လင်လုံသန့်စင်နယ်မြေ၏ အလှလေးနှင့် တွေ့ဆုံခြင်း
Vol. 1 Ch. 6
“တစ်ကယ်ကြီးရောက်လာတာဟ”
ရုတ်တရက် နီးကပ်လာသော လေသင်္ဘောကြောင့် ချီယွမ်၏ မျက်နှာထားသည် အနည်းငယ် ထူးဆန်းသွားကာ မျက်လုံးများ ကျဉ်းမြောင်းသွား၏။
ဒီစနစ်ရဲ့ အလုပ်လုပ်ပုံနဲ့ ဇာတ်ကြောင်းက တကယ်ကိုဖန်တရာထေ ဇာတ်လမ်းမျိုး ဖြစ်နေတာပဲ.. ဆိုးရွားလိုက်တာ။ ဝတ္ထုအနေနဲ့သာ ထုတ်လိုက်မယ်ဆိုရင် သေချာပေါက် ရောင်းကောင်းမှာ မဟုတ်ဘူး။
စနစ်၏မူရင်း ဇာတ်ကြောင်းအရဆိုလျှင် ဇာတ်လိုက်နှင့် ညီမဖြစ်သူသည် ကျားနက်ဂိုဏ်းထံမှ လွတ်မြောက်ပြီးသည်နှင့် လင်လုံ သန့်စင် နယ်မြေ၏ သူတော်စင်မ တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက်မှာ ဇာတ်လိုက်ကို ပိုမိုဇာတ်နာသွားစေရန် ဖြစ်စွက်သည့် အနေဖြင့် ဇာတ်လိုက်၏ တစ်ဦးတည်းသော ညီမကို ပုန်းကွယ်နေသော ဝိညာဉ်သွေးကြောအား ပိုင်ဆိုင်ထားသော အနှိုင်းမဲ့ပါရမီရှင် တစ်ယောက်ဖြစ်စေလိုက်မည်။ သူမကိုမြင်လိုက်သည်နဲ့ သူတော်စင်မကြီးက သတိထားမိသွားကာ ဂရုတစိုက် လေ့ကျင့်ပေးရန်အတွက် လင်လုံသန့်စင်နယ်မြေအား ခေါ်သွားလိမ့်မည်။ ထိုသို့ဖြင့် မွေးရာပါအရည်အချင်း နိမ့်ကျသော ဇာတ်လိုက်ကျော်ကြီးသည် လင်လုံနယ်မြေ၏ သူတော်စင်မကြီးထံမှ အငြင်းခံရကာ နှလုံးကြေကွဲရင်း တစ်ယောက်တည်း ကျန်ရစ်ခဲ့လေသည်။ ဒီလိုနဲ့ပဲ ကျော်ကြီးက ခံစားလာခဲ့ရသမျှ ဒေါသနဲ့ အရှက်ကွဲမှုတွေကို မြိုသိပ်ရင်း တစ်ရက်မှာ ထိုသူတွေအားလုံးကို မျက်နှာဖြတ်ရိုက်နိုင်သည်အထိ သန်မာလာစေရမည်ဟု တိတ်တဆိတ် ကြိမ်းဝါးခဲ့လိုက်ပါသည့်ပေါ့..။
ချီယွမ်၏ အရင်ဘဝကသာဆိုလျှင် အခုလို ဇာတ်ကြောင်းမျိုးကို ဆယ်စုနှစ်လောက် ခေတ်နောက်ကျခဲ့သော တတိယအဆင့် ဖန်တရာထေ ဇာတ်အိမ်တစ်ခုအဖြစ် သတ်မှတ်ပေးနိုင်ပါမည်။ ဒါပေမဲ့ လက်တွေ့ကတော့ မလွယ်ကူခဲ့ဘူး။ လူတစ်ယောက်ကို ဦးနှောက်ပျက်စေ နိုင်လောက်အောင် ကျက်သရေတုံး လှသောစနစ်ကြီး ပေါ်ပေါက်လာစဉ်ကတည်းက သူ့လိုမျိုး တာအိုသားတော် တစ်ယောက်၏ အပြုမူတိုင်းပင် ထူးဆန်းလာခဲ့သည်။
ဟူး......
စနစ်မှ ပေးအပ်လာသော များစွာသည့် အကျိုး ကျေးဇူးများအား ပြန်လည် စဉ်းစားလိုက်ရင်း ထိုတာဝန်တွေ အားလုံးကို သာမာန် ကျင့်ကြံရေး ဂိမ်းတစ်ခုအားကစားနေသည့်နှယ် သဘောထားလိုက်ဖို့ ချီယွမ် ဆုံးဖြတ်လိုက်သည်။ စိတ်ရှုပ်စရာကိစ္စများကို မေ့လျော့ရင်း တစ်နေ့လုံး ကျင့်ကြံခြင်းမှာပဲ နစ်မြုပ်တာ ပိုကောင်းပါသည်။
ချီယွမ် ဖြေသိမ့်နေချိန်မှာပဲ လေသင်္ဘောက နီးသထက်နီးလာ၏။ ထိုလေသင်္ဘောသည် အဆင့်အတန်း မြင့်မားစွာအလှဆင်ထားသည်။ လေသင်္ဘော၏ မျက်နှာပြင်တွင် စွမ်းအင်များသိပ်သည်းနေသော ရွှေရောင်ပုံစံခွက်များ ရှိနေပြီး ထိုအရာကခုခံပေးနိုင်သည့် အစီအရင်တစ်ခု ဖြစ်ဟန်ရှိသည်။ ထိုသို့ အားဖြည့်နေသော အစီအရင်ကြောင့် အပြင်ဘက်မှ နတ်အာရုံများကို ကာကွယ် လိုက်နိုင်ပြီး… အတွင်းထဲသို့ မမြင်ရအောင် ပြုလုပ်ပေးနိုင်သည်။ လေသင်္ဘော၏ တံခါးပွင့်လာသည်နှင့် အထဲမှ အစွမ်းဖြင့် ဖုံးကွယ်ထားဟန်ရှိသော လူတစ်အုပ်ထွက်လာခဲ့သည်။ ထိုသူများကို ငယ်ရွယ်သော အမျိုးသားကျင့်ကြံသူ တစ်ယောက်က ဦးဆောင်ထား၏။
ခပ်မြင့်မြင့် ဆံထုံး ထုံးထားသော ထိုသူသည် စစ်မှန်သော အရှိန်အဝါများ ထုတ်လွှတ်နေသည်။ ကျယ်ပြန့်သော မျက်နှာ၊ ပြောင်ရှင်းနေသော နဖူးပြင်နှင့် ထူထဲသိပ်သည်းသော မျက်ခုံမွှေးတန်း အပြင် ဘေးနှစ်ဖက်ရှိ ကြီးမားသော နားရွက်နှစ်ဖက်ကြောင့် ထိုသူ၏ပုံစံက ရှေးလူကြီးတစ်ယောက်နှင့်ဆင်တူပါ၏။
ထိုသူ၏ အနောက်မှ မျက်စိကျိန်းလောက်အောင် လှပသော မိန်းကလေးတစ်ယောက် လိုက်ပါလာသည်။ ဆင်းကျနေသော မိုးပြာရောင် ဂါဝန်ရှည်ကို ကျောက်စိမ်းဖြူ ခါးစီးဖြင့် တင်းကျပ်စွာ စီးနှောင်ထားသောကြောင့် သူမ၏ သိမ်မွေ့သော အလှတရားများက ထင်းထွက်နေ၏။ သူမ၏ အသားအရေကလည်း နှင်းလိုမျိုး ဖြူဖွေးနေကာ အများနှင့် မတူညီသော အရှိန်အဝါတစ်ခုကို ထုတ်ပေးနိုင်သည်။ ကောင်းကင်ဘုံမှဆင်းသက်လာသော လနတ်ဘုရားမ တစ်ဦးနှယ် သေမျိုးများ၏ ညစ်ညမ်းမှုနှင့် မသက်ဆိုင်စွာ သန့်ရှင်းနေလေရဲ့။
အနောက်မှ အစီအရီ ထွက်ပေါ်လာသော သူမနည်းတူ ဖြူဖွေးသည့် အသားအရေ ပိုင်ရှင် မိန်းကလေးများသည်လည်း အသီးသီး လှပကြသော်ငြား သူမနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် သာမန် အရံဇာတ်ကောင်များနှင့်သာ ဆင်တူသည်။
“ညီလေးချီ ဒီနေရာမှာ ဘာလုပ်နေတာလဲ”
ချီယွမ်ကို မြင်သည်နှင့် တစ်ဦးတည်းသော အမျိုးသားကျင့်ကြံသူက ရှုပ်ထွေးစွာ မေးလိုက်သည်။ ထိုသူက ထိုက်ရွှမ်း သန့်စင်တဲ့မြေ၏ ဂိုဏ်းခေါင်းဆောင်ရဲ့ အကြီးဆုံး တပည့်ဖြစ်သော ချီယွမ်၏ ဂိုဏ်းတူစီနီယာအကို လုချန်ဖန်းပင်။
ထိုသူ၏ ဘေးရှိ အံ့ဩဖွယ်ရာ အလှအလှတရားပိုင်ရှင် မိန်းကလေးကတော့ လင်လုံသန့်စင်နယ်မြေ၏ သူတော်စင်မအဖြစ် သတ်မှတ်ခြင်း ခံထားရသော ရှောင်ယွမ်နင်း ဖြစ်သည်။
ရှောင်ယွမ်နင်းသည် လင်လုံ သန့်စင်နယ်မြေ၏ လေးစားခံရသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပြီး သန့်စင်နယ်မြေ ကိုယ်စား ပွဲတော်တစ်ခုကို လာရောက် တက်ပေးရခြင်းဖြစ်သည်။ ပွဲတော်ပြီးသဖြင့် ထိုက်ရွမ်း သန့်စင်နယ်မြေမှ လင်လုံ သန့်စင်နယ်မြေသို့ ဖြတ်သွားရာလမ်းတွင် ချင်းယွမ်မြို့သို့ အမှတ်မထင် ဖြတ်သွားမိ၏။
လုချန်ဖန်းနှင့် မတူညီစွာပင် ရှောင်ယွမ်နင်း၏ အာရုံစိုက်မှုများအားလုံးက ချီယွမ့်ဘေးရှိ သာမန် သေမျိုး မိန်းကလေးထံတွင်သာ ကျရောက်နေခဲ့သည်။ သူမ၏ လှပသော မျက်လုံးများက အနည်းငယ် စိတ်ဝင်စားနေဟန်ပဲ။
ချီယွမ် ပြုံးသွားကာ ရှင်းပြလိုက်သည်။
“ဒါဆိုရင် အကိုလုနဲ့ နတ်သမီးရှောင်ပေါ့။ ကျွန်တော် ဒီနေရာကိုမတော်တဆ ဖြတ်သွားမိနေရင်းနဲ့ အကျင့်မကောင်းတဲ့ လူတစ်အုပ်က ဒီအားနည်းတဲ့ မိန်းကလေးကို အနိုင်ကျင့်နေတာ တွေ့ခဲ့တာ။ အဲ့ဒါနဲ့ ကျွန်တော်လည်း မနေနိုင်တော့ အဲ့ဒီ ကျားနက်ဂိုဏ်းကို ဖျက်ဆီးရင်း ဒီကောင်မလေးကို မတော်တဆ ကယ်မိသွားခဲ့တယ်”
အခုလိုမျိုး ချောမောလှပသော ကျင့်ကြံသူများစွာအား ချီယောင်အတွက် ပထမဦးဆုံး မြင်တွေ့ခြင်း ဖြစ်သည်။ ချီယွမ်၏ သူမအကြောင်း ပြောဆိုပေးခြင်းကြောင့် ချက်ချင်းပဲ ရှက်ရွံ့စွာဖြင့် အင်္ကျီလက်စ နှစ်ခုအား တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေကာ ပုခုံးထဲ ဝင်လုမတက် ခေါင်းကိုငုံ့ချလိုက်သည်။
“အို့ ဒီလိုလား.. အဲ့လိုစိတ်ရှုတ်စရာ ပိုးမွှားကောင်တွေလောက်ကတော့ မင်းအတွက် သတ်ရလွယ်မှာပါ”
ချီယွမ်၏ ရှင်းပြမှုကို လုချန်ဖန်း ခေါင်းငြိတ်ရင်း ထောက်ခံလိုက်သည်။ ထို့နောက်မှာ ပုံမှန်လိုပဲ ထိုကိစ္စကို ဂရုမစိုက်တော့ချေ။
လုချန်ဖန်း၏ အကြည့်က ရှောင်ယွမ်နင်းထံသို့ ပြန်လည်ရောက်ရှိသွားကာ နူးညံ့စွာ ပြောလိုက်သည်။
“နတ်သမီးရှောင် အခုနက စွမ်းအင်လှိုင်းက ညီလေးချီဆီက ရောက်လာတယ် ဆိုမှတော့ ကျွန်တော်တို့ရဲ့ လမ်းကိုပဲ ဆက်သွားကြရအောင်။ ကျွန်ဝောာ်လိုက်ပို့ပေးမယ်လေ”
ဖုံးကွယ်မရနိုင်သော မြှောက်ပင့်မှုများ ပါဝင်နေသည့် ထိုစကားလုံးများကြောင့် ချီယွမ်တစ်ယောက် ကြက်သီးများ ထသွားလေရဲ့။
“ရပါတယ် မလိုတော့ပါဘူး။ အဲ့ဒီနေရာက ထိုက်ရွှမ်း သန့်စင်မြေရဲ့ ဝင်ပေါက်နဲ့ဆိုရင် မိုင်တစ်သိန်းလောက် ထပ်သွားရမှာ။ ရှင်တို့ဧည့်သည်ကို ဒီအထိ လိုက်ပို့ပေးပြီးတာဝောာင်မှ ဆက်လိုက်ပို့ချင်နေတာလား”
ဒါပေမယ့် မထင်ထားစွာပင် လုချန်ဖန်း နောက်ထပ် ပြောလာသော စကားလုံးများက နားထောင်နေသူကို ပိုလို့အံ့ဩသွားစေခဲ့သည်။
“နတ်သမီးရှောင် လင်လုံ သန့်စင်မြေကို သွားတဲ့လမ်းက ရှည်လျားပြီး အန္တရာယ်များပါတယ်။ တစ်ချို့နေရာတွေမှာဆိုရင် နတ်ဆိုးကျင့်ကြံ သူတွေရှိတတ်တယ်။ မင်းတို့ မိန်းကလေးတွေ လမ်းမှာ အန္တရာယ်ကြုံနေရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော် အဖော်ပြုပြီးလမ်းတစ်လျှောက် ကာကွယ်ပေးမယ်လေ မကောင်းဘူးလား”
ချီယွမ်ပင် အံ့ဩမှင်သက်သွားလေ၏။ လင်လုံ သန့်စင်နယ်မြေ၏ သူတော်စင်မ အပေါ်ထားရှိသော လုချန်ဖန်း၏ ခံစားချက်များကို ကြားဖူးခဲ့သောငြား ဒီလောက်ကြီးအထိ ပြင်းထန်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။
(ဒီဘဲ သောက်ရှက်မရှိဘူးလား။ လင်လုံသန့်စင်နယ်မြေရဲ့ သူတော်စင်မက ဝိညာဉ်အခြေတည်နယ်ပယ် နှောင်းပိုင်းအဆင့်ကို ရောက်နေတဲ့ အင်အားကြီး ကျင့်ကြံသူ တစ်ယောက်ပဲ။ ဝိညာဉ်အခြေတည်အဆင့်ကို မရောက်သေးတဲ့ ကျင့်ကြံသူတွေဆိုရင် သူမကို ဘယ်လိုမှတိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။ လုချန်ဖန်းလို ဝိညာဉ်အခြေတည် အလယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို သူမ အကာအကွယ် အဖြစ်လိုအပ်မှာလား)
“တာအိုသားတော်ကို နှုတ်ဆက်ပါတယ်”
ချီယွမ်ကို နှုတ်ဆက်ပြီးသည်နှင့် သူမ၏ ကျောက်စိမ်းလို မျက်နှာသည် ချက်ချင်းအေးစက်သွားကာ လုချန်ဖန်း ရှိရာသို့ လှည့်ပြီး ကျောချမ်းဖွယ် အသံနဲ့ ပြောလိုက်သည်။
“ကျွန်မတို့ရဲ့ လင်လုံ သန့်စင်နယ်မြေက နာမည်ပဲရှိတဲ့ နေရာတစ်ခုမဟုတ်ဘူး။ ကျွန်မတို့ ကိုယ့်ဘာသာကိုယ် ဂရုစိုက်နိုင်တယ်။ ဒါကြောင့် ကျွန်မတို့ကို လိုက်ပို့ပြီး ဒုက္ခရှာဖို့ မလိုအပ်ဘူး”
ဤဝတ္ထု၏ ကမ္ဘာကို မြင့်မြတ်သော ယွမ်မန်ကမ္ဘာဟုခေါ်တွင်ပြီး မရေမတွက်နိုင်သော သက်ရှိမျိုးစိတ်များစွာနေထိုင်ကြ၏။ ကမ္ဘာကြီး တစ်ခုလုံးသည် အဆုံးမရှိအောင် ကျယ်ပြောပြီး လူသားမျိုးနွယ်ကတော့ သေးငယ်သော ပိုင်ဆိုင်မှုသာ ရရှိထားသည်။ လူသားတွေကြားမှာ တစ်ချို့ဖမ်းရခက်သော နတ်ဆိုး ကျင့်ကြံသူတွေက လွဲရင် ကျန်တဲ့ လူတွေအားလုံးက သန့်စင်မြေကြီး ခုနှစ်ခုကို ချစ်ကြောက် ရိုသေကြသည်။
နယ်မြေကြီး ခုနှစ်ခုထဲမှတစ်ခုဖြစ်သော လင်လုံ သန့်စင်နယ်မြေက အမျိုးသမီး ကျင့်ကြံသူများနှင့် ဖွဲ့စည်းထားသည် ဆိုသော်ငြား ခိုင်မာသော သမိုင်းကြောင်း အပြင် နက်ရှိုင်းသော ကျင့်ကြံမှုနဲ့ ထူးချွန်သော ဂိုဏ်းခေါင်းဆောင်ကို ပိုင်ဆိုင်ထားသောကြောင့် ထိုက်ရွှမ်း သန့်စင်နယ်မြေထက် နည်းနည်းမှ မနိမ့်ကျချေ။
အမျိုးသမီး အုပ်စုဖြစ်သည့်အတွက် အကာအကွယ် လိုအပ်ပါသည် ဟူသော လုချန်ဖန်း၏ သွယ်ဝှိုက် ပြောဆိုခြင်းကြောင့် ရှောင်ယွမ်နင်း တစ်ယောက် ချက်ချင်းပင် ယဉ်ကျေးမှု မပြနိုင်အောင် အေးစက်သွားခဲ့သည်။ သူမ၏မျက်နှာထက်မှာ သာယာဖွယ် အကြည့်တို့မရှိတော့ချေ။ သူမက တစ်ဖက်လူကို လုံးဝ လျစ်လျူရှု့လိုက်ပြီး သိမ်မွေ့သော ခြေလမ်းများဖြင့် ချီယွမ်ရှိရာသို့ တိုက်ရိုက်ပဲ သွားရောက်လိုက်လေ၏။
“တာအိုသားတော်.. အမှန်တိုင်းပြောရမယ် ဆိုရင် တာအိုသားတော်ရဲ့အနောက်က မိန်းကလေးမှာ ထူးခြားတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံ ရှိတယ်။ သူမမှာ အရမ်းကိုရှားပါးတဲ့ ဝိညာဉ် သွေးကြောကို ပိုင်ဆိုင်ထားတယ်။ အဲဒါက ငါတို့ လင်လုံ သန့်စင်နယ်မြေရဲ့ ကျင့်ကြံမှုနဲ့ အလွန်ကိုက်နေတယ်။ ရှင်ကျွန်မကို မျက်နှာသာပေးပြီး အဲဒီကောင်မလေးကို လင်လုံ သန့်စင်နယ်မြေဆီ လိုက်ခိုင်းမလား သိချင်မိတယ်။ ရှင်သာ သဘောတူမယ်ဆိုရင် ဒီကိစ္စမှာ ကျွန်မကျေးဇူးကြွေး တင်သွားတာဖြစ်တဲ့အတွက် အနာဂတ်မှာ သေချာပေါက် ပြန်ပေးဆပ်ပါ့မယ်”