← Chapters

အခန်း (၄၅၄)

Vol. 32 Ch. 454

အခန်း (၄၅၄)

Vol. 32 Ch. 454

ဤအရာက အမှန်ပင်ဖြစ်၏။ ရှမ့်လန်က တကယ့်ကို ကောင်းမွန်သည့် အရာများကို ပြုလုပ်၏။ ထို့ကြောင့် ရှမ့်လန်ကို ဆု ပေးရပေလိမ့်မည်။ သို့ပေမည့် အဘယ်ကြောင့် နင်ကျန်းကို ဆုပေးရမည်နည်း။ ဘာမှမဆိုင်ချေ။

ရှမ့်လန်က ခေါင်းညိတ်ကာ ပြောလိုက်၏။ “အင်း... ဒီအရာရှိက နားလည်ပါတယ်။ ဒါပေမဲ့ ဒီအရာရှိ လိုချင်တဲ့ တခြားအရာဆိုတာ ဘာမှမရှိပါဘူး”

ဤစကားက အမှန်ပင်ဖြစ်၏။ တခြားသောသူများက ဘုရင်မင်းမြတ်ဆီမှ ဆုလာဘ်ကို ရယူရန် အိပ်မက်ထဲပင် ထည့်မက်ကြ၏။ သို့ပေမည့် ရှမ့်လန်ကတော့ တစ်စက်ကလေးမှ စိတ်မဝင်စားချေ။

နင်ယွမ်ရှန်းက တစ်စုံတစ်ခုကို ပြောရန်ဖြစ်၏။ သူက မင်းသမီးနင်ယန်နှင့် ရှမ့်လန်ကို အရင်ဆုံး လက်ထပ်ပေးရန် စီစဉ်ထား၏။ ပြီးနောက် ရှမ့်လန်ကို မြို့စားကြီးဘွဲ့ပေးရန် ရည်ရွယ်ထားခဲ့၏။ ဟုတ်ပေ၏။ မြို့စားအသစ် ဖြစ်၏။ မည်သည့် မြေပိုင်နက်နှင့် စစ်သည်အင်အားမှ မရှိပေ။

ထို့အပြင် သူက ရှမ့်လန်နှင့် ပတ်သက်၍ ချစ်ခြင်းမေတ္တာတရားများနှင့် ချုပ်နှောင်ထားရန် ပြင်ဆင်ထား၏။ နှစ်ဖက်ခြမ်းအတွက်လည်း ကောင်းမွန်သည့် အရာမျိုး ဖြစ်ပေလိမ့်မည်။ အနာဂတ်တွင် ရှမ့်လန်နှင့် နင်ယန်တို့ ကလေးမွေးဖွားသည်ဆိုပါက ကျိန်းသေပေါက် တောက်ပသည့်အနာဂတ်ကို ပိုင်ဆိုင်မှာဖြစ်ပြီး မိသားစုအသစ်ကြီး တစ်ခုကိုအဖြစ် စတင်ကာ ထွန်းတောက်လာပေလိမ့်မည်။

ဘုရင်မင်းမြတ်က ရှမ့်လန်အတွက် ဤကဲ့သို့ သေသေချာချာ စဉ်းစားပေးထားခြင်းဖြစ်၏။ သို့ပေမည့် ရှမ့်လန်က စိတ်ဝင်စားမှု မရှိချေ။ ထို့ကြောင့် ဘုရင်မင်းမြတ်၏ ကောင်းချီးမင်္ဂလာပေးအပ်မည့် အကြောင်းအရာများ အားလုံးက ပျောက်ကွယ်သွား၏။

ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “ပေးတာကို မယူချင်ဘူးဆိုမှတော့ အင်း.. ငါ မင်းအပေါ် အကြွေးတင်သလို ဖြစ်နေပြီပေါ့။ မင်းက အကျိုးပြု၊ ငါက ဆုမပေး။ ဒါဆိုရင် လူတွေအားလုံးက ငါ့ကို ကျေးဇူးတရား မသိတတ်တဲ့သူလို့ ပြောကြမှာ မဟုတ်လား”

ရှမ့်လန်က ဆက်လက်ကာ ပြောလိုက်၏။ “အရှင်မင်းကြီး.. ကျုပ် ဆက်ပြီးပြောမယ့်စကားကတော့ အရမ်း၊ အရမ်းကို ရဲတင်းတဲ့အရာတစ်ခုပဲ။ အရမ်း ဒေါသထွက်ပြီး ကျုပ်ရဲ့ခေါင်းကို အရှင်မင်းကြီး ထပြီး ခုတ်ဖြတ်တဲ့ အခြေအနေမျိုး ဖြစ်နိုင်ပါတယ်။”

ထိုစကားကို ကြားသည့်အချိန်မှာတော့ ဘုရင်မင်းမြတ်၏ နှလုံးခုန်နှုန်းများက မြန်ဆန်သွား၏။ ရှမ့်လန် ထိုကဲ့သို့ ပြောဆိုသောကြောင့် သူ ဒေါသထွက်ပြီး တစ်စုံတစ်ယောက်ကို ထကာ သတ်ဖြတ်ပစ်မည့် အကြောင်းအရာမျိုး တကယ် ဖြစ်နိုင်သည်။

“လက်ဖက်ရည်” ဘုရင်မင်းမြတ်က အမိန့်ပေးလိုက်၏။

မိန်းမစိုးလီစွမ်းက ရှေ့သို့ လှမ်းတက်လိုက်ပြီး ဘုရင်မင်းမြတ်အတွက် လက်ဖက်ရည်တစ်ခွက်ကို ငှဲ့ပေးလိုက်၏။ ဘုရင်မင်းမြတ်သည် မိမိစိတ်ကို တည်ငြိမ်အောင် ရေနွေးကြမ်းကို အသာသောက်၏။ ပြီးနောက် မထင်မှတ်ထားသည့် ကိစ္စရပ်များကို ကြံဆုံရမည့် လူတစ်ယောက်အဖြစ် မိမိစိတ်ကို ကြိုတင်ကာ ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။

မိန်းမစိုးကြီး လီစွမ်းက လက်ကို ယမ်းခါလိုက်၏။ နန်းတော်ထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့က ထွက်ခွာသွားခဲ့၏။ လီစွမ်းကလည်း ထွက်ခွာသွားခဲ့၏။ ရှမ့်လန်နှင့် ဘုရင်မင်းမြတ်တို့သည်သာ နန်းတော်ထဲတွင် ကျန်ရစ်ခဲ့၏။

ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “တကယ်လို့ မင်းသေချင်တယ်ဆိုရင်တော့ ငါတားမှာ မဟုတ်ဘူး။ ပြောတော့။ မင်းဘာသာမင်းပြော။ ဒါပေမဲ့ ငါ မင်းကို သတ်ခဲ့တယ်ဆိုရင် အပြစ်မတင်နဲ့တော့”

ပြီးနောက် သူက လက်ထဲတွင် ရှိနေသည့် ရေနွေးခွက်ကို အသာကောက်မော့လိုက်၏။

ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီး... ကျုပ်က ကောင်းမွန်တဲ့ ကိစ္စရပ်တွေကို ပြုလုပ်ခဲ့တယ်လို့ တောက်လျှောက် ပြောခဲ့တယ်နော်။ ဒါပေမဲ့ ကျုပ်က ထူးခြားတဲ့အရာတစ်ခု ပြုလုပ်ခဲ့တယ်လို့ မခံစားမိဘူး။ ဘာလို့လဲဆိုတော့ ကျုပ်က လက်စားချေဖို့ သွားခဲ့တာပဲ။ စုမိသားစုကို လက်စားချေဖို့က ကျုပ်ရဲ့ ရည်မှန်းချက် ဖြစ်ခဲ့တာကြောင့်ပါ။”

“အင်း”

ရှမ့်လန်က ပြောလိုက်၏။ “အချိန်တော်တော်များများမှာ ကျုပ်က လှည့်ကွက်စဉ်ပြီး လိမ်ညာလှည့်ဖြားခဲ့တယ်။ ပြီးတော့ လူတွေအားလုံးကို မယုံကြည်နိုင်တဲ့ ခံစားချက်မျိုး ပေးခဲ့တယ်။ ဒါပေမဲ့ ကျုပ်နဲ့ ကျုပ်ရဲ့ ယောက္ခထီး ကျင်းကျိုးတို့ဟာ ဘုရင်မင်းမြတ်အပေါ်မှာ လိမ်ညာလှည့်စားတဲ့ စကားမျိုး မပြောခဲ့ပါဘူး”

“အင်း”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်နဲ့ အရှင်မင်းကြီးတို့ကလည်း တစ်ယောက်နဲ့ တစ်ယောက် လိမ်ညာတဲ့ စကားမျိုး မပြောကြဘူး”

ဘုရင်မင်းမြတ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ ဤစကားလုံးကို နားထောင်ရသည်ဆိုသည်မှာ သက်တောင့်သက်သာ ရှိ၏။ သို့ပေမည့် အဘယ်ကြောင့် သက်တောင့်သက်သာ မရှိဟု ခံစားနေရသနည်း။

ရှမ့်လန်က ပြောလိုက်၏။ “မူလအားဖြင့် ကျုပ်က လွတ်လွတ်လပ်လပ် နေထိုင်ရတာကို ကြိုက်တယ်။ ရွှမ်ဝူမြို့ထဲမှာပဲ ပျော်ရွှင်တဲ့ဘဝနဲ့ နေထိုင်ချင်တယ်။ နန်းမြို့တော်ဆီကို မလာချင်ဘူး။ ဒါပေမဲ့ ရွေးချယ်ခွင့် မရှိဘူး။ ယောက္ခထီးကို ရွှမ်ဝူနယ်စားကြီးဆိုတဲ့ ဘွဲ့အမည် ရရှိဖို့၊ ကျင်းမိသားစု နုရှောင့်မြို့ကို တရားဝင် ရရှိဖို့အတွက် ကျုပ် ဒီကို လာခဲ့ရတယ်။ ပြီးတော့ လက်စားချေဖို့အတွက် လာခဲ့ရတယ်။ စုနန်က ကျုပ်ရဲ့ ရန်သူပဲ။ အခု သူသေသွားခဲ့ပြီ။ ပြီးတော့ ကျုပ်ရဲ့ နောက်ထပ် သုတ်သင်ရှင်းလင်းပစ်မယ့် ပစ်မှတ်ကတော့ ရွှယ်ကလန်ပဲ”

ဘုရင်မင်းမြတ်က နားထောင်နေမိသည်။ ရွှယ်ကလန်ဆိုသည်မှာ သူ၏ အလုံးစုံသော ယုံကြည်ရာဖြစ်သည် မဟုတ်ပါလား။ ရွှယ်ကလန်မှ ဝူအန်းမြို့စားကြီး ရွှယ်ချင်းချီသည် သူ့အတွက် လျှို့ဝှက်သည့်ကိစ္စရပ် တော်တော်များများကို ပြုလုပ်ပေးခဲ့သည့်သူဖြစ်ကြောင်း သိရှိပါရဲ့လား။ ထို့အပြင် များပြားသည့် ထောက်လှမ်းရေး ကိစ္စရပ်အားလုံးတို့ကိုလည်း တာဝန်ယူထားသေးသည်။

ရွှယ်ကလန်က ပိုမိုအားကောင်းသည်ကို သိရှိသင့်သည်။ စုကလန်က မျက်နှာပြင်ထက်သာ အားကောင်းခြင်း ဖြစ်၏။ ရွှယ်ကလန်မှာတော့ ကျိန်းသေပေါက် ရေအောက်ထဲတွင် ရှိနေသည့် အရာကဲ့သို့ပင်။ မျက်နှာပြင်ထက်တွင် ဘာမှမမြင်နိုင်ချေ။ သို့ပေမည့် စိတ်ကူးထားသည်ထက် ပိုမိုကာ အားကောင်း၏။

ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီးက ကျုပ်အပေါ် အရမ်းကောင်းတယ်။ ဒီတော့ အရှင်မင်းကြီးရဲ့ ကျန်းမာရေးကို ဂရုစိုက်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အရှင်မင်းကြီးက နောက်ထပ် နှစ် ၂၀ လောက် ဘုရင်မင်းမြတ်အဖြစ် နေနိုင်ပါသေးတယ်”

ထိုစကားစု ထွက်ပေါ်လာသည့်အချိန်မှာတော့ နင်ယွမ်ရှန်း၏ မျက်လုံးအိမ်များက ပြူးထွက်သွားခဲ့၏။ ဤသတ္တဝါလေးသည် သူ့ကို မသတ်ဖူးဟု ယုံကြည်နေလေသလော။ သူ အသက် ၅၀ သာလျှင် ရှိသေး၏။ နောက်ထပ် အနှစ် နှစ်ဆယ်ခန့်သာ အသက်ရှင် နေနိုင်မည်ဟု တဖက်လှည့်ဖြင့် ကျိန်ဆဲနေသည်လား။

သူ နင်ယွမ်ရှန်းက ကျန်းမာရေးကို ဂရုစိုက်လွန်းသူ ဖြစ်၏။ နှစ်ပေါင်း ၁၀၀ ကျော် အသက်ရှင်နေထိုင်ဖို့ ဆိုသည်မှာ တစ်ဦးတစ်ယောက်မှ ပြောနေစရာပင် မလိုအပ်ချေ။ ၈၀၊ ၉၀ ဆိုသည်မှာ တောင့်တောင့်တောင့်တောင့် ကျော်ဖြတ်သွားရမည့် အရာမျိုးပင်။ ဘာပဲပြောပြော သူသည်းခံရမည်။ ကလေး တစ်ယောက်နှင့် ရန်ဖြစ်၍ မဖြစ်ချေ။

ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းကြီးက ကျုပ်ထက် အသက်အများကြီး ကြီးတယ်။ အရှင်မင်းကြီးသာ သေဆုံးသွားရင် အိမ်ရှေ့စံမင်းသားက ကျုပ်ကို လက်လွှတ်ပေးပါ့မလား။ တတိယမင်းသားကရော ကျုပ်ကို လက်လွှတ်ပေးပါ့မလား။

ဟုတ်တယ်။ ကျုပ် ထွက်ပြေးသွားနိုင်တာပေါ့။ ဒါပေမဲ့ ကျုပ် ကျင်းမိသားစုကို ဒီအတိုင်း ထားခဲ့ရမှာလား။ ဒါမှမဟုတ် တုံ့ပြန်ရမှာလား။ ဒါက ကျင်းမိသားစုကို ပုန်ကန်ဖို့ တွန်းအားပေးနေခြင်းတစ်မျိုးပဲ။ ဒါပေမဲ့ ကျုပ်ပြောခဲ့ပြီးပြီ။ ပုန်ကန်ရတာ အရမ်းပင်ပန်းတယ်။ ကျုပ်က အဲဒါမျိုးကို မလုပ်ချင်ဘူး။ ကျုပ်ရဲ့ ယောက္ခထီး ကလည်း အဲဒါမျိုးကို မလုပ်ချင်ဘူး”

ဘုရင်မင်းမြတ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ ရှမ့်လန်၏ စကားလုံးများက တည့်တည့်ပင် ထိမှန်၏။ ဟုတ်ပေ၏။ အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့ကို ကျင်းမိသားစုကို အကောင်းဆုံး ဆက်ဆံရန် သူ အမိန့်ပေးနိုင်သည်။ သို့ပေမည့် မည်သို့ ဖြစ်နိုင်မည်နည်း။

လူတစ်ယောက်၏ သေဆုံးခြင်းဆိုသည်မှာ ထိုကဲ့သို့ပင်ဖြစ်၏။ ဘုရင်တစ်ပါး နန်းတက်သည်ဆိုလျှင် ယခင် ဘုရင်၏ အမိန့်တော်အားလုံးကို ဂရုစိုက်လိမ့်မည်မဟုတ်ချေ။ သူ .. နင်ယွမ်ရှန်းကိုပင် ဥပမာ ပြုသင့်၏။ သူ့၌ ထိုကဲ့သို့သော ခံစားချက်များ ရှိ၏။ သူ နန်းတက်သည့်အချိန်တွင် ယခင်ဘုရင်၏ အမိန့်တော်အားလုံးကို ပြောင်းပြန် လှန်ပစ်ခဲ့၏။ ယခင်ဘုရင်က ဤလူများကို မသတ်ဖြတ်ပစ်နှင့်ဟု မှာကြားခဲ့၏။ သို့ပေမည့် သူက တော်တော်များများကို သတ်ဖြတ်ပစ်ခဲ့၏။

ထို့ကြောင့် အိမ်ရှေ့စံမင်းသား သို့မဟုတ် တတိယမင်းသားသည်သာ နန်းပလ္လင်ကို ဆက်ခံသည်ဆိုသည်နှင့် ကျိန်းသေပေါက် ရှမ့်လန်နှင့် ကျင်းမိသားစုကို လက်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။

ထိုအရာက ပြောနေစရာပင် မလိုအပ်ချေ။ အိမ်ရှေ့စံမင်းသားက ကျင်းမူလန်ကို ရယူရန် ဆုံးဖြတ်ထားခဲ့၏။ တတိယမင်းသားက ရှမ့်လန်နှင့် မည်သည့်ရန်ငြိုးမှမရှိချေ။ သို့ပေမည့် ရွှယ်မိသားစုနှင့် ကျင်းမိသားစုတို့က သေမျိုးရန်သူများ ဖြစ်သည်။

ဟုတ်ပေ၏။ ရွှယ်မိသားစုသည် ကျင်းမိသားစုအပေါ်တွင် မှားယွင်းဆက်ဆံခဲ့ကြောင်း ဘုရင်မင်းမြတ်က ရှင်းရှင်းလင်းလင်း သိရှိ၏။ ဤအမုန်းတရားအတွက် ရွှယ်မိသားစုက တာဝန်ယူသင့်၏။

လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော်တုန်းက ကျင်းမိသားစုက ရွှယ်မိသားစုအတွက် ကြီးမားသည့် အရာအားလုံးကို ပြုလုပ် ကူညီပေးခဲ့၏။ ကျင်းကျူးမြို့စားကြီးကြောင့်သာ မဟုတ်ပါက ရွှယ်မိသားစုက ဖျက်ဆီးခြင်း ခံရမှာ သေချာ၏။

သို့ပေမည့် ဘုရင်မင်းမြတ်က ထိုအရာကို ဂရုမစိုက်ချေ။ မှန်ခြင်းမှားခြင်း ဆိုသည်ကို သူက အဘယ်ကြောင့် ဂရုစိုက်ရမည်နည်း။ သူနှင့်လည်း မဆိုင်ပေ။

ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီး... ကျုပ်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်တယ်။ ကျင်းမိသားစု ကိုလည်း ကာကွယ်ပေးချင်တယ်။ ဒါဆိုရင် ကျုပ် ဘာလုပ်ရမလဲ”

ဘာလုပ်ရမည်နည်း။ ဟုတ်ပေ၏။ အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့ကို ဖြေရှင်းရပေလိမ့်မည်။

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်အနေနဲ့ အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့ကို မောင်းထုတ်ဖို့ လိုအပ်လာပြီ”

ဘုရင်မင်းမြတ်၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားခဲ့၏။ ထိုကဲ့သို့ ပြောရဲနေသည်လား။

ရှမ့်လန်က ပြောလိုက်သည်။ “ပြီးတော့ ကျုပ် ပဉ္စမမင်းသားရဲ့ အကူအညီကို လိုအပ်တယ်။ သူ့ကို အိမ်ရှေ့စံမင်းသား ဖြစ်အောင် လုပ်ပေးရမယ်”

ထိုစကားစု ထွက်ပေါ်လာသည့်အချိန်မှာတော့ နင်ယွမ်ရှန်း၏ မျက်လုံးများက ပြူးထွက်သွားခဲ့၏။ သူ၏ ဆံပင်များအားလုံးက ထောင်ထသွားခဲ့၏။ လောကတွင် ဆိုးဝါးလွန်းသည့် စကားလုံးတစ်ခုကို ကြားခဲ့ရသည့်ပုံပေါ်၏။ နင်ကျန်းကို အိမ်ရှေ့စံမင်းသားအဖြစ် ထားရှိပြီး နန်းပလ္လင်ကို ဆက်ခံစေချင်သည်လား။ ဟား ဟား ဟား ဟား.. လောကကြီးတွင် ဤမျှရယ်စရာကောင်းသည့် အရာမျိုးရှိနေသေးသည်လား။

နင်ယွမ်ရှန်းသည် တစ်စုံတစ်ခုကို ပြောချင်၏။ ရွှဲ့ပြည်နယ်တစ်ခုလုံး မနက်ဖြန် ဖျက်ဆီးခံရမည်ဆိုလျှင်တောင်မှ သူက နင်ကျန်းကို ယနေ့ည နန်းပလ္လင်ကို ပေးအပ်လိမ့်မည် မဟုတ်ချေ။ သို့ပေမည့် ဤအရာက သူ၏စိတ်ထဲတွင် တွေးတောထားသည့်အရာဖြစ်၏။ သူက နင်ကျန်းဆိုသည့် သူ၏သားကို တကယ်ပင် မုန်းတီး၏။ အိမ်ရှေ့စံမင်းသား သို့မဟုတ် တတိယမင်းသားတို့ မရှိတော့လျှင်တောင်မှ သူက နင်ကျန်းကို နန်းပလ္လင် ဆက်ခံစေလိမ့်မည် မဟုတ်ချေ။ ရှမ့်လန် ပြောဆိုနေသည့် အရာက သံသယရှိစရာမလိုဘဲ ဟာသတစ်ခုသာ ဖြစ်၏။

ရှမ့်လန်က ရံဖန်ရံခါဆိုသလို ပေါ့ပျက်ပျက် ပြောဆိုတတ်သော်လည်း လက်ရှိအချိန်တွင် တကယ့်ကို လေးလေးနက်နက် နှင့် ပြောဆိုလျက်ရှိနေ၏။ ယနေ့ညမှာတော့ ရှမ့်လန်၏ စကားလုံးတစ်ခုချင်းတိုင်းက သူ၏ နှလုံးသားကို ထိမှန်စေခဲ့၏။ သို့ပေမည့် နင်ယွမ်ရှန်းက ဒေါသမထွက်ခဲ့ချေ။ ရှမ့်လန်သည် သူ့အပေါ်တွင် ဘာတစ်ခုမှ ဖုံးကွယ်မထားခဲ့သောကြောင့်ပင်။

ထိုအရာက အရေးကြီးဆုံးအရာဖြစ်၏။ သူ့၌ မည်သည့်ရည်မှန်းချက်မှ မရှိခြင်းက အရေးကြီးဆုံးအရာဖြစ်၏။ သူ့ကိုယ်သူ ကာကွယ်ရန် ကြိုးစားနေခြင်းဖြစ်၏။ ဘာများမှားနေသနည်း။ ပြောရမည်ဆိုလျှင် ဘုရင်မင်းမြတ် သည် သူ့ကို သေစေချင်သည်ဆိုပါက သူက သေသွားရမည်လား။

ဟုတ်ပေ၏။ နင်ယွမ်ရှန်းက ဤကဲ့သို့သော အခြေအနေမျိုးကို လိုချင်မိ၏။ ထိုကဲ့သို့သော အရာမျိုး ဖြစ်လာရန်လည်း မျှော်လင့်နေမိ၏။ ရှမ့်လန်သည် သူ၏ စကားတစ်ခွန်းဖြင့် အေးအေးဆေးဆေး နေထိုင်နိုင်စွမ်း ရှိသည့် အရာမျိုး ဖြစ်စေချင်မိ၏။ သူ၏ အရိပ်အာဝါသအောက်တွက် နေထိုင်သွားစေချင်သည်။ သို့ပေမည့် ထိုအရာက မဖြစ်နိုင်သလောက်နီးပါး ဖြစ်ကြောင်း သူ ကောင်းကောင်းသိ၏။

နင်ယွမ်ရှန်းက အားလုံးသောသူတို့နှင့် ဆက်ဆံသည့်နေရာတွင် သူ့အတွက် ကောင်းကျိုးရှိသည့်အရာကိုသာ အရင်ဦးဆုံး စဉ်းစားတတ်၏။ ထို့ကြောင့်ပင်လျှင် သူ့ကို ကျေးဇူးတရားကင်းမဲ့ပြီး တစ်ကိုယ်ကောင်းဆန်သူဟု သတ်မှတ်ကြခြင်းပင်။

သူက ရေနွေးတစ်ခွက်ကို ထပ်မံကာ သောက်လိုက်၏။ ပြီးနောက် ဆက်လက်ကာ ပြောဆိုလိုက်သည်။ “ရှမ့်လန်.. မင်းငါ့ကို အမှန်တရားတွေပြောနေပြီဆိုမှတော့ ငါ မင်းကို အမှန်တရားပြောမယ်”

“ကောင်းပါပြီ အရှင်မင်းကြီး”

နင်ယွမ်ရှန်းက ပြောလိုက်၏။ “အင်း... ဓားပြကြီး နာကျည်းမှုက မင်းရဲ့ယောက္ခထီး ကျင်းကျိုးကို သွားပြီးတော့ သတ်ဖြတ်ပစ်ခဲ့တယ်ဆိုတာ ငါသိတယ်။ အဲဒီ ဓားပြကြီး နာကျည်းမှုဆိုတာ ကျိုးရိချမ်ပဲ။ ကျိုးကျောင်းရန်ရဲ့ မွေးစားအစ်ကို၊ အိမ်ရှေ့စံမင်းသားရဲ့ အောက်ဆွဲပေါ့”

ရှမ့်လန်က မည်သည့်စကားကိုမှ မဆိုချေ။

နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ဒါပေမဲ့ နာကျည်းမှုကို အမိန့်ပေးခဲ့တာက အိမ်ရှေ့စံမင်းသားမဟုတ်ဘူး။ ယင်ယွမ်အဖွဲ့အစည်းပဲ”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် သိပါတယ်။ ဒါကြောင့်လည်း အရှင်မင်းကြီးကို ကျုပ်က အိမ်ရှေ့စံမင်းသားနဲ့ ပတ်သက်ပြီး တိုင်ကြားတာမျိုး မလုပ်တာပေါ့”

နင်ယွမ်ရှန်းက ပြောလိုက်သည်။ “အင်း.. အိမ်ရှေ့စံမင်းသား ဘယ်လောက် ရူးသွပ်နေတယ်ဆိုဆို သူက ကိုယ့်ရဲ့ ပုဂ္ဂလိက လက်စားချေလိုမှုကြောင့် ရွှဲ့ပြည်နယ်ရဲ့ အကျိုးကျေးဇူးကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး။ ပြီးတော့ ရွှဲ့ပြည်နယ်ရဲ့အနာဂတ်က သူ့ရဲ့လက်ထဲမှာ ရှိတယ်။ မျက်နှာပြင်ထက်မှာ ကျိုးကျောင်းရန်က အိမ်ရှေ့စံမင်းသား ရဲ့ ကိုယ်လုပ်တော် ဖြစ်တယ်ဆိုပေမဲ့ တကယ်တမ်းမှာတော့ အဲလောက်ကြီး ပတ်သက်ဆက်နွယ်နေတာမျိုး မဟုတ်ဘူး”

ရှမ့်လန်က တိတ်ဆိတ်ငြိမ်သက်နေ၏။

နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ရွှမ်ဝူဂိတ်တံခါးမှာ အပြစ်တွေအားလုံးကို မင်းခေါင်းပေါ်ကို ပုံချခဲ့တဲ့ကိစ္စ၊ အထူးတရားရုံးရဲ့ အရာရှိတွေ နင်ကျန်းရဲ့အိမ်ထဲမှာ သေဆုံးသွားခဲ့တဲ့ကိစ္စတွေက ကျိုးကျောင်းရန် စီစဉ်ထားတဲ့ ဇာတ်ကြောင်းတွေပဲ။ ဒါကို အိမ်ရှေ့စံမင်းသားကလည်း ကောင်းကောင်းသိတယ်။ အင်း... ဘာပဲပြောပြော အိမ်ရှေ့စံမင်းသားက မင်းကို ထိခိုက်နာကျင်အောင် ကြိုးစားချင်နေတာတော့ သိသာတယ်”

ရှမ့်လန်က တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။

နင်ယွမ်ရှန်းက ဆက်လက်ကာ ပြောလိုက်၏။ “အိမ်ရှေ့စံမင်းသားက မင်းကို ထိခိုက်နာကျင်အောင် ပြုလုပ်ဖို့ ကြိုးစားချင်တယ်ဆိုတာ ငါ သိတယ်။ ငါ မင်းကို ကာကွယ်ပေးနိုင်တယ်။ ဒါပေမဲ့ ငါ အိမ်ရှေ့စံမင်းသားကို အပြစ်ပေးလို့ မရဘူး။ ဒါကို မင်းနားလည်လား”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်ပိုပြီး နားမလည်တော့ပါဘူး”

အိမ်ရှေ့စံမင်းသားက လူငယ်ဘုရင်တစ်ယောက်ဖြစ်ပြီး နိုင်ငံ၏အခြေခံလည်းဖြစ်၏။ ဘုရင်မင်းမြတ် ဆိုလျှင်တောင်မှ အိမ်ရှေ့စံမင်းသား၏ အခွင့်အာဏာကို လွယ်လွယ်ကူကူ လှုပ်ခါနိုင်စွမ်းမရှိချေ။ အိမ်ရှေ့စံမင်းသား ဆိုသည့် အခွင့်အာဏာက ကြီးမားလွန်း၏။ ထို့အပြင် ဤနန်းပလ္လင်ကို ဆက်ခံမည်ဟု ရည်ညွှန်းခံထားရသည့်သူသည် တည်ငြိမ်သင့်၏။ တည်ငြိမ်မှု မရှိပါက နန်းပလ္လင်ကလည်း လှုပ်ခါပေလိမ့်မည်။ နန်းပလ္လင် လှုပ်ခါလျှင် နန်းတွင်းတစ်ခုလုံးက လှုပ်ခါပေလိမ့်မည်။ နန်းတွင်းလှုပ်ခါလျှင် တိုင်းပြည်တစ်ခုလုံး လှုပ်ခါပေလိမ့်မည်။

ဘုရင်မင်းမြတ်က ရှမ့်လန်ကို နှစ်သက်၏။ ရှမ့်လန်ကို ဘယ်လောက်နှစ်သက်သနည်းဆိုသော် မိတ်ဆွေအရင်းအချာ သို့မဟုတ် သားမက်တော်တစ်ယောက်ကဲ့သို့ပင် ထင်မိ၏။ သို့ပေမည့် သူ၏ အနှစ်သက်ရဆုံး သားတစ်ယောက်နှင့် အဘယ်သို့ နှိုင်းယှဉ်၍ ရနိုင်မည်နည်း။

နင်ယွမ်ရှန်း၏ အနှစ်သက်ရဆုံး သားနှစ်ယောက်သည် အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသား နင်ချီတို့သာဖြစ်၏။ အိမ်ရှေ့စံမင်းသားကို သူက ပို၍နှစ်သက်၏။ နင်ချီ၏ အမူအကျင့်မှာတော့ သူနှင့် တူညီခြင်း မရှိချေ။ သူ ဘုရင်မင်းမြတ်တွင် မရှိသည့် အမူအကျင့်တချို့ နင်ချီ၌ ရှိ၏။ သို့ပေမည့် ဤနှစ်ယောက်လုံးက သူ၏လက်ဝါးနှင့် လက်ဖမိုးပင်ဖြစ်၏။

All Chapters