အခန်း (၄၅၈)
Vol. 32 Ch. 458
နင်ယွမ်ရှန်းက မရေတွက်နိုင်သည့် မြှောက်ပင့်ချီးကျူးမှုကြားထဲ ရောက်ရှိနေခဲ့ပြီး သူ၏မျက်မှောက် အောင်မြင်မှုများတွင် သာယာနေတတ်သည်။ သူက မိမိကိုယ်ကို ပညာရှိဘုရင်တစ်ပါးဟု ထင်မှတ်ခဲ့၏။ သို့ပေမည့် ယခု ရှမ့်လန်နှင့် နင်ကျန်းတို့၏ ပြောဆိုသည့် ဘုရင်တစ်ပါး၏ အကြောင်းအရာသည် သူ၏နှလုံးသားတစ်ခုလုံးကို တည့်တိုးထိမှန်ခဲ့၏။
နင်ယွမ်ရှန်း ဒေါသထွက်နေသည်မှာ အမှန်ဖြစ်ပြီး တစ်ဖက်လူများကို အပိုင်းပိုင်း ဆွဲစုတ်ဖြဲပစ်ချင်စိတ် ပေါက်နေသည်။ သို့ပေမည့် ဒေါသထွက်နေရင်းမှာပဲ နင်ယွမ်ရှန်းက မိမိကိုယ်ကို ပြန်လည်ကာ သုံးသပ်မိ၏။ ပထမဦးဆုံးအချက်အနေဖြင့် ရှမ့်လန်၏ မနှစ်မျို့ဖွယ် စကားလုံးများက သူ့ကို တိုက်ရိုက်ပြောကြားနေခြင်း မဟုတ်ပေ။ ထိုအစား သွယ်ဝိုက်သော နည်းလမ်းဖြင့် သူ့ဆီကို ရောက်ရှိစေခဲ့ခြင်းသာ ဖြစ်သည်။
ထိုအရာက ဘာကိုသက်သေပြသနည်း။ ရှမ့်လန်မှာ သတ္တိမရှိ၍လား။ မဟုတ်ပေ။ ရှမ့်လန်သည် ယခုထက်ပင် ပိုမိုရဲတင်းသည့် စကားလုံးများကို သူ့အား ပြောဆိုခဲ့ဖူး၏။ သို့ပေမည့် ယခုစကားများကို သူ့အား တိုက်ရိုက် မပြောရခြင်းဆိုသည်မှာ နင်ယွမ်ရှန်း၏ စိတ်ခံစားချက်များကို မထိခိုက်စေလိုသောကြောင့်သာ ဖြစ်ပေလိမ့်မည်။
နင်ယွမ်ရှန်းက ဤအချက်ကို ဂရုမစိုက်သော်လည်း တန်ဖိုးတော့ ထားသေး၏။ ရှမ့်လန်ကဲ့သို့ မာနကြီးသည့် လူတစ်ယောက်ပင် သူ နင်ယွမ်ရှန်း၏ ခံစားချက်များကို ဂရုစိုက်ရ၏။
ဒုတိယအချက်အားဖြင့် ရှမ့်လန်ပြောခဲ့သည့် အရာများက မှန်ကန်၏။ ဟုတ်ပေ၏။ နင်ယွမ်ရှန်းသည် နင်ကျန်း အပေါ်ရှိ ရှမ့်လန်၏ သုံးသပ်ချက်များကို ဂရုမစိုက်သေးပေ။ သို့ပေမည့် မိမိကိုယ်ကို ပြန်လည် မေးခွန်းထုတ်ခဲ့ပြီးနောက် ရှမ့်လန်၏ သူ့အပေါ်ထားသည့် သုံးသပ်ချက်များ အားလုံးက မှန်ကန်ကြောင်းကိုတော့ သိရှိသည်။
ယေဘူယျအားဖြင့် နင်ယွမ်ရှန်းက အမှန်တရားကို နားမထောင်သူတစ်ယောက်ဖြစ်၏။ သို့ပေမည့် သူစကား နားထောင်သည့် လူနှစ်ယောက်ရှိ၏။ တစ်ယောက်မှာ သူ၏ မိဖုရားကြီးပျံ့ဖြစ်ပြီး နောက်တစ်ယောက် မှာတော့ သူ၏ယောက္ခမတော်စပ်သူ ဝန်ကြီးချုပ် ကျူးဟောင်ကျူးပင် ဖြစ်၏။
မိဖုရားကြီးပျံ့သည် သူ့ကိုချစ်ခင်ပြီး ဂရုစိုက်၏။ သူမက သူ၏မိသားစုဝင် အစစ်အမှန်ဖြစ်ပြီး သူ၏ မိဖုရားကောင်း တစ်ယောက်လည်း ဖြစ်သည်။
ဝန်ကြီးချုပ် ကျူးဟောင်ကျူးမှာမူ အတ္တကြီးသူတစ်ယောက် ဖြစ်ပြီး အရာရာကို ကျူးမိသားစုအတွက် လုပ်ဆောင်၏။ သို့ပေမည့် ဝန်ကြီးချုပ်ကျူးသည် နင်ယွမ်ရှန်း ကြီးပြင်းလာသည်ကို ကြည့်ရှုခဲ့သူ တစ်ယောက်ဖြစ်၏။ မျက်လုံးထဲတွင် နင်ယွမ်ရှန်းက သူ့အတွက် ကလေးတစ်ယောက်ကဲ့သို့ ဖြစ်ပြီး သူ၏ မျှော်လင့်ချက် တစ်ခုလည်း ဖြစ်၏။ နင်ယွမ်ရှန်းက ကွယ်လွန်သူဘုရင်ကြီးနှင့် ရင်းနှီးမှု မရှိခဲ့သော်လည်း ဝန်ကြီးချုပ်ကျူးနှင့်မူ အလွန်အမင်း ရင်းနှီးခဲ့ပြီး ဖခင်သဖွယ် သဘောထားခဲ့၏။
ဟုတ်ပေ၏။ နင်ယွမ်ရှန်း ထီးနန်းဆက်ခံခဲ့ပြီးနောက် ကျူးဟောင်ကျူးက ရွှဲ့ဘုရင်အား တိုက်ရိုက် ဆိုဆုံးမမှုများ မပြုလုပ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူ၏စရိုက်ကို ပြောင်းလဲ၍ မရနိုင်ကြောင်း သိရှိထားပြီး ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် အလိုက်သင့်နေထိုင်ခြင်းက ပိုမိုကောင်းမည်ဟု ယူဆထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
မိဘများက သူတို့၏ကလေးအပေါ်ထားရှိသည့် စိတ်ဆန္ဒကဲ့သို့ပင်။ ပြဿနာတက်တိုင်း လက်ညိုးထိုး အပြစ်တင် ကလေးကို ပြဿနာရှာ ရိုက်နှက်ခြင်းမျိုး ပြုလုပ်လိမ့်မည် မဟုတ်ချေ။ ကလေးအနေနှင့် ပြန်လည် ပြုပြင်၍မရနိုင်သည့် ပြဿနာကြီးများကို မတွေ့သရွေ့ တိတ်တဆိတ် စောင့်ကြည့်ကြပေလိမ့်မည်။
အနည်းဆုံး ယနေ့အချိန်ထိ နင်ယွမ်ရှန်းက ပညာရှိမင်းတစ်ပါး မဖြစ်သော်လည်း ထူးချွန်သည့် ဘုရင်တစ်ယောက် အဖြစ်တော့ သတ်မှတ်၍ရ၏။ ထို့ကြောင့် ဝန်ကြီးချုပ်ကျူးနှင့် နင်ယွမ်ရှန်းတို့၏ ဆက်ဆံရေးက ဆယ်စုနှစ်ပေါင်းများစွာ ကြာသည့်တိုင် ရင်းနှီးနေခြင်းပင်။
ယခု နင်ယွမ်ရှန်းသည် ရှမ့်လန်၏စကားများကို တကယ်ပင် နားထောင်နေမိ၏။ ဟုတ်ပေ၏။ နောက်ထပ် အရေးကြီးသည့် အချက်တစ်ခုရှိသေး၏။ ရှမ့်လန်က အချက်ပြနေခြင်း ဖြစ်နေပြီး သူ့အား တိုက်ရိုက် လျှောက်တင်ခြင်းဟု မယူဆနိုင်ချေ။
အဘယ့်ကြောင့်ဆိုသော် သူက နင်ယွမ်ရှန်းကို ပြောင်းလဲရလိမ့်မည်ဟု မပြောသလိုပင် နင်ယွမ်ရှန်းအနေနှင့် ဘာတွေလုပ်သင့်သည်၊ ဘာကိုမလုပ်သင့်သည်ဟုလည်း မပြောခဲ့ချေ။
ရှမ့်လန်၏ စကားလုံးများနောက်ကွယ်မှ အဓိပ္ပာယ်က ‘အရှင်မင်းကြီး... အရှင်မင်းကြီးက ဒီလိုလူစားမျိုးပါပဲ။ ဒီတော့ ဒီအတိုင်းပဲ ဆက်ပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်ပါ’ ဟူသည့် သဘောပင်။ သူက ဘုရင်မင်းကြီးအား ဝါကျတစ်ကြောင်းတည်းနှင့်သာ သတိပေးလိုခြင်းဖြစ်၏။ ‘ရွှဲ့ပြည်နယ်၏ နောက်ထပ်ဘုရင်က ဘုရင်မင်းကြီးကဲ့သို့ ဖြစ်၍မရပေ။ အရှင်သားနင်ကျန်းက တကယ်ပင် သင့်တော်၏’
ထိုစကားပင်ဖြစ်သည်။
နင်ယွမ်ရှန်းက ထိုစကားစု၏ ဒုတိယပိုင်းကို ရယ်မောလှောင်ပြောင်ချင်မိ၏။ သို့ပေမည့် ရှမ့်လန်၏ ပထမဝါကျပိုင်းကို သေသေချာချာ နားထောင်ပြီး ရွှဲ့ပြည်နယ်၏ နောက်ဘုရင်သည် သူ့ကဲ့သို့ စိတ်အလိုလိုက်ပြီး လုပ်ချင်ရာကို ပြုလုပ်တတ်သူ ဖြစ်၍မရပေ။
နင်ယွမ်ရှန်းက ဤမျှလွတ်လပ်စွာနေထိုင်ရသည့် အကြောင်းအရင်းက သူက ဝူပြည်နယ်အပေါ် အောင်မြင်မှု၏ အသီးအပွင့်ကို စားသုံးနေသောကြောင့်ပင် ဖြစ်၏။ ထိုအောင်ပွဲက တကယ့်ကို ကြီးကျယ်ခမ်းနားလွန်း လှချေပြီး နှစ်ပေါင်း ၂၀ ကြာ စားသုံးရန် လုံလောက်၏။
သို့ပေမည့် ရွှဲ့ပြည်နယ်၏ အခြေအနေမှာ မကောင်းမွန်သေးချေ။ ပထမဦးဆုံးအနေဖြင့် အရပ်ဘက် အရာရှိများက အကြီးအကျယ် အကျင့်ပျက် ခြစားလျက်ရှိနေပြီး အစိုးရ၏ ယန္တရားကလည်း ပျက်စီးနေ၏။ ထို့အပြင် မူဝါဒသစ်၏ ခရီးလမ်းကလည်း အဟန့်အတားမှုများရှိနေ၏။ နိုင်ငံတော်ဘဏ္ဍာတိုက် ကလည်း ဗလာဟင်းလင်း ဖြစ်လို့နေသည်။
နင်ယွမ်ရှန်း၏ နှစ် ၂၀ ကြာ ဖြုန်းတီးမှုများ ပြီးသည့်နောက် နိုင်ငံတော်၏ ဘဏ္ဍာတိုက်၌ လိုငွေမည်မျှ ရှိနေကြောင်းကို သူကိုယ်တိုင်သာလျှင်သိ၏။ သူက ယင်ယွမ်အဖွဲ့အစည်းဆီ၌ မခန့်မှန်းနိုင်အောင် များပြားသည့် အကြွေးများ တင်ရှိနေ၏။ ဤအကြောင်းအရာကို တွေးမိတိုင်း နင်ယွမ်ရှန်းက ညဘက်အိပ်၍ပင် မပျော်နိုင်ခဲ့ချေ။ ထို့ကြောင့် သူက ထိုအကြောင်းအရာကို မစဉ်းစားတော့ဘဲ ကောင်းမွန်စွာဖြင့် အိပ်စက်လိုက်၏။
သူ၏စရိုက်က ရှမ့်လန်နှင့် တစ်ပုံစံတည်း တူညီလေ၏။ ရှမ့်လန်ကလည်း ကောင်းကင်တာအိုအဖွဲ့အစည်းဆီ၌ အကြွေးများစွာတင်လျက် ရှိ၏။ သို့ပေမည့် လုံးဝဂရုမစိုက်ဘဲ ငွေကို ရေကဲ့သို့ပင် ဆက်လက် ဖြုန်းတီးလျက် ရှိသည်။
သို့ပေမည့် သူသိရှိသည်မှာ နောက်တက်မည့် ဘုရင်သည် သူ့ကဲ့သို့ ဖြုန်းတီး၍ မရတော့ပေ။ လုံ့လဝီရိယထားပြီး ခြိုးခြံချွေတာရန် သင်ယူရပေလိမ့်မည်။ ချွေချွေတာတာ သိုသိုသိပ်သိပ်ဖြင့် နိုင်ငံကို အုပ်ချုပ်ရန် ကြိုးစားရမှာဖြစ်၏။ ဤအကြောင်းကြောင့်ပင် ဘုရင်မင်းမြတ်က အိမ်ရှေ့စံ ခန့်အပ်ရေးကိစ္စတွင် အနည်းငယ် တုံ့ဆိုင်းနေခဲ့ခြင်းပင်။
ဟုတ်ပေ၏။ သူသည် အိမ်ရှေ့စံမင်းသား ထီးနန်းဆက်ခံရေးကိုသာ စိတ်ထဲ ရည်ရွယ်လျက် ရှိနေ၏။ အိမ်ရှေ့စံမင်းသားက သူနှင့်တူသော်လည်း ပိုမိုကာအေးစက်၏။ ထီးနန်းတက်ပြီးနောက် နန်းတွင်းစီမံခန့်ခွဲမှု၌ တည်ငြိမ်စေနိုင်ပြီး အရာရှိများကို ထိန်းချုပ်နိုင်ပေလိမ့်မည်။ သို့ပေမည့် တစ်ချက်ရှိသည်မှာ အိမ်ရှေ့စံမင်းသား က နိုင်ငံရေးကို တကယ်ပင် အာရုံစိုက်လွန်း၏။ ထို့အပြင် လုံလောက်သည့် ဖြောင့်မတ်မှုမျိုး လည်း မရှိသေးချေ။ ဆိုလိုသည်မှာ ဘုရင်တစ်ပါး ဖြစ်လာရန်အတွက် ခက်ခဲပေဦးမည်။
နိုင်ငံကို နိုင်ငံရေးဖြင့် အုပ်ချုပ်ခြင်းဖြစ်ပြီး ဘုရင်အဖြစ် အုပ်ချုပ်၍ သိပ်မဖြစ်နိုင်ချေ။ နိုင်ငံကို ဘုရင်အဖြစ် အုပ်ချုပ်ခြင်းမှာ တကယ့်ကို ပင်ပန်းလွန်း၏။ နိုင်ငံ၏အင်အား တိုးတက်စေရန် ကြိုးစား လုပ်ဆောင်ရန်လည်း လိုအပ်၏။ ထို့ကြောင့်ပင်လျှင် နင်ယွမ်ရှန်းက တတိယမင်းသား နင်ချီအား အခွင့်အရေး ပေးခဲ့၏။
နင်ချီက အိမ်ရှေ့စံမင်းသားနှင့် လုံးဝကွဲပြားခြားနား၏။ နင်ချီက ပိုမိုဖြောင့်မတ်ပြီး ပိုမို ရက်စက်၏။ အင်အားကြီးမားပြီး ယုံကြည်ချက်လည်း အပြည့်ရှိ၏။ လှပသည့် အပေါ်ယံ အကြောင်းအရာများကို ကြိုက်နှစ်သက်ခြင်း မရှိချေ။ သို့ပေမည့် နင်ချီတွင် ချို့ယွင်းချက် တစ်ခုရှိ၏။ သူက ကိုယ်ခံပညာနှင့် ရေနက်တပ်ဖွဲ့ကို အလွန်အမင်း အာရုံစိုက်လွန်း၏။ ထိုသို့ဆိုလျှင် သူက အာဏာရှင်တစ်ယောက် ဖြစ်သွားနိုင်၏။ အာဏာရှင် မဖြစ်လျှင်တောင်မှ သွေးအေးလွန်းသော ဘုရင်တစ်ယောက် အလွယ်တကူ ဖြစ်လာနိုင်သည်။
လောကတွင် ပြီးပြည့်စုံသည့် ဆက်ခံသူဟူ၍ မရှိချေ။ ထို့ကြောင့် ဘုရင်မင်းမြတ်သည် ရှမ့်လန်၏စကားများကို မှတ်တမ်းတင်ထားသည့် စာလွှာကို အထပ်ထပ်အခါခါ ဖတ်ရှုနေခြင်းဖြစ်၏။
သူ ရှမ့်လန်ကို ယုံကြည်သော်လည်း နင်ကျန်းကို မယုံကြည်ချေ။ နင်ကျန်းအပေါ်တွင် သူ ရင်းနှီးသည်ဟုလည်း မခံစားရပေ။ ထိုမျက်နှာကို တွေးမိတိုင်း သူ ရွံရှာမိသည်။
“ရယ်စရာကောင်းလိုက်တာ။ တကယ့်ဟာသပဲ”
ပြီးနောက် သူ၏နှလုံးသားထဲတွင် ထပ်မံကာ လေးလေးနက်နက်ဖြစ်သွားပြန်၏။ “အင်း… မနက်ဖြန် ရွှဲ့ပြည်နယ် ပျက်စီးသွားမယ်ဆိုရင်တောင်မှ ဒီည နင်ကျန်းကို ငါ ထီးနန်းလွှဲပေးမှာ မဟုတ်ဘူး”
ထိုအချိန်မှာပဲ လီစွမ်းက ဒူးထောက်လိုက်သည်။
“ဘာဖြစ်တာလဲ” နင်ယွမ်ရှန်းက မေးမြန်းလိုက်၏။
လီစွမ်းက လျှောက်တင်လိုက်သည်။ “ကျုပ် ဒီခွေးလေးကို ရှမ့်လန်နဲ့ အရှင်သား နင်ကျန်းတို့ရဲ့ စကားဝိုင်း အ ကြောင်း မှတ်တမ်းတင်ခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီခွေးလေးက အရှင်မင်းကြီးကို လိမ်ညာခဲ့ပါတယ်”
နင်ယွမ်ရှန်းက မှတ်တမ်းသုံးခုကို နှိုင်းယှဉ်ကြည့်ရာ တစ်ထပ်တည်း တူညီနေသည်ကို တွေ့ရ၏။ လုံးဝ လိမ်ညာထားခြင်း မရှိချေ။ သို့ပေမည့် တစ်ခုတွင် လက်ရေးအနည်းငယ် ပြောင်းလဲမှုရှိနေပြီး သူက စိတ်လှုပ်ရှားမှု လွန်ကဲသောကြောင့် ဖြစ်လိမ့်မည်ဟု ထင်ခဲ့၏။
မိန်းမစိုးကြီးလီစွမ်းက ပြောလိုက်သည်။ “ဒီခွေးလေးက အရေးကြောင်း အခြေအနေမျိုးမှာ ချောင်းဟန့်ပြီး ရှမ့်လန်နဲ့ အရှင်သားကို သတိပေးခဲ့ပါတယ်”
နင်ယွမ်ရှန်း၏ မျက်လုံးများက အေးစက်သွားခဲ့၏။ “သူ့ကို ခေါ်ခဲ့စမ်း”
မိန်းမစိုးလေးကို ခေါ်ဆောင်လာခဲ့၏။ သူက ရှမ့်လန်နှင့် နင်ကျန်းတို့၏ စကားဝိုင်းကို လူသုံးယောက် စောင့်ကြည့်နေမှန်း တကယ် မသိခဲ့ချေ။ သူတစ်ယောက်တည်းရှိသည်ဟု ထင်မှတ်ခဲ့၏။ သို့ပေမည့် သူက နောက်ပိုင်းတွင် လီစွမ်းထံသို့ ချောင်းဟန့်ကာ သတိပေးမိကြောင်း ဝန်ခံခဲ့သည်။
ဘုရင်မင်းမြတ်က မေးမြန်းလိုက်၏။ “မင်းနာမည် ဘယ်လိုခေါ်လဲ”
မိန်းမစိုးလေးက ဖြေဆိုလိုက်သည်။ “ဖန်ချန်ပါ”
“အင်း... နာမည်ကောင်းပဲ” သာမန်မိသားစုမှ လာပုံမပေါ်ချေ။
လီစွမ်းက ပြောလိုက်၏။ “သူက မဟာကရုဏာရိပ်သာမှာ မွေးဖွားခဲ့တဲ့ လူတစ်ယောက်ပါ”
“မဟာကရုဏာရိပ်သာ ဟုတ်လား” မဟာကရုဏာရိပ်သာသည် အပြစ်သားများနှင့် ပြည့်နှက်နေ၏။ ယောက်ျားလေး အများဆုံးက အရွယ်ရောက်သည်နှင့် သင်းကွပ်ခြင်းကို ခံရပြီး မိန်းမစိုးများဖြစ်လာကြသည်။
နင်ယွမ်ရှန်းက မေးမြန်းလိုက်၏။ “ဘာလို့ ချောင်းဟန့်ပြီး ရှမ့်လန်နဲ့ နင်ကျန်းကို သတိပေးခဲ့တာလဲ”
မိန်းမစိုးလေး ဖန်ချန်က ဦးတိုက်ကာ လျှောက်တင်လိုက်သည်။ “ကျုပ်… ကျုပ် သေသင့်ပါတယ်။ သေသင့်ပါတယ်”
နင်ယွမ်ရှန်းက ပြောလိုက်၏။ “ဟုတ်တယ် မင်းသေသင့်တယ်။ ဒါပေမဲ့ စကားပြောပြီးမှသေ။ အခုမသေနဲ့အုံး”
မိန်းမစိုးလေး ဖန်ချန်က ပြောလိုက်သည်။ “ကျုပ်ကြားတာက အရှင်သားနင်ကျန်းက သခင်လေးရှမ့်လန်ရဲ့ ကိုယ်လုပ်တော်ကို ကယ်တင်ဖို့အတွက် အပြစ်အားလုံးကို အစားခံယူခဲ့တယ်တဲ့။ ဒီဟာကို ကြားပြီး ကျုပ် အရမ်းလေးစားမိသွားတယ်။ မသိစိတ်ကနေ ချောင်းဟန့်ပြီး သတိပေးမိခဲ့တာပါ။ ကျုပ်သေသင့်ပါတယ်။ ကျုပ်တကယ်ပဲ သေသင့်ပါတယ်”
အမှန်တကယ်မှာတော့ မိန်းမစိုးလေးသည် သူ၏အစ်ကိုကြီးကို သတိရသွားခြင်းဖြစ်၏။ သူ၏မိသားစု တစ်ခုလုံး အသတ်ခံရသည့်အချိန်တွင် ဖန်ချန်က ၁၁ နှစ်အရွယ်သို့ ရောက်ရှိနေပြီး သူသည်လည်း ခေါင်းဖြတ် အသတ်ခံရပေလိမ့်မည်။ သို့ပေမည့် သူ၏အစ်ကိုကြီးက ရှေ့ကို ပြေးထွက်ပြီး ၁၀ နှစ်သာ ရှိသေးသောကြောင့် အသတ်မခံသင့်ကြောင်း မဟုတ်ပါက အရပ်တိုင်းကြည့်ကာ ကြည့်ရှုနိုင်ကြောင်း အော်ဟစ်ခဲ့၏။
ဖန်ချန်က ကျန်းမာရေး မကောင်းသောကြောင့် အရပ်မရှည်ခဲ့ချေ။ တိုင်းတာကြည့်သည့်အချိန်၌ သူက ရှစ်နှစ် ကိုးနှစ်အရွယ်သာ အရပ်ရှိခဲ့၏။ ထို့ကြောင့် အသက်ရှင်လွတ်မြောက်ပြီး မဟာကရုဏာရိပ်သာသို့ ပို့ဆောင်ခြင်း ခံရ၏။ သူ၏အစ်ကိုကြီးကလည်း မိသားစုနှင့်အတူ ခေါင်းဖြတ်အသတ်ခံရ၏။ မသေဆုံးခင် အချိန်အထိ သူ၏အစ်ကိုကြီးက မယားငယ်တစ်ယောက်မှ မွေးဖွားခဲ့သည့် သားဖြစ်သူ သူ့အား ကာကွယ်ပေးခဲ့၏။ အစ်ကိုကြီးသည် သူ့အတွက် ဖခင်သဖွယ် ပြုမှုပေးခဲ့သည်။
ပင်းအာကို ကာကွယ်ရန် နင်ကျန်းက လူသတ်မှုအပြစ်ကို အစားထိုးခံယူခဲ့ပြီး တော်ဝင် မျိုးနွယ်စုများ၏ အကျဉ်းထောင်တွင် အကျဉ်းချခံရ၏။ ဖန်ချန်က ထိုအကြောင်းအရာနှင့် ပတ်သက်၍ တကယ်ပင် စိတ်ထိခိုက် သွားခဲ့မိ၏။ မသေဆုံးမီ သူ့ကို ကာကွယ်ခဲ့သော သူ၏အစ်ကိုကြီးကို သတိရသွားခဲ့၏။ ထို့ကြောင့် အရေးကြီးသော အခိုက်အတန့်မျိုးမှာ ချောင်းဟန့်ပြီး သတိပေးခဲ့မိခြင်းဖြစ်၏။
“အင်း… သူ့ကို ကြိမ်ဒဏ်အချက် ၃၀ ရိုက်လိုက်။ သေရင်သေ၊ မသေရင် အဝတ်လျှော်ဌာနကို ပို့လိုက်”
မိန်းမစိုးကြီးလီစွမ်းက ပြောလိုက်သည်။ “ကောင်းပါပြီ အရှင်မင်းကြီး။ အရှင်မင်းကြီးရဲ့ မေတ္တာကို ကျေးဇူးတင်ပါတယ်”
မိန်းမစိုးလေး ဖန်ချန်က ဦးတိုက်ကာ ပြောလိုက်၏။ “အရှင်မင်းကြီးရဲ့ မေတ္တာကို ကျေးဇူးတင်ပါတယ်”
ပြီးနောက် သူ့ကို ဆွဲထုတ်သွား၏။ ကြိမ်ဒဏ်အချက် ၃၀ ရိုက်ခံပြီးတဲ့နောက်မှာတော့ သွေးများ လွှမ်းခြုံလျက် ရှိနေ၏။ အသက်ရှင်သန်ရေးမှာ မသေချာ မရေရာတော့ပေ။
နောက်တစ်နေ့တွင် ဘုရင်မင်းမြတ်က နေ့လယ် မွန်းတည့်အချိန်ထိ အိပ်စက်ခဲ့၏။ မိဖုရားကြီးပျံ့သည် ကိုယ်ဝန်အရင့်အမာနှင့် သူ့အတွက် နေ့လည်စာကို ချက်ပြုတ်ပေးနေ၏။ သူမက ကိုယ်ဝန်ငါးလနီးပါး ရှိနေ၏။
ဤသည်ကို မြင်သည့်အချိန်မှာတော့ နင်ယွမ်ရှန်းက နူးညံ့စွာဖြင့် ပြောဆိုလိုက်သည်။ “မိန်းမ… မင်းကိုယ်ဝန်ကြီးနဲ့ လှဲနေသင့်တယ်။ ဘယ်လိုဖြစ်ပြီး ဒီလောက် အပင်ပန်းခံနေရတာလဲ”
မိဖုရားကြီးပျံ့က ပြောလိုက်၏။ “လှဲနေရတာ ပျင်းစရာ အရမ်းကောင်းတယ်။ ကိုယ်ဝန်ဆောင်တွေဆိုတာ နည်းနည်း လှုပ်ရှားသွားလာနေမှ ကောင်းတာ။ ကျွန်မ ဟင်းအနည်းငယ်ပဲ ချက်တတ်တယ်။ အင်း... ပြီးတော့ မီးခိုးလည်း သိပ်များများ မထွက်ပါဘူး”
နင်ယွမ်ရှန်းက မိဖုရားကြီးပျံ့၏ ပုံရိပ်ကို လှမ်းကာ ကြည့်ရှုနေ၏။ မိဖုရားခေါင်ကြီးက ပထမမိန်းမ ဖြစ်သော်လည်း သူမက မာနကြီးပြီး ဂုဏ်သိက္ခာကြီးမားလွန်း၏။ သူ၏ရှေ့တွင် ရှိနေသည့် မိဖုရားကြီးပျံ့ မှာတော့ သူ့ကို နားလည်ပေးသည့် တစ်ဦးတည်းသော မိန်းမတစ်ယောက်ဖြစ်၏။ သူသည် မိဖုရားကြီးပျံ့ကို တကယ်ပင် ချစ်မြတ်နိုးပြီး ခန္ဓာကိုယ်၏ အစိတ်အပိုင်း တစ်ခုချင်းစီတိုင်းကို မြတ်နိုး တန်ဖိုးထားသည်။
နင်ယွမ်ရှန်းက သူမအပေါ် ထိုမျှအထိ တန်ဖိုးထား၏။ သူမက သူ၏ နှလုံးသားထဲရှိ မိသားစုဝင် အနည်းငယ် ထဲမှ တစ်ဦးဖြစ်၏။ မိဖုရားကြီးပျံ့ကို လှမ်းကာကြည့်ရှုရင်း နင်ယွမ်ရှန်းသည် နွေးထွေးပျော်ရွှင်မှုကို ခံစားရ၏။
သို့ပေမည့် အနည်းငယ် မသက်မသာလည်း ဖြစ်လို့နေခဲ့၏။ အဘယ့်ကြောင့်ဆိုသော် နန်းတွင်းသမားတော်ကြီး များက သူမကို အကြိမ်ကြိမ် အစီရင်ခံခဲ့ပြီးသားဖြစ်၏။ မိဖုရားကြီးပျံ့၏ ခန္ဓာကိုယ်က ကိုယ်ဝန်ဆောင်ရန် အလွန်အားနည်းပြီး သန္ဓေသားကလည်း မတည်ငြိမ်ပေ။ အကြိမ်ပေါင်းများစွာ ကိုယ်ဝန်ပျက်ကျမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
မိဖုရားကြီးပျံ့က သန္ဓေသားကို ကာကွယ်ရန် ဆေးများကို သုံးစွဲခဲ့ရ၏။ ထို့အပြင် မိဖုရားကြီးပျံ့သည် ဘုရင်မင်းမြတ်ကို ထိုအကြောင်းအရာနှင့် ပတ်သက်၍ သိရှိစေလိုခြင်းမရှိချေ။ သို့သော်ငြား နန်းတွင်း အမှုထမ်းများက ဘုရင်မင်းမြတ်ကို အဘယ်သို့ ဖုံးကွယ်နိုင်ပါမည်နည်း။
သို့တစေ နင်ယွမ်ရှန်းက ဤအကြောင်းအရာကို သိရှိကြောင်း မိဖုရားကြီးပျံ့အား မပြောခဲ့ချေ။ သူနှလုံးသားထဲတွင် ဆုတောင်းရန်သာရှိ၏။ ထိုအခိုက်အတန့်မှာတော့ သူသည် သူ၏မိန်းမ မိဖုရားကြီးပျံ့ ဘေးကင်းရန်သာ မျှော်လင့်နေမိ၏။ ဝမ်းဗိုက်ထဲမှ ကလေးအတွက် မမျှော်လင့်ရဲချေ။
ဘုရင်မင်းမြတ်၏ အကြည့်ကို ခံစားမိသောကြောင့် မိဖုရားကြီးပျံ့က ခေါင်းကို အနည်းငယ် လှည့်ကာဖြင့် ကြည့်၏။ ပြီးနောက် နူးညံ့စွာ ပြုံးပြလိုက်၏။ သို့ပေမည့် ထိုအပြုံးက ချက်ချင်းပင် အေးခဲသွားခဲ့၏။ သူမ၏မျက်နှာက ဖြူဖျော့ပြီး တစ်ကိုယ်လုံး တုန်ယင်သွားခဲ့၏။ ပြီးနောက် သူမ၏ မိန်းမကိုယ်ဆီမှ သွေးအနည်းငယ် စီးကျလာခဲ့သည်။
မိဖုရားကြီးပျံ့က နာကျင်စွာဖြင့် လှမ်းကာ ပြောဆို၏။ “အရှင်… အရှင်…”
ပြီးနောက် မိဖုရားကြီးပျံ့က လဲကျသွားခဲ့သည်။
နင်ယွမ်ရှန်း၏ ဆံပင်များက ထောင်ထသွားခဲ့၏။ သူက မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် မလှုပ်မယှက် ဖြစ်သွား၏။ အချိန်အတော်ကြာပြီးသည့်နောက် သူက ရုတ်တရက် ခုန်ထကာဖြင့် မိဖုရားကြီးပျံ့ကို ပွေ့ပိုက်ရန် ရှေ့သို့တိုးသွား၏။ မိဖုရားကြီးပျံ့သည် သူ၏လက်မောင်းထဲသို့ တိုက်ရိုက်လဲကျသွား၏။ ခြေထောက်ကြားမှ သွေးများက တရဟော စီးကျနေ၏။
နင်ယွမ်ရှန်းက ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။ “လာကြ လာကြစမ်း။ သူ့ကို ကယ်ပါအုံး။ သူ့ကို ကယ်ပါအုံး”
ဘုရင်မင်းမြတ်က ရူးသွပ်သွားသည့် အခြေအနေသို့ပင် ရောက်ရှိနေ၏။ နန်းတွင်းသမားတော် ပေါင်းများစွာတို့က ဝင်ရောက်လာခဲ့၏။ သို့ပေမည့် သတင်းကောင်း ထွက်မလာခဲ့ချေ။
ဘယ်သောအခါကမှ ဆုမတောင်းဖူးသော ဘုရင်နင်ယွမ်ရှန်းက လက်ရှိအချိန်တွင်မှာတော့ ဒူးထောက် ဆုတောင်းပြီး နတ်ဘုရားများကို တိုင်တည်လျက်ရှိနေ၏။ ‘နတ်ဘုရားတို့.. ကျေးဇူးပြုပြီး ကျုပ်ရဲ့ဇနီးကို မခေါ်သွားပါနဲ့။ ကျုပ်ရဲ့ ပထမဇနီးကိုလည်း ခေါ်ပြီးသွားခဲ့ပြီ။ ကျုပ်ရဲ့ ဒုတိယဇနီးကိုတော့ ခေါ်မသွားပါနဲ့။
ကျုပ် နင်ယွမ်ရှန်း တကယ့်ကို မခံနိုင်တော့ပါဘူး။ ကျေးဇူးပြုပြီး သနားပါအုံး။ ကျုပ် နင်ယွမ်ရှန်း အနာဂတ်မှာ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပါ့မယ်။ ကျုပ်ရဲ့သက်တမ်းကို ၁၀ နှစ် ယူရင်ယူသွားပါ။ ကျေးဇူးပြုပြီး ကျုပ်ရဲ့ဇနီးကို ခေါ်မသွားပါနဲ့’
ခုနစ်မိနစ်ခန့် ကြာပြီးပြီးနောက် သမားတော်တစ်ယောက်က ဒူးထောက်ထိုင်ချပြီး လျှောက်တင်သည်။ “အရှင်မင်းကြီး... ကျုပ်တို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ သန္ဓေသားကို ကာကွယ်ဖို့အတွက် မိဖုရားကြီးပျံ့က ဆေးဝါးတွေ အများကြီးတွေ သောက်သုံးခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ခန္ဓာကိုယ်ကို ထိခိုက်စေခဲ့ပါတယ်။ အခု ကိုယ်ဝန် ပျက်ကျမှုက သွေးလွန်နေတာပါ။ ကျုပ်တို့ ဘာမှမတတ်နိုင်တော့ပါဘူး”