အခန်း (၄၆၂)
Vol. 32 Ch. 462
မင်းသမီးနင်ကျဲ့က ရှမ့်လန်၏ စကားအတိုင်း ငွေအပ်များကို တစ်ချောင်းချင်း ဖြည်းဖြည်းချင်း ဆွဲထုတ်၏။ မိဖုရားကြီးပျံ့၏ သားအိမ်ရှိ ဒဏ်ရာက သွေးထွက်ခြင်းမှ လုံးဝရပ်တန့်သွားခဲ့၏။ ရှမ့်လန်က ရောင်ရမ်းမှုကို သက်သာစေရန် ဆေးညွှန်းပေးရပေတော့မည်။
ဟုတ်ပေ၏။ သားအိမ်ထဲတွင်ရှိသည့် သွေးများကို စွန့်ထုတ်ရန်လည်း လိုအပ်၏။ သမားတော်ကြီး ယွန်ဟွာက ဤကိစ္စတွင် ပိုပြီးအတွေ့အကြုံရှိသောကြောင့် ရှမ့်လန် ဝင်ပါရန် မလိုအပ်ချေ။
“မိဖုရားကြီးပျံ့က ဘာလို့ သတိမရသေးတာလဲ” နင်ယွမ်ရှန်းက မေးမြန်းလိုက်၏။ သူ့ကိုကြည့်ရသည်မှာ အလွန်ပင်ပန်း နွမ်းနယ်နေပုံပေါ်၏။ မျက်လုံးများက နီရဲပြီး မျက်တွင်းများက ချိုင့်ဝင်နေ၏။ ရှမ့်လန်က နာရီအနည်းငယ်လောက် အိပ်စက်ခဲ့သော်လည်း နင်ယွမ်ရှန်းက တစ်ခဏမျှပင် မျက်စိမမှိတ်ခဲ့ချေ။
ရှမ့်လန်က ပြောလိုက်၏။ “ဦးနှောက်ထဲမှာ အောက်ဆီဂျင် မရှိလို့ သတိလစ်သွားတာ။ အနားယူဖို့ အချိန်အများကြီး လိုအပ်သေးတယ်။ ဒါပေမဲ့ အရှင်မင်းကြီး စိတ်မပူပါနဲ့။ မိဖုရားကြီးပျံ့က နှစ်ရက်၊ သုံးရက်အတွင်း နိုးလာပါလိမ့်မယ်”
နင်ယွမ်ရှန်းက ပြောလိုက်သည်။ “မိဖုရားကြီးပျံ့က သွေးတွေအများကြီး ဆုံးရှုံးခဲ့တယ်။ ပြီးတော့ မင်းပြောတာကို ငါ ကြားတယ်။ သူ့ရဲ့ခန္ဓာကိုယ်ထဲကို သွင်းလိုက်တဲ့သွေးက ဆုံးရှုံးသွားတဲ့သွေးရဲ့ တစ်ဝက်ပဲ ရှိတယ်ဆိုတာ။ ဒီတော့ သွေးထပ်သွင်းဖို့ လိုအပ်သေးလား”
ရှမ့်လန်က ခေါင်းခါယမ်းလိုက်၏။ “မလိုအပ်ပါဘူး။ မင်းသားနင်ကျန်းရဲ့သွေးက လုံလောက်နေပါပြီ။ သွေးထပ်သွင်းရင် သူ့ရဲ့ခန္ဓာကိုယ် ထိခိုက်သွားလိမ့်မယ်။ ဒီတိုင်းထားရင် သူ့ရဲ့ခန္ဓာကိုယ်က သွေးအသစ်ကို အလိုလို ထုတ်လုပ်ပါလိမ့်မယ်”
နင်ယွမ်ရှန်းက မိဖုရားကြီးပျံ့၏ ခန္ဓာကိုယ် ထိခိုက်မှုအကြောင်း ပြောလို၏။ သို့ပေမည့် ရှမ့်လန်က ပြတ်ပြတ်သားသား ငြင်းဆိုသောကြောင့် ဘာတစ်ခုမှ မပြောနိုင်တော့ချေ။ ပြီးခဲ့သည့် ညမှစ၍ ရှမ့်လန်က တကယ့်ကို ဩဇာအာဏာ ကြီးမားသွားခဲ့၏။ သူပြောသည့် စကားလုံးများကို ဘုရင်မင်းမြတ်ပင် မငြင်းဆန်နိုင်ခဲ့ချေ။
ပို၍ တိတိကျကျပြောရမည်ဆိုလျှင် လူနာဆောင်ထဲတွင် လူများကို ကယ်တင်နေခဲ့သည့် သမားတော် ရှမ့်လန်၏ စကားလုံးများက အင်ပါယာတစ်ပါး၏ အမိန့်တော်ကဲ့သို့ပင်။
နင်ယွမ်ရှန်းက ထပ်မေးလိုက်၏။ “မိဖုရားကြီးပျံ့က သွေးထပ်သွင်းဖို့ မလိုဘူးဆိုတာ သေချာလား”
ရှမ့်လန်က ခေါင်းညိတ်လိုက်သည်။ “သေချာပါတယ်”
နင်ယွမ်ရှန်းက ပြောလိုက်၏။ “လီစွမ်း... လူတစ်ယောက်ကို လွှတ်ပြီး နင်ကျန်းကို အင်ပါယာ အကျဉ်းထောင်ထဲ ပြန်ပို့လိုက်တော့”
လီစွမ်းက ခေါင်းညိတ်လိုက်သည်။ “ကောင်းပါပြီ အရှင်မင်းကြီး”
ယုတ္တိဗေဒအရ ပြောရမည်ဆိုလျှင် ဤအမိန့်က လုံးဝ အဓိပ္ပာယ် မရှိချေ။ နင်ကျန်းက မိဖုရားကြီးပျံ့ကို သွေးပေးပြီး သူမ၏ အသက်ကို ကယ်တင်ခဲ့သည်မှာ မကြာသေးချေ။ အဘယ့်ကြောင့်အကျဉ်းထောင်ဆီ ပြန်ပို့ရသနည်း။ သို့ပေမည့် ရှမ့်လန်က ဘာမှ မပြောခဲ့ချေ။
နင်ယွမ်ရှန်းက ပြောလိုက်၏။ “ရှမ့်လန်အတွက် အနီးအနားမှာ အခန်းတစ်ခု ရှာပေးလိုက်။ သူ့ကို နန်းတော်ထဲမှာပဲ အနားယူပါစေ”
မိန်းမစိုးကြီးရှောင်လီက ပြောလိုက်သည်။ “ကောင်းပါပြီ အရှင်မင်းကြီး”
ထို့ကြောင့် ရှမ့်လန်က နန်းတော်ထဲမှာသာ နေထိုင်ခဲ့ရ၏။ မည်သို့ပဲဖြစ်စေ သူ့အတွက် နန်းတော်ထဲ နေထိုင်ခြင်း ဆိုသည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်ပေ။
ယနေ့အချိန်မှာတော့ အရှင်မင်းကြီးက နန်းတွင်း အစည်းအဝေးကို မပယ်ဖျက်ခဲ့ချေ။ နန်းတွင်းညီလာခံကို ပြုလုပ်ခဲ့၏။ ညီလာခံက တကယ့်ကို တိုတောင်းပြီး နှစ်နာရီပင်မပြည့်ခဲ့ချေ။
တကယ်တော့ ညီလာခံအတွင်း၌ ပြောဆိုရမည့် ကိစ္စရပ်များစွာ ရှိ၏။ မည်သို့ပဲဖြစ်စေ ရွှဲ့ပြည်နယ်က အကျပ်အတည်းမှ လတ်လတ်ဆတ်ဆတ် လွတ်မြောက်လာခဲ့ပြီဖြစ်ပြီး အောင်ပွဲကိုလည်း ရရှိထား၏။
ချောင်နိုင်ငံ၏ သံတမန်က မကြာမီ ရောက်ရှိလာပေလိမ့်မည်။ သူတို့ မည်သို့ ညှိနှိုင်းသင့်သနည်း။
တောင်ပိုင်းနိုင်ငံရှိ စစ်ပွဲကို မည်သို့ဆက်လက်ပြုလုပ်မည်။ လေ့ကျိုးကျွန်း၏ သစ္စာဖောက် ချောင်ဟောင်ကို မည်သို့ အရေးယူရမည်။ ကျန်းရှစ်စီရင်စုတွင် လုပ်ဆောင်စရာ ကိစ္စရပ်များစွာ ရှိနေပြီး မည်သည့်အရာရှိများကို စေလွှတ်မည်။ ထိုကိစ္စအားလုံးကို ဆွေးနွေးရန် လိုအပ်၏။
သို့ပေမည့် မင်းကြီးက ညီလာခံကို အလျင်အမြန် အဆုံးသတ်ခဲ့ပြီး မိဖုရားကြီးပျံ့နှင့် အတူရှိရန် သူ၏ မောင်းမဆောင်ဆီသို့ ပြန်သွားခဲ့၏။ အနည်းဆုံး သူမ သတိရလာသည်ကို မြင်လို၏။
ဤသည်မှာ ကွယ်လွန်သွားခဲ့သည့် ပထမဇနီးအပေါ် အကြွေးတင်ခဲ့သောကြောင့် သူက ပြန်လည် ပေးဆပ်နေခြင်း ဖြစ်၏။ ထိုအရာက နတ်ဘုရားများကို ကျေးဇူးတင်ခြင်း တစ်မျိုးလည်း ဖြစ်၏။ နတ်ဘုရားများက နောက်ဆုံးတွင် သူ့ကို သနားညှာတာခဲ့ပြီး မိဖုရားကြီးပျံ့ကို ခေါ်ဆောင် မသွားခဲ့ချေ။
....................
ညနေပိုင်းလောက်မှာတော့ မိဖုရားကြီးပျံ့က သတိရလာခဲ့၏။ မင်းကြီး နင်ယွမ်ရှန်း၏ မျက်လုံးများက နီရဲလျက် ရှိနေ၏။ သို့ပေမည့် သူက ကြည့်ကောင်းစွာ ပြုံးလိုက်၏။
မိဖုရားကြီးပျံ့၏ ပါးပြင်ပေါ်သို့ မျက်ရည်များ လိမ့်ဆင်းလာခဲ့၏။ သူမက နူးညံ့စွာပြုံးလိုက်သော်လည်း သူမ၏ အသွင်အပြင် အမူအရာမှာတော့ ဆိုးရွားလွန်းနေသေးသည်။
သူမက ရင်သွေးလေး ခက်ခက်ခဲခဲ လွယ်ပိုးခဲ့သော်လည်း ထိုရင်သွေး အသက်ရှင်ရန် မထိန်းသိမ်းနိုင်ခဲ့ချေ။ သူမ၏ နှလုံးသားကို ဓားနှင့်မွှန်းနေသကဲ့သို့ပင် ခံစားရ၏။ ထို့အတူ သူမက အနည်းငယ် ရှက်ရွံ့နေမိ၏။ အကြောင်းမှာ မနေ့က သူမ သေမည်ဟု ထင်ခဲ့သောကြောင့် နောက်ဆုံး စကားများကို ပြောကြားခဲ့၏။ သူမ၏ နောက်ဆုံးစကားများမှာ ပုံမှန်မဟုတ်သော အရာများ ဖြစ်၏။ ယခု သူမ အသက်ရှင်နေချိန်မှာတော့ ထိုစကားလုံးများကို ပြန်လည် စဉ်းစားမိပြီး နေရခက်လို့နေသည်။ ထို့ကြောင့် မည်သည့် စကားကိုမှ ဆက်ကာ မပြောဖြစ်ချေ။
နင်ယွမ်ရှန်းက မိဖုရားကြီးပျံ့၏ လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထား၏။
အချိန်ခဏကြာပြီးနောက် မိဖုရားကြီးပျံ့က နူးညံ့စွာ ပြောလိုက်သည်။ “ကျွန်မ ရှမ့်လန်ကို တောင်းပန်ချင်တယ်”
မင်းကြီးက ခေါင်းကိုခါယမ်းလိုက်၏။ “မင်း အဲဒီတုန်းက သူ့အပေါ် အကြွေးမတင်ခဲ့ပါဘူး။ မင်းက မိဖုရား တစ်ယောက်လေ။ နန်းတွင်းကိစ္စရပ်တွေမှာ ဝင်ပြီးမစွက်ဖက်ဘူးဆိုတာ မှန်တဲ့ကိစ္စပဲ။ ဒါကြောင့် အဲဒီတုန်းက ငြင်းခဲ့တယ်ဆိုတာ မှန်ကန်ပါတယ်”
မိဖုရားကြီးပျံ့က ဘာမှမပြောတော့ချေ။
မင်းကြီးက ပြောလိုက်သည်။ “ရှမ့်လန်က အရမ်းကို မာနကြီးတဲ့ လူတစ်ယောက်ပဲ။ မင်းသူ့ကို တွေ့တဲ့အခါမှာ သူ့ကို ကျေးဇူးတင်တဲ့စကား မပြောနဲ့။ ပြောလည်း သူက ဂရုစိုက်မှာ မဟုတ်ဘူး”
မိဖုရားကြီးပျံ့က မချိပြုံး ပြုံးလိုက်၏။
ခဏလောက်ကြာပြီးနောက် ရှမ့်လန်နှင့် သမားတော်ကြီး ယွန်ဟွာတို့ ရောက်ရှိလာခဲ့သည်။
ရှမ့်လန်က သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်ပြီး ခန္ဓာကိုယ်ကို သေသေချာချာ စစ်ဆေး၏။ အပူချိန်ကိုလည်း စမ်းသပ်၏။ “အင်း.. ယေဘုယျအားဖြင့်တော့ ကောင်းပါတယ်။ အနားယူပြီး အားပြန်မွေးဖို့ပဲ လိုတော့တယ်”
ရှမ့်လန်က ပြောလိုက်သည်။ “အားပြန်မွေးဖို့နဲ့ ပြန်ပြီးတော့ ပြန်လည်ထူထောင်ဖို့ဆိုတာတော့ ဆရာကြီး ယွန်ဟွာပဲ အားကိုးရလိမ့်မယ်။ သူက ကျုပ်ထက်ပိုတော်တယ်လေ။ ကျုပ်လုပ်စရာ ဘာမှမရှိတော့ပါဘူး”
နင်ယွမ်ရှန်းက ပြောလိုက်၏။ “ကောင်းပြီ ဒါဆိုရင်မင်းပြန်လို့ရပြီ”
ရှမ့်လန်က ဦးညွှတ်လိုက်သည်။ “အရှင်မင်းကြီး၊ မိဖုရားကြီးပျံ့ နှုတ်ဆက်ပါတယ်”
မိဖုရားကြီးပျံ့က နူးညံ့စွာဖြင့် ပြုံးပြလိုက်၏။ “ရှမ့်... ကျေးဇူးတင်ပါတယ်”
..........
ရှမ့်လန် အိမ်ပြန်ရောက်လာခဲ့၏။ ချက်ချင်းပဲ ကလေးငယ်နှစ်ဦးတို့၏ စကားပြောသံများကို ကြားလိုက်၏။ ကလေးနှစ်ယောက်ကို အထူးတရားရုံးက ပြန်လည် ပေးပို့လာခဲ့သည်။
အကြီးမလေးက ထိုအကျဉ်းထောင်ကြီး မည်မျှ ကြောက်မက်ဖွယ်ရာကောင်းကြောင်း သေသေချာချာ ပြောပြနေသည်။ သူမ၏လက်ကို ပင်းအာ အား ဆန့်တန်းပြ၏။ သူမတို့၏ လက်ဖဝါး များတွင် အရိုက်ခံရသည့်အရာများ ရှိ၏။
ဤအရာက ထိုအကျဉ်းထောင်၏ လုပ်ဆောင်မှုပင် ဖြစ်၏။ ကလေးသူငယ်များကို အချိန်သုံးရက်အတွင်း ကျွန်များကဲ့သို့ နာခံမှုရှိစေရန် ဤကဲ့သို့ ဖိအားပေးကာ ရိုက်နှက်တတ်၏။ တိရစ္ဆာန်များကို လေ့ကျင့်ပေးခြင်းနှင့် ဆင်တူ၏။ ထိုမှသာလျှင် ကလေးငယ်များ၏ အလိုအလျောက် တုံ့ပြန်မှုကို နာခံမှုအပြည့်ဖြင့် ရရှိစေပေလိမ့်မည်။ ထိုမျှမကသေးချေ။ ရိုက်နှက်၍ သေဆုံးသွားလျှင်တောင်မှ သူတို့၌ အပြစ်မရှိချေ။
ကလေးမလေးနှစ်ယောက်လုံးက ထိုနေရာဆီသို့ ရောက်ရှိခဲ့ပြီး ရက်အနည်းငယ်အတွင်း အကြိမ်ပေါင်း များစွာ အရိုက်ခံခဲ့ရ၏။ တကယ့်ကို စိတ်ခြောက်ခြားဖွယ်ရာပင်ဖြစ်၏။
ရှမ့်လန်ဝင်လာသည်နှင့် တပြိုင်နက် ကလေးနှစ်ယောက်တို့သည် ချက်ချင်းပြေးထွက်ပြီး ရှမ့်လန်၏ ခြေထောက်များကို ဖက်ထားသည်။
“ဦးလေး.. ကျွန်မ နောက်ဆိုရင် လိမ္မာပါတော့မယ်။ နောက်ကို ကောင်းကောင်း နေပါ့မယ်။ ထပ်ပြီးတော့ မပို့ပါနဲ့တော့” ကလေးငယ်များက မျက်ရည်များဖြင့် တောင်းပန်လျက် ရှိနေ၏။
ရှမ့်လန်က ထိုသူတို့ကို ပွေ့ချီလိုက်၏။ ပြီးနောက် ထိုသူတို့၏ နှာခေါင်းများကို တို့ထိကာ ဆော့ကစားနေမိ၏။ ရက်အနည်းငယ်အတွင်း ဖြစ်တည်ခဲ့သည့် စိတ်ပိုင်းဆိုင်ရာ အရိပ်မဲကြီးကို သူက အချိန်အနည်းဆုံးဖြင့် ပျောက်ကင်းအောင် ကုသပေးရပေလိမ့်မည်။
ကတော်ကျိုးနှင့် ပင်းအာတို့က ရှမ့်လန်ကို စိတ်အားထက်သန်စွာ လှမ်းကြည့်နေခဲ့၏။ မင်းသား နင်ကျန်းက မိဖုရားကြီးပျံ့ကို သွေးသွင်းပေးခဲ့ပြီး မိဖုရားကြီးပျံ့ကို ကယ်တင်ပေးခဲ့သည်ဟူသည့် သတင်းကို သူတို့ ကြားခဲ့ပြီး ဖြစ်၏။ သို့ပေမည့် ရှမ့်လန် ပြန်ရောက်လာပြီး မင်းသား နင်ကျန်းက အဘယ်ကြောင့် ပြန်မလာရသနည်း။
ရှမ့်လန်က ပြောလိုက်၏။ “စိတ်ပူမနေပါနဲ့”
အမှန်တကယ်ပဲ စိတ်ပူရန်မလိုအပ်ချေ။ အချို့သော မုန်တိုင်းများက မလာသေးချေ။ မိန်းမစိုးကြီး လီစွမ်းပြောသည်မှာ အမှန်ပင်ဖြစ်၏။ ကံဆိုးခြင်းနှင့် ကံကောင်းခြင်းဆိုသည်မှာ တစ်ခုနှင့်တစ်ခု မှီခိုနေပြီး ကံကောင်းခြင်းကလည်း ကံဆိုးခြင်းကြားတွင် ပုန်းအောင်းနေတတ်သည်။
...........
မျှော်လင့်ထားသည့်အတိုင်းပင် နောက်တစ်နေ့မှာတော့ နန်းမြို့တော်ထဲ၌ ကောလဟလများ ပေါ်ပေါက်လာခဲ့၏။ ရှမ့်လန်က မင်းသားနင်ကျန်း၏ နောက်ခံကို ရှာဖွေပေးရန် သွေးသွင်းခြင်းတွင် ကလိမ်ကကျစ် ပြုလုပ်ခဲ့သည်ဆိုသော အကြောင်းပင်။
အခြားသောသူများ၏ သွေးက အလုပ်မဖြစ်သည်မှာ ထင်ရှားသော်လည်း ရှမ့်လန်က ထိုအရာမှာ မိဖုရားကြီးပျံ့၏ သွေးနှင့် မပေါင်းစပ်နိုင်အောင် တမင်တကာ လှည့်ကွက်တစ်ခုကို သုံးခဲ့သည်ဟုဆို၏။ နင်ကျန်း၏ သွေးကိုသာလျှင် အစစ်အမှန် အသုံးပြုခဲ့၏။ ဤသည်မှာ နင်ကျန်းအပြစ်မှ လွတ်မြောက်ရန် နည်းလမ်းတစ်ခုကို ရှာဖွေခဲ့ခြင်းဖြစ်၏။
ထို့ကြောင့် လူပေါင်းများစွာတို့က မတရားဟု အော်ဟစ်နေကြ၏။ နင်ကျန်းက အထူးတရားရုံးချုပ်မှ အရာရှိများကို သတ်ဖြတ်ပစ်ခဲ့၏။ အဘယ့်ကြောင့် လွယ်လွယ်ကူကူ လွတ်မြောက်ရမည်နည်း။ ဤသည်က မတူညီသည့် ကိစ္စရပ်ပင် မဟုတ်ပါလား။ အပြစ်ကျူးလွန်ခြင်း နှင့် သွေးပေးကာ မိဖုရားကြီးအား ကယ်တင်ခြင်း .. လားလားမျှ မတူပေ။
တရားဥပဒေကို ချိုးဖောက်သည့် မင်းသား ဆိုလျှင်ပင် သာမန်ပြည်သူတစ်ယောက်ကဲ့သို့ အပြစ်ပေး ခံရပေလိမ့်မည်။ မိဖုရားကြီးပျံ့ကို သွေးသွင်းပေးရုံလောက်နှင့် လူသတ်မှုကျူးလွန်သည့် အပြစ်မှ ကင်းလွတ်ခွင့်ရမည်ဆိုခြင်းမှာ အဓိပ္ပာယ် မရှိချေ။
ပြီးနောက် ကြောက်မက်ဖွယ်ရာကောင်းသည့် ကောလဟလတစ်ခုကလည်း ထွက်ပေါ်လာခဲ့၏။ မိဖုရားကြီးပျံ့က ကိုယ်ဝန်ပျက်ကျစရာ အကြောင်းအရင်းမရှိချေ။ သွေးလွန်စရာ အကြောင်းလည်း မရှိချေ။ သို့ပေမည့် အရာအားလုံးက ရှမ့်လန်၏ အကြံအစည်ဖြစ်သည်ဆိုခြင်းပင်။
ရှမ့်လန်က လူတစ်ဦးကို ကယ်တင်ရန်အတွက် အခြားသောလူတစ်ဦးကို သတ်ခဲ့သည်ဟုဆို၏။ ထိုလူတစ်ဦးက မိဖုရားကြီးပျံ့၏ ဗိုက်ထဲတွင် ရှိနေသည့် ကလေးဖြစ်သည်။
မဟုတ်ပါက အဘယ့်ကြောင့် မိဖုရားကြီးပျံ့က ကိုယ်ဝန်ပျက်ကျရမည်နည်း။ ရှမ့်လန် နန်းမြို့တော်သို့ ရောက်သည့်အချိန်၊ နင်ကျန်း အချုပ်ကျသည့် အချိန်တွင် မိဖုရားကြီးပျံ့က တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ဝန်ပျက်ကျခဲ့၏။
ဤကောလဟလများ၏ အရင်းအမြစ်က လုံးဝ မမျှော်လင့်ထားသည့် လူတစ်ဦးဖြစ်ခဲ့၏။ မိဖုရားကြီးပျံ့၏ တူ ပျံ့နန်ပင်ဖြစ်၏။ သူက လုံးဝ ဂရုမစိုက်ဘဲ ဒေါသတကြီးဖြင့် အော်ဟစ်နေခဲ့သည်။
“ရှမ့်လန်က ငါ့အဒေါ်ကို ကိုယ်ဝန်ပျက်ကျအောင် လုပ်ပြီး သွေးထွက်လွန်အောင် လုပ်ခဲ့တာပဲ။ ဒီကောင်က အရမ်းကို ယုတ်မာကောက်ကျစ်တယ်။
ရှမ့်လန် ဘယ်လောက် စွမ်းအားကြီးတယ်ဆိုတာ မင်းတို့ မသိဘူး။ ချင်ဘုရင် အာယုခန်ကို သိလား။ သူက ရှမ့်လန် လက်ထဲမှာ သေခဲ့တာပဲ။ ငါ့အဒေါ် အရင်က ကောင်းကောင်းမွန်မွန်နဲ့ ရှင်သန်နေခဲ့တာ။ ဗိုက်ထဲက ကလေးကလည်း ကောင်းကောင်းမွန်မွန်ပဲ။ ဒါပေမဲ့ ရှမ့်လန် ပြန်လာတာနဲ့ ငါ့အဒေါ် ကိုယ်ဝန်ပျက်ကျခဲ့တယ်။ ဒါကတိုက်ဆိုင်တာ ဘယ်လိုလုပ် ဟုတ်မှာလဲ။
ပြီးတော့ ရယ်စရာ အကောင်းဆုံး ကိစ္စတစ်ခု ပြောပြမယ်။ ငါက ငါ့အဒေါ်ရဲ့ တူအရင်း အဖြစ် သွေးသားတော်စပ်တယ်။ ဒါပေမဲ့ ငါ့သွေးက ငါ့အဒေါ်နဲ့ မပေါင်းစပ်နိုင်ဘဲ နင်ကျန်းကျမှ ပေါင်းစပ်နိုင်တယ်တဲ့။ ဒါ ရယ်စရာကောင်းမနေဘူးလား”
ဤစကားကို သူက မည်သူမှ ဂရုမစိုက်သလို ပြောဆိုနေ၏။ သို့ပေမည့် မည်သူမှကလည်း ထွက်ပြီး မတားဆီးခဲ့ချေ။ ထို့ကြောင့်ပင်လျှင် ကောလဟလက ပိုမိုကာ ပျံ့နှံ့လာခဲ့၏။ လိမ်ညာမှုကို အကြိမ်ပေါင်း ထောင်ချီ ပြောဆိုသည့်အချိန်တွင် ထိုလိမ်ညာမှုက အမှန်တရား ဖြစ်လာခဲ့၏။ မြို့တော်တွင် ရှိနေသည့် လူပေါင်းများစွာတို့က ထိုအကြောင်းအရာကို အခိုင်အမာ ယုံကြည်သွားခဲ့၏။
မိဖုရားကြီးပျံ့ ကိုယ်ဝန်ပျက်ကျခဲ့ပြီး သွေးထွက်လွန်ခဲ့ရသည့် အကြောင်းအရင်းက ရှမ့်လန်၏ အကြံအစည်များ ဖြစ်သည်ဟု သူတို့က ယုံကြည်သွားခဲ့ကြသည်။
နန်းတော်အတွင်းမှာတော့ မိဖုရားကြီးပျံ့၏ ခန္ဓာကိုယ်က နေ့စဉ်နှင့်အမျှ ပြန်လည်ကာ ကောင်းမွန်လာခဲ့၏။
ပဉ္စမမင်းသား နင်ကျန်းကလည်း အင်ပါယာအကျဉ်းထောင်ထဲတွင် အချုပ်နှောင် ခံထားရဆဲဖြစ်၏။ ရှမ့်လန်ကလည်း ပဉ္စမမင်းသား၏ အိမ်တွင်နေနေဆဲဖြစ်ပြီး လူများ၏ အရှေ့သို့ နောက်တစ်ကြိမ် ပေါ်ထွက် မလာခဲ့ချေ။ မိဖုရားကြီးပျံ့ကို ဘယ်တုန်းကမှ မကယ်တင်ခဲ့ဖူးသူတစ်ယောက်ကဲ့သို့ပင် နေထိုင်နေသည်။
ထိုနေ့မှာတော့ မိဖုရားကြီးပျံ့၏ တူက ပဉ္စမမင်းသားအိမ်ဆီသို့ ရောက်ရှိလာခဲ့၏။ “ရှမ့်လန် ဘယ်မှာလဲ။ သူ့ကိုထွက်လာခဲ့ခိုင်းစမ်း။ ငါနဲ့လာတွေ့ခိုင်းလိုက်”
ခဏကြာမှတော့ ရှမ့်လန်က သူ၏ရှေ့တွင် ပေါ်လာသည်။ “အင်း၊ သခင်လေးပျံ့... ဘာကိစ္စရှိလို့လဲ”
မိဖုရားကြီးပျံ့၏တူ ပျံ့နန်က ရှမ့်လန်ကို လက်ညှိုးထိုးကာဖြင့် အေးစက်စက် ပြောလိုက်၏။ “ရှမ့်လန်... မင်းဘာတွေကြံစည်ခဲ့တာလဲ။ ငါ့ကိုအမှန်အတိုင်း ပြောစမ်း”
ရှမ့်လန်က မျက်မှောင်ကြုံ့လိုက်သည်။
ပျံ့နန်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ “ရှမ့်လန်... မသိချင်ယောင်ဆောင်မနေနဲ့။ သွေးသွင်းတဲ့အချိန်မှာ မင်း ဘာလုပ်ခဲ့တာလဲ။ ငါက ငါ့အဒေါ်ရဲ့တူအရင်း၊ ငါ့သွေးက ငါ့အဒေါ်နဲ့ မပေါင်းစပ်နိုင်ဘူး။ ဘာလို့ မပေါင်းစပ်နိုင်တာလဲ။ မင်း တစ်စုံတစ်ခု လုပ်ခဲ့တာ ထင်ရှားတယ်။ အမှန်အတိုင်း ပြောစမ်း။
ပြီးတော့ ငါ့အဒေါ်ကို ကိုယ်ဝန်ပျက်ကျအောင် မင်းလုပ်ခဲ့တာမလား။ မင်းသူ့ကို သွေးထွက်လွန်အောင်လို့ ဘယ်လိုလုပ်ခဲ့တာလဲ။ ငါ့ကို အမှန်အတိုင်း ဝန်ခံစမ်း။ ကောင်းပြီ ရှမ့်လန်.. မင်းက တကယ်တော်တဲ့ကောင်ပဲ။ အရင်ဆုံး ဒုက္ခပေးတယ်။ ပြီးမှကယ်တင်တယ်။ ပြီးတော့ ပျံ့မိသားစုက မင်းအပေါ် ကျေးဇူးကြွေး တင်အောင် လုပ်ခဲ့တာပဲ။
အိပ်မက် မမက်နဲ့။ မင်းရဲ့အကြံအစည်ကို ဘယ်သူမှမသိဘူး ထင်နေတာလား။ ငါတင် မဟုတ်ဘူး။ လူတွေအကုန်လုံး သိတယ်ကွ။ ငါ့ဦးလေးဆီကို ငါစာရေးပြီး တိုင်ပြီးပြီ။ ငါ့အဒေါ်ကို မင်းရဲ့အကြံအစည်တွေ အကြောင်း ပြောပြမယ်။ ငါ့ဦးရီးတော် အရှင်မင်းကြီးကို ငါ ပြောပြမယ်။ မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။
ရှမ့်လန်... မင်းမကြာခင် ဒုက္ခရောက်တော့မယ်။ မင်းမမြင်ဘူးလား။ အပေါ်ယံမှာတော့ မင်းက ငါ့အဒေါ်ကို ကယ်တင်ခဲ့တာပဲ။ ဒါပေမဲ့ ဘုရင်မင်းမြတ်က မင်းကို ဆုမချီးမြှင့်ဘူးမလား။ ဘာလို့လဲဆိုတော့ ငါ့အဒေါ်က မင်းကို ဆုမချီးမြှင့်ခိုင်းဘူး။ ဘာလို့ ငါ့အဒေါ်က မင်းကို ဆုမချီးမြှင့်တာလဲ။ ဘာလို့ နင်ကျန်းက အကျဉ်းထောင်ထဲမှာပဲ ရှိနေသေးတာလဲ။
ပြီးတော့ မင်းရဲ့ ချစ်ပါတယ်ဆိုတဲ့ မင်းသမီးလေး နင်ယန်ကရော ဘာလို့ အကျယ်ချုပ် ချခံရတာလဲ။ ဒါ ငါ့ရဲ့အဒေါ်နဲ့ ငါ့ရဲ့ဦးရီးတော် ဘုရင်မင်းမြတ်တို့က မင်းရဲ့အကြံအစည်ကို ကြိုပြီးမြင်ထားလို့ပဲ။ ရှမ့်လန်.... မင်းကတော့ သေတော့မယ်။ ရေနက်တပ်ဖွဲ့က မင်း ငါ့အဒေါ်ကို လုပ်ကြံတဲ့ကိစ္စ စုံစမ်းဖို့ ပြင်ဆင်နေကြပြီ”
ရှမ့်လန်က ပျံ့နန်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ ပျံ့ရှောင်းသည် ယန်ကျိုးကို တစ်ဦးတည်း အုပ်ချုပ်လျက် ရှိနေပြီး စစ်သည်တစ်သိန်းရှိ၏။ ထို့အတူ ပျံ့မိသားစု၏ ထူးချွန်သော မျိုးဆက်အားလုံးတို့က စစ်တပ်ထဲတွင်ရှိ၏။
ပျံ့နန်က ပျံ့ရှောင်း၏ တူဖြစ်၏။ သူ၏မိဘများက ဝူဘုရင်၏ လက်ထက်တွင် သေဆုံးခဲ့ရ၏။ ပျံ့ရှောင်းက အပြစ်ရှိသလို ခံစားရ၏။ ထို့ကြောင့် ဤတူကို ကောင်းမွန်စွာ ဆက်ဆံထားခဲ့၏။ သို့ပေမည့် ဤတူက အသုံးမကျသူ တစ်ယောက်ဖြစ်၏။ ထို့ကြောင့် စစ်တပ်ထဲတွင် မနေနိုင်ချေ။
ပျံ့ရှောင်း၏ ဘုန်းတန်ခိုးနှင့်အတူ မြို့တော်တွင် သက်တောင့်သက်သာ လာရောက်ကာ နေထိုင်နေခြင်း ဖြစ်၏။ ထိုသူက ပျံ့ရှောင်း၏ တူဖြစ်သောကြောင့် ဘုရင်မင်းမြတ်က သူ့ကို မြို့စားလေးဘွဲ့ကို ချီးမြှင့်ပြီး ပဉ္စမအဆင့် အရာရှိတစ်ဦးအဖြစ် ခန့်အပ်ထား၏။ သို့ပေမည့် ပျံ့နန်က မကျေနပ်ချေ။ နောက်ထပ် ရာထူးတစ်ဆင့်ကို တက်ချင်၏။
ဤတစ်ကြိမ် မိဖုရားကြီးပျံ့ကိုယ်ဝန်ပျက်ကျမှုကြောင့် သွေးထွက်လွန်နေပြီး သွေးသွင်းမှု လိုအပ်ခဲ့သည့် အချိန်မှာတော့ ပျံ့နန်က တကယ်ပဲ ဝမ်းသာမိခဲ့၏။ သူ၏ စွမ်းဆောင်ရည်ကို ပြသရန် အချိန် ကျရောက်လာပြီဟု ခံစားမိ၏။ သူ၏သွေးဖြင့် သူ၏ အဒေါ်၏အသက်ကို ကယ်တင်နိုင်သည်ဆိုပါက ရာထူးတက်ပြီး ကံကောင်းနိုင်ပေလိမ့်မည်။
သူက သွေးထုတ်ပေးရမည်ကို ကြောက်လန့်သော်လည်း အလျင်အမြန် တိုးတက်လိုသည့် သူ၏ စိတ်ဓာတ်ကြောင့် ကြောက်ရွံ့မှုများအားလုံးကို ဖယ်ရှားခဲ့ရ၏။
သူ၏အဒေါ်က ဘုရင်မင်းမြတ်၏ အချစ်ဆုံးမိဖုရားကြီးဖြစ်ပြီး သူ၏ဦးလေးက ရွှဲ့ပြည်နယ်၏ အာဏာအကြီးဆုံး စစ်သူကြီး၏။ သူက အဘယ့်ကြောင့် မြို့စားလေးရာထူးကိုသာလျှင် ရရှိရသနည်း။
သူ၏အဒေါ် မိဖုရားကြီးပျံ့ကို ကယ်တင်ခြင်းသည် တစ်သက်တွင် တစ်ခါသာရနိုင်သည့် အခွင့်အရေး ဖြစ်၏။ သို့ပေမည့် ရှမ့်လန်က ထိုအရာကို ဖျက်ဆီးခဲ့သည်။
ဤကိစ္စကို ဖော်ထုတ်အပြစ်ပေးရန် တစ်စုံတစ်ယောက်က လာရောက် လှုံ့ဆော်ပြီးနောက်မှာတော့ ဤအကြံအစည် အားလုံးက ရှမ့်လန်ကြောင့် ဖြစ်ကြောင်း တသတ်မှတ်တည်း ယူဆလိုက်သည်။ ထို့ကြောင့် သူက နန်းမြို့တော် တစ်ခုလုံး သိရှိနိုင်ရန် သတင်းဖြန့်ဝေခဲ့၏။
သူက ဂုဏ်သိက္ခာကြီးမားသော ဝူဝေမင်းကြီး ပျံ့ရှောင်း၏ တူဖြစ်၏။ ဟုတ်ပေ၏။ သူဘာကိုမှ ကြောက်စရာ မလိုပေ။ သူသာ အော်ဟစ်နေသည်ဆိုပါက မည်သူက သူ့ကို လာရောက်ကာ ဖမ်းဆီးရဲမည်နည်း။ သူက ဤနေရာတွင် ရက်ပေါင်းများစွာ အော်ဟစ်ခဲ့ပြီး မည်သူမှ သူ့ကို မတားဆီးကြောင်း တွေ့ရှိခဲသည်။
နင်ကျန်းနှင့် နင်ယန်တို့က အချုပ်အနှောင် ခံထားရဆဲဖြစ်ကြောင်း သိရှိသည့်အချိန်မှာတော့ ပိုမိုကာ ဝမ်းမြောက်သွား၏။ ထို့ကြောင့် နောက်တစ်ဆင့်ကို တက်ပြီး ရှမ့်လန်၏ အိမ်တော်ဆီ လာရောက်ကာဖြင့် ရှမ့်လန်ကို စွပ်စွဲပြောဆိုနေခြင်းပင်။