← Chapters

ကျားနက်ဂိုဏ်းအား စိန်ခေါ်ခြင်း

Vol. 1 Ch. 4

ကျားနက်ဂိုဏ်းအား စိန်ခေါ်ခြင်း

Vol. 1 Ch. 4

ချီယွမ်မြို့ ကျားနက်ဂိုဏ်း အတွင်းရှိ ကောင်းမွန်စွာစောင့်ကြပ်ထားသော တဲအတွင်းသို့ ဂိုဏ်းသားတစ်ယောက် အလောတကြီး ဝင်ရောက်လာကာ စားပွဲထိပ်ဆုံး၌ ထိုင်နေသော သတ်လတ်ပိုင်းအရွယ် လူတစ်ယောက်ကို အော်ဟစ်လိုက်သည်။

“ဂိုဏ်းခေါင်းဆောင် ပြဿနာကြီးဖြစ်နေပြီ”

ကျားနက် ဂိုဏ်းခေါင်းဆောင် လီဟူ ချက်ချင်းပင် မျက်မှောက်ကြုတ် သွားကာ အေးစက်စွာ ပြန်ပြောလိုက်၏။

“ဘာဖြစ်လို့လဲ ဘာကိစ္စဒီလိုမျိုးအော်ဟစ်နေရတာလဲ။ ကောင်းကောင်း ပြုမူရမယ်ဆိုတာကို မင်းနားမလည်ဘူးလား”

လီဟူသည် မူလက သေးငယ်သော ကျင့်ကြံရေး ဂိုဏ်းတစ်ခု၏ အပြင်တပည့် တစ်ယောက်ဖြစ်သည်။ နိမ့်ကျသော မွေးရာပါ အရည်အချင်းကြောင့် ချီသန့်စင်ခြင်း အဆင့်ငါးမှ နှစ်သုံးဆယ် ကြာသည့်တိုင်အောင် အဆင့်ခြောက်သို့ မတက်လှမ်းနိုင်ခဲ့ပေ။ ထိုအကြောင်းအရင်းကြောင့်ပဲ နောက်ဆုံးတွင် ဂိုဏ်း၏ နှင်ထုတ်ခြင်းကို ခံလိုက်ရ၏။ ချီသန့်စင်ခြင်း အဆင့်ငါးသည် ကျင့်ကြံရေး လောကတွင် ရှာဖွေရန်မခက်ခဲသောငြား သာမန် သေမျိုးများအတွက် အထင်ကြီးစရာ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နိုင်ပါ၏။

ထို့ကြောင့် သေးငယ်သော ကျင့်ကြံမှုနှင့် ရက်စက်သော နည်းလမ်းများကို အသုံးပြုရင်း လီဟူသည် နောက်လိုက်ရာချီကို စုဆောင်းကာ ကျားနက်ဂိုဏ်းကိုတည်ထောင်ခဲ့၏။ ကျင့်ကြံသူမရှိသလောက်နည်းပါးသော သေမျိုးများပြည့်နေသည့် မြို့ငယ်ချီယွမ် အတွင်းတွင် သူ၏စကားကသာ ဥပဒေဖြစ်နေခဲ့သည်။ ထိုသို့ဖြင့် ဘယ်သူမှ ငြင်းချက်မထုတ်နိုင်ဘဲ လီဟူသည် မြို့အရှင်တစ်ယောက် ဖြစ်လာတော့သည်။

လီဟူ၏ အလွန်မြင့်မားသော အာဏာကြောင့် သတင်းပို့ ပေးသော လက်အောက်ခံပင် တုန်ယင်သွားခဲ့ပြီးကြောက်ရွံ့စွာ ပြန်ဖြေကြားခဲ့သည်။

“ဂိုဏ်းခေါင်းဆောင်ကို တင်ပြပါတယ်။ အတည်ပြုလို့ မရတဲ့ ကျင့်ကြံသူတစ်ယောက် ရုတ်တရက် ရောက်လာခဲ့ပြီးသူက ချီယွမ်နဲ့ ဝမ်းကွဲတော်ဆက်တယ် လို့ပြောပါတယ်။ သူက ချီယွမ်နဲ့ အမျိုးတော်စပ်တဲ့အတွက် ချီယွမ်အတွက် လက်စားချေပေးရမယ်လို့ ဆိုပြီးတော့ ကျွန်တော်တို့ရဲ့ ဂိုဏ်းကွဲခေါင်းဆောင် ရှို့ပင်းကို လိုက်ရှာနေတဲ့အပြင် ကျွန်တော်တို့ရဲ့ကျန်တဲ့ ဂိုဏ်းသားတွေကိုလည်း အပြင်းအထန် ဒဏ်ရာရအောင် လုပ်ထားခဲ့တယ်”

“ကျင့်ကြံသူ တစ်ယောက်ဟုတ်လား”

လီဟူ ချက်ချင်းပင် ထိတ်လန့်သွားကာ မနေနိုင်စွာဖြင့် မျက်မှောင်ကြုတ်လိုက်၏။

အသတ်ခံ လိုက်ရသောသူကို လီဟူ စိတ်မဝင်စားပါချေ။ ဘယ်လိုပဲဆိုဆို သွယ်ဝှိုက်သော နည်းအားဖြင့်သော်လည်းကောင်း မသွယ်ဝိုက်သော နည်းလမ်းအားဖြစ်သော်လည်းကောင်း သူသတ်ခဲ့တဲ့ လူအရေအတွက်က မရေမတွက်နိုင်အောင် ရှိနေခဲ့ပြီ။ ဒါပေမဲ့ အခုရောက်ရှိလာတဲ့ ကျင့်ကြံသူက လာရင်းကို မသိရှိရသေးချေ။ အကယ်လို့ ထိုသူကသာ အင်အားကြီး ကျင့်ကြံသူ တစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင် အကျိုးဆက်က ကြောက်မက်ဖွယ် ကောင်းလှ၏။

ဒါပေမဲ့ သတင်းပို့ ဂိုဏ်းသား၏ တင်ပြချက်ကိုနားထောင် ရသလောက် ထိုကျင့်ကြံသူ၏ သန်မာမှုသည် အားနည်းနိုင်လောက်သည်။ ထိုသူကငကြောက် တစ်ယောက်တောင် ဖြစ်နိုင်ချေ၏။

အကြောင်းအရင်းကတော့ ရိုးရှင်းပါသည်။ အကယ်လို့ထိုကျင့်ကြံသူကသာ တကယ်ပဲ အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်ဖြစ် နေခဲ့မယ်ဆိုရင် လက်စားချေဖို့ အတွက်နှင့် အခုလောက်အထိ ပြဿနာရှာနေဖို့ မလိုအပ်ပါချေ။ တိုက်ရိုက်ပဲ သူ၏သေးငယ်သော ကျားနက်ဂိုဏ်း အတွင်းသို့ လာရောက်ကာ ဖျက်ဆီး ပစ်လိုက်လို့ရသည်။

ထို့အပြင် တကယ်စစ်မှန်သော အင်အားကြီး ကျင့်ကြံသူများက မောက်မာတတ်ကြပြီး သာမန်ကျင့်ကြံဆင့် မရှိသူများကိုအထင်မကြီးကြချေ။ ဂိုဏ်းသားတချို့ကို သတ်တောင် မသတ်နိုင်ဘဲ ဒဏ်ရာရအောင်သာ လုပ်နိုင်ခဲ့သည့် ထိုကျင့်ကြံသူ၏ လုပ်ရပ်ကို ကြည့်ရုံဖြင့် ထိုသူ့ထံတွင် လုံလောက်တဲ့ ကျင့်ကြံဆင့်နဲ့ ရက်စက်မှု မရှိကြောင်းပြသနေ၏။ သေချာပေါက် ထိုသူရဲ့ကျင့်ကြံဆင့်က မမြင့်မားနိုင်ချေ။

ရွှေရောင်ဗဟိုချက် နယ်ပယ်ကျင့်ကြံသူ တစ်ယောက်က ဒီလိုမျိုး ဝေးခေါင်လှတဲ့ မြို့အတွင်းသို့ လာရောက်ပြီး သူ့လိုမျိုး ချီသန့်စင်ခြင်း နယ်ပယ် အဆင့်ငါးသာ ရှိသေးသော ကျင့်ကြံသူကို လိမ်ညာလိမ့်မည်လို့ လီဟူ လုံးဝမထင်ထားခဲ့ချေ။

ထိုအတွေးကြောင့်ပဲ လီဟူ အနောက်ခန်းသို့ ချက်ချင်း သွားရောက်ကာ သူ၏ကိုယ်ပိုင် ပုဆိန်ဖြစ်သော ထူးဆန်းစွာ ပုံဖော်ထားသော ပုဆိန်အသေးကို အင်္ကျီအတွင်းသို့ ဂရုတစိုက် ထည့်လိုက်သည်။ အဖိုးတန်လက်နက်အား လက်ထဲ၌ ကိုင်ဆောင်ပြီးသည်နှင့် လီဟူ ချက်ချင်းပင် ရှေ့တန်းတွက်ရင်း ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

“ငါ့ရဲ့အမိန့်ကို ပြောကြားလိုက် ညီအစ်ကိုတွေ အားလုံးစုပြီးတာနဲ့ အဲ့ဒီပြဿနာရှာနေတဲ့ သူခိုးကောင်ကို လိုက်ဖမ်းကြမယ်”

ထိုအချိန်တွင် ကျားနက်ဂိုဏ်း ဝင်ပေါက်၌......

ဘန်း

ဓားတစ်လက်နှင့် အပြေးဝင်ရောက်လာခဲ့သော ကျားနက်ဂိုဏ်း၏ တံခါး‌စောင့်ကို ချီယွမ်မျက်လုံးများ မှေးကျဉ်းကာ တစ်ချက်သာ ကြည့်လိုက်ပြီး အဝေးကြီးသို့ ကန်လွတ်လိုက်၏။ ထို့နောက်တွင် ကျားနက်ဂိုဏ်း ဝင်ပေါက်၏ အပေါ်တွင်ချိတ်ဆွဲထားသော သစ်သားပြားကို အကြည့်ရောက်သွားကာ လက်တစ်ချက် လှုပ်ရှားလိုက်သည်။ ထိုအချိန်မှာပဲ.....

ခရက်..

ထိုသစ်သားပြား တစ်စက္ကန့်အတွင်းမှာပဲ အစိပ်စိပ်အမွှာမွှာ ကွဲသွားလေ၏။ အနီးအနားတွင် အလျိုလျို လှဲလျောင်းနေခဲ့သော ကျားနက်ဂိုဏ်းသားများ သည်လည်း နာကျင်မှုကြောင့် အဆက်မပြတ် ညည်းတွားနေကြ၏။

ကျားနက်ဂိုဏ်း၏ ဆိုးရွားသော ဂုဏ်သတင်းကြောင့်သော်လည်းကောင်း သို့မဟုတ် ပါဝင်ဆက်နွယ် မိမည်ကို စိုးရိမ်ကြသောကြောင့် သော်လည်းကောင်း ထိုအဖြစ်ပျက်ကို လာရောက်ကြည့်ရှုနေသူ တစ်ယောက်တောင်မှမရှိချေ။ ပျံကျဈေးသည်များ အားလုံးသည် ဆိုင်အသီးသီး ပိတ်လိုက်ကြပြီး ထွက်ခွာသွားခဲ့ကြသဖြင့် လမ်းမတစ်ခုလုံး လွန်စွာခြောက်ကပ်နေလေရဲ့။

လက်ကျန်ဂိုဏ်းသားများ ရှေ့မတိုးလာရဲတာကို မြင်သဖြင့် ချီယွမ် အနည်းငယ် ပြုံးသွားရင်း တံခါးအနားသို့ ဖြည်းညင်းစွာ လျှောက်သွားကာ အော်ဟစ်လိုက်သည်။

“ရှို့ပင်း မင်းရဲ့သေမင်းနဲ့ အခုပဲ လာတွေ့လိုက်စမ်း။ မင်းတို့တွေ လူမထုတ်ပေးဘူးဆိုရင် ငါကျားနက်ဂိုဏ်း တစ်ခုလုံးကိုဖျက်ဆီးပစ်မယ်။ ဒီနေ့ပဲ ငါ့ဝမ်းကွဲရဲ့ တရားမျှတမှုကို ရှာဖွေမယ်”

အနောက်မှ လိုက်ပါလာသော ချီ‌ယောင်၏ မျက်နှာထက်တွင် လှပသော ကျေးဇူးတင်မှုများ ပြည့်နက်နေခဲ့သည်။ ထိုဆန်းကြယ်လှသော ပုဂ္ဂိုလ်၏ လုပ်ရပ်များ နောက်ကွယ်က အကြောင်းအရင်းကို မသိရသော်ငြား ထိုသူက သူမ၏ ကွယ်လွန်သွားသော အကိုဖြစ်သူအတွက် လက်စားချေပေးနေဟန် ရှိသည်။ သူမအနေနဲ့ ကျေးဇူးမတင်ပဲ နေစရာလား။

အစ်ကိုချီက တကယ်ကို လူကောင်းတစ်ယောက်ပဲ။

သူမတို့ ဂိုဏ်းဝင်ပေါက်အတွင်းသို့ ဖြတ်သန်းသွားခါနီးမှာပဲ ကျယ်လောင်သော အော်သံတစ်ခုကို ကြားလိုက်ရသည်။

“ကျားနက်ဂိုဏ်းကို ပြဿနာရှာရဲတယ်။ မင်းသေချင်နေတာလား”

ထိုအသံ မဆုံးခင်မှာပဲ ခြံဝင်းအတွင်းမှ ကြောက်မက်ဖွယ် ရုပ်ရည်များနှင့် လူဆယ်ယောက်ကျော် ပြေးထွက်လာခဲ့သည်။ ထိုသူတွေအားလုံးကို ကျယ်ပြန့်သော ပုခုံးပြင်နှင့် ကြီးမားသောခါးကို ပိုင်ဆိုင်ထားတဲ့ သက်လတ်ပိုင်း အရွယ် လူတစ်ယောက်က ဦးဆောင်ထား၏။ သာမန်လက်ပြတ် အင်္ကျီကို ဝတ်ဆင်ထားသောကြောင့် လက်မောင်း ကြွက်သားများသည် အထင်သားမြင်နေရပြီး ကြောက်မက်ဖွယ် ကျားတစ်ကောင်လိုမျိုး ကြမ်းတမ်းနေလေ၏။ ထိုသူကတော့ ကျားနက်ဂိုဏ်း ခေါင်းဆောင် လီဟူမှလွဲရင် တခြား မဖြစ်နိုင်ပါချေ။

အသစ် ရောက်လာသော ကျင့်ကြံသူ၏ ကျင့်ကြံမှုကို အတည်ပြုပြီးသည်နှင့် လီဟူတစ်ယောက် စိတ်သက်သာစွာ သက်ပြင်းချလိုက်ပြီး ခန္ဓာကိုယ်ကနေ လူသတ်လို စိတ်များချက်ချင်းဆိုသလို ထုတ်လွှတ်လိုက်သည်။

“သေစမ်း ဒီကောင်လေးက ချီ သန့်စင်ခြင်း အဆင့်သုံးပဲ ရှိသေးတာကို အခုလိုမျိုး မောက်မာစွာ ပြုမူရဲတာလား။ ငါက အင်အားကြီး ရန်သူတစ်ယောက်နဲ့ တွေ့ရတော့မယ်လို့ ထင်ခဲ့တာ။ အခုတော့ သာမန်စောက်သုံးမကျတဲ့ သူပါပဲလား”

လီဟူ၏လေသံက ချက်ချင်းဆိုသလို ဂရုမစိုက်သော လေသံအဖြစ် ပြောင်းလဲသွားသည်။

“ကောင်လေးမင်းက သတ္တိတော့ရှိသားပဲ။ ငါတို့ ကျားနက်ဂိုဏ်းကို ရန်စရဲတယ်။ ဒါပေမဲ့ဒီအခြေအနေကို မင်းရှင်းမပြနိုင်ဘူးဆိုရင် ဒီနေရာကနေ အသက်ရှင်ရက် ထွက်သွားဖို့ စဥ်းတောင် မစဉ်းစားနဲ့”

လီဟူ၏ရန်စမှုက ချီယွမ်၏ နောက်ခံကို သိရှိချင်လို့ပင် ဖြစ်သည်။ အကယ်လို့ ချီယွမ်မှာသာ အင်အားကြီးနောက်ခံ ပိုင်ဆိုင်ထားမယ်ဆိုရင် သူ့အနေနဲ့အနည်းငယ် စဉ်းစားပေးမှာဖြစ်ပြီး အကယ်လို့ မပိုင်ဆိုင်ထားလျှင်တော့....

ဟဲဟဲ..

“လှည့်စားချင်တာလား”

ချီယွမ် နှာမှုတ်လိုက်ပြီး အထင်သေးသော လေသံနဲ့ပဲ ပြန်ဖြေ လိုက်သည်။

“ငါက ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တာအိုသားတော်ပဲ။ ဒီနေရာကို ငါ့ဝမ်းကွဲကိုယ်စား လက်စား‌ချေဖို့ ရောက်လာခဲ့တာ။ ငါလိုချင်တဲ့လူကို မင်းတို့မပေးဘူး ဆိုလို့ကတော့ မင်းတို့ရဲ့ ဂိုဏ်းတစ်ခုလုံးကို ဒီနေရာမှာပဲ အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်”

“ထိုက်ရွှမ်း သန့်စင်နယ်မြေဟုတ်လား”

“တာအိုသားတော် ဟုတ်လား”

“မင်းကလေ ဟားဟားဟား”

လီဟူတစ်ယောက် အစပိုင်းတွင် အနည်းငယ် တွေဝေသွားခဲ့သောငြား ချက်ချင်းဆိုသလို ကျယ်လောင်စွာ ရယ်မောလိုက်၏။ ကမ္ဘာပေါ်မှာရှိသော အရယ်ရဆုံးသော ဟာသတစ်ခုကို ကြားလိုက်ရသည်နှယ် လီဟူ တစ်ယောက် ချောင်းဆိုးတော့မတတ် ရယ်မောလိုက်သည်။ ထိုအချိန်မှာပဲ ကျန်တဲ့ဂိုဏ်းသားတွေအားလုံး ကျယ်လောင်စွာ ရယ်လိုက်လေရာ လေထုတစ်ခုလုံး ရယ်သံများနှင့် ပြည့်နှက်သွားခဲ့သည်။

“ဟိတ်ကောင် မင်းရွှီးမယ်ဆိုရင်လည်း ယုံနိုင်စရာကောင်းအောင် ရွှီးလေကွာ”

ရယ်တာရပ်သွားသည်နှင့် လီဟူ၏ မျက်လုံးအတွင်းမှာ ကြောက်မက်ဖွယ် အရှိန်အဝါများ ဝင်ရောက်လာခဲ့သည်။

"ထိုက်ရွှမ်း သန့်စင်နယ်မြေဆိုတာ အများက လက်ခံထားရတဲ့ နယ်မြေတစ်ခုပဲ။ အဲ့ဒီနေရာက တာအိုသားတော်မပြောနဲ့ အဆင့်နိမ့် အစေခံတစ်ယောက် ဆိုရင်တောင်မှ ငါတို့ရဲ့ ကျားနက်ဂိုဏ်းကို အပိုင်းပိုင်း လုပ်နိုင်တဲ့ အရည်အချင်းရှိတယ်။ အဲဒီနေရာက လူသာဆိုရင် ဘယ်လိုလုပ် ဒီလိုသနားစရာ လှည့်ကွက်တွေနဲ့ လမ်းပေါ်မှာ အော်ဟစ်နေမှာလဲ။ ငါသာအဲ့ဒါကို ယုံလိုက်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ခွေးစာကျွေးပစ်မယ်ကွ”

ပြောပြီးသည်နှင့် လီဟူသည် ညာလက်ကို ဆန့်ထုတ်လိုက်ကာ အင်္ကျီအတွင်း၌ ဖုန်းကွယ်ထားသော မှော်လက်နက်ကို ထုတ်ပြလိုက်သည်။

“ညီအကိုတို့ အဲဒီကောင်ကိုဖမ်းကြ။ အဲ့ဒီမြင့်မြတ်နယ်မြေရဲ့ တာကိုသားတော်အဖြစ် ဟန်ဆောင်နေတဲ့ သူတောင်းစားကို အပိုင်းပိုင်းလုပ်ပစ်ပြီး ခွေးစာကျွေးပစ်ရမယ်။ ဒါပေမဲ့ အဲ့ဒီကောင်နောက်က အလှလေးကိုတော့ သေချာပေါက် အသက်ရှင်ရက်ဖမ်းထား။ ငါအခု ဒေါသထွက်နေတယ် စိတ်ဖြေဖို့ လိုအပ်နေပြီ”

ဘုန်း

လီဟူ၏လက်ဖဝါးမှ ဝေးကွာသွားသည်နှင့် မှော်လက်နက်ဖြစ်ဟန်ရှိသော ပုဆိန်ငယ်သည် ရုတ်တရက် ကြီးမားလာကာ ချီယွမ် ရပ်နေရာသို့ လေးလံသောအရှိန်နှင့် ရောက်ရှိလာ၏။

“အကိုချီ သတိထား”

ချီယွမ် နိုးကြားစွာဖြင့် သူမ၏အနားသို့ အလိုအလျောက် တိုးကပ်လိုက်သည်။ ချက်ချင်းဆိုသလို ခါး၌ချိတ်ဆွဲထားသော မီးခိုးရောင် သိုလှောင်အိတ်ကို ဆွဲယူလိုက်ပြီး ဖုန်တက်နေသော မီးခိုးရောင် သိုလှောင်အိတ် အတွင်းမှ သေးငယ်ပြီး သန့်စင်တဲ့ ရွှေဒိုင်းကာကို ထုတ်ယူကာမှ အရှေ့မှ တည့်တည့်ပိတ်လိုက်သည်။

ဘမ်း

အသံတချက်နဲ့အတူ လီဟူ၏ မှော်လက်နက်က ဒိုင်းကာနဲ့ရိုက်ခတ်သွားသဖြင့် ကျားနက်ဂိုဏ်းသားများ အားလုံး အလောတကြီး အနောက်ဆုတ် လိုက်ရသည်။

ချီယွမ်၏ ခန္ဓာကိုယ်လည်းတုန်ယင်သွားကာ ဖြူဖွေးနေသော မျက်နှာနှင့် ခြေလှမ်းများစွာ အနောက် ဆုတ်လိုက်၏။ သူ့၏ ပါးစပ်ထောင့်မှ သွေးတစ်ကြောင်း စီးကျသွားခဲ့သည်။ ချီသန့်စင်ခြင်း အဆင့်သုံး အရှိန်အဝါကလည်း ချက်ချင်းဆိုသလို အားနည်းသွားခဲ့၏။

“ပြေးမယ်”

ထိုအချိန်မှာပဲ ချီ‌ယောင်၏ အင်္ကျီလက်စကို ဆွဲခေါ်ရင်း မြို့ပြင်သို့အသည်းအသန် ပြေးလေတော့သည်။

“ ဒီကလေးက ငါတို့ကိုစိန်ခေါ်ရဲတာ မဆန်းပါဘူး သူ့မှာ မှော်လက်နက် ရှိနေတာကိုး”

လီဟူ မအံ့ဩခဲ့ပါချေ။ ထိုအစား သူ့ရဲ့ပုံစံက ပျော်ရွှင်သွား၏။ ချောမောတဲ့ ကောင်မလေးအပြင် ရွှေဒိုင်းကာ ပါဝင်လာတဲ့အတွက် လောဘတို့ ပိုမိုတက်ကြွလာခဲ့ပြီး အသုံးပြုလိုက်သော စွမ်းအင်များကို လျင်မြန်စွာ ဖြည့်တင်းရင်း နောက်လိုက်တွေကို ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“မြန်မြန် လိုက်ကြ။ အဲ့ဒီကောင်ကို ဖမ်းနိုင်တဲ့ဘယ်သူမဆို အုပ်စုခေါင်းဆောင်အဖြစ် ရာထူးတိုး‌ပေးမယ်”

လီဟူ ဦးဆောင်သော ကျားနက်ဂိုဏ်းသား တစ်ယောက်မကျန် ချက်ချင်းပဲ ထွက်ပြေးသွားသော လူနှစ်ယောက်ထံသို့ ဒေါသတကြီး လိုက်ကြလေ၏။

All Chapters