သိုင်းလောက၏ ခေါင်းစည်းသတင်း
Vol. 1 Ch. 9
“တာဝန်၏ခက်ခဲမှု..... ကြယ်သုံးပွင့် (အလယ်အလတ်အဆင့်)”
“ဆုလာဒ်....အမှတ်တစ်ရာနှင့် သာလွန်အဆင့် ပျိုမြစ်ခြင်း ဆေးလုံးငါးလုံး၊ အဆင့်နိမ့်မှော်လက်နက်တစ်ခုနဲ့ စနစ်၏ လေဟာနယ် နေရာထဲမှာ သုံးရာစတုရန်းမီတာ နေထိုင်ခွင့် အလကားပေးမယ်။ မှတ်ချက်.. သက်ရှိပစ္စည်းများ ခေါ်ဆောင်လာလို့ မရသေးပါ”
တောက်ပသော ထိုစာကြောင်းများကြောင့် ချီယွမ်၏ မျက်နှာထားသည် ချက်ချင်းကို တောင့်ခဲသွားလေရဲ့။ စနစ်၏ ရယ်ချင်စရာ တာဝန်တွေကို ဆက်လက် လုပ်ဆောင်သင့်လား ချီယွမ် ဝေခွဲရ ခက်သွားသည်။
ချီသန့်စင်ခြင်း အဆင့်နှစ်သို့ အဆင့်တက်ခြင်းက သာမာန်ကိစ္စ တစ်ခုပင်။ ဒါပေမဲ့ တိမ်ကြွေဂိုဏ်းရဲ့ အစေခံ တပည့်တစ်ယောက် ဖြစ်လာဖို့တဲ့လား....
ထိုဂိုဏ်းကို ချီယွမ် တစ်ခါမှတောင် မကြားဖူးခဲ့ချေ။ ထိုဂိုဏ်းက သေချာပေါက် သေးငယ်သော နေရာတစ်ခုရဲ့ သေးငယ်သော ဂိုဏ်းတစ်ခုသာ ဖြစ်တန်ရာ၏။
ထိုသို့သော ဂိုဏ်း၏ အစေခံတစ်ယောက် ဖြစ်လာခြင်းက ဇာတ်လိုက်တစ်ယောက်ရဲ့ အောင်မြင်မှုလမ်းကြောင်း အစတဲ့လား....
ဒါ့အပြင် အရေးကြီးဆုံးက သူသည် ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ တာအိုသားတော်အဖြစ် သတ်မှတ်ခြင်း ခံထားရသည်။ ဘာကြောင့်များ ကိုယ့်၏ဂိုဏ်းကို သစ္စာဖောက်ရင်း နိမ့်ကျသော တိမ်ပြိုဂိုဏ်းမှာ အစေခံ ကျင့်ကြံသူအဖြစ် ဝင်ရောက်ရမှာလဲ။
(ကောင်းကင်ဘုံက နတ်သမီးလေးတွေရေ ငါ့ရဲ့ အဖြစ်အပျက်ကို ကြည့်ရှု့ကြပါအုန်း....)
ဒီသတင်းသာ အပြင်ကို ထွက်သွားလို့ကတော့ သေချာပေါက် ခဏအတွင်းမှာပဲ သတင်းကြီးသွားလောက်သည်။ ကျင့်ကြံရေးလောက၏ သတင်းခေါင်းစဉ်တွင်....
အံ့ဩဖွယ်ရာ သတင်းတစ်ခု#
ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ တာအိုသားတော်က ခေါင်းထိသွားပြီး အားနည်းတဲ့ ဂိုဏ်းတစ်ခုမှာ အစေခံအဖြစ် အလုပ်လုပ်နေတယ်။ အဲ့ဒီ နောက်ကွယ်က အကြောင်းအရင်းကတော့ ရင်ထိစရာပါပဲ။
တွေးမိသွားတာနှင့် ချီယွမ်တစ်ကိုယ်လုံး တုန်ယင်သွားကာ ချက်ချင်းပဲ စိတ်ပိုင်းဖြတ်လိုက်တော့သည်။
ဘယ်လိုဆိုဆို.. ထိုတာဝန်ကို ဆောင်ရွက်နေစဥ်မှာ သရုပ်မှန် ပေါ်ပေါက်သွားလို့ကတော့ အကျိုးဆက်က စိတ်ကူးယဉ်လို့ကို မရနိုင်လောက်ဘူး။ ကံကောင်းသည်မှာ စနစ်က အချိန်တစ်လ ပေးထားသည့်အတွက် ဂိုဏ်းအတွင်းမှာ စီစဉ်စရာများကို ကြိုတင်စီစဉ်ထားလို့ ရနိုင်သည်။ ချီယွမ် တွက်ချက်နေစဉ်မှာပဲ တံခါးအပြင်ဘက်ကနေ လေးစားသော အသံတစ်ခုကို ကြားလိုက်ရ၏။
“တာအိုသားတော် ဂိုဏ်းခေါင်းဆောင်က ပင်မခန်းမထဲ လာဖို့ ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်”
(ဆရာသခင်က ဖိတ်ခေါ်နေတာလား..)
ချီယွမ် အနည်းငယ် အံ့ဩသွားပြီး ချက်ချင်း ထရပ်ကာ ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ အကြီးဆုံး တောင်ထိပ်ရှိရာသို့ ဦးတည်လိုက်သည်။
.......
အချိန်တခဏ ကြာပြီးနောက်တွင် ခမ်းနားသော ကျောက်စိမ်းနန်းဆောင် အတွင်း၌.....
“ဆရာသခင်ကို နှုတ်ဆက်ပါတယ်”
ခန်းမအတွင်းကို ဝင်ရောက်လာသည်နှင့် ထိပ်ဆုံးမှာ ထိုင်နေသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် အကြီးအကဲကို ချီယွမ် ရိုသေစွာ ဦးညွတ် အရိုအသေပေးလိုက်သည်။
ထိုအကြီးအကဲက ကြာပန်းအရောင် ရိုးရှင်းသောဝတ်စုံကို ဝတ်ဆင်ထားပြီး ရှင်းလင်းသော ရုပ်ရည်ရှိသည်။ စွမ်းအင်တစ်ခုမှ မခံစားရပဲ သာမန်အဘိုးအို တစ်ယောက်လိုမျိုးသာ ထင်မှတ်ရ၏။ နှစ်သောင်းချီ ရှင်သန်လာခဲ့တဲ့ အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်လို့ ထင်မှတ်ဖွယ်မရှိချေ။ ထိုသူကတော့ ချီယွမ်၏ ဆရာသခင်တဖြစ်လည်း ထိုက်သန့်စင်နယ်မြေ၏ ဂိုဏ်းခေါင်းဆောင် ဟန့်ကျန်း ပင်။
တာအိုပညာရှင် ဟန့်ကျန်း၏ မျက်ခုံးနှစ်ခုသည် အနည်းငယ် အလိုမကျဟန်ဖြင့် စုကြုတ်နေခဲ့သည်။ တဖက်ပုဂ္ဂိုလ်ထံမှ တုံ့ပြန်မှု မရရှိခြင်းကြောင့် ချီယွမ် ပင် အနည်းငယ် မသက်မသာ ခံစားလာရ၏။
(ငတုံးစနစ်က ဘယ်လောက်စွမ်းအားကြီးပါစေ၊ ဆရာသခင်က အင်အားကြီး ကျင့်ကြံသူတစ်ယောက်ပဲ။ ဆရာသတိထားမိသွားတာများလား..)
ချီယွမ် ချက်ချင်းပဲ စိုးရိမ်သွား၏။ အကယ်လို့ ရှာတွေ့သွားမည်ဆိုရင် သေချာပေါက် အရှင်းလင်း ခံလိုက်ရမည်ပင်။
ကံကောင်းစွာဖြင့် ချီယွမ်၏ စိုးရိမ်မှုများက မလိုအပ်ခဲ့ပါချေ။ တာအိုပညာရှင် ဟန့်ကျန်းက ချက်ချင်းပဲ သတိဝင်လာကာ လက်တစ်ဖက် ယမ်းပြလိုက်သည်။
“ထပါ”
“ဟမ်”
ချီယွမ်ကို ကြည့်လိုက်ချိန်မှာပဲ တစ်ခုခုကို သတိထားမိသွားသည့်နှယ် ဟန့်ကျန်းက အံ့ဩသွားလေသည်။
“ဒီရက်ပိုင်အတွင်းမှာ မင်းအရမ်းတွေ တိုးတတ်လာတာပဲ။ ဝိညာဉ်အခြေတည် နယ်ပယ်ကို ရောက်ဖို့အတွက် အနည်းဆုံးနှစ်နှစ်လောက် အချိန်ယူရမယ် ထင်နေတာ။ အခုတော့ မင်းမကြာခင် အဆင့်တက်တော့မယ်နဲ့ တူတယ်”
ချီယွမ် နှိမ့်ချစွာပြုံးပြလိုက်သည်။
“တပည့်က ကံကောင်းပြီး တိုးတက်လာခဲ့တာပါ”
ဟန့်ကျန်း အလွန်ကျေနပ်သွားသည်။
“မင်းက တကယ်ကို အရည်အချင်းရှိတဲ့ လူတစ်ယောက်ပါလား။ ဟိုအလေလိုက်နေတဲ့ ဂိုဏ်းတူ အကိုထက် အများကြီးသာတယ်”
ဆရာသခင်၏ စကားကြောင့် ချီယွမ် မနေနိုင်စွာ ပြုံးမိသွားသည်။ ချက်ချင်းပဲ တွေးမိသွား၏။ ဆရာသာ မနေ့က အဖြစ်အပျက်ကိုသာ သိသွားလို့ကတော့ သေချာပေါက် အလေလိုက်နေတဲ့ ဂိုဏ်းတူ ညီအကိုဆိုသော စကားတစ်ခွန်းထဲနဲ့ ပြီးလိမ့်မည် မဟုတ်ပေ.....
ဘယ်လိုပဲ အတွေးများနေပါစေ ချီယွမ်တစ်ယောက် မျက်နှာထက်တွင် ခံစားချက်များ ထုတ်မပြခဲ့ချေ။
“ဂိုဏ်းတူ အကိုက တစ်ကယ်ကို အရည်အချင်းရှိပြီး လုပ်နိုင်စွမ်းရှိတဲ့ သူတစ်ယောက်ပါ။ ဒီတပည့်ကသာ နုံချာပြီး ဂိုဏ်းတူအစ်ကိုနဲ့ မယှဥ်ရဲပါဘူး”
“ဟ ဒီလောက်ကောင်းတဲ့ စကားပြော စွမ်းရည်ကို ဘယ်ကနေ သွားသင်လာတာလဲ”
ချီယွမ်၏ စကားများကြောင့် ဟန့်ကျန်း အနည်းငယ် စနောက်လိုက်သည်။ ထို့နောက်မှာ သူ့၏ မျက်နှာက ချက်ချင်း တည်ငြိမ်သွားကာ ဆုံးမစကားများ စတင်တော့သည်။
“မင်းကို ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တာအိုသားတော်အဖြစ် သတ်မှတ်ထားတယ်။ ဒါကြောင့် မင်းရဲ့ စကားအတိုင်းနဲ့ အပြုအမူတိုင်းက ထိုက်ရွှမ်း သန့်စင်နယ်မြေကို ကိုယ်စားပြုနိုင်တယ်။ ဒါကြောင့် အနာဂတ်မှာ ဂုဏ်သိက္ခာရှိတဲ့ ပုံစံမျိုးနဲ့ နေထိုင်ပါ။ မင်းရဲ့ သန့်စင်နယ်မြေကို ဂုဏ်မပျက်စေနဲ့”
“ဆရာ့ရဲ့သင်ပြမှုကို မှတ်သားထားပါ့မယ်”
ချီယွမ် တည်ငြိမ်စွာ ပြန်ဖြေလိုက်သော်ငြား စိတ်ထဲမှာတော့ အပြစ်ရှိစိတ်ကို ခံစားလိုက်ရ၏။