← Chapters

အပြင်ဘက်မှာ ကြောက်စရာကောင်းတာတစ်ခုခုဖြစ်နေပြီ

Vol. 24 Ch. 350

အပြင်ဘက်မှာ ကြောက်စရာကောင်းတာတစ်ခုခုဖြစ်နေပြီ

Vol. 24 Ch. 350

လူချမ်းသာရပ်ကွက်၏ အခန်း ၁၈၀၁အတွင်း ဆိုဖာပေါ်တွင် ထိုင်နေသည့် ဝမ်ကျား၏ မျက်နှာအမူအရာသည် မည်းမှောင်နေ၏။ သူ၏ မျက်လုံးများအတွင်းမှ စိုးရိမ်ပူပန်မှုကို ဖုံးကွယ်ရန် သူ့မျက်စိသူငယ်အိမ်သည် အနည်းငယ် ကခုန်နေလေသည်။ အခန်းသည် ခမ်းနားစွာ အလှဆင်ထား၏။ နာမည်ကြီး တံဆိပ်များက နေရာတိုင်းတွင် ရှိနေ၏။ ပရိဘောဂများအများစုအား ပညာရှင်များစွာက ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။ ၎င်းတို့အား ကိုယ်တိုင်ကိုယ်ကျ လက်ဖြင့် ပြုလုပ်ထားပြီး ပုံတူကူး၍ မရပေ။ ဤကဲ့သို့ အိမ်တွင်နေထိုင်ရခြင်းသည် လူအများ၏ အိပ်မက်ဖြစ်သည်။ သို့သော်လည်း လက်ရှိ ပိုင်ရှင်သည် သူ၏လက်များကို တင်းကျပ်စွာဆုပ်၍ လက်သည်းများက သူ့လက်ဖမိုးအတွင်းသို့ နက်ရှိုင်းစွာ စိုက်ဝင်နေသဖြင့် သွေးများယိုစီးထွက်နေလေသည်။

“ဒါကို ဘယ်သူ ရှာတွေ့တာလဲ”

ပွင့်နေသည့် လက်ဆောင်သေတ္တာတစ်လုံးအား ဝမ်ကျားရှေ့ရှိ ကော်ဖီစားပွဲပေါ်တွင် တင်ထားသည်။ သေတ္တာအတွင်းတွင် ထိပ်ထိနီးပါး ကျိုးနေသည့် ဓားတစ်ချောင်း ရှိသည်။ ဓားသွား၏ ကိုယ်ထည်သည် ပါးလွှာသည်။ ရွှံ့နှင့် မည်းနက်နေသည့် ရေညှိများသည် ဓားရိုးအား စွန်းထင်းနေစေသည်။၎င်းတွင် ကြောက်မက်ဖွယ်ရာ အနံ့ဆိုးတစ်ခုပင် ရှိသည်။

“သူက ငါ့လူသတ်လက်နက်ကို ရှာတွေ့ခဲ့တယ်၊ ဒါပေမယ့် ဘာလို့ ငါ့ဆီကို ပို့လိုက်တာလဲ ၊ တခြား ဘာတွေ သူသိထားသေးလဲ ၊ သူက ငါအဲ့ဒီလူကို သတ်တာ မြင်ခဲ့တာပေါ့!”

ဝမ်ကျားသည် သူ၏ ဆံပင်ကို ဆွဲလိုက်ပြီး ခန့်ညားသည့် သူ့မျက်နှာသည် အတော်ပင် ရှုံ့မဲ့နေ၏။

“ငါ မမှတ်မိဘူး ၊ ငါ မမှတ်မိတာတွေ အများကြီးပဲ ၊ ဘာလို့လဲ…”

ဝမ်ကျား သူ၏ ဆံပင်ကို လွှတ်လိုက်သည်။ သူ ဖြည်းညှင်းစွာ လက်လှမ်းလိုက်ပြီး ဓားကိုဆုပ်ကိုင်လိုက်သည်။ သူ၏နှလုံးသား အနက်ပိုင်းတွင် ဝှက်ထားပြီး သူရင်မဆိုင်ချင်သည့် မှတ်ဉာဏ်တစ်ခုသည် ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့သည်။ ၎င်းသည် သူ၏ပထမဆုံး လူသတ်မှု ဖြစ်သည်။ အစီအစဉ်များစွာ ဆွဲပြီးနောက် သူသည် ကြုံရာအိမ်ခြေရာမဲ့တစ်ဦးကို သတ်ဖြတ်ခဲ့သည်။ ထိုဓားဖြင့် ထိုလူ၏ခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်းခဲ့သည်။ယင်းသည် သူလက်တွေ့လေ့ကျင့်သည့်အချိန်နှင့် လုံးဝကွဲပြားလေသည်။ သူအလွန် အာရုံစိုက်ခဲ့သော်လည်း ဓားသည် အရိုးထဲသို့ ဖြတ်ဝင်သွားပြီး သူကိုယ်တိုင်ပင် ဒဏ်ရာရလုနီးပါး ဖြစ်ခဲ့သည်။ ထို့ကြောင့် ဤဓားတွင် သားကောင်သွေးနှင့် သူ၏သွေးနှစ်မျိုးလုံး ပါဝင်သည်။ ၎င်းကို ရှာဖွေမတွေ့နိုင်ပေ!။

အံကြိတ်ထားသည့် သူ့သွားများကို ဖြည်းညှင်းစွာ ဖြေလျော့လိုက်သည်။ ဝမ်ကျားသည် သူကိုင်ထားသည့် ဓားသွားကို စိုက်ကြည့်လိုက်သည်။ သူသည် ထိုအချိန်ကို ပြန်လည် အသက်သွင်းနေသည့်အလား ပြင်းပြင်းထန်ထန် အသက်ရှူလိုက်သည်။ ထိုအချိန်တုန်းက လူသားတစ်ဦးကို သတ်ဖြတ်ခြင်းသည် ကြွက်၊ ကြောင်၊ ခွေးတို့ကို သတ်ဖြတ်ရခြင်းထက် အများကြီး ပိုမို ကောင်းမွန်သည်ဟု သူခံစားခဲ့ရသည်။

“ငါ့ကို ဒီလက်ဆောင် ပို့လိုက်တဲ့လူကို ငါ ရှာရမယ် ၊ ပြီးတော့… သူ့ကို ထာဝရ နှုတ်ပိတ်သွားအောင် လုပ်ပစ်မယ်”

ဝမ်ကျားက ဓားကို သူ့အဝတ်အတွင်း ဝှက်လိုက်ပြီး ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်သည်။

ဤနေရာသည် အံ့သြဖွယ်ကောင်းသော်လည်း သူသည် ဤအိမ်ကို သူ့အိမ်ဖြစ်သည်ဟု မထင်ပေ။ သို့သော်လည်း သူထိုနေရာတွင် ကြာကြာနေလေ ပတ်ဝန်းကျင်ရှိ အရာများသည်သူ့အတွက် ပိုမို ရင်းနှီးလာလေဖြစ်သည်။ သူသည် ငယ်စဉ်ကတည်းက ဤနေရာတွင် နေထိုင်ခဲ့သည့်နှယ်ခံစားရသည်။ သူပိုင်ဆိုင်သည့် မှတ်ဉာဏ်တိုင်းသည် ဤအခန်းတွင် အခြေခံထားလေသည်။

“ငါ့နာမည်က ဝမ်ကျား ၊ ငါ့ရဲ့အထက်တန်းကျောင်း တတိယနှစ်ကစပြီး ငါ့ရဲ့ပထမဆုံး လူသတ်မှုအထိ မှတ်ဉာဏ်တွေက ငါ့စိတ်ထဲမှာ လတ်ဆတ်နေသေးတုန်းပဲ ၊ ငါ ဘာကို မေ့သွားတာလဲ”

ဝမ်ကျား၏တစ်ခုတည်းသော သဲလွန်စသည် လက်ဆောင်သေတ္တာဖြစ်သည်။ ၎င်းကို ပို့ခဲ့သောသူသည် အရာအားလုံးကို သိထားရမည်ဖြစ်သည်။ ဝမ်ကျားက ထိုနေရာကို စစ်ဆေးလိုက်သည်။အခန်းအတွင်းရှိ ကွန်ပျူတာကို ဖွင့်လိုက်ပြီး ဧည့်ခန်းရှိလုံခြုံရေးကင်မရာကို သူစစ်ဆေးကြည့်သည်။ ဗီဒီယိုထဲတွင် သူသည် မိနစ်အနည်းငယ်အကြာက တံခါးဖွင့်သူဖြစ်ကြောင်း ၊ သေတ္တာကို သူ၏လက်ဖြင့် သယ်ဆောင်၍ ကော်ဖီစားပွဲပေါ်သို့ ကိုယ်တိုင် တင်ထားခဲ့ကြောင်း ပြသနေသည်။

“ငါဒါကို အပြင်က သယ်လာတာလား!”

ဝမ်ကျားသည် ၎င်းကို မမှတ်မိသော်လည်း ဗီဒီယိုက သူ့ကိုလိမ်ညာလိမ့်မည် မဟုတ်ပေ။

“ဒီသေတ္တာကို ငါ့ဆီ ဘယ်သူပို့လိုက်လဲဆိုတာ သိဖို့လုံခြုံရေးအစောင့်တွေနဲ့ စစ်ဆေးဖို့လိုပုံပဲ”

သူ၏ဦးနှောက်အတွင်းရှိ မှတ်ဉာဏ်များသည် အချိန်နှင့်အမျှပျောက်ကွယ်သွားသော်လည်း သူဘာကို မေ့သွားသည်ကို ဘယ်သူမှမသိကြပေ။

သေတ္တာအား ဗီရိုထဲတွင် ဝှက်လိုက်ပြီးနောက် ဝမ်ကျားသည် ဧည့်ခန်းတံခါးကို ဖွင့်လိုက်သည်။ ကော်ရစ်ဒါရှိ အာရုံခံမီးများ ချက်ချင်းပွင့်လာ၏။

“မီးတွေက နည်းနည်း မှိန်နေတယ် ၊ ဒီကော်ရစ်ဒါက…”

ဤနေရာသည် အလွန်တိတ်ဆိတ်နေသည်ဟု ဝမ်ကျားခံစားရသည်။ ခဏတာ တုံ့ဆိုင်းနေပြီးနောက် သူသည် သူ့နေရာမှ ထွက်၍ ဓာတ်လှေကားဆီသို့ လျှောက်သွားလိုက်သည်။

ဒင် ဟူသောအသံနှင့်အတူ မျက်နှာပြင်ပေါ်ရှိ နံပါတ်များ စတင်ပြောင်းလဲလာတော့သည်။ ထိုအချိန်တွင် ဝမ်ကျားအိမ်နီးချင်း၏ တံခါးပွင့်လာလေသည်။ ဆံပင်ဖြူလူငယ်တစ်ဦးပေါ်လာပြီး အေးစက်စွာ ပြောသည်။

“မင်း ဓာတ်လှေကားမသုံးဖို့ ငါအကြံပေးချင်တယ် ၊ အဲဒီအရာတွေကို ဒီအထပ်ကို ဆွဲဆောင်မိတာမျိုး မလုပ်နဲ့”

“မင်း ဘယ်သူလဲ”

ဝမ်ကျားသည် ထိုလူငယ်ကို လုံးဝမှတ်မိခြင်း မရှိပေ။

“ငါက စီတုချန်”

သူ့နာမည်မှလွဲ၍ ထိုလူငယ်သည် တခြားဘာအချက်အလက်မှ မပေးခဲ့ပေ။

“ကြောက်စရာကောင်းတာတစ်ခုခု အပြင်ဘက်မှာ ဖြစ်ပျက်နေတယ် ၊ မင်း မသေချင်ရင် ပုန်းနေတာ ပိုကောင်းမယ်”

“ဘာတစ်ခုခုလဲ”

“မင်း မမြင်ဘူးလား ၊ မြို့ဟောင်းနဲ့ မြို့တော်အရှေ့ပိုင်းက လုံးဝမှောင်မဲနေပြီ ၊ လူချမ်းသာရပ်ကွက်နဲ့ ထာဝရဘဝအိမ်ရာပဲ လျှပ်စစ်ဓာတ်အားမပြတ်တော်သေးတာ ၊ ငါတို့ မသိတဲ့ဘေးကပ်ဆိုးတစ်ခုက မြို့တစ်ဝှမ်းလုံးမှာ ပျံ့နှံ့နေတာဖြစ်ရမယ်”

စီတုချန်က မဲမှောင်စွာ ပြောသည်။ သူ၏ဘဝသည် ဝမ်းနည်းကြေကွဲဖွယ်ကောင်းပုံရသော်လည်း အကြောင်းတစ်ခုခုကြောင့် သူအသက်ရှင်နေပုံရသည်။

“မင်း ပြတင်းပေါက်ကနေ မြို့ဟောင်းကို ကြည့်လို့ရတယ် ၊ ထာဝရဘဝအိမ်ရာမှာ ဖရိုဖရဲတွေ ဖြစ်ပျက်နေတယ် ၊ လူတစ်ယောက် အော်သံကို ငါကြားနေရတယ် ၊ လူတွေ အမဲလိုက်ခံနေရတယ်”

“ကပ်ဆိုး… ဘာက ငါတို့ကို ခြိမ်းခြောက်နေတာလဲ”

“ငါ မသိဘူး”

စီတုချန် သူ၏ခေါင်းကို ခါသည်။

ဝမ်ကျားသည် ဓာတ်လှေကားနဲ့ ဝေးဝေးရွေ့သွားလိုက်သည်။ သူ စီတုချန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခပ်တိုးတိုးပြောသည်။

“မင်း ဒီနေ့ အနီရောင်သေတ္တာတစ်လုံး လက်ခံရရှိခဲ့လား”

စီတုချန် ခေါင်းညိတ်လိုက်သည်။

“ဝင်လာတဲ့ လူတိုင်း အထူးလက်ဆောင်တစ်ခု ရကြတယ် ၊ ဒီလက်ဆောင်တွေက ငါတို့အသက်ထက်တောင် ပိုပြီး အဖိုးတန်နိုင်တယ်”

သူတို့နှစ်ဦး စကားပြောနေစဉ် ဓာတ်လှေကားမျက်နှာပြင်ပေါ်မှ နံပါတ်သည် သွေးထွက်နေသကဲ့သို့ အနီရောင် ပြောင်းသွားလေသည်။ ထိုနံပါတ်သည် သူတို့နှစ်ဦးကို စိုက်ကြည့်နေပြီး သူတို့၏မျက်နှာများကို မှတ်ဉာဏ်တွင်း ထည့်သွင်းရန် ကြိုးစားနေသည့်နှယ်ထင်ရသည်။

“တစ်ခုခု တက်လာနေတာလား”

စီတုချန်က ချက်ချင်းတံခါးကို ပိတ်၍ ပုန်းအောင်းလိုက်သည်။ ဝမ်ကျားသည် ထိုနေရာတွင် ခဏနေခဲ့ပြီးနောက် အိမ်သို့ပြန်မသွားဘဲ သူ့အဝတ်အစားအတွင်းမှ ဓားပေါ် လက်တင်ထားရင်း လှေကားဆီ လျှောက်သွားလိုက်သည်။ သူသည် တံခါးနောက်တွင်ပုန်း၍ အဟကြားမှ အပြင်သို့ စိုက်ကြည့်နေလိုက်သည်။ သူ၏ ကြီးပြင်းလာမှုသည် သူ၏စရိုက်ကို ပုံဖော်ပေးခဲ့သည်။ သူ၏ နှလုံးသားအတွင်းရှိ ဟာလာဟင်းလင်းဖြစ်မှုကို ကျေနပ်စေရန် အန်ဒရီနယ်လင်ကိုအသုံးပြုရခြင်းအား သူနှစ်သက်သည်။ နံပါတ်များက ဆက်လက် ပြောင်းလဲနေခဲ့သည်။နံပါတ် ၁၈ သို့ ရောက်သောအခါ ဝမ်ကျားအထပ်ရှိ မီးအားလုံး ဖျတ်ခနဲပိတ်သွားသည်။

ဒင်!

ဓာတ်လှေကား တံခါးများ ပွင့်ဟလာ၏။ ဝမ်ကျားအား မျက်မှောင်ကြုတ်စေသည့် အရာမှာ ဓာတ်လှေကားခန်းသည် ပုံမှန်မီးဖြင့် တပ်ဆင်ထားခြင်းမဟုတ်ဘဲ အနီရောင်ရင့်ရင့်မီးဖြင့် တပ်ဆင်ထားခြင်းဖြစ်သည်။ သူသည် အဘယ်ကြောင့်မှန်း မသိသော်လည်း ထိုမီးအလင်းရောင်ကို စေးကပ်ပြီးပျစ်ချွဲနေသည်ဟု ဖော်ပြလိုသည်။ ဓာတ်လှေကားထဲမှ တစ်စုံတစ်ခုလိမ့်ထွက်လာလေသည်။

ကော်ရစ်ဒါတွင်တွင် မှုန်ဝါးဝါး ပုံရိပ်တစ်ခုရှိနေသည်။ ၎င်းသည် လူပုံသဏ္ဌာန် ဖြစ်သော်လည်း ဝမ်ကျားသည် ၎င်းက လူဖြစ်သည်ဟုမထင်ပေ။

“ငါက လူသတ်သမားတစ်ယောက်ဖြစ်သလို အမဲလိုက်သမားလည်း ဖြစ်တယ် ၊ ဒီအရာက ငါနဲ့ အနှစ်သာရ မတူဘူး…”

ထိုအရာသည် ဝမ်ကျား၏အိမ်ရှေ့တွင် ခဏရပ်တန့်လိုက်သည်။ ၎င်း၏မျက်နှာက တံခါး၏ ချောင်းကြည့်ပေါက်တွင် ကပ်လိုက်သည်။ ဦးခေါင်းတစ်ခုလုံးသည် ထိုအပေါက်ငယ်မှ တိုးဝင်ရန် ကြိုးစားနေ၏။ ဖိအားအောက်တွင် တံခါးကွဲအက်လာသည့် အသံက အမှောင်ထုထဲတွင် ရှင်းရှင်းလင်းလင်းဖြစ်နေတော့သည်။ ဝမ်ကျားက အသက်အောင့်ထားလိုက်သည်။ အိမ်တွင် နေနေရခြင်းသည် လုံးဝလုံခြုံသည်ဟု မဆိုနိုင်ပေ!။

“အဲဒါ ဘာကြီးလဲ ၊ ဒီရပ်ကွက်မှာ ဘာတွေ ဖြစ်နေတာလဲ”

…

ဖန်လီက သူ၏သော့ကို ငုံ့ကြည့်လိုက်သည်။ ၎င်းတွင် နံပါတ် ၄၄၄၁ ရှိ၏။

“ခင်ဗျားတို့နှစ်ယောက် ဒီအခန်းထဲ အရင်သွားသင့်တယ်”

ဖန်လီသည် သော့အား ဆရာဝန်လီချန်ချိုက်ထံ ပေးလိုက်သည်။

“မင်းကကော”

“ကျွန်တော် ကောင်းမင်ကို သွားရှာမယ်”

ဖန်လီသည် သားစားကြူးနတ်ဘုရား၏ ဆင့်ခေါ်မှုကို ခံစားနိုင်လေသည်။ သူသည် နတ်ဘုရား၏ သွေးကို သောက်ခဲ့ပြီးနောက် ကောင်းမင်နှင့်အထူးနှောင်ကြိုးတစ်ခုကို ဖွဲ့တည်ခဲ့သည်။

သူသည် ထာဝရဘဝအိမ်ရာသို့ ဝင်ရောက်ခြင်းမပြုမီ ကောင်းမင်ကို ရှာရန် ကြိုးစားခဲ့သော်လည်း အချည်းနှီး ဖြစ်ခဲ့သည်။ အံ့သြစရာကောင်းသည်မှာ သူတိုက်ခန်းအဆောက်အအုံအတွင်းသို့ ဝင်သည့်အချိန်တွင် သားစားကြူးနတ်ဘုရား၏ဆင့်ခေါ်မှု ပေါ်လာခဲ့သည်။ ဤသည်မှာ အရာတစ်ခုကိုသာ ဆိုလိုခြင်းဖြစ်သည်– ကောင်းမင်သည် စုံစမ်းစစ်ဆေးရေးဌာန မရောက်မီကတည်းက ထာဝရဘဝအိမ်ရာအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။

All Chapters