နတ်ဘုရား ချုပ်နှောင်မှု
Vol. 1 Ch. 139
ကျန်းရီအား ပေတစ်ရာခန့် အကွာအဝေး လောက်မှ ကြည့်နေကြသော ကျောင်းသားများသည်ပင် ကျောရိုးထဲမှ စိမ့်တက် လာကြသည်။ တရားဝင် ကျောင်းသား မဖြစ်ကြသေးသော် လူများဆိုလျှင် သူတို့၏ အင်အား နည်းမှုကြောင့် အသက်တောင် မရှူနိုင်ကြတော့ဘဲ အလွန် ထိတ်လန့် နေကြသည်။
ဒုကျောင်းအုပ်များသည် သူတို့၏ အရှိန်အဝါကို ထုတ်လွှင့်၍ သတ်ဖြတ်ခြင်း အရှိန်အဝါ၏ အင်အားကို တားဆီး ထားပေး၍ တော်သေးသည်။ မဟုတ်လျှင် ထိုလူစုသည် ပြိုင်ပွဲအား ဆက်ကြည့် နိုင်ကြမည် မဟုတ်ပေ။
"တကယ် အားကောင်းတာပဲ"
မင်းသမီးယွင်ဖေး၊ ရှန်းယင်နှင့် အန်းနီတို့သည် တိတ်တဆိတ် အံ့အားသင့်ကြရသည်။ သို့သော် ထိုအချိန်၌ပင် သူတို့အားလုံး လှုပ်ရှားလိုက်ကြသည်။ အန်းနီသည် ရင်ကိုကော့၍ လက်နှစ်ဖက်ဖြင့် ထုရိုက်လိုက်ကာ သားရဲ တစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်သည်။ သူသည် အရပ်ရှစ်ပေခန့် ရှည်လျားကာ ရုတ်တရက် ကြည့်လိုက်လျှင် တောင်ကြီး တစ်တောင်အလားပင် ... သူ့ကိုယ်သည် အမြောက်ဆံကြီး တစ်ခုအလား ရှေ့သို့ ပြေးထွက်လာခဲ့သည်။ ထူးဆန်းစွာပင် သူ့အမြန်နှုန်းသည် မည်သည့် သက်ရောက်ခြင်းမှ ခံရဟန် မတူပေ။
သခင်လေး ရှန်းယင်သည်လည်း လှုပ်ရှား လာခဲ့သည်။ သူသည် တစ္ဆေ တစ်ကောင်အလား ရှေ့သို့ မျောလွင့်လာခဲ့သည်။ သူ့အမြန်နှုန်းသည် ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့်ရှိ ဆရာထက်ပင် မြန်ဆန် နေသေးသည်။ သူသည် ကျောင်းသားများကို ကျော်ဖြတ်၍ ကွင်းပြင် အလယ်သို့ ပြေးလာခဲ့ပြီး အန်းနီ၏ အနောက်မှ ကပ်လိုက် သွားခဲ့လေသည်။ သေချာ မကြည့်လျှင် သူ့အား အန်းနီ၏ အရိပ်ဟုပင် ထင်မိမည် ဖြစ်သည်။
"နတ်ဘုရား ချုပ်နှောင်မှု"
မင်းသမီးယွင်ဖေး၏ မျက်လုံးမှ အစိမ်းရောင်အလင်း တောက်ပသွားခဲ့သည်။ အဝါရောင် နွယ်ပင်များသည် ကျန်းရီ၏ ခြေထောက်အောက်မှ ထွက်ပေါ်လာခဲ့ပြီး လိမ်ကာ ယှက်ကာဖြင့် ကျန်းရီထံ တိုးဝင် သွားကြသည်။ ကျန်းရီသည် သူမ၏ လှုပ်ရှားမှုများကို သတိမထားမိလိုက်ပေ။
"ဝိုး"
ပွဲကြည့်သူများ ကြားမှ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ မင်းသမီး ယွင်ဖေး၏ စွမ်းရည် အကြောင်း ကောလာဟလများစွာ ရှိနေခဲ့သည်။ ဤတစ်ကြိမ်သည် သူမ၏ စွမ်းရည်အား လူအများကြား ပထမဆုံး အသုံး ပြုလိုက်ခြင်း ဖြစ်သည်။
ကျန်းရီသည် ထောင်ချောက် မိသွားခဲ့သည်။ အဝါရောင် နွယ်ပင်များသည် သူ့၏ ခြေထောက်မှ နေ၍ တစ်ကိုယ်လုံးအား ပျံ့နှံ့လာခဲ့သည်။ အဆုံးတွင် သူ့တစ်ကိုယ်လုံးသည် နွယ်ပင်များအကြား ချည်နှောင် ခံလိုက်ရသည်။
"ကောင်းတယ်"
ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံးအဆင့်ရှိ ဆရာနှစ်ယောက်သည် မျက်လုံးများ တောက်ပ သွားကြသည်။ အနက်ရောင် သတ္ထုတုတ်ရှည်အား ကိုင်ဆောင်ထားသော ဆရာသည် တုတ်ရှည်အား မြှောက်လိုက်ကာ ကျန်းရီထံ ရိုက်ချလိုက်သည်။ သို့သော် သူသည် ကန့်သတ်ချက်အား သဘောပေါက်၍ ကျန်းရီ၏ ခေါင်းသို့ မရိုက်ရဲပေ။ တုတ်ရှည်သည် ကျန်းရီ၏ ခြေထောက်ထံသို့သာ ဦးတည်နေခဲ့သည်။
ဒီလိုအခွင့်အရေးမျိုး ... အခြားဆရာ တစ်ယောက်သည်လည်း အခွင့်ကောင်းအား လက်လွတ်မခံပေ။ သူသည် သူ၏ ပုဆိန်ကြီးအား မြှောက်လိုက်ကာ ပုဆိန်အနှောင့်ဖြင့် ကျန်းရီ၏ နောက်ကျောအား ရိုက်ချလိုက်သည်။ သူသည်လည်း ကျန်းရီအား မသတ်ဝံ့ပေ။ သူ၏ ပုဆိန် အသွားသည် အပြင်ဘက်၌သာ ရှိနေပြီး ကျန်းရီအား ပုဆိန်အနှောင့်နှင့်သာ ရိုက်ရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။ ပုဆိန် အသွားနှင့် ဆိုလျှင်တောင် ကျန်းရီအား ရိုက်မိလျှင် သူ့ကျောရိုးသည် အပိုင်းပိုင်း ကျိုးသွားပေလိမ့်မည်။
"ဘန်း"
ထိုခဏတွင် ကျန်းရီအား ချုပ်နှောင်ထားသော အဝါရောင် နွယ်ပင်များသည် ပေါက်ကွဲကာ အမှုန့်များ ဖြစ်သွားကြသည်။ ပေါက်ကွဲမှု အလယ်မှ အစိမ်းရောင် အရိပ်တစ်ခု ထွက်ပေါ်လာခဲ့ပြီး သူ၏ လက်တစ်ဖက်တွင် အနက်ရောင် အလင်း တောက်ပနေခဲ့သည်။ ထိုလက်သည် ဆရာ တစ်ယောက်၏ သတ္ထုတုတ်ရှည်အား ရိုက်ချလိုက်သည်။
"ဝိုး"
လူတိုင်းသည် အံ့အား သင့်ကြရသည်။ သူတို့သည် ကျန်းရီ၏ လှုပ်ရှားမှုများကို သေချာ မမြင်လိုက်ကြရပေ။ ဒီလောက် တုတ်ခိုင်နေပုံရတဲ့ နွယ်ပင်တွေက ဒီလို လွယ်လွယ် ပျက်စီး သွားတယ်တဲ့လား ... အဲဒါတွေက မြက်တွေနဲ့ လုပ်ထားတာမို့လား။
"ဟမ်"
အံ့အား အသင့်ရဆုံးလူသည် မင်းသမီးယွင်ဖေး ဖြစ်သည်။ ထိုအဝါရောင် နွယ်ပင်များ မည်မျှ အားကောင်းကြောင်း သူမသာ အသိဆုံးဖြစ်သည်။ လက်နက် သုံးလျှင်တောင် အဝါရောင် နွယ်ပင်များအား အချိန်တို အတွင်း ဖျက်ဆီးပစ်ရန် မဖြစ်နိုင်ပေ ... ထို့ပြင် ကျန်းရီသည်လည်း မည်သည့် လက်နက်မှ ယူဆောင်လာပုံ မပေါ်ပေ။ သူဘယ်လို နွယ်ပင်တွေကို ပျက်စီးအောင် လုပ်လိုက်တာလဲ။
"ဗုန်း"
ပေါက်ကွဲသံ အကျယ်ကြီးသည် မင်းသမီး ယွင်ဖေးအား မှင်သက်နေရာမှ သတိဝင်လာစေသည်။ ခရမ်းရောင်နန်းတော်ရှင် အမြင့်ဆုံးအဆင့် ဆရာ ကိုင်ထားသော တုတ်ရှည်သည် အမှုန့် ဖြစ်သွားခဲ့ပြီး ထိုဆရာသည်လည်း သူ့နောက်မှ ကျောင်းသား အချို့နှင့်အတူ အားပြင်းပြင်း တစ်ခုက ရိုက်ခတ်၍ လွင့်ထွက် သွားခဲ့လေသည်။
ကျန်းရီ၏ ဝတ်ရုံလက်အတွင်းမှ အနီရောင် ဓားမြှောင်တစ်ချောင်း ထွက်ပေါ်လာခဲ့သည်။ ထိုဓားမြှောင်သည် သူ့နောက်ကျောထံ ကျဆင်းလာသော ပုဆိန်ကြီးနှင့် ထိတွေ့သွားချိန်တွက် အနက်ရောင် တစ်ချက် လင်းလက်သွားခဲ့သည်။
"ခလွမ်"
သတ္ထုချင်း ထိခတ်သံ ထွက်ပေါ်လာခဲ့ပြီး သတ္ထုမှုန် အနည်းငယ် လွင့်ထွက်လာခဲ့သည်။ ကျန်းရီသည် အနက်ရောင် အတွင်းအားများစွာကို လက်နက်ထံ စုစည်းပြီး အသုံး ပြုခဲ့ပါသော်လည်း သူသည် ထိုဆရာ၏ ပြိုင်ဘက် မဟုတ်သေးပေ။ သူ၏ ဟူခို့အမှတ်မှ (လက်မနှင့် လက်ညှိုးကြားရှိ သွေးကြောမှတ်) နေရာမှ စူးရှရှနာကျင်မှု တစ်ခု ပျံ့နှံ့လာခဲ့ပြီး သူ၏ နှုတ်ခမ်းထောင့်မှ သွေးများပါ စီးကျလာခဲ့သည်။ သူ့ကိုယ်သည်လည်း ဘေးရှိ ကျောင်းသားများထံ လွင့်စင်သွားခဲ့လေသည်။
အဖိုးတန်လက်နက်
ယွင်ဖေးသည် မြင်လိုက်ရသည်အား ပို၍ အံ့အား သင့်သွားခဲ့သည်။ ကျန်းရီရဲ့ ဓားမြှောင်က အဖိုးတန်လက်နက် မဟုတ်ရင် ထိုဆရာရဲ့ ပုဆိန်က ချိုင့်သွားစရာ အကြောင်း ရှိပါ့မလား ... ဒါပေမဲ့ အဲဒါက အဖိုးတန် လက်နက်ပဲဆိုရင် သူဘယ်လိုလုပ်ပြီး နွယ်ပင်တွေဆီကနေ လွတ်သွားတာလဲ
အဆင့်နိမ့် ကျောင်းသားများသည် ကြည့်နေရင်း ထိတ်လန့် နေကြသည်။ တစ်ဖက်တွင်လည်း ကျန်းရီအား လေးစား နေကြလေသည်။ ထူးချွန် ကျောင်းသားများနှင့် ပါရမီရှင် ကျောင်းသား များသည်လည်း ကျန်းရီ အမှန်တကယ် အားကောင်းကြောင်း ဝန်ခံရပေမည်။ ကျန်းရီနေရာတွင် သူတို့သာ ဆိုပါက ဆရာတစ်ယောက်ကို ဒဏ်ရာရစေရန် မဆိုထားနှင့် နွယ်ပင်များထံမှ လွတ်မြောက်ရန် ကပင် အတော် ခက်ခဲနေပြီ ဖြစ်သည်။
မင်းသမီး ယွင်ဖေး၏ မျက်လုံးမှ အစိမ်းရောင်အလင်း ထပ်မံ တောက်ပ လာခဲ့ပြန်သည်။ အဝါရောင် နွယ်ပင်များစွာသည် ကျန်းရီထံ တိုးဝင် သွားကြပြန်သည်။ အန်းနီနှင့် သူ့နောက်မှ အရိပ်သဖွယ် ကပ်လိုက်သွားသော သခင်လေး ရှန်းယင်တို့သည်လည်း ကျန်းရီနှင့် ဆယ်ပေခန့်သာ ဝေးတော့သည်။
တစ်ဖက်တွင်လည်း ကျန်းရီအနီးမှ ခရမ်းရောင် နန်းတော်ရှင် အဋ္ဌမအဆင့်ရှိ ဆရာတစ်ယောက်သည် ကျန်းရီအား လက်သီးနှင့် ထိုးချလိုက်သည်။ အခြား ကျောင်းသား နှစ်ယောက်ထံမှ ဝိညာဉ်သားရဲ အဆောင်များသည်လည်း လင်းလက်သွားခဲ့သည်။ ဧရာမ မျောက်ဝံကြီး တစ်ကောင် ထွက်ပေါ်လာခဲ့ပြီး သူ၏ ကြေးနီးရောင် လက်သီး ဆုပ်ကြီးများဖြင့် ကျန်းရီအား ရက်ရက်စက်စက် ထုချလာခဲ့သည်။ လက်တစ်ချောင်းစာခန့်သာ ရှိသော မြွေဖြူလေး တစ်ကောင်သည်လည်း လေထု အလယ်တွင် ပါးစပ်ဟလျက် ထွက်ပေါ် လာခဲ့သည်။
ရန်သူတွေ ပတ်လည် ဝိုင်းနေပြီ။
ထိုအချိန်တွင် ကျန့်ဝူရွှမ်းနှင့် စုလောရွှယ်တို့၏ မျက်လုံးများ မည်းမှောင် သွားခဲ့သည်။ ဒုကျောင်းအုပ် တစ်ယောက်သည် ရှေ့သို့တိုး၍ ကူညီရန် ပြင်လိုက်သည်။ ကျန်းရီ ရှုံးနိမ့် တော့မည်မှာ ထင်ရှား နေပေပြီ။
"ဟိုင်းယား"
ကျန်းရီသည် လေထုအလယ်တွင် အော်ဟစ် လိုက်ပြီး မြေပြင်ပေါ်သို့ ကျဆင်း လာခဲ့သည်။ အစောပိုင်းက တိုက်ခိုက်မှုကြောင့် သူ့ကိုယ်သည် အနည်းငယ် ထိခိုက် သွားခဲ့ပြီး သူထုတ်လွှတ်သော သတ်ဖြတ်ခြင်း အရှိန်အဝါသည်လည်း အနည်းငယ် လျော့ကျသွားခဲ့သည်။ သို့သော် သတ်ဖြတ်ခြင်း အရှိန်အဝါများသည် ထပ်မံလျှံတက်လာခဲ့ပြီး ယခင်ကထက် ပို၍ ကြောက်စရာ ကောင်းလာခဲ့သည်။ ဝိညာဉ်သားရဲ နှစ်ကောင်သည်ပင် ဖိနှိပ်ခြင်း ခံရသည်။
သူ၏ သွေးနီရောင် မျက်လုံးများသည် သူ့အား တိုက်ခိုက်လာသော ဆရာထံ ကျရောက် သွားခဲ့သည်။ ရုတ်တရက် သူ့လက်ထဲတွင် အနီရောင်ပုလဲ တစ်လုံး ပေါ်ထွက်လာခဲ့သည်။ ဆရာသည် ထိုပုလဲအား မြင်လိုက်သော အခါ တုန်လှုပ်သွားခဲ့ပြီး ချက်ချင်း နောက်ဆုတ် လိုက်သည်။
အားကောင်းသူများသည် ကျရောက် လာတော့မည့် အန္တရာယ်အား ခံစား မိလိုက်ကြသည်။ ဆရာသည် ကျန်းရီ၏ လက်တွင်းရှိ ပုလဲမှ ကြောက်စရာ အန္တရာယ် အငွေ့အသက်အား အဘယ့်ကြောင့် ခံစား မိသည်ကို မသိသော်လည်း ရမ်းသမ်း၍ တိုးဝင် မသွားရဲသောကြောင့် နောက်သို့သာ ဆုတ်လိုက် ရသည်။
"ဘန်း"
အနီရောင် ပုလဲအား ကိုင်ထားရင်းမှပင် သူသည် အတွင်းအား ပေါက်ကွဲ လက်ဝါးဖြင့် မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။ သူ့ထံ တိုးဝင်လာသော အဝါရောင် နွယ်ပင်များသည် တကွဲတပြား ဖြစ်သွားခဲ့ပြီး သူသည်လည်း တွန်းကန်အားကို ခံစားလိုက်ရသည်။ ဤတစ်ကြိမ်တွင် အတွင်းအား ပေါက်ကွဲ လက်ဝါး၌ အနက်ရောင် အတွင်းအား အနည်းငယ်ကိုသာ ထည့်သွင်း ထားခဲ့သည်။ ထို့ကြောင့် အတွင်းအား ပေါက်ကွဲ လက်ဝါးသည် သူ့အား ထိခိုက်ဒဏ်ရာ ရရန် အားမပြင်းသော်လည်း အဝါရောင် နွယ်ပင်များအား အောင်မြင်စွာ တားဆီး လိုက်နိုင်သည်။
ကျန်းရီသည် မြေပြင် မရောက်ခင်ကပင် နောက်ထပ်သော အားတစ်ဝက်သာ သုံးထားသည့် အတွင်းအား ပေါက်ကွဲလက်ဝါးနှင့် မျောက်ဝံကြီးအား ရိုက်ချလိုက်သည်။ မျောက်ဝံကြီးသည် လွင့်ထွက် သွားခဲ့ပြီး အနီးရှိ ကျောင်းသားအချို့ပါ ဒဏ်ရာ ရကုန်ကြလေသည်။
သူမြေပြင်ပေါ် ရောက်သည်နှင့် တုံ့ဆိုင်း မနေဘဲ ခရမ်းရောင် နန်းတော်ရှင် အဋ္ဌမ အဆင့်ရှိ ဆရာထံ ပြေးသွားလိုက်သည်။ သတ်ဖြတ်ခြင်း အရှိန်အဝါ၏ ဖိနှိပ်မှုကြောင့် ထိုဆရာ၏ အရှိန်သည် အလွန် နှေးကွေး နေသည်။ သူသည် ထိုဆရာအား မီသွားခဲ့ပြီး လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
"ဗုန်း"
ထင်ထားသည့်အတိုင်း ထိုဆရာသည်လည်း လွင့်ထွက် သွားခဲ့သည်။ သူ့ဝတ်ရုံသည်လည်း စုတ်ပြတ်သွားခဲ့ပြီး ဝတ်ရုံထက်တွင် သွေးစသွေးနများကို မြင်နေရလေသည်။ ကျန်းရီ အားအပြည့် မသုံး ထားသည်မှာ အသိသာကြီးပင်။ မဟုတ်လျှင် ထိုဆရာသည် သေဆုံးသွားပေလိမ့်မည်။
"ဝူး ... ဝူး"
နောက်ဆုံးတွင်တော့ အန်းနီရောက်ရှိ လာခဲ့ပေပြီ။ သူ၏ တောင်တစ်လုံးကဲ့သို့သော ခန္ဓာကိုယ်ကြီးသည် ကျန်းရီအား ဖိအားပေးနိုင်စွမ်း လေသည်။ သူ့မျက်လုံးမှ အဝါရောင် အလင်းများ တောက်ပလာခဲ့ပြီး ကျန်းရီ၏ သတ်ဖြတ်ခြင်း အရှိန်အဝါသည် သူ့အား အနည်းငယ်မျှ မသက်ရောက်သည့် အလားပင်။ သူ၏ ကြွက်သားများနှင့် တောင့်တင်းနေသော လက်ကြီးသည် ကျန်းရီအား ကုတ်ချလာခဲ့သည်။
"ဝှစ်"
တစ်ချိန်တည်း၌ အန်းနီ၏ အနောက်မှ ပါလာသော သခင်လေး ရှန်းယင်သည်လည်း လှုပ်ရှားလာခဲ့သည်။ သတ်ဖြတ်ခြင်း အရှိန်အဝါ၏ သက်ရောက်မှု ရှိနေသော်လည်း သူ့အရှိန်သည် မြန်ဆန်ဆဲပင် ... သူသည် အန်းနီ၏ ခြေထောက်ကြားမှ လျှောထွက်လာကာ မြေအသွင်ရှိသော ဓားပျော့လေးဖြင့် ကျန်းရီအား ထိုးချလာခဲ့သည်။
လူရိုင်းမျိုးနွယ်စု ... လေစိတ်နယ်လွန် ခန္ဓာ။
ကျန်းရီသည် စဉ်းလဲစွာ လူယုတ်မာပြုံး ပြုံးလိုက်သည်။ သူ၏ သွေးနီရောင် မျက်လုံးများနှင့် ထိုအပြုံး ပေါင်းစပ်လိုက်သော အခါ သူသည် အခြားလူများအား နတ်ဆိုး တစ်ကောင်ထက် ကြောက်စရာ ကောင်းသော ခံစားချက်ကို ပေးစွမ်းနိုင်လေသည်။
***