အရှုံးသမားတဲ့လား…မဟုတ်ပါဘူးဆိုနေ
Vol. 1 Ch. 1
ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ ကျောက်စိမ်းပန်းပွင့် တောင်ထိပ်သည် မီတာပေါင်း သောင်းချီမြင့်မားပြီး ဝိညာဉ်စွမ်းအင် မြူခိုးများနှင့် အတိဖုံးလွှမ်းနေ၏။ သန့်စင်နယ်မြေ၏ တာအိုသားတော်အဖြစ် သတ်မှတ်ခြင်းခံထားရသော ချီယွမ်သည် ကောင်းကင်ထက်မှ ဆင်းသက်လာကာ သူ၏ နေအိမ်ရှိရာသို့ အလျင်စလို သွားနေခဲ့သည်။ ချီယွမ်ကို မြင်သည်နှင့် သန့်စင်နယ်မြေ၏ ဖြတ်သွားဖြတ်လာ တပည့်များအားလုံး ရိုသေစွာ နှုတ်ဆက်လာကြ၏။
"တာအိုသားတော်ကို နှုတ်ဆက်ပါတယ်"
ထိုတပည့်တွေအားလုံးကို အရမ်းယဥ်ကျေးမနေစေရန် လက်တစ်ဖက်သာ ယမ်းပြရင်း ချီယွမ်တစ်ယောက် သူ၏ ကြီးမားပြီး ကောင်းမွန်လှသော ဂူရှိရာသို့ သွားမြဲသွားနေဆဲပင်။ နောက်ဆုံး ဂူအတွင်းသို့ ဝင်ရောက်ပြီးချိန်မှသာ တံခါးအား တင်းကျပ်စွာ ပိတ်လိုက်ပြီး စိတ်သက်သာစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။ ထိုအချိန်မှသာ ခေါင်းထဲ ဝင်ရောက်လာသော အတွေးတစ်ခုနဲ့အတူ မြင်ကွင်းထဲသို့ ဘောင်ခတ်ထားသော စာတစ်ကြောင်း ပေါ်ပေါက်လာခဲ့သည်။
“အသုံးမကျသူတွေကို မြေတောင်မြှောက်ပေးမဲ့ စွမ်းအားရှင်စနစ်နှင့် အောင်မြင်စွာ ချိတ်ဆက်နေပါသည်။ တိုးတက်မှု... 99/100”
"အသုံးမကျတဲ့သူတွေကို မြေတောင်မြှောက်ပေးမယ့် စွမ်းအားရှင်စနစ် ဟုတ်လား"
တောက်ပသောအရောင်ဖြင့် ရှင်းလင်းစွာ ရေးသားထားသော ထိုစာလုံးများကြောင့် ချီယွမ်၏ မျက်နှာထားသည် အနည်းငယ် ထူးဆန်းလာသလို သူ၏ နှလုံးသားအတွင်းမှာလည်း ဇဝေဇဝါ ခံစားချက်တစ်ခုအား ခံစားလိုက်ရ၏။ ထိုအချိန်မှာပင် အေးစက်သော စက်ရုပ်အသံသည် ချီယွမ်၏ အတွေးထဲကို ထပ်မံ ဝင်ရောက်လာခဲ့သည်။
"တင်.. စနစ်နှင့် ချိတ်ဆက်ခြင်း အောင်မြင်ပါသည်။ အသုံးမကျသူတွေကို မြေတောင်မြှောက်ပေးမည့် စွမ်းအားရှင်စနစ်နှင့် အောင်မြင်စွာ ချိတ်ဆက်နိုင်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ လက်ရှိမှာ အသုံးမကျတဲ့လူအဖြစ် သတ်မှတ်ခံထားရတဲ့ ပိုင်ရှင်ကို မတူကွဲပြားတဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနိုင်ပြီး ကောင်းမွန်တဲ့ဘဝကိုရဖို့ ဒီစနစ်က ကူညီပေးပါ့မယ်"
ချီယွမ်တစ်ယောက် အလွန် မှင်သက်သွားလေရဲ့။
(နေပါဦး ငါ ဒီနေရာကို ကူးပြောင်းလာတာ ၄၊ ၅နှစ်ရှိပြီ။ ငါ့မှာ ရွှေလက်ချောင်းတွေ မရှိပေမဲ့ ငါ့ရဲ့ ကောင်းကင်ဝိညာဥ်သွေးကြောနဲ့ အနန္တသန့်စင်မှု တာအိုခန္ဓာကိုယ်ကြောင့် ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ လေးစားခံရတဲ့ လူတစ်ယောက် ဖြစ်လာခဲ့တယ်။ ၁နှစ်အတွင်းမှာ အခြေတည်ထောင်ခြင်းကို ရရှိခဲ့ပြီး ၃နှစ်မှာပဲ ပင်မဗဟိုချက်ကို ဖွဲ့စည်းနိုင်တဲ့အတွက် ငါက သန့်စင်နယ်မြေရဲ့ တာအိုသားတော် ဖြစ်လာခဲ့တယ်။ ငါဆိုတဲ့လူက သန့်စင်နယ်မြေရဲ့ အနာဂတ် ဂိုဏ်းခေါင်းဆောင် ဖြစ်လာနိုင်ခြေရှိတဲ့ လူတစ်ယောက်ပဲ။ အသုံးမကျတဲ့လူဆိုတဲ့ ခေါင်းစဥ်က ငါ့အတွက် နည်းနည်း စော်ကားရာကျမနေဘူးလား…)
ထိုအချိန်မှာပဲ စနစ်၏အသံက ထပ်မံဝင်ရောက်လာခဲ့သည်။
"ပိုင်ရှင်က ကျင့်ကြံသူမျိုးရိုးမှာ မွေးဖွားလာတယ် ဆိုပေမဲ့ တရားမဝင်သားဆိုတဲ့ နိမ့်ကျတဲ့ နောက်ခံကို ပိုင်ဆိုင်ထားတဲ့အပြင် အဆင့်နိမ့်တဲ့ ဝိညာဥ်သွေးကြောကို ရရှိထားတယ်။ ဒါကြောင့် မိသားစုထဲမှာ အရှက်ရမှုများစွာကို ကြုံတွေ့ခဲ့ရတယ်။ အဆုံးမှာ မိထွေးဆီက စွပ်စွဲခံလိုက်ရပြီး ကျင့်ကြံမှု ပျက်စီးတဲ့အပြင် အိမ်တော်ကနေ နှင်ထုတ်ခံလိုက်ရတယ်။ ပိုင်ရှင်နဲ့ ပိုင်ရှင့်ရဲ့ ညီမလေးက လောကအလယ်မှာ ဒုက္ခအပြည့်ကို ခံစားခဲ့ရတာပေါ့။ အခု ပိုင်ရှင်က အသက်၂၀ ရောက်တာတောင်မှ ဘာမှ မပိုင်ဆိုင်သေးဘူး။ ကျင့်ကြံမှုကလည်း ဘာမှ မတိုးတက်သေးဘူး။ ပိုင်ရှင့်ရဲ့ သိုင်းသွေးကြောတွေ အားလုံးက ဖျက်ဆီးခံလိုက်ရတော့ အဆင့်နိမ့် ကျင့်ကြံမှုကိုတောင် မကျင့်ကြံနိုင်ဘဲ မိုင်းတွင်းမှာ လုပ်သားအဖြစ် အသက်ရှင်နေခဲ့ရတယ်"
"ပိုင်ရှင် ဒီလောက်နဲ့ပဲ ကျေနပ်တော့မှာလား။ ကိုယ့်ရဲ့ကံတရားကို ပြောင်းလဲမပစ်ချင်ဘူးလား။ စနစ် ပေးတဲ့ တာဝန်တွေကိုသာ အောင်မြင်အောင် လုပ်ဆောင်နိုင်မယ်ဆိုရင် မသေမျိုးဖြစ်လာနိုင်တဲ့ ကျင့်စဥ်တွေ၊ နတ်လက်နက်တွေနဲ့ နတ်ဆေးလုံးတွေ၊ အဲ့ဒါအပြင် အဖိုးဖြတ်လို့မရတဲ့ ရတနာပေါင်းများစွာက ပိုင်ရှင့်ရဲ့ လက်တစ်ကမ်းအတွင်းမှာ ရှိနေပြီနော်"
စနစ်ဘက်မှ ဘယ်လိုပဲ အလျင်စလိုဖြင့် ဆွဲဆောင်ကာ ပြောဆိုနေပါစေ တဖြည်းဖြည်း ပျက်ယွင်းလာသော ချီယွမ်၏ မျက်နှာထားသည် လုံးဝ ကြောင်အနေဟန် ရှိသည်။
(ပျက်စီးနေတဲ့ အခြေခံ ဟုတ်လား..
ငါ့ရဲ့ သိုင်းသွေးကြောတွေ အကုန်လုံး ဖျက်ဆီးခံလိုက်ရတယ် ဟုတ်လား…
ငါက မကျင့်ကြံနိုင်ဘူး ဟုတ်လား…)
နောက်ဆုံးတော့ ချီယွမ်တစ်ယောက် အကြောင်းအရင်းကို သဘောပေါက်သွားလေကာ ရယ်တစ်ဝက် ငိုတစ်ဝက်ဖြင့် ပြောကြားလိုက်သည်။
"စနစ်ရေ မင်း လူမှားနေပြီ။ မင်းပြောသွားတဲ့ ကိစ္စတွေအားလုံးက ငါနဲ့ ဘာမှမဆိုင်ဘူး"
"ပိုင်ရှင်ရဲ့ သရုပ်မှန်ကို အတည်ပြုပြီးပါပြီ"
"အဓိပ္ပါယ်မရှိလိုက်တာကွာ။ ငါက အသက်၂၁နှစ်တည်းနဲ့ ရွှေအမြုတေနယ်ပယ် ရောက်အောင် ကျင့်ကြံနိုင်တဲ့ လူတစ်ယောက်ကွ။ ငါဆိုတဲ့ကောင်က ဒီထိုက်ရွှမ်း သန့်စင်နယ်မြေကြီး တစ်ခုလုံးမှာ ပထမအဆင့် လူငယ် ထူးချွန်သူတစ်ယောက်ပဲ။ အဆင့်အတန်းအရ ပြောမယ်ဆိုရင် ဒီနယ်မြေကြီးရဲ့ ဂိုဏ်းခေါင်းဆောင်နဲ့ အဆင့်မြင့် အကြီးအကဲတွေပဲ ငါ့ရဲ့အထက်မှာ ရှိနိုင်တယ်။ င့ါလိုလူက ဘာကြောင့်များ လမ်းကြောင်းသစ်ကို ပုန်ကန်ဖွင့်လှစ်ရင်း တိုးတက်ရမှာလဲ"
"ပိုင်ရှင်ရဲ့ သရုပ်မှန်ကို အတည်ပြုပြီးပါပြီ”
(ချီးပဲဟေ့..)
ချီယွမ် အလွန်စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်တော့သည်။
"တင် အချက်အလက် အတည်ပြုခြင်း ပြီးဆုံးပါပြီ။
အစဦးလက်ဆောင်ကိုလည်း စနစ်ရဲ့ ဆုလာဘ်နေရာထဲမှာ ပို့ပေးထားပြီးပါပြီ။ ပိုင်ရှင် အချိန်မရွေး ထုတ်ယူလို့ ရပါတယ်”
“သာလွန်အဆင့် ချီစုပ်ယူခြင်း ဆေးလုံး၁၀လုံး ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်"
“အခြေခံ ချီသန့်စင်ခြင်း ကျင့်စဥ်ဖြစ်တဲ့ ‘ခရမ်းရောင်ယန်သိုင်း’ ကို ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်"
"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၀၀ကို ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်"
အစီအရီ ပေါ်ပေါက်လာသော လက်ဆောင်တန်းကြီးကြောင့် ချီယွမ်တစ်ယောက် နှုတ်ခမ်းများပင် တွန့်လိမ်လာရချေပြီ။
(သာလွန်အဆင့် ချီစုပ်ယူခြင်း ဆေးလုံး ဟုတ်လား…)
ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ ဂိုဏ်းခေါင်းဆောင် လက်အောက်က တိုက်ရိုက်တပည့် တစ်ယောက်အနေနှင့် ချီယွမ်၏ ချီသန့်စင်ခြင်းနယ်ပယ်သာရှိသေးသော
ကျင့်ကြံမှု ကာလအတွင်းမှာတောင် သာလွန်အဆင့် ဆေးလုံး၁၀လုံးနှင့် ညီမျှသော ပိုသန့်စင်ပြီး ပိုအားကောင်းသည့် အဆင့်မြင့်အဆင့် ချီစုပ်ယူခြင်း ဆေးလုံးကိုသာ စားသုံးခဲ့သည်။
ထို့အပြင် 'ခရမ်းနေမင်း’ သိုင်းကျင့်စဥ်၏ ပိုမို အခြေခံကျသော ကျင့်ကြံရေး ကျင့်စဥ်များဖြစ်တဲ့ အဆင့်မြင့် ကျင့်စဥ် တစ်ခုချင်းစီကိုပင် သူကိုယ်တိုင် အလွယ်တကူ ရေးသားပေးလို့ ရသည်။ ထိုကျင့်စဥ်တွေကို မတူညီတဲ့ ကျွမ်းကျင်ပုဂ္ဂိုလ်များ၏ အတွေးအခေါ်များ ဖလှယ်ရင်း မှတ်ချက်ပေးကာ ပြုစုထားသည့်အတွက် 'ခရမ်းရောင် ယန်'ကျင့်စဥ်ထက်များစွာ အဆင့်မြင့်လေ၏။
ထိုအရာများလောက်ကို မပြောသေးနဲ့ဦး။ သူ၏ သိုလှောင်လက်စွပ်အတွင်းမှာ ဖန်တီးသူကိုယ်တိုင် ရေးသားထားသော မူရင်းစာအုပ်ဖြစ်သည့်အပြင်… ရတနာလိုမျိုး အဖိုးတန်သည့် 'ခရမ်းရောင်ချီအား အရှေ့ဘက်သို့ ပို့ဆောင်ခြင်း’ သိုင်းကျင့်စဥ်ကို ပိုင်ဆိုင်ထားသေး၏။
နောက်ထပ် ဆုတစ်ခုဖြစ်သော အဆင့်နိမ့် ဝိညာဥ်ကျောက်တုံးတွေကတော့.. ထိုအရာတွေ အားလုံးကို သူတောင်းစားတစ်ယောက်ကို ပေးပစ်လိုက်ရင်တောင်မှ ချီယွမ်အတွက် ချဲ့ကားရာကျနေဦးမည်။
စနစ်၏ ဟိတ်ကြီးဟန်ကြီးဆန်လှသော ဆုလာဘ်များကြောင့် ချီယွမ်တစ်ယောက် အချိန်တစ်ခု ကြာသည်အထိ ဆွံ့အနေလေရဲ့။
စနစ်မှ ပေးအပ်လာတဲ့ အဆင့်နိမ့် ဆုလာဘ်တွေ အားလုံးက ချီသန့်စင်ခြင်းနယ်ပယ်သာ ရှိသေးသော ကျင့်ကြံသူ အသစ်ကလေးတွေအတွက် တန်ဖိုးကြီး ဆုလာဘ်တစ်ခု ဖြစ်နိုင်သော်ငြား သူက ပြန်လည်မွေးဖွားဖို့တောင် အသင့်ဖြစ်နေသည်အထိ ကျင့်ကြံမှုပိုင်းတွင် ကြီးထွားပြီးပြီဟု ဆိုနိုင်သည်။ ဒီလိုမျိုး အသုံးမကျတဲ့ ပစ္စည်းအပုံလိုက်ကြီးက ချီယွမ်အတွက်တော့ အသုံးမဝင်ချေ။ ချီယွမ်တစ်ယောက် စိတ်ပျက်နေစဥ်မှာပဲ သူ၏ မြင်ကွင်းထဲသို့ စာကြောင်းများစွာ ထပ်မံပေါ်ပေါက်လာ၏။
"အစဦး တာဝန်ကို သတ်မှတ်လိုက်ပါပြီ။ ဒီတာဝန်ကိုသာ အောင်မြင်အောင် ဆောင်ရွက်နိုင်မယ်ဆိုရင် ပိုင်ရှင်က အမှတ်တချို့ ရမဲ့အပြင် ဆုလာဘ်တွေကိုလည်း ရရှိဦးမှာပါ။ အကယ်လို့ တာဝန်ကို ကျရှုံးမယ်ဆိုရင်တော့ နောက်ထပ် တာဝန်တွေ ထပ်ပေးတော့မှာ မဟုတ်ပါဘူး"
“တာဝန်အကြောင်းအရင်း... ချင်းယွမ်မြို့ရဲ့ မိုင်းတွင်းထဲမှာ ပိုင်ရှင်က သာမန်လိုမျိုး အချိန်ကုန်နေခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ ကျားနက်ဂိုဏ်းက ပိုင်ရှင့်ကို စော်ကားပြီး ပိုင်သမျှ ငွေကြေးတွေအားလုံးကို အနိုင်ကျင့် လုယက်သွားခဲ့တယ်။ မကြာသေးခင်က ကျားနက်ဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ရှို့ပင်းက ပိုင်ရှင်ရဲ့ညီမကို ကြိုက်နှစ်သက်ခဲ့တယ်။ သူက ပိုင်ရှင်ရဲ့ညီမကို သူ့ရဲ့ ကိုယ်လုပ်တော် ဖြစ်လာစေချင်နေတယ်။ ပိုင်ရှင် ကျေးဇူးပြုပြီး မားမားမတ်မတ် ရပ်တည်ရင်း အဲဒီကောင်ကို တားပစ်လိုက်စမ်းပါ”
"တာဝန် အကြောင်းအရာ... ကျားနက်ဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ရှို့ပင်းကို အနိုင်ယူပစ်လိုက်ပါ။ ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၁ ကို ၃ရက်အတွင်းမှာ အဆင့်တက်သွားလိမ့်မယ်"
"တာဝန်ရဲ့ ခက်ခဲမှု အနေအထား.... ကြယ်၄ပွင့် (ခက်ခဲသည်)"
"ဆုလာဘ်... အမှတ် ၅၀မှတ် ရမယ့်အပြင် ပိုင်ရှင်ရဲ့ ပျက်စီးနေတဲ့ ဝိညာဥ်သွေးကြောကို ပြင်ဆင်ပေးမယ်"