ဝိညာဥ်အခြေတည်နယ်ပယ်
Vol. 1 Ch. 10
ချီယွမ်၏ နာခံသောအပြုအမူကြောင့် ဟန့်ကျန်း ဆက်မဆုံးမတော့ပေ။
ထိုအစား သူက ခေါင်းစဉ်ကိုပြောင်းလဲလိုက်သည်။
"ကမ္ဘာကြီးက ကျယ်ပြောတယ်၊ ဒီကမ္ဘာပေါ်မှာရှိတဲ့ကျင့်ကြံသူတွေက ပင်လယ်ကမ်းစပ်က သဲမှုန်တွေလိုမျိုးပဲ မရေမတွက်နိုင်လောက်အောင်များပြားတယ်၊ ဒါပေမဲ့ အဲဒီကျင့်ကြံသူတွေထဲမှာ ဝိညာဉ်အခြေတည်နယ်ပယ်ကို ရောက်ဖို့ဆိုတာ လူတစ်သောင်းမှာ တစ်ယောက်ပဲ စွမ်းနိုင်တာမျိုးကွ”
“ ဒီကြီးမားတဲ့အခက်အခဲကို ကျော်ဖြတ်ရင်း ကျရှုံးခဲ့ရတဲ့ ပါရမီရှင်တွေဆိုတာ ရေတွက်လို့တောင်မရဘူး။ သူတို့အတွက် နောင်တရရုံအပြင် ရွေးစရာလည်း မရှိဘူး”
“ ဒါပေမဲ့ ငါ့တပည့် မင်းရဲ့အခြေခံက အမြင့်ဆုံးလို့ပြောလို့ရတယ်၊ မင်းအတွက် ဝိညာဉ်အခြေတည်နယ်ပယ်ကို အဆင့်တက်နိုင်ဖို့ သေချာပေါက်မခဲယဉ်းဘူး၊ ဒါပေမဲ့ ဝိညာဉ်အခြေတည်နယ်ပယ်ကို ရောက်လာရင်တောင်မှ ရှိနေသေးတဲ့အဆင့်ကွဲပြားမှုတွေက ကောင်းကင်နဲ့မြေကြီးလိုမျိုး ကြီးမားသေးတယ်"
"သန့်စင်နယ်မြေကြီး ၇ ခုရဲ့ မှတ်တမ်းအရဆိုရင် ဝိညာဉ်အခြေတည်နယ်ပယ်ကို အဆင့်ငါးဆင့်ခွဲထားတယ်၊ တာအိုအခြေခံဝိညာဉ်၊ ခရမ်းနန်းတော်ဝိညာဥ်၊ ထိုးထွင်းသိမြင်ခြင်းဝိညာဉ်၊ နတ်အလင်းဖြာဝိညာဉ်နဲ့ ဒဏ္ဍာရီလာကောင်းကင်ဝိညာဉ် ဆိုပြီး ငါးဆင့်ရှိတယ်။ အဲဒီငါးဆင့်ထဲမှာ အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ တာအိုအခြေခံဝိညာဉ်အဆင့်ဆိုရင် စိတ်ဝိညာဉ်စွမ်းအင်တွေက မသန့်စင်ဘူး၊ ကျင့်ကြံသူအများစုက ဝိညာဉ်အခြေတည်နယ်ပယ်ကို ရောက်လာပြီးတာတောင်မှ အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ တာအိုအခြေခံဝိညာဉ်အဆင့်ကို ရခဲ့တဲ့အတွက် ရှေ့ဆက်တိုးတက်ဖို့ ခဲယဥ်းခဲ့တယ်။ ဒါကြောင့်သူ့ကို အခြေခံလို့ နာမည်ပေးခဲ့တာပဲ”
"အဲဒီအဆင့်ငါးခုထဲက ခရမ်းနန်းတော်ဝိညာဥ်ကတော့ ပိုကောင်းတယ်ပြောရမယ်၊ ဝိညာဉ်အခြေတည်နယ်ပယ်မှာ ခရမ်းနန်းတော်ဝိညာဥ်ကို ဖန်တီးနိုင်မယ်ဆိုရင် နတ်အသွင်ပြောင်းလဲနိုင်ဖို့ အခွင့်အရေး ၂၀ ရာခိုင်နှုန်းလောက်ရနိုင်တယ်၊ အဲဒီထဲက ထိုးထွင်းသိမြင်ခြင်းဝိညာဉ်ကတော့ ခရမ်းနန်းတော်ဝိညာဉ်ထက်အဆင့်ပိုမြင့်တယ်၊ သူက နတ်အသွင်ပြောင်းခြင်းကိုရရှိဖို့အတွက် အခွင့်အရေး ၅၀ ရာခိုင်နှုန်းလောက်ပေးနိုင်တယ်"
"ဆရာ့ရဲ့ဝိညာဉ်ကတော့ နတ်အလင်းဖြာဝိညာဉ်ပဲ၊ အဲ့ဒီလိုဝိညာဉ်မျိုးက ပြောရရင် နတ်အသွင်ပြောင်းလဲနိုင်ဖို့ ၈၀ ရာခိုင်နှုန်းအခွင့်အရေးရှိတဲ့အတွက် အဲဒီလူရဲ့တာအို ကျင့်ကြံရေးလမ်းကြောင်းကလည်း အဆုံးမရှိတဲ့ဖြစ်နိုင်ခြေတွေ ရရှိနိုင်တာပေါ့"
"ဒဏ္ဍာရီလာကောင်းကင် ဝိညာဉ်ကိုတော့... သမိုင်းမှာအကြိမ်ရေတချို့ပဲမြင်ဖူးခဲ့တယ်၊ အဲဒီဝိညာဉ်ကိုရရှိတဲ့သူတွေက သေချာပေါက် ကောင်းကင်ဘုံရဲ့ကောင်းချီးပေးခံထားရတဲ့ သူတွေပဲ၊ ဆရာ ဒီလောကကိုရောက်လာပြီးကတည်းက ဒဏ္ဍာရီလာကောင်းကင်ဝိညာဉ်ကို ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူမျိုး တစ်ခါမှမတွေ့ဖူးခဲ့ဘူး၊ မင်းရဲ့ဆရာတူအစ်ကိုဖြစ်တဲ့ လုချန်ဖန်းဆိုရင် ဆရာ့ထက်တောင် အရည်အချင်းရှိသေးတယ်၊ ဒါပေမယ့် သူက အချစ်ရေးကိစ္စတွေနဲ့ သူ့ရဲ့တက်လမ်းကို အနှောင့်အယှက်ခံနေတော့ စိတ်ရိုင်းကိုမထိန်းချုပ်နိုင်ဘူးပေါ့၊ ဒါကြောင့်မလို့ ဝိညာဉ်အခြေတည်နယ်ပယ်ကို အဆင့်တက်တဲ့အချိန်မှာ ထိုးထွင်းသိမြင်ခြင်းဝိညာဉ်ကိုပဲ ဖန်တီးနိုင်ခဲ့တယ်"
တာအိုဆရာသခင်ဟန့်ကျန်းသည် ချီယွမ်ကို ချက်ချင်းဆိုသလို အဓိပ္ပာယ်ပါပါကြည့်လိုက်သည်။
"ဆရာပြောတာ မမေ့နဲ့"
"ချီယွမ်၊ မင်းကို ဝိညာဉ်အခြေတည်နယ်ပယ်တောင် မရောက်သေးဘဲနဲ့ ထိုက်ရွှမ်းနယ်မြေရဲ့ တာအိုသားတော်အဖြစ် သတ်မှတ်ခံရဖို့ အကုန်လုံးရဲ့အမြင်တွေကို ဆရာဆန့်ကျင်ခဲ့ရတယ်၊ ဆရာ အခုလိုလုပ်ပေးလိုက်တာကလည်း မင်းကိုနှောင့်ယှက်နေတဲ့ အနှောင့်အယှက်တွေကို ရှင်းလင်းနိုင်ပြီး မင်းရဲ့တာအိုနှလုံးသားကို ပိုမိုသန်မာလာစေဖို့ပဲ၊ အဲ့ဒါမှ ဝိညာဉ်အခြေတည်နယ်ပယ်ကို အနှောင့်အယှက်မရှိ အဆင့်တက်နိုင်မှာ၊ ဒါကြောင့် ဆရာပြောတာကို မှတ်ထားပါ၊ ဆရာတို့ ဒီထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ အဆက်ဆက်ရွေးချယ်လာခဲ့တဲ့ တာအိုသားတော်အားလုံးက ဝိညာဉ်အခြေတည်နယ်ပယ်ကို ရောက်တဲ့အခါမှာ နတ်အလင်းဖြာဝိညာဉ်ကို ဖန်တီးနိုင်ခဲ့ကြတယ်"
သတိပေးနေဟန်ရှိသော ထိုစကားလုံးများကြောင့် ချီယွမ်တစ်ယောက် မနေနိုင်အောင် ကျောချမ်းသွားခဲ့သည်။ ချက်ချင်းပဲ ဆရာသခင်ကို သဘောတူစွာခေါင်းညိတ်လိုက်၏။
"ဟုတ်ကဲ့ တပည့်မှတ်သားထားပါ့မယ်"
ဆရာဖြစ်သူ၏ဆိုလိုရင်းက ရိုးရှင်းပါ၏။ ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ တာအိုသားတော်တစ်ယောက်အနေနှင့် ဝိညာဉ်အခြေတည်နယ်ပယ်မှာ နတ်အလင်းဖြာဝိညာဉ်ကို မဖန်တီးနိုင်ခဲ့လျှင် တာအိုသားတော်ဟူသော သူ၏ဂုဏ်ထူးက မသေချာနိုင်တော့ချေ။ အင်မော်တယ်ဖြစ်လာနိုင်မည့် လမ်းကြောင်းသည် အခက်အခဲများစွာပြည့်နေပြီး ကျော်ဖြတ်ချင်လျှင် သေချာပေါက် အဆုံးထိတောင့်ခံထားနိုင်ဖို့ လိုအပ်သည်။
ချီယွမ်သည် ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ တာအိုသားတော်ဖြစ်လာစေရန် အရည်အချင်းရှိကျင့်ကြံသူများစွာကို တစ်ယောက်တည်းအနိုင်ယူခဲ့ရသည်။ ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ တာအိုသားတော်အနေဖြင့် နောင်လာမည့်အနာဂတ်မှာလည်း တခြားသန့်စင်နယ်မြေကြီးခြောက်ခု၏ သူတော်စင်များသာမက တာအိုသားတော်များနှင့်ပါ တိုက်ပွဲအဆက်ဆက်ဆင်နွှဲရဦးမည်ဖြစ်သည်။
ထိုအချိန်မှသာ တာအိုဆရာသခင်ဟန့်ကျန်းသည် ချီယွမ်ကို ခေါ်ခဲ့ရသော အဓိက အကြောင်းအရင်းကို အမှတ်ရသွားလေသည်။
"ချီယွမ်၊ ဆရာ ဒီရက်ပိုင်း ကျင့်ကြံမှုကျင့်စဉ်အချို့မှာ အတွေးပေါက်ထားတဲ့အတွက် အချိန်ခဏလောက် တံခါးပိတ်ကျင့်ကြံရဦးမယ်၊ ဆရာမင်းကိုခေါ်လိုက်တာက ခန်းမသခင်ချူ ဆီကနေ သင်ယူစရာရှိတာသင်ယူပြီး ငါ့ရဲ့တာဝန်တွေကို ခန့်ခွဲနိုင်အောင်ပဲ”
“ အာဟုတ်သား.. မင်းက ဝိညာဉ်အခြေတည်နယ်ပယ်ကို အဆင့်တက်တော့မှာဆိုတော့ ကျင့်ကြံမှုကိုလည်း အာရုံစိုက်ရအုံးမှာနော်.. ... ရတယ် ရတယ် ဒီကိစ္စကို ခန်းမသခင်ဆီကိုပဲ လက်လွှဲထားလိုက်တော့မယ်"
(အမယ်လေး တော်သေးတာပေါ့…)
ချီယွမ် ချက်ချင်းပဲ စိတ်သက်သာရာရသွားတော့သည်။
အလုပ်သင်တစ်ယောက်အနေနှင့် ဂိုဏ်းတစ်ခုလုံး၏အတွင်းရေးကို ဖြေရှင်းဖို့က မလွယ်ကူပါချေ။ ထိုရှုပ်ထွေးသောတာဝန်များကိုသာ ဆောင်ရွက်နေရလျှင် စနစ်ပေးအပ်ထားသော လက်ရှိတာဝန်အား ဘယ်လိုမှဆောင်ရွက်နိုင်လိမ့်မည်မဟုတ်ပေ။
ဂိုဏ်း၏အတွင်းရေးကို စီမံနိုင်သောအာဏာသည် မြင့်မားပြီး လွှမ်းမိုးနိုင်စွမ်းရှိသည်ဆိုသော်ငြား ချီယွမ်အတွက်တော့ ရွှံ့ဗွက်အိုင်တစ်ခုလိုမျိုး ညစ်ပတ်ရှုပ်ထွေးလှသည်။
ကောင်းမွန်သောအကျိုးရလဒ်ကို ဖန်တီးနိုင်လျှင်တောင်မှ နာမည်ကောင်းသာရလိမ့်မည်.. ဘာဆုလာဘ်မှ ရလိမ့်မည်မဟုတ်ချေ။ ဒါပေမဲ့ အမှားတစ်ခု လုပ်ခဲ့လို့ကတော့ ကျေးဇူးမတင်သည့်အပြင် ဝိုင်းဝန်းဆဲဆိုခံရမည်ဖြစ်သည်။
စည်းကမ်းတင်းကျပ်သော ထိုက်ရွှမ်းသန့်စင်နယ်မြေမှာ တာအိုသားတော် ဖြစ်လာသည့် အခြေအနေက မလွယ်ကူပါချေ။ များစွာသောဂိုဏ်းတပည့်များက ချီယွမ် အမှားလုပ်လာမှာကို အသင့်စောင့်ဆိုင်းနေကြသည်။
ချီယွမ် ချက်ချင်းပဲ စဉ်းစားမိသွား၏။
"ဆရာ..ဒီတပည့်က ကမ္ဘာအနှံ့ပတ်သွားချင်ပါတယ်၊ ကောင်းကင်ရဲ့တာအိုပညာကို လိုက်လံရှာဖွေရင်း အကောင်းဆုံးသောဝိညာဉ်ကို ဖန်တီးဖို့ကြိုးစားချင်တယ်၊ ဒါကြောင့် ဆရာသခင်ခွင့်ပြုပေးဖို့ တပည့်မျှော်လင့်မိပါတယ်"
"ဟမ်"
ဟန့်ကျန်း အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သော်ငြား ချက်ချင်း ပြေလျော့သွားကာ ရယ်မောလာခဲ့သည်။
"ကောင်းပြီလေ။ ဂိုဏ်းထဲမှာချည်း အောင်းနေရင် အောင်မြင်မှုရဖို့ ဘယ်လွယ်ပါ့မလဲ။ အပြင်ထွက်ပြီး လောကကြီးအကြောင်း လေ့လာတာလဲ မဆိုးပါဘူး။ ဒါပေမဲ့ ခရီးသွားနေတဲ့အချိန်မှာတော့ အားလုံးကိုဂရုစိုက် ကြားလား။ မင်းရဲ့လုပ်နိုင်စွမ်းထက် ကျော်လွန်တဲ့အန္တရာယ်မျိုး ကြုံလာရင် လက်လွတ်စပယ်လျှောက်မလုပ်နဲ့၊ ချက်ချင်းဆုတ်ခွာတာက အရှက်ရစရာကိစ္စမဟုတ်ဘူး၊ ဂိုဏ်းကိုပြန်လာပြီးမှ အကြီးအကဲတွေနဲ့အတူဆောင်ရွက်ပါ၊ ဆရာပြောတာနားလည်သလား"
"ဆရာ့ရဲ့သင်ပြမှုတွေကို တပည့်မှတ်သားထားပါ့မယ်"
ချီယွမ် အပျော်လွန်သွားခဲ့သည်။
ဆရာသခင်၏ ကတိစကားကို ရရှိလိုက်ခြင်းကြောင့်… စနစ်၏တာဝန်ကို လွတ်လပ်စွာလုပ်ဆောင်နိုင်မည့်အပြင် အန္တရာယ်ကြုံလာလျှင်လည်း ထိုက်ရွှမ်းသန့်စင်နယ်မြေဘက်မှ စိတ်ကြိုက်အကူအညီတောင်းလို့ရတော့မည်။ ဤကျင့်ကြံရေးလောကတွင် ကျင့်ကြံမှုသာမက နောက်ခံကလည်း အရေးပါသေး၏။ ကံကောင်းစွာဖြင့် ထိုက်ရွှမ်းသန့်စင်နယ်မြေကို နောက်ခံအဖြစ်ရထားခြင်းက တော်တော်လေးကောင်းမွန်ပါသည်။