အလင်းပွင့်ခြင်းဖြစ်စဥ်
Vol. 1 Ch. 8
ထိုက်ရွှမ်း သန့်စင်နယ်မြေတွင်....
ကျယ်ပြောသော ကောင်းကင်သည် ခမ်းနားသော တိမ်ဆိုင်များ၏ ဝန်းရံမှုကြောင့် သိမ်မွေ့ကာလှပနေသည်။ ပေါများသော စိတ်ဝိညာဉ်စွမ်းအင်များက မြူခိုးတစ်ခုနှယ် ထိုက်ရွှမ်း သန့်စင်နယ်မြေကြီး တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ အနောက်ရှိ ရှည်လျားခန့်ညားသော တောင်တန်းများအပြင် မြင့်မားသော အဆောက်အဦး များစွာနှင့် တစ်ခါတစ်ရံ ကြားရတတ်သော ဆန်းကြယ်သော သားရဲကြီးများ၏ ဟိန်းသံတို့သည် ပတ်ဝန်းကျင်တစ်ခုလုံးကို ခမ်းနားမှုတစ်မျိုးနဲ့ လှပစေ၏။
ဓားပျံစီးရင်း တိမ်တွေကြားမှ လျင်မြန်စွာ သွားနေသော ချီယွမ်သည် ဂိုဏ်း၏ အကာအကွယ် အစီအရင်ကို ဝင်ပြီးတာနဲ့ အကြီးမားဆုံး တောင်ထိပ်ရှိရာသို့ ဦးတည်လိုက်၏။ ထိုတောင်ထိပ်သည် ပတ်ဝန်းကျင်ရှိ တောင်များအားလုံးထက် သိသာစွာ မြင့်မားပြီး ခန့်ညားသော အသွင်အပြင်ရှိသည်။ စိတ်ဝိညာဉ် စွမ်းအင်များ ပိုမိုများပြားသော ထိုနေရာက သန့်စင်နယ်မြေ၏ တာအိုသားတော် နေထိုင်ရာ ကျောက်စိမ်း တောင်ထိပ်ပေတည်း။
ကျောက်စိမ်း တောင်ထိပ်သည် ကျယ်ဝန်းပြီး ကျင့်ကြံမှုကို တိုးမြှင့်ပေးနိုင်သော အထူးအစီရင်များစွာဖြင့် အထပ်ထပ် ဝန်းရံထားသည်။ ထိုအစီအရင် များစွာကို ထိန်းသိမ်းဖို့ရန် နေ့စဉ်အသုံးပြုရသော ဝိညာဉ်ကျောက်တုံး ပမာဏကြီးကို ကြည့်လိုက်သည်နှင့် ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ တာအိုသားတော် အပေါ် မြင့်မားသော ဆက်ဆံမှုကို သိရှိနိုင်ပါသည်။
နေ့စဉ် အသုံးပြုရသော ဝိညာဉ်ကျောက်တုံးပမာဏသည် သာမန် ရွှေအမြုတေ ကျင့်ကြံသူတစ်ယောက်ကို နေ့ချင်းညချင်း မွဲတေသွားအောင် စွမ်းဆောင်နိုင်၏။ ထို့အပြင်ဂိုဏ်းဘက်မှ ချီယွမ်၏ ကျောက်စိမ်း တောင်ထိပ်ကို နေ့စဉ် စောင့်ရှောက်ပေးရန်အစေခံ တပည့်များစွာနှင့် အိမ်တော်ထိန်း အကြီးအကဲများကို ပေးအပ် ထားသေးသည်။ အကျဉ်းချုပ် ပြောရမည်ဆိုလျှင် ထိုင်ရွှမ်း သန့်စင်နယ်မြေ အတွင်း၌ ချီယွမ်၏ တစ်ခုတည်းသော တာဝန်မှာ နေ့စဉ်ရက်ဆက် ကျင့်ကြံနေပြီး လျင်မြန်စွာ တိုးတက်ဖို့ရန်သာ ဖြစ်၏။
“တာအိုသားတော် ပြန်ရောက်လာပြီ”
“တာအိုသားတော်ကို အရိုအသေပေးပါတယ်”
ချီယွမ် ရောက်ရှိလာသည်နှင့် ဂူပေါက်ဝကို စောင့်ကြပ်နေသော တပည့်နှစ်ယောက် ချက်ချင်းဆိုသလို အရှေ့တိုးလာကာ လေးစားစွာ နှုတ်ဆက်လိုက်သည်။
“သက်သောင့်သက်သာ နေကြပါ”
အနည်းငယ်ခေါင်းငြိမ့်ပြရင်း ချီယွမ် ပုံမှန်လိုညွှန်ကြားလိုက်သည်။
“မင်းတို့သွားလို့ရပြီ။ အရေးကြီး ကိစ္စ မရှိဘူးဆိုရင် ငါ့ကိုမနှောက်ယှက်ဖို့ အိမ်တော်ထိန်းလျန့်ကို အကြောင်းကြား ထားလိုက်”
"ဟုတ်ကဲ့"
ထိုနှစ်ယောက် ထွက်သွားသည်နှင့် ဝင်ပေါက်ကို ချီယွမ် ဖြတ်ကျော်ကာ ကျင့်ကြံရေး အခန်းအတွင်းသို့ တိုက်ရိုက်ပဲ ဝင်ရောက်လိုက်သည်။ ကြာပန်းပုံ ထိုင်ပြီးသည်နှင့် စနစ်၏ ပုံရိပ်ရောင် မျက်နှာပြင်ကို ဖွင့်လှစ်လိုက်သည်။ တာဝန်နှစ်ခု ပြီးမြောက်သည့် အတွက် ရရှိထားသော အမှတ် တစ်ရာ့ငါးဆယ်သည် စနစ်ဈေးဆိုင်ထဲမှ တန်ဖိုးကြီး ပစ္စည်းများကို ဝယ်ယူရန် မလောက်ငှ သေးသော်ငြား စနစ်၏ အသစ်ဖွင့်ထားသော လုပ်ဆောင်ချက်များကို လုပ်ဆောင်ရန် အတွက်တော့ လုံလောက်ပါသေး၏။
“ချက်ချင်း နားလည် သဘောပေါက်ခြင်းဆိုတဲ့ လုပ်ဆောင်ချက်ကို အသက်သွင်းမယ်”
အတွေးတစ်ခုပြီးသည်နှင့် ချီယွမ်၏ အာရုံထဲသို့ ကျင့်စဉ်များစွာ ပေါ်ပေါက်လာခဲ့သည်။
“ကျောက်စိမ်းနက္ခတ်စာလိပ်သိုင်း၊ တိမ်ခွင်းဓားသိုင်း၊ ဝိဉာဉ်သန့်စင်ခြင်းသိုင်း၊ ထိုက်ယိကြယ်ကြွေလက်ဝါးသိုင်း”
ထိုသိုင်းကျမ်း လေးခုလုံးက ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ အဆင့်မြင့် အမွေအနှစ်များဖြစ်သော သိုင်းကျမ်းများ ဖြစ်သလို ချီယွမ် လက်ရှိ ကျင့်ကြံနေသော ကျင့်စဉ်များဖြစ်ကြ၏။ ခဏတာ စဉ်းစားပြီးနောက်မှာ ချီယွမ် တည်ငြိမ်စွာဖြင့် ရွေးချယ်လိုက်သည်။
“ကျောက်စိမ်းနက္ခတ်စာလိပ် သိုင်းကို နားလည်အောင်လုပ်မယ်”
ကျောက်စိမ်းနက္ခတ်စာလိပ်သိုင်းသည် သူ၏ အစဦး သိုင်းကျင့်စဉ် ဖြစ်သည့်အလျောက် တာအိုအခြေခံကို ပိုင်နိုင်စေရန် ထိုကျင့်စဉ်ကို ပထမဦးဆုံး အလေးပေးသင့်သည်ဟု ချီယွမ် ယူဆသည်။ ပြတ်သားစွာ ဆုံးဖြတ်ပြီးနောက်မှာ ချီယွမ် တစ်ယောက် ဆန်းကြယ်သော အလင်းပွင့်ခြင်းဖြစ်စဥ်ထဲသို့ ချက်ချင်းပဲ ကျရောက်သွားလေ၏။
မျက်စိရှေ့က မြင်ကွင်းများက ချက်ချင်းဆိုသလို မှုန်ဝါးလာကာ နက်နဲသော တာအိုစစ်မှန်မှု အမှန်တရားများသည် ဒီရေတစ်ခုလိုမျိုး စိတ်အာရုံထဲသို့ ပြင်းထန်စွာ ဝင်ရောက်လာခဲ့သည်။ အတိတ်မှာတုန်းက ခက်ခဲခဲ့သော ပြဿနာများစွာသည် ဒီအခြေအနေ အတွင်းမှာ ချက်ချင်းဆိုသလို ရှင်းလင်းသည့် နားလည်မှုကို သဘောပေါက်လိုက်သည်နှယ် ရှင်းလင်းသွားခဲ့သည်။
ထိုအတွေ့အကြုံက အလွန် အံ့အားသင့်ဖွယ်ကောင်းပြီး ချီယွမ်အတွက် သက်သောင့် သက်သာဖြစ်ကာ သန့်စင်သော ခံစားချက်ကို ပေးစွမ်းသည်။ ကောင်းမွန်သော ခံစားချက် အတွင်းမှာ ချီယွမ် နှစ်မြုပ်နေစဉ်မှာပဲ ရုတ်တရက်ဆိုသလို ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာပြီး အလင်းပွင့်မှု အခြေအနေမှ ရုတ်ခြည်း လန့်နိုးသွား၏။
ချီယွမ်၏ နှလုံးသားထဲ အနည်းငယ်အလိုမကျ ဖြစ်လာသလိုပင်။ ထိုကောင်းမွန်သော ခံစားချက်က သူ၏ နှလုံးသားတစ်ခုလုံးကို လွှမ်းမိုးသွားပြီး အံ့ဩစေခဲ့သည်။ တာဝန်နှစ်ခုမှ ရရှိထားသော အမှတ် တစ်ရာ့ငါးဆယ်သည် အလင်းပွင့်မှု အခြေအနေ အတွင်းမှာ အသက်ရှူချိန် တစ်ခဏမျှသာ နေထိုင်ခွင့် ပေးခဲ့သည်။
သို့သော်ငြား အကျိုးပေးမှုကတော့ ကြောက်မက်ဖွယ်ပင်။ အလင်းပွင့်မှု တခဏတာက ဝိညာဉ်အခြေတည်နယ်ပယ်အထိ အဆင့်တက်နိုင်ဖို့ရန် နောက်ဆုံးအတားအဆီး တစ်ခုသာရှိတော့မည့် အခြေအနေကို အတင်းအကြပ် မြှင့်တင်ပေးသွားလေ၏။
လျင်မြန်စွာ တိုးတက်မှုကြောင့် သူ၏ တာအိုအခြေခံသည် အနည်းငယ် မတည်မငြိမ် ဖြစ်သွားသလို တာအို၏ ကောင်းကင်နှင့် မြေကြီးအပေါ် နားလည် နိုင်စွမ်းများ အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။
ဝိညာဉ်အခြေတည်နယ်ပယ်ကို ပြီးပြည့်စုံစွာ အဆင့်တက်ချင်လျှင် အတွင်းစိတ်ကို သန့်စင်ကြည်လင်စေရန် အချိန်အနည်းငယ် ကျင့်ကြံဖို့ လိုအပ်ပေလိမ့်မည်။ မထင်ထားစွာပင် ထိုအလင်းပွင့်မှု တခဏတာက မြင့်မားလှသော အကျိုးကျေးဇူးများကို သယ်ဆောင်ပေးခဲ့ပြီး တစ်နှစ်စာ ကျင့်ကြံမှုကို သက်သာစေခဲ့သည်။ နဂိုတည်းက အားကောင်းပြီးသား ဝိညာဉ်သွေးကြောရဲ့ အကူအညီနဲ့ဆိုရင် အချိန်တိုအတွင်းမှာပဲ ဝိညာဉ်အခြေတည် နယ်ပယ်ကို အဆင့်တက်နိုင်ဖို့ ချီယွမ် ယုံကြည်ချက်များ ပြည့်နှက်သွား၏။
တစ်ကယ်တော့ ကျောက်စိမ်းနက္ခတ်စာလိပ် သိုင်းကျင့်စဉ်သည် စစ်မှန်သော တာအိုနှလုံးသားအား တိုက်ရိုက်ညွှန်ပြနိုင်သည့် ကျင့်စဉ်ဖြစ်လေရာ ထိုက်ရွှမ်း သန့်စင်နယ်မြေကြီး၏ အဖိုးထိုက်ကျင့်စဥ်ကြီး တစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး ဂိုဏ်းခေါင်းဆောင်၏ ခွင့်ပြုချက်မရှိလျှင် သင်ယူခွင့်မရှိသော ကျင့်စဉ်တစ်ခုပေ။
စစ်မှန်သော ကျင့်ကြံမှု စတင်ပြီးလျှင် ကျင့်ကြံသူများအနေနှင့် အဓိက နယ်မြေကြီး ကိုးခုကို ကျော်ဖြတ်ရသည်.... ချီသန့်စင်ခြင်းနယ်ပယ်၊ အခြေခံတည်ထောင်ခြင်းနယ်ပယ်၊ ရွှေအမြုတေနယ်ပယ်၊ ဝိညာဉ်အခြေတည်နယ်ပယ်၊ နတ်အသွင်ပြောင်းခြင်းနယ်ပယ်၊ ဗလာသန့်စင်မှု နယ်ပယ်၊ စုစည်းခြင်းနယ်ပယ်၊ အတိဒုက္ခကျော်ဖြတ်ခြင်း နယ်ပယ်နဲ့ အထက်ဘုံ တက်ရောက်ခြင်း နယ်ပယ် ဟူ၍ ကိုးဆင့်သတ်မှတ်ထားသည်။
ဝိညာဉ်အခြေတည် ကျင့်ကြံသူ တစ်ယောက်သည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်ကို အငှားယူသုံးနိုင်ပြီး နှစ်တစ်ထောင် သက်တမ်းကိုရရှိသည်။ စစ်မှန်သော အရှင်သခင်ဟူသည့် ဂုဏ်ပုဒ်နှင့် ထိုက်တန်သော ပုဂ္ဂိုလ်များ ဖြစ်ကြ၏။
ထိုက်ရွှမ်း သန့်စင်နယ်မြေကြီး အတွင်းမှာရှိသော ဝိညာဉ်အခြေတည် ကျင့်ကြံသူများကို ဂိုဏ်း၏ ထောက်တိုင်များအဖြစ် သတ်မှတ်ကာ အကြီးအကဲ သို့မဟုတ် အိမ်တော်ထိန်းများအဖြစ် အတွင်းဂိုဏ်းများအတွင်းမှာ တောင်ထိပ် အသီးသီးကို စောင့်ကြပ်ရသည်။
တာအိုသားတော်အဖြစ် သတ်မှတ်ခံထားရသဖြင့် ချီယွမ်သည် ဝိညာဉ်အခြေတည် နယ်ပယ်သို့ တက်လှမ်းဖို့.လိုအပ်ရုံတင်မက.. အလွန် ထူးချွန်သော အရည်အချင်းကို ပြသမှဖြစ်လိမ့်မည်။ မဟုတ်လျှင် ကျရှုံးသူအဖြစ် သတ်မှတ်ခံရလိမ့်မည်။
ထို့ကြောင့် ဘယ်လို အမှားအယွင်းမျိုးကိုမှ လက်မခံရဲစွာဖြင့် ချီယွမ်သည် အလွန်သတိထားစွာ နေထိုင်ခဲ့ရသည်။ အခုတော့ စနစ်ထံမှ အကူအညီကြောင့် မထင်ထားတာတွေ ဖြစ်လာ နိုင်တော့မည်။ ချီယွမ် တည်ငြိမ်စွာဖြင့် စနစ်၏တာဝန် အကြောင်းအရာကို ကြည့်ရှုလိုက်တော့သည်။
“လင်လုံ သန့်စင်နယ်မြေက သူတော်စင်မရဲ့ တမူထူးခြားတဲ့ အလှတရားနဲ့ အေးစက်မှုက ပိုင်ရှင်ရဲ့စိတ်ထဲမှာ စွဲထင်ကျန်ခဲ့ပြီး သူမကြောင့်ပဲ ပိုင်ရှင်က အဆင့်တက်ချင်စိတ်တွေ အင်မတန် ပြင်းပြ လာခဲ့တယ်။ စနစ်ကပိုင်ရှင်ကို ဘေးကနေတောက်လျှောက် ထောက်ပံ့ပေးနေမှာ ဖြစ်တဲ့အတွက် ပိုင်ရှင်သာ တာဝန်တွေကို ပြီးမြှောက်မယ်ဆိုရင် တစ်နေ့မှာတော့ ပိုင်ရှင်ရဲ့ ဆန္ဒ အတိုင်း ဖြစ်လာမှာပါ”
“တာဝန်အကြောင်းအရာ.... တစ်လအတွင်းမှာ ချီသန့်စင်ခြင်းအဆင့်နှစ်ကို တက်နိုင်အောင် လုပ်ပြီးတော့ တိမ်ကြွေဂိုဏ်းရဲ့ စစ်ဆေးမှုကို ကျော်ဖြတ်နိုင်အောင် ကြိုးစားပါ။ အစေခံတပည့်တစ်ယောက် ဖြစ်လာအောင် ကြိုးစားရမယ်”