ဖရဲသီးလောက်ကြီးတဲ့ ရွှေအမြုတေကို မြင်ဖူးကြလား
Vol. 22 Ch. 330
အခန်း (၃၃၀) : ဖရဲသီးလောက်ကြီးတဲ့ ရွှေအမြုတေကို မြင်ဖူးကြလား
မီးခိုးဖျော့ဖျော့ အငွေ့အသက်အလွှာ ပိတ်သွားလေပြီ။ ဧရာမ နဂါးနတ်ဘုရားကျွန်းကြီးက ရှုပ်ထွေးပွေလီ အငွေ့အသက်အလွှာအတွင်း တဖန် နှစ်မြှပ်သွားလေသည်။
ရှန်ထျန်းနှင့် သူ့အဖွဲ့က အချင်းချင်း အကြည့်ဖလှယ်လိုက်ကြပြီး ပြုံးလိုက်ကြသည်။ သူတို့က နဂါးနတ်ဘုရားကျွန်းပေါ်တွင် ခြောက်လလုံးလုံး နေခဲ့သော်လည်း ထိုက်တန်ပေသည်။ ဤနေရာမှ ပစ္စည်းကောင်းများစွာ ရရှိခဲ့ကြ၏။
နဂါးရင်းမြစ် သစ်သီးများ၊ ဉာဏ်အလင်းပွင့် သစ်ရွက်များနှင့် အဆုံးမဲ့အသက်ကျမ်း အမွေအနှစ် … ထိုသုံးမျိုးတည်းဖြင့် သူတို့စွမ်းအားကို တိုးမြင့်လာစေကာ သူတို့ဂိုဏ်းအတွက်လည်း အကူအညီ ဖြစ်စေမည်။
ခရမ်းစံအိမ် အထွတ်အမြတ်မြေက ကြီးပွားတိုးတက်လာခြင်းမှာ ချီရှောက်ရွမ်က နိဗာနတော်ဝင်ကျမ်းကို ရှာတွေ့ခဲ့၍ ဖြစ်သည်။
အဆုံးမဲ့အသက်ကျမ်းကလည်း နိဗာနတော်ဝင်ကျမ်းလောက်နီးနီး အဆင့်မြင့်ပေသည်။ တကယ်တော့ လက်တွေ့၌ ပို၍ အသုံးဝင်နေသေး၏။
ကျင့်ကြံရေးလောက၌ အသက်ဓာတ် လောင်ကျွမ်းစေသည့် ကျင့်စဉ်များစွာ ရှိသည်။ ဤကျမ်းဖြင့် အားကောင်းသည့် ကျင့်ကြံသူများနှင့် ရင်ဆိုင်ရသည့်အခါ ကိုယ့်အသက်ဓာတ်ကို လောင်ကျွမ်းခံ၍ ပြန်တိုက်ခိုက်နိုင်သေးသည် မဟုတ်ပါလော။
ထိုကျမ်းမှ အကျိုးမြတ်အများဆုံး ရသွားသူမှာ ဝမ်ရှန်းယုသာ ဖြစ်၏။
ဝမ်ရှန်းယုက အဖွဲ့ထဲတွင် အားအနည်းဆုံးဟု ထင်ရသော်လည်း သူ့သက်တမ်းကို အချိန်ယူ၍ ပြန်လည် ဖြည့်တင်းပြီးသွားလျှင် မကြာခင် အားအကောင်းဆုံး အသွင်နှင့် ပြန်လည်ပေါ်ထွက်လာလိမ့်မည်ဟု ရှန်ထျန်း ယုံကြည်ထားသည်။
ပညာရပ်တစ်ခု ထုတ်သုံးဖို့ အသက်ဓာတ် အကုန်ခံခြင်းမှာ ရှုပ်ထွေးလှသည့် ပညာရပ်မျိုး မဟုတ်ပေ။ ထို့ကြောင့် သက်ရောက်မှုကို ပြောင်းပြန်လှန်ပစ်ဖို့လည်း မခက်လှချေ။
ထိုလူသာ အဆုံးမဲ့အသက်ကျမ်းကို ကျင့်ကြံပြီး သူ့အသက်ဓာတ်ကို အားဖြည့်နိုင်သရွေ့ လတ်တလောအတွင်း သူ ကုန်ဆုံးသွားသည့် အသက်ဓာတ်များ အလျှင်အမြန် ပြည့်ဝလာလိမ့်မည်။
ချီရှောက်ရွမ်က ပြောလိုက်သည် “ ညီအစ်ကိုရှန်က အားပြန်မွေးဖို့ အတိသုခမြို့ဆီ ပြန်တော့မယ်ဆိုတော့ ကျုပ်လည်း လိုက်မယ် ”
သူတို့က ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက်ထဲ ရှစ်လကျော် နေခဲ့ပြီး အကျိုးမြတ်များစွာလည်း ရခဲ့ကြပြီးလေပြီ။ သူတို့က ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက်၏ အတွင်းဆုံးအပိုင်း အန္တရာယ်အများဆုံးနေရာဆီ ရောက်နေကြခြင်း ဖြစ်၏။ အကယ်၍ သူတို့သာ မတော်တဆတစ်ခုခုနှင့် ကြုံတွေ့ပြီး ပိုင်နက်ထဲ ပိတ်မိသွားခဲ့လျှင် အချိန်မီ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
သူတို့ အချိန်ရှိနေစဉ် ထွက်သွားခြင်းက ပိုကောင်းပေသည်။ သူတို့က အတိသုခမြို့ဆီ အရင်ဆုံး ပြန်လာလိုက်ပြီးနောက် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း အပြင်ဘက်ပိုင်းနား ပြန်ဝင်၍ ထပ်ရှာကြမည် ဖြစ်သည်။
ကံအပြောင်းအလဲ အခွင့်အရေးများက ကောင်းသော်လည်း ခံစားပျော်ရွှင်နိုင်ဖို့ အသက်ရှင်ဖို့လည်း လိုအပ်ပေသည်။
……….....
သူတို့ဆွေးနွေးမှုအပြီးတွင် ရှန်ထျန်းနှင့်အတူတူ အတိသုခမြို့ဆီ ပြန်လိုက်လာဖို့ ဆုံးဖြတ်လိုက်ကြသည်။ ဆွေးနွေးမှုဟု ဆိုသော်လည်း တကယ်တမ်း အားလုံးက ရှန်ထျန်းနောက် လိုက်နေကြခြင်း ဖြစ်၏။ ယခု အခြားသုံးယောက်က ရှန်ထျန်း၏ စွမ်းအားကို အပြည့်အဝ ယုံကြည်နေကြလေပြီ။
အစ်ကိုရှန် ဘယ်သွားသွား ကိစ္စကောင်းတွေ ဖြစ်လာမယ် …
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က နယ်မြေငါးခု၌ ကံအကောင်းဆုံးလူ ဖြစ်ပေသည်။ သူတို့လေးယောက်၏ ကျင့်ကြံဆင့်က မျိုးဆက်အတွင်း ထိပ်တန်းအဖြစ် ယူဆ၍ ရ၏။ သူတို့က ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက် အတွင်းပိုင်းမှ မြန်မြန်ဆန်ဆန် ထွက်လာလိုက်ကြသည်။
ရက်များစွာကြာမြင့်ပြီးနောက် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက်ကို ကာရံထားသော ဧရာမအစီအရင်ကြီးကို မြင်လာရလေပြီ။
ထိုအစီအရင်တစ်လျှောက် ပုံရိပ်များစွာ စောင့်ဆိုင်းနေသည်ကို မြင်တွေ့နိုင်သေးသည်။ သူတို့က နှစ်ငါးရာသက်တမ်းကျော်နေသည့် ပင်လယ်နတ်ဆိုးများ ဖြစ်ကြ၏။ သူတို့က စာမေးပွဲ ဖြေလာသည့် သူတို့ကလေးများကို စောင့်ဆိုင်းနေကြသလိုမျိုး ရှုပ်ထွေးပွေလီ ကြယ်တာရာပိုင်နက်ထဲ စိတ်ပူပင်စွာ ငေးကြည့်နေကြသည်။
“ ပူဖောင်းလေး၊ ရှောင်မိန်ရေ အဖွားကို စိုးရိမ်အောင် လုပ်နေတာပဲ ”
“ လိပ်လေးရေ ဘာလို့ စောစောစီးစီး လက်လျော့လိုက်တာလဲ။ အထဲဝင်ပြီး ကြိုးစားကြည့်စမ်းပါဦးလား ”
“ မြန်မြန် ကြည့်ကြစမ်း … ရေသူမင်းသမီလေး ယူဖန်ရှန်း ပြန်လာပြီ။ သူမက အရင်ကထက်တောင် ပိုလှလာသလိုပဲ ”
“ သူမ တစ်ယောက်တည်း မဟုတ်ဘူး။ နဂါးမင်းသားလေးလည်း ထွက်လာပြီ။ ပင်မတပည့်တွေအားလုံး ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက်ကနေ ဘေးကင်းကင်း ထွက်လာနိုင်ခဲ့ကြပြီ ”
“ သူတို့အားလုံး ဘေးကင်းတယ်လို့ ဘယ်သူ ပြောတာလဲ။ အရင်နှစ်ပတ်လောက်က မဟာလေဟာနယ်ခွန်မျိုးနွယ်ရဲ့ ပါရမီရှင် ခွန်မင် ဘယ်လိုဖြစ်သွားတယ်ဆိုတာကို မေ့သွားပြီလား ”
“ ဟူး ဟုတ်သားပဲ။ ခွန်မင်က အရမ်းသနားစရာပဲ။ သူက အားအကောင်းဆုံး ကျင့်ကြံသူ ဖြစ်ရက်နဲ့ ဒီလိုကံဆိုးသွားရတယ်လို့ကွာ ”
“ မဟာလေဟာနယ်ခွန်မျိုးနွယ်က ခွန်မင်ကို ကယ်နိုင်ရင် ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်း ပေးမယ်လို့ ကြေညာထားတယ်လေ … ကြားမိကြတယ်မလား ”
…………....
ပိုင်နက်အပြင်ဘက်ရှိ နတ်ဆိုးများက တီးတိုးရေရွတ်ကာ အတင်းတုပ်နေကြသည်။
ရှန်ထျန်းနှင့် အခြားလူများက အချိန်မဆွဲတော့ဘဲ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းမှ ချက်ချင်း ထွက်လာလိုက်သည်။
“ မင်းသား (၇) ကို ဂါရဝပြုပါတယ်။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ ခရမ်းစံအိမ် သူတော်စင်တို့ကို ကြိုဆိုပါတယ် … ဒါနဲ့ ဒီလူအိုကြီးက ဘယ်သူလဲ ”
ဝိညာဉ်အသွင်ပြောင်း အံ့ဖွယ်နဂါးအစောင့် ကိုးယောက်က ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက်အပြင်ဘက်တွင် စောင့်နေကြသည်။ သူတို့က အောင်းဝူတို့ ထွက်လာသည်ကို မြင်သည်နှင့် ချက်ချင်း ရောက်လာကြသည်။ သို့သော် သူတို့က ဝမ်ရှန်းယုအား ထူးထူးဆန်းဆန်း အမူအယာများဖြင့် ကြည့်နေကြသည်။
ဒီလူ၏ ဆံပင်က ဖြူဆွတ်နေပြီး သူ့မျက်နှာကလည်း အရေးအကြောင်းများ ပြည့်နှက်နေသည်။ သူက နှစ်ငါးရာအောက် အရွယ်နှင့် မတူပေ။
သူက တရားမဝင် စစ်ဆေးမှုခံယူသူလား …
သို့သော်ငြား ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက်ထဲ တရားမဝင် စစ်ဆေးမှုခံယူသူအကြောင်း မည်သူကမှ မကြားဖူးကြပေ။ ဤလူက မင်းသား(၇)တို့နှင့် အတူတူ ထွက်လာခြင်းသာ မဟုတ်လျှင် နဂါးအစောင့်များက စုံစမ်းစစ်ဆေးဖို့ ဖမ်းဆီးသွားချင်မိသည်။
ဤလူအိုကြီးဆီမှ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက်ထဲ ခိုးဝင်သည့်အကြောင်း ရှာတွေ့နိုင်ခဲ့လျှင် သူတို့ ချမ်းသာလာလောက်၏။
ဝမ်ရှန်းယုက နဂါးအစောင့်များ၏ အကြည့်စူးစူးကို ခံစားမိသည့်အလား သူ့နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားလေသည်။ သူက ထိုလူများကို အနိုင်မရနိုင်သည့်အချက်ကြောင့်သာ မဟုတ်လျှင် သူတို့အားလုံးကို သတ်ပစ်မိလောက်သည်။
လူအိုကြီးလား … ငါက အရွယ်ကောင်းလေးဆိုတာကို မမြင်ဘူးလား
ရှန်ထျန်းက ပြုံးကာ ရှင်းပြလိုက်သည် “ဒါက မဟာလေဟာနယ် အထွတ်အမြတ်မြေ သူတော်စင်ပါ။ သူက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက်ထဲ မတော်တဆ ကူးပြောင်းမိပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် တွေ့လာခဲ့ကြတာ ”
မတော်တဆ ကူးပြောင်းမိတယ်တဲ့လား … ဒီစကားကို ယုံရလောက်အောင် ငါတို့က တုံးအမနေဘူးကွ
ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက်ထဲ ဝင်ဖို့ ဘယ်လိုလုပ် လွယ်မှာလဲ …
မည်သို့ပင်ဆိုစေကာမူ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က မဟာလေဟာနယ် သူတော်စင်အတွက် ပြောပေးလာသောကြောင့် နဂါးအစောင့်များက ရုတ်ရုတ်သည်းသည်း မလုပ်တော့ပေ။
နဂါးနက်ကျွန်းတွင် ရှန်ထျန်း၏ ရာထူးအနေအထားက အလွန်ထူးခြားလှသည်။ အောင်းပင်းက သူ့တွဲဖက် ဖြစ်သောကြောင့် သူ့ဝါစဉ်မှာ နဂါးနက်ဘုရင်ထက်ပင် မြင့်မားနေသေးသည်။ ရှန်ထျန်းသာ နဂါးနက်မျိုးနွယ်ကို မထိခိုက်စေသရွေ့ နဂါးနက်ကျွန်းပေါ်ရှိ အားလုံးက သူ့အား လေးစားကြရမည်။
အောင်းဝူကလည်း စိတ်လှုပ်ရှားမှုအပြည့်ဖြင့် “ အစ်ကိုကြီးရှန် ကျွန်တော်တို့ အဖေဆီ အခု သွားတွေ့ရမလား ဒါမှမဟုတ် ဒီစစ်ဆေးမှုတစ်ခုလုံး ပြီးတဲ့အထိ စောင့်ဦးမလား”
ရှန်ထျန်းက ပြုံးကာ “ ဒီစစ်ဆေးမှုက ဉာဏ်အလင်းပွင့်မှုတချို့ ရစေခဲ့တယ်ဆိုတော့ အရင်ဆုံး ပြန်သုံးသပ်ရင်း လေ့ကျင့်လိုက်ဦးမယ်။ တကယ်လို့ တစ်ခုခု မဖြစ်ခဲ့ရင် ခုနှစ်ရက်ကြာရင် ကောင်းကင်တေးသံစံအိမ်မှာ တွေ့ကြမယ်။ မင်းသမီးဖန်ရှန်းလည်း အဲလို အဆင်ပြေတယ်မလား ”
ရှန်ထျန်းက လှည့်မေးလိုက်သောကြောင့် သူ့အား တစ်ချိန်လုံး ငေးကြည့်နေကြသည့် ယုဖန်ရှန်းက ရှက်သွေးဖြာသွားရသည်။
သူမက စွတ်ပြုတ်ထဲမှ ထွက်လာသည့် ငါးတစ်ကောင်လိုမျိုး နီရဲတွတ်နေသည်။
သူမက မြန်မြန် ပြောလိုက်သည် “ ရတယ်လေ … မောင်လေးရှန်ကို တေးသံစံအိမ်ကနေ အချိန်မရွေး ကြိုဆိုပါတယ် ”
ဟုတ်တယ် … မောင်လေးရှန်က အချိန်မရွေး လာလည်လို့ရတယ်
....................
ရှန်ထျန်းက အားလုံးကို နှုတ်ဆက်ပြီးနောက် ရွှေရောင်အလင်းတန်းအသွင် ပြောင်းကာ ထွက်သွားတော့သည်။ သူက အံ့ဖွယ်ပန်လိုမျိုး လေဟုန်ခွင်းသွားသည်။ သူ့အမြန်နှုန်းက အလွန်မြန်လှ၏။ ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူပင် အံ့ဩမိပေလိမ့်မည်။
ခွန်ပန်တာအိုကို ငှက်မွေးထာဝရသတ္တုနှင့် ပေါင်းစပ်လိုက်သည့်အခါ အံ့ဩဖို့ ကောင်းလွန်းလှသည်။ ကမ္ဘာပေါ်တွင် အမြန်ဆုံးဟု တင်စားပြောလျှင်ပင် အပိုမဖြစ်ပေ။
ရှန်ထျန်းက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက်အနားရှိ လေဟာနယ်မှာ သူ ထွက်သွားပြီး သိပ်မကြာခင် စတင် တုန်ခါလာကြောင်း မသိလိုက်ပေ။
အနက်ဝတ် အမျိုးသားများစွာ ထွက်လာကြသည်။
“ မမှားနိုင်ဘူး … ဒါက ခွန်ပန်တာအို ပြီးပြည့်စုံတဲ့ ပုံစံပဲ ”
“ သခင်လေးထက်အရင် သူက ခွန်ပန်တာအိုကို နားလည်သွားလိမ့်မယ်လို့ မထင်ထားမိဘူး။ ကိစ္စတွေတော့ ရှုပ်ကုန်တော့မယ် ”
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ နဂါးနက်ကျွန်းတို့က ဆက်ဆံရေးကောင်းကြတယ်။ ငါ ကြားတာတော့ သူက နဂါးနတ်ဘုရားစာချုပ် ချုပ်ဆိုထားပြီးပြီတဲ့ … သူ့ကို တိုက်ခိုက်ဖို့ အန္တရာယ်များလွန်းတယ် ”
“ သူ့ကို အရင်ဖမ်းလိုက်ကြစို့။ ငါတို့တွေ နှစ်ဦးနှစ်ဖက်သဘောတူညီချက် ရလာခဲ့ရင် အကောင်းဆုံးပဲ။ မဟုတ်ရင်တော့ သူကို ဖမ်းဆီးပြီး ခွန်ပန်တာအိုကို အတင်းထုတ်ပြောလာအောင် ဖိအားပေးဖို့ပဲ ရှိတော့တယ် ”
“ ခွန်ပန်တာအိုက ငါတို့ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ အမွေအနှစ်လေ။ ငါတို့မျိုးနွယ်ဆီပဲ ပြန်ရောက်လာသင့်တယ်။ တကယ်လို့ ဒီကောင်လေးက ငါတို့ကို မပြောပြဘူးဆိုရင် အတင်းဖိအားပေးလို့ ငါတို့ကို အပြစ်လာတင်လို့ မရဘူး။ ဒါပေမဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ရင်တော့ အကောင်းဆုံးပဲ။ မဟုတ်ရင် ငါတို့နဲ့ နဂါးနက်မျိုးနွယ်ကြား ပဋိပက္ခတွေ ဖြစ်ကုန်လိမ့်မယ် ”
“ ငါတို့တွေသာ အကြီးမြတ်ဆုံး အမွေအနှစ်ကို ပြန်လည်ရယူနိုင်မယ်ဆိုရင်တော့ တန်ပါတယ်ကွာ ”
ဆွေးနွေးမှုအပြီး ပုံရိပ်များစွာက လေဟာနယ်များကြား ပြန်ဝင်သွားကာ ရှန်ထျန်းနောက် လိုက်ကြတော့သည်။ မဟာလေဟာနယ်ခွန်မျိုးနွယ်က လေဟာနယ် ထိန်းချုပ်ရေး၌ ကျွမ်းကျင်လှသည်။ သူတို့၏ အဓိကရည်ရွယ်ချက်က ဆန်းကြယ်ပညာရပ်များကို ဝါးမျိုခြင်း ဖြစ်သော်လည်း သူတို့အမြန်နှုန်းက သိပ်မဆိုးလှပေ။ ပြောရလျှင် ကောင်းကင်အသျှင်နှင့် ယှဉ်နိုင်ကြ၏။
သူတို့က ရှန်ထျန်းလောက် မြန်ဆန်ပြီး ရှန်ထျန်းက ကောင်းကင်အသျှင်များထက်တော့ ပိုမမြန်လောက်ကြောင်း တွေးခဲ့ကြသည်။ သို့သော်လည်း သူတို့အတွေးများ မှားယွင်းနေကြောင်း သိသွားရသည်။
ရှန်ထျန်းက ရွှေရောင်ကိုယ်ထည်အဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း သူ့အမြန်နှုန်းကား အံ့မခန်း ဖြစ်၏။
ထို့အပြင် ရှန်ထျန်းက တစ်ယောက်ယောက် ခြေရာခံလိုက်လာသည်ကို ခံစားမိသည့်အလား ပင်လယ်ထဲ ငုပ်လျိုးကာ မြေကြီးထဲ လျိုးဝင်လိုက်ပြီး အစအနမကျန် ပျောက်ကွယ်သွားလေသည်။
ဟုတ်ပေသည်။ လုံးဝ ပျောက်ကွယ်သွားခြင်း ဖြစ်၏။ အငွေ့အသက် နည်းနည်းလေးမျှ မကျန်နေခဲ့ပေ။
လုံးဝကို ယုတ္တိမရှိပေ။
....................
“ သူက ဘယ်လိုလုပ် ရုတ်တရက်ကြီး ပျောက်သွားတာတုန်း ”
“ သူက ရွှေရောင်ကိုယ်ထည်အဆင့်ပဲ ရှိသေးတာလေကွာ။ ငါတို့မျက်စိရှေ့ ရှိနေရက်နဲ့ ပျောက်သွားတာတဲ့လား။ ငါတို့က ကောင်းကင်အသျှင်တွေလေ ”
“ ဒီကောင်လေးက ထူးဆန်းတယ်။ ငါ သူ့အကြောင်းတွေကို ကြားဖူးတယ်။ ခရမ်းစံအိမ် သူတော်စင်ထက်တောင် မယုံနိုင်လောက်အောင် စွမ်းအားကြီးတယ်။ အရင်က ဝိဇ္ဇာကိုတောင် အနိုင်ပိုင်းပစ်ခဲ့တယ်တဲ့ ”
“ ငါတို့ကို သတိထားမိသွားတာ နေမယ်။ ကိစ္စမရှိဘူး … ခေါင်းဆောင်ဆီ ပြန်အကြောင်းကြားကြစို့။ သူ့ကို ဝင်ပါခိုင်းမှ ဖြစ်မယ် ”
“ တကယ်လို့ ငါတို့ကျရှုံးသွားရင် ငွေရောင် ရေဘဝဲမျိုးနွယ်ဆီ ဖိအားပေးပြီးတော့ ကျင့်စဉ် ပြန်ယူကြမယ် ”
အနက်ဝတ် အမျိုးသားများက ပြန်ထွက်ပေါ်လာကာ အပြိုင်အဆိုင် ဆွေးနွေးနေကြသည်။ ထို့နောက် သူတို့က ပင်လယ်ထဲ ငုပ်ဆင်းသွားကာ မဟာလေဟာနယ်ခွန်မျိုးနွယ်၏ ပိုင်နက်ထဲ မြန်မြန် ပြန်သွားတော့သည်။
ပင်လယ်ကြီးက ယခင်ကလို တည်ငြိမ်နေဆဲ ဖြစ်၏။ မည်သည့် အရိပ်အယောင်မှ ရှိမနေပေ။
တစ်မိနစ် … နှစ်မိနစ် … ဆယ်မိနစ် … တစ်နာရီ … နှစ်နာရီ
ခြောက်နာရီကြာမြင့်ပြီးနောက် လေဟာနယ်လှိုင်းတွန့်လေးများ ပြန်ပေါ်လာသည်။ ထိုအနက်ဝတ် အမျိုးသားများ ပြန်ထွက်ပေါ်လာကြကာ သောက ရောက်နေဟန်ပေါ်သည် “ ဒီမြေခွေးငယ်လေးက အခုထိ ထွက်မလာသေးဘူးပဲ ”
ကောင်းကင်ဘုံကို သက်သေတည်၍ သူတို့က ထိုကောင်လေးအား သတ်ဖို့ ရည်ရွယ်ချက် မရှိကြပေ။ သူတို့က မဟာလေဟာနယ်ခွန်မျိုးနွယ်မှ ဖြစ်သော်လည်း ထိုကောင်လေးကို သတ်လိုက်၍ ဖြစ်လာမည့် အကျိုးဆက်ကို မခံယူနိုင်ပေ။ သူတို့က ပိုင်နက်ထဲ “ဖိတ်ကြား” ပြီး ခွန်မျိုးနွယ်ဆီ အမွေအနှစ်ကျမ်း ပြန်လည်လက်ဆင့်ကမ်းခိုင်းဖို့သာ ဖြစ်၏။
ဒီကောင်လေးက သူတို့တည်ရှိမှုကို အာရုံခံမိကာ ခြေရာလက်ရာဖျောက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ပို၍ အရေးကြီးသည်က သူတို့က ထွက်သွားတော့မည့်အကြောင်း အသံကျယ်ကျယ် ပြောခဲ့ရက်နှင့် ထိုကောင်လေးက ထွက်လာဖို့ ငြင်းဆန်နေဆဲ ဖြစ်သည်။
သူက မြေခွေးမျိုးနွယ်မဟုတ်ဘဲ လူသားမျိုးနွယ်ကဆိုတာ သေချာရဲ့လား …
ခွန်မျိုးနွယ် အကြီးအကဲများ၏ စိတ်အခြေအနေ +၉၉၉
………………..
ထိုစဉ် မိုင်ကိုးထောင်အကွာရှိ ပင်လယ်ထဲတွင် …
မြေအောက်မှ ပုံရိပ်တစ်ခု ထိုးထွက်လာပြီး သီးခြားကျွန်းလေးပေါ် ရောက်လာသည်။ ကျွန်းကို အစီအရင်ဖြင့် ဖုံးလွှမ်းထားသည့်အတွက် သီးခြားနယ်မြေတစ်ခုအဖြစ် ခံစားရစေသည်။ အဖြူဝတ်စုံနှင့် အမျိုးသားက ကမ်းခြေကို ကြည့်နေရင်း ပြုံးလိုက်ကာ လှမ်းခေါ်လိုက်သည် “ ကောင်းကင်ဘုံ ဘုရင်မင်းမြတ်က နယ်မြေ အာဏာပိုင်အပေါ် အုပ်စိုးတယ် ”
လေထဲ နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာသည် “ လွန်ဆန်မိလျှင် တောတောင်ပေါ်က ပြုတ်ကျ၍ မြစ်ရေထဲ နစ်ပါစေသား ”
လေဟာနယ် ကွဲအက်လာကာ ကမ်းခြေ၌ အမျိုးသားတစ်ယောက် ပေါ်ထွက်လာသည်။
သူက လုံယွမ်ချပ်ဝတ်နှင့် သူရဲကောင်းပုံစံပေါ်နေပြီး အားကောင်းသည့် အငွေ့အသက်များစွာ ထုတ်လွှင့်နေသည်။ ထို့အပြင် သူက ဇာမဏီငှက်မွေး မျက်နှာဖုံးကိုပါ ဝတ်ဆင်ထားပြီး ချပ်ဝတ်အပြင်ဘက်တွင် အနက်ရောင်ခေါင်းစွပ်ရှည် ဝတ်ရုံကိုပါ ဝတ်ထားသည်။ သူ့အငွေ့အသက်ကို အပြည့်အဝ ဖုံးကွယ်ထားလေ၏။
“ ဒီတစ်ခေါက်လည်း အကျိုးမြတ်က များလှချည်လား ”
“ ငါ့ကို ကောင်းကောင်း ထိန်းချုပ်ပေးလို့ပါ ”
“ မင်းကို မတွေ့တာ နှစ်ဝက်လောက်ပဲ ရှိသေးတယ်။ ပိုခန့်ပြီး ပိုချောလာတာပဲ ”
“ မြှောက်နေပြန်ပါပြီ။ မျိုးရိုးကောင်းလို့ပဲ မဟုတ်ဘူးလား။ ဒါပေမဲ့ မင်းက ပိုခန့်ပါတယ် ”
ရှန်ထျန်းက သိုလှောင်လက်စွပ်ကို ချွတ်ကာ အနက်ဝတ်ရုံနှင့် အမျိုးသားဆီ ပေးလိုက်သည် “ ခန္ဓာကိုယ်ချင်း ပြန်ပေါင်းချင်ပြီလား ”
အနက်ဝတ် အမျိုးသားက ခေါင်းခါကာ “ မင်းထဲက ရှုပ်ထွေးပွေလီ အငွေ့အသက်တွေက အန္တရာယ်များတယ်။ ငါတို့တွေ အခုမပေါင်းသေးတာ ကောင်းလိမ့်မယ် ”
သူတို့နှစ်ယောက် စကားပြောနေစဉ် ပိန်ပါးပါး ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
သူက ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးလို ကြော့ရှင်းနေသည်။
သူက ရှန်ထျန်းနှင့် အနက်ဝတ် အမျိုးသားတို့ကို ရယ်ကာ “ မင်းဘာသာ ပြန်ပြောရတာ အဓိပ္ပါယ်ရှိတယ် ထင်နေတာလား။ ဒီလိုဟာသလုပ်ဖို့ အတွေးမျိုး ဘယ်လိုလုပ် ရလာတာလဲ။
ပြီးတော့ ဒီအစီအရင်ကို ငါကိုယ်တိုင် ခင်းကျင်းထားတာဆိုတော့ ဝိဇ္ဇာတွေတောင် မင်းကို ရှာနိင်မှာ မဟုတ်ဘူး။ ဒီမျက်နှာဖုံးကြီး ဝတ်ထားရတာ မမွန်းဘူးလားကွာ ”
အနက်ဝတ် အမျိုးသားက မျက်နှာဖုံးကို ချွတ်လိုက်ပြီးနောက် အားရပါးရ ရယ်ကာ “ စောစောစီးစီးတော့ မပြောဘူးဗျာ”
မျက်နှာဖုံးအောက်မှ ခန့်ညားချောမောသည့် ရုပ်ရည်လေး ထွက်ပေါ်လာသည်။
ထိုသူက ရှန်ထျန်းကလွဲ၍ မည်သူ ဖြစ်နိုင်ဦးမည်နည်း။
……………...
ဝှစ် …
ရှန်ထျန်းက ကျောက်တုံးပေါ် ထိုင်နေစဉ် ကမ်းခြေဆီ လှိုင်းလုံးများ ရိုက်ခတ်လာလေသည်။ သူ့နောက်တွင် ခရမ်းဝတ်စုံနှင့် ယဲ့ချန်းခန် ရှိနေသည်။ သူ့မျက်နှာကား တုန်လှုပ်မှုအပြည့် ဖြစ်နေလေ၏။
“ ဒီနေရာမှာ ဒီလိုဉာဏ်အလင်းပွင့် သစ်ရွက် အရည်အသွေးက တကယ်ရှိတယ်လား။ မယုံနိုင်စရာပဲ … ဒီရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက်က တကယ် ထူးခြားတာပဲ ”
ယဲ့ချန်းခန်က ကျောက်စိမ်းနှင့်တူသည့် သစ်ရွက်လေးကို ချစ်မြတ်နိုးစွာ အသာလေး ထိကြည့်လိုက်သည် “ တကယ်လို့ နတ်ဘုရားလောကမှာ ဖြစ်နေရင်တောင် အတော်လေး အဖိုးတန်မှာ ”
ရှန်ထျန်းက မေးလိုက်သည် “ ဘယ်လောက်လောက်လဲ ”
ယဲ့ချန်းခန်က ရှန်ထျန်းအား မျက်လုံးဝေ့ကြည့်ကာ “ ငါ ပြောပြရင်တောင် မင်းနားမလည်လောက်ဘူး။ အရင်ဆုံး နတ်ဘုရား ဖြစ်လာလိုက် … ပြီးရင် ပြောပြမယ် ”
ထိုသို့ပြောပြီးနောက် ယဲ့ချန်းခန်က အသက်ပြင်းပြင်းရှုကာ “ ဒါက ပစ္စည်းကောင်းလေးတွေပဲ။ ဒါပေမဲ့ စွမ်းအားအပြည့် ထွက်လာနိုင်အောင် ကျိုချက်ဖို့လိုတယ်။”
သူက ရှန်ထျန်းအား လှောင်ပြောင်ဟန်ဖြင့် ကြည့်လိုက်ပြီး “ ဒီဉာဏ်အလင်းပွင့် သစ်ရွက်တွေကို နိဗာနတော်ဝင်ရေစင်နဲ့ စိမ်လိုက်တာက အဖိုးတန်ရတနာတွေအပေါ် မထီမဲ့မြင်လုပ်နေတာပဲ ”
ရှန်ထျန်း “… ”
ဒီလူအိုကြီးက ငါ့ကို လှောင်နေတာပဲ …
ယဲ့ချန်းခန်က လက်ဆန့်ထုတ်ကာ “ ငါ့ကို ဆယ်ရွက်ပေး။ ဒီဉာဏ်အလင်းပွင့် သစ်ရွက်ထဲက စွမ်းအားတွေအကုန် ထွက်လာစေရမယ်။ ဒါပေမဲ့ ငါ့ဝိညာဉ်စွမ်းအား ပမာဏအများကြီး ကုန်သွားလိမ့်မယ်။ ”
ရှန်ထျန်း “ … ”
ဒီလူအိုကြီးကတော့ ငါ့ကို လာလိမ်နေတာပဲ ….
သူက နတ်ဘုရားလောကကဆိုတော့လည်း ထားလိုက်ပါလေ … သူက ဒီသစ်ရွက်တွေရဲ့ စွမ်းအားကို ထုတ်လွှင့်နိုင်တဲ့ လျို့ဝှက်နည်းလမ်းတချို့ သိထားလောက်တယ်
“ ဆယ်ရွက်တော့ မပေးနိုင်ဘူး။ စုစုပေါင်း အရွက်နှစ်ဆယ်ပဲ ရလာတာဆိုတော့ ငါးရွက်ပဲ ရမယ် ”
“ ငါးရွက်လား … ငါ့ကို အရူးမှတ်နေလား။ ငါ နတ်ဘုရားလောကမှာတုန်းက ညာဏ်အလင်းပွင့် သစ်ရွက်တွေများ ပေါလွန်းလို့ အလျှံအပယ်ပဲ”
“ ခြောက်ရွက် … ဒါအမြင့်ဆုံး ပေးနိုင်တာပဲ ”
“ ကိုးရွက် … ငါမပါဘဲ ဒီအရွက်တွေရဲ့ အာနိသင် တစ်ဝက်လောက် လျော့သွားလိမ့်မယ်”
“ ခုနှစ်ရွက် … မဟုတ်ရင် ကိုယ့်ဘာသာပဲ ကျိုတော့မယ် ”
“ ရှစ်ရွက် ”
“ သဘောတူတယ် ”
ရှန်ထျန်းက ဉာဏ်အလင်းပွင့် သစ်ရွက် ရှစ်ရွက်ကို ပေးလိုက်သည်။ သူက ယဲ့ချန်းခန်းအား စိတ်အားထက်သန်မှုအပြည့်ဖြင့် ကြည့်လိုက်မိသည်။ သူက ထိုအရွက်များ အာနိသင်အပြည့်အဝ ထွက်လာလျှင် မည်သို့ဖြစ်လာမည်ကို သိချင်နေမိ၏။
…………....
“ သေချာကြည့်ထားနော် … ငါ စတော့မယ် ”
ယဲ့ချန်းခန်က လက်ဟန်တချို့ လုပ်ကာ ထူးဆန်းဖွယ် အငွေ့အသက် ပါဝင်နေသည့် ငွေရောင်အလင်းတန်းလေး ထုတ်လွင့်လိုက်သည်။ သူက သစ်ရွက်ထဲ စည်းထပ်ပေါင်းလိုက်သည့်အလား အလင်းတန်းမြောက်များစွာ ထွက်လာစေလိုက်သည်။
သို့သော် နောက်စက္ကန့်ပိုင်းလေး၌ ထိုအလင်းတန်းများ ပျောက်ကွယ်သွားကာ ယခင်အတိုင်း မပြောင်းမလဲ ကျန်ရှိနေဆဲ ဖြစ်၏။
ဟူး …
ယဲ့ချန်းခန်က သက်ပြင်းချလိုက်ပြီး ဝတ်ရုံလက်အဖျားကို ပြန်ပြင်လိုက်သည်။
ရှန်ထျန်းက အာရုံစိုက်ထားဆဲ ဖြစ်ပြီး “ လူအိုကြီးယဲ့ … အခုထိ မစသေးဘူးလား ”
ယဲ့ချန်းခန်က ခေါင်းခါကာ “ ပြီးသွားပြီလေ ”
ရှန်ထျန်း “ … ”
ဒါပဲလား …
အကယ်၍ ရှန်ထျန်းက သူ့ကို အနိုင်မယူနိင်မှန်း သိနေ၍ မဟုတ်လျှင် ဗြောင်စိန်ခေါ်ပစ်မိလောက်၏။ တစ်စက္ကန့် လက်ဟန်အကွက်လေးတစ်ခုသာ မဟုတ်ပါလော။
ဝိညာဉ်စွမ်းအား ဘယ်လောက် ထုတ်သုံးရမှာမလို့လဲ …
သူက လူအိုကြီးသည် မယုံရကြောင်း ခံစားလိုက်ရသည်။ ယဲ့ချန်းခန်းအား ကြည့်ကာ ရှန်ထျန်းက ပြိုင်ဖက်ကင်း ထိပ်ဆုံး သစ်ရွက်ကို ပြန်ယူလိုက်ရင်း “ ပြီးသွားပြီဆိုတာ သေချာရဲ့လား ”
ယဲ့ချန်းခန်က ခေါင်းညိတ်ကာ “ ဒါပေါ့ … ငါ သစ်ရွက်ရဲ့ အာနိသင်ကို အဆုံးအစွန်အထိ ဖြန့်ကျက်ပြီးသွားပြီ။ ဒီအတိုင်း ဝါးစားပြီးတော့ မျိုချလိုက်ရုံပဲ ”
ဝါးစားပြီးတော့ မျိုချရမယ်လား … နတ်ဘုရားလောကက လူတွေ ဒီလိုပဲ အဖန်ရည်ကို သောက်ကြတာလား …
ရှန်ထျန်း၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားလေသည်။ သူ့အတွင်းရှိ ထျန်းကျူဓားက အပြင်းအထန် တုန်ခါလာသည်။
ယဲ့ချန်းခန်က ရယ်လိုက်ကာ “ စိတ်အေးအေးထားစမ်းပါကွာ။ ငါက မင်းကို လိမ်ပါ့မလား။ မင်း ပေးတဲ့ တခြားသစ်ရွက်တွေက ပုံမှန်တွေ။
အထွတ်အထိပ်အဆင့် ဝိညာဉ်စမ်းရေမှာ စိမ်လိုက်ရုံပဲ … အာနိသင် ထွက်လာလိမ့်မယ်။ ဒါပေမဲ့ ဒီပြိုင်ဖက်ကင်း သစ်ရွက်က အင်မတန် ထူးခြားတဲ့ ရတနာတစ်ခုပဲ။ ဒီနယ်မြေငါးခုက ဝိညာဉ်စမ်းရေက သူ့အတွက် မလုံလောက်သေးဘူး။ ဒီလိုရေမျိုးနဲ့ ကျိုလိုက်ဖို့ အရမ်းကို နှမြောစရာပဲ …
ဒီလိုအခြေအနေအောက်မှာ ကျိုချက်လိုက်တာက အာနိသင်လျော့သွားလိမ့်မယ်။ ဒီအတိုင်း ဝါးစားတာ ပိုကောင်းတယ်။ ဘယ်လိုဖြစ်ဖြစ် မင်းဆီမှာ ထူးခြားတဲ့ ဖွဲ့စည်းပုံမျိုး ရှိထားတယ်ဆိုတော့ အစာချေဖျက်နိုင်မှာပါ … အရမ်းစိတ်ပူမနေနဲ့။ စမ်းကြည့်လိုက် .. မင်းကို ထိခိုက်စေမဲ့အရာမျိုး လုပ်ဖို့ ငါ ဘယ်တုန်းကမှ မပြောဖူးဘူး ”
ယဲ့ချန်းခန်အား သံသယဖြင့် ကြည့်လိုက်ပြီးနောက် ရှန်ထျန်းက ပြိုင်ဖက်ကင်း သစ်ရွက်အား ပါးစပ်ထဲ ထည့်ကာ ဝါးစားပစ်လိုက်သည်။
……………….
ဂျွတ် …
ကြွဆတ်ဆတ် အနံ့သင်းသင်း ခံစားချက်မျိုးက ရှန်ထျန်း ပါးစပ်ထဲ ပျံ့နှံ့သွားလေသည်။ သစ်ရွက်က အာလူးကြော်လိုမျိုး အတော်လေး ကြွပ်ဆတ်နေလေ၏။ ပြိုင်ဖက်ကင်း သစ်ရွက်က သူ့ဗိုက်ထဲ အစာကြေသွားပြီးနောက် ရှန်ထျန်းဆီမှ မျက်စိစူးမတတ် ငွေရောင်အလင်းများ ထွက်ပေါ်လာသည်။
သူက မယုံနိုင်လောက်ဖွယ် အခြေအနေမျိုးထဲ ရောက်ရှိသွားသည့်အလား ပေါ့ပါးလန်းဆန်းသွားလေသည်။ ကမ္ဘာပေါ်ရှိ အရာဝတ္ထုအားလုံးက သူ့မျက်စိရှေ့မှ ပျောက်ကွယ်သွားပုံရသည်။
ရှန်ထျန်းက သစ်ရွက်ကို သေချာဝါးစားနေသောကြောင့် ကမ္ဘာပေါ်ရှိ အနက်နဲဆုံးနှင့် အံ့ဩဖို့အကောင်းဆုံး ပညာရပ်များကို ထိုးဖောက်မြင်နိုင်သကဲ့သို့ မျက်လုံးမှ အလင်းတန်းများ ထွက်လာသည်။
သူ့နောက်တွင်လည်း ပုံရိပ်သဏ္ဌာန်မြောက်များစွာ ပေါ်ထွက်လာသည်။
နတ်သားရဲများက ကခုန်နေကြပြီး အစွယ်များ၊ သွားများ ဖြဲပြနေကြသည်။ ဓားများကလည်း ကောင်းကင်ထဲ ထိုးစိုက်နေကြ၏။ အထွတ်အမြတ် နဂါးတစ်ကောင်ကလည်း လေထဲ ပျံသန်းလာကာ လေနှင့်မိုးကို ဆင့်ခေါ်နေဟန် ပေါ်သည်။ သက်တံ့အံ့ဖွယ်အလင်းတန်းကလည်း ကောင်းကင်၌ နေရာယူထားလေသည်။ ဧရာမ လိပ်နက်ကြီးတစ်ကောင်က ဓားရေးပြနေလေ၏။
ရှန်ထျန်းက ဆက်ဝါးနေရင်း ပုံရိပ်သဏ္ဌာန်အမျိုးမျိုးက အသက်ဝင်လာကြသည့်လား ပိုမိုကြီးမားလာကာ ထင်ရှားလာကြသည်။
ရှန်ထျန်းအနေနှင့် ထိုပညာရပ်များအပေါ် နားလည်နိုင်စွမ်း တဟုန်ထိုး တိုးမြင့်သွားသည်မှာ သိသာလှသည်။ သူက အံ့ဖွယ်ဉာဏ်အလင်းပွင့် အခြေအနေသို့ ဝင်ရောက်သွားလေပြီ။ သူက ဤပြိုုင်ဖက်ကင်း သစ်ရွက်ဖြင့် ပညာရပ်အမျိုးမျိုး၏ အခြေခံကို လေ့လာဆန်းစစ်နိုင်သည်။
ရှန်ထျန်းကိုယ်တိုင်က ထိုပညာရပ်များနှင့် တစ်သားတည်း ပေါင်းစပ်သွားသည့်အလား ဖြစ်၏။
“ သူ့မျက်လုံးကနေ ငွေရောင်အလင်းတန်း ထွက်လာပြီးတော့ ခန္ဓာကိုယ်က ကျင့်စဉ်ကျမ်းတွေနဲ့ ပေါင်းစပ်သွားတယ်ဆိုတော့ မွေးရာပါ ခန္ဓာဖွဲ့စည်းပုံများလား ”
ယဲ့ချန်းခန်၏ ပါးစပ်ထောင့်တို့ တွန့်ချိုးသွားပြီး “ ဒီကောင်လေးမှာ ဘယ်လိုဖွဲ့စည်းပုံမျိုး ရှိနေတာလဲ။ သူက ဓားနှလုံးသားအသီးကို စားပြီးတော့ နတ်ဓားဖွဲ့စည်းပုံ ရသွားခဲ့တယ်။ အခုလည်း ဉာဏ်အလင်းပွင့် သစ်ရွက် စားလိုက်တာ မွေးရာပါ ဖွဲ့စည်းပုံ ရသွားပြန်တာလား။ ငါတို့လို ကျန်တဲ့လူတွေက ဘာအတွက် အသက်ရှင်နေကြတာလဲ ”
မွေးရာပါ ဖွဲ့စည်းပုံသည် သဘာဝအတိုင်း ကောင်းချီးရထားခြင်းမျိုး ဖြစ်ကာ သူ့မျက်ဝန်းအစုံဖြင့် ကြည့်လိုက်သည်နှင့် ကမ္ဘာပေါ်ရှိ ပညာရပ်အားလုံးကို ထိုးဖောက်မြင်နိုင်စွမ်း ရှိသည်။ ဤသည်မှာ နတ်ဘုရားလောကတစ်ခုလုံးတွင်ပင် အရှားပါးဆုံး ဖွဲ့စည်းပုံမျိုး ဖြစ်၏။
မျိုးဆက်တစ်ခုလုံးကို အံ့အားသင့်သွားစေဖို့ လုံလောက်နေလေပြီ။
.................
ယဲ့ချန်းခန်က ကြောင်အမ်းအမ်း ကြည့်နေစဉ် ရှန်ထျန်းက ပါးစပ်ထဲမှ နောက်ဆုံးအပိုင်းလေးကို ဝါးစားပစ်လိုက်လေသည်။
ဝုန်း …
ရှောက်ချိုသီးအရွယ် ရွှေအမြုတေက ရှန်ထျန်းခေါင်းအထက် ထွက်ပေါ်လာသည်။ ထိုအရာက ရွှေရောင်အလင်းများ လင်းလက်နေပြီး ကျွန်းတစ်ကျွန်းလုံးကို လင်းထိန်နေစေသည်။
ရွှေအမြုတေကား စိတ်လှုပ်ရှားသည့်အခါ စွမ်းအင်နှင့် တုံ့ပြန်မှုကို ပိုအားကောင်းစေသည့် ဆေး ထိုးလိုက်သကဲ့သို့ အမြန်နှုန်းဖြင့် ကြီးထွားလာသည်။
ဖရဲသီးလောက် ရွှေအမြုတေကို မြင်ဖူးကြလား …
ကျောက်ဖရုံသီးလောက် ကြီးတာဆိုရင်ရော …