ကြောက်မက်ဖွယ် အတွေးတစ်ခု
Vol. 22 Ch. 324
အခန်း (၃၂၄) : ကြောက်မက်ဖွယ် အတွေးတစ်ခု
ကျောက်စိမ်းရေစင်ဓားက ဓားအိမ်ထဲ ပြန်လည် ရောက်ရှိသွားပြီး ရှန်ထျန်းက ကောင်းကင်ဘုံမှ ထာဝရအရှင်တစ်ပါးအလား မတ်တတ်ရပ်နေသည်။ သို့သော်လည်း ချီရှောက်ရွမ်၏ မျက်ဝန်းတို့က အံ့ဩမှုအတိုင်းသားနှင့် မျက်မှောင်ကြုတ်လိုက်မိသည်။ သူက သူ့အသက်ဓာတ်တချို့ လျော့ပါးသွားကြောင်း ဒါမှမဟုတ် သူ့သက်တမ်း လျော့ချခံလိုက်ရကြောင်း တွေ့ရှိသွားသည်။
လျော့ပါးသွားသော အသက်ဓာတ်က များများစားစား မဟုတ်သော်လည်း အလွန်ဆုံး နှစ် သုံးဆယ်မှ နှစ်ငါးဆယ်အတွင်းပဲ ရှိမည် ဖြစ်ရာ ပြန်လည် အားပြန်ဖြည့်၍ ရ၏။
ယခု ရှန်ထျန်း၏ ရိုက်ချက်က အင်မတန် နက်နဲသော စည်းမျည်းတချို့ ပါဝင်နေသောကြောင့် ချီရှောက်ရွမ်၏ ကာကွယ်ရေးက အသုံးမဝင်တော့လုနီးပါး ဖြစ်သွားခဲ့ရသည်။ ဤသည်က အင်မတန် ထူးဆန်းလှ၏။
အကယ်၍ ရှန်ထျန်းသာ ထိုသို့ရိုက်ချက်မျိုး ထုတ်လွှင့်နိုင်လျှင် အကြိမ်တစ်ရာလောက်လည်း ထပ်မံ လုပ်နိုင်လိမ့်မည်။ ထိုအခါ ချီရှောက်ရွမ်၏ သက်တမ်းတစ်ခုလုံးကို ဖယ်ရှားလိုက်သလို ဖြစ်မသွားဘူးလား။ ချီရှောက်ရွမ်အနေနှင့် ထိုရိုက်ချက်က ရှန်ထျန်း၏ ကန့်သတ်ချက် ဖြစ်ကြောင်း မယုံပေ။
ရှန်ထျန်းနှင့်အတူတူ ရှိခဲ့သည့်အချိန်က နည်းပါးသော်လည်း ချီရှောက်ရွမ်က ရှန်ထျန်းသည် အင်မတန် သိုသိုသိပ်သိပ်နေတတ်ကာ လူကြီးလူကောင်း ဖြစ်ကြောင်း သိထားသည်။
ညီအစ်ကိုရှန်က မောက်မာပြတာမျိုးလည်း မရှိဘူးဆိုတော့ ဒီတစ်ခေါက်လည်း အင်အားကို ထိန်းထားလိုက်တာ နေမယ် … မဟုတ်ရင် ငါ့သက်တမ်း နှစ် ၃၀ - ၅၀ လောက်ပဲ လျော့သွားမှာ မကလောက်ဘူး
ဓားတစ်ကွက်တည်းဖြင့် တစ်ဖက်လူ၏ သက်တမ်းရာချီကို အလွယ်လေး လျော့ချနိုင်ပြီး မီးခိုးရောင် ဆံပင်ဖြစ်လာအောင် လုပ်လို့ ရပေသည်။
ချီရှောက်ရွမ်က ထိုအတွေးဖြင့် စိတ်အားထက်သန်စွာ ရေရွတ်လိုက်သည် “ တကယ်ကို ထင်ထားတဲ့အတိုင်းပဲ … ညီအစ်ကိုရှန်ရဲ့ ဓားပညာရပ်က ပြစ်ချက်ကင်းပြီးတော့ အားစိုက်ထုတ်ရတဲ့ အရိပ်အယောင်မျိုး မကျန်ခဲ့ဘူး။ တကယ်ကို ကမ္ဘာမြေမှာ ဆင်းသက်လာတဲ့ ဓားနတ်ဘုရားတစ်ပါးအတိုင်းပဲ။ အသက်စည်းမျဉ်း ပါဝင်နေတယ်။ အဲဒါက တစ်ဖက်လူရဲ့ အသက်ဓာတ် အဆီအနှစ်ကို ယူသွားပြီးတော့ သက်တမ်းကို လျော့ချပေးတယ်။ တကယ်ကို ဆန်းကြယ်တယ် … ”
ချီရှောက်ရွမ်က လိပ်နက်ကျောက်ပြားကို တိတ်တဆိတ် ကြည့်လိုက်ပြီး ထပ်လေ့လာသင့်ကြောင်း ခံစားလိုက်ရသည်။ ထိုဆန်းကြယ်ပညာရပ်၏ ကိုယ်ဟန်အနေအထားက နည်းနည်းတော့ တမျိုးဖြစ်နေပေမဲ့ အတော်လေး အသုံးဝင်လှသည်။ ထိုအရာက သင်ယူဖို့ ထိုက်တန်၏။
အနည်းဆုံးတော့ နောင်အနာဂတ်မှာ ညီအစ်ကိုရှန်ဆီက ထိုးနှက်ချက်နည်းနည်း ခံနိုင်လာမည် မဟုတ်ပါလော။
ထိုစဉ် ဝမ်ရှန်းယု၏ ဝမ်းပမ်းတနည်းအော်သံကို ကြားလိုက်ရသည်။
“ လခွမ်း ငါ့သက်တမ်းက ဘာလို့ ထပ်လျော့သွားပြန်တာတုန်း ”
အားလုံးက သူ့ကို လှည့်ကြည့်လိုက်ကြသည်။ သူတို့က ဝမ်ရှန်းယု၏ ဆံပင်များသည် နှင်းပွင့်လို ဖြူဆွတ်နေဆဲ ဖြစ်ပြီး မျက်ကွင်းမည်းများလည်း ရှိနေဆဲ ဖြစ်၏၊ သူ့အကြည့်တို့က အသက်မပါသလို မှိန်ဖျော့နေသည်။
ပို၍ အရေးကြီးသည်က ဝမ်ရှန်းယုက ပုပ်နံ့ စထွက်လာသည်။ နဂို သူ့ဘေးတွင် ရပ်နေသည့် အောင်းဝူက နှာခေါင်းပိတ်ထားလိုက်ရ၏။
“အဲဒါ ကောင်းကင်ယိုယွင်းမှုပဲ ” ချီရှောက်ရွမ်က ရှုံ့မဲ့ကာ ပြောလိုက်သည် “ ဒီကောင်ရဲ့ သက်တမ်းက နည်းနည်းလေးပဲ ကျန်တော့တယ်။ သူ သေတော့မယ် ”
ကောင်းကင် ယိုယွင်းမှု ဆိုသည်မှာ ကျင့်ကြံသူတစ်ယောက်က သက်တမ်းကုန်ခါနီးတွင် အသက်အငွေ့အသက်နှင့် သဟဇာတ မဖြစ်သည့် သေခြင်းတရား အငွေ့အသက်များ ထုတ်လွှင့်ခြင်းကို ဆိုလိုခြင်း ဖြစ်၏။ တစ်ချိန်တည်းတွင် ခန္ဓာကိုယ်မှ အနံ့ဆိုးဆိုးများ ထွက်လာမည် ဖြစ်ကာ အနံ့က ဆိုးရွားလေလေ သေခြင်းတရားနှင့် နီးကပ်လာလေလေ ဖြစ်၏။
ဝမ်ရှန်းယုက မျက်ရည်ကျလုမတတ် ဖြစ်လာမိသည် “ ငါ့သက်တမ်း နှစ် ၄၀ လောက် ကျန်ပါသေးတယ်။ ဘာလို့ ကောင်းကင် ယိုယွင်းမှု ကြုံနေရတာတုန်း ”
ဟုတ်တယ် … အဲဒါပဲ ဖြစ်ရမယ် ….
ဝမ်ရှန်းယုက မဲ့ရွဲ့သွားကာ သူ့အသက်ဓာတ်တချို့ လွင့်ပါးသွားသည်ကို ခံစားမိလိုက်ပုံရ၏။
ညီအစ်ကိုရှန်ရဲ့ ဓားချက်က ငါ့ကိုပါ လာသက်ရောက်တာလား …
ဝမ်ရှန်းယုက ထိုအတွေးဖြင့် ရှန်ထျန်းအား အငြိုးတရားဖြင့် လှမ်းကြည့်မိလိုက်သည်။
သက်တမ်းလေးက ဆယ်စုနှစ်တချို့ပဲ ကျန်တော့တာလေ … ညီအစ်ကိုရှန်ရဲ လက်ချက်နဲ့ ငါတော့ ….
ရှန်ထျန်းက အခြေအနေအကဲခတ်တတ်သူ ဖြစ်၍ ဝမ်ရှန်းယု၏ မျက်ဝန်းမှ ဝမ်းနည်းမှုနှင့် အငြိုးတရားတို့ကို တန်းနားလည်လိုက်သည်။ ရှန်ထျန်းက နောက်ထပ် နိဗာနတော်ဝင်ရေစင် တစ်ပုလင်း ထုတ်ကာ ဝမ်ရှန်းယုဆီ ပေးလိုက်ပြီး “ အဆုံးမဲ့ဓားချက်ကို ပထမဆုံး ထုတ်သုံးဖူးတာဆိုတော့ သိပ်မရင်းနှီးသေးဘူးလေ။ ညီအစ်ကိုဝမ်က သက်တမ်းတော်တော် လျော့ပြီးနေပြီ။ ဒီနဂါးကျွန်းက အန္တရာယ်တွေနဲ့ ပြည့်နေတာဆိုတော့ အရင်ဆုံး ပြန်အားဖြည့်လိုက်ပါဦး ”
ဝမ်ရှန်းယုက အဆုံးမဲ့ အသက်ကျမ်းအပေါ် နားလည်နိုင်စွမ်းက နိမ့်ကျနေသေးသောကြောင့် ဆယ်ရက်တာ လေ့ကျင့်မှုဖြင့် သုံးနှစ်တာ သက်တမ်းသာ ပြန်ရခဲ့သည်။ နှစ်သုံးဆယ်ဆိုလျှင် သုံးလကျော် ကြာမြင့်သွားပေမည်။
အကယ်၍ သူတို့သာ ဝမ်ရှန်းယု တစ်ယောက် လိပ်နက် အသက်ရှု ပညာရပ်ကို သင်ယူတတ်မြောက်ပြီး သက်တမ်း နှစ်ရာချီ ပြန်စုဆောင်းမိသည့်အထိ စောင့်နေရလျှင် ရှန်ထျန်းပင် ကနဦးဝိညာဉ်တောင် ဖွဲ့စည်းပြီးလောက်လေပြီ။
ထို့ကြောင့် ရှန်ထျန်းက ဝမ်ရှန်းယုအား ရက်ပိုင်းအနည်းငယ်ဖြင့် သိသာစေမည့် နိဗာနတော်ဝင်ရေစင်ကို တိုက်ရုံသာ တတ်နိုင်တော့သည်။
“ ညီအစ်ကိုရှန်က တကယ်ကို ရက်ရောတာပဲ။ ကျေးဇူးကြွေးကြီး တင်ပြီးသွားပြီဆိုတော့ နောင်ကျရင် ညီအစ်ကိုရှန်ကို ပြန်ပေးဆပ်ပါ့မယ် ”
ဝမ်ရှန်းယုက သေခါနီးပြီ ဖြစ်၍ မငြင်းနေတော့ပေ။ သူက အသက်ဓာတ် အဆီအနှစ်ကို မြန်မြန် စုဆောင်းဖို့ လိုအပ်နေသည်။ မဟုတ်ပါက သူ့အနေနှင့် ဘာမှတတ်နိုင်မည် မဟုတ်တော့ပေ။
ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက်ထဲ အန္တရာယ်များစွာ ရှိနေသောကြောင့် မဟာလေဟာနယ်ကျမ်းကသာ ဝမ်ရှန်းယု၏ အကြီးမားဆုံး အသက်ကယ်ကတ် ဖြစ်လာပေမည်။
ဂလု ဂလု …
ဝမ်ရှန်းယုက နိဗာနတော်ဝင်ရေစင် ငါးလီတာကို သောက်သုံးလိုက်ပြီးနောက် သူ့တစ်ကိုယ်လုံးက အစိမ်းရောင်အလင်းများ တောက်ပလာလေသည်။ အထူးသဖြင့် သူ့နဖူး ဖြစ်၏။ အစိမ်းရောင်အလင်းများက ကောင်းကင်ယံထိ ပျံ့နှံ့သွားသည်။
ထိုစဉ် အစိမ်းရောင်အလင်းက အားလုံး၏ အမြင်ကို ဖုံးလွှမ်းသွားတော့သည်။
ဤသည်မှာ အသန့်စင်ဆုံး အသက်ဓာတ် စွမ်းအား ဖြစ်ပြီး ဝမ်ရှန်းယုအတွက် သက်တမ်းပြန်ရလာစေရန် အတော်လေး အထောက်အကူပြုသည်။
သူ့အား အထူးသဖြင့် သူက ပထမဆုံးအကြိမ် သောက်သုံးချိန်တွင် ဆေးခုခံအား မရှိသေးသောကြောင့် နှစ်များစွာ ပြန်ရစေ၏။
.......
ဝမ်ရှန်းယုက ခြေချိတ်ထိုင်လိုက်ပြီးနောက် နိဗာနတော်ဝင်ရေစင် စွမ်းအားကို ကျင့်စဉ် လှည့်ပတ်လိုက်ခြင်းဖြင့် အပြည့်အဝ စုပ်ယူလိုက်တော့သည်။ ဝမ်ရှန်းယုက စွမ်းအားများ စုပ်ယူနေစဉ် ချီရှောက်ရွမ်က လိပ်နက်ကျောက်ပြားရှေ့ တိတ်တဆိတ် သွားကာ ထိုင်ချလိုက်သည်။ သူက လိပ်နက်ကျောက်ပြားကို သေချာစစ်ဆေးကြည့်လိုက်၏။
ကောင်းပြီလေ … ကိုယ်ဟန်အနေအထားက ဆိုးရွားပေမဲ့ မသင်ဘူးလို့ မပြောမိပါဘူး …
သူတို့ အသက်ဓာတ်ကို ပြန်လည် ဖြည့်တင်းပေးနိုင်သည့် ဆန်းကြယ်ပညာရပ်ကို မည်သူမှ လက်လွှတ်နိုင်မည် မဟုတ်ပေ။ အများဆုံး သူတို့က အခန်းတွင်းအောင်းကာ လေ့ကျင့်နိုင်သည် မဟုတ်ပါလော။
အချိန်များက တဖြည်းဖြည်းကုန်လွန်လာကာ ဝမ်ရှန်းယု ထုတ်လွှင့်နေသော အစိမ်းရောင်အလင်းတို့က မှိန်ကျသွားပြီးနောက် ပျောက်ကွယ်သွားလေသည်။
“ နိဗာနတော်ဝင်ရေစင် ငါးလီတာက နှစ်ငါးဆယ်လောက် အားဖြည့်ပေးနိုင်ရုံလောက်ဆိုပေမဲ့ ပထမအကြိမ်မလို့ သက်ရောက်မှု အားပြင်းနေတာ ”
ဝမ်ရှန်းယုက ပုလင်းထဲရှိ လက်ကျန် နိဗာနတော်ဝင်ရေစင်ကို ကြည့်လိုက်သော်လည်း ဆက်သောက်ဖို့ မတွေးထားပေ။ အကြောင်းမှာ သူက နိဗာနတော်ဝင်ရေစင်က ယခင် သူ သောက်သုံးခဲ့သော အဖိုးတန်ဆေးများကဲ့သို့ အာနိသင် တဖြည်းဖြည်း လျော့နည်းလာကြောင်း ခံစားမိလိုက်၍ ဖြစ်သည်။ သူတို့အာနိသင်က သူ များများသောက်လေလေ လျော့ကျလာလေလေ ဖြစ်၏။
နောင်အတွက် နိဗာနတော်ဝင်ရေစင်ကို သိမ်းထားတာ ပိုကောင်းလိမ့်မယ် …
အကယ်၍ သူသာ သက်တမ်း ပြန်လည်ရလိုလျှင် လိပ်နက် ကိုယ်နေဟန်ထားအတိုင်း သင်ယူရမည်သာ ဖြစ်၏။
ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း စစ်ဆေးမှု အဆုံးသတ်သွားသည်နှင့် သူက မဟာလေဟာနယ် အထွတ်အမြတ်မြေဆီ ပြန်ကာ သီးသန့်လေ့ကျင့်ရမည်။ အဆုံးမဲ့အသက်ကျမ်းကို မကျွမ်းကျင်မချင်း ထွက်မလာတော့ပေ။
သူ့သက်တမ်းကို အပြည့်အဝ အားဖြည့်ရပေမည်။ ထိုအခါမှ နောင်အခါ သူ သုံးစွဲရမည့် စွမ်းအား ရှိမည် မဟုတ်ပါလော။ သူသာ လေဟာနယ် မရဏနှုတ်ဆက်ခြင်းကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ပြီးနောက် ချီရှောက်ရွမ်ကို ရှာကာ ထပ်ပြိုင်ဆိုင်မည်ဟု အားခဲထားလိုက်သည်။
သူလည်း “ အားအကောင်းဆုံး ပါရမီရှင် ” ဟူသော ဂုဏ်ပုဒ်ကို လိုချင်ပေသည်။
ချီရှောက်ရွမ်နှင့် ဝမ်ရှန်းယုတို့က အတွေးကိုယ်စီ ရှိနေကြသော်လည်း ရှန်ထျန်းက ချီရှောက်ရွမ်၏ ခေါင်းပေါ်ကို စိုက်ကြည့်ရင်း အချိန်ကို တွက်ချက်နေသည်။
သူတို့က လိပ်နက်ဆန်းကြယ်နယ်ပယ်၌ ဆယ်ရက်ကျော် နေပြီးသွားပြီ ဖြစ်၍ ချီရှောက်ရွမ်နှင့် အောင်းဝူတို့၏ ကံအပြောင်းအလဲ အခွင့်အရေးပေါ်လာဖို့ ရက်အနည်းငယ်ခန့်သာ လိုတော့သည်။
အခုဆို နဂါးတွေ ထွက်သွားလောက်ပြီမလား …
ရှန်ထျန်းက ထိုအတွေးဖြင့် အရင်ဆုံး တစ်ချက်ထွက်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
“ အားလုံး ဒီမှာနေခဲ့ကြဦး … ငါ အပြင်သွားပြီး အခြေအနေတစ်ချက် သွားကြည့်လိုက်ဦးမယ် ”
ချီရှောက်ရွမ်တို့ကို အကြောင်းကြားပြီးနောက် ရှန်ထျန်းက တည်ရှိမှုကို ဖုံးကွယ်ကာ လိပ်နက်ဆန်းကြယ်နယ်ပယ်မှ ထွက်သွားလိုက်သည်။ ရှန်ထျန်း ဆန်းကြယ်နယ်ပယ် အပြင်ဘက် ရောက်သွားသည်နှင့် မဲ့ရွဲ့သွားတော့သည်။
အမှောင်အဆိပ်နဂါး၏ ရွံ့ရေကန်ဘေးတစ်ဝိုက် နဂါးမြောက်များစွာက စူးစမ်းသွားလာနေကြသည်ကို မြင်လိုက်ရသည်။ သူတို့က မတော်တဆ ရောက်ရှိနေခြင်း မဟုတ်ကြောင်း သိသာလှသည်။
သူတို့က ဒီနေရာမှာ ဘာလာလုပ်တာလဲ …
ရှန်ထျန်း ရိုက်ခဲ့သည့် အမှောင်အဆိပ်နဂါးလည်း ရှိနေသည်။ သူက ရွံ့ရေကန်ကို ကြောက်ကြောက်ရွံ့ရွံ့ ကြည့်နေလေ၏။
လူသားအစုတ်ပလုတ် … နဂါးတွေ၊ ယာ့လုံတွေရဲ့ ရတနာကို ခိုးယူရုံတင် မကဘူး။ ငါရဲ့ နွေးနွေးထွေးထွေး ရွံ့ရေကန်လည်း အတင်း သိမ်းပိုက်သွားသေးတယ်
ငါ့သွားကျွတ်ထွက်တဲ့အထိလည်း ရိုက်နှက်လိုက်သေးတယ် … ငါ့အစွယ်လှလှလေးတွေက အခုတော့ မရှိရှာတော့ဘူး …
အမှောင်အဆိပ်နဂါးက တွေးလေလေ ဒေါသပိုထွက်လာသောကြောင့် ကောင်းကင်ယံသို့ မျက်နှာမူကာ ဟိန်းဟောက်လိုက်သည်။ သို့သော်လည်း သူ စတင် ဟိန်းဟောက်လိုက်ပြီးနောက် ထိုအမျိုးသားကို ပြန်တွေ့လိုက်ရသောကြောင့် တအီအီအသံအဖြစ်သာ ပြောင်းသွားတော့သည်။
အမှောင်အဆိပ်နဂါးရှေ့မှောက်တွင် ရွှေရောင်ပုံရိပ်တစ်ခု ပေါ်လာလေ၏။ ရှန်ထျန်းက သူ့အငွေ့အသက်ကို ဖုံးကွယ်ထားခြင်းမျိုး မရှိသောကြောင့် နေမင်းကြီးသဖွယ် မျက်စိစူးမတတ် တောက်ပနေသည်။
“ ဝူး ဝူး … ”
အမှောင်အဆိပ်နဂါးက ကြောက်ကြောက်လန့်လန့်ဖြင့် ထခုန်လိုက်ပြီးနောက် တခြားဦးတည်ရာသို့ အရှိန်အပြည့်ဖြင့် ထွက်ပြေးသွားသည်။ သူသာ နှေးနှေးကွေးကွေး ထွက်ပြေးမိပါက နောက်ထပ် အရိုက်ခံရမည်ကို စိုးထိတ်နေသည့်ပုံ ပေါ်နေသည်။
နဂါးတစ်ကောင်၏ မာန်မာနက ဘယ်မှာတုန်း …
မရှိဘူး … ငါ နဂါးအသားလုံး ဖြစ်တဲ့အထိ အရိုက်မခံချင်ဘူး …
..............
ရှန်ထျန်းက သူ့အငွေ့အသက်များကို မဖုံးကွယ်တော့သည့် အကြောင်းအရင်းမှာ ထိုနဂါးများကို လမ်းလွဲလိုက်ဖို့ ဖြစ်၏။ ပုံမှန်အားဖြင့် ရှန်ထျန်းက အလွယ်တကူ ထွက်ပြေးနိုင်သော်လည်း ချီရှောက်ရွမ်နှင့် အခြားလူများကား ငါးပါးမှောက်သွားပေလိမ့်မည်။
ချီရှောက်ရွမ်အနေနှင့် အခြေအနေကောင်းနေလျှင်ပင် ဤမျှနဂါးအများကြီးကြားကနေ ဖောက်ထွက်ပြီး လွှတ်မြောက်ဖို့က မဖြစ်နိုင်လောက်ပေ။
အောင်းဝူနှင့် ဝမ်ရှန်းယုကိုတော့ ထည့်မပြောသင့်တော့ပေ။ အောင်းဝူက နိဗာနအဆင့်ပင် မရောက်သေးသည့် နဂါးပေါက်စ ဖြစ်သောကြောင့် ကောင်းကင်အသျှင်အဆင့် နဂါးများနှင့် မည်သို့ တိုက်ခိုက်နိုင်မည်နည်း။
ဝမ်ရှန်းယုသည်လည်း တိုက်ခိုက်ဖို့ မဆိုထားနှင့် လမ်းလျှောက်ဖို့ပင် ခြေထောက်များ ပျော့ခွေနေလေသည်။ အကယ်၍ ထိုနဂါးများသာ သူ့အား ဝိုင်းသွားလျှင် ဝမ်ရှန်းယုအနေနှင့် ရွေးချယ်စရာ နှစ်ခုသာ ရှိပေမည်။
အသက်ကြီးပြီး သေမလား ဒါမှမဟုတ် အသတ်ခံမလား …
“ ဟူး မင်းတို့အတွက်ပဲ …”
တစ်ဖက်တွင် သူ့သိုးလေးများကို စိတ်ပူပေးရပြီး နောက်တစ်ဖက်တွင်မူ ဂရုစိုက်မှုကြောင့် ဖြစ်၏။ ဤသည်က ဖခင်မေတ္တာလိုမျိုး ဖြစ်၏။
အဆုံးသတ်တွင် ရှန်ထျန်း အသက်အန္တရာယ်မရှိသော်လည်း ထိုနဂါးများကို မြားခေါ်ဖို့ ဆုံးဖြတ်လိုက်သည်။ ရှန်ထျန်းက သူ့သိုလှောင်လက်စွပ်ထဲမှ ရတနာများကို တစ်ခုပြီး တစ်ခု ထုတ်ယူလိုက်သည်။ သူတို့က ထူးခြားသည့် အငွေ့အသက်များ ထုတ်လွှင့်နေပြီး လေထဲတွင် မျှောလွင့်နေကြသည်။
ရှန်ထျန်းက အကြည့်ရိုင်းများ သူ့ဆီ ကျရောက်လာသည်ကို ခံစားမိလိုက်သည်။
ထိုအကြည့်များတွင် မောက်မာခြင်းအပြည့် ဖြစ်နေပြီး လိုအင်ဆန္ဒများလည်း ပါဝင်နေကြသည်။
ရှန်ထျန်းက ထိုနဂါးများသည် သူ့အား တစစီ လုပ်ပစ်ပြီး သူတို့ရတနာများကို ပြန်ယူချင်ကြောင်း သိလိုက်သည်။
“ ဟားဟား လာလေ … မင်းတို့ လုပ်နိုင်ရင် လာကိုက်လေ ”
ထို့နောက် သူက ရတနာများကို သိုလှောင်လက်စွပ်ထဲ ပြန်သိမ်းလိုက်ပြီးနောက် သူ့ကျောဘက်မှ တောင်ပံတစ်စုံ ပြန့်ကားလာသည်။
ဝှီး ….
ရှန်ထျန်းနောက်တွင် ခွန်ပန် ပုံရိပ်သဏ္ဌာန် ပေါ်လာပြီးနောက် သူ့ရွှေတောင်ပံ တစ်ချက်ခတ်လိုက်သည်နှင့် လေထဲ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ ရှန်ထျန်းက မိုင်သိန်းချီ ပျံသန်းလာပြီး နောက်တွင် ရွှေရောင်အလင်းတန်းသာ ချန်ရစ်ထားခဲ့သည်။ သူက အလွန်မြန်လွန်းသောကြောင့် မျက်စိနှင့်ပင် သေချာမမြင်နိုင်ပေ။
ဂါး …
ဂါး …
ထိုလူသားအစုတ်ပလုတ်က သူတို့အား မခံချိမခံသာ ပြောသွားသည်ကို မြင်ရသည့်အခါ နဂါးများက သည်းမခံနိုင်ကြတော့ပေ။
နဂါးအမျိုးမျိုးက ကောင်းကင်ဆီ မျက်နှာမူကာ ဟိန်းဟောက်လိုက်ပြီးနောက် ရှန်ထျန်းအား လိုက်ဖမ်းကြသည်။
ထိပ်တန်းအဆင့် ဝိညာဉ်အသွင်ပြောင်း နဂါးများလည်း မရှားပေ။ သူတို့အမြန်နှုန်းက ရှန်ထျန်းနှင့်ပင် ယှဉ်နိုင်လေ၏။ ရှန်ထျန်းက အားနည်းသည့် ရွှေရောင်ကိုယ်ထည် ကျင့်ကြံသူသာ မဟုတ်ပါလော။ သူတို့ကြားရှိ ခြားနားချက်မှာ အလွန်သိသာလွန်းပေသည်။
ကံကောင်းစွာဖြင့် ရှန်ထျန်းက အရေးသာနေပြီး ပြစ်ချက် မရှိပေ။ သူ့တွင် ပင်လယ်၊ ကုန်းမြေ။ ကောင်းကင်၊ မြေအောက် သွားလာနိုင်သည့် နည်းလမ်းမျိုးစုံ ပိုင်ဆိုင်ထား၏။
ကောင်းကင်မှာ ဝိုင်းထားချင်တာလား … အဲဆို ငါ့မြေပေါ် သွားမယ် … အဆိုးဆုံး ငါ မြေအောက်ထဲ သွားလို့ ရသေးတယ် …
ငါ့တည်ရှိမှုကို ဖုံးကွယ်လိုက်တာနဲ့ ဘယ်သူမှ ရှာမတွေ့စေရဘူး …
ရှန်ထျန်းက ထိုမျှအထိ ရက်စက်ကာ အရှက်မဲ့ပေသည်။
သူ့နောက် အရူးအမူး လိုက်ဖမ်းခြင်းက သုံးရက် ကြာမြင့်သွားလေသည်။ နဂါးများက ရှန်ထျန်းကို ခြိမ်းခြောက်နိုင်ခြင်း မရှိရုံသာမက သူက ယောက်ယတ်ခတ်နေသည့်အတွင်း ရတနာများကို ထပ်ခိုးခဲ့သေးသည်။
အဆုံးသတ်၌ နဂါးများက လက်လျော့လိုက်ကြပြီး သူတို့အသိုက်ဆီသာ ပြန်သွားလိုက်ကြသည်။ သူတို့က ရှန်ထျန်းကို မဖမ်းနိုင်သလို ရိုက်လည်း မရိုက်နိုင်ပေ။ ထို့အပြင် သူက တစ်ခါတစ်ရံ၌ ပျောက်ကွယ်သွားသေး၏။
သူတို့က သူ့ကို ဘယ်လိုလိုက်ဖမ်းရမှာလဲ … လုံးဝကို မဖြစ်နိုင်ဘူး …
ယခု နဂါးများက ရှန်ထျန်းကို သူတို့ကျွန်းမှ တတ်နိုင်သမျှ မြန်မြန် ထွက်သွားဖို့သာ ဆုတောင်းနေကြသည်။
ဤနည်းဖြင့်သာ ငြိမ်းချမ်းမှု ပြန်ရလာနိုင်သည်။
ရှန်ထျန်းက ယခင်သုံးရက်အတွင်း အလွန်တက်ကြွနေခဲ့၏။ သူ့ခွန်ပန်တာအိုက ဝိညာဉ်အသွင်ပြောင်းအဆင့် နဂါးများ လိုက်ဖမ်းမှုမှ ထွက်ပြေးရသောကြောင့် သိသိသာသာ တိုးတက်လာခဲ့သည်။
လက်ရှိ သူက တကယ့် ခွန်ပန်လိုမျိုး ဖြစ်လာကာ ခွန်ပန်တာအိုကို ထာဝရသတ္တုနှင့် ပေါင်းစပ်အသက်သွင်းလိုက်ပါက ကောင်းကင်အသျှင်ပင် သူ့အမြန်နှုန်းကြောင့် သိမ့်သိမ့်တုန်သွားပေမည်။
ယောက်ျားတစ်ယောက်က မြန်ဆန်သွက်လက်ဖို့ လိုအပ်၏။
ရှန်ထျန်းက ထိုစကားများကို အပြည့်အဝ ထောက်ခံသည်။
ရှန်ထျန်းက ဘေးမတွေ့ရခြင်းတော့ မဟုတ်ပေ။ သူက ယခင်သုံးရက်အတွင်း နဂါးကျွန်း၏ အလယ်ဗဟိုချက် အနီးနေရာသို့ မသိလိုက်ဘဲ ရောက်ရောက်သွားမိသည်။
ထိုစဉ် သူက တကယ့် သေခြင်းတရား ခြိမ်းခြောက်မှုကို ခံစားမိလိုက်ရသည်။
ပေသောင်းချီ ရှည်လျားနေသည့် နဂါးလက်သည်းများက ကောင်းကင်ဆီ ဆန့်တန်းလိုက်သည့်အခါ ကောင်းကင်ကိုပင် ဖုံးအုပ်လုမတတ် ဖြစ်နေသည်။
ရှန်ထျန်းက ထိုနဂါးလက်သည်းရှေ့မှောက်တွင် ပုရွက်ဆိတ်တစ်ကောင်လောက် အားနည်းသွားသလိုမျိုး ခံစားမိသည်။ သူသာ မြေအောက်လျိုးပြီး တည်ရှိမှုကို မဖုံးကွယ်လိုက်ပါက သေသွားနိုင်လောက်၏။
ထိုအရာက ရှန်ထျန်းအား နဂါးကျွန်းကို အထင်ကြီးလာစေသည်။ ကြည့်ရသည်မှာ ဤကျွန်းက သူ တွေးထားသလောက် ရိုးရှင်းပုံ မပေါ်ပေ။
အလယ်ပိုင်းနေရာမှာ နေတဲ့ ဝိဇ္ဇာအဆင့် နဂါးတွေက ဉာဏ်ရည်မြင့်မားကြတာလား … အဲလိုဆိုရင် သူတို့က တစ်ချိန်လုံး ဘယ်မှမထွက်သွားဘဲ အတွင်းပိုင်းထဲ ဘာလို့ နေနေတာလဲ ….
သူတို့က တစ်ခုခုကို စောင့်ရှောက်ပေးနေတာလား ဒါမှမဟုတ် လျို့ဝှက်တည်ရှိမှု တစ်ခုခုကနေ ပိတ်လှောင်ထားတာလား …
အတွေးနဲ့တင် ကျောချမ်းစရာကြီး …