← Chapters

မှတ်ဉာဏ်များကို အခြေခံ၍ ဘေးအန္တရာယ်မှလွတ်မြောက်ခြင်း

Vol. 24 Ch. 357

မှတ်ဉာဏ်များကို အခြေခံ၍ ဘေးအန္တရာယ်မှလွတ်မြောက်ခြင်း

Vol. 24 Ch. 357

ဗီရိုတံခါးကို ပိတ်ထားသည်။ ခန္ဓာကိုယ်အား ဆုတောင်းစာများဖြင့် ဖုံးလွှမ်းနေသည့် ကောင်းမင်သည် ဘောပင်ကို ကိုင်ထားခဲ့သည်။ သူ စာဆက်မရေးတော့ပေ။ သူ၏ မျက်လုံးများသည် တုန်ခါနေသည့် ဖုန်းပေါ်တွင် ရှိနေခဲ့သည်။သူ့အဘွား၏ အသံမေးလ်များသည် ငရဲမှ ဆင့်ခေါ်သံများကဲ့သို့ ဖြစ်သည်။ ကောင်းမင်သည် ယင်းတို့ကို ပြန်မဖြေသော်လည်း မက်ဆေ့ချ်များမှာ ဆက်တိုက်ရောက်လာနေခဲ့သည်။ ၎င်းတို့က ပို၍ ပို၍အကြိမ်ရေစိပ်လာတော့သည်။ တစ်မိနစ်ကြာပြီးနောက် မက်ဆေ့ချ်များ ရုတ်တရက် ရပ်တန့်သွား၏။ စခရင်ပေါ်တွင် ဗီဒီယိုကောတောင်းဆိုချက် ပေါ်လာခဲ့သည်။ သူ့အဘွား၏ အဖြူအမည်းပုံတူတစ်ခု ပေါ်လာလေသည်။ သူမသည် ဖုန်းထဲမှ တွားထွက်လာချင်ပုံရသည်။

“ဗီဒီယိုကောလား”

စာလုံးများဖြင့် ဖုံးအုပ်ထားသည့် မျက်နှာသည် တုံ့ဆိုင်းနေ၏။ နောက်ဆုံးတွင် ကောင်းမင်သည် ၎င်းကို လက်ခံရန် ရွေးချယ်လိုက်သည်။

“ကောင်းမင်၊ ငါ မင်းအတွက် ဘယ်လောက် စိုးရိမ်နေလဲသိလား ၊ မင်းအခန်းကနေ မထွက်ပါနဲ့ ၊ မင်း လုပ်မိလိုက်တာနဲ့ အားလုံးအချည်းနှီး ဖြစ်သွားလိမ့်မယ်! မင်းရဲ့ မိဘတွေကို မှတ်မိသေးလား ၊သူတို့က ငါပြောတာကို နားမထောင်လို့ သေသွားတာလေ!”

ဗီဒီယိုထဲက သက်ကြီးရွယ်အိုအမျိုးသမီးသည် ကောင်းမင်နှင့် ဆင်တူသည်။ သူမ၏ဆံပင်များမှာ ဖြူဖွေးနေ၏။ သူမသည် အိုမင်းနေပြီး ပင်ပန်းနွမ်းနယ်နေပုံရသည်။ သူမ၏ အဝတ်အစားများမှာ ညစ်ပတ်နေပြီး စခရင်ကိုကြည့်၍ အော်ပြောနေသည်။ သူမပတ်ဝန်းကျင်တွင် ပစ္စည်းအမျိုးမျိုးနှင့် ‘နတ်ဆေးများ’ ရှိသည်။ သူမသည် အဖိုးတန်သည့် အရာအားလုံးကို ဆရာကြီးနှင့် သူ၏ နတ်ဘုရားထံ အပ်နှံခဲ့လေသည်။

“ငါ ပြောတာ နားထောင် ၊ ဆရာကြီး ပြောထားပြီးပြီ ! မင်းရဲ့ ဘေးကပ်ဆိုးကံကြမ္မာက ခုနစ်ရက်ကြာရင် အလိုအလျောက် ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ်!”

စခရင်ကို စိုက်ကြည့်နေရင်း ကောင်းမင်၏အကြည့်တွင် သံသယများ ရောယှက်နေလေသည်။ စခရင်ပေါ်ရှိ အခန်းသည် အလွန်ရင်းနှီးသော်လည်း သူ မှတ်မိသည့်ပုံစံနှင့် ကွဲပြားသည်။ သူ၏ အဘွားသည် မျက်ရည်များဖြင့် အော်ဟစ်လိုက်သည်။ သူမသည် ကောင်းမင်အတွက် အလွန်အမင်း စိုးရိမ်နေသော်လည်း…

ကောင်းမင်သည် ဒိုင်ယာရီကို ချထားလိုက်ပြီး ဗီရိုကို ဖွင့်လိုက်သည်။ သူသည် တိုက်ခန်းအတွင်းရှိ နောက်ထပ်အိပ်ခန်းဆီသို့ လျှောက်သွားလိုက်သည်။

“တံခါးကို မဖွင့်နဲ့! ငါ မင်းကို ကူညီနေတာနော်!”

ကျဉ်းမြောင်းသည့် ကော်ရစ်ဒါ၏အစွန်းနှစ်ဖက်တွင် အိပ်ခန်းနှစ်ခန်း ရှိ၏။ ကောင်းမင်၏ အိပ်ခန်းငယ်သည် ဘယ်ဘက်တွင် ရှိ၍ သူ့အဘွား၏ အိပ်ခန်းကြီးသည် ညာဘက်တွင် ရှိသည်။ အနံ့ဆိုးခပ်ပါးပါးသည် ညာဘက်အိပ်ခန်းမှ လာနေခြင်းဖြစ်သည်။ လျှော်ကြိုးသည် တံခါးလက်ကိုင်တစ်ဝိုက်တွင် ရစ်ပတ်နေပြီး အဝါရောင်စာရွက်တန်းတစ်တန်းကို တံခါးဘောင်တစ်လျှောက် ကပ်ထား၏။

“တံခါးကို မဖွင့်နဲ့ ကောင်းမင်! မင်း ဖွင့်လိုက်ရင် ကံဆိုးမှုအားလုံး လွတ်မြောက်သွားလိမ့်မယ်!”

အဘွားအိုက စတင်တောင်းပန်လာ၏။ သူမသည် ဆရာကြီးက သူမ၏သားနှင့်ချွေးမကို ပြန်ရအောင် ကူညီနိုင်ပြီး ကောင်းမင်ကိုလည်း ကူညီနိုင်မည်ဟု အမှန်တကယ်ယုံကြည်ထားသည်။

“ဒါပေမယ့် အဘွားက သေနေပြီလေ…”

ကောင်းမင်က တံခါးလက်ကိုင်တစ်ဝိုက်ရှိ ကြိုးကို ဖြတ်လိုက်သည်။ ဖုန်းထဲမှ နှလုံးကွဲဖွယ် အော်ဟစ်သံကို သူကြားလိုက်ရသည်။ သူ အိပ်ခန်းတံခါးကို ဖွင့်လိုက်သည့်အခိုက်အတန့်တွင် ဗီဒီယိုခေါ်ဆိုမှု ပြီးဆုံးသွား၏။ အနံ့ဆိုးတစ်ခုသည် အခန်းထဲမှ ထောင်းခနဲ ထလာ၏။ သူမြင်လိုက်ရသည့် မြင်ကွင်းသည် ထိတ်လန့်ဖွယ်ရာဖြစ်သည်။ အခန်းအလယ်တွင် ကုလားထိုင်တစ်ခု ချထားသည်။ သူ့အဘွား၏ အာဟာရချို့တဲ့နေသည့် ခန္ဓာကိုယ်အား ကုလားထိုင်တွင် ရိုက်ချည်ထားလေသည်။ သူမ၏ မျက်နှာသည် ခရမ်းရောင်ဖြစ်နေပြီး လည်ချောင်းမှာ ဖူးယောင်နေခဲ့သည်။ သူမ၏ အနီရောင်ဂျာကင်ပေါ်တွင် ဆေးပြားအမျိုးမျိုး ပြန့်ကျဲနေလေသည်။ သေဆုံးသည့်အချိန်တွင်ပင် သူမသည် ဆေးပုလင်းတစ်လုံးကို ဆုပ်ကိုင်ထားခဲ့သည်။ ပုလင်းတွင် ထုတ်လုပ်သည့်ရက်စွဲ သို့မဟုတ် ပုံမှန်သင်္ကေတများ မရှိပေ။ အညိုရောင်ပုလင်းသည် ဆရာကြီးထံမှ သူမ တောင်းခံခဲ့သည့် ဆေးဖြစ်သည်။

သူမသည် တစ်ကိုယ်လုံးအနီရောင် ဝတ်ဆင်ထားသည်။ သူမ၏ ခန္ဓာကိုယ်သည် ညစ်ပတ်နေပြီး သူမမျက်လုံးများက ပြူးထွက်နေ၏။ သူမ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ထူးဆန်းပြီး ဈေးပေါသည့် ‘ကျောက်စိမ်းများ’ တွဲလောင်းကျနေလေသည်။ ၎င်းတို့အနက် အချို့သည် လမ်းဘေးတွင် တွေ့ရသည့် ထွင်းထုထားသော ကျောက်စရစ်ခဲများ ဖြစ်သော်လည်း သူ့အဘွား၏ မျှော်လင့်ချက်များကို သယ်ဆောင်ထားသည်။ ကောင်းမင် ငယ်စဉ်ကတည်းက ကောင်းမင်၏အဘွားသည် ‘ရတနာများ’ ကို အိမ်သို့ ယူဆောင်လာတတ်သည်။ ဤရတနာများသည် သူတို့၏ အိမ်အား သရဲခိုအောင်းရာနေရာအဖြစ် တဖြည်းဖြည်း ပြောင်းလဲစေခဲ့သည်။

သူတို့ ဖျားနာသည့်အခါ ဆရာဝန်ဆီ သွားလေ့မရှိကြပေ။ထိုအစား ပြာနှင့်ရောနှောထားသည့် ရေကိုသာ သောက်ကြသည်။ ကောင်းမင်သည် ကျောင်းတွင် လူမှုအသိုင်းအဝိုင်းမှ နှင်ထုတ်ခံရပြီး အနိုင်ကျင့်ခံရသည့်အခါ သူ့ကို အဆောင်မန္တန်အချို့ ဝတ်ဆင်ရန်ပြောခဲ့သည်။ ဆရာကြီးနှင့် သူ၏ နတ်ဘုရားသည် အရာအားလုံးကို ဖြေရှင်းရန်ရှိသည်။ အပြုသဘောဆောင်သည့် အရာတစ်ခုခု ဖြစ်ပေါ်လာတိုင်း သူ၏အဘွားသည် ဆရာကြီးကို ကျေးဇူးတင်ရန် တစ်စုံတစ်ခုလုပ်ဆောင်တတ်သည်။

ကောင်းမင်သည် ကြမ်းပြင်ပေါ်ရှိ စာရွက်ကို ကောက်ယူလိုက်သည်။ ၎င်းတွင် ဆေးကိုသောက်သုံးသည့် နည်းလမ်းများကို အသေးစိတ် ဖော်ပြထားသည်။ ဆေးကို မနက်မှ နေ့လယ်အထိ ပါးစပ်တွင် ထည့်ထားရပြီး ညနှင့် ညသန်းခေါင်ကြားတွင် ပူဇော်ပစ္စည်းများကို ယဇ်ပူဇော်ခြင်းဖြင့် ဆေး၏စွမ်းအားကို မျှတအောင် လုပ်ဆောင်ရမည်ဖြစ်သည်။ သူ့အဘွားအိပ်ခန်းထဲရှိ အရာအားလုံးတွင် အကြောင်းပြချက်ရှိပေသည်။ တိုက်ခန်းသည် ယင်စွမ်းအင် စုဆောင်းသည့် သားရဲတွင်းတစ်ခုဖြစ်လာခဲ့သည်။ သူ့အဘွား ထိုင်သည့်နေရာသည် ယင်စွမ်းအင် အများဆုံးရှိသည့် နေရာလည်းဖြစ်သည်။ သူမသည် နတ်ဆိုးဘုရားနှင့် တွေ့ဆုံရန်ဆန္ဒဖြင့် ရက်ပေါင်းများစွာ ဆေးကိုသောက်သုံးခဲ့သော်လည်း ဆေးကြောင့် သေဆုံးခဲ့ရသည်။ အဘွား၏ အနှစ်သက်ဆုံးဆရာကြီးသည် သူမကို ဆေးညွှန်းပေးခဲ့ပြီး ယင်းသည် သူမကို သတ်ခဲ့သည့်ဆေးလည်း ဖြစ်သည်။

“ဖြစ်ရပ်ဆိုးကို ဖြေရှင်းတာတဲ့လား ၊ အဘွားက ဖြစ်ရပ်ဆိုးပဲ…”

ကောင်းမင်သည် ကုလားထိုင်ပေါ်က အလောင်းကို စူးစမ်းကြည့်ရင်း သူ့ဖုန်းကို ပိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ဤအခန်းက သူ့အား အလွန်မသက်မသာ ခံစားရစေသည်။ ဂါထာမန္တန်(အဆောင်)များစွာအပြင် သူ့အဘွားနှင့် မျက်နှာချင်းဆိုင်တွင် ရုပ်တုတစ်ခု ရှိနေ၏။ ကောင်းမင်သည် ထိုနတ်ဘုရားကို မမှတ်မိသော်လည်း ရုပ်တုကို မြင်သောအခါ သူ့နှလုံးသားသည် နာကျင်မှုကြောင့် တုန်လှုပ်သွားပြီး မှတ်ဉာဏ်အပိုင်းအစများ ပေါ်ထွက်လာခဲ့သည်။ မှတ်ဉာဏ်များသည် သူ၏ဦးနှောက်မှ မဟုတ်ဘဲ သူ၏ နှလုံးသားမှ လာခြင်းဖြစ်သည်။

သူ လွန်ခဲ့သည့် ရက်အနည်းငယ်က ထိုနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ သူ၏ အသားနှလုံးကို နတ်ဘုရားက ကြေးချိန်းကြိုးဖြင့် ထိုးဖောက်ခဲ့ခြင်းဖြစ်သည် - သူ၏နတ်ဘုရားနှလုံးသည် အပိုင်းပိုင်း စုတ်ပြဲသွားခဲ့ပြီး နောက်ထပ် နတ်ဘုရားတစ်ပါးကြောင့် သူသည် သူ့အတိတ်၏ မတူညီသည့်ဗားရှင်းများအဖြစ် ပေါ်ထွက်လာခဲ့သည်။

သူသည် ထိုသို့သော ထူးဆန်းသည့် စွမ်းအားမျိုးကို တစ်ခါမှ မကြုံခဲ့ဖူးပေ။ တစ်ဦးသည် သူ၏ အတိတ်ကို သတ်ခဲ့ပြီး ကျန်တစ်ဦးက သူ၏အဆိုးဆုံး အနာဂတ်ကို လက်တွေ့အရှိတရားအဖြစ်သို့ ပြောင်းလဲပစ်ခဲ့သည်။ ပြင်းထန်သည့် နာကျင်မှုသည် သူ့ခန္ဓာကိုယ်အား တသိမ့်သိမ့်တုန်ခါစေခဲ့သည်။ မှတ်ဉာဏ်သည် တစ်ကြိမ်ထက်မကထွက်ပေါ်နေခဲ့သည်။ မည်သည်က အမှန်လဲကို သူမသိပေ။ သို့သော်လည်း တစ်ခုတော့ သေချာပေသည်- သူ အသက်ရှင်နေသမျှ အခွင့်အရေး ရှိနေသေးသည်။

သူ၏ ဖုန်းသည် ထပ်မံ တုန်ခါလာ၏။ ကောင်းမင်သည် သူ၏အသားထဲက မှတ်ဉာဏ်များကို စူးစမ်းနေခြင်း ရပ်တန့်လိုက်သည်။ သူ မျက်လုံးဖွင့်လိုက်ရာ သူ့အဘွားက သူ့ကို ထပ်မံ ခေါ်ဆိုနေသည်ကို မြင်လိုက်သည်။

“ဘာလို့လဲ ၊ အဘွား အသက်ရှင်တုန်းက ကျွန်တော့်ကို ဒီလိုမိစ္ဆာ ဖြစ်အောင်လုပ်ခဲ့တယ်၊ အဘွား သေပြီးတာတောင် ဘာလို့ ကျွန်တော့်ကို အလွှတ်မပေးချင်ရတာလဲ”

သူ ဖုန်းဖြေလိုက်သည်။ ၎င်းသည် နောက်ထပ် ဗီဒီယိုခေါ်ဆိုမှု ဖြစ်သည်။ ဒီတစ်ကြိမ်တွင် အရင်က ပုံရိပ် ပေါ်မလာပေ။ ထိုအစား ကောင်းမင်ကို စခရင်ပေါ်တွင်ပြသနေသည်။ သူသည် တံခါးဝတွင် ရပ်နေပြီး သူ့ဖုန်းကို ကိုင်ထားလေသည်။

“ဒါက… အဘွားရဲ့ အလောင်းက အမြင်လား”

သူ မော့ကြည့်လိုက်သည်။ သူ့အဘွား၏ ခြောက်သွေ့နေသည့် မျက်နှာက မော့လာပြီး သူမ၏ မှုန်မှိုင်းနေသော မျက်လုံးများက ကောင်းမင်ကို စိုက်ကြည့်လိုက်သည်။

“ငါ မင်းကို ဝင်မလာဖို့ မပြောခဲ့ဘူးလား!”

တွဲလောင်းကျနေသည့် လက်များ စတင်လှုပ်ရှားလာတော့သည်။ သူ့အဘွား၏ ဖူးယောင်နေသည့် လည်ချောင်းထဲတွင် တစ်စုံတစ်ခုလှုပ်ရှားလာသည်။ သူမ၏ ဦးခေါင်းခွံ ရွေ့လျားသွား၏။ သူမ၏ အဆစ်များကို ချည်နှောင်ထားသည့် ကြိုးများက တင်းကျပ်လာလေသည်။

“ဖြစ်ရပ်ဆိုးကို မဖြေရှင်းနိုင်တာ ငါ့အမှားလား ၊ မင်းအမှားပဲ ! မင်းက ကပ်ဆိုးကောင်!”

သူ့နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ကြီးထွားလာ၏။ ကောင်းမင် နောက်ဆုတ်၍ သူ့အဘွား၏ အခန်းတံခါးကို ဆောင့်ပိတ်လိုက်သည်။

သူ့နားထဲသို့ ကြိုးများ ပြတ်တောက်သွားသည့်အသံ ဝင်ရောက်လာလေသည်။ သူ့အဘွားသည် အိပ်ခန်းထဲမှ တွားထွက်လာနေချေပြီ!။

ကောင်းမင်သည် သူ၏ ဒိုင်ယာရီနှင့် ကျောင်းကျောပိုးအိတ်ကို ဆွဲယူ၍ ဧည့်ခန်းဆီသို့ ပြေးသည်။ အပြင်ဘက်တွင် သူ့ကို ဘာပဲ စောင့်ကြိုနေပါစေ သူထိုအိမ်တွင် ဆက်နေချင်တော့။ ကောင်းမင် ထွက်မပြေးနိုင်အောင် သူ့အဘွားသည် ဧည့်ခန်းတံခါးတစ်ဝိုက်တွင် သံကြိုးများနှင့် ဂါထာမန္တန်များကို ထားရှိခဲ့သည်။ သော့ရှိသူမှသာ ထွက်ခွာနိုင်မည် ဖြစ်သည်။

ကောင်းမင်သည် သော့ကို ကန်လိုက်ပြီး တံခါးကိုဆောင့်လိုက်သည်။ သူ ထွက်သွားဖို့လိုသည်။ တံခါးသည် လှုပ်ယမ်း၍ တုန်ယင်လာ၏။ ကောင်းမင်သည် သူ့အဘွား၏ အိပ်ခန်းမှ ထွက်လာသည့် ကြောက်စရာကောင်းသည့် ဆူညံသံများကို ကြားနေရသည်။ သူမကား တွားထွက်လာနေပြီဖြစ်သည်!။

“ငါ ထွက်သွားမှ ရမယ်!”

(မှတ်ချက် - ကပ်ဆိုး ၊ ဘေးကပ်ဆိုး ၊ဖြစ်ရပ်ဆိုး ဆိုတာ အဓိပ္ပါယ်အတူတူပါပဲ)

All Chapters