← Chapters

လူရွေးပွဲ စပြီ

Vol. 24 Ch. 347

လူရွေးပွဲ စပြီ

Vol. 24 Ch. 347

သားစားကြူးနတ်ဘုရားသည် ကံကြမ္မာထံမှ နှစ်ကြိမ်တိုင်တိုင် အကြည့်ခံခဲ့ရပြီးဖြစ်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများအား သက်ရှိများ၏ စိတ်ဆန္ဒဖြင့်သာ ကုစားနိုင်မည်ဖြစ်သည်။ သွေးနီရောင်မြို့တော်ပိုင်ရှင်များသည် ကံကြမ္မာကို ကိုယ်စားပြုသည်။ သူတို့သည် ဟန်ဟိုင်းရှိ လူတိုင်း၏ဘဝများကို စီစဉ်ပေးခဲ့ကြသည်။ မိမိ၏ကံကြမ္မာကို ပြောင်းလဲလိုပါက စိတ်ဆန္ဒ၏စွမ်းအားဖြင့် အချုပ်အနှောင်များကို ဖြတ်ကျော်၍ မြို့တော်ပိုင်ရှင်အသစ် ဖြစ်လာရမည်ဖြစ်သည်။

ကောင်းမင်၏လမ်းကြောင်းသည် ရှင်းလင်း၏။ ၎င်းမှာ စိတ်ဆန္ဒစွမ်းအားများ စုဆောင်းရန်၊ လူတို့၏ကံကြမ္မာကို ပြောင်းလဲရန်၊ အခြားမြို့ပိုင်ရှင်လောင်းများကို ဖမ်းဆီးခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းဖြင့် ပိုင်ရှင်အသစ်ဖြစ်လာရန် ဖြစ်သည်။ထိုလမ်းကြောင်းသည် မယုံနိုင်လောက်အောင် အန္တရာယ်များသော်လည်း မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

ကောင်းမင် အားဖန်ကို ပထမဆုံးတွေ့မြင်ခဲ့ရချိန်က ထိုကလေးကိုယ်တွင်းမှ အရိပ်ကမ္ဘာ၏ စိတ်ဆန္ဒသည် ပေါက်ကွဲထွက်လာခဲ့သည်။ ၎င်းသည် အခြားသူများစွာ၏ အကြည့်များကို ဆွဲဆောင်ခဲ့သည်။ ထိုအချိန်က ကောင်းမင်သည် အရေးကြီးသည့်အရာတစ်ခုကို သတိပြုမိခဲ့သည်။ အခြားမြို့ပိုင်ရှင် ဆယ့်နှစ်ဦးသည် စည်းလုံးခြင်းမရှိပေ။ သူတို့ကြားတွင် ရှုပ်ထွေးမှုများစွာရှိနေသည်။

“ငါ့ရဲ့ အနာဂတ်ခြေလှမ်းတိုင်းကို သတိထားရမယ် ၊ စိတ်ဆန္ဒတွေ လုံလုံလောက်လောက် မစုဆောင်းနိုင်သေးခင် သားစားကြူးနတ်ဘုရားကို ထပ်ပြီး ဒဏ်ရာရစေလို့မဖြစ်တော့ဘူး”

သားစားကြူးနတ်ဘုရားအတွက် ကောင်းမင်နောက်လိုက်ရန် ရွေးချယ်ပြီးကတည်းက သူ့ဘဝသည် မလွယ်ကူခဲ့ပေ။ သူ့ဘဝသည် ဒဏ်ရာနှင့် ကုသမှုကြား လုံးချာလိုက်နေရသည်။

ဌာနချုပ်၏ လာမည့်လူရွေးပွဲနှင့် သန့်စင်ခြင်းတို့က စုံစမ်းစစ်ဆေးရေးဌာနသည် ဘေးကပ်ဆိုး၏ တည်ရှိမှုအား လက်ခံလိုက်ပြီဟု ဆိုလိုခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ မြို့ပတ်လည်ရှိ ကျူးကျော်ဝင်ရောက်လာသော အနက်ရောင်မြူခိုးများသည်လည်း ဘေးကပ်ဆိုးကို ဖုံးကွယ်ထား၍ မရတော့ကြောင်း ဆိုလိုပေသည်။ ဘေးကပ်ဆိုးသည် ၎င်း၏နောက်ထပ် ဒုတိယပိုင်းသို့ ဝင်ရောက်လာပြီဖြစ်သည်။

ရှင်သန်နိုင်ရန်အတွက် လူများသည် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြပေလိမ့်မည်။ မူလအစီအစဉ်ကား ပြိုကွဲသွားခဲ့ချေပြီ။

...

မြောက်ဘက်ဆိပ်ကမ်းမြို့၊ သုတေသနစခန်း တတိယထပ်

နံရံပေါ်ရှိ တိုင်ကပ်နာရီမှာ တချက်ချက် မြည်နေခဲ့သည်။ ကျင်းထောင်ရှန်းသည် သော့မခတ်ထားသော တံခါးကို တိတ်ဆိတ်စွာ စိုက်ကြည့်နေလေသည်။

တံခါးခေါက်သံတစ်ခု ကြားလိုက်ရပြီး ကျင်းထောင်ရှန်း တစ်စုံတစ်ရာ မပြောရသေးမီ ရုံးခန်းတံခါး ပွင့်သွားခဲ့သည်။ သွေးများပေကျံနေသည့် ဝမ်ကျား ဝင်လာခဲ့သည်။ သူသည် အလွန်အမင်း တည်ငြိမ်နေလေသည်။ သာမန်လူတစ်ဦးသည် သူဘာတွေးနေသည်ကို ခန့်မှန်းနိုင်မည် မဟုတ်ပေ။

“ခင်ဗျားက ဘယ်ခေတ်မှာ နေနေတာလဲ ၊ ဘာလို့ တိုင်ကပ်နာရီကြီးကို ဆက်ထားနေသေးတာလဲ”

“လက်တံလေး ရွှေ့တဲ့အသံကို နားထောင်ရတာ ငါကြိုက်တယ်လေ ၊ ဒါက အချိန်တွေ ကုန်ဆုံးသွားတာကို ငါ့ကို ပိုနားလည်စေတယ်”

ကျင်းထောင်ရှန်းသည် အခန်းအတွင်းရှိ ကင်မရာများကို ပိတ်လိုက်ပြီး ဝမ်ကျားအတွက် ရေနွေးတစ်ခွက် လောင်းထည့်ပေးလိုက်သည်။

“လူရွေးပွဲအတွက် သုံးနာရီပဲ ကျန်တော့တယ် ၊ မင်းလူတွေရဲ့ ပြင်ဆင်မှုက အခြေအနေဘယ်လိုရှိလဲ”

“ပြဿနာမရှိဘူး ၊ အခန်း၁၃ က လူတွေလာရဲရင် သူတို့အားလုံးကို ကျုပ်သတ်ပစ်မယ်၊ အထူးသဖြင့် ကောင်းမင်ကိုပေါ့”

ဝမ်ကျားက ဖန်ခွက်ထဲမှ ရေနွေးတစ်ငုံသောက်လိုက်သည်။ ကျင်းထောင်ရှန်း သူ့အား အဆိပ်ခတ်မည်ကို သူမကြောက်ပေ။

“မင်းဟာ ဌာနချုပ်ရဲ့ အမိန့်တွေကို ဆန့်ကျင်ပြီး ပိုဝမ်ရွာထဲကို ကိုယ်တိုင်ဦးဆောင်ပြီး ဝင်ရောက်ခဲ့တယ် ၊ ဘယ်သူ့ကိုမှ မဖမ်းဆီးနိုင်ရုံသာမကဘဲ ရွာထဲက သရဲတွေကိုပါ လွှတ်ပေးခဲ့သေးတယ် ၊ ဌာနချုပ်က မင်းကို အရမ်းမကျေမနပ် ဖြစ်နေတယ်”

ကျင်းထောင်ရှန်းက ညင်သာစွာ ပြောလိုက်သည်။ သူ့အမူအရာက မပြောင်းလဲသော်လည်း အခန်းအပူချိန် ကျဆင်းသွားသည်။

“ကျုပ် သူတို့ကိုကျေနပ်အောင် လုပ်ပေးလိုက်မယ်”

ဝမ်ကျားသည် ဖန်ခွက်ကို ချလိုက်သည်။

“တခြား ဘာရှိသေးလဲ”

ကျင်းထောင်ရှန်း ဘာမှမပြောသောကြောင့် ဝမ်ကျားသည် ရုံးခန်းနှင့်တွဲလျက်ရှိသော အခန်းနှစ်ခန်းကို ကြည့်လိုက်သည်။ သူက စားပွဲပေါ်ရှိ စာရွက်ဖိုင်ကို ကောက်ယူလိုက်ပြီး စာမျက်နှာပေါ်မှ သွေးများကို သုတ်လိုက်သည်။

“ဘေးကပ်ဆိုးက မျှော်မှန်းထားတာထက် ပိုမြန်မြန် ပျံ့နှံ့နေတယ် ၊ ဒါ့အပြင် အပြင်လောကနဲ့ ကျုပ်တို့နဲ့ အဆက်အသွယ် ပြတ်တောက်သွားပြီ၊ အထက်အရာရှိတွေရဲ့ စိုးရိမ်ပူပန်မှုကိုတော့ ကျုပ်နားလည်နိုင်ပါတယ် ၊ ဘာပဲဖြစ်ဖြစ် သူတို့က လူသားတွေပဲလေ ၊ သူတို့ သေခြင်းတရားကို ကြောက်နေကြလိမ့်မယ်…”

ကျင်းထောင်ရှန်းသည် သွေးများပေကျံနေသည့် စာရွက်စာတမ်းများကို စိုက်ကြည့်လိုက်သည်။ သူပြောစရာတစ်ခုခု ရှိနေပုံရသည်။ အချိန်အတော်ကြာပြီးနောက် သူသည် စားပွဲပေါ်ရှိ ရေခွက်ကို မယူဘဲ စာရွက်ဖိုင်အသစ်တစ်ခုကို ပရင့်ထုတ်လိုက်သည်။

“လူရွေးပွဲကြီးကို မြို့ဟောင်းနဲ့ မြို့တော်အရှေ့ပိုင်း ဆုံရာနေရာမှာ ကျင်းပမယ် ၊အဲ့ဒီမှာ မြို့တော်ရဲ့ အဆင်းရဲဆုံးနဲ့ အချမ်းသာဆုံး လမ်းနှစ်ခုကို ထည့်သွင်းထားတယ် ၊ ငါတို့ အဲဒီနေရာကို အရင်က စုံစမ်းရေးမှူးတွေအမြောက်အများ စေလွှတ်ခဲ့ပေမယ့် သူတို့အားလုံး မှတ်ဉာဏ်ချို့ယွင်းသွားပြီး ပြန်ထွက်လာတော့ သန္ဓေပြောင်းသွားကြတယ်”

“မှတ်ဉာဏ်ချို့ယွင်းတာလား”

ဝမ်ကျားက စာရွက်အသစ်ကို လှန်ကြည့်လိုက်သည်။ ထိုအချက်အလက်သည် သူ့မျက်လုံးများကို တောက်ပသွားစေသည်။

“သံသယရှိရသော အဆင့်ငါးမူမမှန်မှုလား”

“အဲဒါ သုတေသနဌာနရဲ့ အကဲဖြတ်ချက်ရလဒ်ပဲ ၊ ငါ သိချင်မိတယ် ၊ မင်း လီစန်းဆေးရုံကနေ ဘာတွေကို လွှတ်ပေးလိုက်တာလဲ”

“ဒီမူမမှန်မှုက လီစန်းဆေးရုံက ရွှံ့ရုပ်တုတွေနဲ့ ပတ်သက်နေတာလား”

ဝမ်ကျားသည် ဖတ်ရှုခြင်းအပေါ် အာရုံစိုက်လိုက်သည်။

“ဒါက အနက်ရောင်ရေကန်အောက်ခြေက ရွှံ့ရုပ်တုနှစ်ခုရဲ့လက်ဆောင်ချက် ဖြစ်ရမယ် ၊ သူတို့က မှတ်ဉာဏ်တွေကို ထိန်းချုပ်နိုင်ပြီး ကျုပ်တို့ဆီက သရဲတက်တူးစွမ်းအားကို စည်းမျဉ်းတွေရဲ့ စွမ်းအားကို အသုံးပြုပြီး ဖယ်ရှားပစ်နိုင်တယ်”

“ဒီလိုဆိုရင်တော့ ကောင်းမင်နဲ့ ခြောက်ခြားဂိမ်းကစားသမားတွေလည်း သူတို့ရဲ့ စွမ်းအားတွေ ဆုံးရှုံးသွားလိမ့်မယ် ၊ မင်းရဲ့ အဓိကပန်းတိုင်က မူမမှန်မှုတွေကို ကိုင်တွယ်ဖို့ပဲ ၊ ဒါပေမယ့် အဆင်ပြေရင် ဌာနချုပ်ဘက်က ဆူးတွေကို ဖယ်ရှားပစ်နိုင်တယ်”

ကျင်းထောင်ရှန်းသည် ဝမ်ကျားအား အစစ်အမှန်အစီအစဉ်ကို မျှဝေလိုက်သည်။

“အကြံကောင်းတစ်ခုပဲ၊ ဒါပေမယ့်…”

ဝမ်ကျားက စာရွက်ကို သိမ်းလိုက်သည်။

“ကျုပ်အဖွဲ့လည်း ဌာနချုပ်ရဲ့ ဆူးတွေ ဖြစ်လာပြီလို့ ဘာလို့ခံစားနေရတာလဲ”

“မင်း အတွေးလွန်နေတာပဲ ၊အခု ဌာနချုပ်က လူတွေလိုအပ်နေတယ် ၊ သူတို့က ဒီလို မိုက်မဲတဲ့အလုပ်မျိုး လုပ်မှာမဟုတ်ဘူး”

ကျင်းထောင်ရှန်းသည် သူ့ဖန်ခွက်ကို လှည့်နေရင်း အတက်အကျမရှိသောလေသံဖြင့် ပြောလိုက်သည်။

“ခင်ဗျား မှန်ပါစေလို့ မျှော်လင့်တယ်”

ဝမ်ကျားသည် ရေနွေးကို ကုန်အောင်သောက်လိုက်ပြီးနောက် အခန်းငယ်နှစ်ခုကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“ကျုပ် သွားပြီ ၊ သုံးနာရီအတွင်း မြို့တော်အရှေ့ပိုင်းမှာ ခင်ဗျားတို့ကို တွေ့မယ်”

ဝမ်ကျား ထရပ်ပြီး ထွက်ခွာသွား၏။

သူ့ခြေသံများ ပျောက်ကွယ်သွားပြီးနောက် အခန်းငယ်တံခါးများ ပွင့်ဟသွားပြီး ကျင်းထောင်ရှန်း တည်ထောင်ထားသော မြို့တော်အရှေ့ပိုင်း အထူးလုံခြုံရေးတပ်ဖွဲ့အသစ် ထွက်လာခဲ့ကြသည်။ သူတို့ထဲတွင် ပိုင်ရှောင်နှင့် ကျိုးကျွင်းတို့လည်း ပါဝင်လေသည်။

“မင်းတို့ အစောပိုင်းက လှုပ်ရှားခဲ့ရင် သူ့ကိုသတ်နိုင်ဖို့ အခွင့်အရေးဘယ်လောက်ရှိလဲ”

ကျင်းထောင်ရှန်းက သူ့ဖန်ခွက်ထဲတွင် ပေါလောမျောနေသော လက်ဖက်ခြောက်များကို လေ့လာရင်း မေးလိုက်သည်။

ဘယ်သူမှ မဖြေကြပေ။ စက္ကန့်အနည်းငယ်ကြာပြီးနောက် ကျင်းထောင်ရှန်းသည် စိတ်မရှည်စွာဖြင့် လက်ဝှေ့ယမ်းလိုက်သည်။

“မင်းတို့ သွားပြင်ဆင်ကြတော့ ၊ တွေ့ဆုံပွဲကို သုံးနာရီအတွင်း မြို့ဟောင်းရဲ့ ထာဝရဘဝအိမ်ရာမှာ လုပ်မယ်”

………

ကောင်းကင်သည် မှောင်မိုက်လို့နေ၏။ နေ့တာကား တိုတောင်းလာခဲ့သည်။ ညနေလေးနာရီသာ ရှိသေးသော်လည်း လမ်းမီးများ အားလုံးဖွင့်ထားရသည်။

မြို့ဟောင်းတွင် ရာဇ၀တ်မှုအများဆုံးဖြစ်သည့် ထာဝရဘဝအိမ်ရာသည် မြို့တော်အရှေ့ပိုင်းရှိ ပိုးထည်ခရိုင် ၊ လူချမ်းသာရပ်ကွက်နှင့် နံရံတစ်ခုသာ ခြားသည်။ နံရံသည် ထိုနေရာအား ကမ္ဘာနှစ်ခုအဖြစ် ပိုင်းခြားထားခဲ့သည်။

မြို့ဟောင်းတွင် မှိတ်တုတ်မှိတ်တုတ် မီးအလင်းရောင်များသာ ရှိသော်လည်း မြို့တော်အရှေ့ပိုင်း၏ နီယွန်မီးရောင်များသည် မှောင်မိုက်နေသော တိမ်မည်းများကိုပင် လင်းထိန်နေစေသည်။

“ဒီဘက်ခြမ်းက လူတချို့ဟာ သူတို့ရဲ့ဘဝမှာ ဘယ်လောက်ပဲ ကြိုးစားကြိုးစား နံရံရဲ့ တစ်ဖက်ခြမ်းကို ဘယ်တော့မှ ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး”

ဖန်လီသည် အနက်ရောင်ဂျာကင်ကို ဝတ်ဆင်ထားသည်။ ဆရာဝန်လီချန်ချိုက်နှင့် အားကစားသမား အိုးယန်စုစုတို့က သူ့နောက်မှ လိုက်ပါကြသည်။

သုံးဦးလုံးသည် အချိန်တိုအတွင်း များစွာပြောင်းလဲသွားခဲ့သည်။ ထိုအချင်းအရာသည် ဖန်လီထံတွင် အထူးသဖြင့် ထင်ရှား၏။ သူသည် ပိုမိုရင့်ကျက်လာခဲ့သည်။ အထူးသတ္တုမျက်နှာဖုံးကို သူ ဝတ်ဆင်ထားခဲ့သည်။

လမ်းမီးများ ပွင့်လိုက်ပိတ်လိုက်ဖြစ်နေကြသည်။ တိုက်ခန်းများအပြင်ဘက်တွင် လူများ ပို၍ပို၍ ထွက်ပေါ်လာကြသည်။ သူတို့သည် အုပ်စုငယ်များအဖြသ် လှုပ်ရှားနေကြလေသည်။

“ငါတို့ နည်းနည်း ပိုစောင့်သင့်လား ၊ ငါတို့ သတိထားဖို့ လိုတယ် ၊ အစ်မကျန်းလို အဖြစ်ဆိုးမျိုး ထပ်ဖြစ်စေလို့ မရဘူး”

အိုးရန်စုစုသည် အစ်မကျန်းကို ပြောလိုက်ရင်း သက်ပြင်းချလိုက်သည်။ သူတို့သည် အခြားမူမမှန်မှုတစ်ခုတွင် အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရပြီး သရဲအသံများကို ရင်းနှီးသော အစ်မကျန်းမှာ သေဆုံးခဲ့ရသည်။

မျက်နှာဖုံးနောက်ကွယ်မှ ဖန်လီ၏မျက်လုံးများ တဖြည်းဖြည်းပွင့်လာခဲ့သည်။ သူ့မျက်လုံးများကား သွေးရောင်ဖြင့် ရဲရဲနီနေလေသည်။

“ကျွန်တော်တို့ အခန်း ၁၃ က လူတွေကို အရင်ရှာရမယ် ၊ ကျွန်တော်တို့ သူ့အပေါ် အသက်ကြွေးတင်နေတုန်းပဲ”

All Chapters