နဂါးမျိုးနွယ်၏ အထွတ်အထိပ် ရတနာ နဂါးရင်းမြစ် သစ်သီး
Vol. 22 Ch. 326
အခန်း (၃၂၆) : နဂါးမျိုးနွယ်၏ အထွတ်အထိပ် ရတနာ နဂါးရင်းမြစ် သစ်သီး
“ ကြီးမားလိုက်တဲ့ ဉာဏ်အလင်းပွင့် သစ်ပင်ကြီး … တကယ်ကို မကြုံစဖူးပဲ ” ဝမ်ရှန်းယု၏ အသံက တုန်တုန်ယင်ယင် ဖြစ်နေပြီး “ ဒီဉာဏ်အလင်းပွင့် သစ်ပင်ကြီးရဲ့ သက်တမ်းက အနည်းဆုံး နှစ်တစ်သန်းကျော်လောက်ပြီ”
ချီရှောက်ရွမ်လည်း အလွန်အံ့ဩသွားပုံပေါ်သည်။ သူက သစ်ရွက်များကို ကြည့်ကာ သူ့မျက်ဝန်းထဲ လိုအင်ဆန္ဒတို့ ဖြစ်တည်လာ၏။
ဒါက ဉာဏ်အလင်းပွင့် သစ်ပင်လေ … ကျင့်ကြံသူရဲ့ အသိအမြင်ကို တိုးပွားလာစေပြီး ဉာဏ်အလင်းပွင့်လာစေတဲ့ ဒဏ္ဌာရီလာ ရတနာမျိုး … ဒါက အရမ်းကို ရှားပါးပြီးတော့ အဖိုးတန်တယ်
ကျိရှားကျောင်းတော်မှ သစ်ရွက်များပင် အဆင့်မြင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းများနှင့် လဲလှယ်နိုင်လေသည်။
ဒီသစ်ပင်က ကျိရှားကျောင်းတော်မှာရှိတဲ့ အပင်ထက် ပိုသက်တမ်းရင့်တယ်ဆိုတော့ သစ်ရွက်တွေက အနည်းဆုံး ဆယ်ဆလောက် ပိုအစွမ်းထက်မှာပဲ …
ဤသစ်ပင်မှ သစ်ရွက်များက အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းများ သို့မဟုတ် ဉာဏ်အလင်းပွင့်ဖို့ရာ အရေးတကြီး လိုအပ်နေသည့် ဝိဇ္ဇာဆီမှ ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်းများနှင့်ပင် လဲလှယ်နိုင်လောက်သည်။
ဤအရာက ရှားပါးပစ္စည်း မဟုတ်ပါလော။ ဉာဏ်အလင်းပွင့် သစ်ပင်ပေါ်ရှိ သစ်ရွက်များက နယ်မြေငါးခုအတွင်း အဖိုးတန်ရတနာများ ဖြစ်သည့်အပြင် ဤသစ်ပင်က အတော်လေး သက်တမ်းရင့်နေလေပြီ။
ယခင်နှစ်တစ်သောင်းအတွင်း နယ်မြေငါးခုမှာရှိသည့် ရတနာအားလုံးအနက် ဤအဆင့် ရတနာမျိုးက အတော်လေး နည်းပါးလွန်းသည်။
တန်ဖိုးက ပြောမပြနိုင်လောက်အောင် ကျော်လွန်သွားလေပြီ။
ဉာဏ်အလင်းပွင့် သစ်ပင်၌ အရွက်များ ပြည့်နှက်နေသော်လည်း အရွက်တိုင်းက သက်ရောက်မှု အားကောင်းသည်တော့ မဟုတ်ကြပေ။ အရွက်အများစုက ထူးခြားဆန်းကြယ် အမှတ်အသားများ အပြည့်အဝ ဖြစ်တည်မလာသေးပေ။ ထိုသို့အရွက်မျိုး၏ အာနိသင်က နိမ့်ကျတတ်၏။
ဒယ်စောက်၊ နဂါး၊ ဇာမဏီ၊ ချီလင် အစရှိသဖြင့် ပုံရိပ်များ ပြီးပြည့်စုံနေသည့် အရွက်များသာ မယှဉ်နိုင်သော အာနိသင်မျိုး ပိုင်ဆိုင်ထားကြသည်။
ထိုအရွက်များက အနည်းဆုံး နှစ်တစ်သိန်း သက်တမ်း ရှိလောက်လေပြီ။ နှစ်သိန်းချီကာ အာဟာရ ဖြည့်တင်းလာသည့် အရွက်ဟောင်း၏ အာနိသင်က တိုင်းတာ၍ပင် မရပေ။ သူတို့က သစ်ပင်ပေါ်မှ တွဲလောင်းကျနေကာ ကျောက်စိမ်းရောင် တောက်ပနေပြီး ကြယ်လိုမျိုး မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။
ထိုသို့အရွက်အမျိုးအစားက သိပ်တော့ မများလှပေ။
ရှန်ထျန်းက ဉာဏ်အလင်းပွင့် သစ်ပင်တစ်ပင်လုံးတွင် ထိုအရွက်မျိုး ထောင်ချီသာ ရှိကြောင်း အကြမ်းဖျင်း မှန်းဆလိုက်မိ၏။
အရွက်ထောင်ချီနေသောကြောင့် များသည်ဟု မထင်သင့်ပေ။ ဤဉာဏ်အလင်းပွင့် သစ်ပင်က ပေထောင်ချီ မြင့်မားကာ တောင်တစ်လုံးလိုမျိုး ကြီးမားလှသည်။
ထိုဧရာမသစ်ပင်ကြီးဆီမှ ငွေရောင် ဉာဏ်အလင်းပွင့် သစ်ရွက် တစ်ထောင်ကျော်လောက်သာ ရှိနေခြင်းမှာ တစ်လွှာချင်းစီတွင် ထိုသို့အရွက်မျိုး တစ်ရွက်သာ ရှိနေကြောင်း ဆိုလိုခြင်း ဖြစ်၏။ ဆိုလိုသည်မှာ အပြည့်အဝ ဖြစ်တည်လာသည့် သစ်ရွက်တစ်ရွက်စီအတွက် အရွယ်မရောက်သေးသည့် သစ်ရွက်ထောင်ချီ ရှိနေလေသည်။
တစ်ချိန်တည်းတွင် ထိုအပြည့်အဝ အရွယ်ရောက်ပြီးသော သစ်ရွက်များကို အဆင့်အမျိုးမျိုး ပြန်လည် ခွဲခြားနိုင်သည်။
သစ်ပင်က အမြင့်မှာ ရှိနေလေလေ သူတို့အမှတ်အသားက ပိုရှုပ်ထွေးလေလေ ဖြစ်ကာ ပိုမို တောက်ပနေတတ်သည်။ ထိုစဉ် အနိမ့်ဆုံးတွင် ရှိသည့် သစ်ရွက်များပေါ်ရှိ အမှတ်အသားများက လျော့ပါးကာ မှိန်ဖျဖျသာ တောက်ပနေသည်။ သူတို့ အရွယ်ရောက်လာသည်မှာ နှစ်ပိုင်းမျှသာ ရှိသေးကြောင်း ညွှန်ပြနေ၏။
ပေတစ်ထောင်အထက် ကြီးထွားနေသော သစ်ရွက်များက ပို၍ အဆင့်မြင့်ပေသည်။ သူတို့က ကျောက်စိမ်းကဲ့သို့ တောက်ပြောင်နေပြီး ထူထပ်သိပ်သည်းသည့် အငွေ့အသက်မျိုး ထုတ်လွှင့်နေကြသည်။ သူတို့ကို ကြည့်ရုံနှင့်ပင် စိတ်ပေါ့ပါးသွားရ၏။
ပေနှစ်ထောင်မှ သုံးထောင်ကြားရှိ သစ်ရွက်များကို အရွက်ဟုပင် ခေါ်မရတော့ပေ။ သူတို့၏ အမှတ်အသားများက ဒယ်စောက်၊ ဇာမဏီ၊ ခွန်၊ နဂါး အသေးစားလိုမျိုး ဖြစ်ကာ အသက်ဝင်လှ၏။ ထိုအရွက်များ၏ ဘေးပတ်လည်က ဆန်းကြယ်ကာ နက်နဲသည့် ပုံရိပ်သဏ္ဌာန်များ ရှိနေကြသည်။
ဤဉာဏ်အလင်းပွင့် သစ်ပင်၏ အရွက်များက ထိပ်တန်း အရည်အသွေးရှိမှန်း သိသာလှသည်။ နှစ်သောင်းချီ အာဟာရ ဖြည့်ပြီးနောက် သူတို့က အံ့မခန်း အာနိသင်မျိုးကို ပိုင်ဆိုင်ထားကြသည်။
အကယ်၍ သာမန်ပါရမီရှင်တစ်ယောက်သာ ထိုအရွက်များမှ ကြိုချက်ထားသော လက်ဖက်ရည်ကြမ်းတစ်ခွက်ကို သောက်သုံးလိုက်ပါက သူတို့၏ ဉာဏ်အလင်းပွင့်နိုင်စွမ်းက အဆများစွာ မြင့်တက်သွားပေမည်။ သူတို့က ထူးချွန်သော ပါရမီရှင်များ ဖြစ်လာနိုင်၏။
ဉာဏ်အလင်းပွင့် သစ်ပင်ထိပ်ဖျားတွင် အရွက်ဝိုင်းဝိုင်း တစ်ရွက် ရှိနေသည်။
ထိုအရာက ကျောက်စိမ်းဖြူ အပိုင်းလေးလိုမျိုး ဖြစ်ပြီး ကောင်းကင်ယံတွင် လမင်းကြီး ထွက်ပေါ်နေသကဲ့သို့ အေးစက်စက် အလင်းရောင်တချို့ ထုတ်လွှင့်နေသည်။
အေးစက်တယ် … သန့်စင်တယ် … ထိတွေ့မရနိုင်ဘူး …
ဤသည်မှာ ယန်ချော်ရည်ပူကန်အလယ်တွင် ပေါ်နေသည့် ရေခဲယန် မြေပေါ်၌ ပေါက်ရောက်နေသော အံ့ဖွယ်သစ်ပင် ဖြစ်ပေသည်။
ထိုစဉ် ယင်ယန်ဆုံချက်နှစ်ခု တစ်ဖက်တွင် နောက်ထပ် ပေါက်နေသော သစ်ပင်ကြီးတစ်ပင် ရှိနေသေးသည်။
ထိုသစ်ပင်ကြီးကလည်း ဉာဏ်အလင်းပွင့် သစ်ပင်လောက် ကြီးမားပေသည်။ ထိုသစ်ပင်ကြီးက ကြေးခွံများနှင့် အပြည့်အဝ ဖုံးအုပ်ထားသောကြောင့် ကြည့်ရသည်မှာ ခမ်းနားထည်ဝါ အားကြီးလှသည်။
သစ်ကိုင်းများက ရှည်လျားကာ သစ်ပင်မှ အံ့ဖွယ်နဂါးတစ်ကောင် ထွက်ပေါ်လာသလိုမျိုး ဖြစ်နေပြီး ပြင်းထန်သည့် နဂါးအရှိန်အဝါတို့ကို ထုတ်လွှင့်နေသည်။ ဧရာမ ဥကြီးများနှင့် တူသည့် သစ်သီးများကလည်း ထိုသစ်ပင်ပေါ် ကြီးထွားလျက် ရှိကာ အပေါ်ယံမျက်နှာပြင်၌ မှိန်ဖျော့ဖျော့ နဂါးအမှတ်အသားဖြင့် ဖုံးအုပ်ထားသည်။
သစ်သီးများက လေတိုက်ရာအတိုင်း ယိမ်းနွဲ့နေပြီး လေထုထဲ နဂါးအော်သံ ပျံလွှင့်လာသလိုမျိုး ကြားရသူတိုင်း၏ စိတ်ထဲ၌ အကြောက်တရားတချို့ ဖြစ်လာစေသည်။
ထိုသစ်သီးများက ရွှေနီရောင် တောက်ပနေလေ၏။ ထိုသစ်ပင်ပေါ်ရှိ အသီးများက အမြင့်ရောက်လေလေ ပိုမို တောက်ပလေလေ ဖြစ်ပြီး ထိပ်ဆုံးတွင် ရှိသော အသီးများက နေမင်းအငယ်စားလေးနှင့် တူသည်။
ထိုစဉ် ညာဘက်ထိပ်ဖျားရှိ သစ်သီးက မျက်စိဖြင့် တန်းကြည့်ဖို့ရာ တောက်ပနေလွန်းသည်။
“ ဝိုး … ဒါက နဂါးရင်းမြစ် သစ်ပင်လို့တော့ မပြောနဲ့နော် ”
အောင်းဝူက သစ်ပင်ကြီးကို ကြည့်ရင်း ပါးစပ်ဟောင်းလောင်း ဖြစ်နေမိသည်။ နဂါးရင်းမြစ် သစ်ပင်သည် နယ်မြေငါးခုအတွင်း တခြားမျိုးနွယ်စုများကြား ကျော်ကြားခြင်း မရှိသော်လည်း နဂါးနက်မျိုးနွယ်အတွက်မူ တန်ဖိုးမဖြတ်နိုင်ပေ။ ပြောရလျှင် သူတို့အတွက် ဉာဏ်အလင်းပွင့် သစ်ပင်ထက်ပင် ပိုအရေးကြီးသေး၏။
အကြောင်းမှာ ထိုသစ်ပင်ပေါ်ရှိ အသီးများက နဂါးတစ်ကောင်၏ သွေးမျိုးဆက်ကို လှုံ့ဆော်ပေးနိုင်သည်။ ကောလဟာလများအရ နဂါးနက်မျိုးနွယ်၏ ထိပ်တန်း ပါရမီရှင် အောင်းပင်းက လွန်ခဲ့သော နှစ်တစ်သောင်းခန့်က အဆင့်မြင့် နဂါးရင်းမြစ် သစ်သီးတစ်လုံး ရလာပြီး အဆင့် ၉ သွေးမျိုးဆက်အဖြစ် အောင်အောင်မြင်မြင် ရရှိခဲ့သည်ဟု ဆိုကြသည်။
ထိုမတိုင်ခင် အောင်းပင်က ထိပ်တန်း အဆင့် ၈ သွေးမျိုးဆက်သာ ရှိခဲ့သည်။ သူမက အဆင့် ၉ နှင့် အလွန်နီးကပ်နေခဲ့၏။
အောင်းပင်းက အဆင့် ၉ သို့ အောင်အောင်မြင်မြင် ရောက်ရှိသွားခြင်းမှာ နဂါးနက်မျိုးနွယ်စုအတွက် ဤနဂါးရင်းမြစ်သစ်သီးက မည်မျှအရေးပါကြောင်း တွေးကြည့်လို့ ရလေပြီ။
နဂါးရင်းမြစ်သစ်သီးက တခြားသော မျိုးနွယ်များမှ ကျင့်ကြံသူများအတွက်လည်း အကျိုးသက်ရောက်မှု ရှိ၏။ ထိုအရာက သူတို့၏ ရုပ်ပိုင်းဆိုင်ရာကို အားဖြည့်ပေးကာ မာကြောသန်မာလာစေသည်။
သို့သော် ရုပ်ပိုင်းဆိုင်ရာကို တိုးတက်အောင် လုပ်ပေးနိုင်သည့် ရတနာများစွာ ရှိပေသည်။ ထိုအရာများနှင့် ယှဉ်လိုက်လျှင် နဂါးရင်းမြစ်သစ်သီးက နဂါးနက်မျိုးနွယ်၏ သွေးမျိုးဆက်ကို တိုးတက်အောင် လှုံ့ဆော်ဖို့ ပိုသက်ရောက်မှုရှိသည်။
“ အစ်ကိုကြီးရှန်က … တကယ့်ရတနာတွေကို တွေ့ခဲ့တာပဲ ” အောင်းဝူ၏ မျက်နှာက နီရဲနေပြီး “ တကယ်လို့ ကျွန်တော်သာ နဂါးရင်းမြစ် သစ်သီးတစ်လုံးလောက် ရရင် အစ်ကိုကြီးက နဂါးနက်မျိုးနွယ် တစ်ခုလုံးအတွက် ကယ်တင်ရှင် ဖြစ်လာမှာ ”
တကယ်တော့ နဂါးနက်မျိုးနွယ်က ရှန်ထျန်းအား သူတို့၏ ကယ်တင်ရှင်အဖြစ် ယူဆပြီးကြလေပြီ။ ရှန်ထျန်းကြောင့်သာ မဟုတ်လျှင် သူတို့၏ အလားအလာအကောင်းဆုံး ပါရမီရှင် အောင်းပင်းက ဓားစိုက်ခံထားရဦးမည်သာ ဖြစ်၏။
သို့သော် အောင်းဝူလည်း အဆင့် ၉ သွေးမျိုးဆက် ရရှိသွားပါက နဂါးနက်မျိုးနွယ်အတွက် ခေတ်သစ်ကို ယူဆောင်ပေးလာနိုင်လိမ့်မည်။
ရှန်ထျန်းက အရာအားလုံး လှုပ်ရှားပေးခဲ့သူ ဖြစ်သောကြောင့် နဂါးနက်မျိုးနွယ်တစ်ခုလုံးအတွက် ကယ်တင်ရှင်ကြီး ဖြစ်လာပေမည်။
……………
ရှေးဟောင်းသစ်ပင်နှစ်ပင်ကို ကြည့်ကာ ဝမ်ရှန်းယုက ရယ်မောလိုက်ရင်း “ ငါတို့တွေ ဒီသစ်သီးတွေကို ဘယ်လိုခွဲယူကြမလဲ ”
ချီရှောက်ရွမ်က ဝင်ပြောလိုက်သည် “ ညီအစ်ကိုရှန်က ဒီဆန်းကြယ်နယ်ပယ်ကို တွေ့ခဲ့တဲ့လူလေ။ ပြီးတော့ အရင်တစ်ခေါက်က လိပ်နက်နယ်ပယ်တုန်းကလည်း သူ့အပေါ် ကျေးဇူးကြွေး တင်ထားသေးတယ်။ အဲဒါကြောင့် ဒီသစ်သီးတွေကို ငါတို့က လိုအပ်သလောက်ပဲ ယူပြီးတော့ ကျန်တာအားလုံးက ညီအစ်ကိုရှန်အပိုင်ပဲ”
ဝမ်ရှန်းယုက အတွေးနက်စွာ ပြန်ပြောလိုက်သည် “ မင်းက အရူးဆိုပေမဲ့ ဒီတစ်ခါတော့ မင်းပြောတာ မှန်သွားပြီ။ ညီအစ်ကိုရှန်က ငါ့အတွက် အများကြီး လုပ်ပေးထားတာဆိုတော့ ဒီရတနာတွေကို ပေးလိုက်လို့ ရတယ် ”
ရှန်ထျန်းက ပြုံးရယ်လိုက်ကာ “ ငါတို့တွေ ဘယ်လောက် အားထုတ်ရလဲပေါ် မူတည်ပြီးတော့ ခွဲတာ ပိုကောင်းလိမ့်မယ်။ ဒီသစစ်ပင်တွေက နှစ်များစွာ ရှိနေတာဆိုတော့ သစ်သီးတွေက အများကြီးပဲလေ။ ဒါပေမဲ့ သူတို့ကို ခူးဆွတ်ဖို့တော့ သိပ်မလွယ်လောက်ဘူး ”
အောင်းဝူက ခေါင်းညိတ်ကာ ရှင်းပြလိုက်သည် “အစ်ကိုကြီးရှန် ပြောတာ မှန်တယ်။ ဉာဏ်အလင်းပွင့် သစ်ရွက်နဲ့ နဂါးရင်းမြစ် သစ်သီးတွေကို ခူးဖို့ တော်တော်ခက်တယ်။ သူတို့ကိုယ်တိုင်က သစ်ပင်နဲ့ တစ်သားတည်းဆိုတော့ ခူးလို့မရအောင် ကာကွယ်ဖို့ ယင်ယန်ဆုံချက်နှစ်ခုရဲ့ စွမ်းအားတွေကို ဌားသုံးနိုင်တယ်။
ကျွန်တော်တို့ မျိုးနွယ်ရဲ့ ရှေးဟောင်းမှတ်တမ်းထဲမှာ ဉာဏ်အလင်းပွင့် သစ်ပင်နဲ့ နဂါးရင်းမြစ် သစ်ပင်တို့က လပြည့်ညမှ ထွက်ပေါ်လာတယ်လို့ မှတ်ထားတယ်။ သူတို့က ကံစပ်တဲ့ ကျင့်ကြံသူတွေနဲ့ တွေ့ပြီးတဲ့နောက် ချက်ချင်း ပျောက်ကွယ်သွားတတ်တယ်တဲ့ …
ဆိုတော့ ကျွန်တော်တို့ဆီမှာ အချိန်သိပ်မရဘူး။ တစ်ညပဲ အချိန်ရမယ် ”
ထိုသို့ပြောပြီးနောက် အောင်းဝူက မျိုးနွယ်၏ ဆန်းကြယ်ပညာရပ်များကို ထုတ်သုံးကာ နဂါးရင်းမြစ် သစ်သီးများကို စတင်ဆွဲဆောင်တော့သည်။
သို့သော် သူ စောစောလေးက ပြောခဲ့သည့်အတိုင်း သစ်သီးများကို အလွယ်တကူ ခူးမရပေ။ သူတို့အပေါ်ယံရှိ နဂါးအမှတ်အသားများက အံ့အားသင့်လောက်ဖွယ် စွမ်းအားများ ပိုင်ဆိုင်ထားကြသည်။
အောင်းဝူက ဆန်းကြယ်ပညာရပ်ဖြင့် သစ်သီးတစ်လုံးကို ရွေးချယ်လိုက်သည်နှင့် ထိုသစ်သီးအပေါ်ယံတွင် ရွေနီရောင် အလွှာ ထွက်ပေါ်လာပြီး သူ့ကြိုးစားမှုအား တားမြစ်လိုက်သည်။
ထိုအလွှာက အတော်လေး အားကောင်းလှ၏။ အောင်းဝူ၏ ထိပ်တန်း ရွေရောင်ကိုယ်ထည် စွမ်းရည်ဖြင့်ပင် ချက်ချင်း မချိုးဖောက်နိုင်ပေ။
ချီရှောက်ရွမ်က ကြည့်လိုက်ကာ “ ငါ ကူညီပေးမယ် ”
ချီရှောက်ရွမ်နောက်တွင် ခရမ်းအငွေ့အသက် အမြောက်အများ ပေါ်ထွက်လာပြီး ဧရာမလက်သီးကြီးအသွင် ပြောင်းလဲသွားသည်။ ထိုအရာက နဂါးရင်းမြစ် သစ်သီးဆီ လှမ်းရွယ်လိုက်၏။
ဝုန်း …
ရုတ်ချည်းဆိုသလို တခြားသော သစ်သီးများလည်း စတင် တုန်ခါလာကြသည်။
သူတို့အပေါ်ယံရှိ နဂါးအမှတ်အသားများက ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ သူတို့စွမ်းအားကို ပထမသစ်သီးဆီ ထောက်ပံ့ပေးလိုက်ကြ၏။
ထိုနဂါးရင်းမြစ် စွမ်းအားက ချီရှောက်ရွမ်နှင့် အောင်းဝူ၏ တိုက်ခိုက်မှုကို အပြည့်အဝ တားဆီးလိုက်ကြသည်။ သစ်သီးက နဂိုအတိုင်း ကျန်ရှိနေလေ၏။
“ အားကောင်းလိုက်တဲ့ ခံနိုင်ရည် … ငါတောင် မချိုးဖောက်နိုင်ဘူး ”
ချီရှောက်ရွမ်က အတော်လေး အံ့အားသင့်နေပုံပေါ်ကာ မယုံနိုင်ဖွယ် ဖြစ်နေသည်။
သူက ခရမ်းလက်သီးချက်၌ အားအပြည့် ထည့်မထားသော်လည်း အနည်းဆုံး ၈၀ ရာခိုင်နှုန်းလောက် ပါဝင်ပေသည်။
ဤတိုက်ကွက်တစ်ခုတည်းဖြင့် သာမန် အနည်းငယ် အားကောင်းသော ကျင့်ကြံသူကို ပြားချပ်သွားစေလိမ့်မည်။
ဒါပေမဲ့ ငါ သစ်သီးလေးကိုတောင် မခူးနိုင်ခဲ့ဘူးလား …
ရှန်ထျန်းက ပြုံးကာ “ တကယ်လို့ ငါသာ မမှားရင် ဒီသစ်သီးတွေကို လက်နဲ့ ခူးလို့ မရလောက်ဘူး။ ဒါက အံ့ဖွယ်သစ်ပင်ရဲ့ စည်းမျဉ်းတစ်ခုပဲ ”
အောင်းဝူက ခေါင်းညိတ်ကာ “ ဟုတ်တယ် … အံ့ဖွယ်သစ်ပင်ရဲ့ အသိအမှတ်ပြုမှုကို လက်ခံရယူနိုင်တဲ့ အားကောင်းကောင်း ပါရမီရှင်မျိုးသာ သစ်သီးတွေကို လက်ဆောင်ရနိုင်မှာ။ တကယ်လို့ ကျွန်တော်တို့ ပူးပေါင်းလိုက်ရင် အဲဒီသစ်သီးတွေရဲ့ ကာကွယ်နိုင်စွမ်းက ပိုအားကောင်းလာလောက်တယ်။ ပြီးတော့ သစ်သီးတွေကို ခူးလေလေ ကျန်တဲ့ သစ်သီးတွေက ပိုခံနိုင်ရည် ကောင်းလာလေလေ ဖြစ်လာမှာ ”
ထိုသို့ပြောပြီးနောက် အောင်းဝူက စိတ်လျော့သွားပုံပေါ်သည်။
သူ မျက်စိကျနေသော နဂါးရင်းမြစ်သစ်သီးက အလွယ်တကူး ခူးမရပေ။ အောက်ပိုင်းရှိ သစ်သီးများက သိပ်မတောက်ပသလို ရင့်မှည့်ပုံလည်း မပေါ်သေးပေ။
သူတို့က သူ့အား အဆင့် ၉ သွေးမျိုးဆက် ရဖို့ လှုံ့ဆော်ပေးရာ၌ အသုံးဝင်မည် မဟုတ်လောက်ချေ။
တကယ်လို့ ငါသာ နဂါးရင်းမြစ် သစ်ပင်နဲ့ တွေ့မယ်မှန်းသာ ကြိုသိခဲ့ရင် ကြိုးကြိုးစားစား ကျင့်ကြံပြီးတော့ နိဗာနအဆင့်ကို ရောက်အောင် လုပ်ခဲ့ပါတယ် …
အခုတော့ ငါ့ရွှေရောင်ကိုယ်ထည် ကျင့်ကြံဆင့်က အရမ်းအားနည်းလွန်းနေတယ် …
အောင်းဝူက စိတ်ထဲတွင် ငိုကြွေးမိနေသည်။ ရုတ်ချည်းဆိုသလို ဘေးဘက်မှ ရွှေရောင်အလင်းများ တောက်ပလာလေ၏။
ရှန်ထျန်းကို ရွှေရောင်အလင်းများ ခြုံလွှမ်းသွားပြီး ရွှေလူသားအသွင် ဖြစ်နေလေပြီ။
သူက ညာဘက်လက်ကို ဆန့်ထုတ်လိုက်သည့်အခါ မြစိမ်းရောင် နွယ်ပင်က နဂါးရင်းမြစ် သစ်ပင်ဆီ သွားလိုက်သည်။ သူက အောင်းဝူ ပစ်မှတ်ထားနေသည့် သစ်သီးထက် ပိုမြင့်သည့် သစ်သီးကို ရွေးချယ်လိုက်သည်။ ထိုအရာက နဂါးအရှိန်အဝါ ပြင်းပြင်း ထုတ်လွှင့်နေသည်။
ရှန်ထျန်း၏ တိုက်ခိုက်မှုကို မြင်ကာ ထိုသစ်သီးပေါ်ရှိ အမှတ်အသားများက တောက်ပလာကာ အလွှာတစ်ခု ဖွဲ့စည်းလိုက်ကြသည်။
သို့သော် အသုံးမဝင်ပေ။
မြစိမ်းရောင် နွယ်ပင်ကို ငွေရောင်အရည်များဖြင့် လွှမ်းခြုံထားသောကြောင့် စွမ်းအားက ပြိုင်ဖက်ကင်းပေသည်။
ဝုန်း ….
ရွှေနီရောင် အလွှာ ထိုးဖောက်ခံလိုက်ရပြီးနောက် ရွှေနီရောင်အလင်းက သွေးစက်လိုမျိုး ထွက်လာကာ နွယ်ပင်ကို လုံးဝ မတားဆီးနိုင်လိုက်ပေ။ နွယ်ပင်က နဂါးရင်းမြစ် သစ်သီးကို ရစ်ပတ်ကာ ဆွဲယူလိုက်သည်။ သစ်သီးက ရှန်ထျန်း လက်ထဲ ရောက်ရှိလာလေသည်။
“ အစ်ကိုကြီးရှန်က တော်လိုက်တာ … တစ်ချက်တည်းနဲ့ နဂါးရင်းမြစ် သစ်သီးကို ခူးနိုင်လိုက်တာပဲ ”
အောင်းဝူ၏ မျက်ဝန်းများက လေးစားမှုအပြည့် ဖြစ်နေသည်။
သူက အရှေ့ပိုင်းလွင်ပြင်တစ်ခုလုံးမှာ အားအကောင်းဆုံး ပါရမီရှင်ဆိုတာ အမှန်ပဲ … အစ်ကိုကြီးရှန်က အစ်ကိုရှောက်ရွမ်ထက် ပိုအားကောင်းတယ် …
ဘေးတွင် ရပ်နေသည့် ချီရှောက်ရွမ်က စိတ်ထဲ ချဉ်လာမိသည်။
ထိုစဉ် ဝမ်ရှန်းယု တစ်ယောက်က ဝေခွဲမရ ဖြစ်ပြီး အတွေးများနေလေသည်။
ငါ သစ်သီးတစ်လုံးကို ခူးဖို့ အသက်ဓာတ် ထုတ်သုံးရမလား … တကယ်လို့ ခူးမရခဲ့ရင်ရော …
ငါ့သက်တမ်းက ကန့်သတ်ချက်နဲ့ဆိုတော့ နည်းနည်းလေးတောင် ဖြုန်းလို့ မဖြစ်ဘူး …