အဲဒီလူသားတွေ နောက်ဆုံးတော့ ထွက်သွားပြီပဲ
Vol. 22 Ch. 329
အခန်း (၃၂၉) : အဲဒီလူသားတွေ နောက်ဆုံးတော့ ထွက်သွားပြီပဲ
ရှန်ထျန်းက ရေခဲပြင်ထဲ လျိုးဝင်သွားသောကြောင့် ပြန့်ဟွားပန်းများက အံ့ဖွယ်ဝါးမျိုနွယ်ပင်ပေါ်တွင် ပွင့်လန်းလာလေသည်။ နောက်စက္ကန့်ပိုင်းလေး၌ ယင်ယင်ဆုံချက်နှစ်ခု ပိုက်နက်တစ်ခုလုံး အပြင်းအထန် တုန်ခါလာကာ ချော်ရည်ပူများလည်း မြေအောက်မှ ပန်းထွက်လာသည်။
ချီရှောက်ရွမ်၊ ဝမ်ရှန်းယုနှင့် အောင်းဝူတို့က အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။ သူတို့က ရှန်ထျန်းသည် ဤမျှရဲတင်းလိမ့်မည်ဟု မထင်ထားပေ။
ဤသည်မှာ နှစ်တစ်သန်း သက်တမ်းရှိ ဉာဏ်အလင်းပွင့် သစ်ပင် ဖြစ်သည်။ ထိုအရာ၏ ကျင့်ကြံဆင့်က စိတ်ကူးမကြည့်နိုင်လောက်အောင် ဖြစ်နေလေပြီ။ အကယ်၍ အပြင်ဘက်မှာဆိုလျှင် ကျင့်ကြံရေးလမ်းကြောင်းပေါ် တက်လှမ်းသွားလောက်လေပြီ။
သို့သော်လည်း ဤဉာဏ်အလင်းပွင့် သစ်ပင်က ဤဆန်းကြယ်နယ်ပယ်ထဲ အတော်လေး အားနည်းနေဟန် ပေါ်နေသလို ကန့်သတ်ခံထားရသည်ဟုလည်း ပြောနိုင်သည်။ မဟုတ်လျှင် ရှန်ထျန်း၏ လိုက်ဖမ်းဆီးခြင်း ခံရပြီး အဆုံးသတ်သွားမည် မဟုတ်ပေ။
ဝုန်း …
ရေခဲပြင်က ရုတ်ချည်း အက်ကွဲလာပြီး မြေအောက်မှ စိမ်းပြာရောင် သစ်မြစ်များ ထွက်ပေါ်လာသည်။ ပုံရိပ်လေးတစ်ခုက လွှင့်ထွက်လာသည်။
ဝှစ် …
အကန်ခံလိုက်ရသလိုမျိုး ထိုပုံရိပ်လေးက မိုင်ရာချီ လွှင့်စင်သွားသည်။ ပြုံးဖြီးနေသည့် ရှန်ထျန်းကလွဲပြီး မည်သူ ဖြစ်နိုင်ဦးမည်နည်း။
“တန်တယ် … တကယ်ကို တန်တယ် ”
ရှန်ထျန်း လက်ထဲတွင် ကျောက်စိမ်းပြားလို တောက်ပြောင်နေသည့် သစ်ရွက်ကို ကိုင်ထားရင်း အားရပါးရ ပြုံးဖြီးနေသည်။
မှန်ပေ၏။ ရှန်ထျန်းက ဉာဏ်အလင်းပွင့် သစ်ပင်ပေါ်မှ ထိပ်ဆုံးရှိ သစ်ရွက်ကို ဆွတ်ခူးနိုင်ခဲ့လေပြီ။
ထိုသစ်ရွက်က မည်မျှအဖိုးတန်မှန်း မည်သူမှ မသိသော်လည်း ထာဝရအရှင်တစ်ပါးပင် ထိုသို့သော အထွတ်အထိပ် ရတနာဖြင့် ဆွဲဆောင်ခံရနိုင်သည်။
ချီရှောက်ရွမ်နှင့် အခြားလူများက ရှန်ထျန်း ကိုင်ထားသော သစ်ရွက်ကို ကြည့်ကာ ကျောက်ရုပ်တုလို ကြောင်အနေကြသည်။ သူတို့က အကြည့်ပင် မခွာနိုင်ကြပေ။ သူတို့က လိုချင်၍ မဟုတ်ဘဲ ထိုသစ်ရွက်က အလွန် ထူးခြားလွန်းသောကြောင့် တစ်ချက်ကြည့်မိလျှင် အကြည့်လွဲဖို့ ခက်လှသည်။
“ညီအစ်ကိုချီ၊ ညီအစ်ကိုဝမ်၊ အောင်းဝူ … ဒီမှာ မင်းတို့အတွက် ”
ထိပ်ဆုံးသစ်ရွက်ကို သိမ်းဆည်းလိုက်ပြီးနောက် ရှန်ထျန်းက သူ့သိုလှောင်လက်စွပ်ထဲမှ ဖန်ပုလင်း သုံးခုကို ထုတ်ကာ ပေးလိုက်သည်။ ပုလင်းတိုင်းစီတွင် ငွေရောင်သစ်ရွက် သုံးရွက်နှင့် မရင့်မှည့်သေးသည့် သာမန်ဉာဏ်အလင်းပွင့် သစ်ရွက်များက ဆယ်ချီ၍ ပါရှိနေသည်။
သူတို့က အဖုံးကို ဖွင့်ကြည့်လိုက်သည့်အခါ လက်ဖက်နံ့ သင်းသင်းလေး ထွက်လာကာ စိတ်ကို ကြည်လင်သွားစေကာ ဉာဏ်အလင်းပွင့် အခြေအနေသို့ ဝင်လုနီးပါး ဖြစ်သွားစေသည်။
ချီရှောက်ရွမ်က ပုလင်းလေးကို လက်ထဲ ကိုင်ထားလိုက်သည်။ ထိုအရာက ငှက်မွေးလေးလိုမျိုး ပေါ့ပါးနေသော်လည်း သူ့အတွက် ထိုက်ရှန်းတောင်လို လေးလံနေသည်ဟု ခံစားနေရသည်။
သူက ခါးသက်သက်ပြုံးကာ ခေါင်းခါလိုက်ပြီး “ဒါတွေအားလုံးက ညီအစ်ကိုရှန် ရလာတာတွေလေ။ ဒီအတိုင်း အလကားပေးပစ်ဖို့ ဘယ်ဖြစ်ပါ့မလဲ ”
ဝမ်ရှန်းယုက ထိုပုလင်းများကို စိတ်အားထက်သန်စွာ ကြည့်လိုက်သော်လည်း နောက်ကောက်ကျ မကျန်ခဲ့လိုပေ။ ထို့ကြောင့် သူက ဝင်ပြောလိုက်သည် “သူတောင် မျက်နှာပူနေမှတော့ ကျုပ်လည်း ဒီလိုရတနာမျိုးကို အလကား လက်မခံနိုင်ဘူး ”
တစ်ဖက်တွင် အောင်းဝူက စိတ်လျော့သွားလေပြီ “အစ်ကိုကြီးရှန် ကျွန်တော် လက်ခံလိုက်မယ်။ အပြန်အလှန်အနေနဲ့ ရတနာတွေကို ပေးဖို့ အဖေ့ဆီ ပြောပေးပါ့မယ် ”
ဟုတ်ပေသည်။ မျက်နှာသာအပေးခံဆုံး မင်းသားတစ်ပါးအနေနှင့် ဇွတ်တရွတ်ဆန်လှ၏။
………....
ရှန်ထျန်းက ပြုံးကာ “ အားနာနေဖို့ မလိုဘူး။ ငါက နဂါးရင်းမြစ် သစ်သီးကို နင်းကန်ခူးလိုက်လို့ ဉာဏ်အလင်းပွင့် သစ်ပင်လည်း ကြောက်ပြီး ထွက်ပြေးသွားတာလေ။ တကယ်လို့ ဉာဏ်အလင်းပွင့် သစ်ပင်သာ မြေအောက်လျိုးမသွားရင် မင်းတို့တွေလည်း သစ်ရွက်တချို့တော့ ရလိုက်ကြမှာပဲ။ အဲဒါကြောင့် အားလုံးကို ကျေးဇူးတင်တဲ့အနေနဲ့ ယူထားလိုက်ပါ။ ဘာမှစိတ်မပူနေကြနဲ့ … ယူသာယူထားလိုက် ”
ကောင်းလိုက်တဲ့ ဖြေရှင်းချက် …
ရှန်ထျန်း၏ စကားများက ထိုသုံးယောက်ကို ရင်ထဲ ထိသွားစေသည်။
သူက တကယ်ကို လူကြီးလူကောင်းတစ်ဦးပဲ … ဒီလိုမျိုး မိတ်ဆွေသာ ရှိနေရင် တခြားဘာမှထပ်တောင်းဆိုနေဖို့ မလိုတော့ဘူး …
ရှန်ထျန်း၏ အဆက်မပြတ် ဖျောင်းဖျမှုအောက်တွင် သုံးယောက်သား စိတ်လျော့လိုက်ကြကာ သူတို့၏ ဉာဏ်အလင်းပွင့် သစ်ရွက်များကိုသာ သိမ်းဆည်းလိုက်ရတော့သည်။ တစ်ချိန်တည်းတွင် သုံးယောက်လုံးက သူတို့အသက်ရှင်နေသရွေ့ ဤကျေးဇူးကြွေးကို သေချာပေါက် ပြန်ပေးဆပ်မည်ဟု တိတ်တဆိတ် ကျိန်ဆိုလိုက်ကြသည်။
သူတို့တွင် အခွင့်အရေး ရှိမလား၊ မရှိမလားကိုတော့ ကောင်းကင်ဘုံကသာ သိပေမည်။
ရှန်ထျန်းတွင် ဉာဏ်အလင်းပွင့် သစ်ရွက် မည်မျှသိမ်းဆည်းထားသည်ကိုတော့ သုံးယောက်လုံးက ဉာဏ်ရှိရှိ မမေးဖို့ ဆုံးဖြတ်လိုက်ကြသည်။ အရင်ဦးစွာ ဤခေါင်းစဉ်မျိုးက ဆင်ခြင်သင့်သည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့က သံသယကို ရှောင်ရှားဖို့အတွက် မမေးကြတော့ပေ။ ဒုတိယအနေနှင့် သူတို့သုံးယောက်လုံးသာ ထုတ်မေးလိုက်လျှင် သူတို့၏ ကိုယ်ပိုင်ယုံကြည်ချက်အပေါ် သက်ရောက်မှုကြီးကြီး ဖြစ်သွားနိုင်သည်။
ထို့ကြောင့် သူတို့ဘာသာ သိချင်စိတ်ကို ချုပ်တည်းထားသည်က ပို၍ ကောင်းပေသည်။
…………….
အံ့ဖွယ်သစ်ပင် နှစ်ပင်လည်း မြေအောက်လျိုးဝင်သွားပြီ ဖြစ်၍ ယင်ယန်ဆုံချက်နှစ်ခု ပိုင်နက်သည်လည်း စတင် အားနည်းလာသည်။ မြေကြီးကလည်း လရောင်အောင်တွင် ပျက်စီးခြောက်ကပ်လာဟန်ပေါ်သည်။
စောစောလေးကအထိ ယင်ယန်ဆုံချက်နှစ်ခု ပိုင်နက် ရှိနေခဲ့သည့်အကြောင်း မည်သူကမှ စိတ်ကူးကြည့်နိုင်မည် မဟုတ်ပေ။
“ အခု ငါတို့ဘယ်သွားကြမလဲ ”
ဝမ်ရှန်းယုက ရှန်ထျန်းအား သိချင်စွာ ကြည့်လိုက်ပြီး မေးလိုက်သည်။
ရှန်ထျန်းက မျက်လုံးမှိတ်ကာ စိတ်လျော့ထားဟန်ပေါ်သည်။ သူ့ကံကြမ္မာတိုးတက်လာခြင်းက အတော်လေး သက်တောင့်သက်သာ ရှိလှသည်။ အနှိပ်ခန်းသွားကာ တေးဂီတ နားထောင်ရင်း အနှိပ်ခံလိုက်ရတာထက် ပိုကောင်းပေသည်။
သူက ချီရှောက်ရွမ်၊ ဝမ်ရှန်းယုနှင့် အောင်းဝူတို့ ခေါင်းအထက်ကို ကြည့်ကာ ပြုံးလိုက်ပြီး “ ဒီဆန်းကြယ်နယ်ပယ်ထဲ အတော်လေး ရပြီးပြီလေ။ နဂါးနဲ့ ယာ့လုံတွေလည်း အသိုက်ထဲ ဝင်နေပြီး ထပ်မထွက်လာကြတော့ဘူးဆိုတော့ ရတနာရှာဖို့က ခက်သွားပြီ။ အဆုံးမဲ့ နတ်ဧကရာဇ်ရဲ့ ဆန်းကြယ်နယ်ပယ်ဆီ ပြန်တာ ဘယ်လိုလဲ … အဲဒီမှာ ဉာဏ်အလင်းပွင့် သစ်ရွက်လေးနဲ့ အဖန်ရည်လေး ကျိုချက်ပြီး မြည်းစမ်းကြည့်ကြတာပေါ့ ….
ညီအစ်ကိုဝမ်က အဆုံးမဲ့အသက်ကျမ်းပေါ် နက်နက်နဲနဲ နားလည်သွားပြီး သူ့သက်တမ်းကို မြန်မြန် ပြန်ဖြည့်နိုင်ဖို့လည်း အကူအညီပေးရာ ရောက်တယ်လေ ”
ဝမ်ရှန်းယု၏ မျက်လုံးများ လင်းလက်လာကာ “ ညီအစ်ကိုရှန် ပြောတာ မှန်တယ် ”
ဉာဏ်အလင်းပွင့် အဖန်ရည်က လူတစ်ယောက်၏ ဉာဏ်အလင်းပွင့် ပါရမီအထုံကို ထာဝရတိုးတက်လာစေရုံသာမက အာနိသင်ကလည်း သောက်သုံးပြီးသည့် ခဏလေးအတွင်း အဆများစွာ တိုးမြင့်လာသေးသည်။ တချို့လူများက နဂိုကတည်းက ထူးချွန်သည့် ဉာဏ်အလင်းပွင့်နိုင်စွမ်း ရှိကြသောကြောင့် အဖန်ရည် သောက်သုံးပြီးသည်နှင့် တန်းနားလည်ကာ ဉာဏ်အလင်းပွင့်သွားစေနိုင်သည့် အခြေအနေသို့ ရောက်သွားစေနိုင်သည်။ တစ်ချိန်တည်းတွင် သူတို့၏ ဉာဏ်ပညာ အထုံပါရမီလည်း ဆယ်ဆလောက် မြင့်မားသွားလိမ့်မည်။
ဤသို့အခြေအနေက ကြာရှည်မခံသော်လည်း ဝမ်ရှန်းယုအနေနှင့် အဆုံးမဲ့အသက်ကျမ်းအပေါ် အသိဉာဏ်တိုးပွားလာစေဖို့အတွက် လုံလောက်ပေသည်။
ဝမ်ရှန်းယုက ထိုအတွေးဖြင့် ဆေးရွက်အိတ်လေးတစ်ခု ထုတ်ကာ “ ဒါတွေက နှစ်သုံးထောင် သက်တမ်း သွေးဂျင်စင်း၊ ဘယ်ရီ၊ ပိုးစာသီးနဲ့ ဆိုလိုမွန် တံဆိပ်ပဲ။ ညီအစ်ကိုရှန် ဒါတွေနဲ့ အဖန်ရည် ကျိုလို့ ရတယ်နော် ”
ရှန်ထျန်းက ချောင်းအသာဟန့်ကာ ပြုံးလိုက်ပြီး “ အဟွတ်ဟွတ် … ညီအစ်ကိုဝမ်ပဲ သိမ်းထားလိုက်ပါ ”
လာနောက်နေတာလား … ငါက ဒါတွေ ဘာလို့ လိုမှာလဲ … ငါ့ခန္ဓာကိုယ်က အကောင်းကြီးလေ
ဒါတွေသာ အဖန်ရည်ထဲ ထည့်လိုက်ရင် အရသာတော့ လွန်ကဲကုန်တော့မှာပဲ … ဂျင်းစင်း ရတနာငါးသွယ် အဖန်ရည်များ ထင်နေလား
....................
ရှန်ထျန်းနှင့် အခြားလူများက အဆုံးမဲ့ နတ်ဧကရာဇ်၏ ဆန်းကြယ်နယ်ပယ်ထဲ ပြန်ရောက်လာသည့်အခါ ဉာဏ်အလင်းပွင့် အဖန်ရည်ကို စတင်ကျိုချက်ဖို့ ပြင်ကြတော့သည်။
ဉာဏ်အလင်းပွင့် အဖန်ရည်က ပြိုင်ဖက်ကင်း ရတနာတစ်မျိုး ဖြစ်၏။ အထူးသဖြင့် ရှန်ထျန်း ခူးဆွတ်လာသည့် အရွက်များ ဖြစ်သည်။ သူတို့အားလုံးက အထွတ်အထိပ်အဆင့် အရွက်များ ဖြစ်ကြသည်။ မပြီးပြည့်စုံသေးသည့် တာအို အမှတ်အသား ရှိထားသည့် သာမန်အရွက်များပင် ချိုင့်ဝှမ်း သို့မဟုတ် ကောင်းချီးနယ်မြေမျိုး၌ ပေါ်ထွက်လာပါက အထွတ်အထိပ်ရှင်များ အလုအယက် တိုက်ခိုက်ကြရလိမ့်မည်။
ထိုအရွယ်ရောက်ပြီးသော ငွေရောင်အရွက်များအကြောင်း ထည့်ပြောဖို့ မလိုတော့ပေ။ သူတို့က ဝိညာဉ်ဆေးပင်များအနက် အကောင်းဆုံးသာ ဖြစ်၏။
ရှန်ထျန်းအပြင် အရှေ့ပိုင်းလွင်ပြင်တစ်ခုလုံး သို့မဟုတ် နယ်မြေငါးခုလုံးအနက် မည်သူကများ အချမ်းသာဆုံးဟု ပြောရဲမည်နည်း။ ကျင့်ကြံရေးလောကတစ်ခုလုံး၌ လူတစ်ဆုပ်လောက်သာ ထိုသို့သော အရွက်များဖြင့် မိတ်ဆွေများအား ပုံမှန်ဧည့်ခံကြမည် ဖြစ်၏။
ဉာဏ်အလင်းပွင့် သစ်ရွက်များ၏ တန်ဖိုးကို အထွတ်အထိပ်ရှင်များစွာ၏ ကြွယ်ဝချမ်းသာမှုနှင့်ပင် လိုက်ယှဉ်၍ မရချေ။
ရှန်ထျန်းက အဖန်ရည်သောက်သုံးသည့် အလေ့အကျင့် မရှိသောကြောင့် အရည်အသွေး မြင့်မားသည့် လက်ဖက်ရည်ကြမ်းခွက်အစုံလိုက် မရှိထားပေ။ ဝမ်ရှန်းယုက အဖန်ရည် နေ့တိုင်းသောက်သော်လည်း ရတနာငါးသွယ် အဖန်ရည်သာ သောက်သုံးသည်။ ထို့ကြောင့် သူ့ခွက်များ ထုတ်လိုက်သည်နှင့် ဆန်းကြယ်နယ်ပယ် တစ်ခုလုံး ဘယ်ရီအနံ့များ လှိုင်လှိုင်ထသွားတော့သည်။
အဆုံးသတ်၌ ချီရှောက်ရွမ်က အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းဖြစ်သည့် လက်ဖက်ရည်ကြမ်းခွက် အစုံလိုက်ကို ထုတ်ပေးလာသည်။
သဘောတရားအရ အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်များပင် ဤမျှဉာဏ်အလင်းပွင့် သစ်ရွက်အဆင့်ကို လိုက်မမီသေးပေ။ အံ့ဖွယ်အသုံးအဆောင်ပစ္စည်းများကသာ ထိုက်တန်လောက်၏။ သို့သော်လည်း အစားထိုးရန် တခြားခွက်များလည်း မရှိတော့သောကြောင့် ယခု ဤမျှနှင့်သာ ကျေနပ်လိုက်ရသည်။
ယခု သူတို့တွင် လက်ဖက်ရွက်များနှင့် လက်ဖက်ရည်ကြမ်း ခွက်များ အစုံရှိနေပြီ ဖြစ်၍ အဖန်ရည် ကျိုချက်မည့် ရေကလည်း အတော်လေး အရေးကြီးပေသည်။ အထွတ်အထိပ်အဆင့် ဝိညာဉ်စမ်းရေက ဝိညာဉ်မီးတောက်အကူဖြင့် ဉာဏ်အလင်းပွင့် အဖန်ရည်၏ အာနိသင်ကို ပို၍ ထုတ်ပေးနိုင်လိမ့်မည်။
အရှင်းဆုံးပြောရလျှင် ဝိညာဉ်စမ်းရေက ရှာတွေ့ဖို့ မလွယ်လှပေ။
အဆုံးသတ်၌ ရှန်ထျန်းက ရှာဖို့ ပျင်းရိနေသောကြောင့် နိဗာနတော်ဝင်ရေစင် ၅၀၀ မီလီမီတာသာ ထုတ်ယူလိုက်သည်။ နို့နှစ်ရောင် နိဗာနတော်ဝင်ရေစင်နှင့် ကျိုချက်ထားသော အဖန်ရည်ကို လက်ဖက်ရည်ကြမ်းဟု ခေါ်ရမလား နို့လက်ဖက်ရည်ဟု ခေါ်ရမည်လား မသိတော့ပေ။
သို့သော်လည်း အနည်းဆုံးတော့ ပစ္စည်းကောင်းများကို အတူတကွ ကျိုချက်လိုက်ခြင်းက မမှားပေ။ သူက ချီရှောက်ရွမ်နှင့် အခြားလူများကို ထိုသို့အဖန်ရည်မျိုး တိုက်ခြင်းဖြင့် မျက်နှာသာပေးထားလေပြီ။
ရှန်ထျန်း မှန်းဆထားသည့်အတိုင်း ချီရှောက်ရွမ်နှင့် အခြားလူများက ငွေရောင်သစ်ရွက်များနှင့် ကျိုချက်နေသည့် နို့နှစ်ရောင် နိဗာနတော်ဝင်ရေစင်ကို မြင်လိုက်ရသည့်အခါ ထူးထူးဆန်းဆန်း အမူအယာများ ဖြစ်လာကြသည်။ သူတို့က ရင်ထဲ ထိသွားပြီး နေရခက်လာသည်။
အံ့ဖွယ်ဝါးမျိုနွယ်ပင်၏ နိဗာနတော်ဝင်ရေစင်နှင့် ဉာဏ်အလင်းပွင့် သစ်ရွက်တို့က နယ်မြေငါးခု၏ အဖိုးတန်ဆုံး ရတနာများ ဖြစ်ကြသည်။
ဒီလိုအတူတူ ကျိုချက်တာ အဆင်ပြေပါ့မလား …
ညီအစ်ကိုရှန်ကတော့ ထင်ထားတဲ့အတိုင်းပဲ … ချမ်းသာလွန်းတာက ဇွတ်တရွတ်ဆန်လာစေတာပဲ
ချီရှောက်ရွမ်၊ ဝမ်ရှန်းယုနှင့် အောင်းဝိူတို့က ရှန်ထျန်း၏ ဉာဏ်အလင်းပွင့် အဖန်ရည်ကို သောက်နေရင်း ဘာမှမပြောကြပေ။ သို့သော်လည်း ရှန်ထျန်း၏ အဖန်ရည် ကျိုချက်သည့် နည်းလမ်းက ထူးခြားသော်လည်း နန်မင်လီ မီးတောက်ကို အဆုံးအစွန်အထိ ထုတ်သုံးထားသောကြောင့် နိဗာနတော်ဝင်ရေစင် စတင် ဆူပွက်လာသည်နှင့် ဉာဏ်အလင်းပွင့် သစ်ရွက်များက စတင် ပြန့်သွားရသည်။
နို့နှစ်ရောင် နိဗာနတော်ဝင်ရေစင်ထဲ ငွေရောင်သစ်ရွက်လေးများ ပေါ်လောပေါ်နေပြီး သူတို့၏ တာအိုများကို ထုတ်လွှင့်ပေးနေကြသည်။ ရှန်ထျန်းက အထဲတါင် ဉာဏ်အလင်းပွင့် သစ်ရွက်လေးမျိုး ထည့်ထားသောကြောင့် ဒယ်စောက်၊ ခေါင်းလောင်း၊ ကြေးမုံနှင့် လှံပုံရိပ်တို့ ဖြစ်တည်လာသည်။
နိဗာနတော်ဝင်ရေစင် စတင်ဆူပွက်လာသည်နှင့် သစ်ရွက်လေးရွက်က လေထဲ မျှောလွင့်လာကာ နက်နဲသိမ်မွေ့သည့် စည်းမျဉ်းများကို စုစည်းလာပုံပေါ်သည်။
ရှန်ထျန်းနှင့် အခြားသုံးယောက်လည်း စိတ်ဝင်စားလာကြ၏။ သူတို့ အဖန်ရည်သောက်သုံးသည့်အခါ ထိုစည်းမျဉ်းများ သို့မဟုတ် လျို့ဝှက်ကျမ်းများအပေါ် အာရုံစိုက်ထားလျှင် ရှေးအခါက ပြိုင်ဖက်ကင်း စည်းမျဉ်းအပိုင်းအစများကို နားလည်လာနိုင်လောက်သည်။
ထိုပညာရပ်များက နတ်ဧကရာဇ်၏ ဆန်းကြယ်ပညာရပ်များနှင့် ယှဉ်လိုက်သည့်အခါ မှေးမှိန်သွားပေသည်။
“ ဒီတစ်ခါတော့ အဆုံးမဲ့အသက်ကျမ်းကို ကျွမ်းကျွမ်းကျင်ကျင် ဖြစ်လာအောင် လေ့ကျင့်ရမယ် ”
ဝမ်ရှန်းယုက ဉာဏ်အလင်းပွင့် အဖန်ရည်ကို တစ်ခါတည်း သောက်သုံးလိုက်ပြီးနောက် အရသာက ထူးဆန်းနေကြောင်း ခံစားမိလိုက်သည်။
ချဉ်သလိုလို ချိုသလိုလို စပ်သလိုလို ဖြစ်သော်လည်း လက်ဖက်ရွက်နံ့လေး သင်းနေသည်။ အရသာက ထူးကဲလှသည်။ တစ်ချိန်တည်းတွင် ဝမ်ရှန်းယု၏ ချီသွေးကြောများကို ဖြတ်၍ သူ့ကိုယ်ထဲ အားကောင်းသည့် စွမ်းအားလုံးကြီး စီးဝင်လာလေသည်။
ဤသည်က နိဗာနတော်ဝင်ရေစင်၏ အာနိသင် ဖြစ်ပြီး သူ့သက်တမ်းကို ပြန်လည် အားဖြည့်ပေးနေသည်။ ထိုစဉ် သူ့ချီသွေးကြောမှတဆင့် ဝိညာဉ်အထိ ဝင်ရောက်လာသည့် ဆန်းကြယ်စွမ်းအားတမျိုးလည်း ကပ်ပါလာသည်။
ဤသည်မှာ ဉာဏ်အလင်းပွင့် အဖန်ရည်၏ အာနိသင် ဖြစ်၏။ ထိုအရာက ဝမ်ရှန်းယု၏ အလားအလာကို အချိန်တိုအတွင်း အဆများစွာ တိုးပွားလာစေသည်။ အချိန်တိုလေးအတွင်း ဝမ်ရှန်းယုက မည်သည့်ကျင့်စဉ်ကိုမှ နားလည်ဖို့ မကြိုးစားနေလျှင်ပင် သူ့နားလည်နိုင်စွမ်းက အဆမတန် မြင့်တက်သွားပေလိမ့်မည်။
ထိုအချိန်ကာလလေး ကျော်လွန်သွားလျှင်ပင် သူ့ဉာဏ်အလင်းပွင့်နှုန်းက တစ်သက်လုံး တိုးတက်လာနိုင်သည်။ ဤသည်မှာ အားလုံး လိုချင်တပ်မက်နေကြဆုံးဖြစ်သည့် ဉာဏ်အလင်းပွင့် အဖန်ရည်၏ အကျိုးအာနိသင် ဖြစ်၏။
………...
“အရသာ ဘယ်လိုလဲ ”
ရှန်ထျန်းက အဖန်ရည် ကျိုဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သောကြောင့် ဝမ်ရှန်းယုအား စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ သူက ဝမ်ရှန်းယု မသောက်ခင်အထိ အဖန်ရည်ကို မသောက်ရဲသေးပေ။ သူက အရသာမဆိုးရွားစေနေဖို့ အရင် အာမခံချက်လိုချင်သေး၏။
ဝမ်ရှန်းယုက မျက်လုံးများ မှေးလိုက်ကာ သက်တောင့်သက်သာ ရှိပုံပေါ်နေသည်။ သူက ကြည်နူးပျော်ရွှင်နေသည့် အမူအယာမျိုး ရှိနေပြီး ပြုံးလိုက်ကာ “ အရသာလား ဟားဟား … တစ်ခွက်လောက်နဲ့ လန်းဆန်းသွားတာပဲ။ အရသာရှိတယ် ”
ထိုစကားအဆုံးတွင် ဝမ်ရှန်းယုက နှုတ်ခမ်းသပ်ရင်း နောက်တစ်ခွက် လောင်းထည့်လိုက်သည်။
ရှန်ထျန်းက ရယ်ရမည်လား ငိုရမည်လား မသိတော့ပေ “ အရသာရှိတယ်ဆိုရင် များများသောက်နော် … ညီအစ်ကိုချီနဲ့ အောင်းဝူလည်း သောက်ကြပါ ”
ချီရှောက်ရွမ်နှင့် အောင်းဝူတို့က အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့က ခွက်ထဲ လောင်းထည့်ရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။ သူတို့က မျက်လုံးစုံမှိတ်ကာ သောက်လိုက်ကြသည်။
ဟမ် … အရသာလေးက အတော်ကောင်းသား …
ချိုချိုချဉ်ချဉ် အရသာလေးနဲ့ အနံ့သင်းသင်းလေးက ပါးစပ်ထဲ စီးဝင်သွားလေသည်။
ထိုအရာက သူတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်အာရုံစုစည်းမှုတို့ကို တိုးမြင့်လာစေသည်။
ချီရှောက်ရွမ်က ကမ္ဘာကြီးနှင့် တစ်သားတည်း ဖြစ်လာသလို ခံစားမိလိုက်ပြီး ဆန်းကြယ်ကာ မဖော်ပြတတ်သည့် အခြေအနေထဲ ဝင်ရောက်သွားသည်။
သူ့တာအိုက အလွန်ရှင်းလင်းလာပြီး ယခင် သင်ယူထားသော ကျင့်စဉ်များကလည်း သူ့ရှေ့မှောက် အစီအရီ ပေါ်လာသည်။ သူက ကျင့်စဉ်များအပေါ် နားလည်နိုင်စွမ်း တိုးမြင့်သွားလေသည်။
သူ့အနောက်တွင် ခရမ်းအငွေ့အသက်များ ပေါ်ထွက်လာပြီး ထိုအငွေ့အသက်များအတွင်း ကောင်းကင်လင်းယုန်များ ပျံသန်းနေကြသလို နဂါးပျံလည်း ကောင်းကင်မှာ ဝဲပျံနေကြသည်။
ပုံရိပ်သဏ္ဌာန်များက ပိုမို ရှင်းလင်းလာကာ အသေးစိတ်တစ်ခုချင်းစီက ပိုမို လက်တွေ့ဆန်လာသည်။
သူ့ခေါင်းအထက်ရှိ ခရမ်းရောင် ကနဦးဝိညာဉ်လေးက ဖြည်းဖြည်းချင်း ကြီးလာသည်။ ချီရှောက်ရွမ်၏ ကျင့်ကြံဆင့်က မယုံနိုင်လောက်ဖွယ် အမြန်နှုန်းဖြင့် သိသိသာသာ တိုးတက်လာသည်။
အောင်းဝူအတွက်မူ သူ ဉာဏ်အလင်းပွင့် အဖန်ရည် သောက်သုံးပြီးနောက် အရက်မူးသွားသည့်အလား ပုံစံပေါ်လာသည်။ သူက အံ့ကြိတ်ကာ လေထဲ လက်သီးချက်များ ဆက်တိုက် ပစ်ခွင်းနေသည်။ သူ့ပုံစံက အံ့အားသင့်ဖွယ် ကောင်းသလို အလေးအနက်လည်း ဖြစ်နေသည်။
………….....
အားလုံး စိတ်လှုပ်ရှားလာကြသည်ကို ကြည့်ကာ ရှန်ထျန်းက ချုပ်တည်းမထားတော့ပေ။ သူလည်း တစ်ခွက်ငှဲ့ကာ ဖြည်းဖြည်းချင်း သောက်သုံးလိုက်သည်။ သူက တစ်ကိုယ်လုံး နွေးထွေးလာသလိုမျိုး ချက်ချင်း ခံစားလိုက်ရ၏။
မီးစာကိုယ်ထည်မာကျမ်းနှင့် ဓာတ်ငါးပါး စွမ်းအားများက နိဗာနတော်ဝင်ရေစင်ကို အရူးအမူး စုပ်ယူကာ အရင်းအမြစ်တူ စွမ်းအားအဖြစ် သန့်စင်ပစ်လိုက်သည်။
သူ့စွမ်းအင်ဗဟိုချက်အတွင်းရှိ ရှုပ်ထွေးပွေလီ အငွေ့အသက်လုံးအတွက်မူ နိဗာနတော်ဝင်ရေစင်ကို လုယူမည့် အရိပ်အယောင်မျိုး မပြသပေ။
ငါ ဒီရှုပ်ထွေးပွေလီ အငွေ့အသက်အလုံးကို ဘယ်တုန်းက ထိန်းချုပ်နိုင်သွားတာလဲ … အနည်းဆုံးတော့ ဖြစ်နိုင်ရင် ဒီရှုပ်ထွေးပွေလီ အငွေ့အသက် ထုတ်လို့ရတာပဲ … ခန္ဓာကိုယ်ထဲ ထားရတာ အန္တရာယ်များတယ်
ရှန်ထျန်းက သူ့ဘာသာ ရေရွတ်လိုက်သည်။ အားလုံးက ရှုပ်ထွေးပွေလီ အငွေ့အသက်သည် မည်မျှကြောက်ဖို့ကောင်းကြောင်း သိကြပေသည်။ ဝိဇ္ဇာများပင် သတိလက်လွတ် မနေရဲကြပေ။
ရှန်ထျန်းက အကျိုးမြတ်များစွာ ရလာသောကြောင့် ထိုအငွေ့အသက်များက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း၌ သူ့ခန္ဓာကိုယ်ကို ကျန်ရစ်စေခဲ့လျှင် မည်သို့ဖြစ်လာမည်နည်း။
ဆုံးရှုံးမှုအကြီးကြီး ဖြစ်သွားပေမည်။
မဟုတ်သေးဘူး … ဒီကျွန်းရဲ့ ရှုပ်ထွေးပွေလီ အငွေ့အသက် အကာအရံအလွှာ ပွင့်လာတာနဲ့ အတိသုခမြို့ဆီ ပြန်ရမယ် … အနည်းဆုံးတော့ ငါ့ရတနာတွေကို ဘေးကင်းလုံခြုံတဲ့ နေရာဆီ ထားခဲ့ပြီးမှ … ဟမ် ..
သူ့မသိစိတ်က အလံနီ ပြလိုက်သလိုမျိုး ခံစားလိုက်ရသည်။
အန္တရာယ်များတယ် …
...................
အားလုံးက ဉာဏ်အလင်းပွင့် အဖန်ရည် သောက်သုံးပြီးနောက် ဉာဏ်အလင်းပွင့် အနေအထားသို့ ဝင်ရောက်သွားကြသည်။
ချီရှောက်ရွမ်၏ ကျင့်ကြံဆင့်က မယုံနိုင်လောက်ဖွယ် တိုးတက်လာသည်။ သူက အဆုံးမဲ့အသက်ကျမ်းကို ကြည့်ကာ ဆန်းကြယ်ပညာရပ်အား တိတ်တဆိတ် သင်ယူနေလိုက်၏။
ထိုစဉ် ဝမ်ရှန်းယုက လိပ်နက်ကျောက်ပြားရှေ့ လိပ်နက်ကိုယ်ဟန်အတိုင်း လဲလျောင်းနေသည်။ သူက အဆုံးမဲ့အသက်ကျမ်းကို သင်ယူတတ်မြောက်ရန် ပြီးဆုံးသွားဟန်အလို့ဌာ ခေါင်းကို ရှေ့တိုးနောက်ဆုတ် လုပ်နေသည်။
ထိုအခါမှ သူက သက်တမ်း စတေးစရာ မလိုတော့ဘဲ နေရခက်သည့် အခြေအနေမျိုးကို လုံးဝ ရှောင်ရှားနိုင်မည် မဟုတ်ပါလော။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွားလေသည်။ မျက်စိတစ်မှိတ်အတွင်း သုံးလ ကုန်ဆုံးသွားလေ၏။
ရှန်ထျန်းတို့က ရှုပ်ထွေးပွေလီ အငွေ့အသက်အလွှာ ပွင့်လာဖို့ အနီးအနားတွင် စောင့်နေကြသည်။ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက် ပွင့်လာသည်မှာ ခုနှစ်လ ၊ ရှစ်လလောက် ရှိသွားလေပြီ။
အကယ်၍ သူတို့သာ ဤတစ်ကြိမ် ထွက်မသွားနိုင်လျှင် နောက်ထပ် သုံးလ ထပ်စောင့်ရပေမည်။
ထိုအခါ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက် တဖန် ပြန်ပိတ်သွားမည့်အချိန် ဖြစ်သွားလိမ့်မည်။ သူတို့သာ အချိန်ဖြုန်းမိသွားပါက အဆုံးသတ် ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် သူတို့က လုံခြုံစိတ်ချရစေရန် စောစောစီးစီး အပြင်ဘက်နားသို့ ထွက်လာကြခြင်း ဖြစ်၏။
ဝုန်း …
ရှုပ်ထွေးပွေလီ အငွေ့အသက်အလွှာ ပွင့်လာလေပြီ။
လေးယောက်သား ကြယ်ကြွေလာသည့်အလား နဂါးနတ်ဘုရားကျွန်း အပြင်ဘက်သို့ ပျံသန်းထွက်လာကြသည်။ သူတို့နောက်တွင် ပျော်ရွှင်မြူးတူးမှုအပြည့်နှင့် မျက်ဝန်းများစွာ တောက်ပလင်းလက်နေကြသည်။ ထိုမျက်ဝန်းများစွာက အခြားသူများ မဟုတ်ဘဲ ကျွန်းပေါ်ရှိ နဂါးများနှင့် ယာ့လုံများသာ ဖြစ်ကြသည်။
နောက်ဆုံးတော့ ဒီလူသားတွေ ထွက်သွားကြပြီ …
ကျွန်း၏ ပင်မဗဟိုချက်နေရာမှ သက်ပြင်းချသံကြီး ထွက်ပေါ်လာသည်။
နှစ်တစ်သောင်းလောက် ကြာမြင့်နေသည့် အသံလိုမျိုး ဖြစ်နေသည်။