← Chapters

အခန်း (၄၆၀)

Vol. 32 Ch. 460

အခန်း (၄၆၀)

Vol. 32 Ch. 460

တကယ်၍ မိဖုရားကြီးပျံ့တွင် ရှားပါးသွေးအမျိုးအစားမျိုးသာ ရှိနေပါက အရာအားလုံးပြီးဆုံးပြီ ဖြစ်၏။ ရှမ့်လန်က အချိန်အနည်းငယ်အတွင်း မိဖုရားကြီးပျံ့၏ သွေးအမျိုးအစားကို စစ်ဆေးရပေမည်။ သွေးစစ်ခြင်းက ခေတ်သစ်ဆေးပညာအတွက် တကယ့်ကို ရိုးရှင်း၏။ ဆေးရုံသို့ သွားရန်ပင် မလိုပေ။ အင်တာနက်ပေါ်မှပင် ထိုအရာကို စစ်ဆေးနိုင်သည့် ဆေးစက္ကူများ ဝယ်ယူနိုင်၏။

သို့ပေမည့် ရှမ့်လန် ရောက်ရှိနေသည့် ဤလောကတွင်တော့ မဖြစ်နိုင်ချေ။ သွေးအမျိုးအစားကို တိုက်ရိုက် စစ်ဆေးဖို့ အလွန်ခက်ခဲသည်။ သို့ပေမည့် ရှမ့်လန်၌ နည်းလမ်းရှိလေ၏။ သူက ၁၉၀၀ ပြည့်နှစ်တွင် ဗီယင်နာတက္ကသိုလ်၏ ရောဂါဗေဒသုတေသနဌာနမှာ အလုပ်လုပ်ခဲ့သော လန်စတိုင်းနာ၏ နည်းလမ်းကို တိုက်ရိုက်အသုံးပြုနိုင်သည်။

ပထမဦးဆုံး မိဖုရားကြီးပျံ့၏ သွေးကို ပြွန်ဒါဇင်ဝက်ခန့် ထုတ်ယူလိုက်၏။ ပြီးနောက် သူက သွေးကို သွေးရည်ကြည်နှင့် သွေးနီဉအဖြစ် ခွဲထုတ်လိုက်၏။ အလွန်လျင်မြန်စွာဖြင့် သူက ခန္ဓာကိုယ်ဆီမှ သွေးများကို ထုတ်ယူပြီး ပေါင်းစပ်ကြည့်လိုက်၏။

အကယ်၍ အတားအဆီး မရှိဘဲ ပျော်ဝင်သွားပါက သွေးမတည့်မှု မရှိခြင်းကို ဆိုလိုပြီး ရှမ့်လန်၏ သွေးကို မိဖုရားကြီးပျံ့၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းနိုင်သည်ဟု အဓိပ္ပာယ်ရ၏။ အကယ်၍ သွေးခဲသွားပါက ရှမ့်လန်သည် သူ၏သွေးကို မိဖုရားကြီးပျံ့၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်း၍မရဟု အဓိပ္ပာယ်ရ၏။

ရလဒ်က အလွန်လျင်မြန်စွာ ထွက်ပေါ်လာခဲ့၏။ ရှမ့်လန်၏ သွေးရည်ကြည်နှင့် မိဖုရားကြီးပျံ့၏ သွေးနီဥ အရည်တို့က ဝါဂွမ်းစကဲ့သို့ပင် ခဲသွား၏။ ပြီးနောက် ရှမ့်လန်က မင်းသမီးကြီးနင်ကျဲ့၏ ခန္ဓာကိုယ်မှ သွေးကို ထုတ်ယူပြီး ခွဲထုတ်ပြန်၏။ မင်းသမီးကြီးနင်ကျဲ့၏ သွေးရည်ကြည်ကို မိဖုရားကြီးပျံ့၏ သွေးနီဥအရည်ထဲ ထိုးထည့်လိုက်သည့်အချိန်၌ သွေးခဲသွားခဲ့သည်။

ရှမ့်လန်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “မင်းကြီးကို ဝင်လာခိုင်းလိုက်တော့။ ပြီးတော့ တကယ့်ကို ကျန်းမာအားကောင်းတဲ့ လူဒါဇင်ဝက်လောက် ခေါ်ခဲ့လိုက်အုံး”

သူ၏စကားက တကယ့်ဘုရင်တစ်ပါး၏ အမိန့်တော် ကဲ့သို့ပင်။ နင်ယွမ်ရှန်းသည်ပင်လျှင် ချက်ချင်း ပြေးဝင်လာရသည်။

စကားတစ်ခွန်းမှ မဆိုဘဲ ရှမ့်လန်က မင်းကြီး၏ သွေးကြောကို အပ်နှင့်ထိုးစိုက်ကာ သွေးထုတ်၏။ ထိုအချိန်မှာသာ ရှမ့်လန် အဆိပ်ခတ်လိုပါက ဘုရင်မင်းမြတ် ဆယ်လောက် ရှိလျှင်ပင် သေဆုံးနေပြီ ဖြစ်၏။

မိန်းမစိုးကြီး လီစွမ်းက တစ်စုံတစ်ခုကို ပြောလိုသော်လည်း ဘာမှ မပြောဖြစ်တော့ချေ။ ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီး... မိဖုရားကြီးပျံ့ရဲ့ ခန္ဓာကိုယ်က သွေးထွက်တာကတော့ အနည်းနဲ့ အများတော့ ရပ်သွားပြီ။ ဒါပေမဲ့ သွေးကတော့ စိမ့်နေတုန်းပဲ။ ရပ်တန့်ဖို့အတွက် အချိန်တစ်ခုကြာမယ့်ပုံမှာ ရှိတယ်။ မိဖုရားကြီးပျံ့က သွေးတွေအများကြီး ဆုံးရှုံးထားတယ်ဆိုတော့ သူ့ရဲ့အသက်ကို ကယ်တင်နိုင်ဖို့ ခန္ဓာကိုယ်ထဲကို သွေးသွင်းဖို့ လိုအပ်နေတယ်”

မင်းကြီးက ချက်ချင်းပဲ ပြောဆိုလိုက်၏။ “ငါ့သွေးကို သွင်းလေ။ ငါ့သွေးကို ယူလိုက်”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် သွေးစစ်ဖို့ လိုသေးတယ်။ သွေးသွင်းတာ မှားသွားရင် အထဲမှာရှိတဲ့ သွေးတွေ အကုန်လုံး ခဲသွားနိုင်တယ်။ ဒါက ပိုပြီး အန္တရာယ်များတယ်။ ကျုပ် ခုဏက ကျုပ်ရဲ့သွေးရော၊ မင်းသမီးကြီး နင်ကျဲ့ရဲ့ သွေးကိုရော စမ်းပြီးပြီ။ အဆင်မပြေဘူး။ သွေးမတည့်တဲ့ တုံ့ပြန်မှု ဖြစ်တယ်။ နန်းတော်ထဲမှာ မိဖုရားကြီးပျံ့နဲ့ ဆွေမျိုးတော်စပ်တဲ့ လူတစ်ယောက်ယောက် ရှိသေးလား”

သူထိုသို့ ပြောလိုက်သည်နှင့်တပြိုင်နက် မိန်းမစိုး ရှောင်လီက ပြေးထွက်သွားခဲ့၏။ နန်းမြို့တော်၌ မိဖုရားကြီးပျံ့၏ တူတစ်ယောက်နှင့် တူမနှစ်ယောက် ရှိ၏။

ရှမ့်လန်က မင်းကြီး၏ သွေးကို ခွဲထုတ်ပြီး သွေးရည်ကြည်ပြွန်ထဲတွင် စမ်းသပ်ပြန်၏။ သို့ပေမည့် ချက်ချင်းဆိုသလိုပင် သွေးများက ခဲသွားပြန်သည်။

ရှမ့်လန်က မျက်မှောင်ကြုတ်လိုက်မိ၏။ မထင်မှတ်ထားခဲ့သော အခြေအနေတစ်ခု ဖြစ်၏။ မိဖုရားကြီးပျံ့၏ သွေးအမျိုးအစားက တကယ့်ကို ထူးခြားလျက် ရှိနေ၏။ လူ့သွေးအမျိုးအစားများက ရှုပ်ထွေးခြင်းမရှိဘဲ သွေးသွင်းနိုင်ချေ အလွန်မြင့်မား၏။

သီအိုရီအရ ပြောရမည်ဆိုလျှင် အိုသွေးအမျိုးအစားဆိုလျှင် သွေးအမျိုးအစားအများစုကို သွင်းနိုင်၏။ အေဘီသွေး အမျိုးအစားမှာမူ အားလုံးကို လက်ခံနိုင်သော သွေးအမျိုးအစားနီးပါး ဖြစ်၏။ ထိုအရာက သွေးအမျိုးအစား အားလုံးနီးပါးကို အခြေခံအားဖြင့် လက်ခံနိုင်သည်။

ဟုတ်ပေ၏။ အရေးပေါ် အခြေအနေမျိုးတွင်သာ အသုံးပြုနိုင်၏။ အထူးသဖြင့် ပမာဏများများ သွင်းမည်ဆိုပါက တူညီသည့် သွေးအမျိုးအစားကို သွင်းခြင်းကသာလျှင် အကောင်းဆုံးဖြစ်၏။

ရှမ့်လန်၏ အမူအရာကို မြင်သည့်အချိန်မှာတော့ ဘုရင်မင်းမြတ်က မေးမြန်းလိုက်သည်။ “ဘာဖြစ်တာလဲ”

ရှမ့်လန်က ပြောလိုက်၏။ “မိဖုရားကြီးပျံ့ရဲ့ သွေးက တကယ့်ကို ရှားပါးပြီး လူများစုရဲ့ သွေးနဲ့ ဓာတ်မတည့်ဘူး ဖြစ်နေတယ်”

ဘုရင်မင်းမြတ်က ထကာ အော်ဟစ်လိုက်သည်။ “သွားစမ်း။ ကျန်းမာတဲ့လူတွေ သွားရှာစမ်း”

အရှင်မင်းကြီး၏ အမိန့်အတိုင်းပင် မိန်းမစိုးရာပေါင်းများစွာတို့က နန်းတော်ထဲမှ ထွက်ခွာသွား၏။ ခဏအကြာမှာတော့ အိမ်ရှေ့စံမင်းသား နင်ယီ၊ ဒုတိယမင်းသား၊ တတိယမင်းသား၊ စတုတ္ထမင်းသား၊ သတ္တမမင်းသားနှင့် တခြားသူအားလုံး ရောက်ရှိလာခဲ့၏။ အကြောင်းမှာ မိဖုရားကြီးပျံ့၏ ခန္ဓာကိုယ်ထဲသို့ သွေးသွင်းရန် လိုအပ်နေသည်ဟု ကြားသိသောကြောင့်ပင်။

သွေးက အလွန်အဖိုးတန်ပြီး ထုတ်မပေးချင်သော်လည်း မိဖုရားကြီးပျံ့ဆိုသည်မှာ မည်သူဖြစ်သနည်း။ သူမက ဘုရင်မင်းမြတ်၏ အချစ်ခင်အနှစ်သက်ရဆုံး မိန်းမတစ်ယောက် ဖြစ်ပြီး သူမ၏ နောက်တွင် မင်းကြီးပျံ့ရှောင်း တည်ရှိနေ၏။ အိမ်ရှေ့စံဖြစ်စေ၊ တတိယမင်းသားဖြစ်စေ၊ မိဖုရားကြီးပျံ့၏ ထောက်ခံမှုကို ရရှိပါက အာဏာ၏ အောင်ပွဲချိန်ခွင်လျှာက ချက်ချင်း ပြောင်းလဲသွားပေလိမ့်မည်။ ထို့ကြောင့် ဤအရာမှာ လက်မလွှတ်သင့်သည့် တစ်သက်တွင် တစ်ခါရနိုင်သော အခွင့်အရေးမျိုး ဖြစ်၏။

ထိုအရာက မိဖုရားကြီးပျံ့၏ အသက်ကို ကယ်တင်ခြင်းထက်ပင် ပို၏။ သူ၏သွေး မိဖုရားကြီးပျံ့၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိပြီး သူမ၏အသက်ကို ကယ်တင်လိုက်သည်နှင့် သွေးသားတော်စပ်မှုတစ်ခု ဖြစ်မလာနိုင်ပေဘူးလား။ မိဖုရားကြီးပျံ့တွင် သားသမီး မရှိပေ။ အနာဂတ်တွင်လည်း ရှိနိုင်တော့မည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် သွေးသွင်း၍ ကယ်တင်ခဲ့သည့်သူမှာ သူမ၏ သားသမီး ဖြစ်မလာနိုင်ပေဘူးလား။ ထို့ကြောင့် မင်းသားများက တကယ်ပင် စိတ်အားထက်သန်နေလျက် ရှိနေသည်။

ထိုအချိန်မှာပဲ မိဖုရားကြီးပျံ့၏ တူနှင့် တူမတို့ ရောက်ရှိလာ၏။ သံသယဖြစ်စရာများကို ရှောင်ရှားနိုင်ရန် အတွက် ရှမ့်လန်က အိမ်ရှေ့စံ၊ တတိယမင်းသားနှင့် ကျန်သောသူများထံမှ သွေးကို မယူခဲ့ပေ။ ထိုအစား သူက မိဖုရားကြီးပျံ့၏ တူနှင့် သူမထံမှ သွေးများကို တိုက်ရိုက်ယူ၏။ သွေးတော်စပ်မှုက သွေးအမျိုးအစားတူညီမှုကို အာမမခံနိုင်သော်လည်း မျှော်လင့်ချက်အနည်းငယ်တော့ ပိုရှိ၏။

မကြာခင်မှာပဲ ရလဒ်က ထွက်ပေါ်လာခဲ့၏။ မအောင်မြင်ခဲ့ပေ။ မိဖုရားကြီးပျံ့၏ သွေးနီဥများက သူမ၏ တူ၊ တူမ၏ သွေးရည်ကြည်ကိုပင် လက်မခံဘဲ သွေးခဲသွားခဲ့သည်။

ထိုအချိန်မှာတော့ မင်းကြီး မပြောနှင့် ရှမ့်လန်ပင်လျှင် ဂေါက်တောက်တောက် ဖြစ်လာ၏။ သွေးသား တော်စပ်သည့် ဆွေမျိုးများပင် မရချေ။ ဤသည်မှာ မိဖုရားကြီးပျံ့တွင် တကယ့်ကို ရှားပါးလွန်းသည့် သွေးအမျိုးအစား ရှိနေသည်ဟု သက်သေပြနေခြင်းပင်။

“စဉ်းစားစမ်း .. စဉ်းစားစမ်း ....”

မိဖုရားကြီးပျံ့က တဖြည်းဖြည်းချင်း သွေးဆုံးရှုံးနေဆဲ ဖြစ်နေပြီး သူမ၏ နှလုံးခုန်နှုန်းနှင့် အသက်ရှုနှုန်းက ပိုမို၍ အားနည်းလာခဲ့၏။

မင်းသမီးကြီးနင်ကျဲ့က ပြောလိုက်သည်။ “ရှမ့်လန်... မင်း မြန်မြန်လုပ်မှ ဖြစ်လိမ့်မယ်။ မိဖုရားကြီးပျံ့ သေတော့မယ်”

ရှမ့်လန်က ပြောလိုက်၏။ “ဂျင်ဆင်းပြုတ်ရည်.... ဂျင်ဆင်းပြုတ်ရည်... ဒါပေမဲ့ နည်းနည်းလေးပဲ၊ အများကြီး မဟုတ်ဘူး”

အမှန်တကယ်မှာတော့ ဤအချိန်မှာ သူမကို ဂျင်ဆင်းပြုတ်ရည် သောက်၍မရပေ။ အကြောင်းရင်းမှာ သူမ၏ သွေးထွက်မှုကို ပိုမိုပြင်းထန်စေသောကြောင့်ပင်။ သို့ပေမည့် တခြားသော နည်းလမ်းလည်း မရှိပေ။ မိဖုရားကြီးပျံ့၏ ခန္ဓာကိုယ်က တကယ်ကို အားနည်းပြီး အချိန်မရွေး သေဆုံးသွားနိုင်သည်။

မင်းသမီးနင်ကျဲ့က မိဖုရားကြီးပျံ့ကို ဂျင်ဆင်းပြုတ်ရည် အနည်းငယ် တိုက်ကျွေး၏။ သူမက တစ်စုံတစ်ရာ တိုးတက်မှု မတွေ့ရသောကြောင့် ထပ်မံ မတိုက်ကျွေးရဲတော့ချေ။

လီစွမ်းက မင်းသားအားလုံး၏ သွေးကို လျင်မြန်စွာ ယူဆောင်ပြီး ရှမ့်လန်သို့ ပေး၏။ လူတိုင်း၏ မျက်လုံးများက ရှမ့်လန်ပေါ်တွင် ရှိနေပြီး တစ်ခုခု လိမ်ညာလှည့်ဖျားမည်ကို စိုးရိမ်နေကြ၏။ မင်းသား တစ်ပါးပါး၏ သွေးက မိဖုရားကြီးပျံ့ကို ကယ်တင်နိုင်မှာ ထင်ရှားသော်လည်း အိမ်ရှေ့စံမင်းသား သို့မဟုတ် တတိယမင်းသားကို ဖယ်ရှားရန် အလို့ငှာ ရှမ့်လန်က မရဟု ပြောဆိုခြင်းမျိုး ဖြစ်လာနိုင်သည် မဟုတ်ပါလား။

လူတိုင်း၏ အကြည့်အောက်မှာပဲ ရှမ့်လန်က လျင်မြန်စွာ လှုပ်ရှားလျက် ရှိနေ၏။ မင်းသားများ၏ သွေးများကို သွေးရည်ကြည်နှင့် ခွဲထုတ်လျက် ရှိနေ၏။ အချိန်တည်းမှာပဲ ရလဒ်များက လျင်မြန်စွာ ထွက်ပေါ်လာခဲ့၏။

မင်းကြီးက ယိုင်တိယိုင်တိုင် ဖြစ်လျက် ရှိပြီး သူ၏အမြင်အာရုံများက မှေးမှိန်လျက် ရှိ၏။ သွေးမတည့်သည့် တုံ့ပြန်မှုများက ရှိနေဆဲဖြစ်ပြီး သွေးများက ခဲလို့နေဆဲပင်။

ထိုအချိန်မှာတော့ လူတိုင်းက နားလည်သွား၏။ အကုန်လုံး၏ သွေးနှင့် မကိုက်ခြင်းပင်။

ရှမ့်လန်က တုန်ယင်စွာ ပြောလိုက်သည်။ “အရှင်မင်းကြီး... မိဖုရားကြီးပျံ့ရဲ့ သွေးက အရမ်းကို ထူးခြားပြီး ရှားပါးလွန်းတယ်။ ဒီမှာရှိတဲ့ ဘယ်သူမှ သူ့ကို သွေးသွင်းလို့ မရဘူး။”

အရှင်မင်းကြီးက တုန်ယင်စွာ မေးလိုက်၏။ “ငါ စဉ်းစားမိသင့်တယ်။ ငယ်ငယ်လေးတည်းက သူက တခြားသူတွေနဲ့ မတူဘူး။ မွေးတည်းက သေလုနီးပါး ဖြစ်ခဲ့တာ။ ပြီးတော့ အသက်ရှင်ဖို့အတွက် အများကြီး ကြိုးစားခဲ့ရတယ်။ ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်က အရမ်းကို အားနည်းခဲ့တယ်”

အိမ်ရှေ့စံမင်းသားက မေးလိုက်သည်။ “ရှမ့်.... မြို့တော်ထဲမှာ လူတစ်သန်းနီးပါးလောက် ရှိတယ်။ မိဖုရားကြီးပျံ့အတွက် သွေးသွင်းနိုင်မယ့်လူတစ်ယောက်ကို ဘယ်လိုရှာနိုင်မလဲ”

ရှမ့်လန်က ခေါင်းခါယမ်းလိုက်၏။ အကယ်၍ အေ၊ အေဘီ၊ သို့မဟုတ် အိုကဲ့သို့သော အထွေထွေ သွေးအမျိုးအစားဖြစ်ပါက သူက တိုက်ဆိုင်သူအများအပြားကို ရှာဖွေနိုင်၏။ သို့ပေမည့် ယခု လူဒါဇင်ကျော်ကို စမ်းသပ်ခဲ့ပြီးပြီဖြစ်ပြီး တစ်ယောက်နှင့်မှ မတိုက်ဆိုင်ခဲ့ချေ။

ဤသည်မှာ မိဖုရားကြီးပျံ့၌ ရှားပါးသည့် သွေးအမျိုးအစား ရှိနေသည်ကို သက်သေပြ၏။ အကယ်၍ ရှားပါးသွေးအမျိုးအစားဖြစ်ပါက အမှန်တကယ်တွင် တစ်သန်းတွင် တစ်ယောက်ဖြစ်နိုင်၏။ တိုက်ဆိုင်သူ တစ်ဦးကို ရှာဖွေခြင်းဆိုသည်မှာ ပင်လယ်ထဲတွင် အပ်ပျောက်ရှာခြင်းနှင့် တူ၏။ အဓိကက အချိန်မရှိခြင်းပင်။ မိဖုရားကြီးပျံ့က သေဆုံးခါနီးဖြစ်နေပြီး သွေးများကလည်း တဖြည်းဖြည်း ဆုံးရှုံးနေ၏။ အချိန်မရွေး သေဆုံးသွားနိုင်၏။

မင်းကြီးက တုန်ယင်စွာ ပြောလိုက်သည်။ “လုံးဝ မျှော်လင့်ချက် မရှိတော့ဘူးလား”

ထိုအခိုက်မှာပဲ ရှမ့်လန်နှင့် မင်းသမီးကြီးနင်ကျဲ့တို့၏ မျက်လုံးများက အရောင်တောက်ပသွားခဲ့၏။

“အရူးကြီး”

“အရူးကြီးမှာ ရွှေရောင်သွေးမျိုးဆက်ရှိတယ်”

ထိုသွေးမျိုးဆက်သည် အရာအားလုံးနှင့် တည့်၏။ သူ ခုဏတုန်းက အစိုးရိမ်လွန်နေသောကြောင့် ထိုအချက်ကို မစဉ်းစားမိခဲ့ချေ။

“အရူးကြီး ဝင်ခဲ့”

အရူးကြီးက ပြေးဝင်လာခဲ့၏။

ရှမ့်လန်က အရူးကြီး၏ သွေးကို ယူ၏။ ပြီးနောက် သွေးရည်ကြည်နှင့် တစ်ခါစမ်းသပ်ပြန်၏။ လူတိုင်း၏ အသက်ရှုသံများက ရပ်တန့်သွားခဲ့၏။ ဟုတ်ပေ၏။ မင်းကြီးက အံ့အားသင့်ဖွယ်တစ်ခုကို မျှော်လင့်နေ၏။ အရူးကြီး၏ သွေးက မိဖုရားကြီးပျံ့ကို ကယ်တင်နိုင်လိမ့်မည်ဟု မျှော်လင့်နေမိသည်။

ရှမ့်လန်၏ နှလုံးသားများက တုန်ယင်လျက် ရှိနေ၏။ ဤအချိန်မှာ အောင်မြင်နိုင်မည်လား။ အရူးကြီး၌ ရွှေရောင်သွေးမျိုးဆက်ရှိ၏။ ထိုအရာက အားလုံးနှင့် တည့်သင့်လေ၏။ သို့ပေမည့် အဆုံးသတ်မှာတော့ စိတ်ပျက်ခဲ့ရသည်။ မအောင်မြင်ခဲ့ပြန်ပေ။ အရူးကြီး၏ သွေးရည်ကြည်က မိဖုရားကြီးပျံ့၏ သွေးကို ခဲစေခဲ့ပြန်၏။

မင်းကြီးက ရုတ်တရက် စိတ်ပျက်အားငယ်သွား၏။ သူ၏ မိဖုရားကြီးပျံ့ကို ထာဝရ ဆုံးရှုံးရတော့မည်လား။ ဘဝတစ်သက်တာ အချစ်ကို ထာဝရဆုံးရှုံးရတော့မည်လား။ သူ အမှန်တရားကို လက်ခံရပေတော့မည်။

အရှင်မင်းကြီးက မျက်လုံးကို နာကျင်စွာ မှိတ်လိုက်ပြီး အချိန်အတော်ကြာမှ ပြန်ဖွင့်၏။ “ရှမ့်လန်.. ကျေးဇူးပါပဲ။ မင်းတကယ့်ကို ကြိုးစားခဲ့တယ်ဆိုတာ ငါသိတယ်။ ဖြစ်နိုင်တာက ဒါတွေအကုန်လုံးက ကံကြမ္မာကြောင့်ပဲ။ ဒါတွေအားလုံးက ငါ့ရဲ့အမှားပဲ။ ငါအပြစ်တွေ အရမ်းလုပ်ခဲ့လို့ ကောင်းကင်ဘုံက ငါ့ကို ဒဏ်ခတ်ခဲ့တာပဲ ဖြစ်မယ်။ ပထမဦးဆုံး ငါ့ရဲ့ အချစ်ဆုံးမိန်းမကို ဆုံးရှုံးခဲ့တယ်။ အခု ဒုတိယအချစ်ဆုံး မိဖုရားကြီးပျံ့ကို ဆုံးရှုံးရပြန်ပြီ။ ဒါတွေအားလုံးက ငါ့ရဲ့အမှားပဲ”

ရှမ့်လန်ကလည်း နာကျင်စွာ မျက်လုံးကို မှိတ်ထား၏။ သူက မိဖုရားကြီးပျံ့အပေါ်တွင် ခံစားချက် များများစားစား မရှိချေ။ မိဖုရားကြီးပျံ့က မင်းကြီးကို အလွန်ချစ်မြတ်နိုးပြီး နူးညံ့သိမ်မွေ့ကာ သီလ၊ သမာဓိနှင့် ပြည့်စုံ၏။ သို့ပေမည့် သူမက ရှမ့်လန်အပေါ် ကျေးဇူးတစ်စုံတစ်ရာ မရှိခဲ့ချေ။

နောက်ဆုံးအကြိမ် ရေနက်တပ်ဖွဲ့မှလူများ သူ့ကို ဖမ်းဆီးသွားစဉ်က နင်ကျန်းက မိဖုရားကြီးပျံ့ထံ အကူအညီ သွားတောင်းခဲ့ဖူး၏။ ထိုတုန်းက မိဖုရားကြီးပျံ့က ကူညီလိုသော်လည်း နန်းတွင်းကိစ္စရပ်များတွင် မိဖုရားများ ပါဝင်ပတ်သက်ရခြင်း မရှိဟု ဆိုကာ ငြင်းဆန်ခဲ့၏။

လက်ရှိ ရှမ့်လန် နာကျင်ခံစားရသည့် အကြောင်းအရင်းမှာ ဆရာဝန်တစ်ယောက်၏ ပင်ကိုယ်တုံ့ပြန်မှုသာလျှင် ဖြစ်လေ၏။ ဆရာဝန် မလုပ်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း သူက လူတစ်ယောက်ကို ကယ်တင်ရန် ကြိုးစားသည့် အချိန်တိုင်း အောင်မြင်ရန် မျှော်လင့်မိ၏။ ကျရှုံးပါက ထိခိုက်နာကျင်မှုကို ခံစားရ၏။

ရှမ့်လန်က ဦးညွှတ်ကာ ပြောလိုက်သည်။ “အရှင်မင်းကြီး.. ကျုပ် မစွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ခွင့်လွှတ်ပါ”

ဘုရင်မင်းမြတ်က ခေါင်းခါယမ်းလိုက်၏။ “ငါပြောသလိုပဲလေ။ မင်းရဲ့အမှား မဟုတ်ဘူး။ မင်းက ထူးချွန်ပြီးသားပဲ။ ဒါ ငါ့ရဲ့အမှားပဲ။ ငါ့ရဲ့အပြစ်ပဲ။ ငါ့ရဲ့အပြစ်တွေက မိဖုရားကြီးပျံ့အပေါ်ကို ရောက်သွားခဲ့တာ”

ဤအချိန်မှာတော့ အရှင်မင်းမြတ်က နှလုံးသားတစ်ခုလုံး ကွဲကြေလျက် ရှိနေ၏။ သူမည်မျှ မာနကြီးသနည်း။ ဘယ်တော့မှ သူ၏အမှားကို ဝန်ခံတတ်သူ မဟုတ်ချေ။ ယခု လူတိုင်း၏ ရှေ့တွင် ထိုကဲ့သို့သော စကားများကို ပြောဆိုလျက် ရှိနေ၏။ စိတ်ပျက်အားငယ်မှု၊ နာကျင်မှုတို့ကြောင့် သူ၏ဂုဏ်သိက္ခာတရားကို ဆုံးရှုံးခံကာ ပြောနေခြင်း ဖြစ်ပေမည်။

ဤအရာက အစစ်အမှန် နင်ယွမ်ရှန်း ဖြစ်၏။ သူက ယုတ်မာပြီး ကျေးဇူးတရား မသိတတ်သူ တစ်ယောက် ဖြစ်သော်လည်း ရှုထောင့်တစ်ခုမှ ကြည့်မည်ဆိုပါက သူ၏ခံစားချက်ကို လူအနည်းငယ် အပေါ်တွင် ထားရှိ၏။

ဘုရင်မင်းမြတ်က လက်ကို ဝှေ့ယမ်းလိုက်သည်။ “မင်းတို့အားလုံး ထွက်သွားတော့။ ငါ မိဖုရားကြီးပျံ့နဲ့ နောက်ဆုံးအချိန်မှာ အတူနေမယ်”

ရှမ့်လန်က အားနည်းသည့် ခြေလှမ်းများဖြင့် လှမ်းလျှောက်ထွက်သွား၏။ အခြားသောသူများကလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြလေ၏။ ရှမ့်လန် တံခါးဝမှ ထွက်ခွာလာခါနီးမှာပဲ ဘုရင်မင်းမြတ်က ရုတ်တရက် လှမ်းပြောလိုက်၏။ “မစမ်းသပ်ရသေးတဲ့ လူတစ်ယောက် ရှိသေးတယ်”

ရှမ့်လန်က ကြောင်အသွားခဲ့သည်။ “နင်ကျန်းလား”

ဘုရင်မင်းမြတ်က လှမ်းကာ ပြောလိုက်၏။ “လီစွမ်း.. နင်ကျန်းကို ခေါ်လာခဲ့ မြန်မြန်”

ရှမ့်လန်က တစ်စုံတစ်ခု ပြောလိုသော်လည်း ရပ်တန့်ထားသည်။

မင်းကြီးက ပြောလိုက်၏။ “မိဖုရားကြီးပျံ့ မွေးဖွားတုန်းက သေလုနီးပါး ဖြစ်ခဲ့တယ်။ နင်ကျန်း ကလည်း အဲအတိုင်းပဲ။ နင်ကျန်းက ငယ်ငယ်လေး တည်းက ကျိန်စာသင့်နေသလိုပဲ။ သူ့ရဲ့ကံကြမ္မာက တခြားသူတွေနဲ့ မတူဘူး။ ဒါ မိဖုရားကြီးပျံ့နဲ့ တူနေတယ်”

ဤအရာက ဆက်စပ်မှု မရှိချေ။ ထို့ကြောင့် ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီး.. မင်းသားနင်ကျန်းရဲ့ မွေးဖွားမှု မူမမှန်တာက အသားဝါရောဂါကြောင့်ပါ။ ပြီးတော့ သူ မွေးဖွားလာတဲ့အချိန်မှာ အိမ်တွေကို ဖျက်ဆီးခဲ့တဲ့ ဥက္ကာခဲ ကြွေကျတယ်ဆိုတာကလည်း တိုက်ဆိုင်မှုပါပဲ”

“ဟုတ်ပါတယ်။ ကျုပ် မင်းသားနင်ကျန်းရဲ့ သွေးကို စစ်ဆေးကြည့်နိုင်တယ်။ ဒါပေမဲ့ အရှင်မင်းကြီး မျှော်လင့်ချက်တော့ မထားသင့်ဘူး”

ပြီးနောက် ရှမ့်လန်က ပြောလိုက်၏။ “မင်းသားနင်ကျန်းက အရမ်းကို ကျန်းမာတယ်။ သူက ဘယ်သူနဲ့မှ တူတာ မရှိပါဘူး”

မင်းကြီးသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “မင်းနားမလည်သေးဘူး။ မင်းက ဉာဏ်ကောင်းတယ်။ ဒါပေမဲ့ မင်းနားမလည်တာတွေ ရှိနေသေးတယ်”

ရှမ့်လန်က အရှင်မင်းကြီး၏ တွေးတောမှုများမှာ အဓိပ္ပာယ်မရှိဟု ခံစားမိ၏။ သို့ပေမည့် ကံကောင်းစွာဖြင့် အင်ပါယာ အကျဉ်းထောင်က အလွန်နီးကပ်၏။ နာရီဝက် မပြည့်ခင်မှာပဲ မိန်းမစိုး လီစွမ်းက နင်ကျန်းကို ခေါ်ဆောင်လာခဲ့၏။

သူ ဝင်လာသည့်အချိန်မှာတော့ အားလုံးသောသူတို့က ပင်ကိုယ်အသိစိတ်ဖြင့် အသက်အောင့်ထားမိကြ၏။ အဘယ့်ကြောင့်ဆိုသော် နင်ကျန်း၏ ခန္ဓာကိုယ်အနံ့က အလွန်ဆိုးဝါးသောကြောင့်ပင်။ မတတ်နိုင်ချေ။ ရာသီဥတုက အလွန်ပူပြင်းပြီး အကျဉ်းထောင်တွင် ရေချိုးရန် အခွင့်အလမ်းလည်း မရှိချေ။ ယခု နင်ကျန်းက ရက်ပေါင်းများစွာ ချုပ်နှောင်ခံထားရပြီး တစ်ကိုယ်လုံးလည်း နံစော်နေခဲ့၏။

ရှမ့်လန်က အရက်ပြန် အနည်းငယ်ကို ထုတ်ယူပြီး နင်ကျန်း၏ လက်ကောက်ဝတ်ရှိ သွေးကြောများအပေါ် ဆေးကြောလိုက်၏။ ပြီးနောက် သူက သွေးကို ထုတ်ယူ၏။ သွေးကို ထုတ်ယူပြီးသည့်နောက် သူက သွေးရည်ကြည်နှင့် ခွဲထုတ်ပြန်သည်။

ပြီးနောက် ရှမ့်လန်က အသက်အောင့်ထားခဲ့၏။ ဤအချိန်မှာတော့ သူ၏နှလုံးသားတွင် မျှော်လင့်ချက် အနည်းငယ် ရှိသည်ဆိုသော်လည်း အရမ်းကြီး မမျှော်လင့်ရဲချေ။ အကြောင်းအရင်းမှာ သူက သိပ္ပံပညာကို နားလည်သောကြောင့်ပင်။

All Chapters