ကမ္ဘာမှာ နံပါတ်တစ်က တစ်ယောက်ပဲ ဖြစ်နိုင်တယ်
Vol. 22 Ch. 319
အခန်း (၃၁၉) : ကမ္ဘာမှာ နံပါတ်တစ်က တစ်ယောက်ပဲ ဖြစ်နိုင်တယ်
ဝမ်ရှန်းယု၏ ဖြူဖျော့နေသော မျက်နှာက သူ့နောက်မှ နဂါးများစွာ၏ ကြောက်မက်ဖွယ် အငွေ့အသက်ကို ခံစားမိလိုက်သည်နှင့် ပို၍ပင် ဖြူဖျော့လာသည်။ ထိုအချက်ကြောင့် သူက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းထဲ အပျော်ခိုးဝင်လာကြောင်း ထောက်ပြနေသည်။
လွန်ခဲ့သောလများစွာခန့်က ချီရှောက်ရွမ်သည် အရှေ့ပိုင်းလွင်ပြင်ရှိ သူတော်စင်အားလုံးကို လိုက်လံစိန်ခေါ်ခဲ့သည်။ သူတို့ထဲက တစ်ယောက်မှာ ရွှေအမြုတေအဆင့်စာရင်း လေးဆင့်မြောက် ဝမ်ရှန်းယု ဖြစ်၏။ သူက အဓိက ပြိုင်ဖက်လည်း ဖြစ်ပေသည်။
သို့သော်လည်း ဝမ်ရှန်းယု၏ မဟာလေဟာနယ်ကျမ်းက သက်တမ်းတိုစေသော ကျင့်စဉ်တစ်ခု ဖြစ်၏။ ကျမ်းထဲတွင် ပါဝင်သော ရိုးရိုးရှင်းရှင်းတိုက်ကွက်လောက် ထုတ်သုံးသည်က ပြဿနာ မရှိသော်လည်း အဆင့်မြင့်တိုက်ကွက်များအတွက် သက်တမ်း လျော့ချခံရသည်။
အထူးသဖြင့် အံ့ဖွယ်လေဟာနယ် ဖွဲ့စည်းပုံ ပိုင်ဆိုင်ထားသည့် ဝမ်ရှန်းယုအတွက် ဖြစ်သည်။ ဤကျမ်းကို ထုတ်သုံးသည့်အခါ သူ့သက်တမ်းက သာမန်လူထက် ပိုမြန်မြန် ကုန်ဆုံးရသည်။
သူက သူ့ခန္ဓာကိုယ်ကို အဖိုးတန်ဆေးများဖြင့် အချိန်အတော်ကြာ ထိန်းသိမ်းထားခဲ့သော်လည်း တခြားသော ကျင့်ကြံသူများကဲ့သို့ သက်တမ်းရှည်ရှည်နေရဖို့ အခက်တွေ့နေရဆဲ ဖြစ်သည်။
အကယ်၍ သူသာ တစ်ယောက်ယောက်နှင့် တိုက်ပွဲအပြင်းအထန် ဖြစ်လျှင် သူ့သက်တမ်းက နှစ်ငါးဆယ်ကျော်မည် မဟုတ်ပေ။
ပြောရလျှင် ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးပင် အနည်းဆုံး သက်တမ်း နှစ်ငါးရာ ရှိပေသည်။ ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးက နှစ်တစ်ထောင်အထိ ရှင်သန်နိုင်၏။ နှစ်ငါးဆယ်လောက်ဖြင့် သေဆုံးရခြင်းမှာ အရွယ်ကောင်းကို တိခနဲ ဖြတ်တောက်ပစ်လိုက်သလို ဖြစ်သည်။
ရလဒ်အနေနှင့် ဝမ်ရှန်းယုက တုံ့ဆိုင်းခြင်းမရှိ ထွက်ပြေးတော့သည်။
သူ့အပြုအမူများက သူ့ဂိုဏ်းအတွက် အရှက်ရစရာ ဖြစ်နေနိုင်သော်လည်း သူ့အသက်နှင့် ပတ်သတ်နေသည့်ကိစ္စ မဟုတ်ပါလော။ အရေးတကြီး အခြေအနေ မဟုတ်ပေ။ သူက သူ့ကိုယ်သူ စတေးမည် မဟုတ်ချေ။
ဝမ်ရှန်းယုက ညအမှောင်ကို အခွင့်ကောင်းယူကာ မဟာလေဟာနယ် အထွတ်အမြတ်မြေမှ သူ့အသက်ကယ်ဆေးဝါးများနှင့် ရတနာငါးသွယ် လက်ဖက်ရည်ကြမ်းကို ယူဆောင်ကာ ထွက်လာခဲ့သည်။
သူက မြောက်ပင်လယ်ဘက် အပျော်ခရီး ထွက်ဖို့ စဉ်းစားမိလိုက်သည်။ ထိုနေရာက အရှေ့ပိုင်းလွင်ပြင်နှင့် မိုင်သောင်းချီ ဝေးကွာနေသောကြောင့် လွှမ်းမိုးကြီးစိုးနေသည့် ချီရှောက်ရွမ်ပင် သူ့အား စိန်ခေါ်ဖို့ မြောက်ပင်လယ်အထိ လိုက်လာနိုင်မည် မဟုတ်လောက်ပေ။
မြောက်ပင်လယ်သို့ ရောက်ရှိပြီးနောက် ဝမ်ရှန်းယုတစ်ယောက် အပန်းဖြေရင်း သက်တောင့်သက်သာ နေ့ရက်များကို ကျော်ဖြတ်ခဲ့သည်။ ဤနေရာရှိ လေထုက ကောင်းပြီး ပင်လယ်လေပြေလေးက နူးညံ့အေးချမ်းလှသည်။ ခုံးမိန်းမပျိုလေးများက နူးညံ့ပျော့ပျောင်းလှ၏။
ဝမ်ရှန်းယုက တကယ်ကို သဘောကျနေမိသည်။
………….....
သူက အထွတ်အမြတ်မြေမှ အလျှင်စလို ထွက်လာရသောကြောင့် ပိုက်ဆံလုံလုံလောက်လောက် ပါမလာသည်မှာ နှမြောစရာကောင်းလှသည်။ အချိန်အတော်ကြာ နေထိုင်ပြီးနောက် ဝိညာဉ်ကျောက်တုံးအများအပြား သုံးစွဲပြီးပြီ ဖြစ်သလို ရတနာငါးသွယ် လက်ဖက်ရည်ကြမ်းလည်း ကုန်လုနီးပါး ဖြစ်လာလေပြီ။
ဝမ်ရှန်းယုက သူ့အနေနှင့် ပိုက်ဆံရှာဖို့ အချိန်ကျရောက်လာကြောင်း ခံစားလိုက်ရသည်။
သူက မြောက်ပင်လယ်၏ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပွင့်လာတော့မည့်အကြောင်းကို တိုက်တိုက်ဆိုင်ဆိုင် ကြားလိုက်ရသည်။ သူက ခဏတာ စဉ်းစားလိုက်ပြီးနောက် ထိုကျွန်းပိုက်နက်ထဲ ခိုးဝင်ကာ ရတနာရှာဖို့ ဆုံးဖြတ်လိုက်သည်။
ရလဒ်အနေနှင့် ဝမ်ရှန်းယုက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းအပြင်ဘက်တွင် ပို့ဆောင်ဆက်သွယ်ရေး စက်ဝန်း ခင်းကျင်းဖို့အတွက် သက်တမ်းအတော်အတန် ထုတ်သုံးလိုက်ရသည်။
ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပွင့်လာပြီးနောက် ဝမ်ရှန်းယုက သူ့အစီအရင်ကို အသက်သွင်းကာ ပိုင်နက်ထဲ ဝင်လာလိုက်တော့သည်။ သို့သော်လည်း သူ့အစီအရင်က ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက် အတွင်းဆုံးသို့ တန်းပို့လိုက်မည်ဟု မထင်ထားခဲ့ပေ။
အစတုန်းက သိပ်မဆိုးလှပေ။ ကျွန်းက ဝိညာဉ်ချီများ သိပ်သည်းနေသလို ရတနာအမြောက်အများလည်း ရှိပေသည်။ သွေးအဆီအနှစ်များ၊ ဆိုလိုမွန် စည်းတံဆိပ်၊ ဝိညာဉ်စွန်ပလွန်သီးများနှင့် ဝုဖ်ဘယ်ရီသီးများစွာကို တွေ့ခဲ့ရသည်။ ထိုအရာများက သူ့သက်တမ်းကို ပြန်လည် အားဖြည့်ပေးနိုင်လေ၏။
သို့သော် ဝမ်ရှန်းယုက ထိုအရာများကို မသိမ်းဆည်းနိုင်ခင် ဆန့်ကျင်ဘက် အခြေအနေနှင့် တွေ့ဆုံခဲ့ရသည်။
သူက ဥမြစ်ပန်းတစ်ပွင့် ခူးလိုက်ပြီးနောက် သွေးဆာနေသည့် နဂါးအုပ်ကြီးက နောက်ကနေ တောက်လျှောက်လိုက်လာတော့သည်။
ကျွန်းတစ်ကျွန်းလုံးမှာ ဝိညာဉ်ဆေးပင်တွေ အများကြီး ရှိနေတာလေ … ဘာလို့ ငါ့ကို နည်းနည်းလောက် မခွဲပေးချင်ရတာလဲ …
ဒီနဂါးတွေက ကပ်စေးနှဲလိုက်တာ …
ဝမ်ရှန်းယုက ပြေးလွှားနေရင်း အလိမ်ခံလိုက်ရသလို ခံစားရကာ ပွစိပွစိ ပြောနေလေသည်။
ကောင်းကင်အသျှင်အဆင့်များစွာ၏ တိုက်ခိုက်မှုများကို ရှောင်ရှားဖို့ လွယ်ကူသည်လား …
ဝမ်ရှန်းယု၏ မဟာလေဟာနယ် ကျင့်စဉ်က အရမ်းအားကောင်းလွန်းသော်လည်း ပေးဆပ်ရမှုလည်း ကြီးမားပေသည်။ ထိုကျင့်စဉ် ထုတ်သုံးလိုက်တိုင်း သူ့သက်တမ်းက သိသိသာသာ လျော့ကျသွားသည်။ ပေါက်ကွဲမှုအသေးစားလေးက သူ့သက်တမ်းကို တစ်နှစ်ခွဲလောက် လျော့ကျသွားစေပြီး ကျန်ရှိနေသော အချိန်ကြာ တိုက်ကွက်များက သူ့သက်တမ်းအား သုံးနှစ်မှ ငါးနှစ်အထိ လျော့ကျသွားစေနိုင်သည်။
အကယ်၍ သူသာ ဤသို့ဆက်ပြေးနေပါက ဝမ်ရှန်းယုက နဂါးများ သူ့ကို မမိလျှင်ပင် သူ့အသက်သူ အဆုံးသတ်မိမည် ဖြစ်ကြောင်း ခံစားနေမိသည်။
ဒီနေရာမှာ ငါ အဆုံးသတ်ရတော့မှာလား …
ဝမ်ရှန်းယုက အံ့ကြိတ်လိုက်သည်။ သူက လက်မလျော့ချင်ပေ။
……………....
ဝမ်ရှန်းယုက မျက်မှောင်ကြုတ်ကြည့်လိုက်သည့်အခါ သူ့ခြေထောက်အောက်မှ နွယ်ပင်နှစ်ချောင်း ထွက်နေသည်ကို ရုတ်ချည်း သတိထားမိလိုက်သည်။ ထိုနွယ်ပင်များက ကျောက်စိမ်းလိုမျိုး စိမ်းစိုကြည်လင်တောက်ပနေသည်။ သို့သော်လည်း ဝမ်ရှန်းယုအတွက်မူ အဆိပ်ရှိမြွေနှစ်ကောင်လိုမျိုး ဖြစ်နေသည်။
အကြောင်းမှာ ထိုနွယ်ပင်များက သူ့ခြေထောက်များကို အံ့မခန်းအလျှင်ဖြင့် ရစ်ပတ်လာသောကြောင့် ဖြစ်၏။
အပင်ထိန်းချုပ်နိုင်တဲ့ သားရဲ ပါလာတာလား …
ဝမ်ရှန်းယု၏ မျက်နှာထားက ပြောင်းလဲသွားတော့သည်။ သူသာ ချည်နှောင်ခံလိုက်ရပါက သူ့နောက်မှ ထိုနဂါးကြီးများက သူ့အား ချက်ချင်း အသားလုံးအဖြစ် ပြောင်းပစ်မည်ကို သိနေသည်။
“ ငါ့ကို ဖမ်းချင်တာလား … အိပ်မက်မက်နေလိုက် … ချိုးဖောက်စမ်း ”
ဝမ်ရှန်းယုက လက်ဟန်တချို့ ပြုလုပ်ပြီးနောက် မမြင်နိုင်သည့် ဓားတစ်ချောင်းပေါ်လာကာ ထိုနွယ်ပင်နှစ်ပင်ကို ခုတ်ချလိုက်သည်။
ဝှစ် …
မမြင်ရသည့် ဓားတွင် လေဟာနယ်စွမ်းအား ပိုင်ဆိုင်ထားပြီး အာကာပြင်ကိုပင် ပိုင်းဖြတ်နိုင်သည်။ ထိုဓားများက အဆင့်မြင့် သန့်စင်ထားသော ဝိညာဉ်သတ္တုကိုပင် ပိုင်းဖြတ်နိုင်ပစ်လောက်၏။ သို့သော် ဝမ်ရှန်းယုကို အံ့ဩသွားစေသည်က သူ့ဓားက နွယ်ပင်၏ တစ်ဝက်တပျက်အထိသာ သွားနိုင်လိုက်သည်။ ထိုဓား၏ စွမ်းအား ပျောက်ကွယ်သွားပြီးနောက် နွယ်ပင်ရှိ ခုတ်ရာများက ချက်ချင်း ပြန်လည်ကောင်းမွန်လာသည်။
နွယ်ပင်များက သူ့အား အမြန်နှုန်းအပြည့်ဖြင့် ဆက်တိုက် ရစ်ပတ်လိုက်ကြသည်။
ငါက မင်းတို့နှစ်ပင်ကို ဘာလို့ မဖြတ်နိုင်ရတာလဲ …
ဝမ်ရှန်းယု၏ မျက်နှာက မှုန်မှိုင်းလာတော့သည်။ သူက လက်ဟန်တချို့ ထပ်မံ ပြုလုပ်လိုက်ပြီးနောက် သူ့ကိုယ်တိုင် လေဟာနယ်နှင့် ပေါင်းစပ်သွားသည့်အလား သူ့အငွေ့အသက်ကို လွှင့်ထုတ်လိုက်သည်။
သူ့ခန္ဓာကိုယ်က ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မီးတောက်များ၊ မိုးကြိုးများ၊ လေမုန်တိုင်းတို့က သူ့အား နည်းနည်းလေးမှ မထိခိုက်စေတော့ပေ။ သူတို့အားလုံးက သူ့ခန္ဓာကိုယ်မှ ဖြတ်သန်းသွားကြ၏။
“ အရူးနဂါးစုတ်တွေ … ငါ့အံ့ဖွယ်လေဟာနယ် ဖွဲ့စည်းပုံကို ထိခိုက်ချင်တာလား အိပ်မက်မက်နေလိုက်စမ်း ”
ဝမ်ရှန်းယုက သူ့စကားမဆုံးခင် သူ့မျက်နှာအထက် တုန်လှုပ်မှုတို့၊ ကြောက်ရွံ့မှုတို့ ဖြတ်ပြေးသွားသည်။ သူက ထိုနွယ်ပင်များသည် လေဟာနယ်ကို ထွင်းဖောက်၍ သူ့အား ဆက်လက် ရစ်ပတ်နိုင်သေးကြောင်း သိလိုက်ရသည်။ သူ့အံ့ဖွယ်လေဟာနယ် ဖွဲ့စည်းပုံက ထိုနွယ်ပင်များရှေ့ အသုံးမဝင်တော့ပေ။
ထိုနွယ်ပင်တွေက လေဟာနယ် ထိုးဖောက်နိုင်စွမ်း ရှိ၏။
ဝမ်ရှန်းယု၏ လေဟာနယ် ထိန်းချုပ်နိုင်စွမ်းမှာ အခြားသော ပညာရှင်များစွာထက် သာလွန်ကြောင်း သိထားရပေမည်။ အကယ်၍ သူသာ လေဟာနယ်၏ ထောင့်တစ်နေရာ၌ ပုန်းအောင်းနေလိုလျှင် ကောင်းကင်အသျှင်၏ တိုက်ခိုက်မှုပင် သူ့အား ထိခိုက်စေနိုင်မည် မဟုတ်ပေ။
ဝမ်ရှန်းယုက ထိုနွယ်ပင်များကို သူ့ဆီ တစိုက်မတ်မတ် ရောက်လာနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
သွားပြီ … ငါတော့ သွားပြီ…
ဝမ်ရှန်းယုက ထိုနဂါးများနား ပတ်လည်ပြေးနေခြင်းမှာ သူတို့က သူ့အား မထိခိုက်စေနိုင်သောကြောင့် ဖြစ်၏။ သို့သော် ယခုတွင် ထိုထူးထူးဆန်းဆန်း နွယ်ပင်များက သူ့အား လိုက်ရစ်ပတ်နေလေရာ ထိုနဂါးများကို မည်သို့ပြန်လည် တိုက်ခိုက်ရတော့မည်နည်း။
“ အစ်ကိုကြီးနဂါးတို့ ကျွန်တော်ကို ချမ်းသာပေးကြပါ။ ကျွန်တော်က လူပျိုလေးပဲ ရှိပါသေးတယ် ”
ထိုကျောက်စိမ်းနွယ်ပင်များက ဝမ်ရှန်းယု၏ ခါးအထိ ရစ်ပတ်လာကာ သူ့အား မြေကြီးထဲ ဆွဲခေါ်သွားတော့သည်။ ဝမ်ရှန်းယုက ထိုနွယ်ပင်များမှ လွတ်မြောက်ဖို့ရာ မဟာလေဟာနယ်ကျမ်းကို ထုတ်သုံးဖို့ ကြိုးစားရင်း မျက်နှာက ဖြူဖတ်နေလေပြီ။ သူက သက်တမ်းတိုခြင်းကို ဆက်ဂရုမစိုက်နိုင်တော့ပေ။
သို့သော်လည်း မျှော်လင့်ချက်ကုန်ခမ်းခြင်းက အသုံးမဝင်မှန်း သတိပြုမိလိုက်သည်။ နွယ်ပင်နှစ်ခုက လေဟာနယ်ကို ထိန်းချုပ်နိုင်စွမ်း ရှိနေပုံပေါ်ပြီး သူ့တိုက်ကွက်များကို ချေဖျက်နိုင်သည်။
“ အယုတ်တမာ ငါ့ကို အဆုံးအစွန်အထိ တွန်းပို့နေတာပဲ … ငါ့သက်တမ်း ငါးဆယ် ကုန်ဆုံးသွားရင်တော့ ဂရုမစိုက်ဘူး။ မင်းကို သတ်ပစ်မယ် ”
ဝမ်ရှန်းယု၏ ငယ်ရွယ်ကြော့ရှင်းသော မျက်နှာလေးက ယခုအခါ ဒေါသအပြည့် ဖြစ်နေလေပြီ။ သူက လက်ဟန်များကို လျှပ်စီးအလျှင်နှုန်းဖြင့် ထုတ်ဖော်လိုက်သည်။ သူ့အရှိန်အဝါက ပိုကြောက်ဖို့ကောင်းလာပြီး သူ့တစ်ကိုယ်လုံးကို မမြင်နိုင်သည့် ဓားများ လွှမ်းခြုံလာသည်။
ဝမ်ရှန်းယုက လက်ဆန့်ထုတ်လိုက်သည့်အခါ မမြင်နိုင်သည့် ဓားက ဧရာမ သဏ္ဌာန်မဲ့ ဓားကြီးအသွင် ပြောင်းလဲသွားသည်။
“အချိန်က ပါရမီရှင်တွေကို ပိုင်းဖြတ်လိုက်တဲ့ ဓားလိုပဲ … ငါ့သက်တမ်းကို လဲလှယ်ပြီး မင်းကို အသေသတ်ပစ်မယ် ”
သူ့ဓားခုတ်ချက်က စိတ်ကူးထားသည်ထက် ကြောက်ဖို့ကောင်းသည်။ ထိုဓားချက် ပေါ်ထွက်လာသည်နှင့် ဘေးပတ်လည်ရှိ အာကာပြင်တိုက တွန့်လိမ်ကုန်ကြသည်။ အံ့ဖွယ်ဝါးမျိုနွယ်ပင်များလည်း အပိုင်းပိုင်း ပြတ်ထွက်ကုန်လေ၏။
ဝမ်ရှန်းယုက အားကုန်ထုတ်သုံးနေမှန်း သိသာလှသည်။
သို့သော်လည်း သူက နောက်ထပ် တိုက်ကွက် ထုတ်ဖော်တော့မည့်အချိန် အမျိုးသားတစ်ယောက်၏ ညင်ညင်သာသာ အသံ ထွက်ပေါ်လာသည် “ ညီအစ်ကို အထင်မလွဲပါနဲ့။ ညီအစ်ကိုကို ကူညီပေးမလို့ပါ ”
ငါ့ကို ကူညီပေးဖို့လား …
ဝမ်ရှန်းယု၏ မျက်နှာထားက ပြောင်းလဲသွားတော့သည်။ ထို့နောက် သူက နွယ်ပင်အဆုံးတွင် သေလောက်အောင် ချောမောသည့် အမျိုးသားတစ်ယောက် ရပ်နေသည်ကို ရုတ်ချည်း သတိထားလိုက်မိသည်။
သေစမ်း ဘာလို့ စောစောစီးစီး မပြောရတာတုန်း … ငါ့သက်တမ်း နှစ်ငါးဆယ်ကို စတေးလိုက်တာလေ .. အခုတော့ ဘယ်သူ့ကို သွားတိုက်ရတော့မှာလဲ
ဝမ်ရှန်းယုက ဓားကို ဆုပ်ကိုင်ထားလိုက်ရင်း သူ့၏ ဖြူဖတ်ဖြူလျော် မျက်နှာက အနီရောင် သမ်းလာသည်။ သူက ငိုချင်လုမတတ် ဖြစ်လာမိ၏။ အကယ်၍ ဤခပ်ချောချော ကောင်လေးက သူ့ထက် အားကြီးနေသည့်အပြင် သူ့ကို ကူညီမည့်အချက်ကြောင့်သာ မဟုတ်လျှင် သူ့အား သတ်ပစ်မိလောက်သည်။
ငါ့သက်တမ်းက အဖိုးတန်လွန်းလို့ မဖြုန်းတီးနိုင်ဘူး …
ဝှီး …
ဝမ်ရှန်းယုက ရှန်ထျန်းနှင့် ဇိမ်ပြေနားပြေ စကားပြောတော့မည့်အချိန် နဂါးအုပ်ကြီးက အလျှင်အမြန် ချည်းကပ်လာသည်။ နဂါးတစ်ကောင်က လေအရှင် နဂါးပျံ ဖြစ်နေသောကြောင့် အမြန်နှုန်းက အံ့မခန်း ဖြစ်၏။ သူက ဝမ်ရှန်းယုနှင့် ပေအတော်အတန်မျှသာ ကွာဝေးတော့သည်။
ပေအတော်အတန် ကွာဝေးခြင်းကို အဝေးကြီးဟု မထင်သင့်ပေ။ ဝိညာဉ်အသွင်ပြောင်း နဂါးကြီးများအတွက် ပေဆယ်ချီလောက်က သူတို့ကိုယ်ထည်အရှည်၏ တစ်ဝက်လောက်သာ ရှိ၏။
သူတို့တောင်ပံကို ခတ်လိုက်တာမျိုး ဒါမှမဟုတ် ခြေခါလိုက်တာမျိုးဖြင့်ပင် ဝမ်ရှန်းယုတစ်ကိုယ်လုံးကို မြေမြှပ်ပစ်လိုက်နိုင်သည်။
“ မင်းတို့ကောင်စုတ်တွေ ”
ဝမ်ရှန်းယုက အတော်လေး ဒေါသထွက်နေသည်။ သူက သက်တမ်း ငါးဆယ် အကုန်ခံထားရသည့် ဓားကြီးကို ဝေ့ယမ်းလိုက်ပြီး လေအရှင် နဂါးပျံဆီ ပြေးဝင်သွားလေသည်။
သဏ္ဌာန်မဲ့ဓားကြီးက ရုတ်တရက် ကြီးမားလာသည်။
ပေများစွာကနေ ပေဆယ်ချီ … ပေရာချီအထိ ရှည်လျားလာသည်။ လေအရှင် နဂါးပျံရှေ့တွင် မမြင်နိုင်သည့် ဓားက လေဟာနယ်တစ်ခုလုံးကို နှစ်ပိုင်း ပိုင်းဖြတ်လိုက်သည်။ လေအရှင် နဂါးပျံ မျက်နှာအထက်၌ ကြောက်ရွံ့မှုနှင့် တုန်လှုပ်မှုတို့ ဖြတ်ပြေးသွားသည်။
ထိုစဉ် သေခြင်းတရား ခြိမ်းခြောက်မှုကို အနီးကပ် ခံစားလိုက်ရသည်။
ဂါး …
လေအရှင် နဂါးပျံက အားပါးတရ အော်ကြွေးလိုက်ပြီးနောက် အစိမ်းရောင်အလင်းတန်းများစွာအဖြစ် ပေါက်ကွဲထွက်သွားသည်။ သူ့ခန္ဓာကိုယ်ဝန်းကျင်တွင် အားကောင်းသည့် လေများ ဝေ့ဝဲနေလေ၏။ တောင်ပံကို ဧရာမဓားတစ်ချောင်းကဲ့သို့ ခတ်ထုတ်လိုက်သည်။ မရေတွက်နိုင်သော နဂါးများစွာ၏ အေးစက်မှုတို့ ပါဝင်နေသလိုမျိုး ဖြစ်နေသည်။
သို့သော် ညာဘက်တောင်ပံက မမြင်နိုင်သည့် ဓားကို မယှဉ်နိုင်ပေ။ နှစ်ခု ထိပ်တိုက်တွေ့သွားသည်နှင့် ညာဘက်တောင်ပံက ပခုံးမှ ပြုတ်ထွက်သွားတော့သည်။
လေအရှင် နဂါးပျံက နာကျင်စွာ အော်ညီးလိုက်သည်။
“ ပစ္စည်းကောင်းလေးပဲ … မဖြုန်းတီးပစ်နဲ့ ”
မြေအောက်မှ ပုံရိပ်တစ်ခု ထွက်လာကာ တောင်ပံကို သိမ်းယူသွားလေသည်။ ထို့နောက် သူ့ရွှေရောင်တောင်ပံကို ဖြန့်ကျက်လိုက်ပြီးနောက် ဝမ်ရှန်းယုဘေးနား တန်းပေါ်လာသည်။
ဝှစ် …
ပုံရိပ်နှစ်ခုက ချက်ချင်းဆိုသလို မြေအောက်ထဲ ရောက်ရှိသွားသည်။ အသက်ရှိုက်စာအနည်းငယ်အတွင်း သူတို့က နဂါးများ၏ အာရုံခံနိုင်စွမ်း ပိုင်နက်ထဲမှ ထွက်လာနိုင်လိုက်သည်။ မြေလျိုးနိုင်သည့် ဧရာမနဂါးကြီးများလည်း ရှိပေသည်။ သူတို့က ဆက်လိုက်လာကြ၏။
သို့သော် တောင်ပံ ပြုတ်သွားသည့် သနားစရာ လေအရှင် နဂါးပျံကို မြင်ကာ ထိုနဂါးကြီးများက ဉာဏ်ရှိရှိ နောက်ဆုတ်သွားကြသည်။
သူတို့က ကလေးပျောက်သွားတာမျိုး မဟုတ်သောကြောင့် အစွမ်းကုန် လိုက်နေစရာ မလိုပေ။
သူတို့က ခိုးဝှက်လာသော ပစ္စည်းများကို ကောက်ယူရန် ရောက်လာကြသောကြောင့် လူသားတွေနောက် လိုက်ကာ သေသည့်အထိ မတိုက်ခိုက်လိုပေ။ နဂါးကျွန်း၏ နဂါးများနှင့် ယာ့လုံများက ဉာဏ်ရည်မကြီးမားကြသော်လည်း တုံးအနေခြင်းမျိုးတော့ မဟုတ်ပေ။
…………....
“ ကျေးဇူးတင်ဖို့ မလိုဘူးနော် … ကျွန်တော်တို့ အားလုံးက လူသားတွေပဲလေ။ တစ်ယောက် ဒုက္ခရောက်နေချိန် တစ်ယောက်က ကူညီပေးရမှာပေါ့ ”
ရှန်ထျန်းက မြေအောက်ထဲ သွားနေရင်း ဝမ်ရှန်းယုကို ကြည့်ကာ ပြောလိုက်သည်။
ဝမ်ရှန်းယုက ရှန်ထျန်းအား တွန့်တိုစွာ ပြန်ကြည့်လိုက်သည်။ သူ့ကြည့်ရသည်မှာ မှားယွင်းခံရသည့် ဇနီးလေးတစ်ယောက်လို ဖြစ်နေသည်။
ဝမ်ရှန်းယုက မေးလိုက်သည် “ ဒီကျွန်းပေါ်က နဂါးတွေက ဘာလို့ ကျုပ်နောက်ကို သည်းကြီးမည်းကြီး လိုက်နေရတာတုန်း ”
ရှန်ထျန်းက အပြစ်ရှိစိတ်ဖြင့် “ အဟမ်း ကျွန်တော်လည်း ဘယ်သိပါ့မလဲ။ အဲဒီနဂါးကြီးတွေက သူစိမ်းကြောက်လို့ နေမှာပေါ့ ”
ဝမ်ရှန်းယု၏ မျက်နှာထားက ခါးသက်သက် ဖြစ်လာကာ “ အဲဒီနဂါးက ခင်ဗျားကို မြင်ပြီးတော့မှ ပိုဒေါသထွက်လာကြတယ်လို့ ခံစားမိနေပါ့လိမ့် ”
ဝမ်ရှန်းယုက အရူး မဟုတ်ပေ။ သူက ဤနဂါးကျွန်း၌ တစ်ခုခု မူမမှန်ကြောင်း ခံစားမိပြီးလေပြီ။ သူက ဤကျွန်းပေါ်မှ ရတနာတချို့ကို ခိုးဖို့ရာ လေဟာနယ်စွမ်းရည်ကိုသာ အမှီပြုထားသည်။
သို့သော် သူက ဘာမှမလုပ်ရသေးပေ။
ဒီနဂါးကြီးတွေက သူ့ကို မြင်တာနဲ့ ဘာလို့ ဒေါသကြီးလာကြတာတုန်း …
ဝမ်ရှန်းယုက ရှန်ထျန်းကို မြင်လိုက်သည့်အခါမှ နားလည်သဘောပေါက်သွားခဲ့သည်။ ဤကျွန်းပေါ်တွင် သူ တစ်ယောက်တည်း လူသား မဟုတ်ပေ။ အခြားလူများလည်း ရှိနေသေး၏။
ထိုလူက လေဟာနယ် ပညာရပ်များ၌ ကျွမ်းကျင်နေလေရာ ထိုနဂါးများ၏ ဒေါသကို သွားဆွဖို့ အကောင်းဆုံး ကိုယ်စားလှယ်လောင်း ဖြစ်၏။
ဘယ်လိုဖြစ်ဖြစ် ငါ အဲကောင်လေးအတွက် စတေးခံ မလုပ်နိုင်ဘူး … ငါသာ သိခဲ့ရင် ဒီဓားတိုက်ကွက်အတွက် နှစ်ငါးဆယ် သက်တမ်းကို စတေးစရာ လိုမှာ မဟုတ်ဘူး …
.................
ဝမ်ရှန်းယုက ဆက်တိုက် စိုက်ကြည့်နေသောကြောင့် ရှန်ထျန်း၏ ဂုတ်ပိုးမှ ဆံမွေးများပင် ထောင်တက်လာသည်။
ဒီလူက အမှန်ကို သိသွားတာများလား … ဒါပေမဲ့ ငါ့ကို အပြစ်လာတင်လို့ မရဘူးလေ
ဒီကျွန်းပေါ်မှာ မင်းလိုမျိုး ကံဆိုးတဲ့ ချာတိတ်လေး ရောက်နေမယ်လို့ ဘယ်သူက သိမှာလဲ …
စကားလမ်းကြောင်း လွဲပြောရမယ် .. ဟုတ်တယ် အခုက စကားလမ်းကြောင်း ပြောင်းဖို့ အချိန်ပဲ
ရှန်ထျန်းက ခဏတာ တွေးလိုက်ပြီးနောက် ဝမ်ရှန်းယုအား လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်သည် “ကျွန်တော်က အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင် ရှန်ထျန်းပါ။ ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ ”
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်လား …
အံ့ဖွယ်မိုးကောင်းကင်ရဲ့ မိုးကြိုးတော်ဝင်ကျမ်းရဲ့ အခန်းဆက်ကို ပြန်ရှာတွေ့ခဲ့တဲ့ ကံကြမ္မာရဲ့သားတော်ဆိုတာလား …
သူ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ဝင်တာ သိပ်မကြာသေးဘဲနဲ့ အခြေတည်အဆင့်တောင် ရောက်နေပြီလား … ဒီလိုအချိန်တိုလေးမှာ ဘယ်လိုများ အားကောင်းလာတာလဲ
ဝမ်ရှန်းယုက ရှန်ထျန်းအား သံသယဖြင့် ခြုံငုံကြည့်လိုက်သည်။ အရှင်းဆုံးပြောရလျှင် သူက ရှန်ထျန်း ပြောစကားကို မယုံနိုင်သေးပေ။
သူက တိုက်ပွဲရှောင်ရန် မြောက်ပင်လယ်ဆီ ရောက်နေတာ လများစွာ ကြာမြင့်သွားပြီ ဖြစ်၍ အရှေ့ပိုင်းလွင်ပြင်တွင် ဘယ်လိုဖြစ်နေမှန်း မသိတော့ပေ။
ဒီလူရဲ့ အကြောင်းမှန်က နည်းနည်းတော့ သံသယဝင်ချင်စရာပဲ … ငါ ဂရုစိုက်ရမယ်
ဝမ်ရှန်းယုက ဆက်တိုက် ကြည့်နေသောကြောင့် ရှန်ထျန်းအနေနှင့် သူ့ကို ဒေါသထွက်နေသေးကြောင်း ထင်မိသွားသည်။
ခဏတာတွေးတောလိုက်ပြီးနောက် ရှန်ထျန်းက သူ့ခန်းမင်လက်စွပ်မှ ကျောက်စိမ်းပုလင်းလေးကို ထုတ်လိုက်သည်။
“ အခု ဒဏ်ရာရထားတာမလား။ ဒီမှာ နိဗာနတော်ဝင်ရေစင်လေး သောက်လိုက်ပါ။ ဒဏ်ရာပြန်ကောင်းလာဖို့ ကူညီပေးပါလိမ့်မယ် ”
နိဗာနတော်ဝင်ရေစင်လား …
ဝမ်ရှန်းယုက အနည်းငယ် အံ့ဩသွားပြီးနောက် လုံးဝ ကြောင်အမ်းမိသွားသည်။
နိဗာနတော်ဝင်ရေစင်က အပင်အမျိုးအစား နတ်ဆိုး၏ စွမ်းအားကနေ သန့်စင်ထားသည့် အရာ ဖြစ်၏။ ကျင့်စဉ်အတွက် သက်တမ်းကုန်ဆုံးသော ကျင့်ကြံသူတစ်ယောက်အတွက် နိဗာနတော်ဝင်ရေစင်သည် သူ့အသက်စွမ်းအား ပြန်လည် အားဖြည့်ဖို့ အကောင်းဆုံး ဆေး ဖြစ်ပေသည်။
ဝမ်ရှန်းယုက မြန်မြန် လက်ခံလိုက်ပြီး ကျောက်စိမ်းပုလင်းလေးကို ဖွင့်ကြည့်လိုက်သည့်အခါ အထဲတွင် ငွေရောင် အရည် ၅၀၀ မီလီမီတာကို တွေ့လိုက်ရသည်။
အရည်က အင်မတန် သန့်စင်သော အငွေ့အသက် လွှင့်ထုတ်နေကာ ဝမ်ရှန်းယု၏ ခန္ဓာကိုယ်ထဲ ဆာလောင်မှုကို တိုးလာစေသည်။
တကယ်ကို နိဗာနတော်ဝင်ရေစင်ပဲ … အရည်အသွေးလည်း မြင့်တယ်
ထိုနိဗာနတော်ဝင်ရေစင် ငါးရာမီလီမီတာက ရတနာငါးသွယ် လက်ဖက်ရည်ကြမ်း လီတာအမြောက်အများနှင့် ညီမျှပေသည်။
ဒီညီအစ်ကိုက အတော်လေး ရက်ရောတာပဲ … စတွေ့လိုက်ကတည်းက သူက လူကောင်းလေးမှန်း တန်းသိနေတယ်
.................
ဝမ်ရှန်းယုက ကျောက်စိမ်းပုလင်းလေးကို သိမ်းဆည်းထားလိုက်ပြီး နွေးနွေးထွေးထွေး ပြုံးကာ “ ညီအစ်ကိုရှန်က အရမ်းကြင်နာတတ်တာပဲ။ ဒီလက်ဆောင်ကို ဘယ်လိုလုပ် လက်ခံရပါ့မလဲ ”
ဝမ်ရှန်းယုက ခဏတာ တွေးလိုက်ပြီးနောက် လက်နှစ်ဖက်ယှက်ကာ “ ကျုပ်လည်း အရိုးသားဆုံးပြောပြပါ့မယ်။ ကျုပ်က မဟာလေဟာနယ် သူတော်စင် ဝမ်ရှန်းယုပါ။ ကျုပ်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်အကြောင်း အများကြီး ကြားထားဖူးပါတယ်။ ကြည့်ရတာ ဇာတ်ကြောင်းအားလုံး အမှန်ဖြစ်နေတာပဲကိုး ”
ရှန်ထျန်းက သက်ပြင်းချလိုက်တော့သည်။ နောက်ဆုံးတော့ စကားလမ်းကြောင်း လွဲခြင်း အဆင်ပြေချောမွေ့သွားလေပြီ။
ငါလေးက ဉာဏ်ကောင်းလိုက်တာ …
ရှန်ထျန်းနှင့် ဝမ်ရှန်းယုတို့က အချင်းချင်း မိတ်ဆက်လိုက်ကြပြီးနောက် တစ်ယောက်နှင့် တစ်ယောက် ယုံဖို့ ပထမခြေလှမ်း စတင်လိုက်ကြသည်။
နှစ်ယောက်လုံးက ဉာဏ်ရည်မြင့်မားသူများ ဖြစ်ကြ၍ ဘာပြောသင့်ပြီး ဘာမပြောသင့်သည်ကို ကောင်းကောင်း သိကြပေသည်။
ရှန်ထျန်းက ဝမ်ရှန်းယု တစ်ယောက် မြောက်ပင်လယ် နတ်ဆိုးမျိုးနွယ်များ၏ လူသားတွဲဖက် မဟုတ်သော်လည်း ဤရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက်ထဲ မည်သို့ ဝင်ရောက်လာခဲ့သည်ကို မမေးပေ။
ဝမ်ရှန်းယုကလည်း နဂါးကြီးများကို ရန်စခဲ့သူက ရှန်ထျန်းလားဟု ထုတ်မမေးတော့ပေ။
နှစ်ယောက်သား မြေအောက်ထဲ သက်တောင့်သက်သာဖြင့် ဆက်လက် သွားလိုက်ကြသည်။ ရှန်ထျန်းက ဝမ်ရှန်းယုအား မြေအောက်ထဲ မိုင်ရာချီ ခေါ်ဆောင်သွားပြီး ချီရှောက်ရွမ်နှင့် အောင်းဝူတို့ ရှိရာဆီ ဦးတည်လိုက်သည်။
ချီရှောက်ရွမ်နှင့် အောင်းဝူတို့က ရှန်ထျန်း ကိုယ်ခန္ဓာအပြည့်အစုံဖြင့် ပြန်ရောက်လာသည်ကို ကြည့်ကာ စိတ်အေးသွားကြသည်။
သို့သော် သူတို့က ရှန်ထျန်းဘေးမှ အမျိုးသားတစ်ယောက် ပါလာသည်ကို မြင်လိုက်သည့်အခါ မျက်မှောင်ကြုတ်လိုက်ကြသည်။ အထူးသဖြင့် ချီရှောက်ရွမ် ဖြစ်၏။ သူက ဝမ်ရှန်းယုကို ကြည့်ကာ အင်မတန် ခက်ထန်ကြမ်းတမ်းသော အငွေ့အသက်တို့ ထုတ်လွှင့်နေသည်။ သူက အချိန်မရွေး တိုက်ခိုက်ဖို့ အဆင့်သင့်ဖြစ်နေပုံပေါ်သည်။
ထိုစဉ် ဝမ်ရှန်းယု၏ နှုတ်ခမ်းထောင့်တို့က တွန့်ချိုးသွားလေသည်။ သူ့ကြည့်ရသည်မှာ အတော်လေး စိတ်သောကရောက်သွားဟန် ပေါ်၏။
“ သေစမ်း … မင်းက ဘယ်လိုလုပ် ဒီကို ရောက်နေတာတုန်း။ မင်းက ဇွဲကြီးလိုက်တာ အဲဒါ စိန်ခေါ်မှုတစ်ခုပဲ မဟုတ်ဘူးလား … ငါ လက်မခံဘူးလေ … အဲဒါကို မင်းက ဘာလို့ အရှုံးလို့ ယူဆလိုက်ရတာလဲ။ ဒီမြောက်ပိုင်းပင်လယ်အထိတောင် လိုက်လာတာလား ”
အရိုးသားဆုံးပြောရလျှင် ဝမ်ရှန်းယုက ချီရှောက်ရွမ်သည် ကနဦးဝိညာဉ်အဆင့် ရောက်နေသည်ကို အာရုံခံမိသည့်အချက်ကြောင့်သာ မဟုတ်လျှင် သူ့အား ဤနေရာတွင် တိုက်မိပေမည်။
အရှေ့ပိုင်းလွင်ပြင်မှ မြောက်ပင်လယ်အထိ သူ့နောက်လိုက်လာသည်က အတော်လေး လွန်လွန်းသွားလေပြီ။
ချီရှောက်ရွမ်၏ နှုတ်ခမ်းထောင့်တို့လည်း တွန့်ချိုးသွားလေသည်။
သူက ရှန်ထျန်းအား ကြည့်လိုက်ပြီး “ ဒီကောင်ကို ဘယ်ကနေ ရှာလာတာတုန်း ။ မဟာလေဟာနယ် သူတော်စင် ဝမ်ရှန်းယုက ငကြောက်ကောင် … သူက ငါ့စိန်ခေါ်မှုကို လက်မခံရဲလို့ မြောက်ပင်လယ်အထိ ထွက်ပြေးလာတာ ဟားဟား ငါ မြောက်ပင်လယ် ရောက်လာမယ်လို့ မထင်ထားမိဘူးမလား ”
သူက ပြောလိုက်ရင်း နဂိုခက်ထန်သည့် အငွေ့အသက်တို့ကို ပြန်ရုတ်သိမ်းလိုက်သည်။ ဤလူက သူ့အာရုံကို မဖမ်းစားနိုင်တော့သကဲ့သို့ ဖြစ်သည်။
………....
ဝမ်ရှန်းယု၏ နှုတ်ခမ်းထောင့်တို့လည်း တွန့်ချိုးသွားရသည်။ သူက ရူးသွပ်လုနီးပါး ဖြစ်နေလေပြီ။ သူက ဘယ်ဘက်လက်ဖြင့် ရှန်ထျန်း၏ အင်္ကျီစကို ဆွဲကာ ညာဘက်လက်ဖြင့် ချီရှောက်ရွမ်ကို လက်ညိုးထိုးရင်း ပြောလိုက်သည်။
“ ငါက မင်းကို ကြောက်တယ်များ ထင်နေလား။ ညီအစ်ကိုရှန် ကျုပ်ကို ဆွဲမထားနဲ့။ ဒီကောင်စုတ်ကို ဒီနေ့ သင်ခန်းစာပေးရမယ်။ မဟာလေဟာနယ်က လူတွေက အားမနည်းဘူးကွ။ ဆယ်ကွက်လောက်နဲ့ မင်းခေါင်းကို ဖြတ်ပြမယ် ”
ချီရှောက်ရွမ်က ဝမ်ရှန်းယုကို စိတ်မဝင်စားဟန် ကြည့်လိုက်ပြီး “ ငါ့အမြင်မှာ မင်းက မထိုက်တန်တော့ဘူး။ လွင့်ထွက်သွားတဲ့ တိမ်တိုက်လိုပဲ ”
ဝမ်ရှန်းယု၏ နဖူးပေါ်မှ သွေးကြောများက ဒေါသကြောင့် ကြွတက်လာသည်။
ဒီချီရှောက်ရွမ်က ညစ်ညစ်ပတ်ပတ်တွေ ပြောနေတာပဲ …. ငါ့ကို လုံးဝ လျစ်လျူရှုနေတာ သည်းမခံနိုင်စရာပဲ
အကယ်၍ သူသာ နဂါးတွေလက်ထဲမှ လွတ်မြောက်လာပြီး သက်တမ်းအမြောက်အများ သုံးစွဲထားရသည့် အချက်ကြောင့်သာ မဟု်လျှင် ဤနေရာမှာတင် သူကို သေသည့်အထိ တိုက်ခိုက်ပစ်မိလိမ့်မည်။
ဟူး … သည်းခံ သည်းခံ …
စိတ်လက်မာန်ပါ အပြုအမူတစ်ခုနဲ့ သက်တမ်းကို မဖြုန်းမိစေနဲ့ …
ဝမ်ရှန်းယုက ချီရှောက်ရွမ်အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်ရင်း “ ညီအစ်ကိုရှန်ကို ထောက်ထားပြီးတော့ မင်းကို ပြဿနာ မရှာတော့ဘူး ”
ချီရှောက်ရွမ်က ဝမ်ရှန်းယုအား လှောင်ကာ “ လွှင့်သွားတဲ့ တိမ်စုတ် … ”
ဝမ်ရှန်းယုက “ ကောင်စုတ် … တခြားအသစ်ပြောစရာ မရှိဘူးလား ”
ချီရှောက်ရွမ်က ဝမ်ရှန်းယုအား စိုက်ကြည့်လိုက်ပြီးနောက် ပျင်းရိစွာ ပြောလိုက်သည် “ ဖြတ်သွားတဲ့ လေ ”
ရှန်ထျန်းက နှစ်ယောက်သား စကားနိုင်လုနေသည်ကို ကြည့်ရင်း ပြုံးလိုက်မိသည်။
“ ညီအစ်ကိုချီ … ညီအစ်ကိုဝမ်ကို အထင်မသေးနဲ့နော်။ သူ့စွမ်းရည်ကို စောစောလေးက ကိုယ်တိုင် တွေ့လာတာ။ သူက အရမ်းအားကောင်းတယ်။ သူသာ အကုန်ထုတ်သုံးရင် သူ့တိုက်ပွဲစွမ်းရည်က ညီအစ်ကိုချီနဲ့တောင် ယှဉ်နိုင်လောက်တယ် ”
အိုး …
ချီရှောက်ရွမ်၏ အကြည့်တို့က ရှန်ထျန်း၏ စကားကို ကြားလိုက်သည့်အခါ စူးရှလာသည် “ ညီအစ်ကိုရှန်က ဒီကောင်စုတ်လေးရဲ့ တိုက်ပွဲစွမ်းရည်နဲ့ ကျုပ်နဲ့ ယှဉ်နိုင်မယ်လို့ ထင်တယ်ပေါ့ ”
ဟမ် ….
ချီရှောက်ရွမ်၏ ခရမ်းကောင်းကင် မျက်လုံးက ပွင့်လာသည်။
သူ့ကောင်းကင်ပုဆိန်လှံရှည်အနီးတွင် ခရမ်းအငွေ့အသက်များ စုစည်းလာကာ စစ်နတ်ဘုရားနှင့်ပင် တူနေသည်။ သူက ဝမ်ရှန်းယုအား စိုက်ကြည့်လိုက်ပြီးနောက် တိုက်ခိုက်လိုစိတ် တဖန် တောက်လောင်လာရသည်။
“ ဒီလိုဆိုမှတော့ ဘယ်သူက အားသာတုန်း ဘယ်သူက အားနည်းတုန်း တိုက်ပြီးရင် သေချာသိလာမှာပဲလေ ”
ဒီကမ္ဘာမှာ နံပါတ်တစ်က တစ်ယောက်ပဲ ရှိရမယ် …