အခန်း (၄၅၆)
Vol. 32 Ch. 456
ရှမ့်လန်ကို မြင်သည့်အချိန်မှာတော့ ကျင်းမူကုန်းက သူ၏အသံများ တုန်ယင်သည်ထိ ဝမ်းသာသွားခဲ့သည်။ “ယောက်ဖ”
ကျင်းမူကုန်းအတွက် သူ၏ယောက်ဖ ရှမ့်လန်ဆိုသည်မှာ အနှိုင်းမဲ့ပင်ဖြစ်၏။ ပြန်လာသည်နှင့် တပြိုင်နက် အရာအားလုံးကို ဖြေရှင်းနိုင်သလိုပင်။
ရှမ့်လန်က ပြောလိုက်၏။ “သွားပြီးအိပ်တော့။ မင်း အလုပ်ကြိုးစားတာ ကျေးဇူးပဲ”
ကျင်းမူကုန်းက ရှက်ရွံ့သလို ခံစားနေမိ၏။ သူဘာတစ်ခုမှ ကောင်းအောင် မလုပ်နိုင်ခဲ့ချေ။ ဤနေရာတွင် ထိုင်နေသည်သာ ရှိ၏။
သို့ပေမည့် ရှမ့်လန်မှာတော့ တကယ့်ကို လေးလေးနက်နက် ရှိလို့နေခဲ့၏။ ညံ့ဖျင်းသည့် အသင်းဖော်များအကြောင်းကို ဂရုမစိုက်ချေ။ သူက လေးလေးနက်နက်နှင့် ကျေးဇူးတင် စကားပြောခဲ့သည်။
မင်းသမီး နင်ယန်၏ လှပသည့် မျက်နှာက သူ၏စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့၏။ အသင်းအဖွဲ့တွင် ညံ့ဖျင်းလွန်းသည့် အသင်းဖော်များအကြောင်း ပြောသည့်အချိန်တိုင်း နင်ယန်၏မျက်နှာက သူ၏စိတ်ထဲ အမြဲလိုလို ပေါ်ပေါက်လာတတ်၏။
ရှမ့်လန်က နင်ယုနှင့် သွားရောက်ကာ တွေ့ဆုံခဲ့သည်။ “ဂါရဝပြုပါတယ် ဦးရီးတော်”
နင်ယုက မျက်နှာသာမပေးချေ။ သူက ရှမ့်လန်ကို မနှစ်သက်သောကြောင့်ပင်။ နောက်ဆုံးအချိန်တုန်းက သူ ရှမ့်လန်နှင့် မင်းသမီးနင်ယန်တို့ကို အိပ်ရာတစ်ခုတည်းတွင် ဖမ်းဆီးမိခဲ့၏။ ထိုအချိန်တုန်းက မျက်စိကန်းသလို နေထိုင်ခဲ့၏။ ဘာတစ်ခုမှ မပြောခဲ့ချေ။ သို့ပေမည့် အရိုးသားဆုံးပြောရမည်ဆိုလျှင် ရှမ့်လန်ကို ထိုသို့မြင်ရတုန်းက သေဆုံးသည်ထိ ထကာ ရိုက်နှက်ချင်စိတ်ပေါက်ခဲ့၏။
“ဘာကိစ္စရှိလို့လဲ” ဦးရီးတော်က မေးမြန်းလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “ဒီကို လာတာက ဘုရင်မင်းမြတ်ရဲ့ခွင့်ပြုမှုနဲ့အတူ မင်းသားနင်ကျန်းဆီ လာ လည်တာပါ”
နင်ယုက မေးလိုက်သည်။ “တကယ်လား”
ရှမ့်လန်က ပြောလိုက်၏။ “မယုံဘူးဆိုရင် ကြိုက်တဲ့သူကို သွားမေးလို့ရပါတယ်”
‘ချီးကို မေးရမှာလား’
ဤကဲ့သို့ အသေးအဖွဲကိစ္စရပ်များကို ဘုရင်မင်းမြတ်ဆီသို့ သွားကာ မေးမြန်းရလိမ့်မည်လား။ ဤအချိန်ဆိုရင် ဘုရင်မင်းမြတ်က အိပ်မောကျနေလောက်ပြီဖြစ်သည်။
“သွား... သွား” နင်ယုက လက်ကို ယမ်းခါလိုက်၏။
ကျုံးကျန့်ဘုရားကျောင်း၏ အကျဉ်းထောင်အတွင်းမှာတော့ ခန့်မှန်းထားသည်ထက် ပိုမိုကာ ဆိုးဝါး၏။ အထူးတရားရုံး၏ အကျဉ်းထောင်ထက်ပင် ပိုမိုကာ ဆိုးဝါးနေသေ၏။ အဘယ်ကြောင့်ဆိုသော် ဆယ်နှစ်ကျော်သည်အထိ ဤနေရာတွင် မည်သူ့ကိုမှ ချုပ်နှောင်ခဲ့ခြင်း မရှိသောကြောင့် တည်နေရာတစ်ခုလုံးက ဖုန်များနှင့် အညစ်အကြေးများနှင့် စုတ်ပြတ်နေသည်။ ကြမ်းပြင်ပေါ်တွင် ကြွက်ချေးများပင်ရှိနေ၏။ အစစ်အမှန်အကျဉ်းထောင်ဆိုလျှင်ပင် ဤမျှလောက် ဆိုးဝါးလိမ့်မည်မဟုတ်ချေ။ တကယ့်ကို မှောင်မည်းပြီး အနံ့အသက် မကောင်းသည့် အကျဉ်းထောင်တစ်ခု ဖြစ်သည်။
နင်ကျန်းက အကျဉ်းထောင်၏ အလယ်တွင် ထိုင်လျက်ရှိနေပြီး သူ၏မျက်နှာပေါ်တွင် ရှိနေသည့် အမူအရာမှာတော့ စကားလုံးတစ်ခုနှင့် ဖော်ကျူးနိုင်ခဲ့၏။ သေဆုံးသည်ထက်ပင် ပိုမိုကာ ဝမ်းနည်းလျက် ရှိနေသည့် အမူအရာမျိုးပင်။
သူ လူသတ်မိသည့်ကိစ္စကို သူ၏အဖေ မသိရှိစရာ အကြောင်းမရှိချေ။ ဤအရာက အိမ်ရှေ့စံမင်းသား၏ ဇာတ်ညွှန်းတစ်ခု ဖြစ်ကြောင်း တွေးကြည့်ရုံဖြင့် သိရှိမှာ သေချာသည်။ သို့ပေမည့် သူ၏အဖေသည် သူ့အတွက် တရားမျှတမှု ရှာဖွေပေးရန် စိတ်ဆန္ဒ မရှိချေ။ သူ့၌ သံသယများ ပေါ်ပေါက်လာ၏။ သူ့အား ဘဝတစ်သက်တာလုံး အကျဉ်းထောင်ထဲ ချုပ်နှောင်ထားရန် စိတ်ဆန္ဒရှိနေသည်လား။
တစ်ခါတစ်ရံတွင် နင်ကျန်းက အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်ရကြောင်း စဉ်းစားနေမိ၏။ သူ၏မိဘများက သူ့ကို မချစ်ခင်၊ မနှစ်သက်ပေ။ ထိုအရာက တော်သေး၏။ သို့ပေမည့် အဘယ်ကြောင့် မုန်းတီးနေရသနည်း။ နင်ကျန်းသည် ထိုအရာများကို တွေးတောပြီးနောက် စိတ်ထဲမှ အကြောင်းအရာအားလုံးကို ဖယ်ရှားလိုက်၏။
လောကကြီးထဲတွင် သူ့ကို ဂရုစိုက်သည့် လူတစ်ယောက်ရှိနေသေးသရွေ့ သူသေဆုံး၍ မဖြစ်ချေ။ နင်ကျန်းကို ဂရုစိုက်သည့်လူ များများစားစား မရှိချေ။ ဤအတောအတွင်း ကျုံးကျန့်ဘုရားကျောင်း၏ အကျဉ်းထောင် အမှုထမ်းအားလုံးတို့က သူ့ကို တစ်ချက်ကလေးမှ မျက်နှာသာမပေးချေ။ စစ်သည်ငယ်လေး တစ်ယောက်က ပင်လျှင် သူ့ကို စော်ကားမော်ကား ပြောဆိုခဲ့သည်။ ဘုရင်မင်းမြတ်၏ သားတစ်ပါးအနေနှင့် ထိုကဲ့သို့ ပြောဆိုဆက်ဆံခံရသည်မှာ ရှားရှားပါးပါးပင်။
နင်ကျန်းက ရင်းနှီးနေသည့် ခြေသံကို ကြားလိုက်ရ၏။ မျက်လုံးကို ဖွင့်ပြီး ကြည့်လိုက်တော့ ရှမ့်လန်ဖြစ်နေကြောင်း မြင်၏။
“ရှမ့်လန်.. ပြန်လာပြီလား” နင်ကျန်းက ပြုံးကာ မေးမြန်းလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “အင်း.. ကျုပ် ပြန်လာခဲ့ပြီ”
နင်ကျန်းက ပြောလိုက်သည်။ “ပြန်လာပြီဆိုတော့ စိတ်ချမ်းသာရပြီ။ ကျုပ်ကို ကူညီပြီး အိမ်ကို ဂရုစိုက်ပေးထားအုံး။ ကျုပ်အနေနဲ့ ဘဝတစ်သက်တာလုံး ဒီကနေ ထွက်ရဖို့ လမ်းမရှိဘူး”
ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းသား.. စိတ်မပူပါနဲ့။ ဒီကနေ ခင်ဗျား ထွက်ဖို့ လမ်းတစ်ခု ကျုပ် စဉ်းစားထားပါတယ်။ ဒါပေမဲ့ ကျုပ် ခင်ဗျားကို တစ်ခုပြောရအုံးမယ်။ ကိုယ့်ကိုယ်ကိုယ် ကြိုပြီး ပြင်ဆင်ထားပါ”
နင်ကျန်းက ပြောလိုက်သည်။ “သတင်းဆိုး လား။ ဒါပေမဲ့ စိတ်မပူနဲ့။ အခုဖြစ်နေတာထက် ဆိုးတာ လောကမှာ သိပ်ရှိမယ်မထင်ဘူး”
ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းသား၊ မကြာခင်မှာ နန်းပလ္လင်ယှဉ်ပြိုင်ရေး တိုက်ပွဲ စလာလိမ့်မယ်။ အဲဒီအချိန်ကျရင် ကျုပ်က တတိယမင်းသားနှင့် အိမ်ရှေ့စံမင်းသားကို ဖယ်ရှားမယ်။ ပြီးတော့ ခင်ဗျားကို ကူညီပြီး အိမ်ရှေ့စံမင်းသားထိုင်ခုံပေါ် ရောက်အောင် လုပ်ပေးမယ်။”
..........
ရှမ့်လန်၏ ကြေညာချက်ကို ကြားရသည့်အချိန်တုန်းက ဘုရင်မင်းမြတ်က အလွန်တရာ ထိတ်လန့် အံ့အားသင့်ခဲ့၏။ ပဉ္စမမင်းသား နင်ကျန်းကလည်း ရှမ့်လန်၏ ယခုကဲ့သို့ ကြေညာချက်ကို ကြားသည့် အချိန်၌ တကယ်ပင် ထိတ်လန့် အံ့အားသင့်လျက် ရှိနေ၏။ သူသည် အချိန်အတော်ကြာသည်အထိ တုံ့ပြန်နိုင်စွမ်း မရှိခဲ့ချေ။
ရှမ့်လန်၏ စကားလုံးများသည် တိမ်များကြားထဲမှ ထွက်ပေါ်လာသည့် စကားလုံးများ ဖြစ်သည်ဟုပင် နင်ကျန်းက ခံစားမိ၏။ သူ့အနေနှင့် အိမ်ရှေ့စံမင်းသားဖြစ်လာရန် တစ်ခါမှ စိတ်ကူးယဉ် မျှော်လင့်ခဲ့ခြင်း မရှိချေ။ သူ ဖြစ်ချင်သည့် အကြောင်းအရာက သူ၏အနားတစ်ဝိုက်တွင် ရှိနေသည့်လူများကို ကာကွယ်ပေးနိုင်ရန်နှင့် ဂုဏ်သိက္ခာတရား တည်ရှိရန်ပင် ဖြစ်၏။
သို့ပေမည့် လက်ရှိအခြေအနေမှာတော့ သူက အကျဉ်းထောင်ထဲသို့ ရောက်ရှိနေခဲ့၏။ သူ့ကိုယ်သူ ကာကွယ်နိုင်ခြင်းပင် မရှိခဲ့ချေ။ သူ၏မိသားစုကို ကာကွယ်ဖို့ဆိုလျှင် ဝေးလာဝေးပင် ဖြစ်လေ၏။ ဂုဏ်သိက္ခာနှင့် အသက်ရှင်နေထိုင်ဖို့ဆိုသည်မှာ လုံးဝမဖြစ်နိုင်ပေ။
နာရီဝက်ခန့် ကြာမြင့်ပြီးသည့်နောက် ပဉ္စမမင်းသား နင်ကျန်းက အနည်းငယ် စိတ်အေးချမ်းသာသွားခဲ့၏။ သူ၏မျက်လုံးများက ပြန်လည်ကာ တည်ငြိမ်အေးချမ်းသွားသည်။
ရှမ့်လန်က စိတ်ထဲတွင် အလွန်ကြီးမားသည့် သဘောကျမှုကို ခံစားမိ၏။ နင်ကျန်းက နန်းပလ္လင်ကို တိုက်ခိုက်မည်ဟု ပြောလိုက်သည့်အချိန်တွင် မျက်လုံးထဲတွင် ကြောက်လန့်မှုများနှင့် ပြည့်နှက်လျက် ရှိနေသောကြောင့်ပင်။ သူ၏မျက်လုံးများက တောက်ပ မလာခဲ့ချေ။ ထို့အတူ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက် မလာခဲ့ချေ။
“အရှင်မင်းသား… ကျုပ်တို့က အခုချိန်မှာ အဆုံးစွန်ထိ သေဆုံးအောင် တွန်းအားပေးခြင်းကို ခံနေရတာ”
ရှမ့်လန်က ပြောလိုက်၏။ “အိမ်ရှေ့စံမင်းသား ဒါမှမဟုတ် တတိယမင်းသား ဘယ်သူပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ သူတို့က ကျုပ်တို့ကို လက်လွှတ်ပေးမှာ မဟုတ်ဘူး။ ပြီးတော့ ကျင်းမိသားစုကိုလည်း လက်လွှတ်ပေးမှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကျုပ်အနေနဲ့ အိမ်ရှေ့စံမင်းသား၊ တတိယမင်းသားတို့ကို ဖယ်ရှားပစ်ရမယ်။ ဒါမှမဟုတ်ရင် ပုန်ကန်ဖို့ ပြင်ဆင်ရမယ်။ အဲနှစ်ခုပဲရှိတယ်”
နင်ကျန်းက ခေါင်းညိတ်လိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “ပြီးတော့ အရှင်မင်းသား… အခု အရှင်မင်းသားကလည်း သေဆုံးမယ့်အခြေအနေထိ တွန်းပို့ခြင်းကို ခံနေရတာ။”
နင်ကျန်းက အနားပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်၏။ ဟုတ်ပေ၏။ ရှမ့်လန်က သေဆုံးမည့်အချိန်အထိ တွန်းပို့ခြင်း မခံရသေးချေ။ ရှမ့်လန်သာ စိတ်ရှိပါက ဆယ်စုနှစ်တစ်ခုလောက်အထိ သက်တောင့်သက်သာ နေထိုင်နိုင်စွမ်းရှိ၏။ အဖေက သူ့ကို ချစ်ခင်နှစ်သက်၏။ ထို့ကြောင့် အဖေ နန်းပုလ္လင်ကို ဆက်ခံထားသည့်အချိန်၊ အဖေ အခွင့်အာဏာကို ပိုင်ဆိုင်သည့်အချိန်အတွင်း အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့က ရှမ့်လန်ကို ကြီးကြီးမားမား ပြဿနာ ရှာနိုင်လိမ့်မည် မဟုတ်ချေ။
သို့ပေမည့် သူကတော့ အကျဉ်းထောင်ထဲတွင် ရောက်ရှိနေပြီး ဘဝ၏ အဆုံးသတ်အချိန်အထိ ဤနေရာမှ ထွက်ခွာနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။ သူ့အနေနှင့် ပြစ်မှုများကို ကျူးလွန်ခဲ့သောကြောင့် ဤသို့ အကျဉ်းကျနေခြင်း မဟုတ်ပေ။ သူကိုယ်တိုင်ကိုက ပြစ်မှုကြီး တစ်ခုဖြစ်နေသောကြောင့်ပင်။
အဖေသည် သူ့ကို မဲမှောင်လျက်ရှိနေသည့် တည်နေရာတွင် တစ်သက်လုံးဖမ်းချုပ်ထားရန် အခွင့်အရေးကောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်၏။ ဘဝသက်တမ်းတစ်လျှောက်လုံး ပြန်လည် ထွက်ခွာခွင့် မပေးလျှင် အကောင်းဆုံးဖြစ်မည်ဟုပင် တွေးတောထားသည်လား မသိချေ။
သူ၏အထင်အရဆိုလျှင် သူက အစောကြီးတည်းက သေဆုံးမည့် အခြေအနေဆီသို့ ရောက်ရှိနေပြီဖြစ်၏။ ဘာကိုထပ်မံကာ ကြောက်ရမည်နည်း။
“ရှမ့်… ကျုပ်က ဘုရင်ဖြစ်လာဖို့ သင့်တော်လို့လား” နင်ကျန်းက သူ၏ ဇဝေဇဝါ ဖြစ်နေသည့် အကြောင်းအရာများကို ထုတ်ဖော်ကာ မေးမြန်းလိုက်၏။ သူ့အတွက် အိမ်ရှေ့စံမင်းသား ဖြစ်ဖို့ဆိုသည်မှာ လမ်းအရှည်ကြီး လိုအပ်နေသေး၏။ သို့ပေမည့် နင်ကျန်းက ထိုမေးခွန်းကို မေးခဲ့၏။
ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းသား…ဒီမေးခွန်းကို မေးလိုက်ပြီဆိုတည်းက ခင်ဗျားက ဒီနေရာနဲ့ အသင့်တော်ဆုံး လူတစ်ယောက်ဖြစ်ကြောင်း သက်သေပြနေတာပဲ”
သူပြောသည်မှာ အဓိပ္ပာယ် ရှိ၏။ နန်းပလ္လင်ကို ဆက်ခံမည့် လူတစ်ယောက်အနေနှင့် မည်သည့် ခံစားချက်များကို လိုအပ်မည်နည်း။ စိတ်လှုပ်ရှားမှု မဟုတ်ချေ။ ကြောက်လန့်မှုတရားသာ ဖြစ်၏။ ထမ်းဆောင်ရမည့် တာဝန်အပေါ် ကြောက်လန့်မှုတရားပင်။
စိတ်လှုပ်ရှားသည့်လူတစ်ယောက်ဆိုပါက အခွင့်အာဏာကို ရယူချင်စိတ်သာလျှင် ရှိပေလိမ့်မည်။ ဘုရင် တစ်ယောက်အနေနှင့် အခွင့်အာဏာကို ကျိန်းသေပေါက် ပျော်မွေ့ရန် လိုအပ်သကဲ့သို့ မိမိပုခုံးပေါ်သို့ ကျဆင်းလာမည့် တာဝန်ဝတ္တရားကိုလည်း သိရှိနားလည်ရန် လိုအပ်၏။
ရှမ့်လန်က ပြောလိုက်သည်။ “တကယ်တော့ ဘုရင်တစ်ယောက်အနေနဲ့ ဖြတ်လမ်းနည်းတွေ အများကြီး ရှိတယ်။ ပြီးတော့ ခင်ဗျားရဲ့ လက်ရှိအမူအကျင့်အရဆိုရင် တကယ့်ကို ထူးချွန်တဲ့ ဘုရင်တစ်ယောက်တောင် ဖြစ်လာနိုင်တယ်။ အသိဉာဏ်ပညာနဲ့ စိတ်စွမ်းအားအရ ခင်ဗျားက အမြင်ကျယ်လွန်းတယ်။ ဒါကြောင့် ပညာရှိအုပ်စိုးသူ ဘုရင်တပါး ဖြစ်လာလိမ့်မယ်”
ပြီးနောက် ရှမ့်လန်က မေးမြန်းလိုက်၏။ “အရှင်မင်းသား… ခင်ဗျားရဲ့အဖေကို ဘယ်လိုဘုရင်မျိုးလို့ထင်လဲ”
“အဟမ့် .. အဟမ့်”
ဤအကြောင်းအရာက ရဲတင်းလွန်း၏။ ရှမ့်လန်သည် အပြင်ဘက်ဆီမှ ချောင်းဟန့်သံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
ဘုရင်မင်းမြတ်က ရှမ့်လန်နှင့် နင်ကျန်းတို့ ပြောဆိုသည့် စကားလုံးများကို စောင့်ကြည့်မှတ်တမ်းတင်ရန် တစ်စုံတစ်ယောက်ကို စေလွှတ်ထားမှာ သေချာ၏။
သူသာမမှားပါက ထိုအရာက မိန်းမစိုးကြီး လီစွမ်း၏ လူသာလျှင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ရှမ့်လန်နှင့် နင်ကျန်းတို့ တစ်စုံတစ်ခု ထပ်မံကာ မပြောဆိုခင် တိတ်တဆိတ်ကြိတ်ကာ အချက်ပြခြင်း ဖြစ်ပေမည်။
ရှမ့်လန်က ထိုသူ့ကို တကယ်ပင် ကျေးဇူးတင်၏။ သို့ပေမည့် သူ့အနေနှင့် အစစ်အမှန်တရားကို ပြောပြရန် ဆုံးဖြတ်လိုက်သည်။
နင်ကျန်းက ခဏလောက်စဉ်းစားလိုက်၏။ ပြီးနောက် ပြောလိုက်၏။ “အဖေက တကယ့်ကို ကောင်းမွန်တဲ့ အလုပ်တစ်ခုကို လုပ်ခဲ့တယ်”
ရုတ်တရက် ရှမ့်လန်နှင့် နင်ကျန်းတို့၏ စကားပြောမှုကို လျှို့ဝှက်မှတ်တမ်းတင်လျက် ရှိနေသည့် မိန်းမစိုးသည် မျက်မှောင်မကုတ်ဘဲ မနေနိုင်တော့ချေ။ သူက သူ့ခေါင်းကိုင်ဖခင်၏ တိတ်တဆိတ် မှာကြားထားမှုကြောင့် တစ်ဖက်လူများကို အသိပေးခဲ့ပြီးသားဖြစ်၏။ သို့ပေမည့် အထဲတွင် ရှိနေသည့် လူနှစ်ယောက်တို့က တကယ့်ကို ရဲတင်းလွန်းနေသည်။
သူ ဘာလုပ်ရမည်နည်း။ သူ့အနေနှင့် ရှိသမျှအရာအားလုံးကို မှတ်တမ်းတင်ရန်သာ ရှိတော့၏။ ‘ခင်ဗျားတို့က သေရမှာ မကြောက်ဘူး ဆိုပေမဲ့ ကျုပ်ကတော့ ကြောက်တယ်’
ဘုရင်မင်းမြတ်ကို ကောင်းမွန်သည့်အလုပ်တစ်ခုသာ လုပ်ခဲ့သည်ဟု နင်ကျန်းက ပြောဆိုခဲ့၏။ ထိုအရာက ကျိန်းသေပေါက် ဘုရင်မင်းမြတ်ကို ဒေါသထွက်စေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဘုရင်မင်းမြတ်က အလုပ်ပေါင်းများစွာကို ကောင်းမွန်အောင် ပြုလုပ်ခဲ့ပြီး သူ့ကိုယ်သူ နှစ်တစ်ရာအတွင်း ရှားရှားပါးပါး ပေါ်ပေါက်လာသည့် သူရဲကောင်း ဟု ထင်မှတ်ထားခဲ့၏။ အဘယ်သို့ တစ်ခုတည်းလုပ်ခဲ့သည်ဟု ပြောဆိုရသနည်း။
ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်တယ် ဘုရင်မင်းမြတ်က ကောင်းမွန်တဲ့ အလုပ်တစ်ခုကို လုပ်ခဲ့တယ်။ ဒါပေမဲ့ သူ့ဆီမှာ အကျင့်စရိုက်ဆိုးနှစ်ခု ရှိနေတယ်”
ရှမ့်လန်က ထပ်မံကာ ပြောလိုက်၏။ “အင်း.... အရှင်မင်းကြီးက ချစ်ခြင်းနဲ့ မုန်းခြင်းကြားမှာ ရှိနေတဲ့ အကြောင်းအရာကို သေသေချာချာ ရှင်းရှင်းလင်းလင်း နားလည်တဲ့ လူတစ်ယောက်ပဲ။ တစ်စုံတစ်ယောက်ကို နှစ်သက်တယ်ဆိုရင် သည်းခံတတ်တယ်။ ဒါပေမဲ့ တစ်စုံတစ်ယောက်ကို မနှစ်သက်ဘူးဆိုရင်တော့ တစ်ခုခုဖြစ်ပြီပဲ။ ဟုတ်တယ်။ ကျုပ်ဆီမှာလည်း အဲလို ကိုယ်ရည်ကိုယ်သွေးမျိုး ရှိတယ်။ ဒီကိစ္စက ဘာမှမှားယွင်းတဲ့ကိစ္စ မဟုတ်ဘူးလို့ထင်တယ်။ ထားပါတော့ ဒါက...”
မိန်းမစိုးလေးသည် ကြက်သီးမွှေးညှင်းများပင် ထသွားခဲ့၏။ သူက ငြိမ်ငြိမ်သက်သက်နှင့် ထပ်မံကာ မှတ်သားလျက် ရှိနေသည်။
နင်ကျန်းက မည်သည့်စကားမှ မဆိုချေ။ အဘယ့်ကြောင့်ဆိုသော် သားတစ်ယောက်အနေနှင့် အဖေ့၏အပြစ်ကို ဝင်ရောက်ပြောဆိုနေရန် မသင့်ချေ။ ပြောရမည်ဆိုလျှင် ထိုအရာနှင့်ပတ်သက်၍ သူက သဘောတူညီမှုတော့ ရှိ၏။
ဘုရင်တစ်ယောက်အနေနှင့် ပြဿနာတွေ့သည့် အချိန်တိုင်း နင်ယွမ်ရှန်းက သူ၏ ကြိုက်ခြင်း၊ မကြိုက်ခြင်း ထိုအရာပေါ်တွင် ပထမဆုံး ဦးစားပေး စဉ်းစား၏။ နိုင်ငံ၏ကောင်းကျိုး၊ မကောင်းကျိုးကို သူ သိပ်စိတ်ဝင်စားခြင်း မရှိချေ။ ထို့ကြောင့် တကယ့်ကို ဉာဏ်ပညာကြီးမားသည့် ဘုရင်တစ်ယောက်ဟု သတ်မှတ်ရန် ဆိုသည်မှာ ခက်ခဲလှချေသည်။
သို့ပေမည့် အရေးကြောင်းအခြေအနေမျိုးတွင် သူ၏ ကိုယ်ပိုင် ချစ်ခင်နှစ်သက်ခြင်း၊ မနှစ်သက်ခြင်းတို့ကို အသာဖယ်ထားပြီး နိုင်ငံ၏အကျိုးအမြတ်အတွက် စဉ်းစားမှုကိုလည်း ပြုလုပ်တတ်သေး၏။ ပြောရမည် ဆိုလျှင် ခေါင်းမာသည့် လူတစ်ယောက်လည်း ဖြစ်နေပြန်၏။
ရှမ့်လန်က ဆက်လက်ကာ ပြောဆိုလိုက်သည်။ “ဒါပေမဲ့ အရှင်မင်းသားကတော့ ခြားနားတယ်။ ဘာလို့လဲ ဆိုတော့ ခင်ဗျားက များပြားတဲ့ ကပ်ဘေးတွေ၊ အန္တရာယ်တွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်။ ခင်ဗျားက သည်းခံတတ်တဲ့ စိတ်အခြေခံကို ပိုင်ဆိုင်ပြီ နူးညံ့သိမ်မွေ့တဲ့ စိတ်နှလုံးကိုလည်း ပိုင်ဆိုင်တယ်။ စိတ်နှလုံးပိုင်းဆိုင်ရာအရ ပြောရမယ်ဆိုရင် အရှင်မင်းမြတ်ထက် အရှင်မင်းသားက ပိုပြီးအားကောင်းတယ်”
အမှောင်ထဲမှ တိတ်ဆိတ်ထိုင်ကာ မှတ်သားလျက်ရှိနေသည့် မိန်းမစိုးလေးက ငိုချင်စိတ်ပင် ပေါက်သွားမိ၏။ ဤအကြောင်းအရာကို ဘုရင်မင်းမြတ်ဆီ သူတင်ပြရမည်လား။
ရှမ့်လန်က ပြောလိုက်၏။ “အင်း… အိမ်ရှေ့စံမင်းသားကသာ နန်းပလ္လင်ကို ဆက်ခံမယ်ဆိုရင် တတိယမင်းသားရဲ့ ဂိုဏ်းဂဏတွေကလည်း ဆူပူလိမ့်မယ်။ တတိယမင်းသားက နန်းပလ္လင်ကို ဆက်ခံမယ်ဆိုရင်လည်း အိမ်ရှေ့စံမင်းသားရဲ့ ဂိုဏ်းဂဏတွေက ဆူပူလိမ့်မယ်။ ဒါပေမဲ့ အရှင်မင်းသားသာ နန်းပလ္လင်ကို ဆက်ခံလိုက်မယ်ဆိုရင် တတိယမင်းသားနဲ့ အိမ်ရှေ့စံမင်းသားတို့ရဲ့ နောက်လိုက် အရာရှိအကုန်လုံးကို ကယ်တင်သလို ဖြစ်သွားလိမ့်မယ်”
ထိုစကားကို ကြားသည့်အချိန်မှာတော့ မိန်းမစိုးလေးက အနည်းငယ် တုန်ယင်သွားခဲ့မိ၏။ ဘေးတစ်ဖက်မှ နားထောင်ရင်း ထိုအရာက အကျိုးသင့်အကြောင်းသင့်ရှိသည်ဟု ခံစားမိသည်။
သို့ပေမည့် ရှမ့်လန်၏ လေသံက ပြောင်းလဲသွားခဲ့လေ၏။ သူက ပြောလိုက်၏။ “ဟုတ်တယ် ရွှယ်မိသားစုကိုတော့ ဖျက်ဆီးရမယ်။ ဘာလို့လဲဆိုတော့ ကျုပ်က လက်စားချေချင်လို့ပဲ။ ကျုပ်က သူတို့ရဲ့ မိသားစုတစ်ခုလုံးကို ဖျက်ဆီးပစ်မယ်လို့ ပြောခဲ့ပြီးပြီဆိုမှတော့ ကျိန်းသေပေါက် သူတို့မိသားစုတစ်ခုလုံးကို ဖျက်ဆီးပစ်ရမယ်”
“အင်း…”
ရှမ့်လန်က ပြုံးကာ ပြောလိုက်သည်။ “အရှင်မင်းသား… ကျုပ်က ဘုရင်တစ်ယောက်ဖြစ်ဖို့ ထိုက်တန်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျုပ်က ကိုယ့်ရဲ့ကိုယ်ပိုင်ပျော်ရွှင်မှုကိုပဲ ဂရုစိုက်တဲ့ လူတစ်ယောက်မို့။ ကျုပ်က အခွင့်အာဏာကို လိုချင်တယ်။ ဒါပေမဲ့ တာဝန်ယူမှုကို မလုပ်ချင်ဘူး။ ပြောရမယ်ဆိုရင် ကျုပ်က အရှင်မင်းသားလောက် ကောင်းမွန်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ ကျုပ်သာ ဘုရင်ဖြစ်လာရင် လောကမှာရှိတဲ့လူတိုင်းကို လိုက်ပြီးသတ်နေမိလိမ့်မယ်”