မင်းတို့အားလုံးကို အသေသတ်ပစ်မယ်
Vol. 22 Ch. 318
အခန်း (၃၁၈) : မင်းတို့အားလုံးကို အသေသတ်ပစ်မယ်
ဂါး …
ဖုန်မှုန့်များ ရှင်းသွားသည့်အခါ မြေပြင်ပေါ်တွင် အပေါက်ကြီးတစ်ပေါက်သာ ကျန်နေခဲ့သည်။ အပေါက်က ပေရာချီ ရှည်လျားပြီး တလက်လက် တောက်ပနေသည်။
ကျောက်စရစ်ခဲများက မိုးကြိုးချက်အောက်တွင် အပူချိန်မြင့်မြင့် ဖြတ်ကျော်ခဲ့ရပြီး သလင်းကျောက်အဖြစ် ပြောင်းလဲသွားသည်။
ရှန်ထျန်းက ထိုရိုက်ချက်ကြောင့် အမှုန့်ဖြစ်သွားသလိုမျိုး လုံးဝ ပျောက်ကွယ်သွားလေသည်။
ခရမ်းမိုးကြိုးနဂါးဆိုးက ကျေနပ်စွာ ခေါင်းခါလိုက်သည်။
လူသားအစုတ်ပလုတ် … ငါရဲ့ ခရမ်းရောင် မိုးကြိုးသစ်သီးတွေကို လာခိုးရဲတယ်ပေါ့လေ။ မင်းကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်ပြီ
သို့သော်ငြား သိပ်မကြာခင် ခရမ်းမိုးကြိုးနဂါးဆိုးက ထူးဆန်းတာ တစ်ခုခု ရှာတွေ့သွားခဲ့သည်။ ရှန်ထျန်း ပျောက်ကွယ်သွားသော်လည်း ခရမ်းရောင် မိုးကြိုးသစ်သီးများလည်း မကျန်ရှိနေခဲ့ပေ။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …
ခရမ်းရောင် မိုးကြိုးသစ်သီးက မိုးကြိုးသဘာဝ ဝိညာဉ်သစ်သီး ဖြစ်သောကြောင့် မိုးကြိုးလျှပ်စီး တိုက်ခိုက်မှုအပေါ် ခံနိုင်ရည်ရှိပေသည်။လူသားက ပြာဖြစ်သွားလျှင်ပင် ထိုသစ်သီးကိုးလုံးက ကျန်ရှိနေရဦးမည်သာ ဖြစ်၏။
ဒါပေမဲ့ ခရမ်းရောင် မိုးကြိုးသစ်သီးရော ဘာလို့ ပျောက်သွားရတာလဲ …
ခရမ်းမိုးကြိုးနဂါးဆိုးက ချက်ချင်း ဒေါသထွက်လာသည်။
အနီးအနားမှာ တခြားသူခိုး ရှိနေသေးတာလား …
သူက ပတ်ဝန်းကျင်ရှိ အငွေ့အသက်နှင့် စွမ်းအားလှုပ်ခတ်မှုကို အနံ့ခံဖို့ ကြိုးစားလိုက်သည်။
ယာ့လုံများ၏ ဉာဏ်ရည်က သိပ်မမြင့်မားကာ လူသားနှင့် နတ်ဆိုးများ၏ အကြံအဉာဏ်ကို မပိုင်ဆိုင်သောကြောင့် သူတို့ကို လျော့တွက်၍တော့ မရပေ။ သူက အနံ့ခံအားကောင်းပြီး စွမ်းအားအပေါ်လည်း အာရုံခံနိုင်စွမ်း မြင့်မားကြသည်။ ထို့ကြောင့် သူတို့က အနီးအနားရှိ ကျူးကျော်သူများကို အလွယ်လေး အာရုံခံနိုင်ကြသည်။
လူသား ကောင်းကင်အသျှင်များ ဤခရမ်းမိုးကြိုးနဂါးဆိုးအနီးအနား ခိုးဝင်လိုလျှင်ပင် မြန်မြန်ဆန်ဆန် ရှာတွေ့ခံရပြီး မောင်းထုတ်ခံရသည်။
ခရမ်းမိုးကြိုးနဂါးဆိုးအတွက် သူ့ခရမ်းရောင် သစ်သီးကို ခိုးသွားသော သူခိုးက အနီးအနားတွင်သာ ရှိရမည်။ သူက ထူးထူးဆန်းဆန်း အငွေ့အသက်များ ရမလားလို့ သေချာအနံ့ခံဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း ဘာမှမတွေ့ခဲ့ပေ။
အကြောင်းမှာ ရှန်ထျန်း၏ ဖုံးကွယ်နိုင်စွမ်းက ပြိုင်ဖက်ကင်းနေပြီ ဖြစ်၏။
မီးစာကျမ်းကို လှည့်ပတ်လိုက်ပြီးနောက် ရှန်ထျန်းက သူ့အငွေ့အသက်အားလုံးကို အပြည့်အဝ ကာကွယ်ထားနိုင်သောကြောင့် အာရုံခံမိဖို့ မစိုးရိမ်ပေ။ ထို့အပြင် ပြန့်ဟွားပန်းက သူ့အား လေဟာနယ်နေရာတချို့ဆီ ဝင်ခွင့်ပေးထားသည်။
ရှန်ထျန်းသာ မြေအောက်တွင် ပုန်းနေသရွေ့ ဝိဇ္ဇာများပင် သူ့အား ရှာတွေ့ဖို့ ခက်ခဲပေမည်။
………….....
နောက်ဆုံးတွင် ရှန်ထျန်းက ခရမ်းမိုးကြိုးနဂါးဆိုး၏ ရူးသွပ်စွာ ပစ်ခတ်နေသည့် အမြောက်စာလက်ချက်မှ လွတ်မြောက်သွားတော့သည်။ သူက ခရမ်းရောင် မိုးကြိုးသစ်သီးကိုးလုံးကို ခိုးယူခဲ့သည့်အတွက် မသင့်တော်ကြောင်း မထင်မိပေ။ ပြောရလျှင် နဂါးကျွန်း၏ စည်းမျည်းကိုက အားအကြီးဆုံးသူသာ အပိုင်စိုးရမည် မဟုတ်ပါလော။
ခရမ်းမိုးကြိုးနဂါးဆိုးက စားသောက်ရန် တခြား သန္ဓေပြောင်းသားရဲများကို မကြာခဏ အမဲလိုက်လေ့ရှိသည်။
ရှန်ထျန်းအနေနှင့် ခရမ်းမိုးကြိုးနဂါးဆိုး ထွက်သွားသည့်အခါ သူ့ဥများကို မလုယူသည်ကပင် ကြင်နာမှုပြပြီးလေပြီ။
အောင်းဝူကလည်း နဂါးဖြစ်သည့်အချက်ကို ထည့်စဉ်းစားပြီးနောက် သက်ရောက်မှု သိပ်မကောင်းကြောင်း ထည့်တွက်ထားခြင်းလည်း ပါဝင်ပေသည်။ မြက်ခင်းပြင်မှ မြစိမ်းရောင်အလင်းလေး လက်ခနဲ ဖြစ်သွားကာ ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ထွက်လာသည်။
သူက နဂါးပြာချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူ့ခန္ဓာကိုယ်ကို မြစိမ်းရောင် နွယ်ပင်များဖြင့် ရစ်ပတ်ထားသောကြောင့် ပန်းနတ်ဘုရားနှင့်ပင် တူနေသည်။
“ ညီအစ်ကိုချီရဲ့ ခရမ်းကောင်းကင် မျက်လုံးက အတော်လေး အားကောင်းတာပဲ။ ဒီတစ်ခါတော့ ကျွန်တော်တို့ အချီကြီးမိခဲ့ပြီ” ရှန်ထျန်းက ခန်းမင်လက်စွပ်ထဲမှ ခရမ်းရောင် မိုးကြိုးသစ်သီးကိုးလုံးကို ထုတ်ကာ တောက်တောက်ပပပြုံးရင်း ပြောလိုက်သည် “ ဒီခရမ်းရောင် မိုးကြိုးသစ်သီးကိုးလုံးကို အညီအမျှ ခွဲယူကြမယ် ”
ချီရှောက်ရွမ်က မြန်မြန် ခေါင်းခါကာ “ ကျုပ်က ဒီသစ်သီးတွေကို တွေ့ခဲ့ရုံပဲ ရှိတာလေ။ ညီအစ်ကိုရှန်ကသာ အသက်ကို စွန့်စားပြီး သစ်သီးသွားယူခဲ့တဲ့လူဆိုတော့ ညီအစ်ကိုရှန်အပေါ် ဘယ်လိုလုပ် အခွင့်ကောင်းယူရပါ့မလဲ ”
အောင်းဝူကလည်း ဝင်ပြောလိုက်သည် “ ကျွန်တော်ကို မကြည့်နဲ့ … ကျွန်တော်က ဘာမှလုပ်ခဲ့တာ မရှိတော့ ထည့်မတွက်နဲ့နော်။ အစ်ကိုရှန်က အစ်ကိုချီနဲ့ပဲ ခွဲလိုက်ပါ။ ကျွန်တော်က အစ်ကိုချီနဲ့ ပြီးမှ ပြန်မျှလိုက်မယ် ”
ချီရှောက်ရွမ် “ … ”
ကောင်းတယ် …
ညီအစ်ကိုရှန်အပေါ် သိပ်သိတတ်နေပြီးတော့ ပစ္စည်းခွဲယူရတော့မှ ငါ့နဲ့ ခွဲယူဖို့ စဉ်းစားမိတယ်တဲ့လား …
ချီရှောက်ရွမ်က ရှန်ထျန်းအား သဘောမတူစွာ ကြည့်လိုက်ပြီး “ ဒီလိုဆိုရင်ရော …ကျုပ်နဲ့ အောင်းဝူက သုံးလုံး ယူလိုက်မယ်။ ညီအစ်ကိုရှန်က ကျန်တဲ့ ခြောက်လုံးကို သိမ်းထားလိုက်လေ ”
သူက အံ့ဖွယ်မိုးကောင်းကင် တပည့် မဟုတ်သော်လည်း ခရမ်းရောင် မိုးကြိုးသစ်သီးသည် အင်မတန် အဖိုးတန်သော အထွတ်အထိပ်သစ်သီး ဖြစ်ကြောင်း သိပေသည်။
ခရမ်းစံအိမ် အထွတ်အမြတ်မြေက ခရမ်းရောင် မိုးကြိုးသစ်သီးဖြင့် ဆေးလုံးများ ဖန်တီးနိုင်သော်လည်း သူတို့သာ သစ်သီးတန်ဖိုးကို အဆုံးအစွန်အထိ တိုးမြင့်စေလိုလျှင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနှင့် ပတ်သတ်ရမည်သာ ဖြစ၏။
ဤထူးချွန်ပြောင်မြောက်လှသော တပည့်နှင့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက အရှေ့ပိုင်းလွင်ပြင်၏ အုပ်ချုပ်သူ ဖြစ်သည့်အထိ မြင့်တက်လာမှာ ပြောဖို့ မလိုတော့ပေ။
ချီရှောက်ရွမ်က ပြိုင်ဖက်ကင်းကြောင်း ကိုယ့်ဘာသာ ပြောဆိုလေ့ရှိသော်လည်း သူ့ဂိုဏ်း အနာဂတ်ကိုတော့ ထည့်စဉ်းစားရပေဦးမည်။ အံ့ဖွယ်မိုးကောင်းကင်နှင့် ခရမ်းစံအိမ်တို့က နှစ်များစွာ တိတ်တဆိတ်သော်လည်းကောင်း ပေါ်တင်သော်လည်းကောင်း ပဋိပက္ခများလာကြသည်။ ယခု ရပ်တန့်ဖို့ အချိန်ကျရောက်လာလေပြီ။
အဓိကဂိုဏ်းနှစ်ခုကြားမှ ရင်းနှီးကျွမ်းဝင်မှုအား ရှန်ထျန်းနှင့် ချီရှောက်ရွမ်တို့ဖြင့် စတင်လိုက်လေပြီ။
................
ရှန်ထျန်းက ငြင်းပယ်ချင်သော်လည်း ချီရှောက်ရွမ်နှင့် အောင်းဝူတို့က ဆုံးဖြတ်ချက် ပြတ်သားလှသည်။ သူက ရွေးချယ်စရာ မရှိတော့ဘဲ သစ်သီးခြောက်လုံးကို လက်ခံထားလိုက်ပြီး ထိုနှစ်ယောက် မည်မျှရက်ရောကြောင်း တတွတ်တွတ် ပြောနေမိသည်။
ကျင့်ကြံရေးလောကမှ အားလုံးက ကိုယ့်အကျိုးပဲ စိတ်ဝင်စားတယ်လို့ ဘယ်သူက ပြောလိုက်တာလဲ …
ငါ တွေ့သမျှ မျိုးဆက်တူအတွင်း ပါရမီရှင်တွေက ကံအပြောင်းအလဲ အခွင့်အရေးတွေကို ဘာမှမဟုတ်သလို သဘောထားကြပြီးတော့ ရတနာရှေ့မှာ သူတို့ပင်ကိုယ်စိတ်ရင်းအတိုင်း ဘာကြောင့် ထိန်းထားနိုင်ရတာလဲ …
ငါ ရှက်မိပါ့ … ရင်းနှီးမှုကို တန်ဖိုးထားကြတဲ့ ဒီညီအစ်ကိုတွေအများကြီး တွေ့ဖို့ ထိုက်တန်အောင် ငါ ဘာတွေများ လုပ်ခဲ့မိလို့လဲ
သုံးယောက်သား ခဏတာ နားလိုက်ကြသည်။ ခဏအကြာတွင် သူတို့က တခြားသော ယာ့လုံများ အခိုးခံလိုက်ရသည့် ခရမ်းမိုးကြိုးနဂါးဆိုး၏ ရတနာနောက် လိုက်လာမလားဟု စောင့်ကြည့်နေကြသည်။
အချက်အလက်များအရ ဤကျွန်းပေါ်ရှိ ယာ့လုံများက စည်းစည်းလုံးလုံး မရှိကြပေ။ ခရမ်းမိုးကြိုးနဂါးက ရူးသွပ်တော့မလို ဖြစ်နေသော်လည်း တခြားသော ယာ့လုံများက ဂရုမစိုက်ပေ။
ခရမ်းမိုးကြိုးနဂါးဆိုး၏ ပိုင်နက်အတွင်းရှိ တုန်တုန်ယင်ယင် ဖြစ်နေကြသည့် အားနည်းသော သန္ဓေပြောင်း သားရဲများအပြင် အခြားသော အားကောင်းသည့် တာ့လုံများက ဘာမှမကြားလိုက်သလိုမျိုး ပြုမူနေသည်။
ခရမ်းမိုးကြိုးနဂါးဆိုးနှင့် သိပ်အဆင်မပြေလှသော ယာ့လုံတချို့က ထိုအဖြစ်အပျက်ကို ကြည့်ကာ တိတ်တဆိတ် ရယ်မောနေကြသည်။
မင်း ကံဆိုးသရွေ့ ငါ ပျော်တယ် … ဒီနေ့ နေ့လယ်စာ အများကြီးကို စားပစ်နိုင်သေးတယ် …
သို့သော်လည်း ထိုယာ့လုံများက သူတို့အတွက် ပျော်ဖို့ရာ အရမ်းစောသေးလွန်းကြောင်း မတွေးထားမိခဲ့ပေ။ နောက်ထပ် နှစ်နာရီကြာပြီးနောက် ရှန်ထျန်းနှင့် ချီရှောက်ရွမ်တို့က တခြားသော ပစ်မှတ်ကို ရွေးကာ ပြောက်ကျားဗျူဟာ ရေးဆွဲနေကြလေပြီ။
ကင်းကောင်နဂါးရိုင်း တစ်ကောင်က အမဲလိုက်နေစဉ် နှစ်တစ်ထောင်သက်တမ်းရှိ ကင်းကောင်အိပ်မက် ဆေးပင်ရာကျော် အခိုးခံလိုက်ရပြီး မြေကြီးပင် မကျန်ခဲ့ပေ။ ကင်းကောင်အိပ်မက် ဆေးပင်က နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံသူများ၏ ရုပ်ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်သည့် ပြိုင်ဖက်ကင်း ဆေးပင် ဖြစ်ပေသည်။ ရွှေရောင်ကိုယ်ထည်အဆင့်အတွင်း အသုံးပြုပါက အကောင်းဆုံး ဖြစ်၏။
ထိုဆေးပင်မျိုးမှ ဆေးတစ်လုံးတည်းဖြင့် ရုပ်ခန္ဓာစွမ်းအား သိသိသာသာ တိုးတက်လာနိုင်သည်။
နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံသူအတွက် ဤဆေးလုံးမျိုးက အဖိုးမဖြတ်နိုင်ပေ။
ရွှေရောင်နဂါးတစ်ကောင် အသိုက်မှ ခဏတာထွက်သွားစဉ် အလင်းဝိညာဉ်ရွှေများဖြင့် ပြုလုပ်ထားပြီး အလင်းဝိညာဉ်ရွှေသတ္တုရိုင်းများဖြင့် ပြည့်နှက်နေသော အသိုက်ကား ယူဆောင်ခံလိုက်ရသည်။
ထိုအလင်းဝိညာဉ်ရွှေမှာ ရွှေရောင်နဂါးအနေနှင့် အလင်းဝိညာဉ်ရွှေသတ္တုများကို နှစ်ထောင်ချီ သန့်စင်ထားရခြင်း ဖြစ်၏။ အရည်အသွေးက ထူးခြားဆန်းပြားပစ္စည်းအဆင့်၌ ထာဝရသတ္တုနှင့် မယှဉ်နိုင်သော်လည်း ပမာဏကား အမြောက်အများ ဖြစ်၏။
ထိုရွှေရောင်နဂါးက ပေထောင်ချီ ရှည်လျားသောကြောင့် သူ့အသိုက်သည်လည်း အနည်းဆုံး ထိုအရွယ်အစား ရှိပေမည်။
အဲဒီမှာ အလင်းဝိညာဉ်ရွှေတွေ ဘယ်လောက်တောင် ရှိနေလိုက်မလဲ …
အထွတ်အမြတ်မြေများစွာကို မင်သက်သွားစေဖို့ လုံလောက်၏။ အကယ်၍ ဤသို့သော ကြွယ်ဝမှုမျိုးကသာ အရှေ့ပိုင်းလွင်ပြင် သို့မဟုတ် အလယ်ပိုင်းကုန်းမြေတွင် ဖြစ်ခဲ့လျှင် ဝိဇ္ဇာပင် ကာကွယ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။
ဤသို့သော သီးခြားဖြစ်တည်နေသည့် နဂါးကျွန်းမျိုး၌ ထိုထိပ်တန်းရတနာမျိုးကို အသိုက်ဆောက်လုပ်ထားသည်မှာ ဖြုန်းတီးနေခြင်းသာ ဖြစ်၏။
……………
ရှင်းရှင်းပြောရလျှင် ချီရှောက်ရွမ်က ရှန်ထျန်းတစ်ယောက် ထိုအလင်းဝိညာဉ်ရွှေကို သိမ်းဆည်းနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရွှေရောင်နဂါးက ပစ္စည်းထုဆစ်ပုံကို မသိသော်လည်း အလင်းဝိညာဉ်ရွှေ အမြောက်အများနှင့် တည်ဆောက်ထားသော အသိုက်အလေးချိန်နှင့်ပင် ဝိညာဉ်အသွင်ပြောင်းတစ်ယောက်အတွက် အံ့ဩမှုဖြင့် ဖြူဖျော့သွားစေလောက်သည်။
အသိုက်ထဲတွင် ခွဲထုတ်ဖို့ ခက်သည့် အလင်းဝိညာဉ်ရွှေသတ္တုများ ပါရှိနေသည့်အကြောင်းကို ထည့်မပြောရသေးပေ။ ကောင်းကင်အသျှင်များပင် ပြီးမြောက်ဖို့ ခက်ခဲသည့်ကိစ္စကို ရှန်ထျန်းက လုပ်ပြနိုင်ခဲ့၏။
သူက ကောင်းကင်ခြေမွလက်ဝါးကို သုံးကာ နဂါးအသိုက်နှင့် သတ္တုများကို ခွဲခြားပစ်လိုက်သည်။ ရှန်ထျန်းရှေ့တွင် မဖျက်စီးနိုင်သော အလင်းဝိညာဉ်ရွှေက ဂျယ်လီလေးအလား ပျော့ကာ အားနည်းသွားရှာသည်။ ရှန်ထျန်း၏ တိုက်ခိုက်မှုများကို မခံနိုင်လိုက်ပေ။
ရွှေရောင်နဂါး ပြန်ရောက်လာသည့်အခါ မြင်လိုက်ရသည့် မြင်ကွင်းမှာ ရှန်ထျန်းက နောက်ဆုံးသော အသိုက်အပိုင်းအစလေးကို သူ့သိုလှောင်လက်စွပ်ထဲ ထည့်လိုက်ပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားခြင်း ဖြစ်၏။
ချီရှောက်ရွမ်နှင့် အောင်းဝူတို့က မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည့်အခါ အချင်းချင်း ကြည့်လိုက်မိကြသည်။ သူတို့က ရှန်ထျန်းက စိတ်ထဲအသည်းထဲမှ အသိအမှတ်ပြုလိုက်ကြသည်။
ညီအစ်ကိုရှန်ကို ရန်သွားစလို့ မဖြစ်ဘူးပဲ …
သူက ကျင့်ကြံဆင့်တူအတွင်း ပြိုင်ဖက်ကင်းရုံသာမက သူ့ထက် ကျင့်ကြံဆင့်ကျော်လွန်နေသူများကိုပင် အနိုင်ပိုင်းပစ်နိုင်သည်။ ပို၍ အရေးကြီးသည်က သူသာ ညစ်လိုလျှင် မည်သူမှ သူ့အား တားနိုင်မည် မဟုတ်ပေ။
အကယ်၍ တစ်ယောက်ယောက်သာ သူ့ကို ရန်စမိလျှင် သူက ထိုလူအား ကိုယ်တိုင် သွားတိုက်နေစရာပင် မလိုပေ။ ထိုလူ၏ ဂိုဏ်းကို သွားလည်ပတ်လိုက်ရုံဖြင့် ထိုဂိုဏ်းတစ်ခုလုံး ဗလာကျင်းကာ မွဲပြာကျသွားလိမ့်မည်။
ရှန်ထျန်းက သူ့တည်ရှိမှုကို အပြည့်အဝ ဖုံးကွယ်ထားနိုင်သည်။ ထို့ကြောင့် သူသာ လူမသိသူမသိနေပါက ဝိဇ္ဇာပင် သူ့အား ရှာတွေ့ဖို့ ခက်ခဲပေမည်။
ခုခံရေး၊ တိုက်ခိုက်ရေး၊ တည်ရှိမှု ဖုံးကွယ်ရေးနှင့် နောက်ဆုတ်နိုင်ခြင်း အစရှိသဖြင့် ဘက်စုံတော်သည့် လူတစ်ယောက်နှင့် မိတ်ဆွေသာ ဖြစ်သင့်သည်။ ထိုသူသာ ရန်သူဖြစ်လာပါက အိပ်မက်ဆိုးကြီး ဖြစ်လာစေလိမ့်မည်။
…………...
ထို့နောက် ချီရှောက်ရွမ်နှင့် အောင်းဝူတို့က သိုသိုဝှက်ဝှက် နေလိုက်ကြသည်။ အကြောင်းအရင်းကား ရိုးရှင်းလှ၏။ နဂါးကျွန်းတစ်ခုလုံး ဗြောင်းဆန်နေလေပြီ။
အားကောင်းသည့် ယာ့လုံများက ကျူးကျော်သူများ၏ တည်ရှိမှုကို လိုက်လံရှာဖွေနေကြသည်။
ချီရှောက်ရွမ်နှင့် အောင်းဝူတို့က ရှန်ထျန်းလိုမျိုး တည်ရှိမှု ဖုံးကွယ်နိုင်စွမ်းကောင်းကောင်း မရှိသည့်အတွက် ဂူထဲတွင်သာ နေနေရသည်။ အကယ်၍ သူတို့ ဂူအပြင်ထွက်၍ တည်ရှိမှု ဖုံးကွယ်ရေးအစီအရင်၏ အကာအကွယ် မရှိတော့လျှင် ချီရှောက်ရွမ်နှင့် အောင်းဝူတို့အနေနှင့် ရှန်ထျန်းအတွက် အစားဝင်ခံပေးလိုက်ရသလို ဖြစ်သွားမည်။
ထိုအခါ ဒေါသကြီးနေသည့် ယာ့လုံအုပ်စုလက်ချက်ဖြင့် အသားတခြား အရိုးတခြား ဖြစ်သွားနိုင်သည်။
တစ်ဖက်တွင် ရှန်ထျန်းက စိုးရိမ်မှု မရှိပေ။ သူက ကျွန်းပေါ် နေ့တိုင်း စူးစမ်းရှာဖွေနေဆဲ ဖြစ်၏။ ဒေါသကြီးနေသည့် ယာ့လုံများက ဝိညာဉ်အသွင်ပြောင်းအဆင့်လောက်သာ ဖြစ်ကြသောကြောင့် တစ်ယောက်ချင်းစီ တိုက်ခိုက်လျှင် ရှန်ထျန်းအား အနိုင်မယူနိုင်ပေ။
အကယ်၍ ရှန်ထျန်းသာ ထိုယာ့လုံများအတွက် ပြိုင်ဖက် မဟုတ်လျှင်ပင် သူ့တွင် ထွက်ပြေးဖို့ ခွန်ပန်တာအိုကို အသက်သွင်းလိုက်ရုံသာ ဖြစ်၏။ လေအရှင် နဂါးပျံပင် သူ့အား လိုက်ဖမ်းနိုင်မည် မဟုတ်ပေ။
အဆိုးဆုံး ဖြစ်လာပါက သူက မြေအောက်ထဲ လျိုးဝင်ကာ တည်ရှိမှုကို ဖုံးကွယ်ထားလိုက်ရုံမျှ ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ သူ့ဝှက်ဖဲများစွာဖြင့် အသက်ရှင်နိုင်သည်။
ရှန်ထျန်း ရှက်မိသည့် တစ်ခုတည်းသောအရာမှာ ချီရှောက်ရွမ်က အပြင်မထွက်ရဲတော့သောကြောင့် သူ့ရတနာရှာဖွေနိုင်စွမ်းက အတော်လေး လျော့ကျသွားသည်။ သူက ကျွန်းပေါ်ရှိ ကံအပြောင်းအလဲ အခွင့်အရေးများကို တွေ့ဖို့ရာ ကိုယ့်ကံကိုသာ အမှီပြုနေရသည်။ သူက အတော်လေး စုဆောင်းမိလိုက်သော်လည်း ကျေနပ်လောက်ရုံမျှသာ ဖြစ်၏။
အကြောင်းမှာ သူ့ရောင်ဝါက ရွှေရောင်အစက်အပြောက်ဖြင့် အနီရောင် ဖြစ်နေသေးသောကြောင့် သူ ပြုစုပျိုးထောင်ထားသော သိုးလေးများထက် ကံကောင်းမှု နည်းပါးနေသေးသည်။
ထားလိုက်ပါလေ … ဘာမှမရတာထက်စာရင် ပိုကောင်းပါသေးတယ်
ရှန်ထျန်း ကြိုးစားထား … မင်းအိပ်မက်ဘဝကို ကိုယ့်လက်နဲ့ကို ဖန်တီးရမှာပဲ …
ရှန်ထျန်းက သူ့ဘာသာ အားပေးလိုက်ပြီးနောက် တည်ရှိမှုကို ဆက်လက်ဖုံးကွယ်ကာ နဂါးကျွန်းတစ်ဝိုက် ထွက်သွားလိုက်ပြန်သည်။
ဂါး …
ဂါး …
ဂီး …
ထိုစဉ် ယာ့လုံများ၏ ဒေါသတကြီး ဟိန်းဟောက်သံများက ကျွန်းတစ်ခုလုံး ပဲ့တင်ထွက်လာသည်။ ရှန်ထျန်းက ခေါင်းကို အသာမော့ကြည့်လိုက်သည့်အခါ ဧရာမ နဂါးပျံတချို့ ကောင်းကင်ယံတွင် ပျံသန်းနေကြကြောင်း မြင်လိုက်ရသည်။
တချို့က အစိမ်းရောင် ဖြစ်ကာ တောင်ပံခတ်ရင်း လေဆင်နှာမောင်းများ ဖန်တီးနေကြသည်။
တချို့က ရွှေရောင်ဖြစ်ပြီး ခမ်းနားကြော့ရှင်းလှသည်။
သူတို့က လေအရှင် နဂါးပျံများနှင့် ရွှေရောင်နဂါးများ ဖြစ်ကြသည်။ အုပ်စုတစ်ခု ဖြစ်နေလေသည်။
ထိုမျှတင်မကသေးဘဲ မြေကြီးလည်း တုန်ခါလာသည်။ ဧရာမ သစ်ပင်ကြီးများလည်း လှုပ်ခါလာကာ တောင်များလည်း ကြေမွသွားပြီး ယာ့လုံများစွာ ထွက်ပေါ်လာသည်။
တချို့က မီးတောက်များ မှုတ်ထုတ်ကာ တချို့ကိုမူ မိုးကြိုးများ ခြုံလွှမ်းထားလေ၏။ တချို့တွင် စိန်ကဲ့သို့ ကိုယ်ထည်မျိုး ရှိသောကြောင့် ခံနိုင်ရည်စွမ်း မြင့်မားမှန်း သိသာလှသည်။ ထိုယာ့လုံများကို ဘယ်နည်းနှင့်မှ ရန်မစသင့်ကြောင်း ထင်ရှားလှသည်။
………....
ငါ့ကို အာရုံခံမိသွားတာလား …
ရှန်ထျန်းက နှလုံးခုန် မြန်လာမိသော်လည်း သူ ထင်ထားသလို ဖြစ်ဟန်တော့ မပေါ်ပေ။ သူက တည်ရှိမှုကို ဖုံးကွယ်ထားသည့်အပြင် ဆူညံမှုလည်း မလုပ်မိပေ။
ဂရုစိုက်တာ ပိုကောင်းပါတယ်လေ …
ရှန်ထျန်း၏ ခန္ဓာကိုယ်မှ အစိမ်းဖျော့ဖျော့ တောက်ပလာကာ မြေကြီးထဲ ဖြည်းဖြည်းချင်း လျိုးဝင်သွားရင်း သူ့ခေါင်းလေးသာ ကျန်ရှိတော့သည်။ အကယ်၍ သူသာ တစ်ခုခု မှားနေကြောင်း သတိထားမိပါက ချက်ချင်း မြေကြီးထဲ လျိုးဝင်ကာ ထွက်ပြေးမည် ဖြစ်၏။
ထိုယာ့လုံများက သူ့တည်ရှိမှု ဖုံးကွယ်ရေးကို ဖောက်မြင်နိုင်လျှင်ပင် သူ့အား ဖမ်းနိုင်မည် မဟုတ်ပေ။
ရှန်ထျန်းက သတိကြီးကြီး ထားပြီးနောက် နားစိုက်ထောင်လိုက်သည်။ သူက လူသားတစ်ယောက်၏ အကူအညီတောင်းသံကို ကြားလိုက်ရပုံပေါ်သည်။
“ လခွမ်း … ဒီသားရဲတွေက ဘာလို့ ငါ့နောက်လိုက်ဖမ်းနေရတာတုန်း။ ငါ ခရမ်းမိုးကြိုးနဂါးဆိုး ပိုင်နက်ကနေ ဥမြစ်ပန်းလေး တစ်ပွင့်ပဲ ယူမိတာပါ။ အဲဒါက နှစ်တစ်ထောင်လောက်လေးပဲကို ဘာလို့ နောက်ကနေ နေ့ညဆက်တိုက် လိုက်နေရတာတုန်း …
တစ်ကောင်ဆို တော်ပြီလေ။ ဘာလို့ များသထက် များလာပြန်တာတုန်း။ အဲဒါ ဥမြစ်ပန်းလေး တစ်ပွင့်တည်းလေ … ပြန်ပေးမယ် ဟုတ်ပြီလား။ မင်းကို ပြန်ပေးပြီးပြီလေ ဘာလို့ ဆက်လိုက်နေတာတုန်း။ ငါက မင်းတို့သားရဲတွေကို ကြောက်တယ်များ ထင်နေလား။
ငါ့သက်တမ်း လျော့မှာကိုသာ မကြောက်ရင် မင်းတို့အားလုံးကို သတ်ပစ်တယ်။ ငါ့ကို အတင်းဖိအားမပေးနဲ့။ ငါ ဒေါသထွက်ရင် ငါကိုယ်ငါတောင် ကြောက်တယ်။ အမလေး ဒီမှာတစ်ယောက်ယောက် ရှိနေတာလား … ကယ်ပါဦး … ဟဲ့ ငါ့ဖင် မီးမမြိုက်နဲ့ ”
အကူအညီတောင်းသံက နီးလာသည့်အခါ ရှန်ထျန်းရှေ့ အဖြူဝတ်စုံနှင့် ပုံရိပ်တစ်ခု ပေါ်လာသည်။
ရုပ်ချောချော အမျိုးသား၏ အဝတ်အစားများက နှင်းပွင့်လိုမျိုး ဖွေးဆွတ်နေကာ သူက ချီရှောက်ရွမ်လောက် ကြည့်ကောင်းပေသည်။ သို့သော်လည်း ထူးဆန်းသည်က ထိုရုပ်ချောချော အမျိုးသားတွင် မျက်ကွင်းညိုမည်းနေသည်။
ပန်ဒါပင် သူနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။
ထို့အပြင် အားကောင်းသည့် ယာ့လုံများစွာက သူ့နောက်လိုက်လာကြသည်။ သူတို့က တောင်ပံများနှင့် တိုက်ခိုက်ကြသလို ပါးစပ်များမှလည်း မီးမှုတ်ထုတ်ကြသည်။
မီးမှုတ်ခြင်း၊ ရေခဲမုန်တိုင်း၊ လေဆင်နှာမှောင်၊ မိုးကြိုးချက်၊ အလင်းတန်း …
ရှန်ထျန်းက ဝက်ဝက်ကွဲအောင်မြင်သည့် 4D ဟောလီဝုဒ် ဇာတ်ကားကို ကြည့်နေသလိုမျိုး ခံစားနေရသည်။
ထိုစဉ် ယာ့လုံများ လိုက်ဖမ်းသော အမျိုးသားက အားနည်းဟန်ပေါ်သော်လည်း သူ့ထွက်ပြေးမှုက ရှန်ထျန်းအား စိတ်ဝင်သွားစေသည်။
.....................
ထိုအမျိုးသားက သနားစဖွယ် အခြေအနေဖြစ်ဟန် ပေါ်သော်လည်း ဘေးကင်းကင်း လွတ်မြောက်လာလေသည်။ သူ့ထွက်ပြေးနှုန်းက အတော်လေး မြန်ဆန်လှသည်။ သူက အားကောင်းသည့် လွတ်မြောက်ရေး ပညာရပ်တချို့ သင်ယူထားသည်မှာ သိသာလှသည်။ ထို့ကြောင့် လေအရှင် နဂါးပျံများနှင့် ယှဉ်နိုင်ခြင်း ဖြစ်၏။
လေအရှင် နဂါးပျံက လေဓာတ်ကို ထိန်းချုပ်နိုင်သည့် သန္ဓေပြောင်း သားရဲတစ်ကောင် ဖြစ်၏။ ထို့ကြောင့် စွမ်းအားကြီး ယာ့လုံများအနက် အလျှင်မြန်ဆုံး ဖြစ်သည်။
ထိုအမျိုးသား၏ ဝိညာဉ်စွမ်းအားက မတည်မငြိမ် ဖြစ်နေသောကြောင့် ကနဦးဝိညာဉ်အဆင့် ရောက်ထားသည်မှာ သိပ်မကြာသေးမှန်း သိသာလှသည်။ ထို့ကြောင့် သူက ထိပ်ဆုံးအခြေအနေသို့ မရောက်ရှိသေးခြင်း ဖြစ်၏။ ထိုသို့ဆိုလျှင်ပင် သူက လေအရှင် နဂါးပျံများလက်ထဲမှ အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်လာသေးသည်။
ရှန်ထျန်းက ခြွင်းချက် ဖြစ်ပြီး ထိုအမျိုးသားက ရှန်ထျန်း တွေ့ဖူးသမျှ လူသားပါရမီရှင်များကြား အမြန်ဆုံး ထွက်ပြေးနိုင်သူ ဖြစ်လောက်သည်။
ပို၍ အရေးကြီးသည်က ထိုလူက လေဟာနယ်အမျိုးအစား ပညာရပ်များ၌ အတော်လေး ကျွမ်းကျင်ပုံပေါ်သည်။ ယာ့လုံ တိုက်ခိုက်မှုများ သူ့ဆီ ကျရောက်လာခါနီးအချိန်တိုင်းတွင် သူ့ခန္ဓာကိုယ်က အာကာပြင်ထဲ ဝင်လိုက်သကဲ့သို့ ဗလာနတ္ထိအဖြစ် ပြောင်းသွားလေသည်။
သို့သော်လည်း ရှန်ထျန်းက ထိုလူ လေဟာနယ်စွမ်းရည်ကို ထုတ်သုံးလိုက်တိုင်း အရမ်းမောပန်းလာသည်ကို သတိထားမိလိုက်သည်။ သူက အသက်ပြင်းပြင်း ရှုနေရသည်သာမက အားဖြည့်ဆေးရည်များလည်း ဆက်တိုက် သောက်သုံးနေရသည်။ သူ့မျက်ကွင်းညိုညိုများက ယခင်ထက် ပိုမည်းလာဟန်ပေါ်သည်။
……….....
သို့သော်လည်း ထိုအရာက အရေးကြီးဆုံး မဟုတ်သေးပေ။ ရှန်ထျန်း၏ အာရုံကို ဆွဲဆောင်လိုက်သည်မှာ သူ့ခေါင်းအထက်တွင် ဖြစ်၏။
ထိုအမျိုးသား ခေါင်းအထက်တွင် ခရမ်းရွှေရောင် ရောင်ဝါ တောက်ပနေပြီး ချီရှောက်ရွမ်ထက် အားနည်းခြင်း မရှိပေ။ ပို၍ အရေးကြီးသည်က ရောင်ဝါထဲရှိ ကံအပြောင်းအလဲ အခွင့်အရေးက ရှန်ထျန်းအား အတော်လေး လှုပ်ရှားသွားစေသည်။
ရှန်ထျန်းက ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။
လူသားချင်း စာနာထောက်ထားစိတ်အရ ဒီကောင်လေးကို ကယ်တင်ပေးရမည်။