← Chapters

ခွန်မင်က ငါးဆားနယ်တစ်ကောင် ဖြစ်လာပြီ

Vol. 22 Ch. 316

ခွန်မင်က ငါးဆားနယ်တစ်ကောင် ဖြစ်လာပြီ

Vol. 22 Ch. 316

အခန်း (၃၁၆)  :  ခွန်မင်က ငါးဆားနယ်တစ်ကောင် ဖြစ်လာပြီ

ခွန်မင်က စိတ်ထဲ ခံစားချက်ပြင်းထန်လာကာ အရှိန်အဟုန်အပြည့်ဖြင့် အငွေ့အသက် အလွှာဆီ ပြေးဝင်လိုက်သည်။

သို့သော် သူတို့က ခွန်ပန်ကျွန်းနှင့် လှမ်းကွာလွန်းနေသေး၏။

မိုင်ရာချီနေသော ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုက်နက်က အသေးစားလေး မဟုတ်ပေ။ သူတို့က ကျွမ်းကျင် ပါရမီရှင်များ ဖြစ်ကြသော်လည်း ဤအကွာအဝေးကို ဆယ်ရှိုက်စာအတွင်း ဖြတ်သန်းဖို့ ခက်ခဲနေကြသည်။

ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းရှိ အာကာပြင် သိပ်သည်းမှုက အင်မတန် မြင့်မားသောကြောင့် အပြင်လူများအပေါ် အဓိက ဖိအားဖြစ်စေသည်။ သူတို့သုံးယောက်က အမြန်ဆုံးနှုန်းဖြင့် လာခဲ့သော်လည်း အကာအရံအလွှာ ပြန်ပိတ်သွားသည်ကို ကြည့်ရုံသာ တတ်နိုင်လိုက်သည်။

ဝုန်း …

ခွန်မင်၊ အာ့ထုံထျန်းနှင့် ပိရွမ်ချင်းတို့က တဖန် ပြန်ပိတ်သွားသည့် အကာအရံအလွှာကို ကြည့်ရင်း ကြောင်အမ်းနေကြသည်။

ဤလောက၌ အနာကျင်ရဆုံးအရာမှာ အများသုံးယာဉ်ကို သုံးနာရီကြာ စောင့်လိုက်ရပြီး ပေါ်မလာတာမျိုး …

စိတ်မရှည်ဘဲ ကားမှတ်တိုင်ကနေ ထွက်သွားတော့မည့်ဆဲဆဲတွင် ကား ရောက်လာတာမျိုး …

ထိုစဉ် ခွန်မင်က ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း တစ်ခုလုံး သူ့အပေါ် မလိုမုန်းထားဖြစ်နေသည်ဟု ခံစားနေမိသည်။

“အစ်ကိုခွန် အကာအရံအလွှာက ပိတ်သွားပြီ ”

အာ့ထုံထျန်းက ခွန်မင်အား မကျေမချမ်းနိုင် ကြည့်လိုက်သည်။

ခင်ဗျားပြောတော့ ကျုပ်တို့ စိတ်လျော့ပြီး စောင့်ရင်စောင့် ဒါမှမဟုတ် စောစောစီးစီး ထွက်သွားသင့်တယ်ဆို … ဒါပေမဲ့ ဒီကျွန်းက တကယ့်အခွင့်အရေးကောင်း စောင့်နေတယ်လို့လည်း ခံစားမိတယ်တဲ့လား ... 

စိတ်ပျက်စရာပဲ ....

သို့သော်ငြား သူတို့က ဒီကျွန်းနှင့် လွဲချော်သွားဖို့ အင်တင်တင် ဖြစ်နေမိ၏။ သူတို့ ခံစားမိသော ဝိညာဉ်ချီ အရည်အသွေးအရ ကောင်းလွန်းနေမှန်း တန်းခံစားမိလိုက်ကြသည်။ ဤသည်မှာ အထွတ်အထိပ်အဆင့် ကျွန်း ဖြစ်ရမည်။

အကယ်၍ သူတို့သာ လွဲချော်သွားပါက လက်ကျန် တစ်ဘဝလုံး နောင်တရမိနေလိမ့်မည်။

စောင့်ရမယ် …

အာ့ထုံထျန်းတို့အဖွဲ့က ထိုအတွေးကြောင့် ပူပင်သောကရောက်နေကြသည်။

စောင့်နေဖို့ရာ နောက်ထပ် သုံးလတာ စောင့်ရမည်လား … အရမ်းများလွန်းနေပေသည်။

အခြားသော ကျွန်းများကို ရှုပ်ထွေးပွေလီ အငွေ့အသက်များ ဝန်းရံထားသောကြောင့် နှစ်လတစ်ခါထက် ပွင့်လာမည် မဟုတ်ပေ။ ဤကျွန်းက အမှန် အညှာတာကင်းမဲ့လှသည်။

ပိရွမ်ချင်းက ခွန်မင်အား ကြည့်ကာ  “အစ်ကိုခွန် … တုံ့ဆိုင်းနေတဲ့သူက ရှုံးတာပဲ။ ဆုံးဖြတ်လိုက်ပါတော့ … ထွက်သွားမလား စောင့်မလား အစ်ကို ဆုံးဖြတ်လိုက်ပါ ”

ခွန်မင်က အသက်ပြင်းပြင်းရှုလိုက်သည်။ သူက သာမန်ကံအပြောင်းအလဲ အခွင့်အရေးမျှဆိုလျှင် ဤမျှအထိ ဝေခွဲမရ ဖြစ်နေမည် မဟုတ်ပေ။ သူကလည်း မဟာခွန် လေဟာနယ်မျိုးနွယ်၏ အားအကောင်းဆုံး ပါရမီရှင် ဖြစ်သည့်အတွက် သူ့မာနနှင့်သူ ရှိပေသည်။ မည်သည့်ကျွန်းမှ သူ့ကို စောင့်ခိုင်းဖို့ မထိုက်တန်ချေ။

သို့သော်လည်း သူက သူ့သွေးအတွင်း နှစ်မြှပ်နေသည့် တောင့်တနေသော ခံစားချက်ကို လျစ်လျူမရှုနိုင်ပေ။

“ နေမယ် … ငါတို့ ဒီမှာဆက်နေမယ်။ ငါ ဘယ်လောက်ကြာကြာ စောင့်မယ်။ နောက်တစ်ခါ ပွင့်မလာဘူးလို့ မယုံဘူး ”

ခွန်မင်က အားကောင်းသော အငွေ့အသက်များကို ထုတ်လွှင့်လိုက်ရင်း ဆံပင်များပါ လွှင့်လာသည်။ အနီးရှိ သားရဲများကို ခြောက်လန့်လိုက်သလို ဖြစ်သွား၏။

သူက အလွန်အမင်း အားကောင်းသည်မှာ သိသာလှသည်။ သူက ထိပ်ဆုံး နိဗာနအဆင့်မျှ ရှိသေးသော်လည်း ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူတစ်ယောက်၏ တိုက်ရည်ခိုက်ရည်ကို ပိုင်ဆိုင်ထားပြီးလေပြီ။

သူက နယ်မြေငါးခုအနက် အားကောင်းသော ကျင့်ကြံသူတစ်ဦး အစစ်အမှန်အဖြစ် မှတ်ယူနိုင်ပေသည်။ သူက လူငယ်မျိုးဆက်အတွင်းသာ အားကောင်းနေခြင်း မကပေ။

သူက ကျွန်းကို စိုက်ကြည့်ကာ  “ ဒီကျွန်းစုတ်က နောက်ထပ် သုံးလလုံးလုံး ပိတ်နေမယ်လို့ မယုံဘူး ”

နောက်သုံးလကြာပြီးသွားသည့်နောက်မှာတော့ ခွန်မင်တစ်ယောက် ယုံလိုက်ရတော့သည်။

………...

ထိုကျွန်း ပြန်ပွင့်လာသည့်အခါ မြောက်ပင်လယ် ပါရမီရှင် သုံးယောက်၏ မျက်ဝန်းများ နီရဲလာကြသည်။ သူတို့မျက်ဝန်း၌ မျက်ရည်စများပင် မြင်နေရ၏။

အထူးသဖြင့် အာ့ထုံထျန်းနှင့် ပိရွမ်ချင်းတို့၏ မျက်ဝန်းများက နီရဲနေလေသည်။

အရှင်းဆုံးပြောရလျှင် သူတို့က ခွန်မင်ကို အနိုင်မရနိုင်သည့်အချက်ကြောင့်သာ မဟုတ်လျှင် သူ့အား ကောင်းကောင်း ဆုံးမပြီးလောက်လေပြီ။

ဂြိုလ်ဆိုးပဲ …

သူက သုံးလလို့ ပြောလိုက်လို့ ငါတို့တွေ သုံးလလုံးလုံး စောင့်လိုက်ရတာလား … အဲလိုဆို ငါတို့သုံးယောက် နတ်ဘုရား ဖြစ်လာတယ်လို့သာ ပြောလိုက်ပါ့လား … အဲဒါလည်း အမှန် ဖြစ်ရင် ဖြစ်လာမှာပေါ့

နှစ်ယောက်သား ပူးပေါင်းလျှင်ပင် ခွန်မင်အား အနိုင်မယူနိုင်ကြပေ။ သူတို့ရုပ်ပိုင်းဆိုင်ရာကလည်း ကန့်သတ်ထားသေး၏။ သူတို့မျက်နှာအထက် မကျေမနပ် အမူအယာမျိုး ရှိမနေသလို ငြီးတွားမှုမျိုးလည်း ပွင့်လင်းမြင်သာ ထုတ်မပြောရဲကြပေ။

“ငါ  ခံစားမိပြီ … ဒီကျွန်းပေါ်မှာ သေချာပေါက် ရတနာရှိတယ် ”

ခွန်မင်၏ မျက်နှာကား စိတ်အားထက်သန်မှုအပြည့် ဖြစ်နေသည်။ အကာအရံအလွှာ ပွင့်မလာခင် သူက သူ့သွေးတွင်းမှ အလိုလိုသိစိတ်နှင့် ပတ်သတ်၍ မှားယွင်းသွားမည်ကို စိုးရိမ်နေမိခဲ့သည်။

သို့သော် အကာအရံအလွှာ ပွင့်လာသည့်အခါ ခွန်မင်က သူ့ပင်ကိုယ်အသိစိတ်က မှန်ကန်နေကြောင်း သေချာသွားသည်။

ဒီကျွန်းပေါ်မှာ သူ့အတွက် အရေးပါတဲ့အရာတစ်ခု ရှိနေတယ် …

“ညီအစ်ကိုတို့ ဝင်ကြ … ”

ခွန်မင်က အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းလဲလိုက်ပြီး အကာအရံအက်ကြောင်းထဲ တဟုန်ထိုး ဝင်သွားလိုက်သည်။

သူ ပုံပြောင်းထားသည့် ခန္ဓာကိုယ်နှင့် ဖြစ်ပြီး နဂိုမူလ ဧရာမခွန်ပုံစံဖြင့် မဟုတ်ပေ။ ခွန်မင်၏ ပုံစံအစစ်အမှန်ကား အလွန်ကြီးမားလွန်းသောကြောင့် ဤအက်ကြောင်းအသေးလေးအတွင်း တိုးဝင်နိုင်မည် မဟုတ်လောက်ပေ။

အကာအရံအလွှာ ပြန်ပွင့်လာသည့်နောက်တွင်ပင် ဖြတ်သန်းသွားဖို့က သိပ်လွယ်ကူလှသည်တော့ မဟုတ်ချေ။ မည်သို့ပင်ဆိုစေကာမူ ထိုပါရမီရှင်သုံးယောက်အတွက် သိပ်မခက်ခဲချေ။ သုံးယောက်သား ရှစ်ရှိုက်စာအတွင်း အက်ကြောင်းမှ အောင်အောင်မြင်မြင် ဝင်ရောက်နိုင်လိုက်ကြသည်။

ဟူး …

အတော်လေး စိတ်လှုပ်ရှားပြီးနောက် သုံးယောက်လုံး စိတ်သက်သက်သာသာဖြင့် ကျွန်းဆီ ဆင်းသက်လိုက်ကြသည်။

“ သိပ်သည်းလိုက်တဲ့ ဝိညာဉ်ချီတွေ …. ကျုပ်တို့မျိုးနွယ်ရဲ့ လျို့ဝှက်နယ်မြေထက်တောင် ပိုသိပ်သည်းသေးတယ်” ပိရွမ်ချင်းက ကျေနပ်အားရစွာ ကြည့်လိုက်ပြီး “ ဒီနေရာမှာ အဖိုးတန်ပြီး ရှားပါးတဲ့ ဆေးပင်တွေအများကြီး ရှိလောက်တယ်။ အစ်ကိုခွန် … ညီအစ်ကိုအာ့ ကျုပ်တို့တော့ ချမ်းသာပြီ ”

အာ့ထုံထျန်းလည်း ပျော်ပျော်ရွှင်ရွှင် ဝင်ပြောလိုက်သည်  “ညီအစ်ကိုပိ ပြောတာ မှန်တယ်”

ခွန်မင်လည်း အလွန်ပျော်ရွှင်နေမိသည်။ သို့သော် သုံးယောက်အနက် စီနီယာအကျဆုံးတစ်ယောက်အနေနှင့် တုံးတုံးအအ အငယ်လေးနှစ်ယောက်ထက် သူက လေးလေးနက်နက် ပုံစံပေါ်ရမည်ဟု ခံစားမိသည်။

“အဟမ်း စိတ်ထိန်းကြဦး … မင်းတို့တွေ သက်တမ်းတောင် နှစ်ရာချီနေပြီ။ ဘာလို့ စိတ်လှုပ်ရှားနေကြတာတုန်း ”

ခွန်မင်က အသာထပ်ပြောလိုက်သည်  “ ဒီကျွန်းကို ခြောက်လလုံးလုံး စောင့်လာရတာ။ ပြီးတော့ ဒီရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပွင့်လာတာ ခုနှစ်လပဲ ရှိသေးတာရယ်၊ ဒီကျွန်းက သုံးလတခါပဲ ပွင့်တာရယ် ထည့်တွက်လိုက်ရင် တခြားသူ မရောက်ရသေးတာ သေချာတယ်။ ဒီကျွန်းပေါ်က ဝိညာဉ်ဆေးပင်တွေက ငါတို့အပိုင်ပဲ … အကုန်သိမ်းဆည်းဖို့ အချိန်ရှိပါသေးတယ် ”

ထိုသို့ပြောပြီးနောက် ခွန်မင်က ပြုံးလိုက်သည်။ ဤကျွန်းက အလွန်ကြီးမားလွန်းပြီး သာမန်ကျွန်းအရွယ်အစားထက် အနည်းဆုံး သုံး၊ လေးဆလောက် ပိုကြီးမားပေမည်။

ထို့အပြင် ဤနေရာ၌ အင်မတန် သိပ်သည်းသော ဝိညာဉ်ချီများ ရှိနေသေးသည်။ ခွန်မင်၏ ယခင်အတွေ့အကြုံနှစ်ခေါက်အရ ဤနေရာ၌ ကံအပြောင်းအလဲ အခွင့်အရေးကြီး ရှိပေလိမ့်မည်။

ဤကျွန်းပေါ်က အကျိုးမြတ်နှင့်ပင် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းဆီ လာခဲ့ရသည့် ခရီးတစ်ခုလုံး တန်သွားလေပြီ။

“ ညီအစ်ကိုတို့ မင်းတို့နှစ်ယောက်က အရှေ့ပိုင်းကို ရှာကြ … ငါက အနောက်ပိုင်းကို သွားမယ်။ အန္တရာယ်တစ်ခုခု တွေ့တာနဲ့ ငါ့ဘက် ပြေးလာခဲ့ကြ”

ခွန်မင်က သူ့နောက်ကျောဘက်မှ ဓားနှစ်လက်ကို ဆွဲထုတ်ကာ လွှမ်းမိုးနိုင်စွမ်းရှိသည့် အငွေ့အသက်များကို ထုတ်လွှင့်ရင်း ပြောလိုက်သည်။

သူက အာ့ထုံထျန်းနှင့် ပိရွမ်ချင်းတို့ကို အရှေ့ဘက်ကို လွှတ်ပြီး သူက အနောက်ဘက်ကို သွားခြင်းက အခြေအနေကို အခွင့်ကောင်းယူဖို့ ကြိုးစားနေခြင်း မဟုတ်ပေ။

အကြောင်းမှာ ဝိညာဉ်ချီ သိပ်သည်းလွန်းသော ကျွန်းများရှိ သားရဲများက ပုံမှန်အားဖြင့် ပိုအားကောင်းတတ်ကြသည်။ အာ့ထုံထျန်းနှင့် ပိရွမ်ချင်းတို့က တစ်ယောက်တည်း ဖြစ်နေပါက ကိုင်တွယ်နိုင်မည် မဟုတ်ကြပေ။

အကယ်၍ သူတို့သုံးယောက် အတူတူ သွားလျှင်လည်း ဝိညာဉ်ဆေးပင်များကို ခွဲဝေယူဖို့ ခက်နေပေမည်။ ရလဒ်အနေနှင့် သူက နှစ်ဖွဲ့ ခွဲလိုက်ခြင်းဖြင့် ပို၍ ကောင်းသွားလေသည်။

……………...

ရှာဖွေရေးလမ်းကြောင်းကို အတည်ပြုလိုက်ပြီးနောက် နှစ်ဖွဲ့ခွဲကာ ကိုယ့်လမ်းကို သွားလိုက်ကြသည်။

ခွန်မင်က သွားနေရင်း အလွန်ထူးဆန်းလာသလို ခံစားလာရသည်။ အကြောင်းမှာ သူက ကျွန်းအတွင်းပိုင်းမှ ထုတ်လွှင့်နေသော အင်မတန် အားကောင်းသော အငွေ့အသက် အားလှိုင်းကို အာရုံခံမိလိုက်သည်။

ယေဘုယျအားဖြင့် ဤကျွန်းပေါ်ရှိ အားကောင်းသော သားရဲများစွာဖြင့် အဖိုးတန်ဆေးပင်မြောက်များစွာ ရှိသင့်ပေသည်။ သို့သော် သူ မည်မျှ ရှာဖွေစေကာမူ ဆေးပင် တစ်ပင်မျှ မတွေ့သေးပေ။

တန်ဖိုးအနည်းငယ်ရှိသော သားရဲများပင် တကွဲတပြားဖြင့် အရိပ်ထဲ ပုန်းအောင်းနေကြဟန်ပေါ်သည်။

ငါက ကြောက်ဖို့ ကောင်းနေလို့လား … ထွက်ခဲ့ကြစမ်းပါ …

သားရဲအနည်းငယ် သတ်နိုင်ရင် အနည်းဆုံး လက်ဗလာနဲ့ ပြန်မသွားရတော့ဘူးပေါ့

ငါက အရပ်ရှည်ပြီး ကြမ်းတမ်းနေပုံပေါ်ပေမဲ့ အရမ်းအားနည်းပါတယ်ကွာ …. တစ်ချက်တည်းနဲ့ လဲကျသွားလိမ့်မယ် … လာတိုက်ကြစမ်းပါ

ခွန်မင်က စိတ်ပျက်လက်ပျက်နှင့် လျှောက်လှမ်းလာခဲ့ရသည်။ သူ့စိတ်ပြိုလဲလုမတတ် ဖြစ်နေလေပြီ။

ကံအပြောင်းအလဲ အခွင့်အရေးတဲ့လား … ဘာဝိညာဉ်ဆေးပင်လဲ၊ ဘာရတနာလဲ … ဘာမှကို မရှိဘူး

ငါ နေရာများ မှားရွေးမိတာလား … အနောက်ဘက်က ဘာမှမရှိဘူးဆိုတော့ အရှေ့ဘက်များမှာလား …

ခွန်မင် စိတ်ထဲ ထိုအကြောင်း တွေးမိသွားစဉ် အသံနှစ်သံကို ကြားလိုက်ရသည်  “အစ်ကိုခွန် …အစ်ကိုခွန် ”

ခွန်မင်က အထိတ်တလန့်ဖြင့် ခေါင်းမော့ကြည့်လိုက်သည်။ အာ့ထုံထျန်းနှင့် ပိရွမ်ချင်းတို့က သူ့အား ခေါ်နေခြင်း ဖြစ်၏။

အဲဒီနှစ်ယောက်က ဘယ်လိုလုပ် ငါ့ရှေ့ ရောက်နေတာလဲ …

သူတို့နှစ်ယောက်က ငါ့ရှေ့ကနေ သွားပြီး ကံအပြောင်းအလဲ အခွင့်အရေးအားလုံးကို အပိုင်သိမ်းသွားတာလား …  မဖြစ်နိုင်ဘူး … သူတို့နှစ်ယောက် အရှေ့ဘက် သွားတာ သေချာမြင်လိုက်ရပါတယ် …

ဒီကျွန်းရဲ့ အချိန်၊ တည်နေရာ ဆက်စပ်မှု ပျက်စီးနေတာလား … အချိန်မရွေး ကူးပြောင်းခံရနိုင်တာမျိုးလေ

ပိရွမ်ချင်းက ခွန်မင်၏ မျက်နှာပေါ်မှ စိတ်ရှုပ်ထွေးမှုကို ကြည့်ကာ အနည်းနှင့်အများ သူ တွေးနေသည့်အရာကို တန်းသိလိုက်သည်။

သူက စိတ်ပျက်လက်ပျက် ပြောလိုက်သည်  “ဒီကျွန်းက ဝိုင်းနေတာဆိုတော့ ကျွန်တော်တို့ အစွန်အဖျားအကုန် ရှာပြီးပြီလို့ ဆိုလိုတာပဲ ”

ဘာ အဲလောက်တောင် မြန်တယ်လား …

ခွန်မင်က အတော်လေး အံ့ဩသွားမိသည်။ ထို့နောက် သူက ရက်များစွာ ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း ရုတ်ချည်း အသိဝင်လာသည်။

ဟုတ်သားပဲ … သူက လက်ဗလာဖြစ်နေတုန်းပဲ …

“ညီအစ်ကိုတို့ အရှေ့ဘက်မှာ ဘာရှာတွေ့ခဲ့သေးလဲ ”

ပိရွမ်ချင်းက စိတ်ဓာတ်ကျစွာ ခေါင်းခါပြလိုက်ပြီး  “ အစ်ကိုခွန် ကျွန်တော်တို့ အရှေ့ဘက်တစ်ခြမ်းလုံး အကုန်မွေနှောက်ရှာခဲ့ပေမဲ့ ဒီတစ်ခုပဲ တွေ့ခဲ့ရတယ် ”

သူက အပြာရောင် သစ်မြစ်ကို ထုတ်ပြလိုက်သည်။

ပိရွမ်ချင်းက ခါးသက်သက် ပြောလိုက်သည်  “ တကယ်လို့ ကျွန်တော်သာ မမှားရင် ဒါက ပင်လယ်နတ်ဘုရား မြက်နက်ပဲ ဖြစ်လိမ့်မယ်။ ဒါက ဝိဇ္ဇာကိုတောင် ဆွဲဆောင်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ တွေ့တော့ ပင်မအပင်က မရှိတော့ဘူး။ ဒီအမြစ်ပဲ ကျန်နေခဲ့တာ ”

အမြစ်တစ်ခုတည်းဖြင့် ဘာမှမထိုက်တန်မှန်း သိသာလှသည်။

ခွန်မင်က တစ်ခုခု တွေးမိသွားဟန်ဖြင့် မျက်လုံးက နီရဲလာကာ “ ဘာပြောချင်တာလဲ ”

ပိရွမ်ချင်းက ကြိတ်မှိတ်သည်းခံကာ ပြောလိုက်သည်  “ တစ်ယောက်ယောက် ဒီကျွန်းပေါ် ရောက်လာပြီးပြီ။ အခု ဒီကျွန်းက ဗလာကျင်းနေပြီ ”

ခွန်မင်၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားကာ မူးဝေဝေ ဖြစ်လာလေသည်။

နှစ်သုံးရာမှ တစ်ကြိမ် ပွင့်တဲ့ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းမှာ သူက အချိန်တစ်ဝက်လောက်ကို ကျတ်တီးကျွန်းပေါ် အချိန်ဖြုန်းမိသွားတာလား …

ငါ့ရှေ့ကနေ ဒီကျွန်းပေါ် ရောက်သွားတာ ဘယ်သူလဲ …တွေ့လို့ကတော့ အရှင်လတ်လတ် အရေခွာပစ်ဦးမယ်

………….....

ခွန်အသက်ရှုနည်း နည်းစနစ်ကို ထုတ်သုံးပြီးနောက် တဖြည်းဖြည်း တည်ငြိမ်လာသည်။

ခွန်မင်က အံ့ကြိတ်ကာ  “ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုက်နက် ပွင့်လာတာ ခုနှစ်လပဲ ရှိသေးတာလေ။ ငါတို့အရင် ဘယ်သူရောက်နိုင်မှာလဲ ”

ပိရွမ်ချင်းက ဖြည်းဖြည်းချင်း ပြောလိုက်သည်  “ ပထမဆုံး တရားဝင် မပွင့်လာခင် လှိုင်းလုံးပွင့်ဟမှုကနေ ဝင်သွားရင်တော့ လဝက်အချိန်ပိုရတယ်ဆိုတော့ ဖြစ်နိုင်လောက်မလား ”

ခွန်မင်က ခေါင်းခါကာ “မဖြစ်နိုင်ဘူး … မယုံနိုင်ဘူး။ ဒီထက် ရှာကြည့်ရအောင်။ ဒီကျွန်းပေါ်မှာ တခြားကံအပြောင်းအလဲ အခွင့်အရေးတချို့တော့ ရှိမှာပါ ”

ထိုသို့ပြောပြီးနောက် ခွန်မင်က ကျွန်းအနက်ပိုင်းသို့ ပြေးဝင်သွားလိုက်သည်။ သူ့သွေးများ ဆူပွက်နေသလို ခံစားနေရ၏။

ဒီကျွန်းအနက်ပိုင်းမှာ အဖိုးမဖြတ်နိုင်တဲ့ ရတနာ ရှိကိုရှိရမယ် … အဖိုးတန်ဆုံး ရတနာက သူတို့ပိုင်ရှင်သူ ရွေးချယ်ကြတာဆိုတော့ တစ်ယောက်ယောက် ဒီနေရာကို အရင်ကြိုရောက်နေလည်း အဲဒီရတနာက ငါ့အပိုင်ပဲ …

အာ့ထုံထျန်းနှင့် ပိရွမ်ချင်းတို့လည်း အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။

သူတို့က ကျွန်းထဲ သူတို့အရင် ကြိုရောက်နေသူ ရှိမှန်း သိပြီးနေလေပြီ။ သို့သော် အကာအရံအလွှာက တဖန်ပြန်ပိတ်သွားပြီ ဖြစ်၍ ကျွန်းအနက်ပိုင်း၌ ကံအပြောင်းအလဲ အခွင့်အရေးတချို့ တကယ်ကျန်ရှိနေဖို့သာ မျှော်လင့်ထားရတော့သည်။ မဟုတ်လျှင် ဤခရီးကား အချည်းနှီး ဖြစ်သွားပေမည်။

သူ့သွေးများ ဆူပွက်နေသလို ခံစားမိပြီး ခွန်မင်က အရှိန်အဟုန်ပြင်းပြင်းဖြင့် ပြေးသွားလိုက်သည်။

သူက လက်ဗလာဖြင့် ပြန်မသွားလိုပေ။ ထိုအရာက သူ့အတွက် မျက်နှာပျက်စေပြီး မခံမရပ်ဖြစ်စေသော အရှုံးတစ်ခု ဖြစ်၏။

နီးလာပြီ … ပိုနီးလာပြီ

ငါ့ရှေ့ ရောက်လာပြီ ….

ခွန်မင်၏ မျက်လုံးများ တလက်လက် ဖြစ်လာသည်။ သူ့သွေးများ ဆက်လက် ဆူပွက်နေသလို ခံစားလာမိ၏။

သိပ်မကြာခင် သူတို့ရှေ့တွင် ဧရာမကျောင်းဆောင်ကြီးတစ်ခု ပေါ်လာသည်။ ကြည့်ရသည်မှာ ကောင်းကင်ဘုံနှင့် ပေါင်းစပ်နေသလိုမျိုး ဖြစ်ကာ မြင်ကွင်းကြောင့် မအံ့ဩဘဲ မနေနိုင်ကြပေ။ ဤခမ်းနားဖွယ် ကျောင်းဆောင်ကြီးက ဧရာမသားရဲကြီးတစ်ကောင်လို ဖြစ်နေပြီး သားရဲဆန်ဆန် အငွေ့အသက်များ ထုတ်လွှင့်နေသည်။

ကျောင်းဆောင်ရှေ့တွင် ဧရာမတံခါးချပ်ကြီး ရှိနေသည်။

တံခါးအထက် ရွှေရောင် ကျောက်ပြားတစ်ချပ် ချိတ်ဆွဲထားသည်။ နတ်ဆိုးဆန်ဆန် စာလုံးလေးလုံး ရေးထွင်းထားလေ၏။

“ ခွန်ပန် ကျောင်းဆောင် ”

ခွန်မင်က ထိုစာလုံးများကို မြင်လိုက်ရသည့်အချိန် တုန်တုန်ယင်ယင် ဖြစ်လာမိသည်။ ဤခွန်ပန် ကျောင်းဆောင်က မဟာ လေဟာနယ် ခွန်မျိုးနွယ်အတွက် မည်မျှအရေးပါကြောင်း မည်သူမှ မသိနိုင်ပေ။

အခြားမျိုးနွယ်များအတွက် ခွန်ပန်ကျောင်းဆောင်သည် အံ့ဩဖွယ် ဒဏ္ဍာရီလာပြယုတ်တစ်ခုမျှ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း မဟာ လေဟာနယ် ခွန်မျိုးနွယ်အတွက်မူ သူတို့၏ ဒုတိယ ဘိုးဘေးမြေလိုမျိုး ဖြစ်၏။

လွန်ခဲ့သော နှစ်တစ်သောင်းခန့်က မဟာဝိဇ္ဇာ ခွန်ပန်က မဟာလေဟာနယ် ခွန်မျိုးဆက်မှ ဆင်းသက်လာခဲ့သည်။ ခွန်မင်က ထိုမဟာဝိဇ္ဇာခွန်ပန်နှင့် မျိုးနွယ်တစ်ခုတည်းမှ ဆင်းသက်လာသော မျိုးဆက် ဖြစ်နေသည်။

သူ့အနေနှင့် အကြီးအကဲတစ်ဦးက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းသို့ သွားစဉ် ခွန်ပန်ကျွန်းဆီ ရောက်ခဲ့ကြောင်း ပြောသံကြားဖူးခဲ့သည်။ သူက ထိုကျွန်းပေါ်တွင် ခွန်ပန်ကျောင်းဆောင်ကို ရှာတွေ့ခဲ့သည်။ ခွန်ပန်ကျောင်းဆောင်အတွင်းရှိ ရတနာတွေက မရှိတော့သော်လည်း ဆေးဥယျာဉ်ထဲ၌ ဆေးပင်အမြောက်အများ ရှိနေသေး၏။

ထို့အပြင် ကျောင်းဆောင်အတွင်းပိုင်း၌ တောင်ထိပ်နှစ်ခုပါ တောင်တစ်လုံး ရှိပြီး ထိုတောင်က အင်မတန် ခမ်းနားထည်ဝါလှသည်။

တောင်နံရံတစ်ဖက်၌ ဧရာမ ခွန်ပုံရိပ်ကို ရေးဆွဲထားလေ၏။ ထိုအရာတွင် ခွန်တာအို ကိန်းအောင်းနေပြီး တစ်ခြားတစ်ဖက်တွင် မဟာပန် ပုံရိပ်ကို ရေးဆွဲထားကာ ပန်တာအို ပါဝင်နေသည်။ အကယ်၍ တစ်ယောက်က ခွန်နှင့် ပန်တာအိုနှစ်မျိုးလုံးကို နားလည်လျှင် ခွန်ပန်တာအိုကို အပြည့်အဝ နားလည်သွားပြီး ခွန်ပန် အစစ်အမှန် ဖြစ်လာနိုင်သည်။

မဟာဝိဇ္ဇာ ခွန်ပန်က အစကတည်းက ထူးချွန်ပြောင်မြောက်နေသည့် ကျင့်ကြံသူတစ်ဦး မဟုတ်ခဲ့ပေ။ သူက သာမန် ငါးအသေးလေးတစ်ကောင်သာ ဖြစ်၏။

သူက ထိပ်ဆုံးအထိ ရောက်နိုင်ခဲ့သည်မှာ ခွန်ပန် တာအိုအမွေအနှစ်ကို လက်ခံရရှိလိုက်သည့်အပြင် ဆေးဥယျာဉ်ထဲမှ ဆေးပင်များ၏ အကူအညီဖြင့် နယ်မြေငါးခုကို အုပ်စိုးလွှမ်းမိုးနိုင်သည့် ကြောက်မက်ဖွယ် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့သည်။

သူ ငယ်ငယ်တုန်းက အတော်လေး အနိုင်ကျင့်ခံခဲ့ရသောကြောင့် သူ့မျိုးနွယ်သူ ခွန်ပန်တာအိုအကြောင်း လက်ဆင့်မကမ်းပေးခဲ့ပေ။ ထို့နောက် သူက တိုက်ပွဲကြီးထဲ၌ မိစ္ဆာထာဝရအရှင်တစ်ယောက်ကို အနိုင်ပိုင်းပစ်လိုက်သောကြောင့် ထိုထာဝရအရှင် မဟာမိတ်အား မကျေမနပ် ဖြစ်စေခဲ့သည်။ ထို့ကြောင့် ထိုအဖွဲ့လက်ချက်၏ လုပ်ကြံမှုကြောင့် သေဆုံးသွားခဲ့ရသည်။

အဆုံးသတ်၌ မဟာဝိဇ္ဇာခွန်ပန်က အသတ်ခံလိုက်ရုံတင် မကဘဲ စွတ်ပြုတ်အလုပ်ခံလိုက်ရသည်။ ဤသည်မှာ အင်မတန် ကြေကွဲဖွယ်ကောင်းလှ၏။

ဤသို့ဖြင့် ခွန်ပန်တာအိုလည်း အဆုံးသတ်သွားလေသည်။ သူက ခွန်ပန်တာအိုကို မဟာလေဟာနယ် ခွန်မျိုးနွယ်ဆီ လက်ဆင့်ကမ်းမပေးခဲ့ပေ။

“ တန်တယ် … အရာအားလုံး ထိုက်တန်တယ် ” ခွန်မင်က ပြောလိုက်သည်  “ ကျွန်းပေါ်မှာ ကံအပြောင်းအလဲ အခွင့်အရေးတွေ မရှိတော့လည်း ဘာဖြစ်လဲ။ ဒီကံအပြောင်းအလဲ တစ်ခုတည်းနဲ့တင် ထိုက်တန်နေပြီ ”

ပိရွမ်ချင်းနှင့် အာ့ထုံထျန်းလည်း တစ်ခုခု တွေးမိသွားကာ အတော်လေး စိတ်လှုပ်ရှားလာကြသည်။

သူတို့က အားဖြင့် ခွန်ပန်ကျောင်းဆောင် တံခါးကို တွန်းဖွင့်လိုက်ကြသည်။ ခွန်မင် ဦးဆောင်မှုအောက်တွင် သူတို့က ဆေးဥယျာဉ်ဆီ ဦးတည်လိုက်ကြသည်။

သူတို့ ဆေးဥယျာဉ်ကို ကာရံထားသည့် စည်းကို ဖျက်လိုက်သည့်အခါ ဝိညာဉ်ချီလှိုင်းများ ထွက်ပေါ်လာသည်။ သုံးယောက်သား စိတ်ပေါ့ပါးသွားကြ၏။

ဤဝိညာဉ်ချီ သိပ်သည်းမှုဖြင့် ဝိဇ္ဇာအဆင့် ဆေးပင်များပင် ပြုစုပျိုးထောင်နိုင်လိမ့်မည်။

သုံးယောက်လုံးက ဆေးဥယျာဉ်ကို စိတ်အားထက်သန်မှုအပြည့်ဖြင့် ကြည့်လိုက်ကြသည်။ သူတို့က ခူးဆွတ်စရာ များပြားနေသော ဆေးပင်များကို မြင်တွေ့ရလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း  …. သူတို့ မြင်တွေ့လိုက်ရသည်ကား ဗလာကျင်းနေသော နေရာတစ်ခု ဖြစ်၏။

ဝိညာဉ်မြေကြီးပင် အတူးခံထားရလေသည်။

ခွန်မင်  “ … ”

အာ့ထုံထျန်း  “… ”

ပိရွမ်ချင်း  “ … ”

ထိုစဉ် မြောက်ပင်လယ် ပါရမီရှင်သုံးယောက်လုံး စိတ်နှလုံး တုန်လှုပ်လာကြသည်။

မဟုတ်သေးဘူး … သူတို့နှလုံးသား သေဆုံးသွားကြလေပြီ။

သူတို့က ရက်ပိုင်းမျှသာ နောက်ကျသွားခြင်း ဖြစ်၏။ သို့သော် သူတို့သုံးယောက်အတွက် တစ်ဘဝတာ အခွင့်အရေးနှင့် လွဲချော်သွားသလိုမျိုး ခံစားနေရသည်။

………….....

“ မဟုတ်ဘူး ဒါမဖြစ်နိုင်ဘူး ” ခွန်မင်က သွေးအန်လုမတတ် ဖြစ်နေကာ အမှန်တရားကို လက်မခံနိုင် ဖြစ်နေသည်  “ ဒီမှာ ခွန်ပန် တောင်ထိပ်နှစ်လုံး ရှိနေသေးတာလေ။ ပြီးတော့ ခွန်ပန်တာအိုရော … ”

ခွန်မင်က သူ့အပေါင်းအပါနှစ်ယောက်ကို ဘေးတွန်းကာ ကျောင်းဆောင်အတွင်း အသည်းအသန် ပြေးဝင်သွားသည်။

ထင်ထားသည့်အတိုင်း သူက တောင်ထိပ်နှစ်ခုပါ တောင်ကို တွေ့သွားသည်။

သို့သော်လည်း သူ မြင်လိုက်ရသည်ကား လှိုင်းလုံးကြား မြူးတူးဆော့ကစားနေသည့် ဧရာမခွန်လည်း မဟုတ်သလို ကောင်းကင်အထက် ပျံသန်းနေသည့် ပန်လည်း မဟုတ်ချေ။

သူက ခွန်သည် ပင်လယ်ထဲ ငုပ်လျိုးနေပြီး ပန်က တိမ်တိုက်ကြား ရောက်သွားသည်ကိုသာ မြင်လိုက်ရသည်။

ဒီလိုပျင်းရိနေတဲ့ အမူအယာ … အသက်မဲ့တဲ့ မျက်ဝန်းတွေ ပြီးတော့ မြူခိုးလို အငွေ့အသက် …

ထိုပုံကားချပ်ထဲမှ ပုံရိပ်နှစ်ခုမှာ လူများစွာက သူတို့ကို နင်းခြေသွားသည့်အလား အားမရှိဘဲ နှေးတိနှေးတုံ့ ဖြစ်နေသည်။

ဒီပုံရိပ်နှစ်ခုကနေ ခွန်ပန်တာအိုကို နားလည်ချင်တာလား … ဟားဟား  နားလည်လာမှာဆိုလို့  အထီးကျန်ခြောက်ကပ်နေတဲ့ အဓိပ္ပါယ်ပဲ ဖြစ်လိမ့်မယ် …

.................

သူက မြောက်ပင်လယ်ကို နှစ်ရာချီကြာ လွှမ်းမိုးထားနိုင်သည့် သူ့မျိုးဆက်အတွင်း ပါရမီရှင် တစ်ဦး မဟုတ်ပါလော။ သို့သော် အဆုံးသတ်၌ သူက ဤသက်ရောက်မှုကို မခံနိုင်သေးပေ။

သူက သွေးတစ်ပွက်အန်လိုက်ရပြီးနောက် မြေပြင်ပေါ် ခွေလဲကျသွားတော့သည်။

သူက အိပ်မက်အားလုံး ပျောက်ဆုံးသွားသည့် ငါးဆားနယ်တစ်ကောင်လို ဖြစ်နေပြီး လက်ကျန်ဘဝအတွက် မျှော်လင့်ချက်အားလုံး ကုန်ခမ်းသွားပုံပေါ်နေသည်။

All Chapters