← Chapters

အခန်း (၄၅၇)

Vol. 32 Ch. 457

အခန်း (၄၅၇)

Vol. 32 Ch. 457

နင်ကျန်းက အချိန်ခဏကြာ တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် ပြောလိုက်၏။ “ရှမ့်လန်… ကျုပ်က ဉာဏ်ကောင်းတဲ့ လူတစ်ယောက် မဟုတ်ဘူး။ နန်းပလ္လင်ပေါ်မှာ တက်ထိုင်နိုင်ဖို့ တစ်စုံတစ်ယောက် အနေနဲ့ ဘုရင်တစ်ယောက်ရဲ့ စိတ်ထားမျိုး ရှိဖို့လိုအပ်တယ်။ ကျုပ်အဖေရဲ့ နည်းလမ်းတွေက တကယ့်ကို ကြမ်းတမ်းပြီး ရိုင်းစိုင်းလွန်းတယ်။ ကျုပ်ကတော့ အဲလိုလုပ်နိုင်မယ့် လူမျိုးမဟုတ်ဘူး”

“ဘယ်သူပြောလဲ”

ရှမ့်လန်က နှာခေါင်းရှုံ့လိုက်သည်။ “ဒါတွေအားလုံးက အလိမ်အညာတွေချည်းပဲ။ ဘုရင်တစ်ယောက်ရဲ့ စိတ်နှလုံးသားက မွေးရာပါ ပါလာတယ်လို့ ခင်ဗျားကို ဘယ်သူကပြောလဲ။ တကယ်တော့ ဘုရင်တစ်ယောက် ရဲ့ ရှိသင့်ရှိထိုက်တဲ့ နှလုံးသားဆိုတာ လေ့လာသင်ယူရင်း ပိုင်ဆိုင်လာတဲ့အရာပဲ။

ခင်ဗျားတကယ်လို့ မယုံဘူးဆိုရင် ခင်ဗျားရဲ့အဖေ အရှင်မင်းကြီးကို သွားမေးကြည့်လိုက်။ သူ ဘုရင်စဖြစ်တုန်းကဆိုရင် အချဉ်တစ်ယောက်ပဲ။ လှုပ်ရှားရုန်းကန် သင်ယူရင်းနဲ့ ဒီနေ့လို အခြေအနေထိ ရင့်ကျက်ခဲ့တာပဲ”

မိန်းမစိုးလေးက မှတ်သားရာမှ ရပ်တန့်သွားခဲ့လေ၏။ သူက ‘ဘုရင်မင်းမြတ်အား အချဉ်တစ်ယောက်’ ဟု ထပ်မံ ရေးသားရဦးမှာလား။ သ ခဏလောက် တွန့်ဆုတ်သွားခဲ့မိ၏။ သို့ပေမည့် ဆက်လက်ကာ မှတ်သားလိုက်၏။

ရှမ့်လန်က ထပ်မံကာ ပြောလိုက်သည်။ “အချိန်တိုင်း၊ အချိန်တိုင်းမှာ ဘုရင်တွေက အားကောင်းတဲ့ အရာရှိ၊ အရာခံတွေကို မွေးထုတ်ပေးရတယ်။ ဟုတ်တယ် ဘုရင်နဲ့ သူ့ရဲ့အရာရှိအရာခံတွေဆိုတာက ဂိမ်းကစားပွဲတစ်ခုကို အမြဲတမ်း ဆင်နွှဲနေခဲ့ရတာပဲ။ ညီလာခံမှာ ရုန်းကန်ရမှုဆိုတာ နိုင်ငံရဲ့ ကောင်းကျိုးကို ဖော်ပြတဲ့ အဓိပ္ပာယ်ပဲ။

အရှင်မင်းသားကတော့ ငယ်ရွယ်စဉ်ထဲက ဒီလိုရုန်းကန်ရမှု၊ လူတွေရဲ့စိတ်နေစိတ်ထား အရာအားလုံးကို ကြီးကြီးမားမား ကြုံတွေ့ ဖြတ်သန်းခဲ့ရတယ်။ ဒီတော့ လူတွေရဲ့ အတွင်းစိတ်ကို တစ်ချက် ကြည့်ရုံနဲ့ သိရှိနိုင်တဲ့ လူမျိုးပဲ။ ဒါက အသိဉာဏ်ပညာပဲ။ ဒီလိုအသိဉာဏ်ပညာမျိုးက တော်ရုံလူတွေမှာ ရှိမှာ မဟုတ်ဘူး”

နင်ကျန်းက ပြောလိုက်၏။ “အင်း… ခင်ဗျားရဲ့ အသိဉာဏ်ပညာကလည်း တကယ့်ကို ကြီးမားတာပဲ။ ပြီးတော့ နတ်ဆိုးတစ်ကောင်နီးပါးလောက်တောင် ကြောက်ဖို့ကောင်းတယ်။ ကျင်းမိသားစုကို ကူညီပြီး မူဝါဒအသစ်ရဲ့ ဘေးအန္တရာယ်ကို ဖယ်ရှားပစ်ခဲ့တယ်။ စုမိသားစုကို သုတ်သင်ရှင်းလင်းခဲ့တယ်။ တစ်လှမ်းချင်း တစ်လှမ်းပဲ။ တစ်ခြား ဘာအရာမှ မရှိဘူး။ ခင်ဗျားနဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် ကျုပ်က တကယ့်ကို ညံ့ဖျင်းပါတယ်”

ရှမ့်လန်က သက်ပြင်းချကာ ပြောလိုက်သည်။ “အရှင်မင်းသား… ပါရမီရှင်ဆိုတာ ဘာလဲ။ ကျုပ်က လူတွေကို ဘယ်လို ထိခိုက်နာကျင်အောင် လုပ်မယ်ဆိုတာကို စားရင်းသောက်ရင်းနဲ့ အချိန်တိုင်း တွေးနေခဲ့တာ။ ကျုပ်ရဲ့ ပါရမီက လူတွေ ဒုက္ခရောက်အောင် လုပ်တာပဲ။

ဒီတော့ပြောရမယ်ဆိုရင် ကျုပ်က ပါရမီရှင်တစ်ယောက် မဟုတ်ဘူး။ လူတွေကို ထိခိုက်နာကျင်အောင် ပြုလုပ်တာပဲ။ ကျုပ်လိုလူ ဘုရင်တစ်ယောက် ဖြစ်လာမယ်ဆိုရင် လူတွေအကုန် သေကုန်လိမ့်မယ်”

ထိုစကားစုကို ကြားသည့်အချိန်မှာတော့ မှတ်တမ်းကို မှတ်လျက်ရှိနေသည့် မိန်းမစိုးလေးက ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားခဲ့၏။ သူ ဒီနေ့ ရှမ့်လန်ကို အပြစ်များ ပြုမိနေသည်လား။ အဘယ့်ကြောင့် သူ ရေးမှတ်ရခက်သည့် အကြောင်းအရာများကို ဆက်တိုက်ပြောဆိုနေရသနည်း။

ရှမ့်လန်က ထပ်မံကာ ပြောလိုက်၏။ “အရှင်မင်းသား… ကျုပ်က စွန့်စားရတာကို ကြိုက်တယ်။ ဒါပေမဲ့ အဲဒါက တကယ်တော့ မကောင်းဘူး။ အရှင်မင်းကြီးမှာလည်း ဒီလိုပြဿနာမျိုးရှိတယ်။ ဘုရင်တစ်ယောက် အနေနဲ့ ဘုရင်တစ်ယောက်ရဲ့ လမ်းစဉ်ကိုပဲ လိုက်နာသင့်တယ်။ လောကကြီးရဲ့ အမှန်ကန်ဆုံး လမ်းကြောင်းက ဒါပဲ။ ခင်ဗျားက ဒီကိစ္စနဲ့ ပတ်သက်ပြီး သင့်တော်တဲ့ လူတစ်ယောက်ပဲ။ အရှင်မင်းကြီးလို ဘုရင်မျိုးက မျိုးဆက်တစ်ခုနဲ့တင် လုံလောက်နေပါပြီ။ သူ့လို လူမျိုး ထပ်ပေါ်လာလို့မဖြစ်ဘူး။

ဒုတိယ အဲလိုမျိုးဆက်မျိုးသာ ပေါ်လာမယ်ဆိုရင် ရွှဲ့ပြည်နယ်က ခံနိုင်မှာ မဟုတ်ဘူး။ အရှင်မင်းကြီးက တကယ့်ကို ရဲတင်းပြီး အရေးကြောင်း အခြေအနေမျိုးမှာ စွန့်စားရဲတယ်။ ဒါပေမဲ့ ဒီကိစ္စက လောင်းကစား ဆန်လွန်းတယ်။ နိုင်ငံတစ်ခုရဲ့ ကံကြမ္မာအပေါ်မှာ အလောင်းအစား ထပ်တယ်ဆိုတာ အမြဲတမ်း ပြုလုပ်လို့ ကောင်းတဲ့အရာ မဟုတ်ဘူး။”

ထိုအချိန်မှာတော့ တာဝန်ယူထားသည့် မိန်းမစိုးလေးက ကြားသမျှကို ရေးမှတ်လျက် ရှိနေ၏။ ရှမ့်လန်၏ စကားလုံးများက နင်ကျန်းအတွက်ဖြစ်၏။ သို့ပေမည့် ထိုအရာက ဘုရင်မင်းမြတ်အတွက်လည်း ဖြစ်နေသည်။

ဟုတ်ပေ၏။ ဘုရင်မင်းမြတ်ကို အကြံပြုနေခြင်း မဟုတ်ချေ။ ရှမ့်လန်က ရာထူးရာခံရှိသည့် အရာရှိကြီး တစ်ယောက် မဟုတ်သလို ကျိန်းသေပေါက် သီလသမာဓိနှင့် ပြည့်စုံသည့် အမှုထမ်းတစ်ယောက်လည်း မဟုတ်ချေ။ ဘုရင်မင်းမြတ်ကို အဘယ်သို့ ထောက်ပြပြောဆို၍ ရမည်နည်း။ သို့သော်ငြား သူ၏စကားလုံးများက ဘုရင်မင်းမြတ်ကို ပြောဆိုနေသကဲ့သို့ပင်။

နင်ကျန်း အိမ်ရှေ့စံမင်းသားဖြစ်လာရန် သူ မည်သို့လုပ်ရမည်နည်း။ နင်ကျန်းက ဘုရင်တစ်ယောက်အဖြစ် ပိုမိုသင့်တော်သည့် လူတစ်ယောက်ဖြစ်ကြောင်း ဘုရင်မင်းမြတ်ကို ပြသရပေလိမ့်မည်။

ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းသား… ခင်ဗျားက ဉာဏ်ကောင်းတယ်။ ပြီးတော့ လူတွေရဲ့ နှလုံးသားကို မြင်နိုင်တယ်။ ပြီးတော့ ခင်ဗျားဆီမှာ သူတို့ကို ထိန်းချုပ်နိုင်စွမ်းရှိတယ်။ ခင်ဗျားက ငယ်ရွယ်စဉ်ထဲက ခက်ခဲကြမ်းတမ်းမှုတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး သန်မာအားကောင်းတဲ့ စိတ်နှလုံးသားကို ပိုင်ဆိုင်တယ်။

ခင်ဗျားက တစ်စုံတစ်ခုတွေ့ရင် ကြောက်လန့်ခြင်း ဒါမှမဟုတ် နောက်ဆုတ်ပြေးခြင်းကို ဘယ်တော့မှ မလုပ်ဘူး။ ပြီးတော့ အမြင်ကျယ်တယ်။ ခင်ဗျား ကြိုက်နှစ်သက်ခြင်းမရှိတဲ့ လူတွေကိုတောင်မှ ခင်ဗျားက သည်းခံနိုင်စိတ် ရှိတယ်။

ဘုရင်တစ်ယောက်ရဲ့ နှလုံးသားဆိုတာ ခြင်္သေ့တစ်ကောင်ရဲ့ လည်ဆံမွေးလို့ပဲ။ အရွယ်ရောက်လာမှ စုံလင်တာလေ။ အရှင်မင်းသားလည်း ခြင်္သေ့ဖြစ်လာပြီဆိုရင် လည်ဆံမွေးထွက်လာပါလိမ့်မယ်။ လောလောဆယ် ခြင်္သေ့ ဖြစ်ဖို့လိုတယ်။”

ရှမ့်လန်သည် တခြားသောသူများကို အရူးလုပ်သည့်နေရာတွင် တကယ့်ကို အားကောင်းသည့် လူတစ်ယောက်ဟု ပြောဆိုရပေလိမ့်မည်။ အနည်းဆုံးအနေနှင့် အပြင်ဘက်တွင် ပြောသမျှ စကားလုံးတိုင်း လိုက်လံရေးသားမှတ်တမ်းတင်နေသည့် မိန်းမစိုးလေးကပင် ရှမ့်လန်ဘက်သို့ ပါလာခဲ့၏။ သူက မင်းသားနင်ကျန်းကို တွေ့လေ့တွေ့ထ မရှိသော်လည်း နန်းပလ္လင်အတွက် တကယ့်ကို သင့်တော်သည့် လူတစ်ယောက်ဖြစ်ကြောင်း ခံစားလာမိ၏။ သောက်ကျိုးနည်း ရှမ့်လန်ပါတကား။

ရှမ့်လန်၏ စကားလုံးများကို နားထောင်ပြီးနောက် နင်ကျန်း၏ ခန္ဓာကိုယ်တစ်ခုလုံးက ပူလောင်လာခဲ့၏။ သူက ဘုရင်တစ်ပါးဖြစ်ရန် လုံလောက်နေပြီလား။ အချိန်ခဏကြာပြီးသည့်နောက် နင်ကျန်းက ပြောလိုက်၏။ “ကျုပ်က… အင်း… အရုပ်ဆိုးတယ် မဟုတ်လား။ ပြီးတော့ အရပ်ပုတယ်”

ရှမ့်လန်က ပြောလိုက်သည်။ “စိတ်မပူနဲ့… ခင်ဗျားထက်ပိုပြီးတော့ အရုပ်ဆိုး၊ အရပ်ပု၊ အသားမဲတဲ့ ဘုရင်ကိုတောင် ကျုပ်သိတယ်။ သူက တကယ့်ဘုရင်တစ်ပါးဖြစ်ခဲ့ပြီးတော့ အနောက်ဘက်လောကကြီး တစ်ခုလုံးကို စုစည်းနိုင်ခဲ့တယ်။ သမိုင်းမှတ်တမ်းမှာ တကယ့်ကို ကြီးမားတဲ့ ဒဏ္ဍာရီလာ မှတ်တမ်းများကို ဖန်တီးနိုင်ခဲ့တဲ့ လူပဲ”

ဟုတ်ပေ၏။ နပိုလီယံသည် ၁.၇ မီတာနီးပါးခန့် အရပ်ရှိ၏။

နင်ကျန်းက ထပ်မံကာ ပြောလိုက်သည်။ “အင်း… ဒါပေမဲ့ ကျုပ်က စကားလည်း ထစ်တယ်။ ရှမ့်လန်… စကားထစ်တဲ့ ဘုရင်တစ်ယောက်ကိုကော မြင်ဖူးလား။”

“ဘယ်လောက်တိုက်ဆိုင်လိုက်လဲ”

ရှမ့်လန်က ပြောလိုက်၏။ “ရှေးသမိုင်းတွေထဲမှာ စကားထစ်တဲ့ ဘုရင်တစ်ယောက်ကိုလည်း ကျုပ်သိခဲ့တယ်”

နင်ကျန်းက ကြောင်အသွားခဲ့သည်။ “တကယ်လား”

ရှမ့်လန်က ပြောလိုက်၏။ “အင်း… နေမဝင်အင်ပါယာဆိုတာ ရှိခဲ့တယ်။ အဲဒါက အရမ်းကို အားကောင်းလွန်းတယ်။ သူတို့ရဲ့ တည်နေရာပိုင်နက်က ကျုပ်တို့ တော်ဝင်ရန်နိုင်ငံထက် အဆပေါင်း နှစ်ဆဝန်းကျင်လောက် ပိုပြီးကြီးမားတယ်”

ထိုစကားစုထွက်လာသည့် အချိန်မှာတော့ နင်ကျန်းသာမက တိတ်တဆိတ် ရေးမှတ်လျက်ရှိနေသည့် မိန်းမစိုးလေးတို့က တုန်လှုပ်သွားခဲ့ကြ၏။ တော်ဝင်ရန်နိုင်ငံသည် အားလုံးစိတ်ကူးယဉ် တွေးထင်ထားသည် ထက်ပင် ပိုမိုကာ ကြီးမား၏။ လူတော်တော်များများက တော်ဝင်ရန်နိုင်ငံ မည်မျှကြီးမားကြောင်းကိုပင် အတိအကျ မသိရှိကြချေ။

တော်ဝင်ရန်နိုင်ငံသည် အနည်းဆုံး စတုရန်းကီလိုမီတာ ၁၃ သို့မဟုတ် ၁၄ သန်းလောက် ရှိလိမ့်မည်ဟု နင်ကျန်းက တွက်ချက်ထား၏။ တကယ့်ကို ကြီးမားလှချေ၏။ သို့ပေမည့် ယခုထက်ပိုမိုကာ ကြီးမားသည့် အင်ပါယာကြီးတည်ရှိနေလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။

နင်ကျန်းက ပြောလိုက်၏။ “အင်း… ဒါရင် အဲဘုရင်ကကော ဘယ်လို စကားထစ်တာလဲ”

ရှမ့်လန်က ပြောလိုက်၏။ “အဲဘုရင်က စကားထစ်ရုံတင်မကဘူး။ သိုသိုသိပ်သိပ်လည်း နေထိုင်တတ်တယ်။ ပြီးတော့ တွေဝေငေးငိုင်နေတတ်တဲ့ လူတစ်ယောက်ပဲ။ အရေးအကြောင်း အခြေအနေမျိုးမှာ သူက နိုင်ငံတစ်ခုလုံးကို ကယ်တင်ခဲ့တယ်။ ကမ္ဘာကြီးရဲ့ တစ်ဝက်လောက်ကိုမှ ကယ်တင်ခဲ့ပြီး ဂုဏ်သိက္ခာကြီးမားတဲ့ ဘုရင်မင်းမြတ်တစ်ပါး ဖြစ်လာခဲ့တယ်”

ဟုတ်ပေ၏။ သူပြောသည်မှာ အင်္ဂလန်နိုင်ငံ ဆဋ္ဌမမြောက် ဂျော့ဘုရင်ပင် ဖြစ်၏။ အင်္ဂလန်ကို ကယ်တင်ပေးခဲ့ပြီး လောကကြီး၏ တစ်ဝက်လောက်ကို ကယ်တင်ပေးခဲ့၏။ အရေးအကြောင်း အခြေအနေမျိုး တွင် ဆဋ္ဌမမြောက်ဂျော့ဘုရင်က ဂျာမနီကို တိုက်ခိုက်မည့် အင်္ဂလန်၏ ဆုံးဖြတ်ချက်ကို ပိုမို အားကောင်းအောင် တွန်းအားနိုင်ခဲ့၏။ သူ၏ နာဇီဂျာမနီများပေါ်ထားရှိသည့် သဘောထားက မည်သို့ပင် မပြတ်သားစေကာမူ ဒုတိယကမ္ဘာ့သမိုင်းမှာတွင်တော့ သူ၏စွမ်းဆောင်ရည်များက ထူးကဲ ပြောင်မြောက်လွန်းခဲ့ချေသည်။

ရှမ့်လန်က ပြောလိုက်၏။ “အရှင်သားနဲ့ စိတ်နေသဘောထား၊ သဘောထားကြီးမြတ်မှုကို နှိုင်းယှဉ်လိုက်မယ်ဆိုရင် အရှင့်သားက အဲဒီစကားထစ်တဲ့ ဘုရင်ထက် အများကြီးသာလွန်ပါတယ်။ ပြီးတော့ အရှင်သားရဲ့ စကားထစ်တဲ့ ဝေဒနာကိုလည်း ကျုပ်တို့ ကုသပေးနိုင်ပါတယ်”

ရှမ့်လန်က ‘ကျုပ်’ ဟု မပြောဘဲ ‘ကျုပ်တို့’ ဟု သုံးစွဲခဲ့၏။ အဘယ့်ကြောင့်ဆိုသော် စကားထစ်ခြင်းကို ကုသရာ၌ အပြင်ဘက် အကြောင်းအရာများထက် အတွင်းစိတ်ပိုင်းဆိုင်ရာ အကြောင်းအရာများက ပိုမို၍ အရေးကြီးသောကြောင့်ပင်။

ဆဋ္ဌမမြောက် ဂျော့ဘုရင်က တစ်ယောက်တည်း နေထိုင်တတ်သည့်သူ၊ လူမှုရေးဆက်ဆံရေး ညံ့ဖျင်းသည့်သူ ထို့အပြင် စိတ်တိုဒေါသထွက်လွယ်သူတစ်ဦးဖြစ်၏။ သူက စိတ်ဖိစီးမှုများလာသည့် အချိန်မျိုးတွင် သူ၏မိန်းမကိုပင် ရိုက်နှက်တတ်သည့် လူဖြစ်ပြီး သူ၏စကားထစ်သည့် ရောဂါက သေသည်အထိ မပျောက်ကင်းခဲ့ပေ။

သို့ပေမည့် နင်ကျန်းမှာတော့ ထိုသို့မဟုတ်ပေ။ သူက ပိုမို၍ သည်းခံနိုင်စွမ်းရှိ၏။ ထို့အပြင် လူများနှင့် ဆက်ဆံရာ၌ ထူးချွန်လွန်းသူမဟုတ်လျှင်တောင်မှ ငါတကော ကောတတ်သည့် လူမျိုးမဟုတ်ချေ။ တစ်ယောက်တည်း နေထိုင်တတ်သောကြောင့်သာ တခြားသောသူများသည် သူ၏နှလုံးသားထဲသို့ ဝင်ရောက်ရန် ခက်ခဲနေခြင်းဖြစ်၏။

ယခုအချိန်မှာတော့ သူနှင့် သူ၏မိန်းမ ကတော်ကျိုးတို့က တစ်ယောက်နှင့် တစ်ယောက် အလွန်ပင် ချစ်ခင်ကြင်နာကြ၏။ ထိုတင်သာမက ကျင်းမူကုန်းနှင့်လည်း ရင်းနှီးသည့် မိတ်ဆွေများဖြစ်လာခဲ့၏။ ပိုမို ရင့်ကျက်ပြီး တည်ငြိမ်လာခဲ့သည်။

ကျင်းမူကုန်းနှင့် ရွယ်တူသော်လည်း သူတို့နှစ်ယောက် ပြောဆိုဆက်ဆံသည့်အချိန်မျိုးတွင် နင်ကျန်းက အစ်ကိုကြီးတစ်ယောက်နှင့် ပိုမို၍ တူ၏။ ထို့တင်မက လူကြီးတစ်ဦးနှင့်ပင် ပိုမိုကာ တူညီနေသေး၏။ နင်ကျန်း လိုအပ်သည်မှာ တခြားသောသူများ၏ ဂရုစိုက်မှုနှင့် ယုံကြည်မှုသာဖြစ်၏။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာသည်နှင့် တပြိုင်နက် စကားထစ်သည့်ဝေဒနာက ပျောက်ကင်းသွားပေလိမ့်မည်။

နင်ကျန်းက သူ၏မျက်လုံးကို မှိတ်ရင်း မြေပြင်ပေါ်တွင် တိတ်တဆိတ်ထိုင်လျက် ရှိ၏။ မိနစ်အနည်းငယ် ကြာပြီးနောက် သူက မျက်လုံးကို ဖွင့်ကာ ပြောဆိုလိုက်၏။ “ကောင်းပြီ… ဒါဆိုလည်း နန်းပလ္လင်လုပွဲကို စကြရအောင်”

ထိုအချိန်မှာတော့ မိုးကြိုးပစ်သံများ၊ လျှပ်စီးလက်ခြင်းများ၊ မြေငလျင်တုန်လှုပ်ခြင်းများ မရှိခဲ့ချေ။ ပတ်ဝန်းကျင်မှ ကြွက်များ၏ တကျီကျီမြည်သည့် အသံများသာလျှင်ရှိ၏။ သို့ပေမည့် လျှို့ဝှက် မှတ်တမ်းတင်လျက် ရှိနေသည့် မိန်းမစိုးငယ်လေးသည် ဤအခိုက်အတန့်မှာ တကယ့်ကို ခမ်းနားပြီး ကြီးကျယ်မြင့်မြတ်လွန်းသည်ဟု ခံစားလိုက်မိသည်။

သူက မှတ်တမ်းတင်ရန် တာဝန်ကျသူတစ်ယောက်ဖြစ်သော်လည်း ဤအဖြစ်အပျက်ဆီမှ မြင့်မြတ်သည့် ခံစားမှုတစ်ခုကို ရရှိခဲ့၏။ သူက မှတ်တမ်း၏အဆုံးသတ်တွင် ဝါကျတစ်ကြောင်းကိုပင် မသိမသာ ထည့်သွင်းရေးသားချင်စိတ် ပေါ်ပေါက်လာခဲ့၏။

‘ကံကြမ္မာသမိုင်း၏ ဘီးတပ်ယာဉ်ကြီးက စတင် လည်ပတ်ခဲ့ပြီ။ ဘုရင်မင်းမြတ်၏ ကြီးမြတ်သောခရီးလမ်းက ဤမှောင်မိုက်သော အကျဉ်းထောင်မှ စတင်ခဲ့သည်’

ထိုသို့ရေးမည်အပြုတွင် သူက ရုတ်တရက် လျင်မြန်စွာ သတိဝင်လာခဲ့သည်။ ‘ဒါတွေ ရေးလို့မဖြစ်ဘူး။ ရေးလို့ မဖြစ်သေးဘူး။ ရေးလိုက်ရင် ငါ့ရဲ့ကိုယ်ပိုင်ခံစားချက် ဖြစ်သွားလိမ့်မယ်။ ဒါဆိုရင် ငါသေလိမ့်မယ်’

သို့ပေမည့် အကြောင်းအရင်းကို သူက မသိရှိချေ။ သူသည် လက်ကိုမြှောက်၍ တစ်ဖက်လူအပေါ် ထောက်ခံချင်စိတ်များပင် ပေါ်လာခဲ့၏။ ‘ကျုပ် ပဉ္စမမင်းသားကို ထောက်ခံတယ်’ သို့ပေမည့် သူက သာမန် မိန်းမစိုးလေးဖြစ်၏။ ထို့ကြောင့် သူ ထောက်ခံသည် ဆိုလျှင်တောင်မှ မည်သူမှ ဂရုစိုက်မည် မဟုတ်ပေ။

နင်ကျန်း၏စကားကို ကြားရသည့်အချိန်မှာတော့ ရှမ့်လန်၏ နှလုံးသားက အနည်းငယ် တုန်လှုပ် သွားခဲ့၏။ ပဉ္စမမင်းသားနင်ကျန်းက တကယ့်ကို သည်းခံနိုင်စွမ်းရှိပြီး စိတ်ပိုင်းဖြတ်မှု၌လည်း ပြတ်သားလွန်းသူ ဖြစ်၏။ စကားတစ်ခွန်းပြောလျှင် ထိုအရာကို အဆုံးထိ လုပ်ဆောင်တတ်သူလည်း ဖြစ်၏။ ရှေ့ကိုသာ တိုးပြီး ဘယ်တော့မှ နောက်ပြန်လှည့်တတ်သည့် လူမဟုတ်ချေ။

ရှမ့်လန်က ချက်ချင်းပဲ အရိုအသေပြုလိုက်သည်။ “အရှင်သားကို ကျုပ် အစွမ်းကုန် ကူညီပါ့မယ်”

နင်ကျန်းက မချိပြုံး ပြုံးကာ ပြောလိုက်၏။ “ဒါပေမဲ့ နန်းပလ္လင်လုမယ်လို့ ပြောခဲ့တာက ကျုပ်ကိုယ်တိုင်တောင် အနည်းငယ် ရယ်စရာကောင်းနေတယ်လို့ ထင်နေတုန်းပဲ။ အခု ထောင်ထဲမှာ ရောက်နေတာ။ အပြင်လူတွေထက်တောင် အခြေအနေဆိုးနေသေးတယ်”

ရှမ့်လန်က ပြောလိုက်သည်။ “အရှင်သား… စိတ်ချပါ။ အရှင်သားကို ကယ်တင်ဖို့ ကျုပ် နည်းလမ်း ရှာနေပါတယ်။ ရက်အနည်းငယ်လောက် သည်းခံပေးပါ”

သူ့၌ နင်ကျန်းကို ကယ်တင်ရန် နည်းလမ်း မရှိသေးသော်လည်း ထိုအရာကို မဖြစ်မနေ စဉ်းစားရပေလိမ့်မည်။ အချိန်တော့ အနည်းငယ်ယူရပေလိမ့်မည်။

နင်ကျန်းက ပြောလိုက်၏။ “ကောင်းပြီ”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင်လည်း ကျုပ်ကို ခွင့်ပြုပါအုံး”

ပြီးနောက် ရှမ့်လန်က အခန်းထဲမှ ထွက်ခွာသွားခဲ့၏။

ရှမ့်လန်ထွက်ခွာသွားပြီးနောက် မိန်းမစိုးငယ်လေးက မထွက်ခွာသေးချေ။ နင်ကျန်းက ဆက်လက်ကာ မထိုင်တော့ဘဲ ထရပ်ပြီး ဟိုဒီလမ်းသလားလျက်ရှိနေလေ၏။ သို့ပေမည့် သူ၏စိတ်ထဲတွင် မသတ်မသာ ခံစားနေရ၏။ ပြီးနောက် မြေပြင်ပေါ်သို့ လှဲချလိုက်၏။ ထိုအချိန်မှာတော့ ကြွက်တစ်ကောင်သည် သူ့ကို သေသွားပြီဟု ထင်မှတ်ရင်း ခန္ဓာကိုယ်ပေါ်သို့ပင် တက်လာဝံ့လေသည်။

သောက်ကျိုးနည်း .. ကြွက်ပင် သူ့ကို ဂရုမစိုက်ခဲ့ပေ။

………..

နာရီဝက်ကျော်ကြာပြီးနောက် ...

နန်းတော်ထဲမှာတော့ နင်ယွမ်ရှန်းက အိပ်စက်ခြင်း မရှိသေးချေ။ သူက ရှမ့်လန်တို့၏ စကားပြောဆိုမှု မှတ်တမ်းကို သေသေချာချာ ဖတ်ရှုနေ၏။ ထိုမှတ်တမ်းက တစ်စောင်တည်း မဟုတ်ပေ။ သူက လူတစ်ယောက်တည်းကို မစေလွှတ်ဘဲ သုံးယောက်တိတိကို စေလွှတ်ထားခဲ့၏။ သို့ပေမည့် ထိုလူသုံးယောက်က တစ်ယောက်နှင့်တစ်ယောက် ရှိနေမှန်း မသိကြပေ။

ဟုတ်ပေ၏။ မသိနားမလည်သော မိန်းမစိုးငယ်လေးက သူ ရှိနေကြောင်း ချောင်းဟန့်သတိပေးခဲ့သည်။ ထို့ကြောင့် စကားဝိုင်းမှတ်တမ်းတွင် ရှမ့်လန်၏စကားလုံးများက ပိုမိုရဲတင်းနေခဲ့၏။ ယခင်တစ်ချိန်က အရှင်မင်းကြီးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်ထက်ပင် ပို၍ရဲတင်းလွန်းနေ၏။

ရှမ့်လန်သည် နင်ယွမ်ရှန်းက ကောင်းသည့် ဘုရင်တစ်ပါးဖြစ်သော်လည်း ထင်သလောက် ပညာမရှိဟု ပြောဆိုခဲ့ လေ၏။ အရှင်မင်းကြီးက စွန့်စားမှုကို အလွန်အမင်း နှစ်သက်ပြီး မှန်ကန်သည့်အရာများကို အချိန်ကိုက် မလုပ်ဆောင်နိုင်ခဲ့ချေ။ နိုင်ငံတော်၏ ကံကြမ္မာကိုပင် လောင်းကြေးထပ်ခဲ့ကြောင်း၊ တစ်နေ့နေ့တွင် ပြဿနာကြီး ဖြစ်လာနိုင်ကြောင်းကိုလည်း ပြောခဲ့သေးသည်။

အရှင်မင်းမြတ်က ထက်မြက်ပြီး စိတ်ဓာတ်ခိုင်မာမှု ရှိသော်လည်း စိတ်သဘောထား ကြီးမြတ်မှု မရှိဟုလည်း ပြောဆိုခဲ့၏။ ဘုရင်မင်းမြတ်တစ်ပါး၏ နှလုံးသားဆိုသည်မှာ ခြင်္သေ့လည်ဆံမွေးဟုပင် ကိုးကားပြော ဆိုခဲ့သေး၏။

နင်ယွမ်ရှန်းက ယခင်က နိုင်ငံရေးနှင့် ပတ်သက်လျှင် နလပိန်းတုံးတစ်ယောက်၊ အချဉ်တစ်ယောက် ဖြစ်ခဲ့မှန်းပင် အတိအကျ ဖောက်သည်ချသေးသည်။ ထို့အပြင် နင်ကျန်းသည် နင်ယွမ်ရှန်း ထက် ဘုရင်တစ်ပါးဖြစ်ရန် ပိုမိုသင့်တော်သည်ဟု မြှောက်ပေးခဲ့သည်။

ဤစကားလုံးများက ရဲတင်းသည်ဟု မဆိုနိုင်တော့ဘဲ ပုန်ကန်သည့်သဘောသို့ပင် သက်ရောက်နေခဲ့၏။ အကယ်၍ ဤစကားကို တခြားသောသူတစ်ဦးဦးကသာ ပြောဆိုခဲ့ပါက မိသားစုတစ်ခုလုံး သုတ်သင်ခြင်းကို ခံရပေလိမ့်မည်။

နင်ယွမ်ရှန်းက မှတ်တမ်းကို ဖတ်ရှုရင်း တစ်ကိုယ်လုံး တုန်ယင်နေ၏။ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်ပြီး မူးဝေဝေပင် ခံစားနေမိ၏။ ရှမ့်လန်၏ စကားလုံးများကို မနှစ်မျို့သောကြောင့် မဟုတ်ချေ။ ရှမ့်လန်၏ စကားလုံးများက သူ၏နှလုံးသားကို တိုက်ရိုက်ထိမှန်နေသောကြောင့်ပင်။

နင်ယွမ်ရှန်းက တကယ်ပဲ ထက်မြက်လွန်းသည့် လူတစ်ယောက်ဖြစ်၏။ သူက များစွာသော အရာများကို နှလုံးသားထဲတွင် သိမြင်နေသည်ဆိုသော်လည်း ထိုအရာများကို လက်ခံချင်စိတ် မရှိချေ။ သူက သူ၏ ချို့ယွင်းချက်များကို ရှင်းရှင်းလင်းလင်း သိမြင်သော်လည်း ထိုအရာကို ပြောင်းလဲချင်စိတ် မရှိချေ။ ဤစရိုက်က မွေးရာပါဖြစ်ပြီး ပြောင်းလဲ၍ မရနိုင်သည့် အရာကဲ့သို့ပင်။

All Chapters