဒေါသထွက်နေသည့် အချိန်တွင် သူက ဒေါသ ထွက်နေသည့် အမူအရာမျိုး မပြသချေ။ သူ၏ လေသံက အေးစက်နေသည့်အချိန်တွင် သူတကယ် ဒေါသထွက်နေပြီဖြစ်၏။ လေသံက ပိုမိုက တည်ငြိမ်လေ၊ ပိုမိုက ဒေါသထွက်လေပင်။

ရှမ့်လန်က ပြုံးရွှင်နေရာက ရပ်တန့်လိုက်၏။ ပြီးနောက် ခေါင်းကို ခါယမ်းလိုက်သည်။ “အရှင်မင်းကြီး... ကျုပ် အမှန်တရားကို ပြောရမလား”

ဘုရင်မင်းမြတ်က ပြောလိုက်၏။ “ပြောစမ်း”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် ပဉ္စမမင်းသားပေါ်မှာ အကြွေးတွေ အများကြီးတင်နေတယ်။ ရွှမ်ဝူအိမ်တော် အန္တရာယ် ကျရောက်လာတဲ့အချိန်မှာ ဘယ်သူမှ ကျုပ်တို့ကို လာပြီး မကယ်တင်ခဲ့ဘူး။ ဒါပေမဲ့ ပဉ္စမမင်းသားက သူတတ်နိုင်သမျှ အရာအားလုံးကို ပြုလုပ်ပေးခဲ့တယ်။ မကြာသေးခင်က အထူးတရားရုံးက အရာရှိအရာခံတွေက ကျုပ်ရဲ့ ကိုယ်လုပ်တော်ကို သတ်ဖို့ကြိုးစားခဲ့သည်။ ဒါပေမဲ့ ပဉ္စမမင်းသားက ကျုပ် မိသားစုကို ကာကွယ်ပေးဖို့ နောက်ဆက်တွဲ ကိစ္စအားလုံးကို ခေါင်းဝင်ခံခဲ့တယ်”

ပြောပြောပြီးချင်းမှာပဲ ဘုရင်မင်းမြတ်၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ နင်ကျန်းကို သူ ဘယ်တော့မှ ဂရုမစိုက်ခဲ့ချေ။ ထို့ကြောင့် နင်ကျန်းအကြောင်းကို နားမလည်ခြင်း ဖြစ်၏။ သူသည် သူ မနှစ်သက်သည့် လူတစ်ယောက်ကို အလုံးစုံ လျစ်လျူရှုထားတတ်သည်။ သူ၏အမြင်အာရုံထဲတွင် ဘယ်တော့မှ ပေါ်မလာစေရန်ပင် ညွန်ကြားတတ်သေး၏။

ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီး... ကျုပ် ဒီလောက်တော့ မျက်နှာသာ ပြန်ပေးသင့်တယ် မဟုတ်လား”

အရှင်မင်းမြတ်က ပြောလိုက်သည်။ “အင်း.. မျက်နှာသာပေးချင်တယ်ဆိုရင် ကိုယ့်ဘာသာကိုယ် ပေးလေ။ မင်း က ငါ့ကို ပေးခိုင်းနေတာပဲ။”

All Chapters