ယင်ယန် ဆုံချက်နှစ်ခု ပိုင်နက်၊ ဉာဏ်အလင်းပွင့် သစ်ပင်
Vol. 22 Ch. 325
အခန်း (၃၂၅) : ယင်ယန် ဆုံချက်နှစ်ခု ပိုင်နက်၊ ဉာဏ်အလင်းပွင့် သစ်ပင်
နဂါးနတ်ဘုရားကျွန်းပေါ်မှ သေခြင်းတရားကို လွတ်မြောက်လာပြီးနောက် ရှန်ထျန်းက ပိုမို၍ သိုသိုသိပ်သိပ် နေတတ်လာသည်။ ကျင့်ကြံရေးလောကကား ကိုယ်ကျိုးရှာသူများသာ ရှိကြသည် မဟုတ်ပါလော။ ဤသည်မှာ အန္တရာယ်များ ပေါများလှသည့် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ဖြစ်သည်။
ဤနေရာတွင် လျို့ဝှက်ချက် မည်မျှရှိနေမည်ကို မည်သူ သိမည်နည်း။ အကယ်၍ သတိလက်လွတ်သာ နေမိပါက ငရဲဆီ တန်းရောက်သွားပေမည်။
ရှန်ထျန်းက သူ့ဆီတွင် ရတနာများစွာ ရှိနေပြီ ဖြစ်ရာ ဤနေရာ၌ အဆုံးသတ်မသွားလိုပေ။
ရှန်ထျန်းက အငွေ့အသက်ကို လုံးဝ ဖုံးကွယ်လိုက်ပြီးနောက် တောင်ပံကို ဖြန့်ကျက်ကာ ရွံ့ရေကန်ဆီ ပြန်သွားလိုက်သည်။ ထိုစဉ် သနားစဖွယ် အမှောင်အဆိပ်နဂါးကြီးက အကြောက်တရားကို ချိုးနှိမ်ကာ အသိုက်ဆီ တစ်ချက် ပြန်လာကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
အဆုံးသတ်၌ သူ ရွံ့ရေကန်ထဲ ခြေလှမ်းဝက်သာ လှမ်းရသေးချိန် ရွှေရောင်အလင်းတန်းက တဖန် ပြန်ပေါ်လာလေသည်။
လူသားကောင် … ပြဿနာ ထပ်လာရှာပြန်ပြီ …
အမှောင်အဆိပ်နဂါးက ကြောက်လန့်တကြားဖြင့် ထခုန်လိုက်မိသည်။
ထို့နောက် သူက တစ်စက္ကန့်လောက် နောက်ကျသွားလျှင် အဖမ်းခံရမည်ကို စိုးထိတ်သည့်အလား တစ်ခြားတစ်ဖက်သို့ နောက်ပြန်လှည့်မကြည့်ဘဲ တန်းပြေးသွားတော့သည်။
“ ငါ မြင်ဖူးသမျှ နဂါးထဲ မင်းက အသုံးမကျဆုံး အဆိပ်နဂါးပဲ ”
ရှန်ထျန်းက ခေါင်းခါလိုက်သည်။ သူ့ခန္ဓာကိုယ်ကို အငွေ့အသက်ဖြင့် ဖုံးလွှမ်းလိုက်ပြီးနောက် ရွံ့ရေကန်ထဲ တဖန် ထပ်ဆင်းလိုက်သည်။ ထို့နောက် လိပ်နက် ဆန်းကြယ်နယ်ပယ်၏ ဝင်ပေါက်ကို ရှာတွေ့သွားသည်။
ရှန်ထျန်းက သက်ပြင်းချလိုက်၏။
“ အစ်ကိုကြီးရှန် နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ ” အောင်းဝူက ပြုံးကာ “ အစ်ကိုချီရွမ်က အပြင်ထွက်ပြီး အစ်ကိုကို လိုက်ရှာမယ်ပဲ လုပ်နေတာ။ ကျွန်တော်တို့ အစ်ကိုကို အရမ်းစိုးရိမ်နေကြတာ ”
ချီရှောက်ရွမ်က တောင့်တင်းသွားကာ မျက်နှာလွဲလိုက်ပြီး “ မဟုတ်တမ်းတွေ … ငါက အပြင်ထွက်ပြီးတော့ နဂါးတွေ အခြေအနေဘယ်လိုရှိလဲ သွားကြည့်ချင်တာပါ ”
ဘေးတွင် ခြေကားယား လက်ကားယား ပုံစံဖြစ်နေသည့် ဝမ်ရှန်းယုက နှုတ်ခမ်းတင်းတင်းစေ့ကာ “ ငါတော့ မင်းက အဆုံးမဲ့အသက်ကျမ်းကို ခိုးကြောင်ခိုးဝှက် ကျင့်ကြံမလို့လားလို့ ”
မာနတခွဲသားနဲ့ ပါရမီရှင် … သူက အဆုံးမဲ့အသက်ကျမ်းကို လေ့ကျင့်ရမဲ့ ကိုယ်ဟန်ကို ရှက်တာနဲ့ တစ်ယောက်တည်း ထွက်ပြီး လေ့ကျင့်ချင်နေတာပဲ နေမယ်။ သူက ကြောင်သူတော်ပဲ …
ချီရှောက်ရွမ်၏ မျက်နှာက နီရဲလာကာ “မင်း …. ငါ့ကို လျှောက်အရှက်ခွဲမနေနဲ့ ”
ဝမ်ရှန်းယုက လှောင်ပြုံး ပြုံးလိုက်သည်။ သူက ထိုလူကို ဂရုမစိုက်တော့ပေ။ သူက သူ့စွမ်းအားများကိုသာ ဆက်လက် လှည့်ပတ်လိုက်သည်။ သူ့ဆံပင်ဖြူဖြူများက လွှင့်နေလေသည်။
ဝမ်ရှန်းယုက သေခြင်းတရားနှင့် ရင်ဆိုင်ရပြီးနောက် အဆုံးမဲ့အသက်ကျမ်းအပေါ် နားလည်နိုင်စွမ်းက နက်နဲလာကြောင်း သိသာလှသည်။
လိပ်နက်ကျောက်ပြားကြီးရှေ့၌ သူက လိပ်နက်ကိုယ်ဟန်အတိုင်း လိုက်လုပ်လိုက်သည်။ သူက လိပ်ရုပ်တုနှင့်ပင် ဆင်တင်တင် ဖြစ်နေသည်။
ကိုယ်ဟန်က အတော်လေး ဆိုးရွားလှသော်လည်း ရလဒ်ကား အင်မတန် အကျိုးရှိလှသည်။
ရှန်ထျန်းက ဝမ်ရှန်းယုထံ ဝိညာဉ်ချီအမြောက်အများ စီးဝင်သွားပြီး သူ့အသက်ဓာတ်ကို ပြန်လည် အားဖြည့်ပေးနေကြောင်း ရှင်းရှင်းလင်းလင်း အာရုံခံလိုက်မိသည်။
ဝမ်ရှန်းယု ကုန်ဆုံးသွားသော အသက်ဓာတ်နှင့် ယှဉ်လိုက်လျှင် ထိုဝိညာဉ်ချီများက ရေပုံးထဲမှ ရေတစ်စက်လောက်မျှသာ ဖြစ်နေသည်။ သို့သော် တိုးတက်မှုတော့ ရှိလာသည်။
အလွန်ဆုံး သူသာ ဤနည်းဖြင့် ဆက်ကျင့်နေပါက နှစ်အနည်းငယ်အတွင်း သူ့သက်တမ်းကို ပြန်လည် ဖြည့်တင်းနိုင်လိမ့်မည်။ နှစ်အနည်းငယ်က ကျင့်ကြံသူတစ်ယောက်အတွက် ဘာမှမဟုတ်ပေ။
အဆင့်မြင့် သီးသန့် လေ့ကျင့်မှုက နှစ်များစွာ ကြာမြင့်သွားနိုင်သည်။ နှစ်အနည်းငယ်ဖြင့် သူ့သက်တမ်း ရာချီ ပြန်ရလာခြင်းက အလဲအလှယ်ကောင်းတစ်ခု ဖြစ်ပေသည်။
ထိုအရာက ဝမ်ရှန်းယု တစ်ယောက် သိုသိုသိပ်သိပ်နေပြီး တိုက်ပွဲအတွင်း ဝင်မပါသရွေ့ ဖြစ်သည်။ မဟုတ်လျှင် သူ့သက်တမ်းက တဖန် လျော့ကျသွားပေမည်။
“ ဘာမဟုတ်တာလေးနဲ့ မငြင်းနေကြပါနဲ့တော့” ရှန်ထျန်းက ရယ်ရမည်လား ငိုရမည်လား မသိတော့ပေ “ အဲဒီနဂါးတွေကို တခြားဖက် မြားခေါ်သွားပြီး လမ်းလွဲပေးခဲ့ပြီ။ ဒီနဂါးတွေက ငါ့နောက် ဆက်မလိုက်လောက်တော့ဘူး ထင်တယ်။ သူတို့ လက်လျော့သွားပြီ။ အားလုံး အခု လွတ်လွတ်လပ်လပ် စွန့်စားရေးထွက်လို့ ရပြီ ”
အခြားသုံးယောက်၏ မျက်ဝန်းများ လင်းလက်လာသည်။ သူတို့က လိပ်နက်ဆန်းကြယ်နယ်ပယ်ထဲ ရောက်နေသည်မှာ ကြာမြင့်လှပြီ ဖြစ်ရာ အပြင်လည်း မထွက်ရဲကြပေ။ ထိုနဂါးအားလုံးက ခြုံခိုစောင့်နေမည်ကို သိနေ၍ ဖြစ်သည်။
သူတို့က ရှန်ထျန်းသည် ထိုနဂါးအားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု မထင်ထားပေ။ လုံးဝကို မယုံကြည်နိုင်ဖွယ် ဖြစ်၏။
အောင်းဝူက ရှန်ထျန်းအား လေးလေးစားစား ကြည့်လိုက်သည်။
အဖွားရဲ့ လူသားတွဲဖက် ဖြစ်နေတာ မဆန်းတော့ဘူး … အစ်ကိုကြီးရှန်က အစ်ကိုရှောက်ရွမ်ထက်တောင် အားကောင်းတယ်
အဖွဲ့က ပိုင်ဆိုင်သမျှပစ္စည်းများကို သိမ်းဆည်းပြီးနောက် လိပ်နက်ဆန်းကြယ်နယ်ပယ်ထဲမှ ထွက်လာလိုက်ကြသည်။ သူတို့က မထွက်သွားခင် ကျောက်ပြားကြီးဆီ ဦးညွတ်အရိုသေပေးဖို့ မမေ့ပေ။
သူတို့က အဆုံးမဲ့ နတ်ဧကရာဇ်၏ အမွေအနှစ်ကို ပိုင်ဆိုင်လိုက်သောကြောင့် သူတို့၏ ဂါရဝတရားကို ပြသရပေမည်။
ရှန်ထျန်းက အဆုံးမဲ့အသက်ကျမ်းကို ဝူဝုတိဆီ လက်ဆင့်ကမ်းပေးဖို့ ဆုံးဖြတ်ထား၏။ ဝူဝုတိက လိပ်နက်မျိုးနွယ်၏ ရှားပါး ပါရမီရှင် တစ်ဦး ဖြစ်သောကြောင့် အဆုံးမဲ့ နတ်ဧကရာဇ်၏ အမွေအနှစ်ကို ဆက်ခံပိုင်ခွင့် ရှိ၏။
ရှန်ထျန်းတို့ နဂါးကျွန်းဆီ ထွက်လာသည့်အခါ ကောင်းကင်ယံက မည်းမှောင်နေလေပြီ။
ကြယ်အလင်းရောင်က ကျွန်းပေါ် ဖြာကျလာသည်။ လရောင်ကလည်း ထူးထူးခြားခြား တောက်ပနေပုံ ပေါ်၏။
အကယ်၍ ယင်ယင် ပညာရပ်ကို လေ့ကျင့်နေသူသာ ရှိပါက စိတ်လှုပ်ရှားဖွယ် အချိန်တစ်ခု ဖြစ်သွားပေမည်။ လနှင့် ကြယ်ရောင်တို့၏ ယင်ဓာတ်က အင်မတန် သန့်စင်နေသောကြောင့် ဝိညာဉ်များနှင့် နတ်ဆိုးများအတွက် အင်မတန် အကျိုးရှိလှသည်။
ရှန်ထျန်းက လမင်းကြီးကို ငေးကြည့်နေရင်း စိတ်အားထက်သန်မှုအပြည့် ဖြစ်လာသည်။
ကံအပြောင်းအလဲ အခွင့်အရေး ပုံရိပ်များအရ ယနေ့ညကား အချိန်အခါကောင်း ဖြစ်၏။
ချီရှောက်ရွမ်က ကောင်းကင်ပုဆိန်လှံရှည်ကို လက်မှာ ဆွဲကိုင်ထားရင်း ပတ်ဝန်းကျင်ကို ခရမ်းကောင်းကင်မျက်လုံးဖြင့် သတိတကြား စစ်ဆေးကြည့်နေသည်။ ဘေးပတ်လည်တွင် နဂါးများ မရှိသော်ငြား သူက နိုးနိုးကြားကြား ရှိနေဆဲ ဖြစ်၏ “ ညီအစ်ကိုရှန် အခု ဘယ်သွားကြမလဲ ”
ရှန်ထျန်းက ပြုံးကာ “ ဟိုတစ်နေ့က ကျွန်းပေါ် သွားရင်းလာရင်း နောက်ထပ် ဆန်းကြယ်နယ်ပယ်တစ်ခုကို တွေ့လိုက်ရတယ်။ အဲဒါက ကံအပြောင်းအလဲ အခွင့်အရေး ကြီးကြီးမားမားပဲ ဖြစ်လိမ့်မယ် ”
ရှန်ထျန်း၏ စကားကြောင့် တစ်ဖွဲ့လုံး ကြောင်အမ်းသွားကြသည်။
နောက်ထပ် ဆန်းကြယ်နယ်ပယ်လား …
ညီအစ်ကိုရှန်ရေ လာနောက်နေတာလား … ဆန်းကြယ်နယ်ပယ်ဆိုတာကို သိရဲ့လား။ ဆန်းကြယ်နယ်ပယ်တွေက အင်မတန် လျို့ဝှက်ထားတဲ့ နေရာတွေလေ
ရက်ပိုင်းလေးနဲ့ နောက်ထပ် ဆန်းကြယ်နယ်ပယ်တစ်ခု ရှာတွေ့တာတောင် ကံကြမ္မာသားတော် မဟုတ်ပါဘူးလို့ ပြောချင်သေးတာလား …
ချီရှောက်ရွမ်က ရှန်ထျန်းအား မျှော်လင့်ချက် ကုန်ခမ်းသွားဟန်ဖြင့် လှမ်းကြည့်လိုက်ရင်း “ ဆန်းကြယ်နယ်ပယ်အသစ်က လိပ်နက်နယ်ပယ်နဲ့ ယှဉ်ရင် ဘယ်လိုနေလဲ ”
ရှန်ထျန်းက ပြုံးကာ “ မသိသေးဘူး … သွားမစစ်ကြည့်ရသေးဘူးလေ ”
သုံးယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့က အတော်လေး စိတ်လှုပ်ရှားလာကြ၏။ အားလုံးက ဆန်းကြယ်နယ်ပယ်များတွင် ကံအပြောင်းအလဲ အခွင့်အရေးများစွာ ရှိတတ်ကြောင်း သိထားကြသည်။
ဆန်းကြယ်နယ်ပယ်ထဲ အရင်ဝင်သူက ပစ္စည်းကောင်း အရင်ရလေ့ ရှိကြ၏။ ပထမဆုံးလူက အထဲရှိ အကျိုးမြတ် ၉၀ ရာခိုင်နှုန်းလောက်အထိ ရနိုင်သည်။
နောက်မှလိုက်ဝင်သူများက ကြေးတစ်ပြားပင် ရချင်မှ ရလိမ့်မည်။
ညီအစ်ကိုရှန်က ဆန်းကြယ်နယ်ပယ်အသစ်ကို တွေ့ထားပေမဲ့ ငါတို့အတူတူ သွားလို့ရအောင် လာခေါ်တာတဲ့လား … ကိုယ်ကျိုးမငဲ့ဘဲ ဖြောင့်မတ်တဲ့လူပဲ
ရှန်ထျန်းက သူတို့ကို ခေါ်သွားသည်မှာ သူတစ်ယောက်တည်း အန္တရာယ်များ မဖြေရှင်းနိုင်မည်ကို စိုးရိမ်၍မှန်း မည်သူမှ မတွေးမိကြပေ။
သူတို့အားလုံးက ရှန်ထျန်း မည်မျှအားကောင်းကြောင်း သိထားကြသည်။ သူ့စွမ်းဆောင်ရည်က သူတို့ထက် ကျော်လွန်နေလေပြီ။ ရှန်ထျန်း မကိုင်တွယ်နိုင်သည့် အန္တရာယ်မျိုးက သူတို့ကို ခေါ်လာလို့လည်း အကျိုးမရှိပေ။ သူတို့က အပိုသာ ဖြစ်နေပေမည်။
အကယ်၍ သူတို့သာ အန္တရာယ်ကြီးကြီးမားမားနှင့် ရင်ဆိုင်ရလျှင် သူတို့က ရှန်ထျန်းအတွက် ဝန်ထုပ်တစ်ခုလို ဖြစ်နေပေမည်။ သူက သူတို့ကို ကယ်ရဦးမည် မဟုတ်ပါလော။
“ ညီအစ်ကိုရှန် အခုကစပြီး ကျုပ်ရဲ့ တကယ့်ညီအစ်ကိုပဲ ”ဝမ်ရှန်းယုက သူ့ဆံပင်ဖြူဖြူများကို သပ်လိုက်ရင်း မျက်လုံးပြုးကာ ပြောလိုက်သောကြောင့် သူ့မျက်ကွင်းမည်းမည်းများ ထင်းခနဲ မြင်သာစေသည် “ တကယ်လို့ တစ်ခုခု လိုတာရှိရင် ပြောသာပြောလိုက် ကျုပ်သက်တမ်း လျော့ချရမယ်ဆိုရင်တောင် အကုန်ကူညီပေးမယ် ”
ချီရှောက်ရွမ်က ဝမ်ရှန်းယုအား မကျေမနပ် ကြည့်လိုက်ပြီးနောက် “ မင်းဆီ သက်တမ်းက နောက်ထပ် နှစ်အနည်းငယ်ပဲ ကျန်တော့တာ။ ဘာမှအသုံးမဝင်ဘူး ”
ဝမ်ရှန်းယု “ … ”
ရှန်ထျန်းက ချီရှောက်ရွမ်နှင့် ဝမ်ရှန်းယုတို့ စကားများသည်ကို ကြည့်ရင်း အားအင်ကုန်လာသလို ခံစားလာရသည်။
ကြည့်ရတာ ဇာတာခွင်ချင်း မကိုက်ပုံပဲ … စောစောလေးက တိုက်ပွဲပြီးတော့ အဆင်ပြေသွားကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ရ မနေနိုင်၊ မမြင်ရ ချောင်းကြည့် …တွေ့ပြန်တော့လည်း သတ် …
သူတို့က ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ တစ်လျှောက်လုံး စကားများလို့ကို မပြီးဘူး …
လူသားနှစ်ယောက်နှင့် နဂါးတစ်ကောင်တို့က ရှန်ထျန်းနောက်မှ လိုက်ကာ အဆိပ်ရေကန်မှ ထွက်လာပြီး မိုင်ရာချီ ပျံသန်းလာခဲ့ကြသည်။ နဂါးကျွန်းက ညအခါ၌ အတော်လေး ကွဲပြားပုံပေါ်သည်။ ဧရာမနဂါးကြီးများက သူတို့အသိုက်ထဲ လဲလျောင်းကာ တိတ်တဆိတ် အိပ်စက်အနားယူနေကြသည်။
နဂါးကျွန်းတစ်ခုလုံး အသာအယာ သိမ့်တုန်သွားလေ၏။ မြေအောက်မှ မြစ်ရေ စီးလာသလိုမျိုး ဒါမှမဟုတ် မိုးချိန်းသလိုမျိုး ဆူဆူညံညံ အသံတမျိုး ထွက်ပေါ်လာသည်။
အထွတ်အထိပ် တည်ရှိမှု ဆင်းသက်လာသည့်အလား လေထုထဲ ဖိနှိပ်ထားသည့် အင်အားဖြင့် ပြည့်နှက်သွားသည်။
“ အစ်ကိုရှန် … အစ်ကိုရှောက်ရွမ် ကျွန်တော့်သွေးတွေ တုန်ခါနေသလိုပဲ … ”
အောင်းဝူ၏ ပုံစံက မအီမသာ ဖြစ်လာကာ လူသားအသွင်ကို ဆက်မထိန်းထားနိုင်တော့ဘဲ နဂိုနဂါးအသွင် ပြန်ပြောင်းသွားသည်။ ချီရှောက်ရွမ်က မျက်မှောင်တစ်ချက်ကြုတ်ကာ ရှန်ထျန်းအား ကြည့်လိုက်ပြီးနောက် “ ညီအစ်ကိုရှန် ဒါက … ”
ရှန်ထျန်းက ခေါင်းခါကာ “ စိုးရိမ်ဖို့ မလိုဘူး။ ဒါက နဂါးကျွန်းရဲ့ သဘာဝအပြောင်းအလဲတမျိုးပဲ ဖြစ်လိမ့်မယ်။ တောင့်ခံထားကြ ”
ကြောက်မက်ဖွယ် နဂါးအရှိန်အဝါနှင့် ရင်ဆိုင်ရသည့်အခါ အဖွဲ့က ရှေ့ဆက်တိုးလိုက်ကြသည်။
အောင်းဝူမှလွဲ၍ ကျန်သုံးယောက်က လူသားများ ဖြစ်သည့်အတွက် အထွတ်အထိပ် နဂါးသက်ရှိ၏ စွမ်းအား သက်ရောက်မှုကို သိပ်မခံရပေ။
နဂါးကျွန်းအနက်ပိုင်းထဲ အတော်အတန်ကြာ သွားလာပြီးနောက် ဧရာမ ချိုင့်ဝှမ်းဆီ ရောက်ရှိလာသည်။ ထိုချိုင့်ဝှမ်းက ပေသောင်းချီ ကျယ်ဝန်းပြီး အင်မတန် သိပ်သည်းသော ဝိညာဉ်ချီများဖြင့် ဖုံးလွှမ်းထားသည်။
ပို၍ အံ့ဩဖို့ ကောင်းသည်က ထိုချိုင့်ဝှမ်းသည် သီးခြားစွမ်းအား စက်ကွင်းလိုမျိုး ဖြစ်နေလေ၏။ ထိုအရာက စွမ်းအားကို ခွဲခြားပေးပြီး ယင်နှင့်ယန်ကို သန့်စင်ပေးသည်။
ချိုင့်ဝှမ်းဘယ်ဘက်ခြမ်းတွင် မျက်စိတစ်ဆုံး မြင်နေရသည့် ချော်ရည်ကန် ရှိ၏။ ထိုအရာက ဆူပွက်နေပြီး ကြောက်ခမန်းလိလိ အပူဓာတ်ကို ထုတ်လွှင့်နေသည်။
ညာဘက်ခြမ်းတွင်မူ အရိုးခိုက်မတတ် အေးစက်နေသည့် ရေခဲပင်လယ် ရှိထားပြီး တစ်ချက်ကြည့်ရုံဖြင့် ရင်ထဲအသည်းထဲအထိ ခိုက်ခိုက်တုန်လာစေသည်။
ကမ္ဘာ့ အပူဆုံးနှင့် အအေးဆုံးတို့က ယုတ္တိမတန် ဆန်းကြယ်စွာဖြင့် အတူတကွ ပေါင်းစပ်နေကြသည်။ ဤချိုင့်ဝှမ်းက ရိုးရိုးနယ်မြေ မဟုတ်မှန်း သိသာလှ၏။
………..
ရှန်ထျန်းက ပြောလိုက်သည် “ နတ်ဘုရားအမြင်အာရုံ အမွေအနှစ်ကို ရခဲ့တုန်းက နယ်မြေငါးခုမှာ ပိုင်နက်အမျိုးမျိုး ရှိတဲ့အကြောင်း ပြောခဲ့ဖူးတယ်။ တကယ်လို့ မမှားရင် ဒီချိုင့်ဝှမ်းက ဒဏ္ဌာရီလာ ယင်ယင် ဆုံချက်နှစ်ခု ပိုင်နက်ပဲ ဖြစ်လိမ့်မယ်”
ယင်ယန် ဆုံချက်နှစ်ခုပိုင်နက်သည် နယ်မြေငါးခုအနက် အကောင်းဆုံးသော ပိုင်နက် ဖြစ်ပြီး ပစ္စည်းကောင်းများ ပိုင်ဆိုင်ထားသည်။ အထူးသဖြင့် ယင်ယန် ကျင့်စဉ် ကျင့်ကြံသူများအတွက် ဖြစ်၏။ ဤပိုင်နက်က ကျင့်ကြံရေး ဘုံဗိမာန်တစ်ခုလို ဖြစ်ပေသည်။
ယင်ယန် ဆုံချက်နှစ်ခုအတွင်းရှိ ရတနာများနှင့် ယှဉ်လိုက်လျှင် ပိုင်နက်ကိုယ်တိုင်ပင် မှေးမှိန်သွားလိမ့်မည်။
ထို့နောက် ရုတ်ချည်းဆိုသလို ချော်ရည်ကန်အလယ်၌ မည်းမှောင်ကာ အေးစက်နေသည့် မြေကွက်တစ်ခု ပေါ်လာသည်။ ထိုမြေကွက်ပေါ်၌ သစ်ပင်တစ်ပင် ရှိနေ၏။
သစ်ပင်က မြင့်မားကာ ထူထပ်သိပ်သည်းလွန်းသည့် အငွေ့အသက်များ ထုတ်လွှင့်နေသည်။ သစ်ရွက်များတွင်လည်း နဂါးများ၊ ဇာမဏီများနှင့် ဒယ်စောက်ပုံစံများ သရုပ်ဖော်ထားသလို ဖြစ်နေသည်။
သစ်ရွက်များက လေပြေလေးအလိုက် ညင်သာစွာ လှုပ်ခတ်နေပြီး သာယာကြည်နူးဖွယ် အသံများ ထုတ်လွှင့်နေသည်။
ထိုအရာကို ကြားကာ ရှန်ထျန်းတို့ အဖွဲ့က ငြိမ်းအေးသွားသလို ခံစားမိလိုက်ကြသည်။
“သစ်ရွက်တစ်ရွက်ချင်းစီက လမ်းကြောင်းတစ်ခုစီတိုင်းကို ညွှန်ပြနေတာပဲ။ ကောင်းကင်ဘုံ ဉာဏ်အလင်းပွင့် စေနိုင်တဲ့ သစ်ပင် … ” ချီရှောက်ရွမ်က ထိုသစ်ပင်ကို ငေးကြည့်ကာ ရေရွတ်လိုက်သည် “ဒါက ဒဏ္ဍာရီလာ ဉာဏ်အလင်းပွင့် သစ်ပင်လား ”
ဉာဏ်အလင်းပွင့် သစ်ပင်သည် အထွတ်အထိပ် ဝိညာဉ်သစ်ပင် ဖြစ်ပြီး ဗုဒ္ဓဗောဓိပင်နှင့် ယှဉ်နိုင်ပေသည်။ သူတို့တွင် စွမ်းဆောင်ရည်အတူတူ ရှိပြီး ကျင့်ကြံသူကို ဉာဏ်အလင်းပွင့်ဖို့ ကူညီပေးနိုင်သည်။
ချီရှောက်ရွမ်၏ ဗဟုသုတအရ အလယ်ကုန်းမြေ ကျိရှားကျောင်းတော်၌ ရှေးဟောင်း ဉာဏ်အလင်းပွင့် သစ်ပင်တစ်ပင် ရှိကြောင်း ကြားထားဖူးသည်။
ထိုအရာကို ဟွမ်ရှီကိုယ်တိုင် စိုက်ပျိုးထားခြင်း ဖြစ်၏။ သူက အကောင်းစား အရည်များဖြင့် ပြုစုပျိုးထောင်ခဲ့သော်လည်း ပေတစ်ရာမျှသာ အမြင့်ရှိ၏။ သူတို့ရှေ့ရှိ ဉာဏ်အလင်းပွင့် သစ်ပင်က အနည်းဆုံး ပေထောင်ချီ မြင့်မားပေသည်။
ဉာဏ်အလင်းပွင့် သစ်ပင်နှင့် ဗောဓိပင်တို့ နှစ်ပင်လုံး၌ သက်တမ်းကြီးလာလေလေ ပို၍ အားကောင်းလာလေလေ ဖြစ်၏။
ဤသို့သော ဉာဏ်အလင်းပွင့် သစ်ပင်မျိုးက … သစ်ရွက်များ၏ စွမ်းအားက စိတ်ကူးထားသည်ထက်ပင် ကျော်လွန်ပေမည်။
ဤသည်က အံ့ဩဖို့အကောင်းဆုံး ကံအပြောင်းအလဲ အခွင့်အရေးတစ်ခု ဖြစ်၏။