← Chapters

အချိန် နီးကပ်လာပြီ၊ နဂါးနတ်ဘုရားကျွန်းကို ရောက်လာပြီ

Vol. 22 Ch. 317

အချိန် နီးကပ်လာပြီ၊ နဂါးနတ်ဘုရားကျွန်းကို ရောက်လာပြီ

Vol. 22 Ch. 317

အခန်း  (၃၁၇)  :  အချိန် နီးကပ်လာပြီ၊ နဂါးနတ်ဘုရားကျွန်းကို ရောက်လာပြီ

အမှောင်ချောက်နက်အထဲ အလယ်ကုန်းမြေ၌ …

ဤနေရာ၌ နေအလင်းရောင် ရှားပါးလှ၏။ လူတစ်ယောက်က မျက်စိရှေ့ ကိုယ့်လက်ကို ဝေ့ပြလျှင်ပင် မြင်ရမည် မဟုတ်ပေ။ ချောက်နက်တစ်ခုလုံးက လူတစ်ယောက်၏ စိတ်ထဲ အကြောက်တရားကို ကြီးစိုးနိုင်သည့် စွမ်းအားမျိုးနှင့် ပြည့်နှက်နေသည်။

အရဲရင့်ဆုံး စစ်သည်တော်ပင် ဤချောက်နက်ရှေ့ ရပ်နေရင်း ကြက်သီးများ ထလာပေမည်။ သူက အောက်ကို ငုံ့ကြည့်ရဲမည် မဟုတ်ပေ။

သို့သော် ထိုချောက်နက်၏ အနက်ဆုံးပိုင်း၌ ရွှေရောင်ကျောင်းဆောင်တစ်ခု တောက်ပလျက် ရှိပြီး ဗုဒ္ဓအလင်းရောင်များ ဖြာကျနေသည်။

ဗုဒ္ဓအလင်းရောင်က ချောက်နက်ထဲ ဖြာကျနေပြီး အမှောင်ထုအတွင်းမှ မီးတောက်လေးနှင့် တူလှသည်။

နှမြောစရာကောင်းသည်က အမှောင်ထုက ကြီးစိုးလွန်းနေသောကြောင့် ဗုဒ္ဓအလင်းရောင်ကို လုံးဝ အုပ်လွှမ်းထားလေသည်။ ထို့ကြောင့် အလင်းရောင်ကို ကောင်းကောင်း မထုတ်လွှင့်နိုင်ပေ။

ဤအထွတ်အထိပ် ဗုဒ္ဓကျောင်းဆောင်က ဟိုးအနက်ပိုင်းထဲ ရောက်ရှိနေလေသည်။ ကျောင်းဆောင်နှင့် မျက်နှာချင်းဆိုင်ဘက်တွင် သတ္တုနက်များဖြင့် ဆောက်လုပ်ထားသော နန်းဆောင်တစ်ခု ရှိ၏။ ထိုနန်းဆောင်၏ တိုင်လုံးများနှင့် တံစက်မြိတ်များတွင် နတ်ဆိုးပုံရိပ်များ ရေးထွင်းထားပြီး အားကောင်းသော အငွေ့အသက်တို့ ထုတ်လွှင့်နေသည်။

ထိုအဆောက်အဦးနှစ်ခုအပြင် အမျိုးအမည် ဖော်မပြနိုင်သော စံအိမ်တစ်ခု ရှိနေသေး၏။

ထိုစံအိမ်က ဗုဒ္ဓနှင့် မိစ္ဆာတို့ နှစ်မျိုးလုံး ပေါင်းစပ်ထားသလို ဖြစ်နေသည်။ တစ်ဖက်တွင် တကယ့် ဗုဒ္ဓအရှင်ကိုယ်တိုင် သီတင်းသုံးနေသကဲ့သို့ ခမ်းနားမြင့်မြတ်လှပြီး အခြားတစ်ဖက်တွင်မူ မိစ္ဆာဆန်ဆန် အငွေ့အသက်များ ပြည့်နှက်နေသည်။ ဆန့်ကျင်နေသည်မှာ ထင်ရှားလှသည်။

အဆောက်အဦးသုံးခုက တြိဂံပုံသဏ္ဌာန် ရှိနေပြီး ဗုဒ္ဓကျောင်းဆောင်က မိစ္ဆာနန်းဆောင်နှင့် မျက်နှာချင်းဆိုင် ဖြစ်နေသည်။ သူတို့က မဟာရန်ူသူများသဖွယ် ဖြစ်၏။

ထူးထူးဆန်းဆန် စံအိမ်ကား ကြားနေရှိနေသလိုမျိုး ထိုအဆောက်အဦးနှစ်ခုကို မျက်နှာချင်းဆိုင်လျက် ရှိသည်။

ချောက်နက်အတွင်း ရွတ်ဖတ်သံလည်း ကြားနေရသည်။ သို့သော် ထိုရွတ်ဖတ်သံက ထူးဆန်းလှ၏။ အကြောင်းမှာ ကျမ်းစာ ပြောင်းပြန် ဖြစ်နေလေသည်။

ဗုဒ္ဓ၏ တကယ့်အစစ်အမှန် ဆိုလိုရင်းကို သွေဖယ်ကာ မိစ္ဆာလမ်းစဉ် ကူးပြောင်းနေလေပြီ။

ထိုသို့ ပြောင်းပြန် ရွတ်ဖတ်နေသူမှာ သတ္တိကောင်းသည့် မိစ္ဆာကြီး ဖြစ်မှန်း သိသာလှသည်။ မဟုတ်လျှင် မည်သူကများ ဗုဒ္ဓကို စိန်ခေါ်ရဲမည်နည်း။ အကယ်၍ ထိုအကြောင်းသာ သိသွားခဲ့ပါက ဗုဒ္ဓ၏ အမျက်ဒေါသကို ခံယူရပေမည်။

……….....

ဝုန်း …

ရွတ်ဖတ်သံက ရုတ်ချည်း ရပ်တန့်သွားလေသည်။

ဧရာမ နတ်ဆိုးနန်းဆောင် တံခါးကား ဖြည်းဖြည်းချင်း ပွင့်လာပြီး အရပ်ရှည်ရှည် မိစ္ဆာန်ဆန် ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် ထွားထွားကျိုင်းကျိုင်း အမျိုးသားတစ်ယောက် ထွက်လာသည်။ သူ့နောက်တွင် ဓားတစ်ချောင်း လွယ်ထားပြီး  သူ့ခန္ဓာကိုယ်မှာ နတ်ဆိုးမီးလျှံဖြင့် တောက်ပနေလေ၏။ သူ့ဘေးနားရှိ အာကာပြင်မှာလည်း မီးလျှံများကြောင့် ဝေဝါးနေသောကြောင့် သူ့ပုံသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။

“ငါ့အတိတ်ခန္ဓာက အရှေ့ပိုင်းလွင်ပြင်ရဲ့ ကျတ်တီးမြေမှာ ကျဆုံးသွားပြီ ”

နတ်ဆိုးမီးလျှံက ထိုလူ၏ အပေါ်ယံတစ်လျှောက် ဖြာထွက်လာကာ ဓားမြောက်များစွာ ဖြစ်ပေါ်လာစေသည်။ သူက အင်မတန် အားကောင်းကာ လွှမ်းမိုးနိုင်စွမ်းရှိဟန် ပေါ်နေသည်။

ဤသို့ အနက်ပိုင်းအတွင်း ကျောက်ခဲတစ်ခုစီက မယုံနိုင်လောက်အောင် မာကြောလှသည်။

သို့သော် ထိုအမျိုးသား ချောက်နက်ကို ဖြတ်လာသည့်အခါ ဘေးပတ်ဝန်းကျင်ရှိ ကျောက်တုံးများက သူ့ခန္ဓာကိုယ်မှ မီးလျှံဓားများကြောင့် လုံးဝ ပျက်စီးသွားရသည်။ အဆုံးမဲ့ချောက်နက်အတွင်း ရှည်လျားနက်နဲသော ဓားချက်တစ်ခု ပေါ်လာသည်။ ထိုအရာက ချောက်နက်ကို နှစ်ပိုင်းခြမ်းပစ်လိုက်သလိုမျိုး ဖြစ်၏။

“ကလေးစုတ်တစ်သိုက်က ငါ့ကံကောင်းမှုကို လာခိုးရဲတယ်ပေါ့လေ။ သူတို့က သေခြင်းတရား အဓိပ္ပါယ်ကို မသိကြဘူးပဲ ”

ထိုလူက လေထဲ ပျံသန်းကာ ချောက်နက်ထဲမှ ထွက်လာလေသည်။ သူက မျက်စိတစ်မှိတ်အတွင်း မိုင်သောင်းချီ ဖြတ်သန်းသွားလိုက်သည်။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ရက်စက်ခက်ထန်သည့်  အရှိန်အဝါတို့က နေရောင်ကို တားဆီးပေးထားသည့် တိမ်တိုက်အတွင်း ပေါင်းစပ်သွားလေသည်။

ခဏတာအတွင်း ကမ္ဘာ့ပျက်ကပ် တိုက်ပွဲကြီး ရောက်ရှိလာသလိုမျိုး ဖြစ်လာသည်။

ထူထပ်သိပ်သည်းနေသော တိမ်တိုက်ကြီးက ဆက်လက် ပျံ့သွားသည်။ သက်ရှိအားလုံး၏ သွေးအဆီအနှစ်နှင့် ဝိညာဉ်အားလုံးက သန့်စင်သော နတ်ဆိုးအဆီအနှစ်အဖြစ် အငွေ့ပျံသွားကာ တိမ်တိုက်အတွင်း စုပ်ယူခံလိုက်ရသည်။

ဤသည်မှာ သွေးသံရဲရဲ မြင်ကွင်းတစ်ခု ဖြစ်၏။

“ ဒါက ဘယ်လို မိစ္ဆာတုန်း … ရက်စက်ပြီးတော့ မိုက်မဲလွန်းတယ်”

ထိုအမျိုးသား၏ သတ္တိကောင်းသော အပြုအမူက ဘေးပတ်ဝန်းကျင်ရှိ အားကောင်းသော ကျင့်ကြံသူများ၏ အာရုံစိုက်မှုကို ရယူသွားသည်။

အာကာပြင် ပွင့်ဟလာကာ ထိုအမျိုးသားရှေ့ ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ ဗုဒ္ဓရောင်ခြည်တော် သောင်းချီကာ ဖြာထွက်လာသည်။

ထိုပုံရိပ်က ရတနာသင်္ကန်းကို ရုံထားပြီး သူ့ရွှေရောင်ခန္ဓာကိုယ်အနောက်ဘက်မှ အားကောင်းသည့် ဗုဒ္ဓပုံရိပ်သဏ္ဌာန်ကြီး တောက်ပနေသည်။ ကြည့်ရသည်မှာ ဗုဒ္ဓဘာသာဝင်တို့၏ နိဗ္ဗာန် မျက်မှောက်ရောက်ရှိလာသလိုမျိုး ဖြစ်နေသည်။

“ ဉုံ မဏိ ပဒ်မေ ဟုမ် ”

ဘုန်းကြီးက မဟာဗုဒ္ဓ သက္ကတစကားလုံးများ ရွတ်ဆိုလိုက်သည့်အခါ တိမ်တိုက်က မြင့်မြတ်အလင်းတန်းများဖြင့် ထိုးဖောက်ခံလိုက်ရသည်။ ကမ္ဘာပေါ်တွင် အသက်ဓာတ်များ တဖန်ပြန်လည် စိုပြေလာလေသည်။

“မိစ္ဆာကောင် .. ဒီလိုရက်ရက်စက်စက် ဘာလို့ လုပ်ရတာလဲ။ ကျောင်းဆောင် နတ်အစောင့်အရှောက် စွမ်းအားနဲ့ မင်းကို နှစ်တစ်သောင်းလောက် ဖိနှိပ်ပစ်မယ် ”

ဘုန်းကြီး၏ ကိုယ်ထည်က ပြောနေရင်းက ကြီးမားလာကာ ဧရာမ ဗုဒ္ဓတစ်ပါးအသွင်ပြောင်းလဲသွားသည်။ ဧရာမ ဗုဒ္ဓဘေးတွင် နတ်ဆိုးသုတ်သင် တုတ်များ၊ ကျိုင်းများ၊ ဗောဓိပုတီးကုံးများနှင့် အခြားသော ဗုဒ္ဓရတနာများစွာ ရှိနေသည်။

ထိုဗုဒ္ဓရတနာတစ်ခုချင်းစီက အားကောင်းသော နတ်ဆိုးသားရဲများကို သုတ်သင်နိုင်စွမ်း ရှိ၏။

ဤသည်မှာ စွမ်းအားကြီး ဝိဇ္ဇာဘုန်းကြီးမှန်း သိသာလှသည်။ အဓိက ဗုဒ္ဓအင်အားစုများအနက်ပင် သူက ထိပ်တန်းကျင့်ကြံသူ တစ်ယောက် ဖြစ်ပေလိမ့်မည်။ သူ့ဂိုဏ်းသူ ဦးဆောင်နိုင်လောက်အောင်အထိ အားကောင်းနေလေပြီ။

…………...

ဂျိန်း …

ဗုဒ္ဓရတနာများမှ အသံက မိုးခြိမ်းသံလိုမျိုး ထွက်ပေါ်လာသည်။ ကမ္ဘာမြေရှိ သက်ရှိများစွာက လေးစားရိုသေသမှုဖြင့် ဦးညွတ်လိုက်ကြသည်။

သို့သော်လည်း မိစ္ဆာကောင်က ဆက်လက် မောက်မာနေဆဲ ဖြစ်၏။

သူက ဝိဇ္ဇာဘုန်းကြီးကို ခြုံငုံကြည့်လိုက်ကာ  “ကိုယ်တော်လေးက အရည်အချင်းတော့ ရှိတယ်။ မင်းတို့ရဲ့ ဗုဒ္ဓအမွေအနှစ်တွေကို လက်လွဲပေးလိုက် … အဲဆို အသက်ချမ်းသာပေးမယ် ”

ဧရာမ ဗုဒ္ဓပုံရိပ်ကြီး၏ နှုတ်ခမ်းဖျားတို့က အနည်းငယ် ပွင့်ဟလာသည်။ သူ့အသံကလည်း မိုးခြိမ်းသံလိုမျိုး ထွက်ပေါ်လာ၏  “ မင်းလိုမျိုး မိစ္ဆာကောင်က ဗုဒ္ဓကို ရှုတ်ချစော်ကားရဲတယ်လား။ သေသင့်တယ် ”

ဧရာမ ဗုဒ္ဓက ညာဘက်လက်ဝါးကို ဆန့်ထုတ်လိုက်သည့်အခါ ဗုဒ္ဓ လက်ဝါးရာပေါ်လာသည်။ ထို့နောက် ဗုဒ္ဓရောင်ခြည်များ ဖြာကျလာသည်။ ဗုဒ္ဓရတနာမြောက်များစွာက ထိုအလင်းတန်းအတွင်း ပေါင်းစပ်သွားလေသည်။ ထိုအရာက ကမ္ဘာငယ်လေးကို ဖိနှိပ်ထားဖို့ လုံလောက်၏။

ဤသည်မှာ ဗုဒ္ဓဂိုဏ်း၏ အထွတ်အထိပ် ပညာရပ် ဗုဒ္ဓလက်ဝါးနယ်မြေ ဖြစ်ပေသည်။

ထိုရိုက်ချက်သာ ခံလိုက်ရပါက အဆုံးမဲ့ ပြန်လည်ဝင်စားမှု စက်ဝန်းထဲ ချက်ချင်း ကျရောက်သွားပေမည်။ ဗုဒ္ဓအလင်းရောင်၏ သန့်စင်ခြင်းစွမ်းအား ဖိနှိပ်မှုအောက်တွင် ပြောင်းလဲတာမျိုး ဒါမှမဟုတ် သေခြင်းတရားနှင့် ကြုံတွေ့ရလိမ့်မည်။

အားအကောင်းဆုံး ဝိဇ္ဇာများပင် ထိုရိုက်ချက်အောက် မရင်ဆိုင်ရဲကြပေ။ အများစုက ရှောင်ရှားကြ၏။ သို့သော် ထိုရိုက်ချက်နှင့် ရင်ဆိုင်ရသည့်တိုင် မိစ္ဆာကောင်က အကြောက်တရား မပြပေ။

“ ဗုဒ္ဓကို ရှုတ်ချတယ်တဲ့လား ဟားဟား ” သူက လှောင်လိုက်သည် “ငါက မင်းထက်ပိုပြီး ဗုဒ္ဓဘာသာအကြောင်း နားလည်တယ် ”

ထိုအမျိုးသားက နောက်ကျောဘက်မှ မိစ္ဆာဆန်ဆန် ဓားကို ဆွဲထုတ်လိုက်သည်။

သွေးနီရောင် ဗုဒ္ဓက သူ့အနောက်ဘက်မှ ထွက်ပေါ်လာကာ သူ့မျက်ဝန်း၌ သွေးစီးကြောင်း နှစ်ခု ဖြစ်လာသည်။ ဗုဒ္ဓကုန်းမြေတစ်ခုလုံး ပျက်စီးသွားသည့်အလား လေထဲ ဗုဒ္ဓရွတ်ဖတ်သံများ ပဲ့တင်ထွက်လာသည်။

သူတို့ပုံရိပ်သဏ္ဌာန်ချင်း ထိပ်တိုက် တွေ့သွားသည့်အခါ ဧရာမဗုဒ္ဓက အံ့ဩတုန်လှုပ်သွားပုံပေါ်သည်။

သူက သူ့ပညာရပ်မှာ ချေဖျက်ခံလိုက်ရကြောင်း သတိပြုမိလိုက်၏။

ဗုဒ္ဓလက်ဝါးနယ်မြေကား ချေဖျက်ခံလိုက်ရလေပြီ။

…………….....

ဂျိန်း …

ပညာရပ် ပျက်သုန်းသွားပြီးနောက် ကျန်ရှိခဲ့သည်က ဓားကနေ ဖန်တီးထားသည့် သွေးနီရောင်ရိုက်ချက်သာ ဖြစ်၏။ ထိုအရာက အံ့ဩဖို့ကောင်းသော်လည်း ကြောက်ဖို့လည်း ကောင်းလှသည်။

အနီရောင်အလင်းတန်း ပျောက်ဆုံးသွားသည့်အခါ ဗုဒ္ဓအလင်းရောင်လည်း မကျန်ရှိတော့ပေ။

လေထဲ ရွှေရောင်သွေးများ ရွဲနေသည့် ခန္ဓာကိုယ်နှစ်ပိုင်း ပြုတ်ကျလာသည်။ သွေးနံ့ မရှိဘဲ စန္ဒကူးနံ့သာ ရှိနေသည်။

ထိုခန္ဓာကိုယ်မှ ကောင်းကင်တစ်ဝက်ကို လွှမ်းခြုံသွားသည့် သက်တံတစ်စင်းလည်း ထွက်ပေါ်လာသည်။

“နိဗာနသက်တံလား … မင်းက ဗုဒ္ဓလမ်းစဉ်ကို အတော်လေး ကျွမ်းကျင်တာပဲ” ထိုအမျိုးသားက ဓားကို သိမ်းရင်း ကျေကျေနပ်နပ် ကြည့်လိုက်သည်  “ ဒီလိုမျိုး ဗုဒ္ဓဓာတ်တော်နဲ့ဆိုရင် ခန္ဓာကိုယ်အသစ် ပျိုးထောင်ဖို့ လုံလောက်ပြီ ”

အလောင်းမှ ဗုဒ္ဓဓာတ်တော် ထွက်လာကာ ထိုလူလက်ထဲ ရောက်ရှိသွားသည်။ သူက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် သွေးနီရောင် အလင်းတန်းအဖြစ် သွားကာ ထွက်ခွာသွားလိုက်သည်။

ထိုအမျိုးသား ထွက်သွားပြီး သိပမကြာခင် အာကာပြင် အက်ကြောင်း ပွင့်လာပြီး ပုံရိပ်များစွာ ထွက်ပေါ်လာသည်။

သူတို့အားလုံးက မှိန်ဖျော့ဖျော့ အံ့ဖွယ်တောက်ပမှုမျိုး ပိုင်ဆိုင်ထားကြ၏။ သူတို့အားလုံးက အတိဒုက္ခလွန် ဖြတ်ကျော်ထားပြီး အံ့ဖွယ်အငွေ့အသက်ကို အောင်အောင်မြင်မြင် ကျင့်ကြံထားနိုင်သည့် ဝိဇ္ဇာများ ဖြစ်ကြပေသည်။

“ ငါတို့ နောက်ကျလွန်းသွားပြီ။ ဝိဇ္ဇာဘုန်းကြီး ကျဆုံးသွားပြီ ”

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဝိဇ္ဇာဘုန်းကြီးရဲ့ ဗုဒ္ဓလက်ဝါးနယ်မြေ တိုက်ကွက်က ပြိုင်ဖက်ကင်းတယ်။ သူ့ကို အချိန်တိုအတွင်း ဘယ်သူ သတ်သွားနိုင်တာလဲ ”

“ ဒီဓားအငွေ့အသက် … ဝိဇ္ဇာဘုန်းကြီးရဲ့ တိုက်ကွက်ကို ဖယ်ရှားပြီးတော့ တစ်ချက်တည်းနဲ့ ရွှေခန္ဓာကိုယ်ကို နှစ်ပိုင်းခြမ်းပစ်လိုက်တာပဲ ”

“ဒီလူရဲ့ စွမ်းအားက အနည်းဆုံး မဟာဝိဇ္ဇာ ငါးကြိမ်မြောက် သန့်စင်ခြင်းအဆင့်မှာ ရှိရမယ်။ သူက ဗုဒ္ဓကျင့်စဉ်တွေကိုလည်း နက်နက်ရှိုင်းရှိုင်း နားလည်ထားသေးတယ် ”

“ တကယ်လို့ ကျုပ်သာ မမှားရင် တရားခံက မိစ္ဆာဝိညာဉ်ဘုရင် လေးယောက်ထဲက တစ်ယောက်ပဲ ဖြစ်ရမယ်။ သူတို့ထဲက တစ်ယောက်က ဒီလိုဓားအရည်အချင်းနဲ့ ဗုဒ္ဓကျင့်စဉ်တွေကို နက်နက်နဲနဲ နားလည်နေတာပဲ။ ကြည့်ရတာ မိစ္ဆာဝိညာဉ်ဂိုဏ်း ပြန်လည်ရှင်သန်လာပြီ ”

“မိစ္ဆာဝိညာဉ်ဂိုဏ်းက နှစ်တစ်သောင်းကျော်ကြာ သိုသိုသိပ်သိပ်နေခဲ့တာဆိုပေမဲ့ အသက်မဲ့ဘုရင်က ဒီလိုထွက်ပေါ်လာပြီဆိုတော့ နယ်မြေငါးခုတော့ အပြောင်းအလဲကြီး ဖြစ်တော့မယ် ထင်တယ်”

“ကျိရှားကျောင်းတော်ဆီ ဖူကျိကို သွားရှာချည်… တကယ်လို့ မိစ္ဆာဝိညာဉ်ဂိုဏ်းသာ အမှန်တကယ် ပြန်လာပြီဆိုရင် ငါတို့တွေ တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ သတိပေးရမယ် ”

“ အခုနှစ်ရာပိုင်းအတွင်း နယ်မြေငါးခုမှာ စွမ်းအားကောင်းပြီး ရှားပါးတဲ့ ပါရမီရှင်တွေ အတော်လေး များလာတယ်။ အဲဒါကိုက အတော်လေး ထူးဆန်းတဲ့ ဖြစ်ရပ် ဖြစ်နေပြီ ”

“ အရှုပ်အထွေးတွေ မဖြစ်ခင် ပါရမီရှင်တွေ၊ နတ်ဆိုးတွေ ထွက်ပေါ်လာတတ်တယ်တဲ့။ လွန်ခဲ့တဲ့ နှစ်တစ်သောင်းကလိုပဲ။ ဒီပါရမီရှင်တွေက ဒါနဲ့ အတော်လေး အနီးကပ် ဆက်စပ်နေတယ်။ ကပ်ဘေးကြီးသာ ဖြစ်လာရင် သူတို့က ငါတို့ရဲ့ အကြီးမားဆုံး မျှော်လင့်ချက်ပဲ ”

…………….....

အများပြည်သူ အထိတ်တလန့် မဖြစ်စေရန်အလို့ဌာ အလယ်ပိုင်းကုန်းမြေ၏ ဝိဇ္ဇာဘုန်းကြီး ကျဆုံးသွားမှုကို ထိန်းချုပ်ထားခဲ့သည်။

ရှန်ထျန်းက ဝိဇ္ဇာအဆင့် ကျင့်ကြံသူတစ်ယောက် သူ့အား လက်စားလာချေရန် ထွက်ပေါ်လာကြောင်း မသိပေ။

လက်ရှိတွင် သူက နောက်ထပ် ကျွန်းတစ်ကျွန်းကို ဝင်မွှေရန် အသင့်ဖြစ်နေလေပြီ။

ယခု ရှန်ထျန်း၊ ချီရှောက်ရွမ်နှင့် အောင်းဝူတို့က ရှုပ်ထွေးပွေလီ အငွေ့အသက်များ ထူထည်းနေသည့် နောက်ထပ်ကျွန်းဆီ ရောက်ရှိနေကြသည်။

သို့သော်လည်း ယခုတစ်ကြိမ်တော့ သူတို့ ကံမကောင်းခဲ့ပေ။ ကျွန်းအကာအရံအလွှာ ပွင့်လာဖို့အတွက် နောက်ထပ် သုံးလ စောင့်ဆိုင်းလိုက်ရ၏။ ဤကျွန်းက ခွန်ပန်ကျွန်းထက် အတွင်းပိုင်း ပိုကျလေသည်။ ကျွန်းကို လွှမ်းမိုးမှုအားကောင်းသည့် အငွေ့အသက်များဖြင့် လွှမ်းခြုံထားလေ၏။

အကာအရံအလွှာက ပွင့်လာပြီဖြစ်သော်လည်း အောင်းဝူက မမီနိုင်လုနီးပါး ဖြစ်သွားခဲ့သေး၏။ သူက ချီရှောက်ရွမ်နှင့် ရှန်ထျန်းတို့၏ အကူအညီဖြင့် ကပ်သီလေး ဝင်ရောက်နိုင်ခဲ့သည်။

ဤကျွန်းက ခွန်ပန်ကျွန်းထက် များစွာကြီးမားပြီး အနည်းဆုံးတော့ မိုင်ထောင်ချီ ကျယ်ဝန်းပေမည်။

ဤကျွန်းက အဓိကကုန်းမြေရှိ နိုင်ငံအများစုထက် အဆများစွာ ကြီးမားသည်ဟု ပြောလျှင် အပိုမဟုတ်ပေ။ ဤကျွန်းကို အပြည့်အဝ စစ်ဆေးနိုင်ဖို့ လများစွာ အချိန်ယူရလောက်၏။

ပို၍ အရေးကြီးသည်က ရှန်ထျန်းတို့ ယခင်ဝင်မွှေခဲ့သော ကျွန်းများနှင့် ယှဉ်လျှင် ဝိညာဉ်ချီ ပိုသိပ်သည်းပေသည်။ တောအုပ်နှင့် တောင်များက ကျွန်းတစ်ခုလုံးကို အုပ်လွှမ်းထားပြီး အမျိုးမျိုးသော ထူးဆန်းသတ္တဝါများလည်း ပုန်းအောင်းနေသည်။

နှင်းလိုမျိုး ဖြူဆွတ်နေသည့် တောင်ပံပါ ယုန်များ၊ သက်တံ့ရောင် သမင်၊ ရွှေရောင် သိင်္ဂဿနှင့် ခြေတံရှည်၊ မာကြောသော ငှက်မွေးများဖြင့် ငှက်မျိုးစံတို့ ….

ဤကျွန်းက အမှန်တကယ်ကို သုခဘုံတစ်ခု ဖြစ်၏။ ကျင့်ကြံသူများ၏ အငွေ့အသက်ကြောင့် စွန်းထင်းသွားခြင်းမျိုး မရှိပေ။

ထိုထူးခြားဆန်းပြား သားရဲများက ကြည့်ရတာ ချစ်ဖို့ကောင်းကာ လှပသော်လည်း ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပေါ် နေသော သက်ရှိများအနေနှင့် သူတို့တိုက်ပွဲစွမ်းရည်က ကြောက်ခမန်းလိလိ ဖြစ်ကြသည်။ တောင်ပံပါ ယုန်တစ်ကောင်ဆီမှ မုန်လာဥကို လုယူဖို့ ကြိုးစားပြီးနောက် ထိုယုန်က အောင်းဝူအား တစ်ချက်ကန်လွှတ်လိုက်လေသည်။ အကယ်၍ အားကောင်းသော သူ့သွေးမျိုးဆက်ကြောင့်သာ မဟုတ်ပါက ထိုကန်ချက်ကြောင့် အသက်ထွက်သွားနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ အောင်းဝူက ရူးလောက်အောင်အထိ ဒေါသထွက်လာသလို ခံစားလိုက်ရသည်။

………....

သို့သော်လည်း ကျွန်းပေါ်ရှိ အားအကောင်းဆုံးသက်ရှိမှာ ထိုထူးခြားဆန်းပြား အကောင်များ မဟုတ်ပေ။ ယာ့လုံများက အားပိုကောင်းကြသည်။

ယာ့လုံများက နဂါးစစ်စစ်၏ သွေးမျိုးဆက်ကို သယ်ဆောင်ထားကြသည်။ နဂါးမျိုးနွယ်မှ ဆင်းသက်လာသော မျိုးဆက်အမျိုးအစားများစွာ ရှိကြသည်။

နဂါးနက်ကျွန်းရှိ နဂါးနက်မျိုးနွယ်နှင့် ယှဉ်လိုက်လျှင် ဤကျွန်းပေါ်ရှိ ယာ့လုံများက ဘာအသိဉာဏ်မှ မပိုင်ဆိုင်ထားပေ။

သူတို့ကား  ရှန်ထျန်း အရင်ဘဝက ကြည့်ဖူးခဲ့သည့် ဇာတ်ကားများထဲမှ အနောက်တိုင်း နဂါးများနှင့် ပိုတူသည်။ သူတို့က အလွန်အားကောင်းကြပြီး ခက်ထန်ကြသည်။

မီးတောင်စွမ်းအားကို ထိန်းချုပ်သည့် အနီရောင် နှုတ်ခမ်းမွေးနှင့် မီးနဂါးက နမူနာတစ်ခု ဖြစ်၏။ သူတို့နှာချေရုံမျှဖြင့် မီးတောင် ပေါက်ထွက်လာနိုင်စေသည်။ တောင်ပံပါ နဂါးက လေစွမ်းအားကို ချုပ်ကိုင်နိုင်ပြီး အရာအားလုံးကို ဖြတ်တောက်ပစ်နိုင်သည့် မုန်တိုင်းကို ဖန်တီးနိုင်သည်။

မြေဓာတ်ကို ထိန်းချုပ်နိုင်သည့် ကင်းကောင်နဂါးရိုင်းလည်း ရှိသေး၏။ သူ့တစ်ကိုယ်လုံးက ကင်းကောင်ဝိညာဉ်ကျောက်တုံးများဖြင့် ဖုံးအုပ်ထားပြီး ပြိုင်ဖက်ကင်း ခုခံနိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။

ထို့အပြင် ခြေရှစ်ချောင်း နဂါးပြာက ပင်လယ်ကို အမိန့်ပေးနိုင်ပြီး ရွှေရောင်နဂါးက အလင်းစွမ်းအားကို ထိန်းချုပ်နိုင်သည်။ အနက်ရောင် အဆိပ်နဂါးက အဆိပ်အမျိုးမျိုးကို ကျွမ်းကျင်သည်။ စသည်ဖြင့် အစုံပါဝင်၏။

စွမ်းအားကြီး ယာ့လုံမျိုးနွယ်က ကျွန်းကို အုပ်စိုး၏။ ဤနေရာရှိ အရွယ်ရောက်ပြီးသော နဂါးအများစုက ကောင်းကင်အသျှင်နှင့်ပင် ယှဉ်ပြိုင်နိုင်ကြသည်။ ရှန်ထျန်းနှင့် ချီရှောက်ရွမ်ပင် ထိုကျွန်းအတွင်းပိုင်းမှ ကြောက်ခမန်းလိလိ အားကောင်းသော စွမ်းအားအငွေ့အသက်ကို ခံစားမိကြ၏။ ထိုအရာက ဝိဇ္ဇာအဆင့် သက်ရှိမှ အငွေ့အသက် ဖြစ်မှန်း သိသာလှသည်။

ဤကျွန်းက ဝိဇ္ဇာထက် အားကောင်းသော သက်ရှိများပင် ရှိနေနိုင်သည်။

ရလဒ်အနေနှင့် ကျွန်းကို ဝင်မွှေရန် ကြံစည်ထားကြသော သူတို့သုံးယောက်က ပိုသတိကြီးလာကြသည်။ အကယ်၍ ကောင်းကင်အသျှင်အဆင့် ဧရာမနဂါးတစ်ကောင်၊ နှစ်ကောင်နှင့်သာ ရင်ဆိုင်ရလျှင် သုံးယောက်သား သူတို့၏ နဂါးသွေးမျိုးဆက်ဖြင့် တောင့်ခံနိုင်ပေဦးမည်။ သို့သော် ဤကျွန်းပေါ်၌  ကောင်းကင်အသျှင်အဆင့် နဂါးအကောင် တစ်ရာလောက် ရှိနေသည်။ အများစုက ကောင်းကင်အသျှင်အဆင့်ထက် သာလွန်သော တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားကြသေး၏။

ဤသို့သော အခြေအနေမျိုးအောက်၌ မဆင်မခြင် ပြုမူခြင်းက ကိုယ့်သေတွင်းကို တူးနေသည်သာ ဖြစ်မည်။

သူတို့က ပုန်းခိုရာ ဂူအတွင်း တည်ရှိမှု ဖုံးကွယ်ရေးအစီအရင်ကို ခင်းကျင်းထားရသည်။ သူတို့က မီးပုံမွှေးထားရင်း ယုန်ရိုင်းတစ်ကောင်ကို ကင်နေကြသည်။ ထိုယုန်ရိုင်းက အရည်ရွမ်းကာ ပြည့်ဖြိုးနေလေ၏။ မီးတောက်ထဲ ရွှေရောင်အဆီစက်များ စီးကျလာသည်။

ဟင်းခတ်အမွေးကြိုင်နှင့် ရောနေသည့် အသားကင်နံ့လေးက ဂူအတွင်း လှိုင်လှိုင်သင်းနေကာ သရေယိုချင်စရာလေး ဖြစ်နေသည်။

“ ဒါက ဒဏ္ဍာရီလာ နဂါးနတ်ဘုရားကျွန်းပဲ ဖြစ်ရမယ် ” အောင်းဝူက ယုန်တောင်ပံကို ပျော်ရွှင်စွာ ကင်လိုက်ရင်း  “ ဒီကျွန်းနဲ့ ပတ်သတ်ပြီးတော့ ရှေးဟောင်းမှတ်တမ်းတချို့ ဖတ်ဖူးတယ် ”

ဟုတ်ပေသည်။ ယုန်တောင်ပံ ဖြစ်၏။

အကင်ခံနေရသည့် ယုန်က အောင်းဝူကို ကန်ခဲ့သည့် ယုန်နှင့်အတူတူ ဖြစ်သည်။ ဤနဂါးလူငယ်လေးက အတော်လေး ဒေါသကြီးသော ကောင်လေးတစ်ယောက် ဖြစ်၏။

တောင်ပံပါ ယုန်က အလွန်အားကောင်းသည့်အချက်အပြင် အင်မတန် မြန်ဆန်သေး၏။ လျှပ်စီးနီးပါးလောက်အထိ လျှင်မြန်ပေသည်။

အကယ်၍ ရှန်ထျန်း၏ ငှက်မွေး ထာဝရသတ္တုနှင့် ခွန်ပန်တာအိုကြောင့်သာ မဟုတ်လျှင် ထိုယုန်ကို အမိဖမ်းနိုင်မည် မဟုတ်ချေ။

ယုန်က ချစ်စရာကောင်းသည့်အပြင် အတော်လေးလည်း အရသာရှိ၏။

ရှန်ထျန်းက ယုန်ပေါင်နှစ်ချောင်းကို စားလိုက်ပြီးနောက် နွေးထွေးပျော်ရွှင်လာသလို ခံစားမိလိုက်သည်။ သူက အံ့ဖွယ်သေရည်လေး တစ်ငုံလောက် သောက်လိုက်ပြီး မြေပြင်ပေါ် လဲချလိုက်သည်။

ကောင်းလိုက်တာ …

အောင်းဝူကို အလယ်မှာထားပြီး ရှန်ထျန်းနှင့် ချီရှောက်ရွမ်က ကိုယ့်ဗိုက်ကို ပွတ်ရင်း တစ်ဖက်တစ်ချက်စီ အပျင်းပြေလဲလျောင်းနေကြသည်။

ချီရှောက်ရွမ်က မေးလိုက်သည်  “ နဂါးနတ်ဘုရားကျွန်းလား … နာမည်က ရင်းနှီးနေသလိုပဲ။ ဒါက … ”

ချီရှောက်ရွမ်က တစ်ခုခုကို တွေးမိသွားဟန်ဖြင့် မျက်နှာထားပြောင်းလဲသွားသည်  “ ဒါက ဒဏ္ဍာရီထဲက ကျွန်းလို့တော့ မပြောနဲ့နော်။ အဲဒါက ပျောက်ကွယ်သွားပြီ မဟုတ်ဘူးလား ”

အောင်းဝူက ခေါင်းညိတ်ကာ

“ ရှေးဟောင်းမှတ်တမ်းတွေအရ နဂါးနတ်ဘုရားကျွန်းက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက်ထဲ အတွင်းဆုံးအပိုင်းမှာ တည်ရှိတာတဲ့။ ပြောရရင် မပေါ်လာသလောက်နီးပါးပဲ။ ဒါပေမဲ့ ကျွန်းမှာ ယာ့လုံတွေ အများကြီးရှိတယ်။ ဒီကျွန်းပေါ်က အရင်းအမြစ်နဲ့ ကံအပြောင်းအလဲ အခွင့်အရေးတို့က စိတ်ကူးကြည့်လို့တောင် မရဘူး။

နဂါးနက်မျိုးနွယ်ကလည်း ဒီနဂါးနတ်ဘုရားကျွန်းကနေ အစပြုလာတာလို့ ပြောသံကြားဖူးတယ်။ ကျွန်တော်တို့က ဒီကျွန်းပေါ်က နဂါးမျိုးနွယ်တစ်ခုရဲ့ မျိုးဆက်ပဲလေ။ ဒါက ကောလဟာလဆိုတော့ ဘယ်သူမှတော့ အတည်မပြုနိုင်ဘူး ”

ထိုသို့ပြောပြီးနောက် အောင်းဝူက ရှန်ထျန်းအား လေးလေးစားစား ကြည့်ကာ

“ ဒီကျွန်းကို ရှာနေတာ နှစ်တစ်သောင်းကြာသွားပေမဲ့ တစ်ခါမှ မတွေ့ခဲ့ရဘူး။ ဒီကျွန်းပေါ် နောက်ဆုံးရောက်ခဲ့တာ  လွန်ခဲ့တဲ့ နှစ်တစ်သောင်းတုန်းက အဖွားအောင်းပင်းပဲ။ အစ်ကိုရှန်က ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက်ထဲ ပထမဆုံး လာတုန်း ဒီနဂါးနတ်ဘုရားကျွန်းဆီ ဦးဆောင်ခေါ်သွားပေးလိမ့်မယ်လို့ မထင်ထားမိဘူး။ အစ်ကိုရှန်က တကယ်မိုက်တယ် ”

ချီရှောက်ရွမ်  “ … ”

ဒီကျွန်းကို ငါတို့အတူတူ ရှာတွေ့ခဲ့တာ မဟုတ်ဘူးလား … ရှန်ထျန်းက ဦးဆောင်ခဲ့ပေမဲ့ ငါ့ကံကြမ္မာကြောင့် တွေ့တာရော မဖြစ်နိုင်ဘူးလား …

ငါလည်း ကံကြမ္မာသား‌တော် ဖြစ်ခဲ့ဖူးတယ်လေကွာ …

ချီရှောက်ရွမ်က စိတ်ထဲမှ ပြောလိုက်သော်လည်း မကျေနပ်ချက်များကို ထုတ်မပြောဖို့ရာ ဉာဏ်ရှိရှိ ရွေးချယ်လိုက်သည်။ ရှန်ထျန်းတစ်ယောက် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက်ထဲ ဝင်ရောက်လာကတည်းက သူ ပစ်မှတ်ထားသည့် ကျွန်းတိုင်း မှန်ကန်ခဲ့သည်။

ပထမတစ်ကြိမ် ပင်လယ်နတ်ဘုရား၏ ကြယ်မျက်ရည်ကျွန်း ဖြစ်ပြီး ဒုတိယတစ်ခုမှာ ခွန်ပန်ကျွန်း ဖြစ်သည်။ ယခု နဂါးနတ်ဘုရားကျွန်း ဖြစ်၏။ သူ ကျွန်းရွေးချယ်သည့် ဖြစ်စဉ်က အတော်လေး စိတ်ချရလေသည်။

ကျွန်းရွေးချယ်ခြင်း ဖြစ်စဉ်ကို အမျိုးသမီးတစ်ယောက် ကုန်ပစ္စည်းများကို လျောက်ကြည့်ခြင်းသဖွယ် ညွှန်းဆိုနိုင်ပေသည်။

ဟိုနေရာ ကြည့်လိုက် ဒီနေရာကြည့်လိုက် တုံ့ချတုံ့ချ ဖြစ်လိုက် ဆိုင်တစ်ဆိုင်ထဲ ထပ်ဝင်လိုက် …

သို့သော် ရှန်ထျန်းအတွက်မူ ဈေးဝယ်ထွက်လာသည့် သူဌေးကြီးတစ်ဦးသဖွယ် ဖြစ်၏။ ကြိုက်သမျှပစ္စည်းအကုန် တန်းဝယ်လိုက်ရုံသာ ဖြစ်သည်။

လမ်းတစ်လျှောက် သူတို့က ထူးခြားဆန်းပြားသော တခြားကျွန်းများကို တွေ့ခဲ့ကြသော်လည်း ရှန်ထျန်းက သူတို့အား တစ်ချက်ပင် မကြည့်ပေ။ ဤသို့သော အခြေအနေမျိုး၌ သူတို့ နဂါးနတ်ဘုရားကျွန်းကို ရှာတွေ့ခြင်းက တိုက်ဆိုင်မှုတော့ မဟုတ်ပေ။ ရှန်ထျန်းက သူ ဘာရှာနေသည်ကို သိပြီး ဘယ်နေရာသွားရှာရမည်ကိုလည်း သေချာပေါက် သိပြီးသားသာ ဖြစ်လိမ့်မည်။

ချီရှောက်ရွမ်က ရှန်ထျန်းတစ်ယောက် ပျောက်ဆုံးတာကြာနေသည့် နဂါးနတ်ဘုရားကျွန်းကို မည်သို့ရှာတွေ့သွားမှန်း မသိပေ။ မည်သို့ပင်ဆိုစေ သူက သူ့ကိုယ်ရေးကိုယ်တာ လျို့ဝှက်ချက်ကို လေးစားဖို့ ဆုံးဖြတ်လိုက်သည်။

တစ်ချိန်တည်းတွင် သူက ရှန်ထျန်းအပေါ် အခွင့်ကောင်းယူနေမှန်း အသိအမှတ်ပြုလိုက်မိ၏။

ဤကျွန်းကို နဂါးမျိုးနွယ် ကြီးစိုးနေသောကြောင့် ကံအပြောင်းအလဲ အခွင့်အရေးများစွာ ရှိမှန်း အရူးပင် သိလိမ့်မည်။ ဤကျွန်းကို ရှန်ထျန်း၏ လမ်းညွှန်မှုအောက်၌ ရှာတွေ့ခြင်းက ကျေးဇူးကြွေးတစ်ခု တင်သွားလေပြီ။

…………....

ရှန်ထျန်းက ချီရှောက်ရွမ်နှင့် အောင်းဝူတို့ တွေးနေသည့်အရာများကို မသိပေ။ ယခု သူ့စိတ်ထဲ၌ တစ်ခုတည်းသာ ရှိ၏။ ဤနေရာရှိ ကံအပြောင်းအလဲ အခွင့်အရေးများကို များနိုင်သမျှ များများရယူဖို့ ဖြစ်သည်။

ရှန်ထျန်းက ချီရှောက်ရွမ်နှင့် အောင်းဝူတို့‌ ခေါင်းအထက်မှ ဤကျွန်းပေါ်ရှိ အကြီးမားဆုံး ကံအပြောင်းအလဲ အခွင့်အရေးကြီးကို တွေ့ပြီးသွားလေပြီ။ သို့သော်လည်း ထိုကံအပြောင်းအလဲ အခွင့်အရေး ပေါ်မလာခင် ရက်အနည်းငယ် လိုနေသေး၏။ ထိုအချိန်မတိုင်ခင် ဤကျွန်းပေါ်ရှိ တခြားသော ကံအပြောင်းအလဲ အခွင့်အရေးများကလည်း အတော်လေး  အဖိုးတန်ပေသည်။

“ ချမ်းသာမှုနဲ့ အန္တရာယ် ဒွန်တွဲနေတယ်” ဆိုတဲ့ စကားလည်း ရှိသည် မဟုတ်ပါလော။ ရှန်ထျန်းက ဤနေရာ၌ အချိန်များများသုံးဖို့ ဆုံးဖြတ်လိုက်သည်။

ရှန်ထျန်းက တွေးလိုက်ပြီးနောက် မေးလိုက်သည်  “ညီအစ်ကိုချီ ဒီကျွန်းပေါ်က ရတနာတွေကို ခရမ်းကောင်းကင်မျက်လုံးနဲ့ အာရုံခံလို့ရလား ”

ချီရှောက်ရွမ် ဂုဏ်ယူစွာဖြင့်  “ ကျုပ်ရဲ့ တိုက်ခိုက်စွမ်းရည်က ညီအစ်ကိုရှန်ထက် နည်းနည်း အားနည်းပေမဲ့ ဒီခရမ်းကောင်းကင်မျက်လုံးရဲ့ အာရုံခံနိုင်စွမ်းက ဘယ်အရာထက်မှ မနိမ့်ကျဘူး။ ကျုပ်သာ အလိုရှိရင် မိုင်တစ်ရာဝန်းကျင်မှာရှိနေတဲ့ အဖိုးတန်ရတနာတွေ ကျုပ်မျက်စိအောက်ကနေ ပြေးမလွှတ်ဘူး ”

ဤသို့သော အာရုံခံနိုင်စွမ်းက သူ မည်မျှဝေးဝေးကို မြင်နိုင်သည်သာမကဘဲ သူ ရှာနေသည့်အရာကို အာရုံခံနိုင်စွမ်းလည်း ပါရှိသည်။ ဖုံးကွယ်ရေး အစီအရင်သာ ရှိမနေပါက ခရမ်းကောင်းကင်မျက်လုံးအောက် ဘယ်အရာမှ မလွတ်နိုင်ပေ။

အားကောင်းသော သက်ရှိက ချီရှောက်ရွမ်၏ မျက်လုံးကို ခံစားမိသွားကာ လက်တုံ့ပြန်လာနိုင်သည်။

ရလဒ်အနေနှင့် အားကောင်းသော သက်ရှိများအပေါ် ခရမ်းကောင်းကင်မျက်လုံးကို အသုံးပြုဖို့ရာ အတော်လေး အန္တရာယ်ကြီးပေသည်။ အားကောင်းသည့် သက်ရှိ၏ သတ်ဖြတ်စိတ်ကို လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားနိုင်သည်။

အားကောင်းသူများက ကိုယ့်မာနာကို ရှိကြသည် မဟုတ်ပါလော။

မည်သို့ပင်ဆိုစေကာမူ ဤကျွန်းရှိ ဧရာမနဂါးများက အလွန်အားကောင်းကြသော်လည်း ဉာဏ်ရည်နည်းကြလေသည်။ ထိုနဂါးကြီးများက ချီရှောက်ရွမ်၏ ခရမ်းကောင်းကင်မျက်လုံး သူတို့ဆီ ကျရောက်လာသည်ကို ဂရုမစိုက်ကြပေ။

“ မိုင်တစ်ရာပတ်လည်အတွင်းက အဖိုးတန်ဆေးပင်တွေတော့ အာရုံခံနိုင်စွမ်းအောက်က ပြေးမလွတ်ဘူး ”

ရှန်ထျန်းက ဝင်ချီးကျူးလိုက်သည်  “ ကောင်းတယ် ”

သူက ချီရှောက်ရွမ်အား မျက်လုံးတလက်လက်ဖြင့် ကြည့်ကာ  “ညီအစ်ကိုချီ …  အားလုံးကို ဝင်သိမ်းလိုက်ရအောင် ”

အကုန်မောင်ပိုင်စီးဖို့လား …

ရှန်ထျန်း၏ စိတ်အားထက်သည့် အကြည့်ကို ခံစားမိကာ ချီရှောက်ရွမ်က သူ့သွေးများ ဆူပွက်လာသလို ခံစားလိုက်ရသည်။

ညီအစ်ကိုရှန်နဲ့ အတူတူ ဝင်သိမ်းရမယ်လား … သူက အဲဒီကောင်းကင်အသျှင် နဂါးတွေကို စိန်ခေါ်လိုက်တာ မဟုတ်ဘူးလား …

ဒီအတွေးနဲ့တင် ငါ့သွေးတွေ ဆူပွက်လာသလိုပဲ …

ချီရှောက်ရွမ်လည်း စိတ်အားထက်သန်မှုအပြည့်ဖြင့် ခေါင်းညိတ်ကာ  “ ညီအစ်ကိုရှန်ဘေးမှာ ကျုပ် ရှိတယ်”

……………..

နောက်တစ်ရက် မနက်ခင်း မှိန်ဖျဖျ နေရောင်က အမှောင်ထုကို ဖြိုခွင်းလိုက်သည်။

ညဘက် ကောင်းကောင်း အိပ်စက်ပြီးနောက် ခရမ်းမိုးကြိုးနဂါးဆိုးက ပျင်းရိစွာ အကြော့ဆန့်လိုက်ရင်း အသိုက်ထဲမှ ထွက်လာလိုက်သည်။ သူက အသိုက်အပြင်ဘက်ရှိ ဧရာမ ခရမ်းရောင်သစ်ပင်ကြီးကို ကျေကျေနပ်နပ် ကြည့်လိုက်သည်။ ထိုသစ်ပင်ပေါ်တွင် ခရမ်းရောင် သစ်သီးကိုးလုံး ကြီးထွားနေကြ၏။ တစ်လုံးချင်းစီက တောက်ပစိုပြေနေသည်။

သစ်သီးအပေါ်ယံတွင် ခရမ်းရောင် မိုးကြိုးများနှင့် နက်နဲလှသည့် သင်္ကေတများ ပါရှိနေသည်။ သူတို့က သာမန်သစ်သီးမျိုး မဟုတ်ပေ။

ထိုသစ်ပင်အောက်ခြေတွင် ထူးခြားဆန်းကြယ် သတ္တဝါများ၏ အရိုးများစွာကို မြှပ်နှံထားသည်။ ဤသည်မှာ ခရမ်းမိုးကြိုးနဂါးဆိုးနှင့် မိုးကြိုးသစ်ပင်တို့ အတူတူရှိနေပုံ ဖြစ်၏။ နဂါးက သူ အမဲလိုက်ရသမျှ သားကောင်များ၏ အရိုးများကို သစ်ပင်အောက်တွင် မြှပ်နှံပေးထားသည်။

ထိုအရိုးများက ဝိညာဉ်ချီ အရင်းအမြစ်တစ်ခု ဖြစ်လာလေသည်။ သူတို့က မိုးကြိုးသစ်ပင်အတွက် အကောင်းဆုံး‌ မြေဩဇာ ဖြစ်ပြီး မြန်မြန်ကြီးထွားလာအောင် အထောက်အပံ့ ဖြစ်စေသည်။

အပြန်အလှန်အားဖြင့် မိုးကြိုးသစ်ပင်က “ခရမ်းမိုးကြိုးသစ်သီး” ကို မွေးထုတ်ပေး၏။

ထိုခရမ်းမိုးကြိုးသစ်သီးတွင် မိုးကြိုးသစ်ပင်မှ မိုးကြိုးအဆီအနှစ်များ ပါရှိသည်။ ဤသည်မှာ လူတစ်ယောက်၏ မိုးကြိုးစွမ်းအားကို တိုးမြင့်ပေးနိုင်သည့် အထွတ်အထိပ် မိုးကြိုးဓာတ် ရတနာတစ်ခု ဖြစ်ပေသည်။

ခရမ်းမိုးကြိုးနဂါးဆိုးသာ ထိုသစ်သီးကိုးလုံးကို စားသုံးလိုက်လျှင် စွမ်းအားက အဆမတန် ကြီးထွားလာပေမည်။ သူက နဂါးဘုရင် အဆင့်အတန်းအထိ ရောက်ရှိသွားနိုင်၏။

ဒီကျွန်းရဲ့ နဂါးဘုရင် … ဝိဇ္ဇာအဆင့် တည်ရှိမှု

ထိုသစ်သီးကိုးလုံးက မကြာခင် ရင့်မှည့်လာပေတော့မည်။

မိုးကြိုးသစ်ပင်အတွက် အားကောင်းသော သားကောင်၏ အရိုးကို မြေဩဇာအဖြစ် ထည့်ပေးလိုက်ဖို့သာ လိုအပ်တော့သည်။ ထိုအခါ ထိုသစ်သီးကိုးလုံးက ရင့်မှည့်ကာ ကြွေကျလာပေမည်။

ထိုအချိန် သူက ဤကျွန်းပေါ်တွင် အလေးစားခံရဆုံး နဂါးဘုရင် သခင်ကြီး ဖြစ်လာလိမ့််မည်။ ခရမ်းမိုးကြိုးနဂါးဆိုးက အသိုက်မှ ထွက်လာကာ အမဲလိုက်ဖို့ ပြင်လိုက်သည်။

ဒီကျွန်းပေါ်က မည်သည့်သတ္တဝါကများ ဒီသစ်သီးများကို ခိုးယူရဲမည်နည်း။

ဟားဟား … လုံးလုံး စိတ်ပူစရာ မလိုပေ။

နဂါးဆိုးက သူ့အသိုက်ပတ်လည်ကို အပေါ့စွန့်ကာ နယ်နမိတ်အပိုင် သတ်မှတ်ထားပြီးသား ဖြစ်၏။

အားနည်းသော သားရဲများက အသိုက်နား သွားဖို့ အိပ်မက်မက်ရဲမည်ပင် မဟုတ်ပေ။ အားကောင်းသူများလည်း လုပ်ဖို့ ဝန်လေးနေပေလိမ့်မည်။ ဤသည်မှာ စစ်ကြေညာလိုက်သလို မဟုတ်ပါလော။

နဂါးက ဘာမှဂရုစိုက်ဘဲ အရှိန်ဖြင့် ထွက်သွားလိုက်သည်။

သူ မသိသည်ကား သူ အသိုက်က ထွက်သွားပြီး တစ်နာရီအကြာတွင် ပုံရိပ်ငယ်လေးတစ်ခု ရောက်ရှိလာခြင်း ဖြစ်၏။

……….....

မှန်ပေ၏။ ထိုပုံရိပ်လေးမှာ ရှန်ထျန်း ဖြစ်ပြီး သူက လက်ဖြင့် “အိုကေ” ပုံစံလုပ်ပြလိုက်ပြီးနောက် မိုးကြိုးသစ်ပင်ဆီ အကြည့်ရောက်သွားလေသည်။

ပစ္စည်းကောင်းလေးပဲ …

ရှန်ထျန်းက ထိုသစ်ပင်ကို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ရှေးဟောင်းမှတ်တမ်းများတွင် မြင်တွေ့ဖူးခဲ့သည်။ ဤသည်မှာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ဂုဏ်အယူရဆုံး ဝိညာဉ်အပင် ဖြစ်သည်။

ထိုအရာကို အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုပြီး အခြားသော အထောက်အကူ ဆေးပင်များနှင့် ရောစပ်လိုက်လျှင် ဒဏ္ဌာရီလာ အံ့ဖွယ်မိုးကောင်းကင် အတိဒုက္ခဆေးလုံးကို ဖော်စပ်နိုင်ပေမည်။ အတိဒုက္ခ မဖြတ်ကျော်ခင် ထိုဆေးလုံးတစ်လုံးကို သောက်သုံးလိုက်လျင် မိုးကြိုးချက်ကြောင့် ရလာသည့် ဒဏ်ရာများကို ၃၀ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်သည်။‌

ကောင်းကင်ဘုံ စမ်းသပ်ချက်ကို မည်မျှကျရှုံးနေကြသည်ကို သိသင့်ပေသည်။ အကယ်၍ သူတို့သာ အံ့ဖွယ်မိုးကောင်းကင် အတိဒုက္ခဆေးလုံးကို ကြိုတင်သောက်သုံးခဲ့ပါက စမ်းသပ်ချက် အောင်မြင်နိုင်လောက်၏။ ဤသို့သော ဆေးလုံးမျိုးက သူတို့စမ်းသပ်ချက်ကို ကျော်ဖြတ်ဖို့ ရာနှုန်းပြည့် ယုံကြည်ချက်မရှိသူများအတွက် အသက်ကယ်ဆေးနှင့် တူပေသည်။

“ ဒီလိုရတနာမျိုးက ဒီကောင်လေး အသိုက်နား ပေါက်နေမယ် မထင်ထားမိဘူး။ အရမ်းကောင်းတယ် … ငါတို့ အပိုင်သိမ်းကြမယ် ”

ရှန်ထျန်းက သစ်ပင်ရှေ့ အပြုံးလေးဖြင့် လျှောက်လှမ်းလာသည်။ သူက နိဗာနတော်ဝင်ရေစင် ၅၀၀ မီလီလီတာကို ထုတ်ကာ လောင်းချလိုက်၏။

ပေတစ်ရာအကွာရှိ ခရမ်းစံအိမ်၏ သူတော်စင်က ထိုမြင်ကွင်းကြောင့် နှလုံးနာလာမိသည်။

ညီအစ်ကိုရှန်က အရမ်းဖြုန်းတီးတာပဲ …  ဖြုန်းတီးတယ်လို့ ထင်ရပေမဲ့ ရလဒ်ကလည်း အံ့မခန်း ဖြစ်၏။

မြေကြီးထဲ လောင်းချလိုက်သည့် နိဗာနတော်ဝင်ရေစင်ကို မိုးကြိုးသစ်ပင်က ချက်ချင်း စုပ်ယူသွားခဲ့သည်။ သိပ်မကြာခင် မိုးကြိုးသစ်ပင်အနီးအနားတွင် မိုးကြိုးများ တလက်လက် ထလာသည်။

သစ်ပင်၌ မိုးကြိုးလျှပ်စီးများ ဝန်းရံထားပြီး မိုးကြိုးကျမ်းစာလိုမျိုး ဖြစ်လာစေသည်။ ထိုလျှပ်စီးကြောင်းများက ခရမ်းရောင် သစ်သီးများအတွင်း စီးဝင်သွားလေ၏။

မှည့်ခါနီး သစ်သီးကိုးလုံးလည်း မြေပြင်ပေါ် ချက်ချင်း ကြွေကျလာသည်။

“ ၂၅၀ မီလီလီတာလောက်လေးနဲ့ ကျေနပ်သွားပြီလား ”

ရှန်ထျန်းက လက်ကျန်တစ်ဝက်ကို ခန်းမင်လက်စွပ်အတွင်း ပြန်သိမ်းထားလိုက်သည်။ သူ့လက်မှ အံ့ဖွယ်ဝါးမျိုနွယ်ပင် နှစ်ချောင်း ထွက်လာကာ ထိုသစ်သီးအားလုံးကို သိမ်းဆည်းလိုက်သည်။

အလျှံပယ်ပဲ …

တကယ်လို့ ဆရာသာ ဒီသစ်သီးတွေကို မြင်သွားရင် သူ့ကောင်းကင်အရှိန်အဝါတွေ သုံးလလောက် မရပ်မနား လှုပ်ခတ်နေတော့မှာပဲ ….

..................

သူက သူ့ကိုယ်သူ ကျေနပ်နစဉ် မြေကြီးက ရုတ်တရက် တုန်ခါလာလေ၏။

ဂါး …

အဝေးမှ ဒေါသတကြီး ဟိန်းဟောက်သံကို ကြားနေရသည်။ ဧရာမသားရဲကြီးတစ်ကောင်က သူတို့ဆီ ပြေးလာနေသည်။ ထိုအရာက အင်မတန် ကြမ်းတမ်းခက်ထန်သော အငွေ့အသက်ကို ထုတ်လွှင့်ထားပြီး ပါးစပ်၌ ထူးခြားဆန်းပြား သတ္တဝါတချို့၏ သွေးများ ပေကျံနေသည်။ ထိုအကောင်က သားကောင်ကို  သတ်ဖြတ်နေစဉ် အသိုက်မှ အပြောင်းအလဲကို ခံစားမိ၍ အပြေးအလွှား ပြန်လာခြင်း ဖြစ်၏။

ဝုန်း …

ခရမ်းမိုးကြိုးနဂါးဆိုး ပါးစပ်အတွင်း သိပ်သည်းနေသည့် ခရမ်းမိုးကြိုးအလုံး ဖြစ်ပေါ်လာသည်။ ထိုနဂါးကြီးက ရှန်ထျန်းအား စိုက်ကြည့်လိုက်ရင်း မိုးကြိုးလုံးဖြင့် ပစ်လွှတ်လိုက်သည်။ မိုးကြိုးလုံးက ဘေးပတ်လည် အာကာပြင်ကိုပင် အမှုန့်ဖြစ်သွားစေသည်။ ထိုစွမ်းအားက အားနည်းသော ကောင်းကင်အသျှင် ကျင့်ကြံသူကိုပင် စက္ကန့်ပိုင်းလေးအတွင်း သတ်ပစ်နိုင်လောက်သည်။

“ ညီအစ်ကိုရှန်က ဒီလောက်စွမ်းအားကြီး တိုက်ခိုက်မှုမျိုးကို ကာကွယ်နိုင်ပါ့မလား။ သူ ဘာမှဖြစ်လို့ မဖြစ်ဘူး။ ငါကပဲ ညီအစ်ကိုရှန်ကို အနိုင်ယူမှာ ”

ချီရှောက်ရွမ်က လက်သီးဆုပ်ထားရင်း သူ့ခရမ်းကောင်းကင် မျက်လုံးလည်း တောက်ပလာသည်။

ဂျိန်း …

ခရမ်းမိုးကြိုးနဂါးဆိုး၏ ဒေါသတကြီး အကြည့်အောက်တွင် မိုးကြိုးလုံးက မြေပြင်ပေါ် အပြင်းအထန် ကျရောက်လာသည်။ မျက်စိတစ်မှိတ်အတွင်း ခရမ်းမိုးကြိုးလုံးက ပတ်ဝန်းကျင်တစ်ခုလုံးကို အကြီးအကျယ် ပျက်စီးသွားစေသည်။

ထိုစဉ် ရှန်ထျန်းက ထိုမိုးကြိုးအတွင်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေ၏။

All Chapters