ချီယောင်နှင့် နှုတ်ဆက်ချိန်
Vol. 1 Ch. 7
ချီယွမ် အနည်းငယ် အံ့ဩသွားခဲ့သည်။
စနစ်က ဖော်ပြခဲ့သည့် အတိုင်းပင် လင်လုံ သန့်စင်နယ်မြေ၏ သူတော်စင်မက ချီယောင်၏ ထူးခြားသော အရည်အချင်းကို သတိထားမိသွားကာ သူမနဲ့အတူလိုက်ပါစေရန် ခေါ်ဆောင်လာခဲ့သည်။ အဓိက ဇာတ်လိုက်ပြောင်းလဲသွားသည်ကလွဲရင် ကျန်သောအကြောင်းအရာများက တစ်ကယ် စစ်မှန်ပုံရှိ၏။
ချီယွမ်၏ အလွန် တိတ်ဆိတ်နေမှုကြောင့် ဘေးမှ ရပ်ကြည့်နေသော လုချန်ဖန်းတယောက် မျက်လုံးမှမျက်စံများ ကျွတ်ထွက်တော့မတတ် ပြူးကျယ်လာလေ၏။
( လင်လုံ သန့်စင်နယ်မြေရဲ့ သူတော်စင်မကြီး ကိုယ်တိုင်တောင်းဆိုနေတာ လေကွာ.. မင်းဒီလိုမျိုး တစ်ကယ်ကြီး တုန့်ဆိုင်းနေတော့ မှာလား။ ငါ့မှာသာ အဲ့လိုနေ့ရက်မျိုး ရလာခဲ့ရင် သေလောက်အောင် ပျော်နေမှာပဲ..)
ချက်ချင်းပဲ လုချန်းဖန်၏ အကြည့်များထဲမှာ မနာလိုမှု၊ သဝန်တိုမှုနဲ့ အမုန်းတရားတို့ ပြည့်နှက်လာခဲ့သည်။ ထိုကောင်ကို ဆောင့်ကန်ပြီး နေရာဝင်ယူချင်စိတ်တို့ တစ်ဖွားဖွား ပေါ်လာလေရဲ့..။
ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ တာအိုသားတော်အဖြစ် သတ်မှတ်ခြင်း ခံလိုက်ရတုန်းကတောင် ချီယွမ်ကို အခုလိုမျိုး ဒေါသမ ထွက်ခဲ့ဘူးပါချေ။ အချိန်တစ်ခဏ ကြာသည်အထိ လုချန်ဖန်းတယောက် ဝေခွဲရ ခက်နေတော့သည်။
ချီယွမ်ကို သူ့၏ နတ်ဘုရားမအားနေရာမှာတင် ငြင်းစေချင်ခဲ့သည်။ ထိုမှသာ သူတော်စင်မက ချီယွမ်ကို အမြင်ကပ်သွားပြီး သူ၏ ဧည့်ဝတ်ကျေမှုကိုသာ မှတ်မိနေလိမ့်မည်။ ဒါပေမဲ့ တစ်ဖက်ကနေလည်း သူတော်စင်မ၏ စိတ်ပျက်ငြိုးငယ်သွားသော မျက်နှာထားကို မမြင်ချင်ပါချေ။
လုချန်ဖန်း ဝေခွဲမရ ခက်နေစဥ်မှာပဲ ချီယွမ်သည် ခပ်ဖွဖွ ပြုံးကာ ပြောလိုက်သည်။
“ကျွန်တော် တောင်းပန်ပါတယ် နတ်သမီးရှောင် သူမက ကျွန်တော်ရဲ့ အစေခံတစ်ယောက် မဟုတ်ဘူး။ သူမရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကျွန်တော် ဆုံးဖြတ်ပေးခွင့် ရှိမယ်မထင်ဘူး။ အဲဒီတော့ သူမဘာသာပဲ ဆုံးဖြတ်သင့်ပါတယ်”
ချက်ချင်းပဲ ချီယွမ်သည် အနောက်လှည့်လိုက်ကာ.....
“ချီယောင်လေး မင်း လင်လုံ သန့်စင်နယ်မြေရဲ့ တပည့်တစ်ယောက် ဖြစ်လာချင်လား”
ချက်ချင်းပဲ ချီယောင်၏ မျက်လုံးများက မျက်ရည်ဖြင့် ပြည့်နှက်လာကာ အနီးရှိ လင်လုံ သန့်စင်နယ်မြေ၏ သူတော်စင်မကို တိုက်ရိုက်ပဲ ကြည့်ရှုလိုက်သည်။
"အစ်ကိုချီ.....တစ်ကယ်တော့.. ကျွန်မ တစ်ကယ်ပဲ လင်လုံ သန့်စင်နယ်မြေရဲ့ တပည့်တစ်ယောက် ဖြစ်လာချင်တယ်။ ဒီလိုမှပဲအနာဂတ်မှာ အကို့ရဲ့ ကြင်နာမှုကို ကျေးဇူး ပြန်ဆပ်လို့ရမှာ"
ကျင့်ကြံရေး လောကတွင် လင်လုံ သန့်စင်နယ်မြေက ထိပ်သီးဂိုဏ်းများ အတွင်းက တစ်ခုဆိုတာ သူမနားလည်ပါ၏။ အခုဆိုရင် လင်လုံ သန့်စင်နယ်မြေ၏ သူတော်စင်မ ကိုယ်တိုင် ဖိတ်ကြားခံရသည်။
ဒီအခွင့်အရေးက သာမန် သူများအတွက် စိတ်ကူးယဉ်လို့တောင် မရတဲ့ အခွင့်အရေးတစ်ခုပဲ။ ချီယွမ်၏ အနားမှ တစ်ဖဝါးမှာ မခွာချင်သော်ငြား သူတော်စင်မ ကိုယ်တိုင် ပေးအပ်လာသော အခွင့်အရေးက သူမ၏ ကံကြမ္မာကို ပြောင်းလဲနိုင်မည့် တစ်ခုတည်းသော အခွင့်အရေးမှန်း ချီယောင် ကောင်းမွန်စွာ နားလည်ပါသည်။
“ကောင်းပြီ”
ချီယောင်ကို နူးညံ့စွာပြုံးပြပြီးနောက်မှသာ ရှောင်ယွမ်နင်း ရှိရာသို့ လှည့်လိုက်ပြီး ချီယွမ်သည် လေးစားစွာ အရိုအသေပေးလိုက်သည်။
“နတ်သမီးရှောင် ဒါဆိုရင်ကျွန်တော်ရဲ့ ညီမလေးချီယောင်ကို ကောင်းကောင်း ဂရုစိုက်ပေးဖို့ မျှော်လင့်ပါတယ်”
အမှန်တော့ ချီယောင် သဘောမတူရင်တောင်မှ သူမကို သဘောမတူ တူအောင် ဆွဲဆောင်ပြောဆိုဖို့ စဉ်းစားထားခဲ့သည်။ အစကတော့ ထိုက်ရွှမ်း သန့်စင်နယ်မြေကို ချီယောင်အား အတူခေါ်သွားချင်ခဲ့ပေမဲ့ အသစ်ပေါ်လာသော တာဝန်ကြောင့် သူ့မှာ မစွမ်းသာခဲ့ချေ။ အကယ်လို့ ချီယောင်၏ ကံကြမ္မာကိုသာ ပြောင်းလဲ လိုက်မည်ဆိုလျှင်.. မတော်လို့ စနစ်ဘက်မှ ဇာတ်လိုက်၏ ညီမနှင့် ပတ်သတ်သော တာဝန်များ ပေးအပ်လာခဲ့ပါက ရှုပ်ထွေးလာနိုင်သည်မလား။ စနစ်နှင့်ပတ်သက်ပြီး ကောင်းမွန်စွာ နားမလည်သေးခင်အထိ အရာအားလုံးကို ဇာတ်ကြောင်းအတိုင်း သွားတာပဲ လုံခြုံလိမ့်မည်။ အခု ချီယောင်ကလည်း မှန်ကန်သော ဆုံးဖြတ်ချက်ကို ချလိုက်သည့်အတွက် ချီယွမ် အလုပ်မရှုပ်တော့ပေ။
(မိန်းကလေးတွေကို ဒီလောက် လေးစားတဲ့ ယောင်္ကျားမျိုးကမ္ဘာပေါ်မှာ ရှိသေးတာလား)
ရှောင်ယွမ်နင်း အနည်းငယ် အံ့သြသွားကာ ချီယွမ်ကို နက်ရှိုင်းစွာကြည့်လိုက်၏။ ထိုသူအပေါ်မှာ ထားရှိသော သူမ၏ အမြင်သည်လည်း များစွာ မြင့်မားသွားခဲ့သည်။
“တာအိုသားတော်၊ ဒီလိုမျိုး ငယ်ရွယ်တဲ့ အသက်အရွယ်မှာ မြင့်မားတဲ့ ကျင့်ကြံမှုကို ရထားတဲ့ ရှင့်လိုလူကို အခုလို မိန်းကလေးတွေအတွက် တွေးပေးမယ်လို့ ထင်မထားမိခဲ့ဘူး။ ရှင်ကတစ်ကယ်ကို စစ်မှန်တဲ့ လူတစ်ယောက်ပဲ။ စိတ်မပူပါနဲ့။ ကျွန်မသာ ရှိနေသရွေ့ သူမသေချာပေါက် မတရားမခံ စေရဘူး”
ရှောင်ယွမ်နင်းက ချီယောင်ကို တောက်ပစွာ ပြုံးပြလိုက်သည်။ ပန်းပေါင်းတစ်ရာ ပွင့်သွားသည့်နှယ် အလှတရားများကြောင့် အတွေ့အကြုံ ကြွယ်ဝသော ချီယွမ်ပင် ခဏတာမျှ မှင်သက်သွားခဲ့သည်။
(ကျင့်ကြံရေး လမ်းစဉ်ကို လျှောက်လှမ်းကြတဲ့ ကျင့်ကြံသူတွေ ကြားထဲမှာ ဒီလင်လုံ သန့်စင်နယ်မြေရဲ့ သူတော်စင်မကို အလှဆုံးမိန်းကလေးတစ်ယောက် အဖြစ် သတ်မှတ်ထားတာ ဒါကြောင့်ကိုး..။ သူမရဲ့ အလှတရားကို ထောင့်ခံနိုင်ဖို့ တော်တော်လေး ထိန်းချုပ် နိုင်စွမ်းရှိမှရမယ်။ သူမက ငါ့ကိုပြုံးပြလိုက်တယ်ကွ..)
ရှောင်ယွမ်နင်း၏ တောက်ပသောအပြုံးကို လုချန်ဖန်းတစ်ယောက် ငါးသေကြီးတကောင်လို စိုက်ကြည့်နေလေရဲ့။
ထိုအချိန်မှာ ရှောင်ယွမ်နင်း သာမက လင်လုံသန့်စင်နယ်မြေ၏ မိန်းကလေးတပည့်များ အားလုံးလည်း ချီယွမ်ကို လေးစားစွာကြည့်လာကြသည်။
“ဒီကိစ္စကို ခွင့်ပြုပေးတဲ့အတွက် တာအိုသားတော်ကို တစ်ကယ်ပဲ ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ သေချာပေါက် ကျွန်မပြန်ပေးဆပ်ပါ့မယ်”
တိုတောင်းသော နှုတ်ဆက်မှုပြီးသည်နှင့် အနည်းငယ် တွန့်ဆုတ် နေဟန်ရှိသော ချီယောင်ကို အပါခေါ်သွားရင်း လင်လုံသန့်စင်နယ်မြေ၏ ကျင့်ကြံသူ မိန်းကလေးများ အားလုံးသည် လုချန်ဖန်းကို အပြီးတိုင် လျစ်လျူရှု့ကာ ထွက်သွားကြလေသည်။
“အကိုလု တစ်ခြားကိစ္စ မရှိတော့ဘူးဆိုရင် ကျွန်တော်လည်း ဂိုဏ်းကို ပြန်နှင့်တော့မယ်နော်”
ချီယွမ်လည်း ခေါင်းအသာ ယမ်းကာ ထွက်သွားဖို့ ပြင်လိုက်သည်။
အကြာကြီး နေပြီးမှသာ လုချန်ဖန်း တုံ့ပြန်နိုင်ဟန် ရှိ၏။ ထိုသူက နောင်တကြီးစွာဖြင့် သူ၏ နဖူးပြင်ကို ရိုက်လိုက်လေကာ....
“ဟုတ်သားပဲ အရွယ်ရောက်ပြီးသား ယောင်္ကျားတစ်ယောက်နဲ့ အခြားသူရဲ့ အလေးထားရတဲ့ လေသင်္ဘောထဲကို ဇွတ်လိုက်နေတာ မသင့်တော်ဘူးကိုး။ ဒါကြောင့် နတ်သမီးရှောင်က ငါ့ရဲ့ကမ်းလှမ်းမှုကို လက်မခံခဲ့တာ ဖြစ်မယ်။ ဒီလိုဆိုမှတော့ ငါတိတ်တဆိတ် အနောက်ကလိုက်ပြီး နတ်သမီးရှောင်ကို လုံခြုံအောင် စောင့်ရှောက်ပေးရမယ်။ ညီလေးချီ မင်းပြန့်သွားနှင့်တော့”
လုချန်ဖန်း တစ်ယောက် အချိန်မဆွဲတော့ပဲ ကိုယ်ဖော့သိုင်းကို အသုံးပြုရင်း အပြေးလိုက်သွားခဲ့သည်။
(စောက်ကျိုးနဲကြီးဟ....)
ချီယွမ် နေရာမှာတင် မှင်သက်နေတော့သည်။ သူ၏ ဂိုဏ်းတူအကို လုချန်ဖန်းသည် ပုံမှန်အားဖြင့် တွေးခေါ်တတ်သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါသည်။ အရည်အချင်းပိုင်းတွင်လည်း သူ့ထက် မနိမ့်ကျပါချေ။ ထိုသို့သော ပုဂ္ဂိုလ်ကို အခုလောက်အထိ ထူးထူးဆန်းဆန်းတွေ လုပ်နေလိမ့်မည်ဟု ချီယွမ် လုံးဝ မထင်မှတ်ခဲ့ပေ။
ဆရာသခင်က လုချန်ဖန်းကိုကျော်ပြီးတော့ သူ့ကို တာအိုသားတော်အဖြစ် ဘာကြောင့် ရွေးချယ်လိုက်မှန်း ချီယွမ် နောက်ဆုံးတော့ နားလည်သွား၏။
(ဒီကောင်က တစ်ကယ့်အချစ်ရူးပဲ.....)
လုချန်ဖန်းသာ ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ ခေါင်းဆောင် ဖြစ်လာခဲ့လျှင် သေချာပေါက် နယ်မြေကြီး တစ်ခုလုံးကို ပေးချင်ရာ ပေးပစ်လောက်သည်။