ထိတ်လန့်ခြင်း
Vol. 79 Ch. 1212
လူသား မဟာမိတ်စစ်တပ် ဌာနချုပ်၌ မဟာမိတ်စစ်တပ် တပ်မှူး ဧကရာဇ် လက်ဇ်က မျက်မှောင်ကြုတ်နေသည်။ ကျန်ရှိနေသော ဗိုလ်ချုပ်များ၏ မျက်နှာ အမူအရာများမှာလည်း မကောင်းလှပေ။ ယနေ့မှာ လူသား မဟာမိတ်စစ်တပ်က နတ်ဆိုးဘုံသို့ ဝင်ရောက်သည့် စတုတ္ထမြောက်နေ့ ဖြစ်သော်လည်း သူတို့က စစ်မှန်သော တိုက်ပွဲတစ်ခုနှင့်ပင် မကြုံတွေ့ခဲ့ရသေးပေ။
ပထမနေ့တွင် လူသား မဟာမိတ် စစ်တပ်က ညဘက်တွင် နတ်ဆိုးများ၏ နှောင့်ယှက်ခြင်းနှင့် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ သူတို့က နတ်ဆိုးများ၏ စစ်တပ်ကို တွန်းလှန်ခဲ့ပြီး သက်ဆိုင်ရာ တန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ရသည်။
ဒုတိယနေ့တွင် လူသား မဟာမိတ် စစ်တပ်က နတ်ဆိုးများ၏ အဓိက အင်အားစုနှင့် မျက်နှာချင်းဆိုင် မကြုံတွေ့ ခဲ့ရသေးသော်လည်း သူတို့ ချီတက်နေစဉ် မှော်အမှောင်မိုင်းများထဲသို့ မတော်တဆ ဝင်ရောက်သွားခဲ့သည်။ ၎င်းတို့သည် လူသား လောကနှင့် ကွဲပြားသည်။ အမှောင်ဒြပ်စင် ပတ်ဝန်းကျင်၏ ဖုံးအုပ်မှု အကူအညီဖြင့် တုန်ခါမှုများမှာ အလွန် သေးငယ်သောကြောင့် ၎င်းကို ရှာဖွေ တွေ့ရှိရန် ခက်ခဲ၏။ သို့သော် ပေါက်ကွဲမှု စွမ်းအားမှာ အလွန် အံ့ဩဖွယ်ကောင်းပြီး ရှေ့စစ်တပ်အား ကြီးမားသော သေဆုံး ထိခိုက်မှုများကို ဖြစ်ပေါ်စေခဲ့လေသည်။ စစ်တပ်က အတင်းအကျပ် အရှိန်လျှော့ ခဲ့ရသည်။ မှော်ပညာရှင်များက မိုင်းများကို ရှာဖွေတွေ့ရှိရန်နှင့် ရှင်းလင်းရန် ရှေ့တွင် ရှိနေကြသည်။ သို့သော် ထိုအခိုက်တွင် နတ်ဆိုး မှော်သေနတ်များက အစွယ်များ နောက်ဆုံးတွင် ဖော်ထုတ် ပြသခဲ့သည်။ ပထမဆုံး မှော်ပညာရှင် အသုတ်က အဝေးပစ် လက်ဖြောင့် တိုက်ခိုက်မှု အောက်တွင် ခြွင်းချက်မရှိ နီးပါး ကျဆုံး သွားခဲ့သည်။ အကွာအဝေးနှင့် တိကျမှုမှာ လုံးဝကို လွန်ကဲလှ၏။ မှော်ပညာရှင်ကို ကာကွယ်ပေးနေသော ချပ်ကာ အပြည့် ဝတ်ဆင်ထားသော ခြေလျင်တပ်ပင်လျှင် ၎င်းလာနေသည်ကို မမြင်တွေ့ခဲ့ရပေ။ ကြီးမားသော အကာအကွယ်အောက်တွင် အမှောင်မိုင်းများကို ရှင်းလင်းနေသော ဒုတိယ မှော်ပညာရှင်အသုတ်၏ အရှိန်မှာ သိသိသာသာ ကျဆင်းသွားခဲ့လေသည်။ ညနေပိုင်းတွင် လူသား မဟာမိတ် စစ်တပ်က နောက်တစ်ခါ နှောင့်ယှက်ခြင်း ခံခဲ့ရသည်။ သူတို့ တစ်ညလုံး သတိကြီးစွာ ထားနေခဲ့ကြသည်။ ယခုတစ်ကြိမ်တွင် မှော်ပညာရှင်များက ထိုကဲ့သို့ အကြီးစား [အမှောင်ကောင်းကင်]ကို ကိုင်တွယ်ရာ အတွေ့အကြုံရှိနှင့်ပြီးဖြစ်သည်။ သို့သော် တစ်ညတာ နှောင့်ယှက်မှု အပြီးတွင် တိုက်ခိုက်မှုမရှိခဲ့ပေ။ မှော်ပညာရှင်များ မှော်စွမ်းအားများစွာကို ကုန်ဆုံးခဲ့ကြပြီး ပင်ပန်းနွမ်းနယ်နေခဲ့ကြသည်။
တတိယနေ့တွင် သူတို့က ရန်သူ တစ်ဦးတစ်ယောက်နှင့်မျှ မတွေ့ဆုံခဲ့ ရသေးပေ။ သူတို့ ဖြတ်သန်းသွားခဲ့သော အရပ်သားအိမ်များသည်ပင် အားလုံးဗလာ ဖြစ်နေပြီး ၎င်းမှာ မမျှော်လင့်ထားသော အရာများပင်။ လူသား မဟာမိတ် စစ်တပ်က ရန်သူကို ထိပင် မထိနိုင်သည့် အတွက်ကြောင့် ထူးဆန်းပြီး မကျေမနပ် ဖြစ်လာကြသည်။ ညဘက်တွင် ယခင်လို နှောင့်ယှက်သော ညပိုင်း တိုက်ခိုက်မှု ပေါ်လာပြီး အတုနှင့် အစစ် ရှုပ်ထွေး နေစေခဲ့သည်။ မှော်ပညာရှင်များက [အမှောင်ကောင်းကင်]ကို ဖယ်ရှားနိုင်စွမ်း မရှိတော့သည့်အခါ နတ်ဆိုးစစ်တပ်က နောက်ဆုံး [အမှောင်ကောင်းကင်] တွင် ပြန်လည် ပေါ်လာခဲ့သည်။ မိမိကိုယ်ကို သတ်သေသော နတ်ဆိုးဗုံးများက လူသား မဟာမိတ် စစ်တပ်အား နှစ်ဆထက်မက ပေးဆပ်ရစေခဲ့သည်။
လွန်ခဲ့သော ၃ရက်တွင် နတ်ဆိုးများက လူသား မဟာမိတ်စစ်တပ်အား မြေခွေး ကဲ့သို့ ကောက်ကျစ်ခြင်းနှင့် ရူးသွပ်ကာ ကြံရာမရအထင်အမြင် ပေးခဲ့သော်လည်း သူတို့က အမြဲပင် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုများနှင့် နှောင့်ယှက်မှုများသာ ပြုလုပ်ခဲ့သည်။ စစ်မှန်သော ထိတွေ့မှု မရှိခဲ့ပေ။
နောက်ဆုံး ထောက်လှမ်းရေး သတင်း တစ်ခုက လူသား မဟာမိတ် စစ်တပ် ဌာနချုပ်သို့ ရောက်ရှိလာခဲ့သည်။
“ရှေ့တန်းကလာတဲ့ အရေးပေါ် စာပါ။ ကျုပ်တို့ အယောက် တစ်သိန်းလောက် ရှိတဲ့ နတ်ဆိုးရဲ့ အဓိက စစ်တပ်ကို တွေ့ခဲ့တယ်။”
“နောက်ဆုံးတော့ ပေါ်လာပြီလား။” လူသား မဟာမိတ်စစ်တပ်၏ ဗိုလ်ချုပ် တစ်ဦးဖြစ်သူ အော့စ်ဝိန်းက လက်သီးကို နောက်ဘက်တွင် ဆုပ်ကိုင်လိုက်သည်။ “ဒီကောက်ကျစ်တဲ့ နတ်ဆိုးတွေ...”
“နောက်ဆုံးတော့ ငါတို့ပြန်တိုက်ရမယ့် အလှည့်ရောက်ပြီ။”
“ဧကရာဇ် လက်ဇ်။ အစွမ်းကုန် တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်ပါ။ ဒီနတ်ဆိုး အယောက် တစ်သိန်းကို ဝါးမျိုပစ်မယ်။”
ဧကရာဇ် လက်ဇ်က မျက်မှောင်ကြုတ် နေဆဲ ဖြစ်သည်။ သူက နက်ရှိုင်းသော အသံဖြင့် ပြောလိုက်၏။ “ဒီနတ်ဆိုးတွေ တစ်ခုခု လွဲနေတယ်။”
ဆန်ဒရိုလည်း ခေါင်းညိတ်လိုက်သည်။ “ကျုပ်လည်း ဒီလိုမျိုး ခံစားနေရတယ်။ အရင် စစ်ပွဲတွေ အရဆိုရင် နတ်ဆိုး အများစုက ကျုပ်တို့မြေကို တက်ကြွတဲ့ အားကောင်းတဲ့ အရှိန်အဝါ၊ အကြွင်းမဲ့ စွမ်းအားနဲ့ ကျူးကျော်ခဲ့ကြတယ်။ ဒါက လမ်းတလျှောက်လုံး တိုက်ခိုက်တဲ့ ပုံစံပဲ။ နတ်ဆိုးဘုံကို အရင်ဆုံး တိုက်ခိုက်ခဲ့တဲ့ လူသားတွေ ရှိခဲ့ရင်တောင်မှ သူတို့ ကြုံတွေ့ခဲ့ရတာ ရိုင်းစိုင်းကြမ်းတမ်းတဲ့ ပြင်းထန်တဲ့ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်မှုတွေပဲ။ ဒီလိုအခြေအနေမျိုးက အရင်က ရှိခဲ့ဖူးလို့လား။”
“နတ်ဆိုးတွေထဲမှာ တစ်ခုခု ဖြစ်နေတာ များလား။ ပြီးတော့ ဒီတစ်ခေါက် လောက နှစ်ခုရဲ့ တံခါးက နှစ်၁၀၀ကျော် စောပြီး ပေါ်လာခဲ့တယ်။ နတ်ဆိုးတွေက အချိန်မီ မပြင်ဆင်နိုင်ခဲ့ဘူး။ ဒါကြောင့် သူတို့က ဒါကို နှောင့်နှေးစေဖို့ ဒီလိုလှည့်ကွက်မျိုးပဲ သုံးနေတာများလား။”
“မဟုတ်ဘူး။” မင်းသမီး ဖီလီက ခေါင်းခါသည်။ “နတ်ဆိုးဘုံရဲ့ အင်ပါယာ ၃ခုက မဟာမိတ်ဖွဲ့ထားတဲ့ သတင်းကို ဟိုးအရင်ကတည်းက အတည်ပြုပြီးပြီ။ နတ်ဆိုးဘုံကနေ ပြန်လာခဲ့တဲ့ လေ့ကျင့်သူ တစ်ယောက်မကက ဒါကို အတည်ပြုခဲ့ ပြီးပြီ။ ပြီးတော့ ဘယ်လိုပဲ ကြည့်ကြည့် ဒီတစ်ခေါက် မဟာမိတ်အဖွဲ့ရဲ့ တည်ငြိမ်မှု အတိုင်းအတာက သာမန်ထက် အများကြီး ပိုမြင့်မားတယ်။ ဧကရီအရှင်မ ၃ပါးကို လက်ထပ်ခဲ့တဲ့ လျှို့ဝှက် ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်အကြောင်းကို ကြားဖူးလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ အဲဒါကြောင့် ရန်သူရဲ့ ပြည်တွင်းပဋိပက္ခ ဖြစ်နိုင်ခြေက သုညနီးပါးပဲလို့ ထင်တယ်။ ကျွန်မတို့ရဲ့ မျှော်လင့်ချက်ကို ဒီအပေါ်မှာ မတင်ထား နိုင်ဘူး။ ရန်သူရဲ့ လှည့်ကွက်တွေကို သတိထားဖို့ ပိုတောင် လိုအပ်သေးတယ်။”
“နတ်ဆိုးတွေက ကျုပ်တို့ရဲ့ တိုက်ခိုက်ရေး စွမ်းအားကို အားနည်း သွားစေဖို့ နည်းဗျူဟာတွေနဲ့ ထောင်ချောက်တွေကို အရင်က အသုံးပြုခဲ့တာ အသေအချာပဲ။ အခု သူတို့က နောက်ဆုံးတော့ ရှေ့ပြေး တပ်ဖွဲ့တွေကို သတ်ဖြတ်ဖို့ စစ်မှန်တဲ့ အင်အားကို သုံးချင်နေပြီ။ ဒီတိုက်ပွဲကို တိုက်မှရမယ်။ ပြီးတော့ နိုင်ကိုနိုင်ရမယ်။” အော့စ်ဝိန်း၏ ကောက်ချက်ချမှုက လူအများ၏ ထောက်ခံချက်ကို ရရှိခဲ့သည်။
“ကျုပ်တို့ရဲ့ နောက်ထပ်တပ်တွေက ထိရောက်တဲ့ အင်အားဖြည့်မှုတွေအတွက် အကွာအဝေးကို ထိန်းသိမ်းထားပြီးပြီ။ တကယ်လို့ တိုက်ခိုက်ဖို့ စိတ်ပိုင်းဖြတ် ထားတယ်ဆိုရင် ကြီးမားတဲ့ ပုံစံတစ်ခုကို ဖွဲ့စည်းဖို့ အချိန်တိုအတွင်းမှာ စုစည်းလို့ ရတယ်။ ကျုပ်တို့ရဲ့ တစ်ဦးချင်း စစ်သည်တွေရဲ့ တိုက်ခိုက်ရေးစွမ်းအားက နတ်ဆိုးတွေထက် နိမ့်ကျနိုင်တယ်။ ဒါပေမဲ့ မမေ့နဲ့ဦး။ ကျုပ်တို့မှာ မှော်အစီအရင်ရဲ့ အကြီးမားဆုံး အားသာချက်ရှိတယ်။ ဒါက ကျုပ်တို့ စစ်တပ်ကို အားကောင်းတဲ့ အုပ်စုတစ်ခု ဖြစ်စေတယ်။ ဒါက ဒီလိုမျက်နှာချင်းဆိုင် ကြီးမားတဲ့ စစ်ပွဲမျိုးမှာ အစွမ်းအထက်ဆုံး စွမ်းအားကို ထုတ်ဖော်လို့ရနိုင်တယ်။ ဒါက နတ်ဆိုးတွေမှာ မရှိတဲ့ အရာတစ်ခုပဲ။ နတ်ဆိုးတွေမှာ ဝန်းကျင် အားသာချက် ရှိခဲ့ရင်တောင်မှ ကျုပ်တို့ ထိပ်တိုင်ရင်ဆိုင် တိုက်ပွဲတစ်ခုမှာ မရှုံးနိမ့်နိုင်ဘူး။”
ဆန်ဒရိုက တဖြည်းဖြည်းနှင့် ခေါင်းကို ခေါင်းညိတ်လိုက်သည်။ “ဘာပဲဖြစ်ဖြစ် ရန်သူရဲ့ ပုံမှန်စစ်တပ် ပေါ်လာမှတော့ တိုက်ခိုက်တာကို ရှောင်လို့ မရနိုင်ဘူး။ လွန်ခဲ့တဲ့ သုံးလေးရက် အတွင်းမှာ စစ်သည်တွေရဲ့ စိတ်ဓာတ်က ရန်သူရဲ့ နှောင့်ယှက်မှုကြောင့် နိမ့်ကျနေခဲ့တယ်။ တစ်ချိန်တည်းမှာပဲ သူတို့က စိတ်တွေကို ထိန်းထားနေကြရတယ်။ အခုက ဖိအားကို ထုတ်ပြီး ကျုပ်တို့ရဲ့ အရှိန်အဝါကို ပြသဖို့ အခွင့်အရေးကောင်း တစ်ခုပဲ။”
လက်ဇ်က ခဏစဉ်းစားပြီး နောက်ဆုံး နတ်ဆိုးဘုံတွင် တပ်ဖွဲ့ကြီးများကို စုစည်းရန်နှင့် နတ်ဆိုး အဓိကစစ်တပ်ကို အစွမ်းကုန် တိုက်ခိုက်ရန် ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။
မမျှော်လင့်ဘဲ ထိုအမိန့် ထုတ်ပြန်ပြီး မကြာခင်မှာပင် အရေးပေါ် တိုက်ပွဲ အစီရင်ခံစာ နှစ်ခုက တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့သည်။
ပထမဆုံး တိုက်ပွဲ အစီရင်ခံစာမှာ လူသား စစ်တပ်က တိုက်ပွဲအတွက် ပြင်ဆင်ရန် စုစည်းနေစဉ် နတ်ဆိုး အဓိကတပ်ဖွဲ့ ရုတ်တရက် ပျောက်ကွယ် သွားခဲ့ခြင်းပင်။
လူတိုင်း မှင်တက်သွားကြ၏။
ဘယ်လိုလုပ် ရုတ်တရက် ပျောက်သွား ရတာလဲ။ ဒါက အယောက် တစ်သိန်းလေ။
ငါတို့က အစွမ်းကုန်နဲ့ ခက်ခက်ခဲခဲ တိုက်ခိုက်တော့မလို့ ရှိသေး၊ ရန်သူက နောက်တစ်ခါ ဆုတ်သွားပြန်ပြီလား။ သူတို့တွေက ရဲရင့်ပြီး ရက်စက်တဲ့ နတ်ဆိုးတွေရော ဟုတ်သေးရဲ့လား။ ဒီစစ်တပ်က ကြောက်တတ်တဲ့ အမှောင် လူပုတွေနဲ့ ဖွဲ့စည်းထားတာများလား။
ဒုတိယ တိုက်ပွဲ အစီရင်ခံစာမှာ စစ်တပ်ထဲတွင် ရေတွက်၍ မရနိုင်သော မသေမျိုး သတ္တဝါများ ပေါ်လာခြင်း ဖြစ်သည်။ အများအပြားက မြေကြီးထဲမှ ထွက်ပေါ်လာခြင်းပင်။
ထိုတိုက်ပွဲ အစီရင်ခံစာက လူများကို မြေကြီးမှ ထွက်လာသည့် ပုပ်သိုးနေသော လက်တစ်စုံ၏ မြင်ကွင်းကို တွေးမိစေပြီး ၎င်းမှာ တုန်လှုပ်သွားစေ၏။
“ဒါက သူတို့တွေ စီစဉ်နေခဲ့တာပဲ။” အော့စ်ဝိန်းက ရုတ်တရက် သဘောပေါက် သွားခဲ့သည်။ “အဲဒီနယ်မြေက သုသာန် ဒါမှမဟုတ် စစ်မြေပြင်တစ်ခု ဖြစ်ရမယ်။ ရန်သူက ကျုပ်တို့ရဲ့တပ်ကို မသေမျိုး စစ်တပ်နဲ့ လျှော့ပါးသွားစေဖို့ အဲဒီကို တမင်တကာနဲ့ ဦးဆောင်သွားခဲ့တာပဲ။ ပြီးတော့ ဝှက်ထားတဲ့ အဓိကအင်အားစုက တကယ့် တိုက်ခိုက်မှု တစ်ခုကို စတင်ဖို့ အချိန်အခါကို စောင့်နေမှာ။ သူတို့က ကောက်ကျစ်တဲ့ နတ်ဆိုးတွေ ဆိုတာ အသေအချာပဲ။”
ကျန်ရှိနေသော ဗိုလ်ချုပ်များက တစ်ယောက်ပြီးတစ်ယောက် နားလည် သွားကြသည်။ မင်းသမီး ဖီလီသည်ပင် ခေါင်းညိတ်လိုက်သည်။
“ဧကရာ် လက်ဇ်။ နောက်ကနေ တပ်တွေကို ချက်ချင်း အင်အားဖြည့်ဖို့ စေလွှတ်စေချင်တယ်။ တစ်ချိန်တည်းမှာ တပ်တွေ အဆက်မပြတ်စေဖို့ တံခါးဆီကို တပ်တွေ ဆက်ပြီးတော့ တိုးမြှင့်စေချင် ပါတယ်။ ကျုပ်တို့ရဲ့ အကြွင်းမဲ့ အင်အားက လုံလောက်ရင် ဒီပူးပေါင်းကြံစည်မှုက ကျုပ်တို့ကို လုံးဝ မတုန်လှုပ်စေနိုင်ပါဘူး။”
ဧကရာဇ် လက်ဇ်က ဆန်ဒရိုကို ကြည့်လိုက်သည်။ ကျက်သရေပြာ အင်ပါယာ၏ နံပါတ်တစ် ဗိုလ်ချုပ်က တစ်စုံတစ်ခုကို စဉ်းစားနေပုံရပြီး သူသည် အော့စ်ဝိန်း၏ အမြင်ကို အခြားသူများလို လိုက်ပြောခြင်း မရှိခဲ့ပေ။
ဧကရာဇ် လက်ဇ်၏ မျက်လုံးများက သဲစားပွဲပေါ်မှ တပ်များ ဖြန့်ကျက်မှု အပေါ်သို့ ကျရောက်ရာ သူ ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။
“နောက်ထပ် အင်အားမဖြည့်နဲ့တော့။” ဆန်ဒရို၏ အသံ ထွက်ပေါ်လာ၏။
“တပ်တွေ တိုးလို့မရရုံတင် မကဘူး။ ချက်ချင်း ဆုတ်ခွာဖို့ လိုအပ်တယ်။”
ဧကရာဇ် လက်ဇ်နှင့် ဆန်ဒရိုတို့က အချင်းချင်း ကြည့်ပြီး သဘောတူညီချက် တစ်ခု ရရှိသွားကြသည်။ “ရန်သူက ငါတို့ရဲ့ တပ်တွေကို လျှော့ပါးအောင် လုပ်နေတာမဟုတ်ဘူး။ ငါတို့ကို တပ်တွေ ပိုပို့စေဖို့ ဖြားယောင်းနေတာပဲ။ ဒါက ထောင်ချောက် တစ်ခုပဲ။ ပြီးတော့ ဒါက အစားကြီးတဲ့ ထောင်ချောက် တစ်ခုပဲ။”
“ဟုတ်တယ်။ အရင်နှောင့်ယှက်မှုတွေနဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုတွေ၊ အခု မသေမျိုး တိုက်ခိုက်မှုတွေ အပါအဝင် ဒါတွေအားလုံး တကယ်တမ်း ကျုပ်တို့ကို စိတ်ရှုပ်အောင် လုပ်နေတာ။” ဆန်ဒရိုက သဲစားပွဲဆီသို့ လျှောက်သွားခဲ့သည်၊ “ကျုပ်တို့ရဲ့ လက်ရှိပုံစံနဲ့ဆိုရင် တကယ်လို့ တပ်တွေ ပိုပို့ပြီး နက်နက်ထဲ သွားခဲ့ရင် တိုက်ပွဲပုံစံက ပိုပြီး တိုးချဲ့သွားလိမ့်မယ်။ အဲဒီအချိန်ကျရင် သူတို့က အရေးပါတဲ့ အစိတ်အပိုင်းလေးကို ဖြတ်တောက်ပစ်ပြီး ကျုပ်တို့ကို ညှပ်တိုက်ဖို့ပဲ လိုအပ်တယ်။ အဲဒီအချိန်မှာ ကျုပ်တို့ စစ်တပ်တစ်ခုလုံး ရှင်းလင်းခံရလိမ့်မယ်။”
“ဗိုလ်ချုပ် ဆန်ဒရိုက နတ်ဆိုးတွေရဲ့ စွမ်းရည်ကို အထင်ကြီးလွန်းတာလား။” အော့စ်ဝိန်းက ဆန်ဒရို၏ သုံးသပ်ချက်မှာ ဆီလျော်သည်ဟု ခံစားမိသော်လည်း သူ၏အမြင်မှာ လုံးဝ ပြောင်းပြန်လှန်ခြင်း ခံလိုက်ရ၍ သူက မလွှဲမရှောင်သာ မကျေမနပ် ဖြစ်နေ၏။
“ကျုပ်က ရန်သူကို လျှော့မတွက်ရုံပါ။” ဆန်ဒရို ခေါင်းခါလိုက်သည်။ “ကျုပ်က နတ်ဆိုးတွေဟာ ထင်ထားတာထက် ပိုအားကောင်းတယ်လို့ ထင်မိနေတယ်။”
ဧကရာဇ် လက်ဇ်က ခိုင်မာသော ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။ “ရိုင်လီကို ပြန်ဆုတ်ခွာဖို့ အမိန့်ပေးလိုက်။ ပြီးတော့ နောက်ကစစ်တပ်ကို ဟန်ဆောင် အင်အားဖြည့်တာ ပြုလုပ်ခိုင်းပြီးတော့ ရှေ့တန်းနဲ့ ချိတ်ဆက်ပြီး ရန်သူကို ခုခံကာကွယ်ဖို့ ပြင်ဆင်လိုက်။ ငါတို့က ထောင်ချောက်ထဲကို ခြေတစ်လှမ်း လှမ်းထားပြီးသွားပြီ။ နတ်ဆိုးတွေက ငါတို့ရဲ့ ခြေထောက်ကို ဒီလောက် အလွယ်တကူ ပြန်ထုတ်ခွင့် မပေးနိုင်ဘူး။”
ဆန်ဒရိုက ခေါင်းညိတ်လိုက်သည်။ “ဆုံးရှုံးမှုတွေက ရှောင်လွှဲလို့ မရနိုင်ဘူး။ ဒါပေမဲ့ ဒါက စစ်ပွဲရဲ့ အစပဲ ရှိသေးတယ်။”
စစ်တုရင် ကစားပွဲ တစ်ခုလုံးအတွက် ထိုအရာမှာ အမှန်တကယ် သေးငယ်သော အမှားတစ်ခုမျှသာ ဖြစ်သည်။ စစ်မှန်သော အောင်ပွဲ သို့မဟုတ် ရှုံးနိမ့်မှု မတိုင်မီ အလွန်ပင် စောနေသေးသော်လည်း စစ်တုရင်ရုပ် အတွက်မူ ထိုသို့သော အမှားမျိုးက သူတို့ကို စစ်တုရင်ခုံမှ ဆွဲထုတ်ပစ်နိုင်သည့် ကပ်ဘေးတစ်ခုပင်။
နတ်ဆိုး မဟာမိတ်စစ်တပ် ဌာနချုပ်က လူသား မဟာမိတ်စစ်တပ် အရေးပေါ် ဆုတ်ခွာမှု သတင်းကို လက်ခံရရှိခဲ့သည်။ တပ်မှူး ဂီရန့်က သက်ပြင်းချလိုက်သည်။ “တစ်ဖက်က ထင်ထားတာထက် ပိုပြီး သတိထားနေတဲ့ပုံပဲ။ ငါ့ရဲ့ စားချင်စိတ်က အရမ်းကို ကြီးနေတုန်းပဲ။ ဒီတစ်ခါတော့ အဲဒီ သေဒဏ်ကျထားတဲ့ အမြောက်စာ အဖွဲ့ကို မလွှတ်တော့ဘူး။ ငါ့အမိန့်ကို ပြန်ကြားလိုက်။ ဌာနတစ်ခုချင်းက အဓိက အင်အားစုတွေ အလုံးအရင်းနဲ့ တိုက်ခိုက် ကြမယ်။ နတ်ဆိုးဘုံကို ဝင်ရောက်လာတဲ့ လူသားတွေ အားလုံးက သွေးလက်သည်း နယ်မြေမှာ အလောင်းတွေ အဖြစ်ကို ပြောင်းသွားကြရမယ်။”
အိပ်မက်ဆိုးမီးတောင်၌ -
အော့ခ်များက ဧရာမအမှတ်အသားများ မြေပြင်ပေါ်တွင် တစ်ခုပြီးတစ်ခု ရေးထွင်း နေကြသည်။ ဝတ်ရုံနှင့် တစ်ဝက်-ချောပြီး တစ်ဝက်-မကောင်းဆိုးဝါးပုံစံ ဖြစ်သော ယောက်ျားတစ်ယောက်က သစ်ခြောက် တုတ်ရှည် တစ်ချောင်းကို ကိုင်လျက် အမှတ်အသား တစ်ခုချင်းစီ အပေါ်တွင် မတည်မငြိမ် လျှောက်လှမ်းနေခဲ့၏။
သူ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ထိုအမှတ်အသားများက ဖျော့တော့တော့ အလင်းကို ထုတ်လွှတ်ပြီး သူတို့သည် ယခင်က လုံးဝ မတည်ရှိခဲ့သည့်အလား ကျောက်တုံးထဲသို့ နစ်ဝင်သွားခဲ့သည်။
“ဆာ...” ဘီးရားမွန်း အော့ခ်ဘုရင် ဖူဂါက ဝတ်ရုံခြုံထားသော ယောက်ျားအား လေးလေးနက်နက် ဦးညွှတ်လိုက်သည်။ “ဆာ အမိန့်ပေးခဲ့တဲ့ အမှတ်အသားတွေ ပြီးစီးသွားပါပြီ။”
ဖူဂါသည် ယခင်က အိပ်မက်ဆိုး တောကန္တာရမှ အစွမ်းအထက်ဆုံးသော အော့ခ်ဘုရင် ဖြစ်သည်။ သို့သော် လွန်ခဲ့သော နှစ်များက အော့ခ်များမှာ သိဒ္ဓိကျောင်းတော်၏ နတ်ဘုရားကျောင်း သူရဲကောင်းတပ်ရင်းနှင့် နိုင်ငံအသီးသီးမှ စေလွှတ်ခဲ့သော ပူးပေါင်းစစ်တပ်ကြောင့် ရုတ်တရက် ရှင်းလင်းခြင်း ခံလိုက်ရသည်။ မည်သည့် မျိုးနွယ်စုမျှ အသက်ချမ်းသာရာ မရခဲ့ပေ။ တစ်စုံတစ်ယောက်ကသာ သတင်းကို ဖွင့်ချ၍ သူ့ကို ဖုံးကွယ်ပြီး အချို့အော့ခ်များကို ရွှေ့ပြောင်းရန် မဦးဆောင်ခဲ့ပါက အော့ခ်မျိုးနွယ်စု၏ သွေးမျိုးဆက်က ဖြတ်တောက်ခြင်း ခံလိုက်ရလောက်ပြီ ဖြစ်သည်။
ထိုအချိန်တွင် သတင်းကို ဖွင့်ချခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ်က အော့ခ်များကို ကျွန်းတစ်ကျွန်း အပေါ်တွင် အခြေချရန် ကူညီပေးပြီး နောက်တွင် တံဆိပ်တစ်ဝက်ကို ချန်ထားပြီး လွင့်မျော ထွက်ခွာသွားခဲ့သည်။ ထိုထူးဆန်းသော ယောက်ျားသည် တံဆိပ်၏ အခြား တစ်ဝက်နှင့်အတူ ရောက်ရှိလာပြီး သူ၏ အမည်ကို ပြောသောအခါမှသာ ဖူဂါက အော့ခ်မျိုးနွယ်စုအား ကပ်ဘေးမှ လွတ်မြောက်ရန် ကူညီပေးခဲ့သော နောက်ကွယ်မှ ပုဂ္ဂိုလ်မှာ အမှန် တကယ်တွင်... ဖြစ်ကြောင်း သိရှိ သွားခဲ့သည်။
ကျေးဇူးဆပ်ရန်ဖြစ်စေ ထိုပုဂ္ဂိုလ်မှ ပြသခဲ့သော ကြောက်မက်ဖွယ်ရာ စွမ်းအားကြောင့်ဖြစ်စေ ဖူဂါသည် ထိုယောက်ျား၏ တောင်းဆိုမှုကို မငြင်းပယ်နိုင်ခဲ့ပေ။ သူက လက်ရွေးစင် တစ်စုကို ဦးဆောင်၍ အိပ်မက်ဆိုး တောနက်၏ မြေပေါ်သို့ နောက်တစ်ကြိမ် ခြေချခဲ့သည်။ သူတို့သည် ဝတ်ရုံနှင့် ယောက်ျား၏ လိုအပ်ချက်များအတိုင်း ထူးဆန်းသော အစီအစဉ် အမျိုးမျိုးလည်း ပြုလုပ်ခဲ့ကြသည်။
“အင်း...” ဝတ်ရုံနှင့် ယောက်ျားက ပတ်လည်ကို ကြည့်ပြီး ခေါင်းညိတ် လိုက်သည်။ “ကြိုးစားပေးတဲ့အတွက် ကျေးဇူးပါပဲ။”
“ဒါက ကျွန်တော့်ရဲ့တာဝန်ပါ၊ ဆာ။” ဖူဂါက ပုံမှန်အားဖြင့် ပုန်ကန်တတ်ပြီး မောက်မာသော်လည်း ထိုပုဂ္ဂိုလ်ရှေ့တွင် အလွန် နှိမ့်ချနေသည်။ “ဆာ့မှာ တခြား အမိန့်တစ်ခုခု ရှိပါသေးလား။”
“မင်းအခု သွားလို့ရပြီ...” ဝတ်ရုံနှင့် ယောက်ျားက အဝေးမှ အိပ်မက်ဆိုး မီးတောင်ကို ကြည့်ပြီး သူ၏လက်ထဲမှ သစ်ခြောက်တောင်ဝှေးကို မြှောက်လိုက်၏။ တံဆိပ်နှစ်ခုက တစ်ခုတည်း အဖြစ်သို့ ပေါင်းစပ်သွားပြီး ၎င်းမှာ အစိမ်းရောင်အရွက် တစ်ရွက် အဖြစ်သို့ ပြောင်းလဲသွားကာ ဖူဂါထံသို့ ပျံသန်းသွားခဲ့သည်။ “ဒါကို ယူသွား။”
ဖူဂါက အရွက်ပုံသဏ္ဌာန် တံဆိပ်ကို လက်ထဲတွင် ကိုင်ထားရင်း သူ၏အမူအရာ မသေမချာဖြစ်လာ၏။ “ဆာ...”
“မပြောနဲ့တော့...” ဝတ်ရုံနှင့် ယောက်ျားက လက်ကို ဝှေ့ယမ်း လိုက်သည်။ “တကယ်လို့ မင်းက အော့ခ်မျိုးနွယ်စုရဲ့ သွေးမျိုးဆက်ကို ဆက်လက် တည်ရှိနေစေချင်တယ်ဆိုရင် ဒါက တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ နောက်ဆုံး သတိပေးမယ်။ မင်းရဲ့အချိန်က ကုန်တော့မယ်။”
ဖူဂါသည် နောက်ထပ် မေးခွန်းများ မမေးရဲတော့ပေ။ သူက ဦးညွှတ်လိုက်ပြီး သူ၏ လူများနှင့်အတူ အိပ်မက်ဆိုး မီးတောင်မှ ထွက်ခွာသွားခဲ့သည်။
“အချိန်...” ဝတ်ရုံနှင့် ယောက်ျားက ထွက်သွားသော အော့ခ်များကို မကြည့်ဘဲ ကောင်းကင်ကိုသာ မော့ကြည့်နေခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက်သာ သူ၏ ရှေ့တွင် ရှိနေခဲ့ပါက ခေါင်းမော့နေသော ထိုပုဂ္ဂိုလ်က ကောင်းကင်ကို “ငုံ့ကြည့်” နေသလို ထူးဆန်းသည့် ခံစားချက်တစ်ခု ရှိနေပေလိမ့်မည်။ ထို့နောက်တွင် သူက သက်ပြင်းရှည် တစ်ချက် ချလိုက်၏။
“ငါ... ငါတို့ရဲ့အချိန် ကုန်တော့မယ်။”