တာဝန်သစ်- လွတ်အောင်သာပြေး
Vol. 1 Ch. 3
“ဘာ”
နေရာမှာတွင် အံ့ဩမှင်သက်စွာ ရပ်နေခဲ့သော ချီယောင်ထံမှ စကားသံများ ထွက်မလာတော့ချေ။ ထိုအချိန်မှာပဲ သိပ်မဝေးသောနေရာတွင် ဖိအား၏ဒဏ်ကို အလူးအလဲခံနေရသော မုတ်ဆိတ်မွေးနှင့် ယောကျ်ားကြီးက ကတုံကယင် ပြောလာခဲ့သည်။
“မင်း…မင်းကတကယ်ပဲ ဘယ်သူလဲ”
ထိုဆန်းကြယ်သည့် ပုဂ္ဂိုလ်ရောက်လာကတည်းက ပတ်ဝန်းကျင်ရှိ လေထုသည် တောင့်တင်းသွားခဲ့ပြီး သူတို့အတွက် ရုန်းကန်ဖို့ရန်မပြောနှင့် စကားတောင် မပြောနိုင်ခဲ့ပေ။ သူ့ထက်အနည်းငယ် ကျင်ကြံဆင့်နိမ့်သော လက်အောက်ခံနှစ်ယောက်ဆိုလျှင် နေရာမှာ သံမှိုစွဲထားသည့်အတိုင်း ကျောက်ရုပ်ကြီးသဖွယ် ရပ်နေကြ၏။ ရှို့ပင်းတစ်ယောက် ချက်ချင်းပဲ အခြေအနေမကောင်းတော့မှန်း ရိပ်စားမိလိုက်သည်။
သူ၏မျက်စိရှေ့က ပုဂ္ဂိုလ်က သေချာပေါက်မရိုးရှင်းနိုင်ဘူး။ ထိုသူက အလွန်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။ အခုလိုမျိုး လူသူနည်းပါးတဲ့ နယ်စပ် ချင်းယွမ်မြို့တွင် အခုလိုမျိုး အင်အားကြီးပုဂ္ဂိုလ်ကို ရှို့ပင်းတစ်ကြိမ်မှ မတွေ့ဖူးခဲ့ပါချေ။
ထိုအချိန်မှာပဲ ချီယွမ်သည် သစ်သားပြားထံမှ အကြည့်ဖယ်ခွာရင်း ပါးသိုင်းမွေးများပြည့်နေသော သက်လတ်ပိုင်းအရွယ် ယောက်ျားကြီးကို မတူကွဲပြားစွာ ကြည့်ရှုလိုက်သည်။
“မင်းက ကျားနက်ဂိုဏ်းရဲ့ ရှို့ပင်းဆိုသူလား”
ရှို့ပင်း၏ နှလုံးသားက ရင်ဘက်ထဲမှ ပေါက်ထွက်မတတ် တစ်ချက်ဆောင့်ခုန်သွားခဲ့သလို သူ၏နဖူးထက်မှာလည်း ချွေးစီးတစ်ကြောင်း စီးကျသွားလေ၏။
“ဟုတ်…ဟုတ်ပါတယ်၊ အကယ်လို့ သခင်ကြီး အမိန့်ပေးချင်တာရှိရင် ကျေးဇူးပြုပြီး ပြောပေးပါ။ ကျွန်တော် အတတ်နိုင်ဆုံး လုပ်ပေးပါ့မယ်”
ပစ်မှတ်ကို ရှာတွေ့သည်နှင့် ချီယွမ် စကားပြောရင်း အချိန်ကုန်မခံတော့ပေ။ ချီယွမ်၏ လက်ဖျောက်တစ်ချက် လှုပ်ရှားမှုအပြီးမှာပဲ ကျားနက်ဂိုဏ်း၏ သောင်းကျန်းဗိုလ်ကျနေသော ရှို့ပင်းတစ်ယောက် နေရာမှာတွင် ဗုံးတစ်ခုသဖွယ် ပေါက်ကွဲထွက်သွားလေရာ အစအနတောင် မကျန်ရစ်ခဲ့ပေ။
“တင် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်၊ အစဦးတာဝန်ကို ပြီးမြောက်သွားတဲ့အတွက် စနစ်မှပိုင်ရှင်ရဲ့ ဝိညာဉ်သွေးကြောနဲ့ ဒန်ထန်ကို ပြင်ဆင်ပေးပ့ါမယ်”
စနစ်၏ အသိပေးသံကို ကြားလိုက်ရသော်ငြား ချီယွမ်အတွက်တော့ ဂုဏ်ယူမှုကို ခံစားရမည့်အစား ရယ်သာရယ်ချင်မိသည်။ အကယ်လို့ သူမှန်းတာသာ မမှားဘူးဆိုလျှင် မျက်စိရှေ့က အုတ်ဂူအတွင်း၌ သနားစဖွယ် လှဲလျောင်းနေသော လူကမှဇာတ်လိုက်အစစ် ဖြစ်တန်ရာ၏။ ထိုဇာတ်လိုက်၏ နာမည်ကလည်း ကံဆိုးစွာဖြင့် ချီယွမ်ဖြစ်နေခဲ့သည်။
အခုချိန်မှာ မှားယွင်းမှုတချို့ကြောင့် အသုံးမကျသူကို မြေတောင်မြှောက်ပေးမည့် စွမ်းအားရှင်စနစ်သည် ဇာတ်လိုက်ထံကို မရောက်ရှိဘဲ သူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့၏။ စနစ်၏ အလာနှောင်းမှုကြောင့် တကယ့်ဇာတ်လိုက်အစစ်သည် ရှို့ပင်းထံမှ အသတ်ခံလိုက်ရဟန်ရှိသည်။ အခုများတော့ ထိုလူ၏ အုတ်ဂူသည် အပင်များဖြင့်ပင် ဖုံးလွှမ်းခံလိုက်ရပြီ။
မူရင်းဇာတ်ကြောင်းအရဆိုရင် ပိုင်ရှင်ထံကို စနစ်က ရောက်ရှိသွားပြီး စနစ်၏အကူအညီဖြင့် တစ်လောကလုံးကို လွှမ်းမိုးနိုင်သော ဝတ္ထု၏ လိုတိုင်းရဇာတ်ကောင် ဖြစ်လာရမည်သာ။ အခုတော့ ထိုဇာတ်လိုက်ခဗျာ တိတ်ဆိတ်စွာ သေဆုံးခဲ့ရသည်။ သနားစရာကောင်းလိုက်တာ…
ချီယွမ်တစ်ယောက် မနေနိုင်စွာ ခေါင်းယမ်းလိုက်တော့သည်။ လက်ရှိတွင် ဒီအသုံးမကျသော စနစ်က ချီယွမ်အတွက်တော့ ဘယ်လိုမှ အသုံးမဝင်ပါချေ။ တာဝန်တစ်ချို့ဆောင်ရွက်ရင်း နောက်ပိုင်းမှသာ သူ့အတွက် အသုံးဝင်လာနိုင်မလား ကြည့်ရှုရမည်ဖြစ်သည်။
ချီယွမ် အတွေးများနေစဉ်မှာပဲ သူ၏ဝိညာဉ်သွေးကြောမှ တစ်ဆင့်ရုတ်တရက် စီးဝင်လာခဲ့သော နွေးထွေးသည့် စီးကြောင်းတစ်ခုက နောက်ဆုံးမှာ ဒန်ထန်ရှိရာသို့ ခပ်ဖြည်းဖြည်းသွားရောက်နေသည်ကို ခံစားလိုက်ရသည်။
ချီယွမ် အစက အံ့ဩသွားခဲ့သော်ငြား ဇာတ်တိုက်ဆိုသလို ဖြစ်ပေါ်လာသော ခန္ဓာကိုယ်အတွင်းက ပြောင်းလဲမှုများကို အာရုံခံလိုက်ရသည်။ ဝိညာဉ်သွေးကြောက ပိုသန်မာလာသည့်အတွက် ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်၏ စစ်မှန်သော အနှစ်သာရကို စုပ်ယူလာနိုင်ဟန်ရှိသည်။ ထို့အတူ သူ၏ဒန်ထန်သည်လည်း ပိုမိုကျယ်ပြန့်လာသဖြင့် ခန္ဓာကိုယ်အခြေအနေသည် ဝိညာဉ်အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်နှင့် မကွာခြားတော့ချေ။
(ဘုရားရေ၊ ဒီစနစ်ရဲ့ ဆုလာဘ်တွေက တကယ်ကြီး အလုပ်ဖြစ်တာဟ…)
ပြောင်းလဲမှုများ ဖြစ်ပေါ်သွားသည့်တိုင်အောင် ဆိုးကျိုးမရှိသည့်အတွက် ချီယွမ်အနည်းငယ် အံ့ဩသွားခဲ့သည်။ မကျင့်ကြံပါဘဲနှင့် စနစ်ကဝိညာဉ်သွေးကြောနှင့် ဒန်ထန်ကို သန်မာစေလိုက်ပြီး သူ၏ပါရမီအထုံအား သွယ်ဝိုက်ကာ မြှင့်တင်ပေးလိုက်ဟန်ရှိသည်။ သူ့ထံတွင် မွေးရာပါအရည်အချင်း တစ်ခုဖြစ်သော ကောင်းမွန်သည့် အနန္တသန့်စင်ခြင်း ခန္ဓာကိုယ်တည်ဆောက်ပုံကို ပိုင်ဆိုင်ထားသောကြောင့် နဂိုကတည်းက အဆင့်တစ်လူငယ်ထူးချွန်သူတစ်ယောက် ဖြစ်နေပြီးသားပင်။ အခုချိန်မှာ စနစ်၏ မြှင့်တင်ပေးမှုက သူ၏ကျင့်ကြံမှုကို ပိုမြင့်သော အဆင့်သို့ ရောက်ရှိစေခဲ့သည်…။ တကယ်ကို မထင်ထားသော အခြေအနေပဲ။
ကြည့်ရတာ ဒီငတုံးစနစ်က ထင်သလောက်တော့ အသုံးမကျတာမဟုတ်ဘူးပဲ။ တာဝန်တွေက လွယ်ကူတဲ့အချိန်မှာ ဆုလာဘ်တွေက စိတ်ဝင်စားဖို့ကောင်းနေခဲ့သည်။ အကျိုးကျေးဇူးကို ခံစားပြီးသွားသည့်နှင့် ချီယွမ်တစ်ယောက် နောက်ထပ်တာဝန်နှင့် နောက်ထပ်ဆုလာဘ်များကို မျှော်လင့်မိသွား၏။
ထိုအချိန်မှာပဲ မိန်းကလေးတစ်ယောက်၏ ရှက်ရွံ့စွာပြောဆိုလိုက်သံကို ကြားလိုက်ရသည်။
“ကျေးဇူး..ကျေးဇူးတင်ပါတယ် ကိုကြီး”
မျက်ရည်များ ပြည့်နေသော ဆယ်ကျော်သက်အရွယ် မိန်းကလေးကို ချီယွမ်ချက်ချင်းပဲ လှည့်ကြည့်လိုက်သည်။
ရိုးရှင်းစွာဝတ်ဆင်ထားသော မူရင်းဇာတ်လိုက်၏ ညီမငယ်သည် အသက် ၁၃၊ ၁၄ သာ ရှိဟန်ရှိပြီး ပိန်ပါးသောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ ပိန်ပါးပြီး ဖြူဖွေးနေသော အရည်ပြားကို ကြည့်လိုက်လျှင် ကောင်းကောင်းမွန်မွန် မစားသောက်ထားရမှန်း သိသာ၏။ ချီယွမ်၏ မျက်လုံးအတွင်းသို့ ချက်ချင်းဆိုသိလို သနားရိပ်များ ဝင်ရောက်လာခဲ့သည်။ သူမ၏အလှတရားက ငြင်းဆိုဖွယ်မရှိသော်ငြား သူမ၏ပုံစံသည် ကောင်းမွန်စွာ မပျိုးထောင်ခံထားရသော ပန်းပွင့်ငယ်တစ်ခုနှင့် ဆင်တူသည်။ ချီယွမ်၏ စိုက်ကြည့်နေမှုကြောင့် ချီယောင်၏ နူးညံ့ဖြူဖွေးသော မျက်နှာထက်တွင် ရှက်ရွံ့မှုများ ဖြတ်ပြေးသွားကာ စိတ်လှုပ်ရှားစွာ ခေါင်းငုံလိုက်တော့သည်။
ချီယောင်တစ်ယောက် မျက်စိရှေ့က ချောမောသောလူငယ်လေးအား ရင်မဆိုင်ရဲတော့ချေ။ သူမသည် ကျင့်ကြံဆင့်မရှိသော သာမန်မိန်းကလေးတစ်ယောက် ဖြစ်သော်ငြား ကျင့်ကြံရေးမိသားစုဖြစ်သော ရွှမ်မန်ဂိုဏ်းမှ ဆင်းသက်လာသဖြင့် ဗဟုသုတတော့ ရှိထားပါ၏။
မျက်စိရှေ့က ဆန်းကြယ်သော ပုဂ္ဂိုလ်သည် ကျားနက်ဂိုဏ်း၏ ချီသန့်စင်ခြင်း အဆင့်သုံးရှိသော ရှို့ပင်းကို လက်ဖျောက်တစ်ချက်တည်းနှင့် သတ်ပစ်ခဲ့သည်။ သေချာပေါက် ထိုပုဂ္ဂိုလ်က မရိုးရှင်းနိုင်ဘူး။ ထိုသူထံမှ အဆက်မပြတ် ထွက်ပေါ်နေခဲ့သော နက်ရှိုင်းသိမ်မွေ့သည့် အရှိန်အဝါက သူမကို ချက်ချင်း ဒူးထောက်ရှိခိုးချင်စိတ် ပေါ်လာအောင်ဆွဲဆောင်နေသည်။
မျက်စိရှေ့ကလူငယ်က သာမန်သူမဟုတ်ရုံတင်သာမကဘဲ သူမတို့ချီမိသားစု၏ အခြေခံတည်ထောင်ခြင်းနယ်ပယ် ဘိုးဘေးများထက်ပင် ပိုမိုအင်အားကြီးနေလောက်မည်ဟု မရေမရာခံစားနေရ၏။
သေမျိုးများအတွက် အခြေခံတည်ထောင်ခြင်းနယ်ပယ်သည် မသေမျိုးနတ်ဘုရား ဖြစ်လာရန် အလွန်နီးစပ်နေပြီ ဖြစ်လေရာ ထိုနယ်ပယ်ကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူက အများအမြင်မှာ လေးစားအားကျဖွယ် တည်ရှိမှုကို ရကြသည်။ အခြေခံတည်ထောင်ခြင်းနယ်ပယ်ထက် မြင့်သောနယ်ပယ်များကို စိတ်ကူးတောင် မယဉ်ရဲကြချေ။
“ဒါကဒီတိုင်း ကိစ္စလေးတစ်ခုပါ၊ ကျေးဇူးတင်ဖို့ မလိုဘူးရယ်”
ချီယွမ် ခပ်ဖွဖွပြုံးပြရင်း နွေးထွေးစွာပြောလိုက်သည်။
“ငါ့ကို အကိုချီလို့ ခေါ်လို့ရတယ်”
စနစ်သည် မူရင်းဇာတ်လိုက်နှင့်သာ သက်ဆိုင်သည့်အတွက် မူရင်းဇာတ်လိုက်၏ ညီမငယ်ကလည်း သေချာပေါက် အရေးပါသော ဇာတ်ကောင်တစ်ယောက် ဖြစ်လာနိုင်ပေသည်။ စနစ်မှ နောက်ပိုင်းပေးအပ်သော တာဝန်များက သူမနှင့်လည်း ဆက်နွှယ်လာလောက်သည်။ ထို့ကြောင့် အခွင့်အရေးကြုံနေချိန်မှာ သူမနှင့်ရင်းနှီးသော ဆက်ဆံရေးတစ်ခု တည်ဆောက်ထားခြင်းက ကောင်းမွန်သော ရွေးချယ်မှုဖြစ်၏။ မူရင်းဇာတ်လိုက်၏ သေဆုံးမှုကို အတည်ပြုပြီးသဖြင့် ညီမဖြစ်သူ ချီယောင်ကို ထိုက်ရွှမ်းသန့်စင်နယ်မြေသို့ ခေါ်သွားပြီး သူ၏ထိန်းချုပ်မှုအောက်တွင် ထားရှိဖို့ရန် ချီယွမ်ဆုံးဖြတ်လိုက်သည်။ မွေးလာကတည်းက အရာအားလုံး လိုတိုင်းရဖြစ်ခဲ့သော သူ့အတွက်တော့ ထိန်းချုပ်မရသော အခြေအနေကို အမုန်းဆုံးပင်ဖြစ်သည်။
ချီယွမ်၏စကားကြောင့် သူမကအနည်းငယ် တွန့်ဆုတ်နေပြီးမှ… ခြင်တစ်ကောင်လို့ တိုးညှင်းသောအသံဖြင့် ရှက်ရွံ့စွာ ခေါ်လာခဲ့သည်။
”ဒါဆိုရင်…အကို…အကိုချီ ကျေးဇူးပါနော်”
ချီယွမ် ခေါင်းညိတ်ပြပြီးသည်နှင့် ကျားနက်ဂိုဏ်း၏ လက်ကျန်ဂိုဏ်းသားနှစ်ယောက်ကို ရွှေရောင်အမြုတေ စွမ်းအားအနည်းအကျဉ်း အသုံးပြုရင်း လွယ်ကူစွာ ရှင်းလင်းလိုက်သည်။
သူ၏လှုပ်ရှားမှုက ညင်သာလျန်မြန်ပြီး တွန့်ဆုတ်မှု တစ်စက်ကလေးမျှ မရှိချေ။ သန့်စင်နယ်မြေ၏ တာအိုသားတော် တစ်ယောက် ဖြစ်လာစေရန် ကြမ်းတမ်းသော ပြိုင်ပွဲအမျိုးမျိုးမှာ ပါဝင်ခဲ့ရသည့်ချီယွမ်က သေချာပေါက် နှလုံးသားနူးညံ့သော ပုဂ္ဂိုလ်တစ်ယောက် မဖြစ်နိုင်ပါချေ။
အားအနည်းဆုံးရန်သူကို ရင်ဆိုင်နေရရင်တောင်မှ သနားညှာတာမှု နည်းနည်းလေးမှ ထုတ်ပြလိုက်လို့မဖြစ်ဘူး။ ကျူပင်ခုတ် ကျူမြစ်ပါမကျန်စေနဲ့ ဆိုသောစကားပုံအတိုင်း နောက်ဆက်တွဲခြိမ်းခြောက်မှုများကို မလိုချင်လျှင် သေချာပေါက် ပြတ်သားစွာ ရှင်းလင်းရမည်ဖြစ်သည်။
ထိုအချိန်မှာပဲ ချီယွမ်၏အတွေးထဲသို့ စနစ်၏အေးစက်သောအသံက ထပ်မံဝင်ရောက်လာခဲ့သည်။
“တာဝန်အသစ်…ထွက်ပြေးရန်လမ်းကြောင်း (ခက်ခဲမှုအဆင့် ၄)”
“ဖော်ပြချက်… ကြမ်းတမ်းတဲ့ တိုက်ပွဲအပြီးမှာ သာမန်သေမျိုးတစ်ယောက်ဖြစ်တဲ့ပိုင်ရှင်က ကျားနက်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ရှို့ပင်းကိုသတ်ပစ်နိုင်ခဲ့ပြီး ကျင့်ကြံရေးလမ်းစဉ်ပေါ်ကို စတင်ခြေလှမ်းနိုင်ခဲ့တယ်။ ဒါပေမဲ့ ရှို့ပင်းကိုသတ်လိုက်ခြင်းက ကျားနက်ဂိုဏ်းကို ရန်စမိသလို ဖြစ်သွားခဲ့တယ်”
“တာဝန်အကြောင်းအရင်း… ညီမငယ်ချီယောင်နှင့်အတူ ချင်းယွမ်မြို့မှ ထွက်ခွာဖို့ပြင်ဆင်ပါ။ ဒါ့အပြင့် ကျားနက်ဂိုဏ်း၏ လိုက်လံဖမ်းဆီးခြင်းမှ ထွက်ပြေးနိုင်ရန် ကြိုးစားပါ”
“အပိုဆောင်းအခြေအနေ… ကျားနက်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် နောက်တစ်ယောက်ဖြစ်သော ချီသန့်စင်ခြင်းနယ်ပယ် အဆင့်ငါးရှိတဲ့လီဟူကို ရှင်းလင်းပါ”
“ဆုလာဘ်… အမှတ်တစ်ရာရမယ့်အပြင် အဆင်မြင့်ချီစုပ်ယူခြင်း ဆေးလုံးငါးလုံးနှင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးနှစ်ရာကို ရရှိမယ်။ အဲ့တာအပြင် ကျင့်ကြံမှုပိုင်း အလင်းပွင့်တဲ့ လုပ်ဆောင်ချက်ကို ဖွင့်ပေးမယ်”
“အပိုဆောင်းအခြေအနေကို ဆောင်ရွက်နိုင်လျှင် ရရှိမည့်ဆုလာဘ်… ပိုင်ရှင်၏နိမ့်ကျနေတဲ့ ဝိညာဉ်သွေးကြော၏ လုပ်နိုင်စွမ်းကို သင့်တင့်စွာ မြှင့်တင်ပေးမယ်”
“ဟမ်”
နားထောင်နေရင်းဖြင့် ချီယွမ်၏မျက်နှာသည် အနည်းငယ်ထူးဆန်းလာခဲ့သည်။
(ဒီငတုံးစနစ်က တကယ်ကိုမယုံကြည်ရတာပါလား….)
စနစ်၏အရေးမပါသော စကားလုံးများစွာကို လျစ်လျူရှုလိုက်ရင်း အဓိကအကြောင်းအရာဖြစ်သော လုပ်ရမည့်တာဝန်ကို ချီယွမ်မှတ်သားလိုက်သည်။ တစ်ဆက်တည်းမှာပဲ သူ၏အနောက်ကို ကျင့်ကြံဆင့်လုံးဝမရှိသော လူတစ်အုပ်ပြေးလိုက်နေသည့် မြင်ကွင်းကိုပါ ချီယောင်မြင်ယောင်မိသွား၏။
ဒီတာဝန်က သေချာပေါက် သူ့အတွက်တော့ မခက်ခဲပါချေ။
ဒါပေမဲ့ တစ်ကယ့်ပြဿနာက ရွှေအမြူတေ ကျင့်ကြံသူတစ်ယောက်ကို ချီသန့်စင်ခြင်းနယ်ပယ် အဆင့်ငါးသာရှိသေးသော ကျားနက်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်လီဟူက ဘယ်လိုလုပ်လိုက်ဖမ်းမှာလဲ။ သူဘာလုပ်ရတော့မလဲ…။