စစ်မတိုင်ခင် တည်ငြိမ်ခြင်း
Vol. 79 Ch. 1211
မုန်တိုင်း မတိုင်ခင် တည်ငြိမ်မှုကဲ့သို့ တံခါးက နတ်ဆိုးဘုံနှင့် လူသားလောက နယ်မြေ နှစ်ခု အကြားတွင် တိတ်ဆိတ်စွာ ရပ်တည်နေ၏။
နတ်ဆိုးဘုံရှိ သွေးလက်သည်းနယ်မြေ-
မြေကြီးက မူလရှိသော တည်ငြိမ်မှုကို ဖျက်ဆီးလျက် အနည်းငယ် စတင်၍ တုန်ခါလာခဲ့သည်။
တံခါး၏ လှုပ်ရှားမှုကို အနီးကပ် စောင့်ကြည့်နေခဲ့သော နတ်ဆိုး မဟာမိတ် စစ်တပ် ကွပ်ကဲရေးဌာနက ထိုမြင်ကွင်းကို မှော်ရုပ်မြင်သံကြား မျက်နှာပြင်ပေါ်တွင် ချက်ချင်း တွေ့လိုက်၏။ တစ်ချိန်တည်းပင် ကင်းထောက်ထံမှ အစီရင်ခံစာကလည်း ချက်ချင်း ရောက်လာသည်။
“သူတို့ စတိုက်ခိုက်ပြီလား။” နတ်ဆိုး မဟာမိတ်စစ်တပ်၏ တပ်မှူး ဂီရန့်က အဓိပ္ပာယ် ပြည့်ဝသော အပြုံးတစ်ခုကို ပြသခဲ့သည်။ “ရန်သူရဲ့ သဘောထားက ငါတို့ထက် ပိုတက်ကြွတယ်။ ဒါပေမဲ့ ဒါက မျှော်လင့်ပြီးသားပါ။ လူသား မဟာမိတ် စစ်တပ်ရဲ့ အင်အားကို ကြည့်ကြတာပေါ့။”
သွေးလက်သည်းနယ်မြေမှ တံခါးက လင်းလက်တောက်ပပြီး များပြားလှသော ချပ်ကာ အပြည့်အစုံ ဝတ်ဆင်ထားသော စစ်သည်တော်များ ပေါ်လာခဲ့သည်။
လောက နှစ်ခု၏ စစ်ပွဲ သမိုင်းတွင် နတ်ဆိုးဘုံမှ အများစုက လူသားများကို တိုက်ခိုက်ရာတွင် ဦးဆောင်ခဲ့သော်လည်း နတ်ဆိုးဘုံကို အရင်ဆုံး တိုက်ခိုက်ခဲ့သော လူသား အချို့လည်း ရှိခဲ့သည်။ စစ်မီးတောက်များကို ရန်သူ၏ နယ်မြေသို့ ပို့ဆောင်ခြင်းက နည်းဗျူဟာ တစ်ခုနှင့် မဟာဗျူဟာမြောက် လိုအပ်ချက် တစ်ခု ဖြစ်ပေသည်။
ထိုချပ်ကာ အပြည့်အစုံ ဝတ်ထားသော စစ်သည်အဖွဲ့က လူသား မဟာမိတ် စစ်တပ်၏ ရှေ့ပြေးတပ် ဖြစ်သည်။ စစ်သည် အားလုံးနီးပါးက ဒဏ္ဍာရီလာ ကြောက်မက်ဖွယ် နတ်ဆိုးဘုံသို့ ပထမဆုံး ဝင်ရောက်ခဲ့သည်။ ဝင်ရောက်သည်နှင့် သူတို့က ကြောက်ရွံ့စရာ အေးစက်မှုကို ခံစားမိလိုက်ကြသည်။ နေ ၂စင်း အမှန်ပင် တကယ် ရှိနေသော်လည်း ၎င်းတို့မှာ အလွန် စူးရှတောက်ပခြင်း မရှိပေ။ ထုတ်လွှတ်နေသော အပူချိန်က တကယ့် နေထက် များစွာ နိမ့်ကျသည်။ အနီးနားမှ အလင်းဒြပ်စင်များ အလွန် နိမ့်ပါးနေရင်း အမှောင်ဒြပ်စင်များ ကြွယ်ဝနေ၏။
အမှန်မှာ တံခါး ပေါ်လာပြီး နောက်တွင် လောက နှစ်ခု ထပ်သွားခဲ့ရာ လူသား လောက၏ အလင်း ဒြပ်စင်များနှင့် နတ်ဆိုးဘုံ၏ အမှောင် ဒြပ်စင်များက များစွာ လျော့ကျသွားခဲ့၏။ သို့မဟုတ်ပါက ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ နေထိုင်ရန်အတွက်ပင် ကောင်းမွန်စွာ လေ့ကျင့်ထားသော စစ်သည်များက အတော်လေး ဒုက္ခရောက်ပေလိမ့်မည်။
ထိုတိုင်းတပါး လောကသို့ ရောက်ရှိ လာသောအခါ ချပ်ကာ အပြည့်အစုံ ဝတ်ဆင်ထားသော စစ်သည်များ၏ ပထမဆုံး တုံ့ပြန်မှုမှာ ခုခံကာကွယ်ရန်ပင် ဖြစ်သည်။ ဗိုလ်ချုပ် ရိုင်လီ၏ ကွပ်ကဲမှု အောက်တွင် သူတို့သည် စက်ဝိုင်းခြမ်းပုံစံ တစ်ခုကို ဖွဲ့စည်းလိုက်ပြီး အရပ်ဘက် လေးမျက်နှာမှ တိုက်ခိုက်မှုများကို အပြည့်အဝ ကာကွယ်ရန် ကြီးမားသော ဒိုင်းများကို ထောင်ထားလိုက်၏။
ထိုကဲ့သို့ ရှေ့ပြေးတပ်အုပ်စု၏ အဓိက အခန်းကဏ္ဍမှာ အကဲစမ်းရန် ဖြစ်သည်။ ဗိုလ်ချုပ် ရိုင်လီ ကိုယ်တိုင် အပါအဝင် လူတိုင်းက သေဆုံးရန်အတွက် အသင့် ဖြစ်နေကြသည်။ သို့သော် အကြာကြီး ခုခံကာကွယ်ပြီး နောက်တွင် သူသည် စိတ်ကူးထားခဲ့သည့် မုန်တိုင်းကဲ့သို့သော တိုက်ခိုက်မှုနှင့် မကြုံတွေ့ခဲ့ရပေ။ လူတစ်ယောက်ကိုပင် မတွေ့ခဲ့ရပေ။
၎င်းမှာ စင်မြင့်ပေါ်တွင် အစွမ်းကုန် အချိန် အကြာကြီး ကခုန်နေသော်လည်း ပရိသတ်များ ရှိမနေကြောင်း တွေ့လိုက် ရသလိုမျိုးပင်။
ထိုသတင်းက လူသား မဟာမိတ် စစ်တပ်၏ ဌာနချုပ်သို့ အလျင်အမြန် ရောက်ရှိသွားသည်။ မူလက သူတို့သည် ပြင်းထန်သော ထိတွေ့မှုတစ်ခု ရှိမည်ဟု ထင်မြင်ထားခဲ့ကြသော်လည်း သူတို့သည် ထိုကဲ့သို့ ဖြစ်ပွားမည်ဟု မထင်ထားခဲ့ပေ။ ခဏလေး အတွင်းပင် လူသား မဟာမိတ် စစ်တပ် ဌာနချုပ်မှ ဗိုလ်ချုပ်များက အပြင်းအထန် ဆွေးနွေးကြတော့သည်။
“ဗိုလ်ချုပ် ဆန်ဒရို ဘယ်လိုထင်လဲ။” အမြင့်ဆုံးတပ်မှူးဖြစ်သော အရှင်မင်းကြီး လက်ဇ်က တိုက်ရိုက် ကောက်ချက်မချဘဲ ကျက်သရေပြာ အင်ပါယာ၏ နာမည်ကြီး ဗိုလ်ချုပ် ဆန်ဒရိုကို မေးလိုက်သည်။
“စမ်းနေတာ...” ဆန်ဒရိုက မျက်မှောင်ကြုတ်လိုက်သည်။ “ကျုပ်တို့ရဲ့ တက်ကြွတဲ့ စမ်းသပ်မှုလိုမျိုးပဲ ဒီလို အနိမ့်ဘက် ဖြစ်နေတာလည်း စမ်းသပ်မှု တစ်ခုပဲ။ နတ်ဆိုးတွေက ကျုပ်တို့ ထင်ထားတာထက်ကို ပိုကောက်ကျစ်ပြီး စိတ်ပိုရှည်တဲ့ပုံပဲ။ မကြာခင် စမ်းသပ် ထိတွေ့မှု တစ်ခု ရှိလာမယ်လို့ ကျုပ် ယုံကြည်တယ်။”
“ကျွန်မတို့ လုပ်ရမှာက စစ်တပ် အတွက် အခြေစိုက်စခန်း တစ်ခုကို အမြန်ဆုံး ဆုံးဖြတ်ပြီး တည်ထောင်နိုင်ဖို့ အတွက် ပိုစမ်းသပ်ဖို့ပဲ။ ဒါက ကျွန်မတို့ နတ်ဆိုးဘုံကို စစ်မှန်တဲ့ တိုက်ခိုက်မှု စတင်ဖို့ ခြေနင်းတုံး ဖြစ်လာလိမ့်မယ်။” နတ်သူငယ် မျိုးနွယ်စုမှ မင်းသမီး ဖီလီလည်း ပြောလိုက်သည်။ မင်းသမီးက အလှပန်းအိုး မဟုတ်ဘဲ ကြယ်အလင်း ကောလိပ်၏ စစ်ဘက်ဆိုင်ရာ ဌာနမှ ဘွဲ့ရတစ်ဦး ဖြစ်သည်။ အနည်းဆုံးတော့ စစ်ရေးသီဝရီ နယ်ပယ်တွင် သူက ကောင်းမွန်သော ကျွမ်းကျင်မှုများ ရှိသည်။
“မှန်တယ်။” အရှင်မင်းကြီး လက်ဇ်က ခေါင်းညိတ်လိုက်သည်။ “ငါ့ရဲ့ အမိန့်ကို ပြန်ကြားလိုက်။ ချပ်ကာ အပြည့်အစုံ ဝတ်ဆင်ထားတဲ့ အဖွဲ့က ခြေလှမ်းတိုင်း ဖြည်းဖြည်းချင်း ရှေ့ဆက်ရမယ်။ အရှေ့က စစ်တပ်ရဲ့ နောက်ဆက်တွဲ တပ်တွေက တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက် လာမယ်။ ကင်းထောက်၊ ထောက်လှမ်း မှော်ပညာရှင်နဲ့ မြေပုံဆွဲရေးအဖွဲ့ စေလွှတ်ပြီး တည်နေရာနဲ့ မြေမျက်နှာသွင်ပြင် အခြေအနေတွေကို အမြန် ဖော်ထုတ်။ တိကျတဲ့ မဟာဗျူဟာမြောက် သဲစားပွဲ အချက်အလက်ကို ဖန်တီးရမယ်။”
အမိန့်ကို လက်ခံရရှိပြီးနောက် ချပ်ကာ အပြည့် ဝတ်ထားသော ခြေလျင်တပ်က အချို့သော အမြန်နှုန်းကို ထိန်းသိမ်း ထားပြီး ဂရုတစိုက် ရှေ့သို့ တိုးခဲ့သည်။ နောက်မှ တပ်များက တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာခဲ့ကြသည်။ ခြေလျင်တပ် အပြင်ကို မှော်ပညာရှင်တပ် အနည်းငယ်ကလည်း ရှိနေခဲ့သည်။ လက်ရွေးစင် အကျဆုံး ကင်းထောက် အဖွဲ့က လှုပ်ရှားမှုတွင် ခွဲထွက်သွားပြီ ဖြစ်သည်။
ထိုမှော်ပညာရှင်များ ကျွမ်းကျင်သည်မှာ တိုက်ခိုက်ခြင်း မဟုတ်ဘဲ ရှာဖွေရေး မှော်ပညာပင်။ အတောင်ပံများပါဝင်သော ရှာဖွေရေးပစ္စည်း ဒါဇင်ပေါင်း များစွာက ငှက်များကဲ့သို့ အရပ် လေးမျက်နှာသို့ ပျံထွက် သွားခဲ့ကြသည်။ သူတို့က မြေမျက်နှာ သွင်ပြင် မြေပုံပေါ်တွင် မှတ်တမ်းတင်ပြီး နာမည်ရေးခဲ့ကြသည်။ ထိုရှာဖွေရေးပစ္စည်းကို ရော်ဘင်ဟုခေါ်ပြီး မှော်ပညာရှင်မြို့ရှိ နတ်သူငယ်များက ထုတ်လုပ်သည်။ ၎င်းမှာ စစ်ပွဲတွင် အလွန် အသုံးဝင်လှသည်။
ခဏကြာ ပတ်ဝန်းကျင်မှ မြေမျက်နှာ သွင်ပြင် လက္ခဏာများက သတင်း အချက်အလက်အမျိုးမျိုး တုံ့ပြန်မှုကြောင့် ပြည့်စုံလာခဲ့သည်။ မဟာဗျူဟာမြောက် သဲစားပွဲ၏ ပုံစံငယ်က တဖြည်းဖြည်း ကျယ်ပြန့်လာပြီး တိုးတက်လာခဲ့သည်။
မကြာမီ မှော်မျက်လုံး တစ်လုံး၏ ပုံရိပ်က ရုတ်တရက် တုန်ခါကာ မှေးမှိန် သွားခဲ့သည်။ ရော်ဘင်က စွမ်းအား တစ်မျိုးမျိုးဖြင့် ဖျက်ဆီးခံလိုက်ရသည်မှာ အသေအချာပင်။ ထို့နောက် မှော်မျက်လုံး အများအပြား တစ်ခုပြီးတစ်ခု ငြိမ်းသွားရာ ရော်ဘင်များ အားလုံး တိုက်ခိုက်ခြင်း ခံနေရသည်ဟု ဆိုလိုပေသည်။
“အဖွဲ့တွေအားလုံး ရော်ဘင်ဆုံးရှုံးမှုနဲ့ ခန့်မှန်းအခြေအနေ ချက်ချင်း အစီရင်ခံ။” မှော်ပညာရှင် တိုင်းတာရေးနှင့် မြေပုံဆွဲ အဖွဲ့၏ ခေါင်းဆောင် တိုရီယာက သက်လတ်ပိုင်း အမျိုးသား တစ်ဦးပင်။ သူက ထိတ်လန့်ခြင်း မရှိဘဲ အမိန့်များကို ဆက်လက်ပေးနေခဲ့သည်။
“ခေါင်းဆောင်။ ရော်ဘင်ရဲ့ သုံးပုံ နှစ်ပုံ ဆုံးရှုံးသွားပြီ။ တိုက်ခိုက်မှု တည်နေရာက ၁၀ကီလိုမီတာကနေ ၁၅ကီလိုမီတာ ဝေးပါတယ်။ အဝေးပစ် တိုက်ခိုက်တာ ဖြစ်နိုင်လောက်ပါတယ်။”
“ခေါင်းဆောင်၊ ကင်းထောက်အဖွဲ့လည်း တိုက်ခိုက်ခံခဲ့တယ်။ သူတို့ အကုန်လုံး အရှင်းခံလိုက်ရပြီ။ တိုက်ခိုက်တဲ့ပုံစံက အဝေးပစ်ပဲ။ မှော်သေနတ် ဖြစ်နိုင်ခြေ အများဆုံးပဲ။ ကျုပ်တို့ရဲ့ မှော်သေနတ် အကွာအဝေးအရဆိုရင်တော့ ရန်သူရဲ့ ချုံခိုတိုက်ခိုက်မှု အဝန်းက ကီ၂၀လိုမီတာ အတွင်းမှာ ရှိလောက်တယ်။ နေရာက ကျယ်လို့ နေမယ်။ ပစ်ခတ်အားက သိပ်ပြီး မပြင်းထန်ဘူး။”
တပ်မှူး ရိုင်လီက တိုရီယာနှင့် အကြည့်ချင်း ဖလှယ်ပြီး စဉ်းစားလိုက်၏။ “နတ်ဆိုးဘုံမှာလည်း မှော်သေနတ်တွေ ရှိတယ် အသေအချာပဲ။ ပြီးတော့ ဒါက စစ်တပ်ထဲမှာ ပျံ့နှံ့နေခဲ့ပြီ။ နတ်ဆိုးဘုံရဲ့ မှော်သေနတ်က ငါတို့နဲ့ ဘယ်လိုမျိုး ကွာခြားလဲဆိုတာ မသိဘူး။ နောက်ထပ် ဆွေးနွေးမှုတွေ လုပ်ဖို့ လိုအပ်တယ်။ အကြိုအကဲဖြတ်မှု ရလဒ်တွေကို အရင်ဆုံး အစီရင်ခံလိုက်။”
နောက်ဆုံး ကြီးမားသော တန်ဖိုးတစ်ခု ပေးဆပ်ပြီးနောက် ကင်းထောက်များက မြို့ငယ်လေးတစ်မြို့ သတင်းကို ပြန်လည် ယူဆောင်လာခဲ့သည်။
မြို့က နေထိုင်သူရှိ ဗလာဖြစ်နေပြီး ပစ္စည်း အားလုံးကို ရွှေ့ပြောင်းထားခဲ့ရာ လုံးဝ ဗလာ ဖြစ်နေသော မြို့တစ်မြို့ ဖြစ်နေလေပြီ။
နောက်မှ အခြား တပ်များသည်လည်း နတ်ဆိုးဘုံသို့ ဝင်ရောက်လာခဲ့ကြသည်။ ကောင်းကင် မှောင်မိုက် လာသည်ကို မြင်ရာ စစ်တပ်က မြို့ငယ်လေးထဲသို့ မဝင်ဘဲ ရှာဖွေရေးအတွက် နေရာလွတ် တစ်ခုတွင် စခန်းချရန် ရွေးချယ်ခဲ့သည်။
နတ်ဆိုး မဟာမိတ်စစ်တပ် ကွပ်ကဲရေး ဌာနက ထိုထောက်လှမ်းရေး သတင်းကို အမြန် ရရှိခဲ့သည်။ အရိပ်နက် အင်ပါယာမှ ဗိုလ်ချုပ် ခရောဖို့ဒ် ခေါင်းညိတ်လိုက်၏။ “ငါတို့ ရန်သူတွေကလည်း အတော်လေး စိတ်ရှည်ကြတယ်။ ဒီစစ်သည် အဖွဲ့ကို ရှင်းပစ်ဖို့ ငါတို့ တပ်ဖွဲ့တွေ အတော်လေး စေလွှတ်ရလိမ့်မယ်။”
“တယ်ရီမြို့က ကြည့်လိုက်တာနဲ့ တစ်ခုခု မှားနေတယ်။ သူတို့ မဆင်မခြင် မလုပ်သ၍ သေချာပေါက် အလောတကြီး လှုပ်ရှားမှာ မဟုတ်ဘူး။” ဂီရန့်က အနည်းငယ် ပြုံးလိုက်သည်။ “ရန်သူက ငါတို့ရဲ့ အဓိကအင်အားစုကို ဖြားယောင်းဖို့ ဒီစစ်သည်အဖွဲ့ကို သုံးချင်နေတုန်းပဲ။ တကယ်လို့ ငါ့ရဲ့ခန့်မှန်းချက်သာ မှန်ခဲ့ရင် ဒီအသုတ်က အချိန်မရွေး စွန့်ပစ်နိုင်တဲ့ ငါးစာတစ်ခု သက်သက်ပဲ။ တကယ့် လက်ရွေးစင်တပ်တွေက ငါတို့ကို ဝါးမျိုဖို့ တံခါး အပြင်ဘက်မှာ အသင့်အနေအထား ရှိနေကြတယ်။ ဒီရှုထောင့်ကနေ ကြည့်ရင် ငါတို့ပြိုင်ဘက်က ရဲရင့်ပြီး ရက်စက်တယ် ပြောရမယ်။”
သွေးရောင်အင်ပါယာမှ ဗိုလ်ချုပ်အသစ် သုံးဦးထဲမှ တစ်ဦးဖြစ်သူ ကော်ရစ်ဖင်က ခနဲ့လိုက်သည်။ “သူတို့က ဒီလိုလုပ်ဖို့ ဆန္ဒ ရှိနေမှတော့ သူတို့ အားလုံးကို ငါတို့ ဝါးမျိုပစ်လိုက်မယ်။ နတ်ဆိုးဘုံထဲမှာ တိုက်ခိုက်တာက သေကြောင်းကြံတာပဲ။ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ခဲ့ရင်တောင်မှ ငါတို့မှာ လုံးဝ ယုံကြည်ချက် ရှိတယ်။”
“မဟုတ်ဘူး။” ဂီရန့် ခေါင်းခါသည်။ “ဒီတပ်ဖွဲ့က သူတို့ရဲ့ ငါးစာပဲ။ ဒါပေမဲ့ ငါတို့လည်း သူတို့ကို ငါးစာတစ်ခု အနေနဲ့ အသုံးချလို့ရတယ်။ ငါတို့က တံခါး နောက်ကွယ်မှာ ချုံခိုတိုက်ခိုက်ဖို့အတွက် နေနေကြတဲ့ ရန်သူ လက်ရွေးစင်တွေကို ဝါးမျိုခဲ့ရင်တောင်မှ ငါတို့ နည်းနည်းပဲ စားရလိမ့်မယ်။ ငါတို့ရဲ့ စားချင်စိတ် ပိုကြီးသင့်တယ်...”
ကော်ရစ်ဖင် ထိတ်လန့်သွားခဲ့သည်။ “တပ်မှူး ဆိုလိုတာက...”
“ဒီလူသား တပ်ဖွဲ့တွေကို နွံထဲ ကျအောင် လုပ်လိုက်မယ်။ ဒါတွေတင် မကဘူး။ တပ်ဖွဲ့တွေ တစ်စစီ ကိုက်စား ပစ်မယ်။ အကြီးဆုံး အကျိုးအမြတ်ရဖို့ အနည်းဆုံး စတေးမှုကို အသုံးချမယ်။” ဂီရန့်၏ မျက်လုံး လက်ခနဲ ဖြစ်သွား၏။ “အမိန့်ကို အခုချက်ချင်း လွှဲပြောင်းလိုက်။ အစီအစဉ်(၃) ကို အကောင်အထည်ဖော်။”
“အစီအစဉ် (၃)လား။” ဗိုလ်ချုပ်များ မှင်တက်သွားကြလေသည်။ “ငါတို့ အဲဒီ ဗိုလ်ခြေကို စေလွှတ်တော့မှာလား။”
ညအချိန် ဖြစ်သည်။
လူသား မဟာမိတ် စစ်တပ်စခန်း။
“ဂန္ထဝင်တွေထဲ မှတ်တမ်းတင်ထားတဲ့ အတိုင်းပဲ နတ်ဆိုးဘုံမှာရှိတဲ့ လတွေက တကယ် ခရမ်းရောင်ပဲ။”
“ဟုတ်တယ်။ ပြီးတော့ အတော်လေး အေးတယ်။ ဒီမှာ အမှောင်ဒြပ်စင်တွေရဲ့ ပြင်းအားက မြေပေါ်က အလင်းဒြပ်စင်နဲ့ ယှဉ်နိုင်တယ်လို့ ပြောတာပဲ... အပြင်မှာ ကင်းစောင့်နေတဲ့ ညီအစ်ကိုတွေ အားလုံး ကုတ်အင်္ကျီတွေ ဝတ်ထားရတယ်။”
“နေ့ခင်းဘက်က ကင်းထောက်တွေက လွဲရင် ငါတို့ဘယ်ရန်သူနဲ့မှ မတွေ့ခဲ့ရဘူး။ နတ်ဆိုးတွေက ငါတို့ကို ဒီလောက် အများကြီး အပန်းဖြေခွင့် သေချာပေါက် ပေးမှာ မဟုတ်ဘူး။ သတိထားနေကြ။ ဒါက နတ်ဆိုးဘုံမှာ ငါတို့ရဲ့ ပထမဆုံးညပဲ။ နောက်ဆုံးည မဖြစ်ဖို့ မျှော်လင့်တာပေါ့။”
စကားပြောနေစဉ် သတိပေး ခရာသံ တစ်ခု အပြင်မှ ရုတ်တရက် ထွက်ပေါ် လာခဲ့သည်။
“အဲဒါ ဘာလဲ။ အနက်ရောင်တိမ်...”
“မဟုတ်ဘူး။ အဲဒါက အမှောင်ဒြပ်စင် မှော်ပညာ [အမှောင်ကောင်းကင်]ပဲ။”
“စစ်တပ်တစ်ခုလုံး သတိထားနေ။ ဒိုင်း အစီအရင် ဖွဲ့စည်းထား။”
“မှော်ပညာရှင်ကို ကာကွယ်ကြ။”
“...”
သို့သော် [အမှောင်ကောင်းကင်] ပျံ့နှံ့သွားပြီး ဘာမှ မဖြစ်ခဲ့ပေ။
၂နာရီအကြာ [အမှောင်ကောင်းကင်] နောက်တစ်ကြိမ် ပေါ်လာပြီး တပ်စခန်း မငြိမ်မသက် ဖြစ်သွားပြန်သော်လည်း ရလဒ်မှာ အတူတူပင် ရှိနေဆဲပင်။
“ဒါက နောက်ထပ် ဟန်ဆောင် တိုက်ခိုက်တာပဲ။ ဒါ ရန်သူရဲ့ ပင်ပန်းစေတဲ့ ဗျူဟာပဲ။” ဗိုလ်ချုပ် ရိုင်လီက အတွေ့အကြုံ ကြွယ်ဝလှပြီး ချက်ချင်းပင် အကဲဖြတ်လိုက်သည်။ “ဒါပေမဲ့ ဒီလို ဗျူဟာမျိုးက အတုအယောင် ကနေ အစစ်အမှန်ကို အချိန်မရွေး ပြောင်းလဲ သွားနိုင်တယ်။ ငါတို့က ဒီလို နှောင့်ယှက်မှုကိုပဲ လက်ခံလို့ ရနိုင်မယ်။ ငါတို့ တစ်ကြိမ်လောက် သတိလက်လွတ် ဖြစ်မိရင် တိုက်ခိုက်တာ ခံရနိုင်တယ်။ ဗိုလ်ကြီး တိုရီယာ။ ခင်ဗျား [အမှောင် ကောင်းကင်] ကို ဖြေဖျောက်နိုင်လား။”
တိုရီယာ ခေါင်းခါလိုက်သည်။ “ဒါက အမှောင်ဒြပ်စင်တွေ အကြွယ်ဝဆုံးဖြစ်တဲ့ နတ်ဆိုးဘုံပဲ။ ပြီးတော့ ညဘက်ကြီး ဖြစ်နေတယ်။ ကျုပ်တို့ရဲ့ အလင်းဒြပ်စင် မှော်ပညာကို အသက်သွင်းဖို့ နှစ်ဆ အားထုတ်ရမှာ။ [အမှောင်ကောင်းကင်] ကို ဖြေဖျောက်ဖို့ ခက်တယ်။”
“ဒါက နှစ်ဆ အားထုတ်ရရင်တောင်မှ ကြိုးစားဖို့ လိုအပ်နေတုန်းပဲ။” ဗိုလ်ချုပ် ရိုင်လီက လက်သီးများ ဆုပ်လိုက်သည်။ “နတ်ဆိုးတွေရဲ့ အစီအစဉ် အောင်မြင် သွားတာနဲ့ ငါတို့အားလုံး ရှင်းလင်း ခံရမယ့် အန္တရာယ် ရှိနေတယ်။”
တိုရီယာ အံကြိတ်ပြီး ခေါင်းညိတ် လိုက်သည်။
ဗိုလ်ချုပ်ရိုင်လီ စိုးရိမ်မှုမှာ မှန်ကန်၏။ အရုဏ်တက်ခါနီးတွင် ပင်ပန်းနေသော မှော်ပညာရှင်များက [အမှောင် ကောင်းကင်] ကို မထိန်းနိုင်တော့။ အတုအယောင်နှင့် အစစ်အမှန် နှောင့်ယှက်မှု တစ်ခုတွင် ရေတွက်၍ မရနိုင်သော နတ်ဆိုးများက နောက်ဆုံးတွင် [အမှောင်ကောင်းကင်] တွင် ပေါ်လာခဲ့သည်။
လူသားစစ်သည်များ ပင်ပန်းနွမ်းနယ် နေသော်လည်း မှော်ပညာရှင်၏ ယခင် ကြိုးပမ်းမှုများကို ကျေးဇူးတင်ရပေမည်။ သူတို့က နောက်ဆုံး အနားယူချိန် ခဏ ရရှိခဲ့သည်။ ရန်သူ၏ ထွက်ပေါ်လာခြင်းက စစ်သည်များအား စိတ်ဓာတ်ကျနေသော စိတ်များကို ဖွင့်ထုတ်ရန် နည်းလမ်း တစ်ခုကိုလည်း ပေးခဲ့သည်။ သွေးထွက် သံယို တိုက်ပွဲတစ်ခုနှင့် အတော်အတန် တန်ဖိုးတစ်ခုကို ပေးဆပ်ပြီးနောက်တွင် သူတို့က နတ်ဆိုးများ၏ တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့သည်။
စစ်သည်များ၏ အားပေးသံများကို ကြားရာတွင် ဗိုလ်ချုပ်ရိုင်လီက မျက်မှောင် ကြုတ်လိုက်၏။ ဒီနတ်ဆိုးစစ်သည်တွေရဲ့ တိုက်ခိုက်မှုတွေက အတော်လေး ကြမ်းပြီး အစွမ်းကုန် ထုတ်သုံးနေတယ်။ တချို့က ပစ္စည်းတစ်ခုခု အကူအညီနဲ့ သူတို့ကိုယ် သူတို့ ဖောက်ခွဲခဲ့ကြသည်။ တစ်ခုချင်းစီက နှစ်ဆ ပျက်စီးမှုကို ဖြစ်စေခဲ့သည်။ ဒါပေမဲ့ ဒီနတ်ဆိုးတွေရဲ့ အဆင်တန်ဆာတွေက အတော်လေးကို သာမန် ဖြစ်နေတယ်။ သူတို့က ထင်ထားသလို ရှေ့ပြေးတပ် တိုက်ခိုက်ရေးပုံစံလို လက်ရွေးစင်တွေ မဟုတ်ဘဲ သာမန် စစ်သည်တွေလို ဖြစ်နေတယ်။ ဘာတွေ ဖြစ်နေတာလဲ။
ထိုအောင်ပွဲက လူသား မဟာမိတ် စစ်တပ် တပ်မှူးများ မျှော်လင့်သည်ထက် ကျော်လွန်နေခဲ့သည်။ ငါတို့ရဲ့ ငါးစာက ရန်သူကို နိုင်သွားတာလား။ သွားရန် အဆင်သင့် ဖြစ်နေသော စစ်တပ်ကြီးက လေကို ထိုးလိုက်ရသလို ခံစားချက်တစ်ခု ရှိနေခဲ့သည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီစစ်ပွဲက အခုမှ စတာ။
အိပ်မက်ဆိုး တောနက်ထဲ၌ ဖြစ်၏။
ပုံရိပ်တစ်ခုက တောင်ကုန်းပေါ်တွင် ရပ်နေသည်။ သူ၏ မျက်နှာတစ်ခြမ်းက ချောမောသော ယောက်ျား တစ်ဦး၏ မျက်နှာဖြစ်ပြီး အခြားသော တစ်ခြမ်းမှာ ကြမ်းတမ်းသော မကောင်းဆိုးဝါး တစ်ကောင်၏ မျက်နှာ ဖြစ်သည်။ မျက်နှာ နှစ်ခုမှာ သိသိသာသာ ဆန့်ကျင်ဘက် ဖြစ်နေ၏။ သူတို့တွင် တစ်ခုတည်းသော တူညီသည့် အရာမှာ မျက်လုံးများ ဖြစ်ပြီး အဝေးမှ အိပ်မက်ဆိုး မီးတောင်ကို စိုက်ကြည့်ရင်း အရာအားလုံးကို သိမြင်၍ နိုင်ပုံရနေသည်။
မီးတောင်က အထူးသဖြင့် ငြိမ်သက် နေဟန်တူသည်။
ယခင် တံခါးထက် များစွာပို၍ တည်ငြိမ် နေ၏။