နတ်ဆိုးဘုရင်
Vol. 1 Ch. 142
ဟေးယွင်တောင်သည် ဝိညာဉ်သားရဲ မြို့အနီးတွင် ကျော်ကြားသော နယ်မြေတစ်ခု ဖြစ်သည်။ အဓိက အကြောင်းအရင်းမှာ ဟေးယွင်တောင်သည် ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ မြောက်ဘက်တွင် ရှိသောကြောင့် ဖြစ်သည်။ ထိုနေရာကို စောင့်ကြပ်နေသော ကင်းလှည့်အဖွဲ့ တစ်ဖွဲ့လည်း ရှိနေရာ မည်သူမှ ဖြတ်သန်း သွားလာခြင်း မပြုကြပေ။ ဟေးယွင်တောင်သည် နတ်ဆိုးသားရဲများ အမဲလိုက်ရန် နေရာကောင်းတစ်ခု အဖြစ်လည်း လူသိများသည်။
ဟေးယွင်တောင်၏ တောင်ဘက်ခြမ်းအား တောင်စဉ် သုံးထောင်၏ အတွင်းနယ်မြေ အဖြစ် သတ်မှတ်သည်။ တောင်စဉ် သုံးထောင်သည် နတ်ဆိုးသားရဲများ စခန်းချ နေထိုင်နေသော နေရာကြီး ဖြစ်ကာ ဒုတိယအဆင့်နှင့် တတိယအဆင့် နတ်ဆိုးသားရဲများ နေထိုင် ကျက်စားသည်။ ထိုနေရာတွင် စတုတ္ထအဆင့် နတ်ဆိုးဘုရင်နှင့် ကြုံတွေ့နိုင်ချေလည်း ရှိသည်။ တောင်စဉ် သုံးထောင်၏ အနက်ရှိုင်းဆုံး နေရာတွင် လူပုံစံရှိသော နတ်ဆိုးသားရဲဘုရင် ရှိသည်ဟု ကောလာဟလများ ရှိလေသည်။ ထိုနတ်ဆိုး ဘုရင်သည် ကြောက်စရာ အင်အားကို ပိုင်ဆိုင်၍ လက်တစ်ချက် လှုပ်လိုက်ရုံမျှနှင့် မြို့တစ်မြို့အား ဖယ်ရှားနိုင်သည်ဟု ကြားရသည်။ အလွန်တော်သော သိုင်းသမားများတောင် တောင်စဉ် သုံးထောင်သို့ အရမ်းကာရော ဝင်မသွားရဲကြပေ။
"တောင်စဉ် သုံးထောင်ရဲ့ အနက်ရှိုင်းဆုံး အပိုင်းမှာ လူပုံစံနဲ့ နတ်ဆိုး သားရဲဘုရင် တကယ် ရှိတာလား ... ဘယ်လိုလုပ်ပြီး နတ်ဆိုးသားရဲ တစ်ကောင်က လူပုံစံ ပြောင်းနိုင်တာလဲ ... ဒါက ယုံတမ်းပုံပြင်တွေ မဟုတ်ဘူးလား"
ကျန်းရီသည် ယခင်က ထိုကောလာဟလများကို ကြားဖူးခဲ့သည်။ ယခုတွင် သူသည် ပြေးရင်းလွှားရင်းမှ ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းအား မေးခွန်းထုတ်နေခြင်း ဖြစ်လေသည်။ ထိုနှစ်ယောက်သည် ဂိုဏ်းကြီးများမှ သခင်လေးများ ဖြစ်ကြပြီး ဗဟုသုတ ကြွယ်ဝကြသည်။ လျှို့ဝှက်ချက် အချို့အား ထိုနှစ်ယောက် သိနိုင်သည်မှာ ပုံမှန်သာ ဖြစ်လေသည်။
"မသေချာဘူး"
ချမ်ဝမ်ကွမ်သည် မည်သည့်စကားမှ မဆိုတော့ဘဲ ကျန့်ဝူရွှမ်းကသာ ခေါင်းယမ်း၍ ရှင်းပြလာခဲ့သည်။
"ဒီတောင်ရဲ့ အနက်ဆုံး အပိုင်းမှာ နတ်ဆိုးဘုရင် မရှိလောက်ဘူး ... ဒီနယ်မြေရဲ့ အတော်ဆုံး စစ်သည်တော် ဆယ်လောက်ကပဲ အမှန်တရားကို သိလိမ့်မယ်လို့ ငါထင်တယ် ... ဒါပေမဲ့ နတ်ဆိုးဘုရင် တကယ်ရှိပြီး လူပုံကို ပြောင်းနိုင်တယ် ဆိုတာက အမှန်ပဲ ... ငါတို့ဂိုဏ်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးထောင်ကျော်က တောင်ဘက် အိပ်မက်ပင်လယ် ချောက်နက်မှာ တွေ့ခဲ့ရတဲ့ နတ်ဆိုးဘုရင်ရဲ့ ပုံစံမှတ်တမ်း ရှိတယ် ... အဲဒါက ပင်လယ်နဂါး တစ်ကောင်ပဲ"
"အဲဒီအချိန်က ရှန်ဝူနိုင်ငံတော်မှာ ထူးဆန်းတဲ့ သိုင်းပညာတစ်ခုကို လေ့ကျင့်နေတဲ့ ဗာဂျရာအဆင့် သိုင်းသမား တစ်ယောက် ရှိတယ် ... အဲဒီ သိုင်းသမားက သူလေ့ကျင့်ရင်းနဲ့ လူတွေကို ထိခိုက်မိမှာ စိုးလို့ဆိုပြီး တောင်ဘက် အိပ်မက်ပင်လယ် ချောက်နက်ဆီ ကျင့်ကြံဖို့ ထွက်သွားခဲ့တယ် ... သူက နတ်ဆိုးဘုရင်ကို ဒေါသထွက်သွား စေခဲ့တယ် ... ဒါနဲ့ နတ်ဆိုးဘုရင်က သူ့ကို တစ်ချက်တည်းနဲ့ သတ်ပစ်ခဲ့တယ် ... အဲဒါက တော်တော်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တယ် ... ချမ်ဝမ်ကွမ်တို့ ဂိုဏ်းမှာလည်း မှတ်တမ်း ရှိလောက်တယ်"
ချမ်ဝမ်ကွမ်သည် ခေါင်းညိတ်ကာ ဘေးသို့ ကြည့်လိုက်သည်။ ချမ်ဂိုဏ်းမှ လူများသည် သူတို့သုံးယောက်နှင့် ခပ်လှမ်းလှမ်းသို့ ရောက်နေပြီ ဖြစ်သောကြောင့် ခြေလှမ်းများကို ချက်ချင်း ရပ်တန့် လိုက်ကြသည်။ ထို့နောက် ချမ်ဝမ်ကွမ် ပြောလာခဲ့သည်။
"အစ်ကို ဝူရွှမ်းပြောတာ မှန်တယ် … ငါတို့ဂိုဏ်းမှာလည်း မှတ်တမ်း တစ်ခုရှိတယ် ... ပြီးတော့ ငါတို့ဂိုဏ်းမှာ ရေခဲလွင်ပြင်မှာ ပုန်းအောင်း နေတယ်ဆိုတဲ့ နောက်ထပ် နတ်ဆိုးဘုရင် အကြောင်းလည်း မှတ်တမ်း ရှိသေးတယ် ... ဒါပေမဲ့ အဲဒါက တကယ်လား အတုအယောင်လား ဆိုတာ ငါမသိဘူး ... သက်သေလည်း မရှိဘူး ဆိုတော့လေ ... "
"ရေခဲလွင်ပြင်"
ကျန့်ဝူရွှမ်းသည် အံ့အားသင့် သွားခဲ့ပြီး မျက်လုံးမှ အလင်းတစ်ချက် လက်သွား ခဲ့လေသည်။ ကျန်းရီသည် နားမလည်၍ မေးလိုက်သည်။
"ရေခဲလွင်ပြင်က ဘယ်နေရာမှာလဲ ... ငါဘာလို့ အရင်က မကြားဖူးတာလဲ ... "
"မြောက်ဘက်မှာ ... "
ကျန့်ဝူရွှမ်းသည် မြောက်ဘက်အရပ်သို့ ညွှန်ပြကာ ပြန်ဖြေလိုက်သည်။
"အဲဒါက မြောက်ဘက် လျန်နိုင်ငံနဲ့ မန့်နိုင်ငံရဲ့ မြောက်ဘက်ခြမ်းမှာ ရှိတယ် ... အဲဒီနေရာက အရမ်းအေးတယ် ... အဲဒီမှာ နေထိုင် ကျက်စားကြတဲ့ ကိုယ်ပျောက်နိုင်တဲ့ သန္ဓေပြောင်း နတ်ဆိုးသားရဲ တွေလည်း ရှိတယ် ... စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့်အောက်က ဘယ်သူမဆို ဝင်သွားတာနဲ့ သေတာပဲ"
"ဟမ်"
ကျန်းရီသည် အံ့အားသင့် သွားခဲ့သည်။ ဤနယ်မြေသည် သူထင်ထားသည်ထက် ပိုမိုကျယ်ပြန့်ကာ အန္တရာယ်လည်း များပေသည်။
သူသည် ဗဟုသုတ အတော်များများကို မသိပေ။ သူသိသည်မှာ နယ်မြေအား နဂါးပြာ အင်ပါယာမှ အပိုင်းခြောက်ခုခွဲ၍ အုပ်ချုပ်သည်။ မြောက်ဘက်တွင် လျန်နိုင်ငံနှင့် မန့်နိုင်ငံ၊ တောင်ဘက်တွင် ရှားနိုင်ငံတော်နှင့် ရှန်မိနိုင်ငံ၊ အရှေ့ဘက်တွင် ရှန်ဝူနိုင်ငံတော် ရှိ၍ အနောက်ဘက်တွင် ကျင်းရှန်နိုင်ငံတော် ရှိသည် ဟူမျှသာ ...
သူတို့သည် စကား တပြောပြောနှင့် ဟေးယွင်တောင်ခြေသို့ ရောက်လာကြသည်။ သူတို့သည် ထိုနေရာတွင် ကင်းလှည့်အဖွဲ့ကို မတွေ့ရသော်ငြား မကြောက်ကြပေ။ ဟေးယွင်တောင်တွင် နယ်နိမိတ် ကန့်သတ်ထားပြီး တတိယအဆင့် နတ်ဆိုးသားရဲ များအားပင် ကြုံတွေ့ရန် ခက်ခဲသောကြောင့် ဖြစ်သည်။
"တက်ကြစို့"
ကျန်းရီ၏ လက်တွင်းမှ အနီရောင်ပုလဲ လင်းလက်သွားခဲ့ပြီး အနီရောင်ဓားမြှောင် ထွက်ပေါ်လာခဲ့သည်။ သူသည် ရှေ့ဆုံးမှနေ၍ တောင်ပေါ်သို့ တက်ခဲ့သည်။ ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းတို့၏ မျက်ခုံးများ လှုပ်သွားကြသည်။
ချမ်ဝမ်ကွမ်သည် ကျန်းရီနောက် ပြေးလိုက်ကာ တိုးတိုး ပြောလိုက်သည်။
"အစ်ကိုကြီး ... ရတနာကို အဲဒီလို အလွယ်တကူ မထုတ်ရဘူး ... ဒီဟာက တန်ဖိုးကြီးတယ် ... စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့်သာ မြင်သွားမယ်ဆိုရင် သေချာပေါက် အလုခံရနိုင်တယ်"
ကျန့်ဝူရွှမ်းသည်လည်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ် ... ကျန်းရီ ... မင်း ဂရုစိုက်ရမယ် ... ဒီနယ်မြေ တစ်ခုလုံးမှာ ပစ္စည်းသိမ်းလို့ရတဲ့ ရတနာက အခုတစ်ရာ မပြည့်ဘူး ... ငါသာမင်းကို မသိဘူးဆိုရင် ငါဆိုလည်း လုမှာပဲ"
"အမ် ... "
ကျန်းရီ ခေါင်းညိတ်လိုက်သည်။ သူသည် မီးဝိညာဉ်ပုလဲအား ဤကဲ့သို့ အသုံးပြုနည်းကို သင်တန်းကျောင်းသို့ ပြန်ရောက်ပြီးမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုအချက်ကို သူလည်း ထူးဆန်းသည်ဟု ခံစားခဲ့ရသည်။ ပုလဲအတွင်းရှိ မီးဝိညာဉ် ကျောက်တုံးများသည် အလွန်ပူပြင်း သော်လည်း ထိုအထဲတွင် ကျန်းရီ သိမ်းဆည်းလိုက်သော ပစ္စည်းများကို လောင်ကျွမ်းသွားခြင်း မရှိပေ။ သို့သော် ပုလဲသည် ကျန်းရီအား မီးဝိညာဉ် ကျောက်တုံးမှ အပူဒဏ်ကို ခံနိုင်ရည် ရှိစေသည်ကို တွေးမိသောအခါ ထိုအချက်အား အထူးတလည် စဉ်းစား မနေတော့ပေ။ ပုလဲ၏ အထူး ဂုဏ်သတ္တိဟုသာ တွေးထား ခဲ့လိုက်သည်။
"ဝူး ... "
သူတို့ တောင်ပေါ်သို့ တက်လာပြီး မကြာခင်မှာပင် ဝံပုလွေ အူသံများကို ကြားလာရသည်။ ကျန်းရီ၏ မျက်လုံးများ တောက်ပသွားပြီး အမဲလိုက်ရန် ပြင်လိုက်သည်။ ချမ်ဝမ်ကွမ်သည် သူ့အား ရပ်တန့်စေကာ ပြောလာခဲ့သည်။
"အစ်ကိုကြီး ... နတ်ဆိုးသားရဲ တစ်ကောင်တည်းကို သတ်ရတာ ဘယ်မှာ ကောင်းလို့လဲ"
"အမဲ မလိုက်ဘူးလား"
ကျန်းရီသည် ချမ်ဝမ်ကွမ်အား သံသယရှိစွာ ကြည့်၍ မေးလာခဲ့သည်။
"နတ်ဆိုးသားရဲတွေက အုပ်စုလိုက် နေခဲတယ် မဟုတ်ဘူးလား ... ဘာလို့ တစ်ကောင်တည်းကို မသတ်ရမှာလဲ"
"ဟီးဟီး ... အစ်ကိုကြီး ... ကျွန်တော့် နောက်ကိုသာ လိုက်ခဲ့ ... ကျွန်တော် နေရာကောင်းတစ်ခု တွေ့ထားတယ် ... အစ်ကိုကြီး သတ်ဖို့ နတ်ဆိုးသားရဲတွေ အုပ်လိုက်ပေးမယ်"
ချမ်ဝမ်ကွမ်သည် လျှို့ဝှက်စွာ ပြုံးလိုက်ပြီး သူ့နောက်လိုက်များအား လက်ကာပြကာ ပြောလိုက်သည်။
"နေရာတစ်နေရာ ရှာကြတာပေါ့"
ပါလာခဲ့သော ချမ်ဂိုဏ်းသားများသည် ခရမ်းရောင် နန်းတော်ရှင် အဆင့်များ ဖြစ်ကြသည်။ သူတို့သည် အရမ်း အားမကောင်းပေ။ အမြင့်ဆုံး တစ်ယောက်မှာ ခရမ်းရောင် နန်းတော်ရှင် ဆဋ္ဌမအဆင့်သာ ဖြစ်၍ ကျန်လူများမှာ တတိယအဆင့်၊ စတုတ္ထအဆင့် လောက်သာ ရှိကြသည်။ ချမ်ဝမ်ကွမ်၏ ညွှန်ကြားချက် အောက်တွင် ချမ်ဂိုဏ်းသားများသည် အလျင်အမြန် လူစုခွဲလိုက်ကြသည်။ နားမလည်နိုင်သော ကျန်းရီသည် ထိုနှစ်ယောက် နောက်မှသာ အသာလိုက် ခဲ့ရသည်။
လမ်းတစ်လျှောက်တွင် နတ်ဆိုးသားရဲ တစ်ကောင်စ၊ နှစ်ကောင်စ တွေ့ရသော်လည်း ချမ်ဝမ်ကွမ်သည် ကျန်းရီအား မသတ်ခိုင်းပေ။ တစ်နာရီခန့် ကြာပြီးနောက် ချမ်ဂိုဏ်းသား တစ်ယောက်သည် အလျင်အမြန် သတင်းလာပို့ လေသည်။
"ခေါင်းဆောင်ငယ် ... သခင်လေး ကျန်းရီ သူ့အစွမ်းတွေ ထုတ်သုံးလို့ရမယ့် နေရာကောင်းတစ်ခု တွေ့ထားပါပြီ"
"ကောင်းတယ် ... သွားကြစို့"
ချမ်ဝမ်ကွမ်သည် စိတ်လှုပ်ရှားသွားကာ ထိုဂိုဏ်းသား ဦးဆောင်ရာ နောက်သို့ လိုက်သွားခဲ့သည်။ ကျန်းရီသည် နားမလည်စွာဖြင့် ကျန့်ဝူရွှမ်းအား တစ်ချက် ကြည့်လိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။
"သွားကြစို့ ... ဖက်တီးချမ် ဉာဏ်နီ၊ ဉာဏ်နက် အရမ်းများတယ် ... သူ့စကားကို နားထောင်ရင် မမှားနိုင်ဘူး"
သူတို့နှစ်ယောက်သည် ချမ်ဝမ်ကွမ်ထံ ပြေးလိုက် သွားကြသည်။ ချမ်ဝမ်ကွမ်သည် ကျင့်ကြံဆင့်နိမ့်ကာ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမအဆင့်၊ ဆဋ္ဌမအဆင့် ခန့်သာ ရှိလေသည်။ သို့သော် သူသည် လှုပ်ရှားမှု အရာတွင် ကျွမ်းကျင်နေခဲ့ပြီး အမြန်နှုန်းသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း အဋ္ဌမအဆင့်၊ နဝမအဆင့်တို့နှင့် ယှဉ်နိုင်လေသည်။
သူတို့သည် တောအုပ်ငယ် တစ်ခုကို ဖြတ်သန်းပြီးနောက် လွင်ပြင်တစ်ခုထံ ရောက်ရှိသွား ခဲ့လေသည်။ ခပ်လှမ်းလှမ်းတွင် ပေထောင်ချီ မြင့်သော ကျောက်တောင်ကြီးများ ရှိနေသည်။ ချမ်ဂိုဏ်းသားသည် သူတို့အား ကျောက်တောင်ကြီးများထံ ဦးတည်၍ ခေါ်ဆောင်သွားခဲ့သည်။
ကျောက်တောင်ကြီးများသည် ကြီးမားလွန်း၍ ချမ်ဂိုဏ်းသားများသည် ကျောက်တောင်ကြီး၏ ခြေရင်းတွင် ရှိနေကြလေသည်။ အားအကောင်းဆုံး တစ်ယောက်သည် ကျောက်တောင်ကြီးအား တွယ်တက်နေခဲ့ပြီး တစ်ဝက်လောက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူသည် တောင်၏ တစ်ဝက်ရှိ ကျောက်ပြားထက်သို့ ရောက်သောအခါ ကြိုးတစ်ချောင်းအား ပစ်ချပေးလာသည်။ ချမ်ဂိုဏ်းသားများသည် ကြိုးကိုဆွဲ၍ တက်ကြတော့သည်။
"ချမ်ဝမ်ကွမ် ... မင်းလူတွေ ဘာလုပ်နေကြတာလဲ"
ကျန်းရီသည် ချမ်ဂိုဏ်းသားများ ကြိုးကိုဆွဲ၍ တက်သွားကာ လက်နက်များ ထုတ်ယူကြ၍ ကျောက်သားများအား တူးနေကြသည်ကို မြင်နေရသည်။ သူသည် ဤဖက်တီး ကျောက်ဂူတစ်ခု တူး၍ စခန်းချနေရန် ကြံစည်နေသလားဟု ပို၍ပင် ထင်လာကာ ထုတ်မေးရတော့သည်။
"ဟီးဟီး ... အစ်ကိုကြီး အလျင်မလိုပါနဲ့ ... အရင်နားလိုက်ပါဦး ... လူတွေအများကြီး တူးနေကြတာ ဆိုတော့ ဂူက မကြာခင် ပြီးသွားမှာပါ ... ဒီဂူက ကျွန်တော်တို့ စစ်ဆင်ရေးရဲ့ အခြေခံပဲ"
ချမ်ဝမ်ကွမ်သည် ပြန်ဖြေခဲ့သော်လည်း လျှို့ဝှက်ချက်တို့ ရှိနေဆဲ ဖြစ်သည်။ ကျန့်ဝူရွှမ်းသည် ကျောက်တုံးဂူနှင့် ပတ်ဝန်းကျင်အား သေချာ အကဲခတ် လိုက်သည်။ သူသည် တစ်ခုခုကို နားလည် သွားဟန်ရကာ ပြုံး၍ ခေါင်းညိတ်လိုက်သည်။
"ကျန်းရီ ... စောင့်ကြည့်ပါဦး ... ချမ်ဝမ်ကွမ်ရဲ့ အကြံက တော်တော်လေး ကောင်းတယ် ... ဘေးလည်းကင်းတယ် ... ဒုက္ခတွေလည်း နည်းသွားမယ် ... ငါတို့သာ သတ်လို့မရတဲ့ အကောင် တစ်ကောင်နဲ့ တွေ့ရင် ဂူဆီ ပြန်လာလို့ရတယ် ... ပြီးတော့ ငါတို့ရဲ့ လျှို့ဝှက် အစောင့်တွေကို ရှင်းခိုင်းလို့ရတယ် ... ဒါနဲ့ ... ဝမ်ကွမ် ... မင်းမှာ ရေမွှေး အလုံအလောက် ရှိရဲ့လား"
"ဟီးဟီး"
ချမ်ဝမ်ကွမ်သည် လူယုတ်မာကဲ့သို့ ရယ်လိုက်သည်။
"အစ်ကိုကြီးရဲ့ ကိစ္စဖြစ်နေမှတော့ ကျွန်တော် နည်းနည်းလေး အားစိုက်ထားသင့်တယ် မလား ... မစိုးရိမ်ပါနဲ့ ... ပြဿနာ မရှိစေရဘူး ... "
ကျန်းရီသည် ပို၍ ပဟေဠိ ဖြစ်လာရသည်။ ချမ်ဂိုဏ်းသားများသည် အားကြိုးမာန်တက် အလုပ်လုပ်နေကြ၍ တော်သေးသည်။ သူ့တွင် ရွေးစရာမရှိတော့ရာ စိတ်ရှည်ရှည် ထား၍သာ စောင့်နေလိုက်တော့သည်။
***