အထူးခြားဆုံး ငါ
Vol. 24 Ch. 356
တွန့်ဆုတ်တတ်သော်လည်း ကြောက်တတ်သူ မဟုတ်၊ စိတ်အားထက်သန်သော်လည်း ကြောက်လန့်တတ်သူ၊ ဆုံးဖြတ်ချက်ခိုင်မာသော်လည်း ဂရုမစိုက်တတ်သူ။ ဤအခန်းထဲမှ ကောင်းမင်သည် ဆန့်ကျင်ဘက်အချက်များဖြင့် ပြည့်နေလေသည်။ သူ့တွင် ထူးခြားချက်မရှိပေ။ သူ၏ ရွေးချယ်မှုအားလုံးသည် ပုံမှန်သာဖြစ်သည်။ သူသည် သာမန်အဖြစ်ဆုံး ကောင်းမင်ဖြစ်သည်။ သို့သော်လည်း သာမန်အဖြစ်ဆုံးပုံစံသည် အထူးခြားဆုံး ဖြစ်လာနိုင်ပေသည်။
…
“ဒီကမ္ဘာပေါ်က အရာအားလုံးကို ကံကြမ္မာက အုပ်စိုးထားတယ် ၊ လူသားဆိုတာ ဘာကိုမှ မဆုံးဖြတ်နိုင်ဘူး
“ကောင်းမင်၊ ငါတို့ မင်းကို ဒီနာမည်ပေးတာ အကြောင်းပြချက်ရှိတယ် ၊ မင်းဟာ အထီးကျန်ကြယ်အောက်မှာ မွေးဖွားလာတာ ၊ မင်းဟာ လက်ထပ်နိုင်မှာ မဟုတ်သလို သားသမီးရမှာလည်း မဟုတ်ဘူး ၊ မင်းဘဝဟာ ကြေကွဲစရာတွေနဲ့ ပြည့်နေမှာဖြစ်ပြီး အထီးကျန်ဆုံး လမ်းမှာ အဆုံးသတ်ရလိမ့်မယ်။ ဒါကြောင့် ငါတို့က မင်းနာမည်ထဲမှာ မင် (ကံကြမ္မာ) ဆိုတဲ့ စကားလုံးကို ထည့်ခဲ့တာပဲ ၊ အဲဒါနဲ့ မင်းဟာ မင်းရဲ့ ကိုယ်ပိုင်ကံကြမ္မာကို ကျွမ်းကျင်ပိုင်နိုင်နိုင်ဖို့ ငါတို့ မျှော်လင့်ပါတယ်။ ကမ္ဘာကြီးဟာ ဘယ်လောက်ပဲ အန္တရာယ်များပါစေ အနည်းဆုံးတော့ မင်းမှာ ကိုယ့်ကိုယ်ကို အဖော်အဖြစ်ရှိနေလိမ့်မယ်။
“မင်းရဲ့ မိဘတွေက ဒီကမ္ဘာကနေ စောစောထွက်သွားခဲ့ရတယ် ၊ အဘွားမရှိတော့ရင် မင်း တစ်ယောက်တည်း ဖြစ်သွားလိမ့်မယ် ၊ ဒါပေမယ့် မင်း အဆင်ပြေသွားမှာပါ ၊ မင်း အဆင်ပြေသွားမှာပါ”
အဘွားအိုတစ်ဦး၏ အသံမေးလ်သည် ဖုန်းထဲမှ ထွက်လာနေသည်။ ၎င်းသည် အကြိမ်များစွာ ထပ်တလဲလဲ ဖြစ်နေလေသည်။ အချိန်အတော်ကြာပြီးနောက် စာလုံးများဖုံးအုပ်ထားသည့် လက်တစ်ဖက်က ဖုန်းကို ပိတ်ရန်ရေချိုးခန်းထဲမှ လှမ်းထွက်လာသည်။ ရေချိုးခန်းတံခါးသည် တစ်ဝက်ပွင့်လျက် ကျန်ရစ်ခဲ့သည်။ တွန့်ကြေနေသည့် ကျောင်းဝတ်စုံတစ်စုံအား တံခါးဝတွင် ပစ်ထားသည်။ ရေချိုးခန်းအတွင်းတွင် ပိန်ပိန်ပါးပါး အထက်တန်းကျောင်းသားတစ်ဦး ရပ်နေ၏။ ရေပိုက်ခေါင်းမှ ရေများ စီးကျနေခဲ့သည်။ ရေအေးသည် ကျောင်းသား၏ ခန္ဓာကိုယ်ပေါ် ပက်ဖြန်းနေလေသည်။
“ငါ ဘာလို့ ဒါတွေကို ဆေးလို့မရတာလဲ”
သူသည် မှန်ရှေ့တွင် အဝတ်မပါဘဲ ရပ်နေခြင်းဖြစ်သည်။ သူ့ခန္ဓာကိုယ်၏ တစ်လက်မတိုင်းသည် စာလုံးများဖြင့် ဖုံးအုပ်ထားလေသည်။ ၎င်းတို့အနက် အချို့သည် ဘဝသက်တမ်းတိုးစေရန် အသုံးပြုပြီး အချို့မှာ မိသားစုကို ကောင်းချီးပေးရန် အသုံးပြုသည်။ စာလုံးအားလုံးသည် ကောင်းမွန်သည့် အဓိပ္ပာယ်များ ရှိသော်လည်း ၎င်းတို့က လူ့အရေပြားပေါ်တွင် ပေါ်လာသည့်အခါ ကြောက်စရာကောင်းသည်ဟုသာ ခံစားရသည်။
ရေပိုက်ခေါင်းကို ပိတ်လိုက်ပြီး ကျောင်းသားသည် ရေဇလုံကိုမြှောက်၍ ရေများကို သူ့ခန္ဓာကိုယ်အောက်သို့ စီးဆင်းစေလိုက်သည်။ ရေများသည် နေရာအနှံ့ စီးကျသည်။ သူသည် မျက်နှာသုတ်ပဝါကို ဆွဲယူ၍ သူ့ခန္ဓာကိုယ်အား သုတ်လိုက်သော်လည်း စာလုံးများကွာကျမလာခဲ့ပေ။
ဒုန်း!
ရေဇလုံအား ကြမ်းပြင်ပေါ် ပစ်ပေါက်လိုက်ပြီး ၎င်းသည် အပိုင်းအစများအဖြစ် ကြေမွသွား၏။ စိုစွတ်နေသည့် ဆံပင်များက နဖူးတွင် ကပ်နေကြသည်။ ကျောင်းသားသည် သူ၏ဆံပင်ကို ပင့်တင်လိုက်ရာ သူ့ဦးရေပြားပေါ်တွင်ပါ စာလုံးများ ရေးထားသည်ကို မြင်နေရသည်။
“ငါက မှန်ထဲမှာ မိစ္ဆာတစ်ကောင်ပုံပေါက်နေတာပဲ”
သူ့ခန္ဓာကိုယ်အား ခြောက်သွေ့အောင်သုတ်ပြီးနောက် ကျောင်းဝတ်စုံကို ဝတ်ဆင်၍ ဖုန်းနှင့်အတူ ဧည့်ခန်းအလယ်တွင် ရပ်လိုက်သည်။ အခန်းထဲရှိ အရာအားလုံး၏ အစီအစဉ်ဖြစ်မှုသည် သူ့မှတ်ဉာဏ်ထဲက ပုံစံနှင့် ဆင်တူပေသည်။ သို့သော်လည်း သူ ထိုင်ရဲခြင်း မရှိပေ။
“ဒါက တကယ်ပဲ ငါ့အိမ်လား”
ရေချိုးခန်းသည် အိမ်၏အလယ်ဗဟိုနှင့် နီးကပ်နေသည်။ ဧည့်ခန်းတံခါးရှေ့တွင် ကျဉ်းမြောင်းသည့် ကော်ရစ်ဒါတစ်ခု ရှိ၏။ ကော်ရစ်ဒါအဆုံးတွင် မှန်တစ်ချပ် ရှိလေသည်။ ထိုနေရာသည် နေ့ခင်းဘက်တွင်ပင် အမှောင်ကျသည်။ မီးများကို ဖွင့်ထားသော်လည်း မှိန်ဖျော့နေခဲ့သည်။ ပတ်ဝန်းကျင်တွင်လမ်းလျှောက်သည့်အခါ ထူးဆန်းသည့် အနံ့တစ်ခုက တိုက်ခိုက်သည်။ ၎င်းသည် ပုပ်သိုးနေသည့်အရာတစ်ခုခုကဲ့သို့ အနံ့ဖြစ်သည်။ ဤအခန်းသည် ကော်ရစ်ဒါ၏ အဆုံးတွင် ရှိ၏။ တံခါးသည် လှေကားအဝနှင့် မျက်နှာချင်းဆိုင် ဖြစ်သည်။ လေသည် တံခါးပေါက်မှတဆင့် ဆက်လက် တိုက်ခတ်နေပြီး အိမ်ထဲမှ လူများကို အလိုအလျောက် တုန်ယင်စေလေသည်။ အိမ်သည် အလွန်ပင်ဖုန်းရွှေ (Feng Shui) မကောင်းပေ။ အတွင်းပိုင်း ဒီဇိုင်းသည်လည်း ရှုပ်ထွေးလှသည်။ ဧည့်ခန်းတွင် ငါးသေများနှင့် ညိုးနွမ်းနေသော သစ်ပင်များပါသည့် ငါးကန်များ ရှိနေသည်။ ကော်ဇောအဟောင်းအောက်တွင် အနက်ရောင်ဖုန်မှုန့်များ ဝှက်ထား၏။ သံချေးတက်နေသည့် ဓားတစ်ချောင်းကို ဧည့်ခန်းမီးအုပ်ဆောင်းတွင် ချည်နှောင်ထားသည်။ အိမ်၏မြောက်ဘက်တွင် ပိုက်ဆံစက္ကူပြာများ ပြည့်နေသည့် မီးဖိုအိုးတစ်ခု ရှိသည်။
ဖုန်း ထပ်မြည်လာပြန်သည်။ အကြောင်းပြန်ခြင်း မရှိသောကြောင့် အဘွားက နောက်ထပ်အသံမေးလ် ပို့လိုက်သည်။
“ကောင်းမင်၊ အိမ်ကနေ မထွက်နဲ့နော် ၊ ဆရာက မင်းဘဝရဲ့ ဖျားနာမှုနဲ့ ဖြစ်ရပ်ဆိုးအားလုံးကို ဖြေရှင်းဖို့ ခုနစ်ရက်နေရမယ်လို့ ပြောထားတယ်”
“အဘွားကို ယုံပါ ၊ အဘွားက ဆရာကြီးကို မင်းကို ကာကွယ်ဖို့ ပြောထားပြီးပြီ ၊ မင်း ညွှန်ကြားချက်တွေကို လိုက်နာဖို့ပဲ လိုတယ်”
“မင်းရဲ့ မိဘတွေက ငါပြောတာ နားမထောင်လို့ ဖြစ်ရပ်ဆိုးကြောင့် ထိခိုက်ခံခဲ့ရတာ ၊ မင်းက ငါ့ရဲ့ တစ်ဦးတည်းသော မိသားစုပဲ ၊ မင်း ခုနစ်ရက်အတွင်း အိမ်ထဲမှာ နေရမယ်။”
ကျောင်းသားသည် မက်ဆေ့ချ်ကို တိတ်ဆိတ်စွာ နားထောင်နေ၏။ သူအိမ်မှ မထွက်ဘဲ သူ၏ အိပ်ခန်းသို့ တဖြည်းဖြည်းလျှောက်သွားလိုက်သည်။ ဧည့်ခန်းနှင့် အိပ်ခန်းကြားက ကော်ရစ်ဒါတွင် အနီရောင်ချည်မျှင်များ ချိတ်ဆွဲထားသည်။ ခေါင်းလောင်းများသည် ချည်မျှင်များမှ တွဲလောင်းကျနေသည်။ ပြာများနှင့် ဆန်ဖြူများသည် ကြမ်းပြင်ပေါ် ပြန့်ကျဲနေ၏။ သူ့ခေါင်းကို နှိမ့်၍ သူအိပ်ခန်းတံခါးကို ဖွင့်လိုက်သည်။
မှေးမှိန်နေသည့် အနီရောင်အလင်းသည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ စာလုံးများကို ပို၍ပင် ထူးဆန်းစေသည်။ သူ ခေတ္တရပ်ပြီး အတွင်းသို့ ကြည့်လိုက်သည်။ အိပ်ခန်းသည် သေးငယ်သော်လည်း အဖြူရောင်နံရံများကို အနီရောင်မျဉ်းများဖြင့် ဆေးခြယ်ထားသည်။ မျက်နှာကြက်တွင် ဧရာမမျက်လုံးကြီးများကို ရေးဆွဲထားပြီး နားများကို နံရံများတွင် ရေးဆွဲထားသည်။ သူ၏နှလုံးသည် တည်ငြိမ်စွာ ခုန်နေ၏။ သူ အောက်သို့ ကြည့်လိုက်ရာ အခန်းအလယ်တွင် ရေးဆွဲထားသည့် နှလုံးတစ်ခုကို မြင်ရသည်။ နှလုံးကို ဓားများဖြင့် ထိုးဖောက်ထားပြီး အဆောင်များဖြင့် ချိတ်ပိတ်ထားသည်။ ကျောင်းသားသည် မျက်နှာအမူအရာကင်းမဲ့စွာဖြင့် တံခါးကိုပိတ်လိုက်သည်။ သူဗီရိုကို ဖွင့်၍ အတွင်းတွင် ထိုင်ချလိုက်သည်။
သူသည် မျက်နှာကြက်ပေါ်က မျက်လုံးများနှင့် နံရံပေါ်က နားများကို ပုန်းနေခြင်းဖြစ်သည်။ သူသည် ဗီရိုတံခါး ပိတ်လိုက်ပြီး ဖုန်းကိုအလင်းရင်းမြစ်အဖြစ် အသုံးပြုကာ ခေါင်းအုံးစွပ်ထဲမှ ဒိုင်ယာရီတစ်အုပ်ကို ထုတ်ယူလိုက်သည်။
“ငါ့နာမည်က ကောင်းမင်…”
ကောင်းမင် ငယ်စဉ်တုန်းက သူ၏မိဘများသည် ညဘက်အပြင်ထွက်သည့်အချိန်တွင် ပျောက်ဆုံးသွားခဲ့သည်။ သူတို့ကို အခုထိ မတွေ့ရသေးပေ။ သူ၏အဘွားကို ဆရာကြီးက ထိုညတွင် အပြင်မထွက်သင့်ဟု အကြံပေးခဲ့သော်လည်း သူတို့ နားမထောင်ခဲ့ကြချေ။ ထိုနေ့မှစ၍ သူ့အဘွားသည် စိတ်ပျက်သွားပုံရသည်။ သူမသည် ဆရာကြီးပြောသမျှကို အလုံးစုံ ယုံကြည်လေသည်။ ထင်ရှားသည်မှာ ကောင်းမင်၏ မိဘများသည် သေဆုံးသွားခြင်းမဟုတ်ပဲ သရဲများ၏ပြန်ပေးဆွဲခံရခြင်း ဖြစ်သည်။
နှစ်ဦးစလုံးကို ရှာတွေ့ရန် သူမသည် အိမ်၏ဖုန်းရွှေကို ပြောင်းလဲခဲ့ပြီး ဘာသာရေး ထုံးတမ်းစဉ်လာများစွာကို ပြုလုပ်ခဲ့သည်။ သူမသည် သရဲများအား ကောင်းမင်၏မိဘများကို ပြန်လွှတ်ပေးစေရန်အတွက် တောင်းပန်ရန် အိမ်ကို ယင်အိမ်အဖြစ်ပြောင်းလဲခဲ့သည်။ ကောင်းမင်ကို ထိုသို့သော အဘွားက ပြုစုပျိုးထောင်ခဲ့ပေသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အကာအကွယ် စာလုံးများကို သူငယ်စဉ်ကတည်းက အရေပြားပေါ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် သူ၏အသားထဲတွင် ကြီးထွားနေခဲ့ပြီး ဖြစ်သည်။
ယင်းက အဆိုးဆုံး မဟုတ်ပေ။ ကောင်းမင်သည် ငယ်သေးသော်လည်း သူ၏ခန္ဓာကိုယ်သည် ညှဉ်းပန်းနှိပ်စက်မှုများစွာကို ဖြတ်သန်းခဲ့ရသည်။
အဘွားဖြစ်သူသည် ကောင်းမင်အား ကျောင်းတက်ခွင့် မပြုခဲ့ပေ။ သူအား ရပ်ကွက်ထဲက ကြင်နာတတ်သည့် လူတစ်ဦးကတွေ့ရှိခဲ့ပြီး ထိုသို့ဖြင့် သူစာသင်ခွင့် ရခဲ့သည်။ သို့သော်လည်း သူ၏ ပုံပန်းသဏ္ဌာန်သည် သူ့အား မိစ္ဆာတစ်ကောင် ဖြစ်စေခဲ့သည်။ သူသည် တခြားသူများ၏ အကြည့်များကို အသားမကျနိုင်ခဲ့ပေ။
ဒိုင်ယာရီက သူ၏ကျောင်းသားဘဝကို မှတ်တမ်းတင်ထားသည်။ သူသည် အလွန်ဉာဏ်ကောင်းပြီး အရာများကို လျင်မြန်စွာသင်ယူနိုင်ခဲ့သည်။ သို့သော်လည်း အမျိုးမျိုးသော လျှို့ဝှက်ဆန်းကြယ်သည့် အကြောင်းများကြောင့် သူကျောင်းမှ ထုတ်ပယ်ခံခဲ့ရသည်။ သူ၏ အဘွားသည် သူမ၏သားနှင့် ချွေးမကို ရှာဖွေရန်အတွက် သူ့သွေးကို ထုတ်ယူချင်နေသည်။ သူမသည် သူတို့အား ဆရာကြီးထံ ယဇ်ပူဇော်ချင်နေသည်။
ကောင်းမင်သည် ထိုသို့သော ဘဝဖြင့် နေထိုင်ခဲ့ရသည်။ သူသည် ဘောပင်ဖြင့် ဒိုင်ယာရီထဲတွင် ရက်စွဲ၊ ဇူလိုင်လ ၁၄ ရက်နေ့ကို ချရေးလိုက်သည်။
“အဘွား၊ ကျွန်တော် အခု သရဲတွေကို ယုံပါပြီ ၊ ကျွန်တော် အဘွားကို ယုံပါတယ်”
ထိုအခါ ဖုန်းက အလင်းရောင် ထွက်လာလေသည်။ သူ၏အဘွားသည် မက်ဆေ့ချ်များ ထပ်ပို့ပြန်သည်။ ကောင်းမင်သည် ယင်းတို့ကို လျစ်လျူရှုပြီး ဆက်လက်ရေးသားနေခဲ့သည်။
“ဘာပဲဖြစ်ဖြစ် အဘွားက သေသွားပြီလေ ၊ အဘွား သေသွားတာကို ကျွန်တော် မြင်ခဲ့ပြီးသားပဲ ၊ ဒါဆို သေသွားတဲ့သူက ဘယ်လိုလုပ်စကားပြောနိုင်မှာလဲ”
ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ်လာ၏။ ခေါင်းလောင်းများက တချွင်ချွင်မြည်လာတော့သည်။
“မင်း အိမ်ပြန်လာချင်လား ၊ မင်း အိမ်ပြန်လာနိုင်သေးလား”