← Chapters

ရွှေကျီး နတ်ဧကရာဇ်၏ ဂူဗိမာန်ပေါ်လာခြင်း

Vol. 22 Ch. 328

ရွှေကျီး နတ်ဧကရာဇ်၏ ဂူဗိမာန်ပေါ်လာခြင်း

Vol. 22 Ch. 328

အခန်း (၃၂၈)  :  ရွှေကျီး နတ်ဧကရာဇ်၏ ဂူဗိမာန်ပေါ်လာခြင်း

အရှေ့ပိုင်းလွင်ပြင်၊ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ သူတော်စင် တောင်ထိပ်တွင် …

ကျန်းယွင်ရှီးက တောင်ထိပ်ပေါ်တွင် ရပ်နေရင်း မြောက်စူးစူးဆီ လှမ်းကြည့်နေမိသည်။ သူမခေါင်းအထက်တွင် တောက်ပနေသည့် ရွှေအမြုတေ တစ်ခု ရှိနေသည်။ သူမက ကိုးဆင့်မြောက် ရွှေအမြု‌တေ သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသွားလေပြီ။

ဓာတ်နှောနတ်မိုးကြိုးကို ရထားသည့် လူတစ်ဦးအနက် ကျန်းယွင်ရှီးက အရေးသာမှုရှိ၏။ ရှန်ထျန်းဆီမှ ဖိအားကြောင့် ကျန်းယွင်ရှီးက သူမအင်အားကို တိုးတက်လာအောင် လုပ်ဖို့ စိတ်ဆန္ဒပြင်းပြနေသည်။

ရှန်ထျန်းက အဘယ်ကြောင့် ဖိအားဖြစ်စေရတာလဲ …

သူ့ဘေးနားမှ အမျိုးသမီးကို ကြည့်ခြင်းအားဖြင့် သိသာလှသည်။ ရှန်ထျန်းကို လိုချင်တပ်မက်နေကြသည့်သူ များပြားလှသည် မဟုတ်ပါလော။ အထူးသဖြင့် နှစ်တစ်သောင်း သက်တမ်းရှိ နဂါးအိုတစ်ဦး ဖြစ်၏။ သူမ၏ အရည်အချင်း၊ စွမ်းအားနှင့် သွင်ပြင်တို့က ထူးခြားလွန်းနေသည်။

ကျန်းယွင်ရှီးက အောင်းပင်းရှေ့တွင် ရပ်နေသည့်အခါ ဖိအားမခံစားရဘဲ နေနိုင်ဖို့ ခက်လှသည်။

ရှန်ထျန်း မြောက်ပင်လယ်ဆီ ရောက်နေသည့်အချိန်အတွင်း ကျန်းယွင်ရှီးက ဆက်တိုက် ကျင့်ကြံနေခဲ့သည်။ နောက်ဆုံးတွင် သူမက ကိုးဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်သို့ ရောက်လာပြီး အရှေ့ပိုင်းလွင်ပြင်၏ ထိပ်တန်းပါရမီရှင် တစ်ဦးအနက် ပါဝင်လာခဲ့လေပြီ။

လက်ရှိတွင် အံ့ဖွယ် မိုးကောင်းကင် မိုးကြိုးတော်ဝင်ကျမ်းနှင့် ဓာတ်နှောနတ်မိုးကြိုးတို့ကို ကျင့်ကြံသည့်အခါ ကျန်းယွင်ရှီး၏ စွမ်းအားအစစ်အမှန်က ဆင့်ဆယ်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများနှင့် ယှဉ်နိုင်လုနီးပါး ဖြစ်နေသည်။

သူမက ရွှေအမြု‌တေ အဆင့်စာရင်း၌ တတိယအဆင့်ထိ ရောက်လာခဲ့သည်။

သူမက တတိယအဆင့်အထိသာ ရောက်လာခြင်းမှာ ဤမျိုးဆက် ပါရမီရှင်များက အလွန်အားကောင်းကြ၍ ဖြစ်သည်။ ယခင်ဆယ်နှစ်တုန်းကသာ ဖြစ်ပါက ကျန်းယွင်ရှီးအနေနှင့် ရွှေအမြုတေ အဆင့်စာရင်း၌ ပထမနေရာကို အလွယ်လေး ရယူနိုင်လိမ့်မည်။

ကျန်းယွင်ရှီး၏ လက်ရှိအင်အားဖြင့် အရှေ့ပိုင်းလွင်ပြင်တွင် ပါရမီအကောင်းဆုံး သူတော်စင်မဟု ခေါ်ဆိုလျှင်ပင် အပိုမဟုတ်ပေ။

“ မောင်လေး ထွက်သွားတာ နှစ်လကြာတော့ ငါလည်း ကိုးဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်ကို ရောက်သွားပြီ။ သုံးလကြာတော့ အစ်ကိုဖန်ချန်းလည်း ကနဦးဝိညာဉ်အဆင့် အောင်အောင်မြင်မြင် တက်လှမ်းသွားပြီးတော့ အထွတ်အထိပ်ရှင်အဆင့်ထဲ ရောက်သွားပြီ။

ငါးလကြာပြီးတဲ့နောက်ကျ ငါ့အစ်ကိုလည်း ကိုးဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်ကို ရောက်ပြီးတော့ ယန်အံ့ဖွယ် မိုးကြိုးဖွဲ့စည်းပုံကို ဖွဲ့စည်းနိုင်ခဲ့ပြီ။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ တစ်ခုလုံးရဲ့ တပည့်တွေက ယင်ယန်မိုးကြိုး ဖောက်ခွဲရေးအဆောင် အကူနဲ့ ပိုအားကောင်းလာကြတယ်။ သူတို့ စွန့်စားခရီးတွေကနေ ရတဲ့ အကျိုးမြတ်ကလည်း အတော်လေး တိုးလာခဲ့တယ်။

မောင်လေးရေ မင်း ဂိုဏ်းကို စဝင်ခဲ့တုန်းက ဂိုဏ်းကို ဖြစ်စေချင်သလိုမျိုး အခုတော့ ဖြစ်နေရှာပြီ။ အထွတ်အမြတ်မြေက အားလုံးကို ခြင်္သေ့တွေ ဖြစ်စေချင်ခဲ့တာမလား …

အထွတ်အမြတ်မြေက ဘေးကင်းပြီး အေးချမ်းနေပေမဲ့ မင်းက မြောက်ပင်လယ် စစ်ဆေးမှုထဲ ဝင်သွားတယ်ဆိုတော့ အခုချိန် ဘယ်လိုများ ဖြစ်နေမလဲ။ ဟိုနဂါးအိုမကြီး အောင်းပင်းရဲ့ ဆွေမျိုးတွေက မင်းကို ခက်ခဲအောင်များ လုပ်နေမလား ”

…………….

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်မက အေးစက်စက် အလှတရားကြောင့် နာမည်ကြီးပေသည်။ သာမန်ပါရမီရှင်များက သူမဆီမှ အကြည့်လေးတစ်ချက်လောက် ရဖို့အတွက် ဆုတောင်းနေကြရ၏။

ထိုစဉ် သူမက အမျိုးသားတစ်ယောက်အကြောင်းကို စဉ်းစားနေပြီး သူမ မျက်ဝန်းများက ခါးသီးမှု အရိပ်အယောင်တို့ ပါဝင်နေသည်။

တောင်စွန်းတွင် ကောင်းချီးပေးခံရသူများအဖွဲ့၏ ပင်မအဖွဲ့ဝင်များသာ သူတော်စင်တောင်သို့ ကျင့်ကြံရန် သီးသန့် ခွင့်ပြုပေးထားသည်။

သိုးတွေကို အနီးအနားမှာ မွေးထားတာ ပိုကောင်းတယ် မဟုတ်ဘူးလား …

အားလုံးက တောင်စွန်းတွင် တစ်ယောက်တည်း ရပ်နေသည့် မိန်းမပျိုလေး၏ ကျောဘက်ကို ကြည့်လိုက်ကြသည်။ သူတို့က သက်ပြင်းသာ ချလိုက်မိကြသည်။

သူတို့အနေနှင့် သူတော်စင်တောင်ပေါ်တွင် သူတော်စင်မက တစ်ယောက်တည်း ကျင့်ကြံနေသည့် အကြောင်းအရင်းကို သိကြပေသည်။ သူမက ရှန်ထျန်း ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်၏။

တကယ်တော့ သူတော်စင်ကို လွမ်းဆွတ်သတိရနေသူမှာ သူမ တစ်ယောက်တည်း မဟုတ်ပေ။

အနီရောင်ဝတ်ရုံရှည်နှင့် ကွေ့ကုန်းကုန်း၏ ကျင့်ကြံဆင့်က ယခင် အထွတ်အမြတ်မြေဝင်ခါစနှင့် နှိုင်းယှဉ်လိုက်လျှင် သိသိသာသာ တိုးတက်လာသည်။ ခန္ဓာကိုယ်ကို နဂါးသွေးမြက်နှင့် နိဗာနတော်ဝင်ရေစင်ကဲ့သို့သော ဆေးဝါးများဖြင့် အားဖြည့်ပေးပြီးနောက် ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းတို့ နှစ်ယောက်လုံး ဟရူးဂါနတ်ဆိုးကျမ်း အကူအညီဖြင့် ရွှေအမြုတေအဆင့်သို့ ရောက်လာကြသည်။

ရွှေအမြုတေ ကျင့်ကြံသူများကြားတွင်ပင် သူတို့ကျင့်ကြံဆင့်က အားနည်းသည်ဟု ယူဆ၍ မရပေ။ သူတို့က ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်မှုများ၌ အကောင်းဆုံးထဲ ပါဝင်သည်။

ထိုသို့သော စွမ်းအားမှာ ကွေ့ကုန်းကုန်းအနေနှင့် မီးတိုင်းပြည်တွင် ရှိစဉ်အခါက စိတ်ကူးပင် မယဉ်ကြည့်နိုင်သောအရာမျိုး ဖြစ်သည်။

“ အရှင့်သားက မြောက်ပင်လယ်သွားတာ ခြောက်လတောင် ရှိနေပြီ။ သူတော်စင်မကလည်း ခြောက်လလုံးလုံး သူတော်စင်တောင်မှာပဲ ကျင့်ကြံနေတာ … သူမက အရှင့်သားပေါ် နက်နက်နဲနဲ ခံစားချက်မျိုး ရှိနေတာပဲ ”

ကွေ့ကုန်းကုန်းက ကျန်းယွင်ရှီးကို ကြည့်ရင်း ရေရွတ်လိုက်သည်  “ ဒီလိုမိန်းကလေးမျိုးက အရှင့်သားပေါ် စိတ်ဝင်စားနေမှန်း အရှင်မသာ သိရင် ဝမ်းသာပြီးတော့ တမလွန်မှာ စိတ်ချလက်ချ အနားယူနိုင်တော့မှာပဲ ”

ချင်ကောင်းကလည်း ခေါင်းအသာညိတ်ကာ  “ဦးလေးကွေ့ ပြောတာ မှန်တယ် ”

ကျောက်ဟောင်အနား အနီရောင် မိုးကြိုးများ ဝန်းရံထားပြီး သူ့နောက်တွင်  ဓားရှည်တစ်ချောင်း သယ်ဆောင်ထားသည်။ သူက ချင်းယန်ဓားကျမ်းကို ကျင့်ကြံထားသောကြောင့် သူ့ကျင့်ကြံဆင့်က သိသိသာသာ တိုးတက်လာသည်။ သူလည်း ရွှေအမြုတေ အဆင့်စာရင်းတွင် ပါဝင်လာခဲ့၏။

လက်ရှိတွင် သူ့အတွက် နန်မင်လီ မီးတောက် စွမ်းအားကို ထိန်းချုပ်ထားဖို့ အနည်းငယ် ခက်ခဲနေ‌သောကြောင့် မီးလျှံက တဟုန်ထိုး တောက်လောင်နေသည်။

သူ့မီးတောက် ထုတ်သုံးသည့်အခါ ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းထက် အားမနည်းပေ။ ပြောရလျှင် သူတို့နှင့် ယှဉ်လိုက်လျှင် သူ့တွင် ပိုအားကောင်းသော အခြေခံအုတ်မြစ်ရှိသည်ဟု ဆိုနိုင်သည်။ ချင်းယန်ဓားကျမ်းနှင့် နတ်မိုးကြိုးငါးပါး ကျင့်စဉ်တို့ကို ပေါင်းစပ်ပြီး သူ့ကိုယ်ပိုင် ကျင့်ကြံရေးလမ်းစဉ်ပင် ဖန်တီးနိုင်လောက်၏။

ထိုအခါ သူ့အနေနှင့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ နောက်ထပ် ဖျက်မြင်းပါရမီရှင်တစ်ဦး ဖြစ်လာပြီး အရှေ့ပိုင်းလွင်ပြင်၏ ရွှေအမြုတေအဆင့်စာရင်းတွင် ပါဝင်ဖို့ မခက်ခဲတော့ချေ။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရှိ တချို့အကြီးအကဲများက အထွတ်အမြတ်မြေ၏ ပါရမီရှင်ငါးယောက် စုစည်းနေကြောင်း ဟာသနှောပြောလေ့ ရှိကြသည်။

နဂါးပြာ ကျန်းယွင်ထင်း၊ ကျားဖြူ ကျန်းယွင်ရှီး၊ ရွှေရောင် ချီလင် ဖန်ချန်း၊ ကြက်သွေးရောင် ဇာမဏီ ကျောက်ဟောင် ….

လိပ်နက်အတွက်မူ …

ရှန်ထျန်းအဖြစ် ဆုံးဖြတ်ထားပြီးလေပြီ။ သူက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေထဲ မဝင်ခင်ကတည်းက လေးလံရေစင်ကို ရရှိခဲ့ပြီးသား မဟုတ်ပါလော။ ထို့အပြင် လိပ်နက်နတ်မိုးကြိုးက သူ့အတွက် ဖြစ်တည်နေသလား အောက်မေ့ရလေသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ရှန်ထျန်းကို သဘောကျပြီး လိပ်နက်ချပ်ဝတ်နှင့် လိပ်နက်ခေါင်းဆောင် ဖြစ်သည့် ကာကွယ်ရေး ပစ္စည်းနှစ်မျိုးကို ပေးခဲ့သေးသည်။ သို့သော်လည်း ရှန်ထျန်း၏ ကံကောင်းမှုက လပိုင်းအတွင်း ထူးခြားအံ့ဖွယ် ပစ္စည်းငါးမျိုးလုံးကို စုံအောင် စုစည်းနိုင်လိမ့်မည်ဟု မထင်ထားမိခဲ့ကြပေ။

ပို၍ အံ့ဩဖို့ကောင်းသည်က ရှန်ထျန်းသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူမျှ ဖြစ်သော်လည်း ထူးခြားအံ့ဖွယ် ပစ္စည်းငါးမျိုးလုံးနှင့် ပေါင်းစပ်နိုင်လိုက်သည်။

ထိုသို့ ရူးရူးမူးမူး အပြုအမူက ဝိဇ္ဇာတစ်ပါး ကြိုးစားကြည့်လျှင်ပင် ပေါက်ကွဲကာ သေဆုံးသွားနိုင်သည်။

သို့သော်လည်း ရှန်ထျန်းက အောင်မြင်ခဲ့လေသည်။ ထို့ကြောင့် ရိုးရှင်းလှသည့် လိပ်နက်ဂုဏ်ပုဒ်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နှင့် မထိုက်တန်တော့ပေ။

သူ့စွမ်းဆောင်ရည်မျိုးက လိပ်နက်နှင့် နှိုင်းယှဉ်ခံရမည့်အရာမျိုး မဟုတ်ပေ။

…………………

ဧရာမ သံမဏိအရုပ်ကြီး ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသောကြောင့် မြေကြီးက အနည်းငယ် တုန်ခါသွားသည်။ ကိုယ်ထည်တစ်ခုလုံးကို ဝိညာဉ်သံမဏိသတ္တုရိုင်းများနှင့် ပြုလုပ်ထားသောကြောင့် အင်မတန် အကုန်အကျများပေသည်။ ပြောရလျှင် ဈေးနှုန်းအရ ဝိညာဉ်အသုံးအဆောင်ပစ္စည်းများစွာကို ကျော်လွန်နေပေလိမ့်မည်။

သံမဏိအရုပ်ကြီးက ဆန်းကြယ်ပုံစံနှင့် ပုံရိပ်များ ရေးထွင်းထားသည့် သံမဏိတုတ်လုံးရှည်ကို သယ်ဆောင်ထားသည်။ ထိုစဉ် သံမဏိအရုပ်ကြီး၏ ခါးပိုင်းတွင် ‌ငွေခေါင်းအရွယ် သံမဏိလုံးများစွာ ပါနေသေးသည်။ သူတို့က အလင်းရောင်အောက်တွင် အေးစက်စက် တောက်ပနေလေ၏။

ဝုန်း …

သံမဏိအရုပ်ခေါင်းက ဖြည်းဖြည်းချင်း ပွင့်လာကာ ရုပ်ချောချော ကောင်လေး တစ်ယောက် ထွက်ပေါ်လာ၏။ သူ့တွင် ရွှေရောင်ဆံပင်ရှည်ရှည် ရှိထားပြီး နေရောင်အောက်တွင် လင်းလက်စိုပြေနေကာ ရုပ်ရည်လေးကို ပိုမို ထောက်ပံ့ပေးနေသည်။

အတော်လေး ချောမောသည့် အမျိုးသားတစ်ယောက် ဖြစ်ပေသည်။ သူ့တွင် ထူးဆန်းသည့်တစ်ခုတည်းသောအရာမှာ ကြွက်သားများ မရှိခြင်း ဖြစ်၏။ သူက အနည်းငယ်တော့ ဆွဲဆောင်မှု ရှိလေသည်။

သူ့ပိန်ပါးပါး ကိုယ်ခန္ဓာကိုယ်နှင့် ဧရာမ သံမဏိချပ်ဝတ်ကြီးကြားတွင် သိသိသာသာ ကွာခြားနေလေသည်။

“ အစ်ကိုရှန် ပြန်မရောက်သေးဘူးလား ”

ချင်ယွင်တိက မျက်လုံးမှေးမှေးလေးများဖြင့် ပြုံးကာ   “ လက်နက်ထောင်ချီနန်းတော်ရဲ့ အမွေအနှစ်ကို လေ့လာပြီးတော့ ယင်ယင်မိုးကြိုး ဖောက်ခွဲရေး သဘောတရားနဲ့ ပေါင်းစပ်လိုက်တာ။ အစ်ကိုရှန် ပြောဖူးခဲ့တဲ့ ဧရာမအရုပ်ကြီး ဖန်တီးနိုင်ခဲ့ပြီ …

အမေက စစ်ဆေးရေး၊ ကာကွယ်ရေး၊ ပျံသန်းရေး၊ နောက်ယောင်ခံခြင်း အစရှိတဲ့ အစီအရင်အမျိုးမျိုးကို ရေးသွင်းပေးထားတယ်။ အမေက အားအကောင်းဆုံး ဓာတ်နှောနတ်မိုးကြိုး အမြောက်ကိုလည်း ထည့်ပေးထားသေးတယ်။

ဒီအရုပ်ကြီးတွေက လက်နက်ထောင်ချီနန်းတော်က အားအကောင်းဆုံး အရုပ်တွေကို မယှဉ်နိုင်သေးပေမဲ့ သူတို့က အလားအလာပိုကောင်းတယ်လို့ ခံစားမိတယ်။ တကယ်လို့ အစ်ကိုရှန်ဆီကသာ အကြံဉာဏ်လေးနည်းနည်းလောက် ရလိုက်ရင် ဒီအရုပ်ကို တတ်နိုင်သမျှ မြန်မြန် အပြီးသတ်နိုင်တော့မှာ … ဟူး အစ်ကိုရှန် မရှိတာ ခြောက်လတောင် ရှိသွားပြီ။ လွမ်းလိုက်တာ ”

………………..

မှန်ပေသည်။ သူက ရှန်ထျန်းကို လွမ်းနေခြင်း ဖြစ်၏။

ရှန်ထျန်း အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ မရှိသည့် လပိုင်းအတွင်း သူက အထွတ်အမြတ်မြေအတွက် အကျိုးမြတ်များစွာ ထောက်ပံ့နေခြင်းအား မရပ်တန့်ပစ်ပေ။

မိုးကြိုးဖောက်ခွဲရေး အဆောင်၊ စစ်နတ်ဘုရား မျှော်နန်းဆောင်၊ အံ့ဖွယ်ရစ်ပင်နွယ်ပင်များ သို့မဟုတ် နဂါးသွေးမြက် အစရှိသဖြင့် အားလုံးက အံ့ဖွယ်မိုးကောင်းကင် ပင်မတပည့်များ၏ ယှဉ်ပြိုင်လိုစိတ်ကို  တိုးပွားလာစေခဲ့သည်။

ထို့အပြင် ရှန်ထျန်း ထွက်မသွားခင် ချင်ယွင်တိအား သင်ကြားပေးခဲ့သည့် လျှပ်စစ်ထုတ်လုပ်ရေး စက်ဖြင့် လေအားနှင့် ရေအားကို အသုံးပြု၍ မိုးကြိုးများကို အဆက်မပြတ် ဖန်တီးနိုင်သည်။

စက်များစွာကို ဖန်တီးထားလေလေ အံ့ဖွယ်မိုးကောင်းကင်အတွက် ကျင့်ကြံဖို့ ဝိညာဉ်ကျောက်တုံး လိုအပ်ချက်မှာ လျော့ကျလာလေလေ ဖြစ်၏။

ထို့ကြောင့် ယခုတွင် ကျင့်ကြံရေးက စွမ်းအား ခြွေတာနိုင်သောကြောင့် ဝိညာဉ်ကျောက်တုံးများကို တခြားအရာများအတွက် အသုံးပြုလာနိုင်သည်။

နမူနာအနေနဲ့  အနှိပ်ခံ …  မဟုတ်သေးဘူး  သတ္တုများ၊ ဆေးလုံး ဖန်တီးရာ၌ အရင်းအမြစ်များ၊ အစီအရင်အတွက် လေ့လာစရာ ဝယ်ယူရာ၌ အသုံးပြုနိုင်သည်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ယခင်နှစ်တစ်သောင်းအတွင်း ဤမျှလောက် မကြီးပွားမတိုးတက်ခဲ့ဖူးပေ။ ယခု နေ့စဉ်နှင့်အမျှ အားပိုကောင်းလာနေ၏။

သူတော်စင်အသစ်က အပြောင်းအလဲများစွာ ယူဆောင်ပေးလာသူ ဖြစ်ပေသည်။

ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတွင် ရှိစဉ်အခါက မည်သူကမှ ထူးခြားသည်ဟု မထင်ခဲ့ကြပေ။ သို့သော်လည်း ရှန်ထျန်းက မြောက်ပင်လယ်ဆီ သွားနေတာ ကြာပြီဖြစ်၍ အားလုံးက လွမ်းလာကြသည်။ အထူးသဖြင့် ကောင်းချီးပေးခံထားရသူများအဖွဲ့ ဖြစ်ကြ၏။ သူတို့က သူ့ပြန်အလာကို  စိုးရိမ်တကြီး စောင့်မျှော်နေကြသည်။

ဆရာကောင်းကင်က မြောက်ပင်လယ်မှာ ကောင်းကောင်း စားရပါ့မလား … နွေးနွေးထွေးထွေးရော ဝတ်ဆင်ထားရဲ့လား။ ဆရာကောင်းကင်က ရာသီဥတုကိုရော အသားကျရဲ့လား …

အဲဒီမြောက်ပင်လယ် နတ်ဆိုးများက အပြုအမူကောင်း ရှိကြတာ မဟုတ်ဘူးမလား … ဆရာကောင်းကင်ကို စိတ်အနှောင့်အယှက် ပေးနေမလား။ သူတို့က ဆရာကောင်းကင်ကို ကောင်းကောင်း ချီးမွမ်းပေးကြရဲ့လား …

ကောလဟာလများအရ အစ်ကိုယွင်ဖုန်းက မြောက်ပင်လယ်၏ ငွေဖြူရောင် မင်းသားလေးကို တွေ့ဆုံဖူး၏။

သူက ချီးကျူးမြောက်ပင့်တဲ့ နေရာမှာ ငါတို့ထက် သာသွားရင်ရော …

ဆရာကောင်းကင်က မြောက်ပင်လယ်မှာ စိတ်ပျော်ပြီးတော့ ဒီကို ပြန်မလာချင်တော့ရင်ရော … နဂါးနက်မျိုးနွယ်က ဆရာကောင်းကင်ကို အတင်းနေခိုင်းပြီးတော့ သားမက်လုပ်ခိုင်းပြီး ပြန်မလွှတ်တော့ရင် …

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက အရှင့်သား မရှိလို့ မဖြစ်ဘူးနော် …

.....................

အကယ်၍ အခြားလူများ၏ စိုးရိမ်မှုများသာ ရုပ်လုံးဖြစ်လာပါက ရှန်ထျန်းက သိုးမွေးလုံးအဖြစ် ယက်လုပ်ပြီးသား ဖြစ်သွားလိမ့်မည်။

ထိုစိုးရိမ်မှုများက သဏ္ဌာန်မဲ့နေသည်မှာ နှမြောဖို့ကောင်းလှသည်။ ထို့ကြောင့် အံ့ဖွယ်မိုးကောင်းကင် တပည့်များက ရှန်ထျန်းကို မည်မျှလွမ်းဆွတ်နေစေကာမူ တိတ်တဆိတ် စောင့်ဆိုင်းရုံသာ တတ်နိုင်ကြသည်။

“ သတင်းထူး  သတင်းထူး … ”

သူတော်စင်တောင်အောက် လူတစ်ယောက် ရုတ်တရက် ရောက်လာသည်။ ထိုလူက ဓားပျံစီးနင်းကာ သူတော်စင်တောင်ထိပ်ဆီ တိုက်ရိုက် တက်လာလိုက်သည်။ ထိုလူက အံ့ဖွယ်မိုးကောင်းကင်၏ အားလုံးသိ လီယွင်ဖုန်း ဖြစ်၏။ သူက စိတ်လှုပ်ရှားမှုအပြည့် ဖြစ်နေကာ  “ မြောက်ပင်လယ်က သတင်းထူး ”

မြောက်ပင်လယ်လား …

ကောင်းချီးပေးခံထားရသူများအဖွဲ့ဝင်အားလုံးက မတ်တတ်ထရပ်လိုက်ကြသည်  “ ဆရာကောင်းကင်/ အရှင့်သား/ အစ်ကိုရှန်ရဲ့ သတင်းလား”

လီယွင်ဖုန်းက ပါးစပ်အပြည့် ရေတစ်ငုံ သောက်လိုက်ပြီးနောက် အားလုံးကို အချိန်ဆွဲဖို့ ကြံစည်ထားလေသည်။ သူ့ကျောဘက် ရုတ်ချည်းဆိုသလို ကြက်သီးထသွားလေ၏။ သူက လှည့်ကြည့်လိုက်သည့်အခါ သူတော်စင်တောင်ထိပ်မှ ဆင်းလာသော ပိန်ပါးပါး ပုံရိပ်လေးကို မြင်လိုက်ရသည်။

ကျန်းယွင်ရှီးက လီယွင်ဖုန်းအား စိုက်ကြည့်လိုက်ပြီး  “ ဂိုဏ်းတူမောင်လေး ဘာသတင်းလဲ ”

လီယွင်ဖုန်းက တုန်တုန်ယင်ယင် ဖြစ်သွားကာ တတ်နိုင်သမျှ မြန်မြန် ပြောပြလိုက်သည်

“ မြောက်ပင်လယ်ဆီက မိတ်ဆွေတစ်ယောက်ဆီကနေ ကြားခဲ့တာ … နှစ်သောင်းချီ ပျောက်ကွယ်နေခဲ့တဲ့ ထာဝရဘုံဗိမာန်တစ်ခု ပြန်ပေါ်လာတော့မယ်တဲ့။ ကောင်းကင်ယံမှာ မီးတောက်နေပြီးတော့ အံ့ဖွယ်ငှက်တွေ တေးသီနေပြီ။ တာအိုအသံလည်း ထွက်လာတယ်တဲ့ … ကြည့်ရတာ လွန်ခဲ့တဲ့ နှစ်ရှစ်သောင်းလောက်တုန်းက ပျောက်သွားတဲ့ ရွှေကျီး နတ်ဧကရာဇ်ရဲ့ ဂူဗိမာန် ပေါ်လာတော့မယ်တူတယ် ”

ကျန်းယွင်ရှီး၏ မျက်လုံးများ လေးနက်လာကာ  “ ရွှေကျီး နတ်ဧကရာဇ်ရဲ့ ဂူဗိမာန်လား ”

လီယွင်ဖုန်းက ခေါင်းညိတ်ကာ  “ နတ်ဧကရာဇ်ရဲ့ ဂူဗိမာန်ပေါ်လာတာက ကိစ္စအသေးလေး မဟုတ်ဘူး။ နယ်မြေငါးခုလုံးအပေါ် သက်ရောက်မှု ရှိလာလိမ့်မယ်။ နတ်ဧကရာဇ်ရဲ့ ဂူဗိမာန်က ကံအပြောင်းအလဲ အခွင့်အရေးကြီးကြီးမားမားတွေ ရှိနေတတ်တယ်လေ။

ပင်မအလယ်နေရာက အန္တရာယ်များပြီးတော့ ခန့်မှန်းရခက်ပေမဲ့ အပြင်ဘက်ပိုင်းမှာလည်း အမွေအနှစ်တွေ၊ ရတနာတွေ အများကြီး ရှိတတ်တယ်။

တစ်ခါတစ်လေ ကျင့်ကြံဆင့်က အရာအားလုံးကို ကိုယ်စားမပြုဘူးလေ။ အရေးကြီးဆုံးအရာက ကံကြမ္မာကောင်းရှိပြီးတော့ ကံအပြောင်းအလဲ အခွင့်အရေးတွေနဲ့ တွေ့ကြုံရမဲ့ အခွင့်အလမ်းရှိဖို့ပဲ … ကံကြမ္မာကောင်းချီးပေးထားတဲ့လူကတော့ နတ်ဧကရာဇ်ရဲ့ တကယ့် အမွေအနှစ်ကို ရသွားနိုင်တယ်။

တကယ်လို့ ဘာမှမဖြစ်ရင် ဂိုဏ်းချုပ်က မကြာခင် အကြောင်းကြားလာပြီးတော့ ကျွန်တော်တို့အားလုံးကို မြောက်ပင်လယ်ဆီ ခေါ်သွားလိမ့်မယ် ”

………….

လီယွင်ဖုန်းက ရှင်းပြနေရင်း ကျန်းယွင်ရှီး၏ မျက်ဝန်းတို့က ပိုမို တောက်ပလာသည်။ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းက မြောက်ပင်လယ်၏ လျို့ဝှက်နယ်မြေတစ်ခု ဖြစ်သောကြောင့် သူမအနေနှင့် ဝင်ဖို့ အခွင့်အရေးမရှိပေ။ သို့သော်လည်း ရွှေကျီး နတ်ဧကရာဇ်၏ ဂူဗိမာန်က ကွဲပြားပေသည်။ ဤသည်မှာ နယ်မြေငါးခုလုံးကို လှုပ်ကိုင်နိုင်သည့် ဆန်းကြယ်နယ်ပယ်တစ်ခု ဖြစ်၏။

မြောက်ပင်လယ်၏ နတ်ဆိုးများက မည်မျှလွှမ်းမိုးစေကာမူ ထိုကျွန်းကို သူတို့အတွက်သူ သိမ်းထား၍ မရပေ။ သူတို့က အနည်းဆုံးတော့ အထွတ်အမြတ်မြေတချို့နှင့် အတူတကွ စူးစမ်းရေးထွက်ရပေမည်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက မြောက်ပင်လယ်၏ နဂါးနက်မျိုးနွယ်နှင့် အဆင်ပြေနေသောကြောင့် ဖိတ်ကြားလွှာ၌ နာမည်စာရင်းပါရှိသည်မှာ ပုံမှန်သာ ဖြစ်၏။ နဂါးနက်ကျွန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအား ပူးပေါင်းရန် တောင်းဆိုလာလိမ့်မည်။

ထိုအခါ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ဖန်ချန်း၊ ကျန်းယွင်ထင်၊ ကျန်းယွင်ရှီးနှင့် အခြားလူများကို သေချာပေါက် ခေါ်ဆောင်သွားလိမ့်မည်။ သူတို့ကံကြမ္မာက မြင့်မားသည် မဟုတ်ပါလော။

ရှန်ထျန်းအတွက်မူ နဂါးနက်ကျွန်းက ခေါ်လာနိုင်ခြေ မြင့်မားပေသည်။

ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက် ပွင့်လာသည်မှာ နှစ်ဝက် ကြာမြင့်သွားပြီ ဖြစ်သောကြောင့် တနည်းအားဖြင့်ဆိုရလျှင် အပြင်ဘက်ပိုင်းရှိ ကျွန်းအများစုမှာ လုယူပြီးကြလောက်လေပြီ။

အတွင်းပိုင်းကျွန်းများအတွက်မူ ကျင့်ကြံသူတစ်ယောက်က ထိုကျွန်းထဲ ဝင်ခွင့်ရဖို့ မည်မျှကြာကြာ စောင့်ရမည်ကို မသိသလို အခွင့်အရေးရှိနေမည်လားကိုလည်း မသိကြပေ။ တစ်ယောက်ယောက်သာ ဝင်သွားခဲ့လျှင် ကံအပြောင်းအလဲ အခွင့်အရေး မရှိဘဲ သာမန်ဝိညာဉ်ဆေးပင်များသာ ရှိသည့် ဗလာကျွန်း ဖြစ်နေနိုင်သေး၏.

နှိုင်းယှဉ်ကြည့်လိုက်သည့်အခါ ရွှေကျီး နတ်ဧကရာဇ်၏ ဂူဗိမာန် အမွေအနှစ်များနှင့် ရတနာများက ပို၍ စွဲမက်ဖို့ ကောင်းလှသည်။

ရှန်ထျန်း၏ ကံကြမ္မာအရ ရွှေကျီး နတ်ဧကရာဇ်၏ ဂူဗိမာန်ကိုသာ ဝင်ရောက်နိုင်ခဲ့လျှင် ကံအပြောင်းအလဲ အခွင့်အရေးများစွာကို သေချာပေါက် ရယူနိုင်လိမ့်မည်။

အကယ်၍ သူ့ကံကြမ္မာသာ ထိပ်ဆုံးရောက်နေလျှင် ရွှေကျီး နတ်ဧကရာဇ်နှင့် မြှပ်နှံထားသော တော်ဝင်လက်နက်က သူ့အား အသိအမှတ်ပြုလာနိုင်သည်။ ထိုအခါ အထွတ်အမြတ်မြေ၏ လက်နက်တိုက်၌ ထိပ်တန်းတော်ဝင်လက်နက်တစ်ခု ထပ်တိုးသွားမည် မဟုတ်ပါလော။

ပို၍ အရေးကြီးသည်က ရှန်ထျန်းသာ ဂူဗိမာန်ဆီ ရောက်လာခဲ့လျှင်  … သူတို့ ရှန်ထျန်းကို စောစောစီးစီး တွေ့နိုင်လိမ့်မည်။

ထိုအတွေးဖြင့် ကျန်းယွင်ရှီး၏ မျက်ဝန်းများက တက်ကြွမှုအပြည့် ဖြစ်လာသည်။

သူမနောက်ရှိ ဓားရှည်က ဓားအိမ်မှ ထွက်လာကာ ငွေရောင်နဂါးလိုမျိုး ငွေရောင်အလင်းတန်းအသွင် ထွက်ပေါ်လာသည်။ ကျန်းယွင်ရှီးက ဓားပျံစီးနင်းကာ ဂိုဏ်းချုပ်စံအိမ်တော်ဆီ ဦးတည်လိုက်သည်။

…………………

တစ်ဖက်တွင် နဂါးနတ်ဘုရားကျွန်း၌ …

ရှန်ထျန်းက ဉာဏ်အလင်းပွင့် သစ်ပင်မှ ပစ်လွှတ်သော ငွေရောင်သစ်ရွက်များနှင့် တိုက်ခိုက်နေဆဲ ဖြစ်သည်။ ထိုငွေရောင်သစ်ရွက်များက ထူးခြားလှကာ တစ်ရွက်ချင်းစီက ကျင့်ကြံရေးတာအိုတစ်ခုစီ ကိုယ်စားပြုနေကြသည်။ သူတို့နှင့် ရင်ဆိုင်ရခြင်းက ရှေးခေတ်အခါက ပြိုင်ဖက်ကင်း ပါရမီရှင်များနှင့် တိုက်ခိုက်သလို ဖြစ်နေသည်။ တစ်ဖက်လူ၏ တာအိုကို ရင်ဆိုင်ဖို့ သူတို့၏ တာအိုကို ထည့်သွင်းခဲ့ကြသည်။

ရွှေခေါင်းလောင်း၊ အင်မော်တယ်ဓား၊ နတ်ဆိုးနက် ပုဆိန်၊ သွေးစွန်း ကြေးနီဒယ်စောက်၊ အစုတ်အပဲ့ စိမ်းဖန့်ရောင် မျှော်နန်းဆောင် …

တိုက်ခိုက်မှုတစ်ခုချင်းစီတွင် ရှေးခေတ်အခါက  လွှမ်းမိုးခဲ့သည့် ပညာရပ်များကို ထုတ်လွှင့်နေသည်။ ချီရှောက်ရွမ်နှင့် အခြားလူများက အံ့ဩနေရုံမှအပ ဘာမှမလုပ်နိုင်ပေ။

အရှင်းဆုံးပြောရလျှင် သစ်ရွက်များမှ ဖြစ်ပေါ်လာသည့် တိုက်ခိုက်မှုများက အတော်လေး ထူးခြားလှ၏။

ကောင်းကင်အသျှင် သို့မဟုတ် သူတော်စင်များ လက်ခံရရှိထားသော စည်းမျဉ်းသဘောတရားများ ဉာဏ်အလင်းပွင့်မှုပင် ထိုသစ်ရွက်များလောက် နက်နဲမည် မဟုတ်ပေ။ ရှန်ထျန်းနှင့် ရင်ဆိုင်သည့်အခါ ရွှေရောင်ကိုယ်ထည်အဆင့် တိုက်ခိုက်စွမ်းအားသာ ထုတ်လွှင့်နိုင်သည့်အတွက် နှမြောစရာကောင်းလှသည်။ တချို့စည်းမျဉ်းများဖြင့် ကန့်သတ်ထားရလား မသိရပေ။

တိုက်ခိုက်မှုများက ဆန်းကြယ်ကာ နက်နဲသော်လည်း သူတို့အားလုံးက ရှန်ထျန်း၏ ပြိုင်ဖက်ကင်း စွမ်းအားအောက်တွင် အသုံးမဝင်တော့ချေ။

ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင်၏ မိုးကြိုးငါးပါး ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူ့လက်ထဲရှိ အံ့ဖွယ်ဝါးမျိုနွယ်ပင်များက ကြာပွတ်များသဖွယ် လှုပ်ရှားနေကာ သူ့နောက်ကျောဘက်တွင် ရွှေရောင်တောင်ပံတစ်စုံ တဖျတ်ဖျတ် ခတ်နေသည်။

သူက ငွေရောင်သစ်ရွက်များဆီ ပျံသန်းသွားကာ ကြာပွတ်ယမ်းလိုက်သည့်အချိန် ငွေရောင် ဉာဏ်အလင်းပွင့် အရွက်များက မြေပြင်ပေါ် ကြွေကျသွားကြသည်။

တစ်ရွက်

နှစ်

သုံး …

.................

ခဏအကြာတွင် ရှန်ထျန်းက ထိုသစ်ရွက်များကို ရိုက်ထုတ်လိုက်သည့်အခါ ကောင်းကင်အပြည့် ဖြစ်သွားလေသည်။ အံ့ဖွယ်သင်္ကေတများ ပါဝင်နေသည့် အရွက်များလည်း ရှိနေသေးသည်။ သူတို့က အကြမ်းဖျင်းအားဖြင့် ၈၀ မှ ၁၀၀ ကြား ရှိလောက်သည်။

ဤသည်မှာ ဩချလောက်ဖွယ် ကံကောင်းမှုမျိုး ဖြစ်၏။ အကယ်၍ တခြားသူများသာ သိသွားခဲ့လျှင် ပါးစပ်ဟောင်းလောင်း ဖြစ်သွားပေမည်။

တကယ်တော့ ဉာဏ်အလင်းပွင့် သစ်ပင်လည်း ကြောင်အမ်းနေကာ မြေလျိုးနှုန်းက ပိုမို မြန်ဆန်လာသည်။

ဝှစ် …

ထိုငွေရောင်သစ်ရွက်များက ဉာဏ်အလင်းပွင့် သစ်ပင်အတွက် လုံလုံလောက်လောက် အချိန်ဆွဲပေးထားသည်။

ရှန်ထျန်းက အရွက်အားလုံး သိမ်းဆည်းပြီးချိန်တွင် ဉာဏ်အလင်းပွင့် သစ်ပင်က အကိုင်းအခက် တစ်ခုမှ မကျန်တော့ဘဲ ရေခဲပြင်ထဲ လျိုးကာ ပျောက်ကွယ်သွားလေပြီ။

ရှန်ထျန်းက နေရာလွတ်ကို ကြည့်ကာ သက်ပြင်းချလိုက်ရင်း  “ ငါ အချိန်မီ မလုပ်နိုင်ခဲ့ဘူးလား ”

ရှန်ထျန်းက ဉာဏ်အလင်းပွင့် သစ်ပင်ပေါ်က ထိပ်ဆုံးသစ်ရွက်ကို လိုချင်တောင့်တနေသည်။

သူက လက်လွှတ်ပေးလိုက်ဖို့ရာ ဝန်လေးနေမိသည်။

……………....

ရှန်ထျန်းက ရုတ်ချည်း တစ်ခုခု တွေးမိသွားကာ ပြုံးလိုက်မိသည်။

ငါလည်း မြေလျိုးနိုင်တယ်ဆိုတာ မေ့တော့မလို့ … ဉာဏ်အလင်းပွင့် သစ်ပင်ရေ ငါ လာပြီ …

All Chapters