← Chapters

ဘဝဆိုတာ မတူညီတဲ့အခန်းတွေရဲ့ ဇာတ်လမ်းတွဲတစ်ခု

Vol. 24 Ch. 351

ဘဝဆိုတာ မတူညီတဲ့အခန်းတွေရဲ့ ဇာတ်လမ်းတွဲတစ်ခု

Vol. 24 Ch. 351

ဖန်လီသည် စုံစမ်းစစ်ဆေးရေးဌာန၏ လူရွေးပွဲကို စိတ်မဝင်စားပေ။ သူသည် သူ၏အသက်သခင် ကောင်းမင်အတွက်သာ ထိုနေရာသို့ ရောက်လာခြင်း ဖြစ်သည်။ သူသည် ထာဝရဘဝအိမ်ရာအတွင်းသို့ ဝင်ရောက်ပြီးကတည်းက သူ၏နှလုံးသားသည် သားစားကြူးနတ်ဘုရား၏ ခေါ်ဆိုမှုကြောင့် စတင် ခုန်ပေါက်နေခဲ့သည်။ ကောင်းမင်သည် ဒုက္ခရောက်နေသည်ဟု သူ ခံစားရသည်။

“ကောင်းမင် ငါ့ကို လိုအပ်နေပြီ ၊ ဒါပေမယ့် သူတောင် မဖြေရှင်းနိုင်တဲ့ ပြဿနာဆိုရင် ငါ ဘာလုပ်နိုင်မှာလဲ”

ဖန်လီက သူသည် ကောင်းမင်လောက်မသန်မာသည်ကို သိသော်လည်း ကော်ရစ်ဒါတစ်လျှောက် ပြေးဆင်းသွားသည်။ ထာဝရဘဝအိမ်ရာသည် သေးငယ်သော်လည်း အကြောင်းတစ်ခုခုကြောင့် ဖန်လီသည် ပတ်ပြေးနေရင်း လမ်းပျောက်သွား၏။

“ငါ ဒီကို တစ်ခါရောက်ဖူးတယ်လို့ ထင်တယ်…”

အရိပ်သည် သူ့ထံသို့ လှိုင်းများပမာ ရိုက်ခတ်လာ၏။ဖန်လီသည် သူ့ထံသို့ အန္တရာယ်ရှိသည့် တစ်စုံတစ်ရာ ချဉ်းကပ်လာနေသည်ကို ခံစားလိုက်ရသည်။ သူ၏ဆင်ခြင်တုံတရားက အခန်းတစ်ခန်းအတွင်း သူပုန်းမနေပါက သူသေဆုံးလိမ့်မည်ဟု ပြောနေသည်။ သို့သော်လည်း စိတ်ခံစားမှုအရ ကောင်းမင်ကိုရှာဖွေခြင်းက ပိုအရေးကြီးသည်ဟု သူခံစားရသည်။

ဖန်လီ သူ၏နှလုံးကို ဖိကိုင်ပြီး နောက်သို့လှည့်ကြည့်သည်။ ကော်ရစ်ဒါအား အမှောင်ထုက ဝါးမြိုသွားခဲ့ပြီဖြစ်သည်။ မီးရောင်အားလုံး ပိတ်သွားခဲ့ပြီး သူ၏လမ်းလျှောက်စကားပြောစက်မှ ပြတ်တောင်းပြတ်တောင်း ဆူညံသံများ ထွက်ပေါ်လာလေသည်။အသံသည် ဆရာဝန်လီချန်ချိုက်နှင့် အိုးယန်စုစုတို့က သူ့နာမည်ကို ခေါ်နေသကဲ့သို့ဖြစ်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ့အသင်းဖော်နှစ်ဦးတို့၏ အသံများသည် ပုံပျက်လာပြီး မရှင်းလင်းတော့ပေ။ ဖန်လီ လမ်းလျှောက်စကားပြောစက်ကို ပိတ်လိုက်သည်။

သူသည် ပတ်ပတ်လည် ကြည့်ရှုနေခြင်းအား ရပ်တန့်လိုက်သည်။ မည်သည့်အခန်းအတွင်းမှ မဝင်သေးဘဲ သားစားကြူးနတ်ဘုရားကို အာရုံခံရန်အစွမ်းကုန် ကြိုးစားလိုက်သည်။

ဤရှုပ်ထွေးနေသည့် မြို့တော်တွင် ယုံကြည်မှုသည် စိန်တစ်လုံးထက်ပင် ပိုအဖိုးတန်လေသည်။ မည်သူမဆို မိမိကိုယ်ကို ပထမနေရာတွင် ထားမည်ဖြစ်သော်လည်း ဖန်လီကမူ ခြွင်းချက်ဖြစ်သည်။ သူ့စိတ်ထဲမှ အရာများမှေးမှိန်သွားခဲ့သည်။ ဖန်လီသည် သူ၏သွေးအတွင်းမှ အသံကိုသာ အာရုံစိုက်ထားလိုက်၏။ သူသည် မည်သည့်နေရာသို့ သွားနေသည်ကို မသိသော်လည်း နောက်ဆုံးတွင် အသံများအားလုံး ပျောက်ကွယ်သွားပြီး သူ့ပတ်ဝန်းကျင်တွင် မည်သူမျှမရှိတော့ပေ။ သူ့နောက်ရှိ အရိပ်သည် သူ့ထံသို့ တွားသွားလာနေ၏။ သူ၏ခြေထောက်သည် ခဲဆွဲထားသကဲ့သို့ ဖြစ်လာသော်လည်း ဖန်လီသည် သားစားကြူးနတ်ဘုရားနှင့် ပိုမိုနီးစပ်လာသည်ဟု ခံစားရသည်။ သူ လှေကားထစ်များကို အားယူ၍ တက်လိုက်သည်။ သူသည် အထပ်အသစ်သို့ ရောက်လာပြီးနောက် သားစားကြူးနတ်ဘုရား၏ ခေါ်ဆိုမှုသည် ပိုမိုအားကောင်းလာသော်လည်း ပို၍ပင် မတည်မငြိမ် ဖြစ်လာခဲ့သည်။

“ကောင်းမင် ဒီအထပ်မှာ ရှိရမယ်!”

ဖန်လီသည် အခန်းများကို မော့ကြည့်လိုက်ပြီး အံ့အားသင့်သွား၏။ ဤအထပ်ရှိ အခန်းအားလုံးသည် အခန်းနံပါတ် (၀၇၁၅)ဖြစ်နေပြီး တူညီနေလေသည်။ နံပါတ်များက တူညီသော်လည်း တံခါးများ ကွဲပြားသည်။ အချို့ကို ကြော်ငြာစာရွက်များကပ်ထားပြီး အချို့သည် ဗလာကျင်းလျက်ရှိနေသည်။ အချို့သည် သစ်သားဖြင့်ပြုလုပ်ထားပြီး အချို့ကား သတ္တုဖြင့် ပြုလုပ်ထား၏။ ကြောက်စရာအကောင်းဆုံးသည် ကော်ရစ်ဒါအဆုံးရှိ အခန်းဖြစ်သည်။ တံခါးကို ဂါထာမန္တန်များဖြင့် ဖုံးအုပ်ထားလေသည်။

အရိပ်အတွင်းမှ အရာကား လျင်မြန်စွာ ချဉ်းကပ်လာနေချေပြီ။ သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ခံနေရသော ဖန်လီက ကောင်းမင်၏နာမည်ကို အော်ခေါ်ရင်း တံခါးများကို တွင်တွင်ခေါက်သည်။ မည်သူမျှ သူ့ကို ပြန်မဖြေကြပေ။ သူသည် ကော်ရစ်ဒါတလျှောက် အလျင်စလို ပြေးသွားလိုက်သည်။ စတုတ္ထအခန်း၏တံခါးလက်ကိုင်ကို သူ စမ်းကြည့်လိုက်သည့်အခါ အခန်းသည် သော့ခတ်မထားသည်ကို အံ့အားသင့်စွာ တွေ့လိုက်ရသည်။ တွန့်ဆုတ်မနေတော့ဘဲ ဖန်လီကတံခါးကို ကျော်ဖြတ်၍ အခန်းအတွင်းအပြေးဝင်လိုက်သည်။ သူ တံခါးကိုမှီကာ အမောတကော အသက်ရှူလိုက်သည်။ သူ ပုံမှန်ပြန်မဖြစ်မီ သူ့မျက်နှာသည် ဖြူဆုတ်သွားတော့သည်။

“ကောင်းမင်!”

သပ်ရပ်နေသည့် ဧည့်ခန်းအတွင်းတွင် လျှပ်စစ်ကြိုးသည် မျက်နှာကြက်ထုတ်တန်းမှ တွဲလောင်းကျနေလေသည်။ ထိုကြိုးသည် ကောင်းမင်၏လည်ပင်းတွင် ရစ်ပတ်ထားသည်။ ကောင်းမင်သည် သူ၏အထက်တန်းကျောင်းဝတ်စုံဖြင့် အခန်းအလယ်တွင် ကြိုးဆွဲချခံထားရလေသည်။ ဖန်လီ ကောင်းမင်ခြေထောက်ကို ဆွဲမရန် ရှေ့သို့ အပြေးသွားလိုက်သည်။ သူသည် သူ့အား အပေါ်သို့ တွန်းတင်ရန် ကြိုးစားလိုက်သော်လည်း ကောင်းမင်၏ခန္ဓာကိုယ်သည် အပူချိန်အားလုံး ကင်းမဲ့နေချေပြီ။ ထိုအခါမှသာ အလောင်းတစ်လောင်းသည် မည်မျှလေးနိုင်သည်ကို သူ သဘောပေါက်မိသွားသည်...။

ဖန်လီက မီးဖိုချောင်သုံးဓားတစ်ချောင်းကို ရှာ၍ လျှပ်စစ်ကြိုးကို ဖြတ်ပစ်လိုက်သည်။ ကောင်းမင်၏ ခန္ဓာကိုယ်အား ကြမ်းပြင်ပေါ်သို့ အလျားလိုက်ချလိုက်သည်။ သူသည် အလွန်အံ့အားသင့်ပြီး ထိတ်လန့်နေသည့်အတွက်ကြောင့် ဝမ်းနည်းခြင်းပင် မခံစားရပေ။

“ငါ နောက်ကျသွားပြီလား”

ဖန်လီသည် ကောင်းမင်ကို CPR ပေးရန် ကြိုးစားသော်လည်း အချည်းနှီးပင် ဖြစ်သည်။ ကောင်းမင်ကား အချိန်အတန်ကြာကတည်းက သေဆုံးနေခဲ့ပြီ ဖြစ်သည်။

“သူက ရေသေဖိုရမ်ရဲ့ တည်ထောင်သူနဲ့ အသန်မာဆုံး ခြောက်ခြားဂိမ်းကစားသမားပဲ ၊ သူက ဘယ်လိုလုပ် သေဆုံးနိုင်မှာလဲ ၊ ဒါက ပုံရိပ်ယောင်ပဲ ဖြစ်ရမယ်”

ဖန်လီက မိမိကိုယ်ကို တည်ငြိမ်နိုင်အောင် အတင်းအကျပ်တွန်းအားပေးလိုက်သည်။ သူသည် အရာအားလုံးကို သေချာစွာ ဂရုတစိုက်လေ့လာလိုက်သည်။ သေဆုံးနေသည့် ကောင်းမင်သည် သူသိသည့် ကောင်းမင်နှင့်ကွဲပြားနေသည်ကို သူသိလိုက်ရသည်။ ခန္ဓာကိုယ်သည် အလွန်အမင်း ငယ်ရွယ်နေသည်။ သူ၏မျက်နှာသွင်ပြင်နှင့် ခန္ဓာကိုယ်သည် ဆယ်ကျော်သက်တစ်ဦး၏ အသွင်အပြင် ဖြစ်သည်။

“ဒါက ကောင်းမင်အထက်တန်းကျောင်းတုန်းကလား”

ကောင်းမင်၏ မျက်လုံးများသည် ပြူးကျယ်နေပြီး လျှာသည်လည်ချောင်းတွင် တစ်ဆို့နေသည့်အတွက် သူ၏မျက်နှာအမူအရာသည် ကြောက်မက်ဖွယ်ကောင်းနေလေသည်။

“နောက်ကျသွားတာ ခွင့်လွှတ်ပါ”

ဖန်လီသည် ကောင်းမင်၏မျက်လုံးများကို ပိတ်လိုက်သည်။ သူသည် ကောင်းမင်၏ ခန္ဓာကိုယ်ပေါ်တွင် အခြားဒဏ်ရာများကို တွေ့လိုက်ရသည်။ ၎င်းတို့သည် အပေါ်ယံဒဏ်ရာများသာ ဖြစ်သည်။

“ကိုယ့်ကိုကိုယ် သတ်သေတာလား ၊မဟုတ်ဘူး။ ငါသိတဲ့ ကောင်းမင်က ဒီလိုမျိုးလုပ်မှာမဟုတ်ဘူး! ငါ တစ်ခုခု လွဲချော်နေတာလား”

ဖန်လီသည် ဧည့်ခန်းပတ်လည် လှုပ်ရှားလိုက်ပြီး အမှိုက်ပုံးအတွင်းတွင် ကွာရှင်းစာချုပ်တစ်ခုနှင့် စုတ်ပြဲနေသည့် စိတ်ရောဂါအစီရင်ခံစာတစ်ပိုင်းကို တွေ့လိုက်ရသည်။ ကောင်းမင်၏ဖခင်သည် မျိုးရိုးလိုက်သည့် စိတ်ရောဂါနှင့် ဒေါသကြီးသည့်ပြဿနာ ၊ ၎င်းပြင် အကြမ်းဖက်တတ်သည့် စိတ်အခြေအနေအပြောင်းအလဲများ ရှိသည်။ ကောင်းမင်တွင်လည်း ထိုပြဿနာရှိသော်လည်း ရောဂါလက္ခဏာများသည် ကိန်းအောင်းနေဆဲဖြစ်သည်။

“သူ့မိဘတွေ ကွာရှင်းထားတာလား ၊ ဒါပေမယ့် ဘာလို့ သူတစ်ယောက်တည်း အိမ်မှာ ရှိနေရတာလဲ”

ဖန်လီသည် အိပ်ခန်းအတွင်း ဝင်ရောက်လိုက်ရာ သပ်ရပ်စွာ စီစဉ်ထားသည့် စာအုပ်စင်တန်းများက သူ့အား ကြိုဆိုလိုက်သည်။ အရာအားလုံးသည် နေရာတကျ ရှိနေ၏။ ကြမ်းပြင်သည် အလွန်ပင် သန့်ရှင်းနေလေသည်။ ကောင်းမင်ထံတွင် အပြင်းအထန်စွဲလမ်းမှုပြဿနာ (OCD) ရှိပုံရသည်။ ဖန်လီသည် အံဆွဲကိုဖွင့်လိုက်ပြီး ကောင်းမင်၏ဂုဏ်ပြုဆုအမျိုးမျိုးနှင့် မကြာသေးမီက သူ၏စာမေးပွဲ ရလဒ်များကို တွေ့လိုက်သည်။

“သူ့အမှတ်တွေ ကျနေတာပဲ ၊ သူ တစ်ခုခုဖြစ်နေတာလား”

ဖန်လီသည် သူ၏ရှာဖွေခြင်းကို ဆက်လက်လုပ်ဆောင်လိုက်သည်။ သူသည် ကောင်းမင်၏ ကျောင်းကျောပိုးအိတ်အတွင်းတွင် ဓားဖြင့် ဖြတ်တောက်ထားသည့် စုတ်ပြဲနေသော ဒိုင်ယာရီစာအုပ်တစ်အုပ်ကို တွေ့လိုက်၏။ ထို့နောက် သူသည် ကုတင်အောက်တွင် ရွှံ့များပေကျံနေသည့် ကျောင်းဝတ်စုံတစ်စုံကိုလည်း တွေ့လိုက်ရသည်။

“ကျောင်းမှာ အနိုင်ကျင့်ခံရတာလား”

ဒိုင်ယာရီတွင် ရက်စက်သည့် အသေးစိတ်အချက်အလက်များစွာကို မှတ်တမ်းတင်ထားလေသည်။ ၎င်းက ဖန်လီအား ဒေါသဖြင့် လက်သီးများကို ဆုပ်မိသွားစေသည်။

“သူ့အတွက် ဘယ်သူမှ မရပ်တည်ပေးခဲ့ဘူးလား”

သူသည် ဒိုင်ယာရီစာမျက်နှာများကို ဇူလိုင်လ ၁၄ ရက်နေ့သို့ ရောက်သည်အထိ လှန်လှောကြည့်ရှုလိုက်သည်။ ကောင်းမင်တို့အခန်းသည် နောက်တစ်နေ့တွင် ပွဲတော်တစ်ခု တက်ရောက်ရန် ဘတ်စ်ကားစီးရန် စီစဉ်ထားသော်လည်း ကောင်းမင်သည် ၎င်းကို ဆက်လက် တောင့်မခံနိုင်တော့ပေ။ သူသည် အနိုင်ကျင့်ခံရမှုကြောင့် သေဆုံးခဲ့ခြင်းမဟုတ်ပေ။ သူသည် အသက်ရှင်နေထိုင်ရန် အကြောင်းပြချက်ကို ရှာမတွေ့နိုင်ခဲ့ခြင်းသာ ဖြစ်သည်။ သူသည် သေတမ်းစာပင် မထားရစ်ခဲ့ဘဲ ထွက်ခွာသွားခဲ့သည်။

“ဒါက ကောင်းမင်ရဲ့အထက်တန်းကျောင်းသား ဘဝလား ၊ သူက နေ့တိုင်းလိုလို နာကျင်မှုတွေနဲ့ နေထိုင်ခဲ့ရတယ် ၊ သူ့အိမ်ဟာ ဘေးကင်းလုံခြုံတဲ့နေရာ မဟုတ်ဘဲ နောက်ထပ်စိတ်ပျက်အားငယ်မှုရဲ့ အသိုက်တစ်ခုဖြစ်နေခဲ့တာပဲ”

ဖန်လီသည် ဒိုင်ယာရီအား သူ၏အိတ်ကပ်ထဲ ထည့်လိုက်သည်။

“ဒါက ကောင်းမင်ရဲ့ မှတ်ဉာဏ်ဆိုရင် သူအထက်တန်းကျောင်းတုန်းက သေဆုံးခဲ့သင့်တာလေ ၊ ဒါဆို လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီဝန်ထမ်းရပ်ကွက်မှာ မြင်ခဲ့ရတဲ့ ကောင်းမင်က ဘယ်သူလဲ ၊ သူက သရဲလား ၊ ကောင်းမင်က သရဲလား”

ဖန်လီသည် သူ့အားစိုက်ကြည့်နေသည်ဟု ခံစားရသောအခါ သူသည် အိပ်ခန်းမှ ထွက်လာခဲ့သည်။ ၎င်းသည် ကောင်းမင်၏အလောင်းက သူ့ကို စိုက်ကြည့်နေခြင်း ဖြစ်သည်။

“ငါ သူ့မျက်လုံးကို ပိတ်လိုက်ပြီးပြီ မဟုတ်လား”

သူသည် အလောင်းနှင့်အတူ ရှိနေရခြင်းကို မကြောက်သော်လည်း အလောင်းကသူ့ကို စိုက်ကြည့်နေသည့်အခါ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းလေသည်။

“ဒီအထပ်က အခန်းအားလုံးမှာ အခန်းနံပါတ်၀၇၁၅တွေ ရှိနေတယ် ၊ ဒီနောက်ကွယ်မှာ ထူးခြားတဲ့အဓိပ္ပာယ်တစ်ခု ရှိတာလား ၊ သားစားကြူးနတ်ဘုရားက တခြားအခန်းတွေကနေ ငါ့ကို ဆက်ခေါ်နေတုန်းပဲ”

ဖန်လီသည် အချိန်ကြာကြာ နေရဲခြင်းမရှိပေ။ သူသည် တိတ်ဆိတ်လာသည်အထိ စောင့်ဆိုင်းပြီးနောက် လျှောထွက်လိုက်သည်။

“ဟိုမကောင်းဆိုးဝါး ထွက်သွားလောက်ပြီ”

ဖန်လီသည် ကော်ရစ်ဒါကို ဖြတ်၍ ဆန့်ကျင်ဘက်တည့်တည့်ရှိ တံခါးကို ခေါက်လိုက်သည်။

“အိမ်ထဲမှာ လူရှိပါသလား”

အချိန်အနည်းငယ်ကြာပြီးနောက် တံခါးနောက်မှ ခြေသံများ ထွက်ပေါ်လာ၏။ တံခါးသည် အနည်းငယ် ပွင့်ဟလာသည်။

“ခင်ဗျား ဘယ်သူ့ကို ရှာနေတာလဲ”

ရင်းနှီးသည့် အသံကိုကြားသည့်အခါ ဖန်လီ စိတ်ရှုပ်ထွေးသွားသည်။ သူသည် ထိုလူအား ကြောင်အအဖြင့်ကြည့်လိုက်သည်။

ကောင်းမင်သည် ကျောင်းဝတ်စုံဖြင့် တံခါးတွင် ရပ်နေလေသည်။ သူတွင်လည်း တူညီစွာဖြင့် ရှုပ်ထွေးသည့်အမူအရာရှိနေပေသည်။

“အခန်းတိုင်းမှာ ကောင်းမင် တစ်ယောက်စီ ရှိနေတာလား ၊ ဘာလို့ သူတို့အားလုံးက အထက်တန်းကျောင်းတုန်းက ဖြစ်နေရတာလဲ”

All Chapters