← Chapters

နတ်ဆိုးသားရဲများအား သတ်ဖြတ်ခြင်း

Vol. 1 Ch. 143

နတ်ဆိုးသားရဲများအား သတ်ဖြတ်ခြင်း

Vol. 1 Ch. 143

နှစ်နာရီခန့် ကြာပြီးနောက် ချမ်ဂိုဏ်းသား များသည် လက်ဟန်ဖြင့် အချက်ပြ လာခဲ့သည်။ ချမ်ဝမ်ကွမ်သည် တင်ပါးမှ ဖုန်မှုန့်များကို ခါချကာ ထရပ်လိုက်သည်။

"လာလေ ... အစ်ကိုကြီး ... ကျွန်တော်တို့ရဲ့ အိမ်အသစ်လေးကို သွားကြည့်ကြစို့"

"ဝှစ်"

သုံးယောက်သားသည် တွဲလောင်း ကျနေသော ကြိုးများကို ဆွဲကာ တက်သွား လိုက်ကြသည်။ သူတို့သည် မကြာလိုက်သော အချိန်တွင်း၌ ပေတစ်ထောင်ကျော် အမြင့်တွင် တည်ရှိသော ကျောက်တုံးဂူထံ ရောက်သွားခဲ့သည်။

သူတို့ သုံးယောက်သည် ကျောက်တုံးတံခါး ခပ်သေးသေး တစ်ခုကို ကျော်ဖြတ်ကာ ကျောက်ဂူအတွင်း ဝင်သွား လိုက်ကြသည်။ ချမ်ဂိုဏ်းသားများသည် အမှန်တကယ် အစွမ်းအစ ရှိလေသည်။ ဂူအတွင်းသည် အတော်လေး ကျယ်ဝန်းပြီး အချင်းဝက်မှာ အနည်းဆုံး ပေတစ်ရာခန့် ရှိလောက်ပေမည်။ နံရံများထက်တွင် ညလင်းပုလဲလုံး များတောင် ရှိနေသေးရာ ဂူအတွင်းတွင် နေ့အလင်းရောင် ရှိနေသည့်အလား လင်းထိန် နေပေသည်။

"ဟုတ်ပြီ ... ချမ်ခွမ်း ... သွားပြီး စီစဉ်စရာ ရှိတာတွေ စီစဉ်တော့ ..."

ချမ်ဝမ်ကွမ်သည် လက်ယမ်းပြကာ အမိန့်ပေး လိုက်သည်။ ကျင့်ကြံဆင့် အမြင့်ဆုံးသော ချမ်ဂိုဏ်းသားသည် ဂူဝမှ ချက်ချင်း ခုန်ချသွားခဲ့သည်။ ချမ်ဝမ်ကွမ်သည် အနီးရှိ လူများအား ဝေ့ကြည့်ကာ ဆက်လက် အမိန့်ပေး လိုက်သည်။

"မင်းတို့ ပြန်တဲ့အခါ ဒီနေရာမှာ အခြေချဖို့ ပရိဘောဂ တချို့နဲ့ အိပ်ရာတွေပါ ယူလာခဲ့ဦး ... ငါတို့ ဒီမှာ လနည်းနည်း ကြာအောင် နေရမှာဆိုတော့ နေ့တိုင်း ကြမ်းပြင်ပေါ်မှာ အိပ်နေလို့ ဘယ်ဖြစ်မလဲ ... ငါတို့ သုံးယောက်အတွက် အခန်းတွေ ထပ်တူးပေးဦး ... လျှိုလောင်နဲ့ ကျန့်ဝူရွှမ်းရဲ့ လျှို့ဝှက် သက်တော်စောင့် အတွက်လည်း တစ်ခန်း လုပ်ပေးလိုက် ... သူတို့က အသက်ကြီးနေပြီ ... ငါတို့ သူတို့ကို ကြမ်းကြမ်းတမ်းတမ်း အိပ်ခိုင်းစားခိုင်းလို့ ဘယ်ရမလဲ ... ဟုတ်တယ်မလား"

ကျန်းရီနှင့် ကျန့်ဝူရွှမ်းသည် မျက်ဖြူသာ လှန်ကြည့် လိုက်ကြရသည်။ ချမ်ဝမ်ကွမ် တစ်ယောက်သည် မည်သို့ ဇိမ်ခံရမည်ကို ကောင်းကောင်း သိပေသည်။ လအနည်းငယ် ကြာပြီးလျှင် ကျောက်တုံးဂူသည် ခမ်းနားထည်ဝါသော နန်းတော်တစ်ခုလို ဖြစ်လာလိမ့်မည်ဟု သူတို့ တွေးမိလိုက် ကြသည်။

ချမ်ဂိုဏ်းသားများသည် အံ့အားသင့်ဟန် မပြကြပေ။ အချို့သည်  စီစဉ်စရာ ရှိသည်များ သွားစီစဉ်ရန် ခွင့်တောင်း လိုက်ကြပြီး အချို့သည် လက်နက်ကိုယ်စီ ထုတ်လိုက်ကြကာ ကျောက်သားများကို စတင် တူးကြတော့သည်။

"အမ်"

ကျန်းရီသည် တဖြည်းဖြည်း သင်းပျံ့လာသော မွှေးရနံ့တစ်ခုကို ရလိုက်သည်။ သူသည် နှာခေါင်းရှုံ့ကာ အနံ့အား သေချာစစ်ဆေး လိုက်သည်။

"ဒီအနံ့က ဘာလဲ"

ကျန့်ဝူရွှမ်း၏ မျက်ခုံးများ မြင့်တက်သွားပြီး အနံ့ခံရန် ကြိုးစားလိုက်သည်။ သူ့မျက်လုံးများ တောက်ပသွားပြီး ချမ်ဝမ်ကွမ်အား ကြည့်လာခဲ့သည်။

"ဆိုးလိုက်တဲ့ ဖက်တီး ... မင်းတကယ်ကြီး ငါးကြီးအန်ဖတ်ကို သုံးလိုက်တယ်လား"

"ဟီးဟီး"

ချမ်ဝမ်ကွမ်သည် ရယ်ကာ ပြန်ဖြေလိုက်သည်။

"ဝိညာဉ်သားရဲမြို့က ဆိုင်ခန်းရဲ့ ကုန်လှောင်ရုံမှာ ဒါတွေ လက်ကျန် ရှိပါသေးတယ် ... ငါနောက်မှ ပို့လိုက်မယ် ... အဲဒီ ဆိတ်အိုကြီးတွေ တစ်ခုမှတောင် သိလိုက်မှာ မဟုတ်ဘူး"

"ဟေ့ကောင်"

ကျန့်ဝူရွှမ်းသည် ဆွံ့အသွားရသည်။ သူသည် ကျန်းရီ၏ ပဟေဠိ ဖြစ်နေဆဲ အမူအရာကို မြင်သောအခါ ရယ်ရယ်မောမောနှင့် ပြောလာခဲ့သည်။

"ကျန်းရီ ... အပြင်ထွက်ပြီး ကြည့်ကြည့်ပါဦး ... သတ်ရလွန်းလို့ မင်းလက်တွေ ပျော့ခွေ ကုန်မှာတောင် ငါစိုးရိမ်တယ်"

"ဂရား" "ဝူး ... ဝူး ... " "ဂါး ... ဂါး"

နတ်ဆိုးသားရဲများ၏ အော်သံပေါင်းစုံ ထွက်ပေါ်လာခဲ့သည်။ ကျန်းရီ၏ မျက်လုံးများ တောက်ပသွားကာ ချက်ချင်း ဂူပြင်သို့ ပြေးထွက် လာလိုက်သည်။ သူသည် ကျောက်စွန်း တစ်ခုထက်မှ ပတ်ဝန်းကျင်သို့  ကြည့်လိုက်သည်။ ထိုအကြည့် တစ်ချက်က သူ့အား တုန်လှုပ် သွားစေလေသည်။

ခပ်လှမ်းလှမ်းမှ အနက်ရောင် အရိပ်များသည် ဤဘက်ရှိရာသို့ ဦးတည် လာနေကြသည်။ အစက ဆယ်ကောင် ကျော်ခန့်သာ ရှိသည်ဟု ထင်ရသော်လည်း အဝေးမှ နတ်ဆိုးသားရဲတို့သည် ပို၍ စုစည်း လာနေကြသည်။

ခေါင်းနှစ်လုံးပါကျား၊ မြေခွေးပြာ၊ လက်တံရှည် မျောက်ဝံ၊ နတ်ဆိုးဝံပုလွေ၊ အစွယ် အဖွေးသားနှင့် တောဝက်ရိုင်း ... မျက်လုံးသုံးခုနှင့် ခြင်္သေ့ ...

ကျန်းရီ၏ မျက်လုံးများ ပြူးကျယ် သွားခဲ့သည်။ သူ့ထံ နတ်ဆိုးသားရဲ မျိုးစုံ ပြေးဝင်လာနေသော မြင်ကွင်းသည် တစ်မျိုး တစ်ဘာသာသော ခံစားချက်ကို ပေးလေသည်။ လူများသည် နတ်ဆိုး သားရဲများကို ကြောက်လန့်ကြသည်။ လက်ရှိတွင် ကျန်းရီသည် ဘက်ပေါင်းစုံမှ ပြေးလာနေသော နတ်ဆိုး သားရဲများကြောင့် ဖိအားအချို့ကို ခံစားနေရလေသည်။

နောက်ဆုံးတွင်တော့ ကျန်းရီသည် ချမ်ဝမ်ကွမ်၏ အစီအစဉ်ကို နားလည် လိုက်ပေပြီ ... ဤနေရာသည် အလွန်အမင်း မြင့်မားကာ ကျောက်နံရံကြီး သည်လည်း မတ်စောက်သဖြင့် နတ်ဆိုးသားရဲများ အလွယ်တကူ တက်မလာနိုင်ပေ။ ရှားပါးသည့် လေအမျိုးအစား နတ်ဆိုးသားရဲများ ထွက်ပေါ် လာလျှင်တောင် သူတို့၏ ကိုယ်ကြီးများဖြင့် ကျောက်ဂူ၏ အဝင်ဝ ခပ်ကျဉ်းကျဉ်းအား  ဖြတ်သန်း နိုင်ကြမည် မဟုတ်ပေ။ ချမ်ဝမ်ကွမ်နှင့် ကျန်လူများသည် အေးအေးလူလူ၊ သက်သက်သာသာနှင့် ဤနေရာမှ ပွဲကြည့်နိုင်ပေသည်။ ကျန်းရီသည်ကား လာသမျှသော နတ်ဆိုး သားရဲများကို အဆက်မပြတ် သတ်ဖြတ်ရင်းဖြင့် ခရမ်းရောင် ရွှေများ အလွယ်တကူ ရလာနိုင်မည် ဖြစ်သည်။

ဤနတ်ဆိုး သားရဲများသည် ချမ်ဂိုဏ်းသားများ ထုတ်လွှင့်လိုက်သော ထူးဆန်းသည့် ရနံ့ကြောင့် ဆွဲဆောင်ခံရကာ ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ၎င်းသည် ကျန့်ဝူရွှမ်း ပြောခဲ့သော 'ငါးကြီးအန်ဖတ်' ဟူသည့်အရာ ဖြစ်ပေလိမ့်မည်။ ကျန်းရီသည် ထိုရေမွှေး မည်မျှ တန်ဖိုး ရှိသည်ကို မသိသော်လည်း ချမ်ဝမ်ကွမ်အား နောက်ထပ် အကြွေးကြီးကြီး တင်သွားပြန်ပြီ ဖြစ်ကြောင်းတော့ သိလိုက်သည်။

"ဝှစ်" "ဝှစ်"

ချမ်ခွမ်းနှင့် ချမ်ဂိုဏ်းသား တစ်သိုက်သည် ကြိုးများကို ဆွဲကာ အမြန်ခုန်တက် လာကြသည်။ သူတို့၏ လက်ရှိ အရည်အချင်းနှင့် အောက်တွင် မနေရဲပေ။ ရောက်ရှိလာသော နတ်ဆိုး သားရဲများတွင် ဒုတိယအဆင့် နတ်ဆိုးသားရဲများစွာ ပါနေသည်။ သူတို့သာ အောက်တွင် ဆက်နေလျှင် နတ်ဆိုးသားရဲများ၏ အစာ ဖြစ်သွား ပေလိမ့်မည်။

ခပ်လှမ်းလှမ်းရှိ တောအုပ်ထံမှ အနက်ရောင် အရိပ်နှစ်ခုသည် သူတို့ထံ ပြေးလာနေခဲ့သည်။ နှစ်ယောက်လုံးသည် အားကောင်းသည့် အရှိန်အဝါများ ရှိနေကြပြီး ကြိုးများ သုံးရန်ပင် မလိုပဲ တစ်ချက် ခုန်ရုံမျှနှင့် ကျောက်ကမူစွန်းပေါ် ရောက်လာ ကြလေသည်။ ချမ်ခွမ်းနှင့် ကျန်လူများ ဒူးထောက် လိုက်ကြသည်ကို မြင်သောအခါ ဤလူများမှာ ချမ်ဂိုဏ်းနှင့် ကျန့်ဂိုဏ်းမှ လျှို့ဝှက် သက်တော်စောင့်များ ဖြစ်မှန်း ကျန်းရီ သဘောပေါက် လိုက်သည်။

"အကြီးအကဲတွေကို ကျန်းရီ အရိုအသေ ပေးပါတယ်"

ကျန်းရီသည် ဦးညွှတ်၍ အရိုအသေ ပေးလိုက်သည်။ လူအိုကြီး နှစ်ယောက်သည် မည်သည့်စကားမှ မဆိုဘဲ ဂူအတွင်းသို့ ဝင်သွား ခဲ့လေသည်။

"အစ်ကိုကြီး"

ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းတို့ ထွက်လာ ခဲ့ကြသည်။ သူတို့နှစ်ယောက်သည် ငုံ့ကြည့်လိုက်သော် တစ်စုတစ်စည်းထဲ ရောက်နေကြသော နတ်ဆိုးသားရဲ အုပ်လိုက်ကြီးအား မြင်လိုက်ကြရာ ဖိအားများ လွန်းသည်ကို ခံစားလိုက် ရလေသည်။ ချမ်ဝမ်ကွမ်သည် စိုးရိမ်နေသည့် လေသံနှင့် ပြောလာခဲ့သည်။

"အစ်ကိုကြီး ... ကျွန်တော် ဒီတစ်ခေါက် ရေမွှေးအများကြီး သုံးမထားဘူး ... မကြာခင် အနံ့ပြယ် သွားလိမ့်မယ် ... အစ်ကိုကြီး လုပ်နိုင်တာ သေချာလား ... မလုပ်နိုင်ရင်လည်း နတ်ဆိုးသားရဲတွေ အုပ်စုကွဲသွားမယ့် အချိန်ကို စောင့်ပြီးမှ တိုက်ပါလား ... "

အောက်မှ နတ်ဆိုး သားရဲများသည် ရနံ့တွင် ယစ်မူးနေဟန် ရကာ ဝပ်၍ နေကြလေသည်။ သို့သော် နတ်ဆိုးသားရဲ အချို့သည် ကျောက်ကမူစွန်းထက်မှ ကျန်းရီတို့အား သတိထားမိ သွားသောအခါ ချမ်ဝမ်ကွမ်တို့ နှစ်ယောက်သားသည် ဂူအတွင်းသို့ ပြေးဝင်သွား ကြလေသည်။

"ကြိုးစားကြည့်တာပေါ့"

ကျန်းရီ၏ မျက်နှာထက်တွင် စိတ်လေး နေဟန်တို့က အထင်းသား ... သူ့လက်ဝါးများသည် ချွေးများဖြင့် ရွှဲနေလေပြီ။ သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါသည် နတ်ဆိုးသားရဲများအား ဖိနှိပ်နိုင်၍ ရေခဲသားရဲကိုပင် တစ်စစီ ဖြစ်သွား စေနိုင်သည်ဟု စုလောရွှယ် ပြောခဲ့ဖူးသော်လည်း ထိုအချိန်က သူအသိစိတ် လွတ်နေရာ ဘာဖြစ်ခဲ့သည်ကို မသိခဲ့ပေ။

သို့သော် သူ၏ မီးဝိညာဉ်ပုလဲ အတွင်းရှိ မီးဝိညာဉ် ကျောက်တုံးများ အကြောင်း တွေးမိသောအခါ သူတည်ငြိမ် သွားခဲ့သည်။ သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါ အလုပ် မလုပ်လျှင်တောင် မီးဝိညာဉ် ကျောက်တုံး အနည်းငယ်ကို သုံး၍ အောက်ရှိနတ်ဆိုး သားရဲများအား အလွယ်တကူ သတ်နိုင်လေသည်။

"ဗုန်း"

နတ်ဆိုး သားရဲများသည် ကျောက်တောင်ကြီးအား ဝင်တိုက် လာကြသည်။ ကျောက်တောင်ကြီးသည် ကြီးမားခိုင်ခံ့ လွန်းသော်လည်း နတ်ဆိုးသားရဲ များကလည်း အားကောင်း ကြပေသည်။ ကျောက်တောင်ကြီးသည် အနည်းငယ် လှုပ်ယမ်း သွားခဲ့သည်။

"သတ်"

ကျန်းရီသည် စိတ်တွင်းမှ တွေဝေနေမှုများကို လွှတ်ချကာ အော်ဟစ် လိုက်လေသည်။ သူသည် ကြိုးတစ်ချောင်းကို ဆုပ်ကိုင်လိုက်ကာ အောက်သို့ လျှောဆင်း သွားခဲ့သည်။  လေထဲမှာပင် ကျန်းရီ၏ မျက်လုံးများ စတင်နီရဲလာခဲ့ပြီး သတ်ဖြတ်ခြင်း အရှိန်အဝါတို့က ထွက်ပေါ်လာခဲ့သည်။

ကျန်းရီ လှုပ်ရှားလိုက်သည်နှင့် နတ်ဆိုးသားရဲတို့သည် မျက်လုံးများ ဖွင့်လာကြလေသည်။ နှောင့်ယှက် ခံလိုက်ရ၍ သူတို့၏ မျက်လုံးများတွင် ရက်စက်မှု၊ သွေးဆာမှုတို့ဖြင့် ပြည့်နေလေသည်။ သူတို့သည် ကျန်းရီအား တစ်စစီ ဆွဲဖြဲကြရန် မစောင့်နိုင် တော့သည့်အလား သိပ်သည်းသော ဖိအားများ ထုတ်လွှင့် လာကြလေသည်။

သို့သော် ကျန်းရီ၏ သတ်ဖြတ်ခြင်း အရှိန်အဝါက သူတို့အား လွှမ်းခြုံ သွားသောအခါ သူတို့၏ မျက်လုံးထဲမှ သွေးဆာနေမှုများ ပျောက်ကွယ် သွားခဲ့သည်။ ကျန်းရီက နတ်ဆိုးဘုရင်ကြီး တစ်ပါးအလား ဖြစ်သွားကာ ကြမ်းတမ်း နေကြသော နတ်ဆိုးသားရဲ အပေါင်းမှာ သိုးငယ်လေးများ အလား ပြောင်းလဲ သွားကြလေသည်။

နတ်ဆိုးသားရဲ အများစုသည် ဝပ်နေရာမှ နာခံမှုရှိသည့် အလား လှဲချလိုက်ကြသည်။ ပထမအဆင့် နတ်ဆိုး သားရဲများဆိုလျှင် ကိုယ်များပါ တဆတ်ဆတ် တုန်နေကြ လေသည်။ ကျောက်တောင်ကြီးအား ဝင်တိုက်နေကြသော နတ်ဆိုး သားရဲများသည်လည်း ရပ်တန့်လိုက်ကာ ကြောင်လေးများ အလား မြေပေါ်တွင် လှဲနေကြလေသည်။ မြင်ကွင်းသည် ချောက်ချားစရာ ကောင်းလောက်အောင် ထူးဆန်း နေလေသည်။

ကျန့်ဝူရွှမ်းသည် အသက်ဝဝ ရှူလိုက်မိသည်။ ကောင်းကင်ဧကရာဇ်၏ ဂူသင်္ချိုင်းတွင် ကျန်းရီ သတ်ဖြတ်ခြင်း အရှိန်အဝါအား ပထမဆုံး အသုံးပြုသည်ကို သူမြင်ဖူးခဲ့စဉ်က တုန်လှုပ် သွားခဲ့သော စိတ်သည် ယခုတွင် သက်သာသွား ခဲ့လေပြီ။ ချမ်ဝမ်ကွမ်ကမူ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့သည်။ ချမ်ဂိုဏ်းသား များသည်လည်း ဆွံ့အနေကြလေသည်။

"အမ်"

လူအိုကြီး နှစ်ယောက်သည် ဂူဝတွင် ထွက်ပေါ် လာခဲ့သည်။ သူတို့သည် ကျန်းရီ ခုန်ချသွားကာ အနီရောင် ဓားမြှောင်အား အသာအယာ ဆွဲထုတ် လိုက်သည်ကို မြင်ရသောအခါ အံ့အားသင့် သွားခဲ့သည်။ ချမ်ဂိုဏ်းမှ လျှို့ဝှက် သက်တော်စောင့်သည် လေးနက်စွာ ပြောလာခဲ့သည်။

"သတ်ဖြတ်ခြင်း ဧကရာဇ်ရဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါက တကယ်ကို ဖိနှိပ် အားကောင်းတာပဲ... ကျန်းပိုင်လီရဲ့ အရှင်သခင် အရှိန်အဝါကသာ အဲဒါကို ဆန့်ကျင်နိုင်မယ် ထင်တယ်"

"အမှန်ပဲ"

ကျန့်ဂိုဏ်း၏ လျှို့ဝှက် သက်တော်စောင့်သည် ခေါင်းညိတ်ကာ သက်ပြင်း ချလိုက်သည်။

"သတ်ဖြတ်ခြင်း အရှိန်အဝါက အဆင့်ငါးဆင့် ရှိတယ်လို့ ကြားဖူးတယ် ... အသိစိတ်လွတ်တဲ့ အဆင့်မှာ မဟုတ်တော့ဘဲ ... သူနည်းနည်းပဲ သတိလွတ်တာ ဆိုတော့ ဒုတိယအဆင့် ရောက်နေလောက်ပြီ ... သတ်ဖြတ်ခြင်း အရှိန်အဝါက ဒုတိယ အဆင့်မှာထဲက အရမ်း ကြောက်စရာ ကောင်းနေပြီ ... ပဉ္စမအဆင့်သာ ရောက်သွားမယ်ဆိုရင် ငါတို့ကို သူသတ်ရင်တောင် အသတ်ခံရမှန်း သိလိုက်မှာ မဟုတ်ဘူး ... "

***

All Chapters