ပထမဆုံးတာဝန်
Vol. 1 Ch. 2
ဒီစောက်သုံးမကျတဲ့ စနစ်က ငါ့ကို သေချာပေါက် လူမှားနေတာပဲ။
စနစ်မှ ပြသလာသော မရေမတွက်နိုင်တဲ့ သောက်ကျိုးနည်း စကားလုံးများကြောင့် ချီယွမ်၏ နှုတ်ခမ်းနှစ်ခုက မနေနိုင်စွာ တွန့်လိမ်နေခဲ့သည်။
ထိုအဓိပ္ပါယ်မရှိသော စကားလုံးများကို အသာထားဦး။ သူ့လိုမျိုး သန့်စင်နယ်မြေ၏ ဂုဏ်သိက္ခာရှိသော ရွှေအမြုတေ ကျင့်ကြံသူတစ်ယောက်က ဘယ်နေရာက အောက်ခြေလူတန်းစားမှန်း မသိတဲ့ ကျားနက်ဂိုဏ်းဆိုတဲ့ သေးငယ်တဲ့ ဂိုဏ်းခေါင်းဆောင်လေးကို ရင်ဆိုင်ရမှာတဲ့လား။ ဒါ ဘယ်လို ဖြစ်နိုင်ခြေမရှိတဲ့ ကိစ္စကြီးလဲ။
ထို့အပြင် ဆုလာဘ်ဆိုတဲ့အရာက ပိုပြီးတောင် ရယ်ချင်စရာ ကောင်းနေသေးသည်။ သူ့၏ ဝိညာဥ်သွေးကြောနဲ့ ဒန်ထန်က လုံးဝကို တည်ငြိမ်ပြီး ပျက်စီးမှု တစ်စက်ကလေးတောင် မရှိခဲ့ပေ။ ဘာကြောင့်များ ပြင်ဆင်ဖို့ လိုအပ်ရမှာလဲ။
(ငါက ရွှေအမြူတေနယ်ပယ်ကနေ ဝိညာဉ်အခြေတည် နယ်ပယ်ကို အဆင့်တက်တော့မှာ။ ငါ့မှာ အဲဒီစောက်သုံးမကျတဲ့ ကျားနက်ဂိုဏ်းကို စိတ်ပူနေဖို့ အချိန်မရှိဘူး။ ဖြစ်ချင်ရာသာ ဖြစ်တော့…)
ချီယွမ်တစ်ယောက် စိတ်ထဲမှ ဆဲရေးရင်း စနစ်၏ သောက်ရူးဆန်လှသော အကြောင်းအရာများကို ဂရုမစိုက်တော့ဖို့ လုပ်လိုက်ချိန်မှာပဲ….
ပုံရိပ်ယောင် မျက်နှာပြင်၏ အပေါ်ဘက် ထောင့်ရှိ စနစ်စျေးဆိုင်ဆိုသော နေရာတွင် အကြည့်များ ယာယီ ရပ်တန့်သွားခဲ့သည်။
"ဒီအခြေအနေအထိ ရောက်လာပြီးပြီဆိုမှတော့ နည်းနည်းပါးပါး စူးစမ်းကြည့်တာပေါ့"
ထိုအတွေးနဲ့ ချီယွမ်တစ်ယောက် စျေးဆိုင်ထဲသို့ ဝင်လိုက်ချိန်မှာပဲ...
ချီယွမ်၏ မျက်လုံးကို ရုတ်တရက် အလင်းတန်းတစ်ခုက လွှမ်းမိုးသွားခဲ့ပြီး နောက်တစ်စက္ကန့်မှာပဲ မျက်စိကျိန်းလောက်အောင် တောက်ပနေသော ကောင်းကင်နဲ့ မြေကြီး၏ ရတနာများက ဖြိုးဖြိုးဖျက်ဖျက် ဝင်ရောက်လာလေရဲ့..။
"တာအို ကျင့်စဥ်ဖြစ်တဲ့ 'ပဋိပက္ခ၏စစ်မှန်မှု’ သိုင်းကျင့်စဥ်ကို အမှတ် သိန်း၁၀၀နဲ့ ဝယ်ယူနိုင်ပါတယ်"
"ရှေးရတနာ တစ်ခုဖြစ်သော 'ကောင်းကင်ဖြိုခွင်း နတ်ပုဆိန်'ကို အမှတ် သိန်း၈၀နဲ့ ဝယ်ယူနိုင်ပါတယ်"
ရှေးဟောင်း မြင့်မြတ်ကိုယ်ခန္ဓာ၊ စစ်မှန်သော ရှေးနဂါး၏ မျိုးဆက်သွေး၊ အသေးစိတ်ပြုပြင်ခြင်း ဆေးလုံး...
ထိုသို့ဖြင့် တစ်ခုပြီးတစ်ခု ဝင်ရောက်လာသော ရှားပါးရတနာများကြောင့် ချီယွမ်၏ မျက်လုံးက တစ်စတစ်စ ပြူးကျယ်လာခဲ့သလို သူ၏ အသက်ရှူနှုန်းတို့လည်း မြန်ဆန်လာခဲ့သည်။
(စောက်ကျိုးနည်းကြီးဟေ့..)
(ဒီစနစ်က အသုံးမကျပေမဲ့ လုပ်နိုင်စွမ်းတော့ ရှိသားပဲ)
ချီယွမ် အသက်တစ်ချက် ရှူသွင်းရင်း နှလုံးသားထဲရှိ ယောက်ယက်ခတ်လာသော ခံစားချက်များကို တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။
အသုံးမကျသူကို မြေတောင်မြှောက်ပေးမည့် စွမ်းအားရှင်စနစ်ဟူသော ဒီစနစ်က မယုံကြည်ရတဲ့အပြင် လူလိမ်တစ်ယောက် ဖြစ်နိုင်ခြေရှိနေပေမဲ့…. တစ်ချိန်တည်းမှာပဲ ဒါက ကောင်းကင်ဘုံက ချီးမြှင့်တဲ့ အခွင့်အရေးတစ်ခုလည်း ဖြစ်နေနိုင်သေးသည်။ ဒီလိုမျိုး ရှားပါး အခြေအနေကြီးကို လက်လွှတ်စရာလား။
အင်မော်တယ်တစ်ယောက် ဖြစ်လာနိုင်တဲ့ လမ်းကြောင်းသည် ကြမ်းတမ်းပြီး ရှည်လျားတဲ့ လမ်းကြောင်းတစ်ခု ဖြစ်၏။ ဒီစနစ်ကိုသာ အထောက်ပံ့အဖြစ် ရထားမယ်ဆိုရင် သူ၏ ဖြစ်နိုင်ခြေသည် အများကြီး မြင့်တက်သွားနိုင်သည်မလား။
ဒါ့အပြင် ဒီစနစ်က တဖြည်းဖြည်း ပေးအပ်လာတဲ့ တာဝန်တွေကလည်း ခက်ခဲလာတာနဲ့အတူ ဆုလာဘ်တွေကလည်း ပိုမို ကြီးထွားလာလိမ့်မည်။ အကယ်လို့ သူသာ တာဝန်ကို ဆက်လက် ဆောင်ရွက်နေခဲ့လျှင် အဆုံးမှာ သူ့အတွက် အကျိုးထူးလာနိုင်မည့် အခြေအနေကို ရလာလိမ့်မည်။
ပထမအဆင့် ဝိညာဉ်သွေးကြောကို ပိုင်ဆိုင်ထားတယ် ဆိုရင်တောင်မှ သူ၏ အခြေအနေက ဘယ်သူမှ မထိရဲသော ဘိုးဘေးတစ်ယောက် ဖြစ်လာဖို့အတွက် အရမ်းကို ဝေးကွာလွန်းနေသေးသည်။ ဤကျင့်ကြံရေးလောကတွင် လုံလောက်အောင် အရွယ်မရောက်လိုက်ရပါဘဲ ပျောက်ကွယ်သွားခဲ့ရသော ပညာရှင်များစွာလည်း သာဓကအဖြစ် ရှိထားသေး၏။
ထိုသို့ဖြင့် ချီယွမ်တစ်ယောက် နောက်ဆုံးတော့ စိတ်ပိုင်းဖြတ်လိုက်သည်။
"လုပ်ကြတာပေါ့"
စိတ်ပိုင်းဖြတ်ပြီးသည်နှင့် ချီယွမ်သည် စနစ်စျေးဆိုင်မှ ပြန်ထွက်လိုက်ကာ အင်္ကျီအတွင်းမှ ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်ပြီး ထိုအထဲသို့ နတ်အသိဥာဏ် ထည့်သွင်းလိုက်၏။ ဤကျောက်စိမ်းပြားတွင် ကျင့်ကြံရေးလောက၏ တိကျသော မြေပုံပါရှိသည်။ ထိုက်ရွှမ်း သန့်စင်နယ်မြေသည် ကျယ်ပြန့်ပြီး နယ်မြေအတွင်းမှာ များစွာသော ဂိုဏ်းများ တည်ရှိ၏။ ချင်းယွမ်မြို့က ဝေးကွာသော မြို့တစ်ခု ဖြစ်နေလျှင်တောင်မှ ၃ရက်အတွင်း ရောက်ရှိနိုင်သည်။
နတ်အာရုံ စစ်ဆေးနေစဥ်မှာပဲ ချီယွမ်သည် ချင်းယွမ်မြို့၏ တိကျသော တည်နေရာကို ထည့်သွင်းလိုက်သဖြင့် ထိုက်ရွှမ်း သန့်စင်နယ်မြေကြီး၏ အစွန်ပိုင်းတွင် တည်ရှိသော ချင်းယွမ်မြို့ ထွက်ပေါ်လာခဲ့သည်။ ချီယွမ် လက်ရှိ ရှိနေသော သန့်စင်နယ်မြေ၏ ဗဟိုချက်နေရာနှင့် မိုင်တစ်သိန်းခန့် ဝေးကွာသည် ဆိုသော်ငြား သန့်စင်နယ်မြေရှိ နေရာအကူးအပြောင်း အစီအရင်ကြောင့် ချင်းယွမ်မြို့သို့ ၁ရက်အတွင်း သွားရောက်နိုင်သည်။
သို့ပေမဲ့ သာမန် ချီသန့်စင်ခြင်းနယ်ပယ် အဆင့်၃ ကျင့်ကြံသူတစ်ယောက်အား နှိမ်နင်းရန် ထိုမျှဝေးကွာသော မိုင်သိန်းချီခရီးထွက်ရခြင်းက ချီယွမ်အတွက်တော့ အနည်းငယ် အရှက်ရဖွယ် ကောင်းနေခဲ့သည်။
ပုံမှန်ဆိုရင်တော့ သာမန်သူတစ်ယောက်ကို စေလွှတ်ပြီး ပစ်မှတ်အား ရှင်းလင်းခိုင်းမှာ ဖြစ်ပေမဲ့ စနစ်၏ ပိုင်ရှင်ကိုယ်တိုင် သွားရောက်ရမည်ဟူသော ကန့်သတ်ချက်ကြောင့် ချီယွမ်တွင် ရွေးချယ်စရာ မရှိတော့ချေ။
ဒီသတင်းသာ ထွက်သွားလို့ကတော့ ထိုက်ရွှမ်း သန့်စင်နယ်မြေကြီး တစ်ခုလုံး အရှက်ရကုန်လောက်သည်။
နောက်တစ်နေ့မနက် ချင်းယွမ်မြို့တွင်….
လူသွားလူလာ ရှုပ်ထွေးလှသော လမ်းမကြီးအလယ်သို့ ရောက်သည်နှင့် ချီယွမ်သည် အင်အားကြီး နတ်အာရုံကို မြို့တစ်ခုလုံးကို ဖုံးလွှမ်းလိုက်သည်။ ရွှေရောင် ဗဟိုချက်နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ အင်အားကြီး နတ်အာရုံဖြစ်သည့်အလျောက် မြို့တစ်ခုလုံးကို အောင်မြင်စွာ ဖုံးလွှမ်းနိုင်ခဲ့ပြီး မြို့အတွင်းက သေးငယ်သော လှုပ်ရှားမှုတောင်မှ ချီယွမ်၏ အာရုံခံမှုမှ လွတ်မြောက်နိုင်စွမ်း မရှိခဲ့ချေ။
"တွေ့ပြီ"
ကျားနက်ဂိုဏ်း တည်နေရာကို ရှာတွေ့သည်နှင့် မျက်စိတစ်မှိတ်အတွင်းမှာပဲ ချီယွမ် ပျောက်ကွယ်သွားခဲ့သည်။ လမ်းသွားလမ်းလာ တစ်ယောက်မှ သတိမထားမိခဲ့ပေ။
ထိုအချိန်တွင် အသစ်ဆောက်ထားသော အုတ်ဂူအရှေ့၌....
"မိန်းမယုတ်၊ မင်းအစ်ကိုက မသေခင်မှာ မင်းကို ငါ့ဆီပေးသွားခဲ့တယ်။ အခုကစပြီး ငါ့စကားကို နားထောင်ရင် မင်းရဲ့ဘဝကို ချမ်းချမ်းသာသာ နေရမယ်လို့ ငါ အာမခံတယ်။ မဟုတ်လို့ကတော့..."
အသက် လေးဆယ် အရွယ်ခန့်ရှိပြီး မုတ်ဆိတ်မွေးများပြည့်နေသော ယောက်ျားတစ်ဦးက အေးစက်တဲ့ အပြုံးတစ်ခုကို တပ်ဆင်ထားရင်း မျက်စိရှေ့က မိန်းကလေးကို ရွံရှာစွာ ပြောလိုက်သည်။
"ထွီ သူတောင်းစားလိုကောင်။ ငါ့အစ်ကိုက နင်တို့ရဲ့ လိမ်ညာမှုကြောင့် သေသွားခဲ့ရတာ။ အစ်ကိုကြီးရဲ့ကိုယ်စား ငါ နင်တို့ကို ချက်ချင်းပဲ သတ်ပစ်လိုက်ရဖို့ ဆုတောင်းတယ်"
ချီယောင်လည်း မျက်ရည်အပြည့်ဖြင့် အံကြိတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
"ဟမ်း စကားကောင်းပြောနေတာကို နားမထောင်တော့ ငါက အတင်းအကျပ် လုပ်ရတော့မှာပေါ့။ လာစမ်း။ အဲကောင်မကို ရှင်လျက် ဖမ်းထားကြ"
ထိုမုတ်ဆိတ်မွေးနှင့် လူအိုက ကြမ်းတမ်းစွာ ရယ်မောရင်း ယပ်တောင်အရွယ်ခန့် လက်ဖဝါးကြီးကို မြောက်ကာ အရှေ့သို့ တိုးလာ၏။ ထိုအချိန်မှာပဲ သူ့ဘေး၌ အသင့်ရှိနေသော လူ၂ယောက်က မြေခွေးများနှယ် ထိုမိန်းကလေးကို ဖမ်းချုပ်ဖို့ လုပ်လိုက်ကြသည်။
"မကောင်းတဲ့ ကောင်မ။ ငါ မင်းကို မျက်စိကျနေတာကိုက ကံကောင်းတယ် မှတ်လိုက်။ ငါက အကောင်းနဲ့ အစ်ကိုနဲ့ တွေ့ရအောင် အုတ်ဂူအထိ ခေါ်လာပေးခဲ့တာကိုများ.. ရောင့်တက်နေတယ်ပေါ့..ဟမ်”
ထိုမုတ်ဆိတ်မွေးနှင့် ပုဂ္ဂိုလ်က လှောင်ပြောင်မှုအပြည့်နဲ့ ပြောဆိုလိုက်သည်။ ကျားနက်ဂိုဏ်း၏ ကြမ်းတမ်းသော ဂိုဏ်းသားများ တဖြည်းဖြည်း တိုးကပ်လာသဖြင့် ချီယောင်၏ မျက်နှာသည် လွန်စွာ ချောက်ချားလာကာ ကြောက်လန့်တကြား အနောက်ဆုတ်လိုက်၏။ သူမ၏ မျက်နှာတစ်ခုလုံး ဖြူဖွေးနေတော့သည်။
ထိုအချိန်မှာပဲ ရုတ်တရက် ကျရောက်လာခဲ့သော ကြောက်မက်ဖွယ် ဖိအားကြီးကြောင့် ပတ်ဝန်းကျင်ရှိ လေထုပင် သိပ်သည်းသွားရုံသာမက…..
ကျားနက် ဂိုဏ်းသားများအားလုံး နေရာမှာပင် အေးခဲသွားဟန် ရှိသည်။
ချီယောင် အနည်းငယ် အံ့သြသွားကာ ချက်ချင်းပဲ လှည့်ကြည့်လိုက်သည်။ သူမ၏ တုန်လှုပ်ချောက်ချားနေသော အကြည့်က သိပ်မဝေးသော နေရာ၌ ပေါ်လာသော လူငယ်တစ်ယောက်ထံ ကျရောက်သွား၏။
လရောင်ကဲ့သို့ ဖြူဖွေးနေသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် ထိုပုဂ္ဂိုလ်သည် ခန့်ညားသော ရုပ်သွင်ကို ပိုင်ဆိုင်ထားသည့်အပြင်..
နေရာမှာ ရပ်နေပုံကတင် သာလွန်ထူးကဲသော အရှိန်အဝါကို ထုတ်ပေးနိုင်၏။
သူမ အံ့သြတကြီး ကြည့်ရှုနေချိန်မှာပဲ ထိုလူရွယ်က သူမ ရှိရာသို့ အကြည့်ပြောင်းလာကာ ခပ်ဖွဖွ ပြုံးပြလာခဲ့သည်။ ထိုအချိန်မှာပဲ သူ့ရဲ့အကြည့်က သူမအနောက်ရှိ အုတ်ဂူပေါ်က သစ်သားပြားပေါ်သို့ ကျရောက်သွားလေကာ… ရုတ်တရုတ်
အံံ့သြတကြီး မေးခွန်းထုတ်လာလေရဲ့။
"ဟမ်..မင်းအစ်ကို နာမည်ကလည်း ချီယွမ်ပဲလား။ ငါ့နာမည်ကလည်း ချီယွမ်ပဲ"
(စောက်ကျိုးနည်း စနစ်ကြီးဟေ့။ တစ်ကယ် ငါ့ကို လူမှားတာ…)