အိပ်မက်ဆိုး
Vol. 79 Ch. 1214
အချိန် တစ်ရက်ပြီးတစ်ရက် ကုန်လွန် သွားခဲ့သည်။
မရေမတွက်နိုင်သော မျက်လုံးများက စောင့်ကြည့်နေသော ရွှေရောင်နယ်မြေ၏ တံခါးတွင် နတ်ဆိုးများ နောက်ဆုံးတွင် ပေါ်လာခဲ့သည်။
သို့သော် တစ်ယောက်သာ ရှိနေ၏။
အင်အားအပြည့် စောင့်ဆိုင်းနေသော လူသား မဟာမိတ် စစ်တပ်နှင့် ကြောက်မက်ဖွယ် သတ်ဖြတ်ချင်သည့် အငွေ့အသက်ကို ရင်ဆိုင်ရင်း ထိုသူက ဂရုမစိုက်သည့်အလား တည်ငြိမ်ပြီး အေးအေးဆေးဆေး ပေါ်လာခဲ့သည်။
ထိုတည်ငြိမ်မှုက ရွှေရောင်နယ်မြေ မြို့တော်မှ လူသား မဟာမိတ်စစ်တပ် ဌာနချုပ်သို့ လမ်းတလျှောက်လုံး သွားစဉ် ရှိနေခဲ့သည်။
“နတ်ဆိုး သံတမန်လား...” ဧကရာဇ် လက်ဇ်က ရှေ့မှ သာမန်လူသားများနှင့် ဘာမှမခြားနားသော နတ်ဆိုးကို ကြည့်နေ လိုက်၏။ ထိုသူက တော်ဝင်မိသားစုအပြင် နတ်ဆိုးများအကြားတွင် အစွမ်းထက်ဆုံး မျိုးနွယ် မဟာနတ်ဆိုး ဖြစ်လောက်သည်။ သူတို့တွင် တိုက်ပွဲအတွင်း အထူးနတ်ဆိုး အသွင်ပြောင်းခြင်း ရှိသည်။
“မင်္ဂလာပါ။ ဧကရာဇ် လက်ဇ်။ ကျုပ်က ကြယ်ကြွေတမန်အင်ပါယာရဲ့ ပထမဆုံး ဗိုလ်ချုပ် ဂျော့ခ်ျ လက်အောက်က နဂါးနီ ဗိုလ်ခြေရဲ့ ဒုတိယဗိုလ်ခြေမှူး ဖရန်စစ် ဗာချယ်လီပါ။ ကျုပ် ဒီနေရာကို နတ်ဆိုး မဟာမိတ် စစ်တပ်ရဲ့ အမြင့်ဆုံးတပ်မှူး ဗိုလ်ချုပ် ဂီရန့်ဆီကနေ ခင်ဗျားဆီကို စိန်ခေါ်လွှာ ပေးဖို့ ရောက်လာခဲ့တာပါ။”
ဖရန်စစ်၏ လေသံက နှိမ့်ချခြင်း သို့မဟုတ် မောက်မာခြင်း မရှိဘဲ သူက ပတ်ပတ်လည်မှ စိုက်ကြည့်နေသော မျက်လုံးများကို တည်ငြိမ်စွာ ရင်ဆိုင် နေခဲ့သည်။
“ဗိုလ်ချုပ် ဂီရန့်လား။ ဒါဆိုရင် နတ်ဆိုးဘုံက အရင်တိုက်ပွဲမှာ ငါ့ကို ဒုက္ခရောက်စေခဲ့တဲ့ တပ်မှူးပဲ။” ဧကရာဇ် လက်ဇ်က လက်အောက် ငယ်သားများကို ဖရန်စစ်၏ လက်ထဲမှ စိန်ခေါ်လွှာကို ယူဆောင်ရန် အမိန့်ပေးခဲ့သည်။ ၎င်းကို ကြည့်လိုက်ပြီးနောက် သူက အနည်းငယ် အံ့ဩသွားသည်။ “ဗိုလ်ချုပ် ဂီရန့်က ငါနဲ့ မျှမျှတတ တိုက်ခိုက်ချင်တယ်။ ဒီရွှေရောင် နယ်မြေမှာ ဟုတ်လား...”
နတ်ဆိုးများက လူသား မဟာမိတ် စစ်တပ်၏ အခြေအနေနှင့် ရွှေရောင် နယ်မြေမှ တံခါးအကြောင်းကို ဖမ်းဆီး ခံထားရသော စစ်သည်များထံမှ သိရှိရမည် ဖြစ်သည်။ ၎င်းမှာ ဖမ်းဆီးခံထားရသော စစ်သည်များ သစ္စာဖောက်ခြင်းကြောင့် မဟုတ်နိုင်လောက်။ ထိုမှော်လောကတွင် မှတ်ဉာဏ်ဖတ် နည်းလမ်းများစွာ ရှိနေရာ သူတို့ ထိုထောက်လှမ်းရေးသတင်းများကို ရရှိနိုင်သည်မှာ အံ့ဩစရာ မရှိပေ။
“ဟုတ်ပါတယ်။” ဖရန်စစ်၏ မျက်လုံး လက်ခနဲ ဖြစ်သွားပြီး သူက ပတ်ပတ်လည် ကြည့်လိုက်သည်။ “ခင်ဗျားတို့ အားလုံးမှာ သတ္တိရှိလားတော့ မသိဘူး။”
“ဟမ့်။ ဒီလိုမျိုး ရိုင်းစိုင်းတဲ့ ရန်စမှု။ ငါတို့ကို ဒီလိုမျိုး လှည့်ကွက်လေးနဲ့ ရန်စ ချင်တာလား။” နဂါးလင်းလက်အင်ပါယာ နာမည်ကြီး ဗိုလ်ချုပ် ထရစ်စတန်က အမြဲပင် မီးလို ဒေါသမျိုး ရှိလေသည်။ သူက ချက်ချင်း အော်ပြောလိုက်သည်။ “အရှင်မင်းကြီး။ နတ်ဆိုးတွေက ကောက်ကျစ်ပြီးတော့ အကွက်ချ စီစဉ်တတ်ကြတယ်။ နောက်ဆုံးတိုက်ပွဲမှာ သူတို့ရဲ့ ထောင်ချောက်ကြောင့် ကျုပ်တို့ ကြီးမားတဲ့ အသေအကြေတွေ ခံခဲ့ရတယ်။ ဒီနတ်ဆိုးနဲ့ ကျုပ်တို့တွေ အချိန်ဖြုန်းပြီး စကားပြောနေဖို့ မလိုအပ်ပါဘူး။ သူ့ကို သတ်ပြီး သူ့ခေါင်းကို နတ်ဆိုးဘုံဆီ ပစ်လိုက်တာက အကောင်းဆုံး အဖြေပဲ။”
ထရစ်စတန်၏ တစ်ဦးတည်းသော ညီဖြစ်သူမှာ နတ်ဆိုးဘုံတွင် စခန်းချ ထားသော အကူစစ်တပ်၏ တပ်မှူး ဖြစ်သည်။ သူက နတ်ဆိုးဘုံ၏ ယခင် တိုက်ပွဲတွင် ကံမကောင်းဘဲ ကျရှုံးခဲ့သည်။ သို့ဖြင့် ထရစ်စတန်က နတ်ဆိုးများကို အရိုးထဲအထိ မုန်းတီးနေသည်။
ထိုစကားများ ထွက်ပေါ်လာသည်နှင့် လူများစွာ တစ်ယောက်ပြီး တစ်ယောက် တုံ့ပြန်ခဲ့ပြီး ဌာနချုပ်မှ သတ်ဖြတ်လိုသော စိတ်ဆန္ဒ တိုးမြင့်လာခဲ့သည်။ ဖရန်စစ်၏ စွမ်းအားက နတ်ဆိုးဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း အစွမ်းထက် ပုဂ္ဂိုလ်များ ပြည့်နှက်နေသည့် ထိုသို့သော နေရာမှ လွတ်မြောက်ရန် မဖြစ်နိုင်ပေ။
ဧကရာဇ် လက်ဇ်က ကြောက်ရွံ့မှု မရှိနေသော ဖရန်စစ်ကို စိုက်ကြည့်နေပြီး ရုတ်တရက် ပြုံးလိုက်၏။ “လေးစားစရာ ကောင်းတဲ့ သတ္တိပဲ။ ဒီစကားက မင်းကို ရည်ညွှန်းရုံတင် မကဘူး။ အဲဒီ ဗိုလ်ချုပ် ဂီရန့်ကို ပိုရည်ညွှန်းတာ။ သူ ဘာကို ဆိုလိုလဲဆိုတာ ငါ သဘောပေါက်တယ်။ ဒီတိုက်ပွဲက ပေါ်တင် အကွက်ချစီစဉ်မှု တစ်ခုပဲ။ အကြွင်းမဲ့ စွမ်းအား ရှေ့မှာ အကွက်ချစီစဉ်မှု ဆိုတာက အသေးအဖွဲ လှည့်ကွက် တစ်ခုထက် မပိုပါဘူး။ မင်း ပြန်သွားပြီးတော့ ဗိုလ်ချုပ် ဂီရန့်ကို ငါ စိန်ခေါ်မှုကို လက်ခံတယ် ပြောလိုက်ပါ။”
ထရစ်စတန်က ဧကရာဇ် လက်ဇ်သည် ဖရန်စစ်အား မထိခိုက်ဘဲ ပြန်လွှတ် လိုက်သည်ကို မြင်ရာ စိုးရိမ်သွားခဲ့သည်။ “အရှင်မင်းကြီး...”
ဧကရာဇ် လက်ဇ်က သူ၏ လက်အောက်ငယ်သားဟောင်းကို ကြည့်လိုက်သည်။ “ထရစ်စတန်။ မင်းက စစ်မြေပြင်မှာ ရန်သူရဲ့ စစ်တပ်ကို ကွပ်ကဲနေတဲ့ ဒီနတ်ဆိုးဗိုလ်ချုပ် ခေါင်းကို ဖြတ်ပစ်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်။ ဒီသံတမန်ကို မဟုတ်ဘူး။”
ထရစ်စတန်က ခါးမှ ဓားအိမ်ကို ကြီးမားသော အရှိန်အဝါဖြင့် ဆုပ်ကိုင် လိုက်သည်။ “မှန်လှပါ။”
“ဘယ်သူရဲ့ ဓားက ပိုထက်လဲ သိရဖို့ အဲဒီတိုက်ပွဲမှာ ဗိုလ်ချုပ် ထရစ်စတန်ကို ထပ်တွေ့ဖို့ကိုလည်း မျှော်လင့်ပါတယ်... ကျုပ် အခု သွားပါတော့မယ်။” ဖရန်စစ်က ဧကရာဇ် လက်ဇ်အား ရိုးရှင်းသော စစ်ရေး အရိုအသေတစ်ခုကို ပြုလိုက်ပြီးနောက် ခြေလှမ်းကျဲကျဲနှင့် ထွက်သွားခဲ့သည်။
ခဏကြာ တိတ်ဆိတ်မှု အပြီးတွင် တစ်လျှောက်လုံး တိတ်ဆိတ်၍ နေခဲ့သော ဆန်ဒရိုက ပြောလိုက်၏။ “ဒီတစ်ခေါက် နတ်ဆိုးတွေစိန်ခေါ်မှုက မျှော်လင့်ထားတဲ့ အရာမျိုး။ ပိုပြီး အံ့ဩစရာကောင်းတာက သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပဲ။ ကျုပ်တို့ရဲ့ စစ်မြေပြင်မှာ တိုက်ပွဲတစ်ခုကို တကယ်ပဲ အဆိုပြုခဲ့ကြတယ်။ ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမျိုးက လုံး ကြောက်စရာ ကောင်းတယ်။ ကျုပ်တို့မှာ အနိုင်ရမယ့် ယုံကြည်မှုရှိရမယ်။ ဒါပေမဲ့ ခက်ခဲတဲ့ တိုက်ပွဲ အမျိုးမျိုးနဲ့ ခါးသီးတဲ့ တိုက်ပွဲတွေ အတွက်ကိုတောင် ကျုပ်တို့ ပြင်ဆင်ထားရမယ်။”
ဆန်ဒရိုက ရှုံးနိမ့်ရန်ပြင်ဆင်ထား ဟူ၍ မပြောခဲ့ပေ။ အကြောင်းမှာ ထိုတိုက်ပွဲက အရေးကြီး၍ပင်။ မည်သို့ပင် ဖြစ်စေကာမူ သူက အသက်ကို စတေးရလျှင်ပင် အရှုံး မခံနိုင်ပေ။
“ဟုတ်တယ်။ ယခင် ရှုံးနိမ့်မှုတွေက ပြီးဆုံးသွားပြီ။ ဒါတွေကို သိပ်ပြီးတော့ အလေးအနက် မထားနဲ့။ ဒါက စစ်မှန်တဲ့ ပထမဆုံးတိုက်ပွဲ ဖြစ်လာမှာ။ ပြီးတော့ ဒါက အဆုံးအဖြတ် တိုက်ပွဲလည်း ဖြစ်နိုင်တယ်။” ဧကရာဇ် လက်ဇ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ “နှစ်ဖက်လုံးက အစွမ်းထက်ဆုံး အင်အားစုကို စေလွှတ်လိမ့်မယ်။ ငါတို့ နတ်ဆိုးဘုံမှာ တကယ် ရှုံးနိမ့်ခဲ့တယ်။ ပြီးတော့ နတ်ဆိုးတွေက သူတို့ရဲ့ အင်အားကို သက်သေပြခဲ့ပြီးပြီ။ အခု ငါတို့ရဲ့ ပိုင်နက်ကို ရောက်လာမှတော့ ငါတို့ရဲ့ အင်အားကို သက်သေပြဖို့ အချိန် ရောက်ပြီ။ ငါတို့နောက်မှာ ဆွေမျိုးတွေနဲ့ ပြည်သူတွေရဲ့ ရေတွက်လို့ မရနိုင်တဲ့ မျက်လုံးတွေ ရှိနေတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့ ဒီတိုက်ပွဲမှာ နိုင်ကိုနိုင်ရမယ်။”
ဧကရာဇ်လက်ဇ်၏ အသံက အဝေးသို့ ပျံ့နှံ့သွားပြီး ကြားလိုက်ရသော စစ်သည် အားလုံး စိတ်လှုပ်ရှားစွာဖြင့် သူတို့၏ လက်နက်များကို မြှောက်လိုက်ကြပြီး တစ်ညီတစ်ညွတ်တည်း အော်လိုက်သည်။ နိုင်ရမယ်။ နိုင်ရမယ်။
အသံက ပို၍ပို၍ ကျယ်လာခဲ့သည်။ ထွက်သွားနေသော နတ်ဆိုးဘုံမှ သံတမန်ပင် ၎င်းကို ကြားနိုင်သည်။ ဖရန်စစ်က တူညီသော ယုံကြည်မှုရှိသည့် အပြုံးတစ်ခုကို ပြသခဲ့သည်။ ဒီတိုက်ပွဲမှာ အနိုင်ရတဲ့သူကို နတ်ဆိုးဘုံ ပိုင်ဆိုင်မယ်။
...
နေရာလွတ်...
ကြေမွသွား၏။
ကြေမွသွားသော နေရာလွတ် ဟင်းလင်းပြင်က ကြောက်မက်ဖွယ်ရာ စွမ်းအင်ခိုက်မိခြင်းကြောင့် ဖြစ်လာသော လျှပ်စီးဖြင့် ရံဖန်ရံခါ လင်းလက်နေသည်။
နေရာတိုင်းတွင် ဖရိုဖရဲနှင့် ဖြစ်ပြီး ကြီးမားသော အားစက်ကွင်းများ ရှိနေ၏။ လောက တစ်ခုလုံးက အဆက်မပြတ် တွန့်လိမ်၊ ကြေမွပြီး တုန်ခါနေခဲ့သည်။
နေရာလွတ် မှုန်ဝါးနေပြီး ရေတွက်၍ မရနိုင်သော နက်ဗြူလာ ကဲ့သို့သော အရာများက အရှိန်မြင့်ဖြင့် ဖြတ်ကျော် နေကြသည်။ လှုပ်ရှားမှုတိုင်း လောကကို လုံးဝနီးပါး ဖျက်ဆီးပစ်သည့် ဧရာမ စွမ်းအားတစ်ခုကို နှိုးဆော်နိုင်၏။
မှုန်ဝါးသော ဗဟိုက နောက်တစ်ကြိမ် ထင်ရှားလာခဲ့သည်။ ပထမတစ်ခေါက် ပေါ်လာခဲ့သော ထိုနက်ဗြူလာများသည် အမှန်တကယ်တွင် မရေမတွက်နိုင်သော တစ်ဦးချင်း ပုံရိပ်များ ဖြစ်သည်။ သူတို့ ပိုင်ဆိုင်သော စွမ်းအားက စကြဝဠာ ငယ်လေးများကဲ့သို့ ကြီးမားကျယ်ပြန့်ပြီး ကြီးမြတ်သည် ဖြစ်၏။ သို့သော် အဓိက အရာ၏ ထိုသို့အလင်းရောင်အောက်တွင် ထိုကြီးမြတ်သော ပုံရိပ်များ၏ အလင်းက မှေးမှိန်နေခဲ့သည်။ အများအပြားက မြေဆီလွှာနှင့် ဖုန်မှုန့်များ အဖြစ်သို့ ပျံ့ကျဲသွားပြီး အရိပ်အယောင်ပင် မကျန် ပျက်စီးသွားခဲ့သည်။
ကြီးမြတ်သော ပုံရိပ်များမှ ဝန်းရံ၍ ထားသော အဓိကအချက်မှာ သွေးနီရောင် တည်ရှိမှုတစ်ခု ဖြစ်သည်။ အမြင်အာရုံ ပြောင်းလဲမှုများအတွင်း လူသားပုံရိပ် တစ်ခုကို မသဲမကွဲ မြင်နိုင်သော်လည်း ခန္ဓာကိုယ်တဝက်သာ ကျန်တော့သည်။
သူ၏ ခန္ဓာကိုယ် တဝက်သည်ပင် ဖော်ပြ၍ မရနိုင်သော စွမ်းအားကို ပြသနေဆဲပင် ဖြစ်သည်။ ရူးသွပ်စွာ ဝှေ့ယမ်းနေသော သွေးနီရောင်အလင်း ရှေ့တွင် တောက်ပသော နက်ဗြူလာများ မြေဆီလွှာနှင့် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။ ချဉ်းကပ်လာသော ပုံရိပ်များ စုတ်ပြဲပြီး ပျက်စီးသွား၏။
သို့တိုင် နက်ဗြူလာ ပုံရိပ်များ ရှေ့သို့ ဆက်လက် ရွေ့လျားသွားပြီး သွေးနီရောင် တဝက် ခန္ဓာကိုယ်ကို တစ်စစီ ကျုံ့ဝင်၍ သွားစေသည်။
သွေးနီရောင် ခန္ဓာကိုယ် ရုတ်တရက် ဟိန်းဟောက်လိုက်၏။ ကြောက်မက်ဖွယ် အသံက လောကကို ပြောင်းပြန်လှန်လိုက် သလိုမျိုးပင်။ ခန္ဓာကိုယ် တဝက်မှာ အလျင်အမြန် စုစည်း ပြောင်းလဲလာခဲ့၏။ တဖြည်းဖြည်းနှင့် ဧရာမ မျက်လုံးက နက်ဗြူလာများမှ အဆက်မပြတ် ချုပ်တည်း ခံထားရသော သွေးမြူ အကြားတွင် ပွင့်လာခဲ့သည်။
သွေးနီရောင် မျက်လုံး...
ထိုမျက်လုံးမှ ထုတ်လွှတ်လိုက်သည်မှာ ပျက်စီးခြင်းနှင့် ဖန်တီးခြင်း စွမ်းအား မဟုတ်ဘဲ ပထမဆုံးနှင့် နောက်ဆုံး အထုံးအဖွဲ့၊ ထာဝရနှင့် မသေနိုင်ခြင်း နှစ်မျိုးဖြစ်သော အငွေ့အသက်မျိုးပင်။
မျက်လုံး ပွင့်လာသည့် အခိုက်တွင် စစ်မှန်သော အက်ကွဲကြောင်း တစ်ခု နေရာလွတ်ထဲတွင် ပေါ်လာခဲ့သည်။ အက်ကွဲကြောင်းက တုန်လှုပ်ဖွယ်ရာ သွေးနီရောင်ဖြင့် ပြည့်နှက်နေခဲ့သည်။ သွေးနီရောင် ဖြတ်သွားရာ နေရာတိုင်းတွင် နက်ဗြူလာများ သို့မဟုတ် လူသားပုံရိပ် အားလုံး ပြာမှုန့်အဖြစ် ပြောင်းသွားသည်။
မြင်ကွင်းထဲမှ အရာအားလုံး ကြေမွ၍ သွားခဲ့သည်။
ချန်လွေ့ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။ သူ မြင်လိုက်ရသည်မှာ ရင်းနှီးသော အခန်းတစ်ခန်း ဖြစ်သည်။ နံနက်ခင်း နေရောင်ခြည် ယဲ့ယဲ့လေးက ပြတင်းပေါက်မှတစ်ဆင့် ထိုးနေခဲ့သည်။
“ဘာဖြစ်လိ့လဲ။” အစ်ဇဘယ်လာ၏ စိုးရိမ်ရောက်နေသော အသံက သူ၏ ဘေးမှ ထွက်ပေါ်လာသည်။
“ဘာမှမဖြစ်ပါဘူး။ ကိုယ် အိပ်မက်ဆိုး တစ်ခု မက်ခဲ့တဲ့ပုံပဲ။” ချန်လွေ့၏ တင်းမာ နေသော ခန္ဓာကိုယ်က တဖြည်းဖြည်းနှင့် အပန်းဖြေသွားပြီး အသက်ရှူသံမှာ များစွာ သက်သာရာရသွား၏။
“ခေါင်းမှာလည်း ချွေးတွေ အပြည့်ပဲ။” အခြားတစ်ဖက်မှ ဇိုလာက သူ၏နဖူးကို သုတ်ပေးလိုက်၏။ “ဘာအိပ်မက်ဆိုးလဲ။”
ချန်လွေ့ ဖြေတော့မည် ပြင်လိုက်စဉ် ရုတ်တရက် စူပါစနစ်၏ သိုလှောင် ဂိုဒေါင်တွင် ဖဲချပ်တစ်ခုပေါ်မှ မူလက ဖျော့တော့သော အလင်းက တဖြည်းဖြည်း ငြိမ်းသွားသည်ကို တွေ့ရှိလိုက်ရသည်။
အမှောင်ထုဘုရင် မှော်ဖဲချပ်။
ဒီဖဲချပ်က သိုလှောင်ဂိုဒေါင်မှာတောင် ဒီလို စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကို ထုတ်နိုင်တာလား။ ခုန အိပ်မက်ဆိုးက စိတ်ဝိညာဉ် အထင်မှားတာပဲလား။
ချန်လွေ့က ခေါင်းကို ခါလိုက်သည်။ မဟုတ်ဘူး။ မလှုပ်ရှားဘဲ ကြည့်ရှုနိုင်ရုံပဲ တတ်နိုင်ခဲ့ပေမယ့် အဲဒီလို ခံစားချက်က စစ်မှန်တဲ့ တည်ရှိမှုတစ်ခုကို ကိုယ်တွေ့ ကြုံရတာနဲ့ ပိုတူတယ်။
ဖဲချပ်က အိပ်မက်ဆိုး အထဲမှာ တုန်လှုပ်စရာ ကောင်းတဲ့ အမှန်တရား တချို့ကို ဖော်ပြခဲ့တဲ့ပုံပဲ။
အဲဒီသွေးနီရောင် မျက်လုံး...
ပြီးတော့ ငါ တခြား တစ်နေရာရာမှာ အဲဒီမျက်လုံးကို မြင်ဖူးသလိုပဲ...
ချန်လွေ့ ခဏ စဉ်းစားလိုက်ပြီးနောက် ခေါင်းခါလိုက်သည်။
“စိတ်မပူပါနဲ့။ ဘာမှ မဖြစ်ပါဘူး။” အစ်ဇဘယ်လာနှင့် ဇိုလာတို့၏ စိုးရိမ် နေသော မျက်နှာကို မြင်ရာ ချန်လွေ့က သူတို့၏ လက်များကို ကိုင်လိုက်ပြီး သူတို့ကို နမ်းလိုက်၏။
“ထပ်အိပ်မလား။ ရှင့် စိတ်အခြေအနေ သိပ်မကောင်းဘူး။”
နံနက်ခင်းက ပုံမှန်တွင် တက်ကြွသော အချိန်အခါ ဖြစ်သည်။ ပုံမှန်အားဖြင့် နည်းနည်း ပိုအိပ်ခြင်းက အရိပ်အမြွက် တစ်ခုနှင့် တူညီပြီး ၎င်းမှာ နောက်ထပ် မီးပွင့်မတတ် ပြင်းပြသော အချိန်ကာလ တစ်ခု ဖြစ်ရမည် ဖြစ်သည်။ သို့သော် ချန်လွေ့က ယနေ့ အသေအချာပင် စိတ် မငြိမ်မသက် ဖြစ်နေပြီး အနည်းငယ် ပင်ပန်းနေသည်။ မစ်-နတ်မိမယ်နဂါးနှင့် မဒမ်-ဒေါ်လေးနှစ်ဦးစလုံး သတိပြုမိကာ သူတို့တွင် ပရောပရည်လုပ်ရန် စိတ်မရှိဘဲ ယောက်ျားဖြစ်သူကို အမှန်တကယ် ခဏတာ အနားယူစေချင်ရုံသာ ဖြစ်သည်။
“မဟုတ်ဘူး။ အခုက စောသေးတယ်။ မင်းတို့ အိပ်နေဦး။ ကိုယ် လေနည်းနည်း သွားရှူလိုက်ဦးမယ်။”
ချန်လွေ့ ထရပ်လိုက်ပြီး အိမ်အပြင်သို့ လျှောက်ထွက်သွားကာ အမြဲတမ်းလိုပင် တည်ငြိမ်နေသော ကောင်းကင်ကြီးကို ကြည့်လိုက်၏။ အကြောင်းတစ်ခုကြောင့် ထိုရက်ပိုင်းများတွင် စိတ်ဓာတ်ကျသော ခံစားချက်တစ်ခု ပိုပြင်းထန်လာခဲ့သည်။
စိတ်ဓာတ်ကျသည်ဟု ခံစားမိသူမှာ ချန်လွေ့ တစ်ဦးတည်းသာ မဟုတ်ဘဲ နတ်ဆိုးအားလုံးနီးပါး ထိုအချိန်အတွင်း နှလုံးသားထဲမှ လေးလံမှုကို ခံစားမိကြ၏။
နတ်ဆိုးများစွာ စိတ်ဓာတ်ကျရခြင်း၏ အကြောင်းရင်းမှာ နတ်ဆိုး မဟာမိတ် စစ်တပ်နှင့် လူသား မဟာမိတ်စစ်တပ် အကြား နီးကပ်လာသော အဆုံးအဖြတ် တိုက်ပွဲကြောင့်ပင်။
အိပ်မက်ဆိုးမီးတောင်၌ ဖြစ်သည်။
ပတ်ဝန်းကျင်မှ တုန်ခါမှုများက ပို၍ ပြင်းထန်လာ၏။
ကြီးမားလှသော မြေဆီလွှာနှင့် ကျောက်များ မြင့်မားစွာ ခုံးတက်၍ လာပြီးနောက် ဧရာမ မှော်စာများမှ ထုတ်လွှတ်လိုက်သော အစိမ်းရောင် အလင်းများ၏ အတင်းအကျပ် ဖိနှိပ်ခြင်း ခံလိုက်ရသော်လည်း ထိုသို့ဖိနှိပ်မှုသည် ပို၍ ထိရောက်မှု မရှိတော့ပေ။ မြေကြီး၏ လှိုင်းထမှုများ လွှဲခွင်နှင့် ကြိမ်နှုန်းလည်း တဖြည်းဖြည်း အရှိန်မြှင့်လာခဲ့သည်။
ဧရာမ မှော်စာများ အကန့်အသတ်အထိ ကျယ်ပြန့်သွားပြီ ဖြစ်သည်။ မှော်စာများ အပေါ်တွင် အက်ကြောင်းများပင် ရှိနေ၏။ အဆက်မပြတ် ဖိနှိပ်ခံထားရသော ကျယ်ပြန့်ခြင်း အင်အားသည် လုံးဝကို ပေါက်ကွဲ၍ ထွက်တော့မည် ဖြစ်သည်။ ခြောက်သွေ့ နေပုံရသော သစ်သား တောင်ဝှေးကို ကျောက်တုံးပေါ်တွင် တင်ထားလိုက်ရာတွင် မာကျောသော ကျောက်တုံးက ပုပ်နေသော သစ်ကိုင်းခြောက်တစ်ကိုင်း ဖြစ်နေသည့်အလား အလွယ်တကူ ကြိတ်ချေခံလိုက်ရသည်။
အနီးအနားမှ ကျယ်ပြန့်လာသော မြေကြီးက ထိုးဖောက်ခံရသော ပူဖောင်း တစ်ခုကဲ့သို့ အလျင်အမြန်ပင် ပြားချပ်၍ သွားခဲ့၏။ တစ်ချိန်တည်းပင် သွေးစက်များ ခြောက်သွေ့နေသော သစ်သားတောင်ဝှေး တစ်လျှောက် မြေပြင်ပေါ် ကျလာသည်။ ၎င်းတို့ မြေကြီးထဲသို့ မစိမ့်ဝင်ခင်မှာပင် အပူရှိန် မြင့်မားမှုကြောင့် အလျင်အမြန် အငွေ့ပျံသွားခဲ့၏။
သွေးဇစ်မြစ်မှာ ခြောက်သွေ့ နေသော သစ်သား တောင်ဝှေးကို တင်းတင်း ဆုပ်ကိုင်ထားသော လက်များမှပင်။ တစ်ဖက်မှာ အဖြူရောင်လက် ဖြစ်ပြီး အခြားတစ်ဖက်မှာ... သားရဲ ကဲ့သို့သော လက်သည်းခွံ ဖြစ်နေသည်။
ဝတ်ဆင်ထားသော အစိမ်းရင့်ရောင် ဝတ်ရုံအများစုမှာ ခြောက်သွေ့နေသော သွေးများကြောင့် အနက်ရောင် ကဲ့သို့ပင် ဖြစ်နေသည်။ ပင်ပန်းနွမ်းနယ်နေကာ ကုန်းကုန်းကြီး ဖြစ်နေသော ခန္ဓာကိုယ်က အနည်းငယ် တုန်ခါနေပြီး သွေးများမှာ အဆက်မပြတ် လျှံထွက်နေခဲ့၏။
တစ်ကြိမ်မကပေ။
အကယ်၍ တစ်ယောက်ယောက်သာ အနီးအနားတွင် ရှိနေခဲ့ပါက ဝတ်ရုံထဲမှ သက်ရှိမှာ လေထဲမှ ဖယောင်းတိုင် တစ်တိုင်ကဲ့သို့ ဖြစ်နေပြီး အချိန်မရွေး ငြိမ်းသွားနိုင်သော်လည်း ထပ်ခါတလဲလဲ အသက်ရှင် ကျန်ရစ်ခဲ့သည်ဟု ခံစားမိ ပေလိမ့်မည် ဖြစ်သည်။
မြေကြီးက မကြာမီ နောက်တစ်ကြိမ် စတင် တုန်ခါလာပြီး ဝတ်ရုံထဲမှ ဟိန်းသံ တစ်ခု ထွက်ပေါ်လာခဲ့လေသည်။ သူ၏ ခန္ဓာကိုယ်က မတည်ငြိမ်သော အင်အားကို ဖိနှိပ်ရန်အတွက် အစိမ်းရောင် အလင်းဖြင့် ပေါက်ကွဲထွက်သွားခဲ့သည်။
ပို၍ ပြင်းထန်လာသော ကျယ်ပြန့်မှုနှင့် မတည်ငြိမ်မှုများသည် ကြီးမားသော အက်ကွဲကြောင်းများကို မြေပြင်ပေါ်တွင် ပေါ်လာစေခဲ့သည်။ ဧရာမ မှော်စာများ အပေါ်မှ အက်ကြောင်းများ နက်သွားပြီး တောက်ပသော အနီရောင် အလင်း စီးကြောင်းတစ်ခုက အက်ကြောင်းများ အထဲတွင် ပြေးလွှားနေသော သွေးကဲ့သို့ ပေါ်လာခဲ့သည်။
ယခုတစ်ကြိမ်တွင် ဧရာမ မှော်စာများ သာမကဘဲ ခြောက်သွေ့သော သစ်သား တောင်ဝှေးပေါ်တွင်လည်း အက်ကြောင်း အများအပြား ရှိနေသည်။
ရုတ်တရက် မြင်ကွင်းက ရပ်တန့်သွားပုံ ရသည်။
ရပ်တန့်သွားသည့် နောက်စက္ကန့်တွင် အရာအားလုံး ပေါက်ကွဲထွက်သွားခဲ့၏။
မီးတောင်ပြင်တစ်ခုလုံးနှင့် အိပ်မက်ဆိုး တောနက်တစ်ခုလုံး တုန်ခါသွားခဲ့သည်။
အိပ်မက်ဆိုး မီးတောင်က ပေါက်ကွဲ၍ သွားခဲ့၏။