ဇူလိုင်လ ၁၄ရက်
Vol. 24 Ch. 352
ဖန်လီသည် သူ၏ ဦးနှောက်ကို အသုံးမပြုလိုသော်လည်း မူမမှန်မှုများက သူ့ကို မကြာခဏဆိုသလို ထိုသို့ပြုလုပ်ရန် တွန်းအားပေးနေလေသည်။ ဖန်လီက ခေါင်းကုတ်လိုက်ပြီး သတိထား၍ မေးလိုက်သည်။
“ကောင်းမင်… မင်း ငါ့ကို မှတ်မိသေးလား”
တံခါးသည် အပြည့်အဝ မပွင့်သေးပေ။ အထက်တန်းကျောင်းဝတ်စုံဖြင့် ကောင်းမင်သည် ဖန်လီအား သတိထား၍ ကြည့်လိုက်သည်။ သူသည် ဘာတစ်ခုမှ မပြောသော်လည်း ဖန်လီကို သူစိမ်းတစ်ဦးပမာ ကြည့်နေလေသည်။
“မင်း ကိစ္စတွေအများကြီး မေ့သွားတယ်ဆိုတာ ငါသိပါတယ် ၊ ဒါပေမယ့် မင်း အခုအန္တရာယ်များတဲ့ အခြေအနေမှာ ရှိနေတယ်ကွ ၊ အမည်မသိကြောက်စရာတစ်ခုက ဘယ်အချိန်မဆို ရောက်လာနိုင်တယ်”
ဖန်လီသည် မိမိကိုယ်ကို ချဉ်းကပ်ရလွယ်အောင် ကြိုးစားနေသော်လည်း ကောင်းမင်က သူ့အား အရူးတစ်ယောက်ပမာ ကြည့်လိုက်သည်။
“ငါ ဝင်လာလို့ ရမလား ၊ ကြောက်စရာကြီးက ချဉ်းကပ်လာနေတယ်လို့ ငါ ခံစားရတယ် ၊ အပြင်မှာ အရမ်း အန္တရာယ်များတယ်”
ဖန်လီက ခါးသီးစွာ ပြုံးလိုက်သည်။ သူသည် ဇာတ်လမ်းအခြေအနေများစွာကို စိတ်ကူးခဲ့သော်လည်း ဤအရာသည် သူ၏ခန့်မှန်းချက်များထဲတွင် မပါဝင်ပေ။
ကောင်းမင် တံခါးကို ပိတ်လိုက်တော့မည့်အချိန်တွင် ဖန်လီစိုးရိမ်လာတော့သည်။ သူသည် သူ့ကို နာကျင်စေနိုင်သော်လည်း လက်ချောင်းများကို အဟကြား အတင်းထိုးထည့်လိုက်သည်။
“ငါ မင်းကို လိမ်နေတာ မဟုတ်ဘူး! မင်း ကိစ္စတွေအများကြီး မေ့သွားတာ! မင်းက ငါ့အသက်ကို ကယ်ခဲ့တယ်၊အခု ငါကမင်းအသက်ကို ကယ်ဖို့ ဒီကိုရောက်လာတာပဲ!”
ဖန်လီက လက်မလျှော့လိုပေ။
“ငါ့နာမည် ဖန်လီပဲ ၊ စဉ်းစားကြည့်လိုက် ၊ မင်းက ငါ့ကို ယုံကြည်ရတဲ့သူတစ်ယောက်ဖြစ်ပြီး ငါ့မှာ ငါကိုယ်တိုင်တောင် မသိသေးတဲ့ စွမ်းရည်တွေ ရှိတယ်လို့ ပြောခဲ့ဖူးတယ်လေ”
ကောင်းမင်က ဖန်လီ၏ မျက်နှာကို စိုက်ကြည့်လိုက်သည်။ ဖန်လီသည် တံခါးအား မည်မျှ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်ကို မြင်သောအခါ သူမပြောဘဲ မနေနိုင်တော့ပေ။
“ကျွန်တော် ဘာတွေ မေ့သွားလဲပြောပြပါ”
“မူမမှန်မှုတွေ ပေါက်ကွဲနေပြီ၊ ဟန်ဟိုင်းတစ်မြို့လုံးမှာ ခြောက်ခြားဇာတ်လမ်းတွေ နေရာအနှံ့ပဲ ၊ မင်းက ရေသေဖိုရမ်ကို တည်ထောင်ပြီး ခြောက်ခြားဂိမ်းကစားသမားတွေကို သရဲတွေနဲ့ တိုက်ခိုက်ဖို့ ဦးဆောင်ခဲ့တယ်!”
ဖန်လီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ကောင်းမင်၏ မျက်လုံးများမှ ရှုပ်ထွေးမှုနှင့် သံသယများသည် ဖြည်းညှင်းစွာ မှေးမှိန်သွားသည်။
“ခင်ဗျား တကယ်ရူးနေတယ်ဆိုတာ ကျွန်တော်အတည်ပြုလိုက်ပြီ”
ဖန်လီသည် တံခါးကသူ့လက်ချောင်းများကို ကြိတ်ချေနေသော်လည်း အလွှတ်မပေးချေ။
“ငါ ဒါကို သက်သေပြနိုင်တယ်!”
ဖန်လီက သူ၏အခြားလက်တစ်ဖက်ကို ကုတ်ခြစ်လိုက်သည်။ ဒဏ်ရာများ ချက်ချင်းပေါ်လာလေသည်။ လတ်ဆတ်နေသည့်သွေးသည် ထူးဆန်းသည့် အသားရနံ့ကို ထုတ်လွှတ်နေသည်။
“ဒါက မင်း ငါ့ကို ကျွေးခဲ့တဲ့ သွေးပဲ ၊ မင်း ငါတို့ကြားကနှောင်ကြိုးကို အာရုံခံနိုင်ရမယ်”
ကောင်းမင် နက်နက်ရှိုင်းရှိုင်း မျက်မှောင်ကြုတ်သည်။ သူ၏ နှလုံးသည် အကြောင်းမဲ့ ခုန်ပေါက်လာ၏။ သို့သော်လည်း မကြာမီ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ အရာအားလုံးသည် သူ့အား ပြောင်းလဲရန် အစွမ်းကုန် ကြိုးစားနေလေသည်။ ကော်ရစ်ဒါရှိ မီးများသည် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်။ ၎င်းတို့ ပိတ်သွားသည့်အခိုက်တွင် တစ်စုံတစ်ရာသည် ကော်ရစ်ဒါ အောက်ဘက်မှ လျင်မြန်စွာ တွားသွားထွက်လာသည်။ ၎င်းသည် လက်ချောင်းများစွာ ပါသည့် ပုပ်သိုးနေသောအသားပုံတစ်ပုံ ဖြစ်သည်!။
“တောင်းပန်ပါတယ်!”
ဖန်လီ၏ မျက်နှာအမူအရာမှာ တွန့်လိမ်သွား၏။ သူ၏ အရေပြားအောက်တွင် သရဲမျက်နှာများ ပေါ်လာပြီး တံခါးကို ရိုက်ဖွင့်လိုက်သည်။ ထိုအရာကြီး ပေါ်မလာမီ သူအခန်းထဲသို့ ပြေးဝင်လိုက်သည်။
“တစ်မိနစ် ၊ ငါ အပြင်ဘက်မှာ တစ်မိနစ်ထက်ပိုနေမိရင် အဲဒီအရာတွေပေါ်လာလိမ့်မယ်”
ဖန်လီ တံခါးကို မှီလိုက်ပြီး သူ၏ မျက်နှာသည် ဖြည်းဖြည်းချင်း ပုံမှန်ပြန်ဖြစ်လာသည်။ ကောင်းမင် ကြမ်းပြင်မှ ကုန်းထလာသည်ကို သူမြင်လိုက်သည်။ သူသည် နာကျင်စွာ အော်ဟစ်ခြင်းမပြုဘဲ အလျင်စလို ပြေးသွားလိုက်ပြီး စားပွဲပေါ်မှ သစ်သီးလှီးဓားကို ဆွဲယူလိုက်၏။ ဖုန်းသည် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေလေသည်။ ဖန်လီဝင်မလာခင်ကတည်းက ကောင်းမင်သည် ရဲကို ဖုန်းခေါ်ထားပြီး ဖြစ်သော်လည်း အကြောင်းပြန်ခြင်း မရှိပေ။
“ငါ မင်းကို တကယ်ကူညီဖို့ ရောက်လာတာပါကွာ”
ဖန်လီသည် တံခါးကို မှီ၍ချောင်းကြည့်ပေါက်မှတဆင့် ကြည့်လိုက်သည်။ ထိုအရာကြီး ထွက်သွားသည်မှာ သေချာပြီးနောက် သူ့လက်များကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
“မင်း ဘာဖြစ်ခဲ့လဲတော့ ငါ မသိဘူး ၊ ဒါပေမယ့် မင်းက ငါသိတဲ့ ကောင်းမင်သာဆိုရင် ငါ့ကို နားလည်နိုင်ရမယ် ၊ ဒီကော်ရစ်ဒါထဲက အခန်းအားလုံးမှာ အခန်းနံပါတ် ၀၇၁၄တွေ ရှိနေတယ်၊ ငါ မင်းရဲ့ အလောင်းကို ဒီအခန်းနဲ့ မျက်နှာချင်းဆိုင်အခန်းမှာ တွေ့ခဲ့တာ…”
ကောင်းမင်၏ မျက်လုံးများ မှေးကျဉ်းသွားသည်ကို မြင်သောအခါ ဖန်လီက သူ့လက်များကို လျင်မြန်စွာလှုပ်ယမ်းလိုက်သည်။
“ငါ သတ်တာမဟုတ်ပါဘူး ၊ သူက ကိုယ့်ကိုကိုယ် သတ်သေသွားတာ ၊ ငါ့မှာ သူ့ဒိုင်ယာရီ ရှိတယ်”
ဖန်လီသည် စုတ်ပြဲနေသည့် ဒိုင်ယာရီကို ကြမ်းပြင်ပေါ် ချလိုက်သည်။ သူသည် ဒိုင်ယာရီအား ကောင်းမင်ထံတွန်းပို့ပြီးနောက် ကြမ်းပြင်တွင် ဒူးထောက်လိုက်သည်။
“ဒိုင်ယာရီလား”
ဒိုင်ယာရီကို မြင်သောအခါ ကောင်းမင်၏အကြည့်က ပြောင်းလဲသွားသည်။ သူသည် ဒိုင်ယာရီကို ကောက်ယူ၍ လှန်လှောကြည့်ရှုသည်။ သူ၏မျက်နှာအမူအရာသည် ရှုပ်ထွေးမှုမှ အံ့အားသင့်မှုအဖြစ်သို့ ပြောင်းလဲသွား၏။
“ဒီလက်ရေးနဲ့ စာရေးဟန်က ကျွန်တော့်ဟာပဲ။ ဒါပေမယ့်…”
“ဒါပေမယ့် ဘာလဲ”
ဖန်လီသည် သူရှိသည့်နေရာတွင် နေနေခဲ့သည်။ သူ ကြုံရာလှုပ်ရှားရဲခြင်း မရှိပေ။
“ကျွန်တော့်မှာလည်း ဒိုင်ယာရီ ရေးတဲ့ အကျင့်ရှိတယ်”
ကောင်းမင်သည် တုံ့ဆိုင်းနေပြီးနောက် ထရပ်ကာ သူ့အိပ်ခန်းသို့ ဝင်သွားသည်။ သူသည် သူ၏ ကျောင်းကျောပိုးအိတ်မှ ဒိုင်ယာရီစာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။ ဒိုင်ယာရီနှစ်အုပ်သည် ပုံပန်းသဏ္ဌာန် တူညီလေသည်။ ကောင်းမင်က ၎င်းတို့ကို ဖန်လီရှေ့တွင် ချ၍ စာမျက်နှာများကို လှန်လှောကြည့်ရှုလိုက်သည်။ ပထမဆုံး စာမျက်နှာခုနစ်ခုသည် အသေးစိတ်အချက်အလက် အသေးဆုံးအထိ တူညီလေသည်။ သို့သော်လည်း ရှစ်ရွက်မြောက်စာမျက်နှာအပြီးတွင် အရာအားလုံး ပြောင်းလဲသွား၏။
“ခင်ဗျားယူလာတဲ့ ဒိုင်ယာရီထဲမှာ ကျွန်တော်က အနိုင်ကျင့်တဲ့သူတွေဆီက လူတစ်ယောက်ကို ခုခံပေးခဲ့လို့ ကျောင်းအနိုင်ကျင့်သူတွေရဲ့ ပစ်မှတ်အသစ် ဖြစ်သွားတယ် ၊ သူတို့က ကျွန်တော့်ကို ရိုက်နှက်ဖို့ အိမ်သာအပြင်ဘက်မှာ ပိတ်ဆို့ထားခဲ့တယ် ၊ ကျွန်တော်စိတ်ဓာတ်ကျပြီး ကိုယ့်ကိုကိုယ် သတ်သေလိုက်တယ်”
ကောင်းမင်သည် သူ့လက်မောင်းပေါ်ရှိ အမာရွတ်ကို ပြသရန် သူ၏ကျောင်းဝတ်စုံကို မတင်လိုက်သည်။
“ဒါပေမယ့် ကျွန်တော့်ဒိုင်ယာရီထဲမှာတော့ သူတို့က ကျွန်တော့်ကို အိမ်သာထဲမှာ ပိတ်ထားတဲ့အခါ ကျွန်တော်တစ်ယောက်တည်း သူတို့အားလုံးကို မနိုင်ဘူးဆိုတာသိလို့ ကျွန်တော့်ရဲ့ တစ်ခုတည်းသော ပစ်မှတ်က ခေါင်းဆောင်ပဲ ဖြစ်ခဲ့တယ် ၊ ကျွန်တော်က အိမ်သာပြတင်းပေါက်ကို ရိုက်ခွဲပြီး ဖန်ကွဲစတစ်စနဲ့ သူ့လည်ပင်းကို ချိန်ပြီးခြိမ်းခြောက်ဖို့ ကြိုးစားခဲ့တယ် ၊ ဒါပေမယ့် ကျွန်တော်အရမ်း စိတ်လှုပ်ရှားနေလို့ မတော်တဆနဲ့ သူ့လည်ပင်းကို ဖြတ်မိသွားတယ် ၊ ဒါက ခြစ်ရာသေးသေးလေးတစ်ခုပဲ”
ထိုဒိုင်ယာရီနှစ်အုပ်သည် တူညီသည့်ရက်စွဲတွင် မတူညီသည့် မှတ်တမ်းနှစ်ခုရှိလေသည်။
“ကျွန်တော်က မတူညီတဲ့ ဘဝလမ်းကြောင်းကို ရွေးချယ်ခဲ့ပုံရတယ်”
ကောင်းမင် စာမျက်နှာများကို ဆက်လှန်လိုက်သည်။
“အနိုင်ကျင့်တဲ့သူရဲ့ မိသားစုက အတော်လေးအင်အားကြီးတယ် ၊ အနိုင်ကျင့်တဲ့သူတွေထဲက ဘယ်သူမှ မပတ်သက်ပေမယ့် ကျွန်တော်အပြစ်ပေးခံရတယ် ၊ သူတို့က ကျွန်တော့်ကို ဆက်ပြီး ပြဿနာရှာနေခဲ့တယ် ၊ ကျွန်တော့်မှာ ခေါင်းဆောင်ကို ဆက်ပစ်မှတ်ထားဖို့ကလွဲလို့ တခြား ရွေးချယ်စရာမရှိဘူး ၊ ကျွန်တော်သူ့ကို ကျောင်းကနေ ကန်ထုတ်ခံရတဲ့အထိ ဆက်ရိုက်ခဲ့တယ်”
“ဒီလိုဆိုရင် မင်းက ဘာလို့ကျောင်းဝတ်စုံ ဝတ်ထားတုန်း”
ဖန်လီသည် ချွေးအေးများ ထွက်လာတော့သည်။ ဤကောင်းမင်သည် တခြားအခန်းရှိ ကောင်းမင်နှင့် လုံးဝကွဲပြားသည်။ သူလဲကျသွားလျှင်ပင် တခြားတစ်ဦးကိုပါ သူနှင့်အတူ ဆွဲချသွားမည့်သူဖြစ်သည်။
“အဲဒီအနိုင်ကျင့်တဲ့သူမှာ သူ့ကိုကျောင်းအသွားအပြန် ကြိုပို့ပေးတဲ့ ယာဉ်မောင်းတစ်ယောက် ရှိတယ် ၊ ကျွန်တော်သူ့ကို ချဉ်းကပ်ဖို့ အခွင့်အရေးရှာမတွေ့ဘူးလေ ၊ ဒါပေမယ့် မနက်ဖြန်ကျရင် ကျွန်တော်တို့ အခန်းက ကျောင်းပြင်ပပွဲတော်တစ်ခုကို သွားဖို့ရှိတယ် ၊ ကျွန်တော်သူတို့ကို နောက်ယောင်ခံလိုက်ဖို့ စီစဉ်ထားတယ်”
ကောင်းမင်က ပေါ့ပေါ့ပါးပါး ပြောသည်။
“ကျွန်တော် ဒီအတိုင်းလက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး”
“မနက်ဖြန်က ကျောင်းပြင်ပပွဲတော်လား”
ဖန်လီက ဒိုင်ယာရီကို ကောက်ယူ၍ ရက်စွဲကိုစစ်ဆေးလိုက်သည်။
“ဒီနေ့က ဇူလိုင်လ ၁၄ ရက်လား”
“ဟုတ်တယ်”
“ဘာလို့ အချိန်က မင်းတို့အားလုံးအတွက် ဒီနေ့မှာရပ်တန့်ပေးထားတာလဲ ၊ ဒီနေ့က ဘာများ ထူးခြားနေလို့လဲ”
ဖန်လီ မေးခွန်းထုတ်သည်။
“မတူညီတဲ့ အခန်းတွေက ဘဝမှာမတူညီတဲ့ ရွေးချယ်မှုတွေပြုလုပ်ခဲ့တဲ့ မင်းရဲ့ တူညီတဲ့ဗားရှင်းတွေကို လက်ခံထားတာလား”
ကောင်းမင်အချို့သည် ကိုယ့်ကိုယ်ကို သတ်သေခဲ့ပြီး အချို့သည် အနိုင်ကျင့်သူများကို ပြန်လည် တိုက်ခိုက်ခဲ့သောကြောင့် ကျောင်းမှ ထုတ်ပယ်ခံခဲ့ရသည်။
ဖန်လီ၏ မျက်လုံးများတွင် အရောင်တစ်ခု လင်းလက်သွားသည်။ ကော်ရစ်ဒါအဆုံးရှိ အခန်းကို သူသတိရလိုက်သည်။ ထိုတံခါးကို အဆောင်များဖြင့် ဖုံးအုပ်ထားခြင်းဖြစ်သည်။ ထိုအဆောင်များသည် မကောင်းဆိုးဝါးများကို တားဆီးရန် ဖြစ်သည်။
“အဲ့ဒီကောင်းမင်က ဘာရွေးချယ်မှု လုပ်ခဲ့တာလဲ ၊ ဘာလို့ အဲဒီတံခါးကို ဂါထာမန္တန်တွေနဲ့ အုပ်ထားရတာလဲ”
မတူညီသည့် ရွေးချယ်မှုများသည် ဘဝတွင် မတူညီသည့်လမ်းကြောင်းများကို ဖြစ်ပေါ်စေသည်။ ဖန်လီသည် ဤအရာမှာ အဘယ်ကြောင့် ဖြစ်ပျက်နေသည်ကို မသိသော်လည်း အမှန်တရားနှင့် ပိုမို နီးစပ်လာချေသည်။