ဒါကြီးက အမြင်မလှဘူး
Vol. 1 Ch. 144
အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းသည် လျင်မြန်စွာ ပြီးဆုံးသွားခဲ့သည်။ ကျန်းရီ၏ သတ်ဖြတ်ခြင်း အရှိန်အဝါသည် နတ်ဆိုးသားရဲများ အတွက် သဘာဝက ဖန်တီးပေး ထားသော လက်နက်ကြီးအလား ... ၎င်းသည် ရေခဲသားရဲ ကဲ့သို့သော သတ္တဝါမျိုးကိုပင် ဖိနှိပ်ထားနိုင်ရာ ဤနတ်ဆိုးသားရဲ တစ်သိုက်အား စကားထဲ ထည့်ပြောနေစရာပင် မလိုပေ။ သတ်ဖြတ်ခြင်း အရှိန်အဝါ၏ ဖိနှိပ်ထားမှုကြောင့် နတ်ဆိုးသားရဲများသည် အသတ်ခံရမည့် အချိန်ကိုသာ စောင့်နေကြ ရလေသည်။ သူတို့သည် သူတို့၏ နတ်ဆိုး စွမ်းရည်များကို သုံးရန်ပင် အချိန်မရ လိုက်ကြချေ။
ကျန်းရီသည် သတ်ဖြတ်ခြင်း အရှိန်အဝါအား အပြည့်အဝ မထိန်းချုပ် နိုင်သေးသည်မှာ စိတ်မကောင်း စရာပင်။ သူသည် သတ်ဖြတ်ခြင်း အရှိန်အဝါအား ကြိုက်သည့်အချိန် အသက်သွင်း၍ ရသော်လည်း မည်သို့ ရပ်တန့်ရမည်ကို မသိပေ။ နောက်ဆုံးတွင် ကျန့်ဝူရွှမ်း ဆင်းသွားကာ သူ့အား မေ့အောင် ရိုက်လိုက်ပြီး ပြန်သယ်လာ ရလေသည်။
သို့သော်လည်း ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းတို့ နှစ်ယောက်လုံးသည် ကောင်းကင်မှ ရွှေမိုးများ ရွာကျနေသည်ဟု ခံစားနေရသည်။ ကျန်းရီ၏ အမဲလိုက်နှုန်းသည် မြန်ဆန်လွန်းနေရာ စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့်ကိုပင် ယှဉ်နိုင်လောက် ပေသည်။ သို့သော် စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့်များအား မည်သည့် ဂိုဏ်းကမဆို အလုအယက် ဖိတ်ခေါ်ချင် နေကြသည် ဖြစ်ရာ သူတို့အနေနှင့် အပြင်ထွက်၍ အမဲလိုက်နေစရာ မလိုပေ။
ကျန်းရီသည် နေ့တစ်ဝက်ခန့် အိပ်မောကျ နေခဲ့ပြီးမှ နိုးလာခဲ့သည်။ ချမ်ဝမ်ကွမ်သည် သူ့လူများအား နတ်ဆိုးသားရဲများ၏ အသုံးဝင်သည့် အစိတ်အပိုင်း များအား စုစည်းခိုင်းကာ အလောင်းများအား မီးရှို့လိုက်ရန် စေခိုင်းထားပြီး ဖြစ်သည်။ သူတို့သည် အမွှေးနံ့ တစ်မျိုးကို သုံး၍ နတ်ဆိုးသားရဲများ၏ သွေးညှီနံ့များအား ကာကွယ် ထားလိုက်သည်။ ထို့နောက် လတ်ဆတ်သော အသားများအား ဖြတ်တောက်ကာ နေ့လယ်စာအတွက် ကင်နေခဲ့ကြသည်။
ကျန်းရီသည် ဒဏ်ရာမရ ထားသော်လည်း သတ်ဖြတ်ခြင်း အရှိန်အဝါအား သုံးထားရ၍ အားနည်း နေခဲ့သည်။ သူသည် စားသောက်ပြီးနောက် နှစ်နာရီခန့် ကျင့်ကြံလိုက်သည်။ ကျန်းရီသည် သူတိုက်ခိုက် နိုင်ကြောင်း သေချာအောင် လုပ်ပြီးသည့်အခါ ချမ်ဝမ်ကွမ်သည် ချမ်ခွမ်းအား ငါးကြီးအန်ဖတ်ကို ထပ်မံမီးရှို့၍ နတ်ဆိုးသားရဲများအား ဆွဲဆောင်ရန် စေခိုင်းလိုက်သည်။
ကျန့်ဝူရွှမ်း ရှင်းပြသည်မှာ ဤအဆင့်နိမ့် နတ်ဆိုး သားရဲများသည် ဉာဏ်ရည် နိမ့်ပါးလွန်းရာ ပုံမှန် အနံ့မျိုး မဟုတ်သည့် သွေးညှီနံ့၊ ငါးကြီးအန်ဖတ် နံ့တို့ဖြင့် အလွယ်တကူ ဖြားယောင်း၍ ရပေသည်။ ထို့ပြင် ချမ်ဝမ်ကွမ်သည် နတ်ဆိုးသားရဲများ အားလုံး သူတို့ဆီ အပြေးလာစေရန် မိုင်တစ်ရာ ပတ်လည်လောက်ထိ လျင်လျင်မြန်မြန် ပျံ့နှံ့နိုင်သော ပထမတန်းစား အမွှေးနံ့သာအား သုံးထား ခဲ့သေးသည်။
ကျန်းရီသည် ချမ်ဝမ်ကွမ်အား ဤအမွှေးနံ့သာသည် မည်မျှ တန်ဖိုးရှိကြောင်း မမေးခဲ့ပေ။ ချမ်ဝမ်ကွမ်ကလည်း ပြောပြချင်နေခြင်း မရှိရာ ချမ်ဝမ်ကွမ်အပေါ် ကျန့်ဝူရွှမ်း၏ အမြင်သည် ထပ်မံပြောင်းလဲ သွားခဲ့ပြန်သည်။ ချမ်ဂိုဏ်းသားများသည် လိမ္မာပါးနပ်ကာ တွက်ချက် တတ်သောကြောင့် အခြားဂိုဏ်းကြီး ခြောက်ဂိုဏ်းမှ သခင်လေး အများစုသည် သူတို့နှင့် ပေါင်းသင်း ဆက်ဆံလိုခြင်း မရှိကြပေ။ သူတို့ ချမ်ဂိုဏ်းသားများနှင့် အပေါင်းအသင်း လုပ်လျှင် ရောင်းစားခံရမည်ကို ကြောက်နေကြသည်။ ဤကုန်သည်များသည် သူတို့ အကျိုးအမြတ် ကိုသာ ကြည့်ကြသည် မဟုတ်ပါလား…
ချမ်ဝမ်ကွမ်သည် ဤသို့သော လူမျိုး မဟုတ်သည်မှာ ထင်ရှားသည်။ သူသည် အမြင်ကျယ်၍ ရေရှည်အကျိုးကို ကြည့်သည်လည်း ဖြစ်နိုင်ပေသည်။ အချိန်အတော်ကြာ အတူရှိခဲ့သည် ဖြစ်သော်လည်း သူသည် သူတို့နှစ်ယောက်အား မည်သည့် တွက်ချက် ဆက်ဆံခြင်းမှ မလုပ်ခဲ့ပေ။ သူသည် ပြန်လည် ပေးဆပ်မှုကို မမျှော်ကိုးဘဲ သူကသာ ရက်ရော နေခဲ့သည်။ ဤနည်းဖြင့် သူသည် ကျန်းရီနှင့် ကျန့်ဝူရွှမ်းတို့၏ မိတ်ဆွေ အပေါင်းအသင်း ဖြစ်လာခဲ့လေသည်။
"ဂရား ... " "ဝူး… ဝူး…"
အပြင်ဘက်မှ နတ်ဆိုးသားရဲများ၏ အော်သံများ ထပ်မံပေါ်ထွက် လာခဲ့ပြန်သည်။ လျှို့ဝှက် သက်တော်စောင့် နှစ်ယောက် မကြာသေးခင်က ဖွဲ့ထားလိုက်သော သူတို့၏ အခန်းထဲမှ ထွက်လာခဲ့ချိန်တွင် ကျန်းရီသည် အပြင်သို့ ပြေးထွက်သွားခဲ့ပြီ ဖြစ်လေသည်။
ဤတစ်ကြိမ်တွင် ချမ်ခွမ်းသည် အမွှေးနံ့ အမြောက်အမြား သုံး၍ နတ်ဆိုးသားရဲများကို ပိုမို ဆွဲဆောင် ထားသည်မှာ အကောင်တစ်ရာခန့်ပင် ရှိနေပြီ ဖြစ်သည်။ ကောင်းကင် ထက်မှလည်း ဆယ်ပေခန့် ရှည်သော သိန်းငှက်ကြီး တစ်ကောင်သည် ကောင်းကင် တစ်ခုလုံးအား ပိတ်ကွယ်ထားသည့် တိမ်မည်းကြီး တစ်စအလား ချဉ်းကပ် လာခဲ့သည်။
"ဝူရွှမ်း ... ဝမ်ကွမ် ... ဒီသိန်းငှက်က အတော်လေး ကောင်းတယ် ... ဒုတိယအဆင့် ရှိမယ်လို့ ငါထင်တယ် ... ဘာလို့ မလေ့ကျင့်တာလဲ"
ကျန်းရီသည် မျက်ခုံးပင့်၍ ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်အား လှည့်မေး လိုက်သည်။ ကျန်းရီသည် သတ်ဖြတ်ခြင်း အရှိန်အဝါဖြင့် ဖိနှိပ်ထားရာ ယခုအချိန်တွင် ဆိုလျှင် သူတို့ အလွယ်တကူ လေ့ကျင့် နိုင်လေသည်။
"အားနည်းလွန်းတယ် ... ငါမလိုချင်ဘူး"
ကျန့်ဝူရွှမ်းသည် ခေါင်းယမ်းကာ ငြင်းပယ်လိုက်သည်။ သူသာ ဤအဆင့် နတ်ဆိုးသားရဲအား လိုချင်လျှင် သူ့တွင် ရှိနေသည်မှာ ကြာပြီ ဖြစ်သည်။
"ငါလည်း မလိုချင်ဘူး"
ချမ်ဝမ်ကွမ်သည်လည်း ခေါင်းယမ်း လိုက်သည်။
"အဲဒါက နဂါးတစ်ကောင်ဆို ငါလိုချင်လောက် သေးတယ် ... ဒါကြီးက အမြင်မလှဘူး"
သိန်းငှက်ကြီးသည် သူတို့ ရှိနေသော နေရာအား သတိပြုမိ သွားခဲ့သည်။ ၎င်း၏ အတောင်ပံကြီးများ လှုပ်ရှားသွားခဲ့သည်။ အနီးသို့ မရောက်ခင်တည်းက ကြမ်းတမ်းသော အရောင်အဝါ တို့သည် သူတို့ထံ ကျဆင်း လာလေသည်။ ၎င်း၏ အေးစက်စက် မျက်လုံး တစ်စုံသည် ချမ်ဝမ်ကွမ်၏ အဆီများအား တဆတ်ဆတ် တုန်သွား စေလေသည်။
"သေစမ်း"
ကျန်းရီသည် အော်ဟစ်လိုက်ကာ သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါအား ထုတ်လွှင့် လိုက်သည်။ ကျန်းရီသည် မြေပြင်ပေါ် ခြေကန်၍ နတ်ဆိုးသားရဲကြီးထံ ခုန်ဝင်လိုက်သည်။ သူ့လက်တွင်းရှိ အနီရောင် ဓားမြှောင်သည် အနက်ရောင် တစ်ချက် လင်းလက်သွားခဲ့ပြီး သိန်းငှက်ကြီး၏ ဦးခေါင်းထံ တိုးဝင် သွားလေသည်။
သိန်းငှက်ကြီးသည် သတ်ဖြတ်ခြင်း အရှိန်အဝါ၏ သက်ရောက်မှု ခံလိုက်ရသည်နှင့် ၎င်း၏ ရက်စက်သော အရောင်အဝါများ ချက်ချင်း ပျောက်ကွယ် သွားလေသည်။ ၎င်း၏ မျက်လုံးကြီးသည် အသိဝင်သွားသည့် အလား အတောင်ပံများကို ရုတ်လိုက်ကာ အောက်သို့ ကျဆင်း သွားလေသည်။
"ဘန်း"
ကျန်းရီ၏ အနီရောင် ဓားမြှောင်သည် သိန်းငှက်ကြီး၏ ဦးခေါင်းထံ ကြမ်းကြမ်း တမ်းတမ်း စိုက်ဝင်သွားခဲ့သည်။ ဦးခေါင်းသည် မာလွန်းနေမည်ဟု သူထင်မထားမိပေ။ ဓားမြှောင်သည် ခြောက်လက်မခန့် စိုက်ဝင်သွားပြီး ပြန်ကန်ထွက် လာခဲ့သည်။
ကျန်းရီသည် လက်တစ်ဖက်ဖြင့် သိန်းငှက်ကြီး၏ လည်ပင်းအား ဖက်တွယ်ထားရင်း ခေါင်းကြီးအား ဓားမြှောင်ဖြင့် ဆက်တိုက် ထိုးလိုက်လေသည်။ သွေးစိမ်းရှင်ရှင် ထွက်နေသော ဒဏ်ရာများစွာ ဖြစ်ပေါ်လာခဲ့ပြီး သိန်းငှက်ကြီး သေဆုံးသွားသော အခါမှသာ ကျန်းရီတစ်ယောက် ရပ်တန့် လိုက်လေသည်။ သူသည် သိန်းငှက် အသေကောင်ထံမှ ခုန်ဆင်းလိုက်ပြီး အခြားသော နတ်ဆိုးသားရဲများထံ ဆက်လက်ပြေးဝင် သွားခဲ့သည်။ နောက်တစ်ကြိမ် သတ်ဖြတ်ခြင်းများ စတင်ခဲ့ပြန်သည်။
"အစ်ကိုကြီးက အရမ်းအန္တရာယ် များတယ် ... သူက လူပုံစံ လူသတ်စက်ကြီး ကျနေတာပဲ"
ချမ်ဝမ်ကွမ်သည် ရေရွတ်လိုက်ပြီး ကျန့်ဝူရွှမ်းသည် သက်ပြင်းအသာ ချလိုက်သည်။ သူတို့သာ ကျန်းရီ၏ မိတ်ဆွေများ မဟုတ်ဘဲ ရန်သူများသာ ဖြစ်နေလျှင် ကြောက်စရာ ကောင်းလိုက်မည့် ဖြစ်ခြင်းဟု ကိုယ်စီတွေးလိုက် မိကြသည်။
အချိန်အနည်းငယ် ကုန်ဆုံး သွားပြီးနောက် မနီးမဝေးရှိ တောအုပ်ထံမှ အချက်ပြ မီးရှူးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ချမ်ခွမ်းသည် ၎င်းအား မြင်လိုက်သောအခါ ချက်ချင်း အကြောင်း ကြားလာသည်။
"ခေါင်းဆောင်ငယ် ... တစ်ယောက်ယောက် ချဉ်းကပ်လာတယ် ... ကျွန်တော်တို့ ဘာလုပ်သင့်လဲ"
ဤဟေးယွင်တောင်သည် ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ ပိုင်နက်အတွင်း၌ မဟုတ်ပေ။ နတ်ဆိုး သားရဲများအား အမဲလိုက်သူများ၊ စွန့်စားခရီး ထွက်ကြသူများ ရောက်လာ ကြသည်မှာ ပုံမှန်သာ ဖြစ်သည်။ ချမ်ဝမ်ကွမ်သည် နေရာတစ်ခုလုံးအား စောင့်ကြည့်ရန် လူများ စေလွှတ်ထားပြီး ဖြစ်သည်။ သူတို့အား တစ်ယောက်ယောက် လာသည်နှင့် အချက်ပေး မီးရှူးအား အသုံးပြုရန်လည်း အမိန့်ပေး ထားခဲ့သည်။
သူ၏ မျက်လုံး သေးသေးလေးများသည် အဝေးအား မျှော်ကြည့်လိုက်ပြီး သူ့မျက်နှာသည် ခက်ထန်လာကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"သူတို့ကို အချက်ပြန်ပြလိုက် ... ငါဘယ်သူဆိုတာလဲ ပြောခိုင်းလိုက် ... ဒါတောင်မှ ဒီနေရာကို ဆက်လာရဲသေးရင် ညှာတာမနေဘဲ သတ်ပစ်လိုက်"
ချမ်ခွမ်းသည် ချက်ချင်း မီးရှူးထုတ်ကာ လွှတ်တင်လိုက်ချိန်တွ ကျန့်ဝူရွှမ်းသည် လက်မထောင် ပြလိုက်သည်။ ချမ်ဝမ်ကွမ်၏ ကျန်းရီအပေါ် ဆက်ဆံပုံသည် လုံးဝကို အလေးထားသည်ဟု သတ်မှတ်၍ ရပေသည်။
လက်ရှိအချိန်တွင် ကျန်းရီသည် နတ်ဆိုးသားရဲများအား အမဲလိုက်နေတုန်းပင် ရှိသေးသည်။ ဤအခြေအနေ များသာ သတင်း ပျံ့ကုန်ပါလျှင် အလိုကြီးသော လူများ၏ အာရုံအား ဖိတ်ခေါ်သည့်နှယ် ဖြစ်သွား ပေလိမ့်မည်။ ချမ်ဂိုဏ်း၏ ခေါင်းဆောင်ငယ် ဟူသော ဂုဏ်ပုဒ်နှင့် ဆိုလျှင် မည်သူမှ ရှေ့ဆက်မတိုး လာရဲလောက်ပေ။ သို့ဆိုလျှင် ကျန်းရီအား သတိပြုမိခံရမည့် အန္တရာယ်သည်လည်း လျော့နည်း သွားပေလိမ့်မည်။
ချမ်ဝမ်ကွမ်သည် ပြုံးလိုက်ပြီး မည်သည့်စကားမှ ပြန်ပြော မလာခဲ့ပေ။ သူ၏ ရိုးရှင်းလွန်းသော အမူအကျင့်များသည် ဂိုဏ်းကြီးတစ်ခု၏ ဂိုဏ်းချုပ်လောင်းလျာ တစ်ယောက်အတွက် သင့်တော်သည် ဟုတောင် မထင်ရပေ။ အချိန်ထပ်မံ ကုန်ဆုံးသွားပြီးနောက် ကျန်းရီသည် နောက်ဆုံး နတ်ဆိုးသားရဲ တစ်ကောင်ကို သတ်ပြီးသွားလေပြီ။ ထိုအခါကျမှ ချမ်ဝမ်ကွမ် စကားစ လာခဲ့သည်။
"ပြီးပြီ ... အစ်ကိုဝူရွှမ်း ... လှုပ်ရှားလိုက်ပါဦး ... အစ်ကိုကြီး ပင်ပန်းသွားပြီ ... သူနားသင့်နေပြီ"
"ဟုတ်တယ် ... တစ်နေ့တည်းနဲ့ နတ်ဆိုးသားရဲ အကောင် နှစ်ရာလောက် သတ်လိုက်တယ် ... အဲဒီပစ္စည်းတွေက ခရမ်းရောင်ရွှေ သောင်းဂဏန်းချီပြီး ရနေပြီမဟုတ်လား ... ဆယ်သန်းရဖို့ နှစ်ဝက်လောက်ပဲ ကြာမယ် ထင်တယ်"
ကျန့်ဝူရွှမ်းသည် ကျန်းရီ၏ အခြေအနေကို သိထားလေသည်။ တကယ်တမ်းတွင် သူ ကျန့်ဂိုဏ်းအား ခရမ်းရောင်ရွှေ ငါးသန်း တောင်းလျှင်တောင် သူ့အား တစ်ခွန်းမျှ မမေးဘဲနှင့် ထုတ်ပေးလိမ့်မည် ဖြစ်သည်။ သို့သော် သူကျန်းရီကို ကောင်းကောင်းသိ၍ မတောင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ သူလိုက်ပါ လာခြင်းသည် တကယ်တမ်း ကျန်းရီအား နောက်တစ်နည်းဖြင့် ကူညီလိုက်ခြင်း ဖြစ်သည်။ သူသာ ဤနေရာတွင် ရှိလျှင် ကျန့်ဂိုဏ်း၏ လျှို့ဝှက် သက်တော်စောင့် သည်လည်း လိုက်ပါလာရမည်သာ ...
"ဘန်း"
ကျန့်ဝူရွှမ်းသည် ခုန်ချသွားခဲ့ပြီး ကျန်းရီအနီး လျင်မြန်စွာ တိုးကပ် သွားခဲ့သည်။ ကျန်းရီသည် သွေးနီရောင် မျက်လုံးများနှင့် ကြည့်လာ ခဲ့သော်လည်း ကျန့်ဝူရွှမ်း သူ့အား လက်ဝါးစောင်းနှင့် ရိုက်ချလာသော အခါ ရှောင်တိမ်းခြင်း မပြုခဲ့ပေ။ ကျန်းရီသည် မေ့မျောကာ လဲကျသွားခဲ့သည်။
"အလုပ်လုပ်ကြတော့"
ချမ်ဝမ်ကွမ် လက်ဟန် ပြလိုက်သည်နှင့် အလျင်အမြန် ဆင်းသွားကြကာ နတ်ဆိုးသားရဲများ၏ အစိတ်အပိုင်းများအား ဖြတ်တောက်ကာ နေရာကို ရှင်းလင်းခြင်းများ လုပ်ဆောင်တော့သည်။ သူတို့၏ လုပ်ဆောင်ချက်များကို ကြည့်လျှင် ထိုလူများသည် သူတို့၏ အလုပ်အား အတော် ကျွမ်းကျင်မှန်း သိသာလေသည်။ သူတို့ မရှိဘဲ ကျန်းရီတစ်ယောက်တည်း ဆိုပါက အစိတ်အပိုင်း များအား မဖြတ်တောက် နိုင်ခင်တွင် သွေးညှီနံ့ကြောင့် နတ်ဆိုးသားရဲများစွာ ထပ်ရောက် လာပေလိမ့်မည်။
အောက်မှလူများ နတ်ဆိုးသားရဲ အစိတ်အပိုင်း များအား အမျိုးအစားခွဲခြား ပြီးသောအခါ ချမ်ဝမ်ကွမ်သည် လက်ဟန်ပြကာ အမိန့်ပေး လိုက်သည်။
"အဲဒီ အစိတ်အပိုင်းတွေ အကုန်လုံးကို ဝိညာဉ်သားရဲမြို့ဆီ ညတွင်းချင်း ယူသွား ... ဒါတွေအပြင် ခရမ်းရောင်ရွှေ များများလည်း သယ်သွား ... ငါ့ဆီ မြေကမ္ဘာအဆင့် နဂါးဆေးလုံး တစ်ထောင် ယူခဲ့ပေး ... ဒီသခင်လေးက ကျင့်ကြံတော့မယ်"
"မြေကမ္ဘာအဆင့် နဂါးဆေးလုံး"
ကျန့်ဝူရွှမ်းသည် ကျန်းရီအား အနားယူရန် သူ့အခန်းသို့ ပို့ပေးနေဆဲပင် ရှိသေးသည်။ ချမ်ဝမ်ကွမ်၏ ထိုစကားအား ကြားသောအခါ သူပြန်ထွက်လာရင်း အံ့အားသင့်ရသည်။ မြေကမ္ဘာအဆင့် နဂါးဆေးလုံးများသည် မြေကမ္ဘာအဆင့် ဆေးလုံးများတွင် အကောင်းဆုံး ဖြစ်သည်။ ချမ်ဂိုဏ်းသားများသည် ကျင့်ကြံခြင်းအား မနှစ်မြို့ကြပေ။ ချမ်ဝမ်ကွမ် ကိုယ်တိုင်လည်း နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်သာ ရောက်သေးသည်။ သူကျင့်ကြံတော့မည် ဆိုသည်က အဓိပ္ပာယ်မရှိပေ။ ထိုဆေးလုံးများသည် ကျန်းရီအတွက် ဖြစ်မှန်း အသိသာကြီးပင်။
သူသည် ချမ်ဝမ်ကွမ်အား သံသယရှိစွာ ကြည့်လိုက်ပြီး တိုးတိုး ပြောလိုက်သည်။
"ဖက်တီးချမ် ... မင်းဘာလို့ ကျန်းရီကို ဒီလို ဆက်ဆံပေးတာလဲ ... မင်းသူ့ကို ကြိုက်နေတာလား ... မင်းက ယောက်ျား အချင်းချင်းပဲ သဘောကျတာလား"
"အမ် ... "
ချမ်ဝမ်ကွမ်သည် ဆွံ့အသွားခဲ့သည်။ သို့သော် ချက်ချင်းပင် သူ့လက်ချောင်း လေးများကို လိမ်ကာယှက်ကာဖြင့် မိန်းကလေး တစ်ယောက်နှယ် ပြုမူလိုက်သည်။ ထို့နောက် သူသည် ကျန့်ဝူရွှမ်းအား မြှူဆွယ်သော အကြည့်တစ်ချက် ပေးလိုက်ပြီး ချွဲပစ်နေသော လေသံနှင့် ပြောလိုက်သည်။
"မင်းအရမ်း ဆိုးတာပဲ ... အစ်ကိုဝူရွှမ်း ... ဘာလို့ ငါ့ကို ဒီလိုမျိုး အပြစ်ရှာရတာလဲ … ငါက ယောက်ျားတစ်ယောက် ဖြစ်နေရင်တောင် မင်းလိုမျိုး ကြံခိုင်ပြီး အင်အားရှိတဲ့ ပုံစံမျိုးကို တကယ် ကြိုက်ပါတယ် ... ဘာလို့ ဒီည ငါ့အခန်းကိုလာပြီး မင်းကို ပြုစုခွင့် မပေးတာလဲ"
"ဘန်း"
ကျန့်ဝူရွှမ်းသည် တုံ့ဆိုင်းမနေဘဲ ချမ်ဝမ်ကွမ်အား ကန်ထုတ် လိုက်လေသည်။
***