ပါရမီရှင်များနှင့် တိုက်ခိုက်ဖို့ ရှေးးအချိန်ကို ဖြတ်သန်းသွားခြင်း
Vol. 22 Ch. 327
အခန်း (၃၂၇) : ပါရမီရှင်များနှင့် တိုက်ခိုက်ဖို့ ရှေးးအချိန်ကို ဖြတ်သန်းသွားခြင်း
“ ဒါက နဂါးရင်းမြစ် သစ်သီးလား ”
အားလုံးက စုပြုံလာကာ သစ်သီးကို မျက်လုံးတလက်လက်ဖြင့် ကြည့်နေကြ၏။
ရှန်ထျန်း လက်ထဲရှိ နဂါးရင်းမြစ် သစ်သီးက ရှောက်ချိုသီးအရွယ်လောက် ဖြစ်ပြီး ရွှေနီရောင်အလင်းများ ဖြာထွက်နေသည်။ သစ်သီးအပေါ်ယံတွင် အံ့ဩလောက်ဖွယ် နဂါးအမှတ်အသားများဖြင့် ဖုံးအုပ်ထားသည်။ ထိုအမှတ်အသားများကို အသာပွတ်လိုက်သည့်အခါ နဂါးအော်သံများပင် ကြားရသည်။
ရှန်ထျန်းက နဂါးရင်းမြစ် သစ်သီးကို အောင်းဝူဆီ ပစ်ပေးလိုက်ပြီး “ရှောင်ဝူ မင်းအတွက် ”
အောင်းဝူက လုံးဝ ကြောင်သွားလေသည်။
ဒါက အဖိုးတန် ရတနာလေ … အစ်ကိုကြီးရှန်က ငါ့ဆီ ဒီလိုပေးပစ်လိုက်တာလား
အကယ်၍ ရှန်ထျန်းသာ အလိုရှိပါက ထိုသစ်သီးအတွက် ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်းပင် အလွယ်တကူ ပြန်တောင်းနိုင်လေသည်။
ဟုတ်ပေသည်။ ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်း ဖြစ်၏။
ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်းများက အလွန်အဖိုးတန်သော်လည်း မြောက်ပင်လယ် နဂါးနက်မျိုးနွယ်တွင် အတော်အတန် ပိုင်ဆိုင်ထားသည်။ စမ်းသပ်ချက် သုံးကြိမ် ခံယူထားသော ဝိဇ္ဇာတစ်ပါးက အချိန်ရှိသရွေ့ ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်းကို ပျိုးထောင်နိုင်ကြသည်။
သို့သော် နဂါးရင်းမြစ် သစ်သီးက အခွင့်ကြုံတိုင်း ရလာသည့် အရာမျိုး မဟုတ်ပေ။ ပြောရလျှင် နဂါးမျိုးနွယ်က နှစ်တစ်သောင်းကြာ ရှာဖွေလာခဲ့သော်လည်း နဂါးနတ်ဘုရားကျွန်း၏ တည်နေရာကို ရှာမတွေ့ခဲ့ကြချေ။
ဤအထွတ်အထိပ်အဆင့် နဂါးရင်းမြစ် သစ်သီးကို ထည့်ပြောဖို့ မလိုတော့ပေ။
ရှန်ထျန်း လက်ထဲရှိ သစ်သီးဖြင့် အောင်းဝူက အဆင့် ၉ သွေးမျိုးဆက် သေချာပေါက် လှုံ့ဆော်နိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားသည်။ နဂါးမျိုးနွယ်၏ စွမ်းအားကို သိသိသာသာ တိုးတက်လာစေလိမ့်မည်။ ထိုအရာက ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်းများထက် ပို၍ တန်ဖိုးရှိလေသည်။
အောင်းဝူက လက်ခံဖို့ သိပ်မသင့်တော်သလို ခံစားနေရသောကြောင့် “ အစ်ကိုကြီးရှန်ပဲ အရင်သိမ်းထားလိုက်ပါ။ ကျွန်တော်တို့ ပြန်ရောက်မှ အဖေဆီ အစ်ကိုကြီးရှန် ဆုလာဘ်နဲ့ လဲလှယ်ဖို့ ပြောလိုက်ပါ့မယ် ”
ရှန်ထျန်းက ပြုံးကာ “ မင်းက ငါ့ကို အစ်ကိုခေါ်နေမှတော့ တစ်မိသားစုတည်းပဲလေကွာ။ ဒါလေးက နဂါးရင်းမြစ် သစ်သီးလေးပဲလေ။ လက်ဆောင်ပေါ့ကွာ … ဆုလာဘ်တွေ ဘာတွေ ပြောနေစရာ မလိုပါဘူး ”
ထိုသို့ပြောပြီးနောက် အောင်းဝူ၏ ရောင်ဝါတို့က ပိုမို တောက်ပလာသည်။ ခရမ်းရောင် အစက်အပြောက်များက ပိုများလာလေ၏။
ထိုစဉ် ရှန်ထျန်းက သူ့ကိုယ်တိုင်လည်း ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ ထို့ကြောင့် ရှန်ထျန်း၏ အပြုံးတို့က ပိုမို တောက်ပလာသည်။
……….....
နဂါးရင်းမြစ် သစ်သီးလေး တစ်လုံးတဲ့လား …
အခြားသုံးယောက်က ရှန်ထျန်း တွေးနေသည့်အရာများကို မသိပေ။ သူတို့က အံ့ဩတုန်လှုပ်နေမိသည်။
သူတို့က ရှန်ထျန်း၏ ရက်ရောမှု၊ လေးနက်မှုနှင့် သစ္စာရှိမှုတို့ကြောင့် အံ့ဩနေမိကြသည်။
အကယ်၍ သူတို့သာ ဖြစ်နေလျှင် ထိုသို့သော အဖိုးတန်ရတနာကို သူများဆီ အလွယ်လေး ပေးမပစ်နိုင်ပေ။ ထိုအရာက နဂါးနက်မျိုးနွယ်၏ ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်းတစ်ခုနှင့် လဲလှယ်လို့ရသည့် အရာ မဟုတ်ပါလော။
အောင်းဝူကလည်း ရင်ထဲ ခံစားသွားရကာ မျက်လုံးများပင် နီရဲလာသည်။ သူက နဂါးရင်းမြစ် သစ်သီးကို လက်ခံလိုက်ပြီး “ အစ်ကိုကြီးရှန် စိတ်မပူပါနဲ့ … အဖေကို အစ်ကိုကြီးရှန်က ဒီသစ်သီး ရလာဖို့ ကူညီပေးခဲ့တဲ့အကြောင်းကို ပြောပြလိုက်ပါ့မယ်။ ကျွန်တော်တို့ ပြန်ရောက်ရင် ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်းတစ်ခုကို လက်ဆောင်ပေးဖို့လည်း တောင်းဆိုလိုက်မယ်။ နဂါးရင်းမြစ် သစ်သီးအတွက် အပြန်အလှန် လက်ဆောင်လေးပေါ့ …
အစ်ကိုကြီးရှန် မငြင်းနဲ့နော် … သိမ်းထားတာ မသိမ်းထားတာတော့ အစ်ကို့သဘောပါပဲ။ ဒါပေမဲ့ နဂါးမျိုးနွယ်က တစ်ခုခုတော့ ပြန်ပေးသင့်တယ်လေ။ ကျွန်တော်တို့ကလည်း ကိုယ့်မာနနဲ့ကို ရှိကြသေးတယ်ဆိုတော့ … ”
ဟမ် …
ရှန်ထျန်းက မျက်မှောင်ကြုတ်လိုက်မိသည်။ တစ်နည်းနည်းဖြင့် သူက ထိုစကားနှင့် အတော်လေး ရင်းနှီးနေကြောင်း ခံစားမိလိုက်သည်။
နဂါးမျိုးနွယ်က အဲလောက်တောင် တကယ်ကြီး ရက်ရောတယ်လား …
ဟုတ်သား … ဝတ္တုတွေထဲမှာဆိုရင် နဂါးမျိုးနွယ်က ရတနာအများကြီး ပိုင်ဆိုင်ကြောင်း ခဏတိုင်း ပြောကြတယ် မလား …
ရှန်ထျန်းက ရုတ်ချည်း အတွေးကောင်းတစ်ခု ပေါ်လာသည်။
တကယ်လို့ ငါသာ နဂါးရင်းမြစ် သစ်သီးများများ ခူးနိုင်ခဲ့ရင် … နဂါးတွေရဲ့ ရတနာသိုလှောင်ခန်းကို မောင်ပိုင်စီးလို့ ရသွားမယ် မဟုတ်ဘူးလား …
ထိုအတွေးဖြင့် ရှန်ထျန်းက အံ့ဖွယ်ဝါးမျိုနွယ်ပင်များကို ထုတ်ကာ သစ်သီးများကို တစ်လုံးပြီး တစ်လုံး ခူးဆွတ်ဖို့ ရည်ရွယ်လိုက်သည်။
ဝုန်း
ဝုန်း ဝုန်း
ဝုန်း ဝုန်း ဝုန်း …
အလွှာများက အံ့ဖွယ်ဝါးမျိုနွယ်ပင်၏ ထိုးဖောက်ခြင်းကို ခံရပြီး ရွှေနီရောင်အလင်းများက နေရာအနှံ့ ပြန့်ကျဲကုန်သည်။
ရွှေနီရောင် နဂါးရင်းမြစ် သစ်သီးများက တစ်လုံးပြီး တစ်လုံး အံ့ဖွယ်ဝါးမျိုနွယ်ပင် လက်ချက်ဖြင့် ခူးဆွတ်ခံလိုက်ရသည်။ အခြားသုံးယောက်က ပါးစပ်အဟောင်းသားဖြင့် ကြောင်ကြည့်နေကြသည်။
ငါတို့ကို အမှန်အတိုင်း ပြောစမ်းပါ … ဒီသစ်ပင်က အရင်နဲ့ အတူတူပဲလား …
ငါတို့အလှည့်ကျ သစ်သီး ခူးဖို့ အသေခက်နေပြီးတော့ အလွှာကလည်း သံမဏိနဲ့ ကာထားသလား အောက်မေ့ရတယ်။ ညီအစ်ကိုရှန်ရဲ့ နွယ်ပင်တွေက အေးအေးဆေးဆေး ထိုးဖောက်ပြီးတော့ ခူးနေတာလေ … ပြောတော့ သစ်သီးတွေက ခူးလေလေ ခုခံရည်အားက ပိုကောင်းလေလေဆို
ဒီသစ်သီးတွေက သူ ရုပ်ချောလို့ သူ့လက်ထဲပဲ ပါချင်နေကြတာလား ...
လက်တွေ့၌ ရှန်ထျန်းက နဂါးရင်းမြစ် သစ်သီးများ၏ ခုခံရည်အားက ပိုမြင့်လာကြောင်း ခံစားမိလိုက်သည်။ သူ သစ်သီးတစ်လုံး အောင်အောင်မြင်မြင် ခူးနိုင်သွားသည်နှင့် ကျန်သစ်သီးများ၏ အလွှာက ပိုအားကောင်းလာကြသည်။
သစ်သီးဆယ်လုံးလောက် ခူးဆွတ်ပြီးနောက် လေးလံရေစင် ဖုံးအုပ်ထားသည့် အံ့ဖွယ်ဝါးမျိုနွယ်ပင်ဖြင့်ပင် အားအကုန်စိုက်ထုတ်၍ ခူးဆွတ်ရတော့သည်။
အကြောင်းမှာ ရှန်ထျန်းက ထိပ်နားက သစ်သီးတွေကို ခူးဖို့ ရွေးချယ်ထားသောကြောင့် ဖြစ်သည်။ အကယ်၍ ရှန်ထျန်းသာ အောက်ပိုင်းနားက သစ်သီးများကို ရွေးလျှင် သူတို့ခုခံရည်အားက ပိုအားပျော့ပေမည်။
ဟားဟား … ခုခံနေလိုက်ကြစမ်းပါ
မင်းတို့ ခုခံလေလေ ငါက စိတ်လှုပ်ရှားလေပဲ …
ရှန်ထျန်းက စစ်နတ်ဘုရား အသွင်ပြောင်းခြင်းကို အသက်သွင်းလိုက်သည်။ သူ့တစ်ကိုယ်လုံး ရောင်စုံအလင်းများ လွှမ်းခြုံသွားသလို ဆံပင်များလည်း ထောင်မတ်လာသည်။ ယခု ရှန်ထျန်းရှေ့မှောက်တွင် ထိုအားကောင်းသော အလွှာများက ဘာမှမဟုတ်တော့ပေ။ သူတို့က သူ့ကို လုံးဝ မတားဆီးနိုင်ကြပေ။
သူ့ထက် ကိုယ်သာအောင် ကြိုးစားနေကြသည့် ချီရှောက်ရွမ်နှင့် ဝမ်ရှန်းယုတို့က ကြောင်အအသာ ဖြစ်နေတော့သည်။ သူတို့က ကနဦးဝိညာဉ်အဆင့် ဖြစ်နေသောကြောင့် ထိုသစ်သီးများ၏ ခုခံအားက ပိုအားကောင်းနေခြင်း ဖြစ်၏။
သူတို့က ပထမဆုံး ခူးဆွတ်ဖို့ ကြိုးစားကတည်းက အားကောင်းသည့် ခုခံအားကို ခံစားခဲ့ရသည်။ နှစ်ယောက်လုံးက သစ်သီးတစ်လုံး ခူးနိုင်ဖို့ တစ်နာရီလောက် ကြာမြင့်သွားလေ၏။
ထိုစဉ် ရှန်ထျန်း၏ သိုလှောင်လက်စွပ်အတွင်း နဂါးရင်းမြစ် သစ်သီး အလုံး သုံးဆယ်ကျော်လောက် သိမ်းဆည်းပြီးသွားလေပြီ။ အားလုံးကလည်း ထိပ်တန်း အရည်အသွေးများ ဖြစ်ကြ၏။
ကိုယ့်ဘာသာ တခြားလူများနှင့် နှိုင်းယှဉ်ခြင်းက ဆိုးရွားပေသည်။
ဝုန်း …
နဂါးရင်းမြစ် သစ်ပင်၏ အောက်ခြေရှိ ချော်ရည်ပူများက ရုတ်ချည်းဆိုသလို အပြင်းအထန် လှုပ်ရှားလာသည်။ ယင်ယန် ဆုံချက်နှစ်ခု ပိုင်နက်ကလည်း တုန်ခါလာကာ မြင့်မားလှသည့် နဂါးရင်းမြစ် သစ်ပင်ကြီးက ဖြည်းဖြည်းချင်း မြှပ်သွားလေသည်။
“ ငါ့အတွက် မလုံလောက်သေးဘူးလေ။ ဘာလို့ နောက်ဆုတ်သွားတာတုန်း ”
ရှန်ထျန်းက မဲ့ရွဲ့မိလိုက်တော့သည်။ ထိုရွှေနီရောင် အသီးများက အထွတ်အထိပ် ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်းများနှင့် ယှဉ်နိုင်လေသည်။ အကယ်၍ ညစာအချိုတည်းပြီးနောက် စားသုံးပါက ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်သည့် ဆေးကောင်းတစ်ခု ဖြစ်၏။
မဟုတ်သေးဘူး … ငါ ထပ်ခူးရဦးမယ်
……………….....
ရှန်ထျန်းက သူ့ရွှေရောင်တောင်ပံကို ဖြန့်လိုက်ပြီး အလင်းတန်းအသွင် ပြောင်းလဲသွားသည်။ သူက နဂါးရင်းမြစ် သစ်ပင်အပေါ်၌ ပြန်ပေါ်လာပြီး ထိပ်ဆုံးရှိ နဂါးရင်းမြစ် သစ်သီးကို ခူးဖို့ ပြင်လိုက်သည်။
ချွမ် …
ထိပ်ဆုံးအသီးက အံ့ဖွယ်သတ္တုနှင့် ပြုလုပ်ထားသည့်အလား အလင်းတန်းများ တောက်ပနေသည်။ လေးလံရေစင်ဖြင့် ဖုံးအုပ်ထားသော ရှန်ထျန်း၏ အံ့ဖွယ်ဝါးမျိုနွယ်ပင်က ထိုအလွှာပေါ် ခြစ်ရာလေးသာ ချန်ထားနိုင်ခဲ့သည်။
ထိပ်ဆုံး သစ်သီးက နဂါးရင်းမြစ် သစ်ပင်အတွက် အလွန်အရေးပါကြောင်း သိသာလှသည်။
ဤနဂါးရင်းမြစ် သစ်ပင်က နှစ်များစွာ ကျင့်ကြံလာပြီးနောက်တွင်ပင် ကိုယ်ပိုင် အသိစိတ်မျိုး ဒါမှမဟုတ် အသိဉာဏ်မျိုး မပိုင်ဆိုင်ထားသေးပေ။ သို့သော် ထိုအရာက ရှန်ထျန်းဆီ ထိပ်ဆုံး သစ်သီးကို ထည့်မပေးလိုက်ချင်ကြောင်း ပြသနေသည်။ ထိုအရာက အင်မတန် အဖိုးတန်လွန်းလှ၏။
ထိုသစ်သီးကသာ ထူးခြားအံ့ဖွယ် ပစ္စည်းများကဲ့သို့ ရှန်ထျန်း၏ လိုချင်တပ်မက်မှုကို အားကောင်းကောင်း လှုံ့ဆော်ပေးနိုင်လေသည်။ ထို့ကြောင့် ရှန်ထျန်းက ထိုသစ်သီးကို အရယူဖို့ ဆုံးဖြတ်လိုက်သည်။
ရှန်ထျန်းက လိုချင်တာ ဘာဖြစ်ဖြစ် ရအောင် ယူတတ်သည်။
အံ့ဖွယ်ဝါးမျိုနွယ်ပင်တွင် အဖြူရောင် ပြန့်ဟွားပန်း ပွင့်လာပြီးနောက် နွယ်ပင်တစ်ခုလုံးက ပုံရိပ်ယောင်နှင့် တူလာလေသည်။
ဝှစ် …
ဤသည်က သူ အတော်ကြာ လေ့ကျင့်လာခဲ့သည့် သတ်ဖြတ်ကွက် ဖြစ်ပြီး တစ်ချက်တည်းဖြင့် အောင်မြင်မှုကို အာမခံပေးနိုင်သည်။ အံ့ဖွယ်ဝါးမျိုနွယ်ပင်က ထိပ်ဆုံးရှိ အသီးပေါ်က အားကောင်းသည့် အလွှာကို ထိုးဖောက်လိုက်ပြီးနောက် တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားလိုက်သည်။
ဝုန်း …
နဂါးရင်းမြစ် သစ်သီးက အပြင်းအထန် တုန်ခါသွားပြီးနောက် မြေကြီးထဲ အလျှင်အမြန် မြှပ်ဝင်သွားတော့သည်။ ထိပ်ဆုံး အသီးတွင် စွမ်းအားအများအပြား ပိုင်ဆိုင်ထားသော်လည်း အံ့ဖွယ်ဝါးမျိုနွယ်ပင်၏ ရစ်ပတ်မှုကို ခံထားရဆဲ ဖြစ်၏။
ထိုစဉ် ရှန်ထျန်းက သူ့ကိုယ်သူ ကောင်းကင်အသျှင်အဆင့် ပညာရှင်တစ်ယောက်နှင့် ရင်ဆိုင်နေရသလိုမျိုး ခံစားနေရသည်။ သူက ထိုသစ်ပင်ဆီ ဆွဲခေါ်ခံလိုက်ရ၏။
ငါ မကိုင်တွယ်နိုင်ဘူးလို့ မယုံဘူး …
ရှန်ထျန်းက အံ့ကြိတ်ကာ အသီးနှင့် ဆက်နွယ်နေသည့် အကိုင်းအခက်များပါ အံ့ဖွယ်ဝါးမျိုနွယ်ပင်ဖြင့် ချိုးယူပစ်လိုက်သည်။
လေထဲ မျက်စိစူးမတတ် ဓားအလင်းရောင် ထွက်ပေါ်လာသည်။ အံ့ဩလောက်ဖွယ် ဓားပျံ အငွေ့အသက်မျိုး ထွက်ပေါ်လာသည်။
…………....
ချွမ် …
ရှန်ထျန်း၏ အံ့ဖွယ်ဝါးမျိုနွယ်ပင်က ထိပ်ဆုံးအသီးကို ဆွတ်ခူးနိုင်ခဲ့လေပြီ။ နဂါးရင်းမြစ် သစ်ပင်ကို ရွှေနီရောင်အလင်းများ လွှမ်းခြုံထားပြီးနောက် ချော်ရည်ပူထဲ အလျှင်အမြန် နောက်ဆုတ်သွားတော့သည်။
နောက်စက္ကန့်လောက် နေဖို့တောင် အလွန်ကြောက်သွားဟန် ပေါ်သည်။
ချီရှောက်ရွမ် “ … ”
ဝမ်ရှန်းယု “ … ”
အောင်းဝူ “ … ”
အစ်ကိုရှန်က ဒီသစ်ပင်ကိုတောင် နောက်ဆုတ်သွားဖို့ ဖိအားပေးနိုင်လိုက်တာပဲ
ဤနဂါးရင်းမြစ် သစ်ပင်က နောက် နှစ်သုံးရာမှ ငါးရာအထိ ထပ်မံ ထွက်လာရဲတော့မည် မဟုတ်ပေ။ နှစ်တစ်ထောင်လောက်အထိလည်း ကြာမြင့်သွားနိုင်သည်။
“ နောက်ဆုံးတော့ ရလိုက်ပြီ။ အတော်လေး ပင်ပန်းသွားတာပဲ ”
ရှန်ထျန်းက နဂါးရင်းမြစ် သစ်သီးကို နေလုံးလေးလိုမျိုး ကိုင်ထားသည်။ ခူးဆွတ်ပြီးနောက်တွင်ပင် အသီးက တုန်ခါနေဆဲ ဖြစ်၏။
အခြားသုံးယောက်၏ မျက်နှာလည်း ပြောင်းလဲသွားကြသည်။ သူတို့က တစ်ဖက်ရှိ ဉာဏ်အလင်းပွင့် သစ်ပင်လည်း စတင် တုန်ခါလာကြောင်း သတိထားမိလိုက်ကြ၏။
မဖြစ်တော့ဘူး …ထွက်ပြေးဖို့ ကြိုးစားနေပြီ
ရှန်ထျန်းက မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်သည်။ သူက ရွှေတောင်ပံကို ဖြန့်ကာ ထိုသစ်ပင်ဆီ တဟုန်ထိုး သွားလိုက်သည်။
ဝှစ်
ဝှစ် ဝှစ် ဝှစ်
ဝှစ် ဝှစ် ဝှစ် ဝှစ် ဝှစ် ….
ဉာဏ်အလင်းပွင့် သစ်ပင်က ရှန်ထျန်း ချည်းကပ်လာသည့် အငွေ့အသက်ကို ခံစားမိကာ တုန်လှုပ်လာပုံပေါ်သည်။ သစ်ပင်ရှိ မရင့်မှည့်သေးသည့် သစ်ရွက်များက သူတို့သစ်ကိုင်းများကို လေဆင်နှာမောင်းသဖွယ် ရှန်ထျန်းဆီ ဝင်ရောက်လာကြသည်။
ဉာဏ်အလင်းပွင့် သစ်ပင်က နှစ်တစ်သန်းလောက်ရှိပြီ ဖြစ်သော်လည်း အသိစိတ် မဖွံ့ဖြိုးလာသေးသည်မှာ ထူးဆန်းလှသည်။ တိုက်ခိုက်မှုများကလည်း ကြမ်းတမ်းကာ ရိုးရှင်းသေးသည်။ သစ်ရွက်များ၏ တိုက်ခိုက်မှုက အားနည်းသည့် ရွှေအမြုတေအဆင့်များ စုတိုက်သလိုသာ ဖြစ်နေသည်။
ထိုအပင်၏ စွမ်းအားအစစ်အမန်က အားနည်းနေတာလား ဒါမှမဟုတ် ကန့်သတ်ခံထားရတာလား မည်သူမှ မသိပေ။
ရှန်ထျန်းက လက်ဟန်တချို့လုပ်ကာ “ ခွန်ပန်တာအို - မဟာကောင်းကင် ဝါးမျိုခြင်း ပညာရပ် ”
ရှန်ထျန်းနောက်တွင် ဧရာမခွန်ပုံရိပ်သဏ္ဌာန်ကြီး ထွက်ပေါ်လာသည်။
ခွန်က ပါးစပ်ကြီးကို ဖွင့်လိုက်သည့်အခါ စုပ်ယူအား ကောင်းသည့် လေဟာနယ် ဝဲဂယက်ကြီးတစ်ခု ပေါ်လာသည်။ ထိုသစ်ရွက်များက ဝဲဂယက်ထဲ စုပ်ယူခံလိုက်ရပြီး တိုက်ခိုက်စွမ်းအားများ ပျောက်ဆုံးသွားသည်။ ရှန်ထျန်းက သူတို့ကို သိမ်းဆည်းဖို့ ပုံးကြီးတစ်ပုံး ထုတ်ယူလိုက်သည်။
သူက အရွယ်မရောက်သေးသည့် သစ်ရွက်များ ဖြစ်သော်လည်း လက်ဖက်ရည်ကြမ်းအဖြစ် သောက်သုံးလို့ ရသေး၏။ သူက ဖြုန်းတီးရတာကို မကြိုက်သည့် ခြွေတာတတ်သူ ဖြစ်၏။
……………....
ဉာဏ်အလင်းပွင့် သစ်ပင်ကြီးက သူ့တိုက်ခိုက်မှုများ ရှန်ထျန်းပေါ် သက်ရောက်မှု မရှိကြောင်း မြင်လိုက်ရသည့်အခါ တုန်လှုပ်လာသည်။ သူက အပြင်းအထန် တုန်ခါသွားပြီး မြေကြီးထဲ အရှိန်မြန်မြန်ဖြင့် လျိုးဝင်သွားတော့သည်။
ရှန်ထျန်းက ဉာဏ်အလင်းပွင့် သစ်ပင်နှင့် ဆယ်ပေမျှသာ ကွာဝေးတော့သည်။ သူက သစ်ရွက်အနံ့လေးများပင် ရနေသည်။
ဝုန်း …
လေထုထဲ ကျယ်လောင်သည့် ပေါက်ကွဲသံမျိုး ပဲ့တင်ထွက်လာသည်။
ထိုအရွယ်ရောက်နေသည့် ငွေရောင်သစ်ရွက်များက အကိုင်းအခက်မှ စတင် ထွက်ခွာသွားကြသည်။ တချို့က ရွှေရောင်ခေါင်းလောင်းအဖြစ် ပြောင်းသွားကာ အသံကျယ်များ ထုတ်လွှင့်ရင်း ရှန်ထျန်းအား အားပြင်းပြင်း အသံလှိုင်းများဖြင့် တိုက်ခိုက်နေသည်။ တချို့က အံ့ဖွယ်ဓားအသွင် ပြောင်းသွားပြီး ရှန်ထျန်းထံ သတ်ပစ်လိုစိတ်အပြည့်ဖြင့် ဝင်ရောက်သွားကြသည်။
တချို့ကမူ အနက်ရောင် နတ်ဆိုးပုဆိန်များအဖြစ် ပြောင်းလဲသွားကြပြီး ကြောက်ခမန်းလိလိ အငွေ့အသက်တို့ကို ထုတ်လွှင့်နေသည်။ ထိုမြင်ကွင်းကြောင့် ဆံပင်ထောင်မတတ် ကြောက်ရွံ့လာမိလောက်သည်။
တချို့ကား မြွေ၊ ဇာမဏီနှင့် အခြားသော ဒဏ္ဍာရီလာ နတ်သားရဲများအဖြစ် ပြောင်းလဲသွားကြပြီး သူ့ဆီ ပြေးဝင်လာကြသည်။
…………....
ဉာဏ်အလင်းပွင့် သစ်ပင်က ရှေးဟောင်းကျင့်ကြံသူများ၏ စွမ်းအားဖြင့် အမှတ်အသားပြုထားကြောင်း ကောလဟာလများ ရှိဖူးသည်။ ထိုစဉ် ရှန်ထျန်းက ရှေးအချိန်ကို ဖြတ်ကျော်ကာ ထိုပါရမီရှင်များအား အနိုင်ယူရမည် ဖြစ်၏။
သူ့ခေါင်းထဲတွင် အတွေးတစ်ခုသာ ရှိပေသည်။ ဉာဏ်အလင်းပွင့် သစ်ပင်ပေါ် အမှတ်အသား ပြုထားကြသော ထိုရှေးခေတ်အချိန် ပါရမီရှင်များက အဘယ်ကြောင့် အားအရမ်းနည်းနေရသနည်း။