← Chapters

ကောင်းမင်ရဲ့လက်ဆောင်က ဘာလဲ

Vol. 24 Ch. 353

ကောင်းမင်ရဲ့လက်ဆောင်က ဘာလဲ

Vol. 24 Ch. 353

“ဂါထာမန္တန်တွေလား ၊ သရဲတွေလား”

ဖန်လီ၏ စကားကိုကြားသောအခါ ကောင်းမင်၏လက်သည် ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ကောင်းမင်သည် ဖန်လီအား အစကမယုံကြည်ခဲ့သော်လည်း ထိုလူဒိုင်ယာရီကို ထုတ်လိုက်ပြီးနောက် သူ၏ယုံကြည်ချက်သည် တုန်လှုပ်သွားခဲ့ရသည်။

“ဒီကော်ရစ်ဒါထဲက အခန်းအားလုံးက နံပါတ်၀၇၁၅ တွေပဲ ၊ ငါက မင်းရဲ့ မတူညီတဲ့ဗားရှင်းတွေ အခန်းတစ်ခန်းစီမှာ နေနေတယ်လို့ သံသယရှိတယ် ၊ ဘာလို့ ဒီလိုဖြစ်နေလဲတော့ ငါမသိဘူး ၊ ဒါပေမယ့် ကော်ရစ်ဒါအဆုံးမှာ ဂါထာမန္တန်တွေ ဖုံးအုပ်ထားတဲ့ အခန်းတစ်ခန်းကို ငါ မြင်ခဲ့ရတယ် ၊ အဲ့ဒါကအရမ်း ကြောက်စရာကောင်းတယ်”

ဖန်လီက ကောင်းမင်သည် ရေသေဖိုရမ်၏ တည်ထောင်သူများထဲမှ တစ်ဦးဖြစ်သည်ကို သိသည်။ ထို့ကြောင့် သူသည် ကောင်းမင်အား ဆယ်ကျော်သက်တစ်ဦးသာဖြစ်သော်လည်း အထင်မသေးခဲ့ပေ။

“တူညီတဲ့ အခန်းတွေနဲ့ ပြည့်နေတဲ့ ကော်ရစ်ဒါလား”

မတူညီသည့် ရွေးချယ်မှုများသည် မတူညီသည့်ဘဝနှင့် မတူညီသည့် ကောင်းမင်၏ဗားရှင်းတို့ကို ဖြစ်ပေါ်စေသည်။ ဤကောင်းမင်သည် သတိကြီးပြီး ရက်စက်သည်။ သူသည် တရားမျှတမှုရှိသည့်အပြင် အမုန်းတရားများနှင့်လည်း ပြည့်နေသည်။ သို့မဟုတ်ပါက ကျောင်းမှ ထုတ်ပယ်ခံရပြီးနောက်တွင်ပင် ကျောင်းတွင်းအနိုင်ကျင့်သူကို လိုက်လံရှာဖွေရန် စီစဉ်နေမည် မဟုတ်ပေ။

“ဟုတ်တယ်”

ဖန်လီ အံ့အားသင့်သွားသည်။

“အပြင်မှာ ဘာဖြစ်နေလဲကြည့်ဖို့ မင်းအိမ်ကနေ မထွက်ခဲ့ဘူးလား”

“ကျွန်တော်ဒီမနက်က မနက်ဖြန်အတွက် ကိရိယာတွေစုဆောင်းဖို့ အမှိုက်သိမ်းဌာနကို သွားခဲ့တယ်”

ကောင်းမင်သည် သူ၏ ကျောင်းဝတ်စုံကို လှုပ်ခါလိုက်သည်။ သူ၏ကျောင်းဝတ်စုံအောက်တွင် လက်လုပ်လက်နက်များ ဝှက်ထားပေသည်။

“ဒါဆို မင်း အပြင်ထွက်ခဲ့တယ်ပေါ့ ၊ ကော်ရစ်ဒါထဲက သရဲကို မတွေ့ခဲ့ဘူးလား”

ဖန်လီ အံ့အားသင့်သွားသည်။

“ကျွန်တော်ဒီမနက် အပြင်ထွက်တုန်းက အရာအားလုံး ပုံမှန်ပဲ ၊ ဒီအထပ်မှာ ၀၇၁၅တစ်ခုပဲ ရှိတယ်ဆိုတာ ကျွန်တော်အတည်ပြုနိုင်တယ် ၊ ပြောင်းလဲမှုက ကျွန်တော်ပြန်ရောက်ပြီးမှ ဖြစ်ခဲ့တာ ဖြစ်မယ်”

ကောင်းမင်သည် တံမြက်စည်းရိုးတစ်ဝိုက်ရှိ တိပ်ကို ဆွဲခွာပြီး ဓားတစ်ချောင်းတပ်လိုက်သည်။

“ကျွန်တော်တို့ ဒီနေရာကနေ တစ်မိနစ်အတွင်း ထွက်သွားကြမယ် ၊ ခင်ဗျားပြောတာ မှန်ရင်ဖြစ်နိုင်ခြေ နှစ်ခုပဲရှိတယ် ၊ တစ်ခုက သရဲက ကျွန်တော်အိမ်ပြန်ရောက်ပြီးမှပေါ်လာပြီး သရဲခြောက်တဲ့ ကွင်းဆက်တစ်ခုလိုမျိုး ဖန်တီးလိုက်တာ ၊ ဒုတိယတစ်ခုက တစ်စုံတစ်ခုက ကျွန်တော့်မှတ်ဉာဏ်ကို ရှုပ်ထွေးအောင် လုပ်လိုက်တာ၊ ကျွန်တော် ဒီမနက်က မထွက်သွားခဲ့ပေမယ့် ကျွန်တော်ထွက်သွားခဲ့တယ်လို့ ယုံကြည်အောင် လုပ်ခံရတာပဲ”

ကောင်းမင်၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြားရသောအခါ ဖန်လီသည် အလွန်အမင်း အံ့အားသင့်သွားသည်။ သူသည် ထိုအထက်တန်းကျောင်းသားကို ဤမျှဆင်ခြင်တုံတရားရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

“ကောင်းပြီ”

ဖန်လီ အသက်ပြင်းပြင်းရှူလိုက်သည်။

“ငါတို့ အပြင်မှာ တစ်မိနစ်ပဲ နေလို့ရတယ် ၊ ပိုကြာသွားရင် သရဲက ငါတို့နောက် လိုက်လာလိမ့်မယ်”

“နားလည်ပြီ ၊ သွားကြည့်ရအောင်”

ဖန်လီသည် ကောင်းမင်မည်မျှ စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ ခေါင်းညိတ်လိုက်သည်။

“သူ ရေသေဖိုရမ်ကို တည်ထောင်နိုင်တာ အံ့ဩစရာမရှိဘူး”

ဖန်လီ တံခါးဖွင့်သည့်အခါ အချိန်တိုင်းကိရိယာကို စတင်လိုက်သည်။ သူတို့သည် ကော်ရစ်ဒါအတွင်း ဝင်ရောက်လိုက်ကြသည်။ မတူညီသည့် အခန်းများသည် ဟောင်းနွမ်းနေသော ကော်ရစ်ဒါ၏ နှစ်ဖက်စလုံးတွင် တန်းစီလျက်ရှိနေကြသည်။ တံခါးတိုင်းတွင် ကိုယ်ပိုင်ထူးခြားချက်များ ရှိသော်လည်း ၎င်းတို့အားလုံးတွင် အခန်းနံပါတ်၀၇၁၅ ရှိသည်။

“မြင်လား ၊ ငါ မင်းကို လိမ်နေတာ မဟုတ်ဘူး”

ဖန်လီ သူ၏စိတ်ထဲတွင် ရေတွက်နေသည်။ဆန့်ကျင်ဘက်အခန်းကို မသိစိတ်ဖြင့် သူတစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။

“အလောင်းက ဘယ်ရောက်သွားတာလဲ!”

ကြိုးဆွဲချ သေဆုံးခဲ့သည့် ကောင်းမင်၏ အလောင်းမှာ ပျောက်ကွယ်သွားချေပြီ! ကြမ်းပြင်သည် ဗလာကျင်းလျက်ရှိပြီး လျှပ်စစ်ကြိုးကြိုးကွင်းသည် ယိမ်းထိုးနေလေသည်။

ဖန်လီသည် သူ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်ကို ခံစားလိုက်ရသည်။ သူ ကောင်းမင်ကို သတိပေးချင်သော်လည်း ကောင်းမင်သည် ဆန့်ကျင်ဘက်အခန်းထဲသို့ တန်းတန်းမတ်မတ်လျှောက်ဝင်သွား၏။

“အလောင်းကို သတိထားနော်”

“ကျွန်တော့်အလောင်းက ကျွန်တော့်ကို သတ်နိုင်မလား”

ကောင်းမင်သည် ဓားကို တံမြက်စည်းရိုးအဆုံးတွင် ချည်လိုက်သည်။ သူသည် သူ့အခန်းကဲ့သို့ အလှဆင်ထားသည့် အခန်းကို ကြည့်ရှုလိုက်သည်။ သူ၏ မျက်လုံးများ ပြူးကျယ်သွား၏။

“မဖြစ်နိုင်ဘူး…”

ကောင်းမင် မီးဖွင့်လိုက်ပြီး အခန်းအတွင်း ရှာဖွေလိုက်သည်။ စက္ကန့်ငါးဆယ် ကုန်လွန်သွား၏။ ဖန်လီသည် ကော်ရစ်ဒါတွင် ရပ်နေခဲ့ပြီး သူ၏ နှလုံးသည် တဒိတ်ဒိတ်ခုန်နေလေသည်။

“အချိန်စေ့ခါနီးပြီ! ပြန်လာတော့!”

ဖန်လီ ချွေးများထွက်လာတော့သည်။ အရိပ်ထဲတွင် တစ်စုံတစ်ခု လှုပ်ရှားလာသည်ကို သူ မြင်လိုက်သည်။

“ကျွန်တော့်ကို အလျင်စလို မလုပ်ခိုင်းနဲ့”

ကောင်းမင်သည် သူ၏ ကျောင်းကျောပိုးအိတ်ထဲသို့ အရာများစွာကို အတင်းအကျပ် ထိုးထည့်လိုက်သည်။

“မြန်မြန်လုပ်! သရဲ လာနေပြီ!”

ဖန်လီသည် လွန်စွာ ကြောက်ရွံ့နေ၏။

လက်နက်နှင့် ကျောင်းကျောပိုးအိတ်ကို ကိုင်ထားရင်း ကောင်းမင်သည် အလျင်စလို ပြန်ထွက်လာခဲ့သည်။ ဖန်လီ အံ့အားသင့်ရသည်မှာ ကောင်းမင်သည် အိတ်ကို သူ့အခန်းထဲ ပစ်ထည့်လိုက်သော်လည်း တံခါးဝတွင် ရပ်နေခဲ့ခြင်းဖြစ်သည်။ သူသည် တံခါးကို ပိတ်ခြင်းမပြုဘဲ သူ့ခန္ဓာကိုယ်တစ်ဝက်အား အပြင်ဘက်တွင် ရှိနေသည်ကို သေချာအောင်လုပ်လိုက်သည်။

“မင်း ရူးသွားပြီလား”

“သရဲက အခန်းထဲက လူတွေကို ဘာလို့ မထိခိုက်စေတာလဲ ၊ ကျွန်တော် သိမှရမယ်… ဒီသရဲက ဘာများလဲ”

ကောင်းမင် အဖြေသည် ဖန်လီအား အေးခဲသွားစေသည်။ တခြားကောင်းမင်နှင့် နှိုင်းယှဉ်လျှင် ဤကောင်းမင်သည် အလွန် ရူးသွပ်ပေသည်။

“မင်း သရဲကို ကြည့်ချင်နေတာလား!”

“ကျွန်တော့်ခြေလက်တွေ တုန်နေတယ်၊ ကျောမှာလည်း ချွေးအေးတွေ စိုရွှဲနေပြီ ၊ အအေးဓာတ်က ကျွန်တော့်အာရုံကြောတစ်လျှောက် စီးဆင်းနေတယ် ၊ ကျွန်တော်အရမ်းကြောက်တယ်၊ ဒါပေမယ့် အဲဒါက ကျွန်တော်တို့ကို ဘယ်လိုကူညီပေးနိုင်မှာလဲ ၊ သူ့ကို သတ်ပစ်ဖို့ လိုတယ်”

ကောင်းမင်က သူ့လက်နက်ကို ဆုပ်ကိုင်လိုက်သည်။ အဝေးမှ မီးများ ပိတ်သွား၏။ လက်များနှင့် ခြေထောက်များ မှောင်ရိပ်ထဲမှ ထွက်လာလေသည်။ ၎င်းတို့သည် ကောင်းမင်ထံသို့ လျင်မြန်စွာ တွားသွားလာနေကြသည်။

ဖန်လီ ကောင်းမင်ကို ဆွဲခေါ်လိုက်ပြီး တံခါးကို ပိတ်လိုက်သည်။ သူတို့၏ လက်ဖဝါးများသည် ချွေးများဖြင့် စိုစွတ်နေလေသည်။

“အဲဒါ အရမ်း အန္တရာယ်များတယ်ကွ!”

“သူ့မှာ လူ့ခေါင်းနဲ့ လူ့ခန္ဓာကိုယ် ပုံစံ ရှိတယ် ၊ လက်ချောင်းတွေ အများကြီးပါပဲ ၊ ကျွန်တော် သူ့မျက်နှာကို ရင်းနှီးတယ် ၊ ကျွန်တော် သူ့ကို အရင်ကမြင်ဖူးတယ်လို့ ထင်တယ်”

ကောင်းမင် သူ့မေးစေ့ကို ကုတ်လိုက်သည်။

“မင်း သူ့မျက်နှာကိုတောင် သေချာကြည့်ခဲ့တာလား!”

ဖန်လီက သူ့အား လက်မထောင်ပြသည်။

“ဒါ ရူးတာပဲ”

“ကျွန်တော် ခင်ဗျားကို အခုယုံသွားပြီလို့ ထင်တယ်”

ကောင်းမင်က သူ၏ကျောင်းကျောပိုးအိတ်ကို ဖွင့်လိုက်သည်။ သူသည် စိတ်ရောဂါရှာဖွေရေး အစီရင်ခံစာအချို့၊ ကွာရှင်းစာချုပ်များနှင့် အခြားအပိုပစ္စည်းအချို့ကို ရခဲ့သည်။

“မတူညီသည့် ရွေးချယ်မှုတွေက မတူညီတဲ့ကံကြမ္မာတွေဆီကို ဦးတည်စေတယ် ၊ ကျွန်တော့်မိဘတွေက ကွာရှင်းထားတာ မဟုတ်ဘူး၊ သူတို့ အချင်းချင်း ချစ်ကြတယ် ၊ ကျွန်တော်တို့မှာ စိတ်ရောဂါရာဇဝင် မရှိဘူး ၊ ဒါပေမယ့် ကျွန်တော့်မိသားစုက အနိုင်ကျင့်တဲ့သူတွေနဲ့ ငြိမ်းချမ်းရေးယူဖို့ ရွေးချယ်ခဲ့တယ် ၊ သူတို့က ကျွန်တော့်ကိုတောင် တောင်းပန်စေချင်ခဲ့တယ် ၊ ဒါကြောင့် ကျွန်တော်တို့ ဆက်ဆံရေး မကောင်းခဲ့ဘူး”

“မိသားစုတိုင်းမှာ သူ့ပြဿနာသူ ရှိကြပါတယ်”

ဖန်လီ ဝမ်းနည်းစွာ ရယ်လိုက်သည်။ သူ ကျောင်းတက်ခဲ့စဉ်က ရန်ဖြစ်မှုများကြောင့် သူ့မိဘများသည်လည်း ကျောင်းသို့ မကြာခဏ အခေါ်ခံခဲ့ရသည်။

“ဒီအထပ်မှာ အခန်းတွေ အများကြီး ရှိတယ် ၊ ရွေးချယ်မှုအားလုံးမှာ ပြီးပြည့်စုံတဲ့ ဘဝတစ်ခု ရှိရမယ်”

ကောင်းမင် အိပ်ခန်းထဲသို့ ပြေးဝင်၍ အစားအစာနှင့် ရေများကို သူ့အိတ်ထဲ ပစ်ထည့်လိုက်သည်။

“ကျွန်တော်တို့ တခြားအခန်းတွေကို သွားကြည့်ကြမယ် ၊ အဖြေက တခြားအခန်းတွေထဲက တစ်ခုခုထဲမှာ ဝှက်ထားနိုင်တယ်”

ဒုန်း! ဒုန်း!

ရုတ်တရက် တံခါးခေါက်သံကြောင့် ဖန်လီနှင့် ကောင်းမင်အေးခဲသွားသည်။ သူတို့ ဘာမှမဆိုဘဲ ဧည့်ခန်းတံခါးဘက်သို့ လှည့်လိုက်ကြသည်။

လူတစ်ယောက် တံခါးခေါက်နေတာလား။ ဒီအချိန်ကြီးမှာလား။

ဖန်လီ အမူအရာပြလိုက်သည်။ ပျောက်ဆုံးသွားတဲ့ အလောင်းက တံခါးခေါက်နေတာလား။ ဒါမှမဟုတ် သရဲက ထွက်မသွားသေးဘူးလား။

တံခါးခေါက်သံက ဆက်လက်ထွက်ပေါ်နေသည်။ ဖန်လီနှင့် ကောင်းမင်သည် တံခါးဆီသို့ တိတ်တဆိတ် သွားလိုက်ပြီး ချောင်းကြည့်ပေါက်မှတဆင့် ကြည့်လိုက်သည်။ ဖန်လီသည် အပြင်ဘက်ရှိ လူကို မမှတ်မိပေ။ သို့သော်လည်း ကောင်းမင်၏ မျက်နှာအမူအရာက ပြောင်းသွားသည်။

“လျိုယီလား ၊သူ ဘာလို့ ဒီကိုရောက်နေတာလဲ ၊ ပြီးတော့ သူက အရမ်းရင့်ကျက်နေသလိုပဲ”

“လျိုယီက ဘယ်သူလဲ”

ဖန်လီ မသိတော့ပေ။

“ကျွန်တော့်အထက်တန်းကျောင်း သူငယ်ချင်းပါ ၊ သူက ကျွန်တော့်ကို ဖွင့်ပြောခဲ့တယ် ၊ ဒါပေမယ့် ကျွန်တော် ငြင်းလိုက်တယ်”

ကောင်းမင်က ယုံကြည်မှုရှိစွာ ပြောသည်။ ထို့နောက် သူတို့နှစ်ဦး ခဏတာတုံ့ဆိုင်းနေကြသည်။ ထို့နောက် သူတို့သည် အပြင်ဘက်ရှိ မီးသီးများ ပိတ်သွားသည်ကို ကြားလိုက်ရသည်။ ကောင်းမင်သည် မကောင်းဆိုးဝါးပြန်လာသည်ဟု ယူဆသောကြောင့် တံခါးကို ဆွဲဖွင့်လိုက်သည်။

“ဝင်လာခဲ့!”

တင်းကျပ်သော အမျိုးသမီးဝတ်စုံဖြင့် လျိုယီသည် သူမ၏ဆံပင်အား မြင်းမြီးကဲ့သို့ စည်းထားလေသည်။ သူမ၏ညာလက်သည် တံခါးကို ထပ်မံခေါက်ရန် အသင့်ဖြစ်နေခဲ့သည်။ သူမ၏ ဘယ်ဘက်လက်တွင် အနီရောင် တောက်နေသည့်လက်ဆောင်သေတ္တာတစ်လုံးကို ကိုင်ထားလေသည်။

All Chapters