သူ့ဆရာတွေက ဘယ်လောက်ထိ ရက်စက်တယ်ဆိုတာကို မင်းသိရဲ့လား
Vol. 23 Ch. 331
အခန်း (၃၃၁) : သူ့ဆရာတွေက ဘယ်လောက်ထိ ရက်စက်တယ်ဆိုတာကို မင်းသိရဲ့လား
မြောက်ပင်လယ် ခွန်မျိုးနွယ်၏ ပိုင်နက်ဖြစ်သော အသူရာချောက်နက်၌…
ထိုနေရာတစ်ခုလုံးတွင် နေရောင် လုံးဝ မရောက်သော ချောက်နက်ကြီးများ ရှိသည်။ မဟာလေဟာနယ် ခွန်မျိုးနွယ်က ထိုနေရာတွင် နေထိုင်ပြီး မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းသော နေရာတစ်လျှောက်ကို အုပ်ချုပ်ထားသည်။
မြောက်ပင်လယ်တွင် မဟာလေဟာနယ် ခွန်မျိုးနွယ်၏ ရာထူးက နဂါးနက်ကျွန်းနှင့် အတူတူလောက် ဖြစ်၏။ အရှေ့ပိုင်းလွင်ပြင်ရှိ ထိပ်သီး အထွတ်အမြတ်မြေနှင့် တန်းတူဖြစ်သည်ဟုပင် သတ်မှတ်နိုင်သည်။
“ အဖေ … ကျွန်တော် အရမ်းကို နာကျင်နေရပြီ။ ဘာလို့ အားလုံးက ဒီလိုမျိုး အဆုံးသတ်သွားရတာလဲ။ ကျွန်တော်ကို သေခွင့်သာ ပေးလိုက်ပါတော့။
ခွန်ပန်တာအို … ခွန်ပန်တာအို … အဲဒါက ကျွန်တော်ရဲ့ မျက်စိရှေ့လေးမှာတင် ရှိခဲ့ပေမဲ့ … ကျွန်တော် နောက်ကျသွားခဲ့တယ်။ ကျောက်စိမ်းတောင်စွန်းရဲ့ စွမ်းအားကို အကုန်သုံးလိုက်ပြီးတော့တောင် ဘာမှရမလာခဲ့ဘူး။ အရမ်းကို ခက်ခဲခဲ့တယ်။ အရမ်းကို ခက်ခဲခဲ့တာပါ”
ဆယ်ပေအရှည်ရှိသော ငါးကန်ကြီးထဲတွင် ပုံရိပ်တစ်ခု ပေါ်နေသည်။
ထိုအရာက အရွယ်ရောက်ပြီးသား လူတစ်ယောက်၏ အရွယ်အစားရှိပြီး ငါးနက်ကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ သို့သော် ငါးခေါင်း ရှိရမည့်အစား ငှက်တစ်ကောင်၏ ဦးခေါင်းကို ပိုင်ဆိုင်ထားသည်။
မျက်ရည်များ စီးကျလာပြီး ကန်ထဲရှိ ဝိညာဉ်ရေစင်နှင့် ပေါင်းစပ်သွားလေသည်။
အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် ဂုဏ်သရေရှိပုံပေါ်သော လူလတ်ပိုင်း အမျိုးသားတစ်ယောက်က ငါးကန်ကြီး ရှေ့တွင် ရပ်နေပြီး တစ်ကိုယ်လုံးမှ ဖျော့တော့သော အလင်းရောင်ကို ထုတ်လွှတ်နေသည်။
ထိုနေရာတွင် သူက အေးဆေးတည်ငြိမ်စွာ ရပ်နေသော်လည်း သူ့ပတ်ပတ်လည်တွင် အာကာပြင်တစ်ခု ရှိနေသကဲ့သို့ ထိတွေ့၍ မရနိုင်သလိုမျိုး ခံစားရစေသည်။
ထိုပုဂ္ဂိုလ်က မဟာလေဟာနယ် ခွန်မျိုးနွယ်၏ ယခုလက်ရှိခေါင်းဆောင် ခွန်ရှု ဖြစ်သည်။
မဟာလေဟာနယ် ခွန်မျိုးနွယ်စု ခေါင်းဆောင်များ၏ သမိုင်းထဲတွင် ခွန်ရှုကို အရည်အချင်းအရှိဆုံးထဲမှ တစ်ယောက်ဟု သတ်မှတ်ထားကြသည်။
ဤသို့သာ အရည်အချင်းမရှိပါက သက်တမ်း ၂ထောင်သို့ မရောက်ခင် ဝိဇ္ဇာတစ်ယောက် ဖြစ်လာနိုင်စရာ မရှိပေ။ သူက ထိပ်သီးဝိဇ္ဇာများထဲမှ တစ်ယောက် ဖြစ်သည်။
သူက ခွန်မျိုးနွယ်ထဲရှိ တခြားသော ပါရမီရှင်များကို ဖိနှိပ်နိုင်ပြီး ထီးနန်းကို အရယူနိုင်ခဲ့မည် မဟုတ်ပေ။ ခွန်မျိုးနွယ်က အုပ်ချုပ်ဖို့ လွယ်ကူသော မျိုးနွယ် မဟုတ်ကြောင်း ပြောရလိမ့်မည်။
ခွန်ဘုရင်က ကန်ထဲ ကြည့်လိုက်သည်။ သူ၏ တစ်ဦးတည်းသောသား ဖြစ်ပြီး ခွန်မျိုးနွယ် ပါရမီရှင်များထဲတွင် စွမ်းအားအကြီးဆုံးသော ခွန်မင်က အထဲမှာ ရှိနေသည်။
ခွန်မင်က ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက်ထဲ လပေါင်းများစွာ ဝင်ရောက်ခဲ့ပြီးနောက် ဒဏ္ဍာရီလာ ခွန်ပန်ကျောင်းဆောင်နှင့် ခွန်ပန်တာအိုကို ရှာဖွေတွေ့ရှိခဲ့သည်။
ထိုအရာက ကောင်းမွန်သည့် ကိစ္စတစ်ခု ဖြစ်ရမည် ဖြစ်သော်လည်း ခွန်ပန်တာအို အမွေနှစ်ရှိရာသို့ တစ်စုံတစ်ယောက်က အရင်ရောက်လာပြီးပြီ ဖြစ်သည်။ ခွန်ပန်တာအိုရှိသော တောင်စွန်း၏ စွမ်းအားများက အကုန်လုံးနီးပါး အသုံးပြုသွားလေပြီ။
ကျန်ရှိနေသော စွမ်းအားက တစ်စုံတစ်ယောက်၏ စိတ်ဆန္ဒကို ကျေနပ်စေဖို့အတွက် မလုံလောက်တော့ပေ။ တခြားတစ်ယောက်သာဆိုလျှင် ဒီလောက်ထိ ပြဿနာကြီးမည် မဟုတ်ပေ။
သို့သော် မဟာလေဟာနယ် ခွန်မျိုးနွယ်၏ သခင်လေး တစ်ယောက်ဖြစ်သော ခွန်မင်အနေဖြင့် ခွန်ပန်တာအိုအပေါ် အလွန်အမင်း စိတ်အားထက်သန်သည်။
သူက ခွန်ပန် ကျောက်စိမ်းတောင်စွန်းရှေ့တွင် လပေါင်းများစွာ ထိုင်ပြီး ခွန်ပန်တာအိုကို နားလည်ဖို့အတွက် ကိုယ့်ကိုယ်ကို ဖိအားပေးနေသည်။
အဆုံးသတ်တွင် ပန်တစ်ကောင်အဖြစ် အဆင့်တက်သွားအောင် လုပ်နိုင်ခဲ့သော်လည်း လမ်းမှားသို့ ရောက်ရှိသွားကာ ငါးလင်းယုန်အဖြစ်သို့ ပြောင်းလဲသွားသည်။
ဟုတ်တယ် သူ့ကို ငှက်ခွန်လို့လည်း ခေါ်လို့ရတယ်
ခွန်မင်၏ အသွင်ပြောင်းခြင်း ကြိုးစားမှုက လုံးဝ ကျရှုံးသွားသည်ဟု ပြောလျှင် မမျှတရာကျသည်။ ဧရာမခွန်မှ ပန်အဖြစ်သို့ ပြောင်းလဲရာတွင် ဦးခေါင်းမှ စတင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ဖြည်းဖြည်းချင်း ပျံ့နှံ့သွားရမည် ဖြစ်သည်။ ခွန်မင်၏ ပထမဆုံးခြေလှမ်းက မှန်ကန်ခဲ့သည်။
ကံမကောင်းစွာဖြင့် သူက ခွန်ပန်တာအိုကို အကြမ်းဖျင်းသာ နားလည်သည့်အတွက် ဦးခေါင်းသာ အသွင်ပြောင်းသွားခဲ့သည်။
သည်ထက်ပိုးဆိုးသည်က သူ ခွန်အဖြစ်လည်း အပြည့်အဝ ပြန်လည် အသွင်ပြောင်းနိုင်ခြင်း မရှိတော့ဘဲ ငါးတစ်ပိုင်း ငှက်တစ်ပိုင်း အခြေအနေဖြင့်သာ ဆက်ပြီး နေနေရသည်။
ထိုအရာက စိတ်ဒုက္ခရောက်စေသော အပိုင်း ဖြစ်၏။
ခွန်မင်အနေဖြင့် လူပုံစံ ပြန်ပြောင်းဖို့အတွက် ရုပ်ဖျက်ခြင်းပညာရပ်များကို အသုံးပြုနိုင်သည်။
သို့သော် တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်သည်ဖြစ်စေ၊ တစ်စုံတစ်ယောက်က စုံစမ်းစစ်ဆေးခြင်း ပညာရပ်ကို အသုံးပြုပြီး သူ့ အသွင်အစစ်အမှန်ကို သိသွားမည် ဖြစ်သည်။
ငှက်ခေါင်းကြီး ရှိသော ခွန်တစ်ကောင်က ဘယ်လိုနည်းနဲ့မှ အမြင်တင့်တယ်စရာ အကြောင်း မရှိပေ။
ငါက မဟာလေဟာနယ် ခွန်မျိုးနွယ်ရဲ့ သခင်လေးလေ။ ငါ့မှာ ထိန်းသိမ်းရမဲ့ ဂုဏ်သိက္ခာဆိုတာ ရှိသေးတယ်။ ဒီသတင်းသာ ထွက်သွားမယ်ဆိုရင် ငါ့မျက်နှာကို ဘယ်နားဝှက်ထားရပါ့မလဲ
“ အဖေ ကျွန်တော် ဘာလုပ်သင့်လဲ။ ကျွန်တော် အမြဲတမ်း ဒီလိုပုံစံကြီးပဲ ဖြစ်နေတော့မှာလားဗျာ”
ခွန်ဘုရင်က မျက်ရည်ဝဲနေသော ခွန်မင်ကို ကြည့်ပြီး နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။
သူ့သားကို အထဲမှာ စိမ်နေဖို့အတွက် အဖိုးတန် ဝိညာဉ်ရေစင်ကိုပါ ထုတ်ပေးခဲ့ပြီးပြီ ဖြစ်၏။ ထိုစွမ်းအားက ခွန်မင်ကို အကူအညီပေးကာ ပန်အဖြစ် အပြည့်အဝ အသွင်ပြောင်းနိုင်စေဖို့ သူ မျှော်လင့်နေမိသည်။
ယခုတော့ ထိုအရာက အလုပ် မဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ရလေပြီ။ ခွန်မှ ပန်အဖြစ်သို့ အသွင်ပြောင်းဖို့အတွက် စွမ်းအားတစ်ခုတည်းကသာ အရေးပါခြင်း မဟုတ်ပေ။
တခြားသော အဓိပ္ပာယ်များကိုပါ နားလည်မှ အောင်မြင်နိုင်မည် ဖြစ်သည်။ ခွန်ပန်တာအိုထဲရှိ ပန်အသွင်ပြောင်းလဲခြင်း အခန်းတွင်သာ ထိုအဓိပ္ပာယ်များကို ရှင်းပြထားသည်။
ယခု ခွန်မင်က ခွန်ပန်တာအိုကို နားလည်အောင် ကြိုးစားခြင်း ကျရှုံးသွားသည့်အတွက် သေရေးရှင်ရေး အခြေအနေသို့ ရောက်ရှိနေသည်။
ထိုအခိုက်အတန့်တွင် အာကာပြင် တုန်ခါသွားကာ များပြားသော ပုံရိပ်များလည်း ထွက်ပေါ်လာသည်။
သူတို့က ရှန်ထျန်းနောက်သို့ လိုက်သွားခဲ့ကြသော ခွန်အကြီးအကဲများသာ ဖြစ်ပြီး ကျရှုံးမှုကို သူတို့မျက်နှာမှာ အထင်းသားမြင်နေရသည်။
“ ခေါင်းဆောင်ကို နှုတ်ခွန်းဆက်သအပ်ပါတယ်။ သခင်လေးထက်အရင် ခွန်ပန်တာအိုတစ်ခုလုံးကို နားလည်သွားတဲ့သူက ဘယ်သူလဲဆိုတာကို ကျွန်တော်ကို ရှာတွေ့ခဲ့ပါပြီ”
“ ဟုတ်လား။ သူက ဘယ်သူလဲ” ခွန်ဘုရင်က မျက်လုံးအကြည့် တောက်ပစွာဖြင့် လှည့်ကြည့်ကာ မေးလိုက်သည်။
အကြီးအကဲ တစ်ယောက်က ပြောလိုက်သည်
“ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းအပြင်ဘက်မှာ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ရှန်ထျန်းက ခွန်ပန်တာအိုကို ကျင့်ကြံနေတာကို တွေ့ခဲ့တယ်။
အဲဒီကလေးက အရမ်းဉာဏ်များတယ်။ သူက အရှိန်အဝါ ဖုံးကွယ်ခြင်း ပညာရပ်အချို့ကို အသုံးပြုပြီးတော့ ပင်လယ်ကြမ်းပြင်မှာ ရက်ပေါင်းများစွာ ပုန်းကွယ်နေပြီးတော့ အခုထိ ထွက်မလာသေးဘူး။
ကျွန်တော်တို့ တခြားလုပ်စရာ မရှိဘဲ စောင့်နေရတော့ အရင်ဆုံးပြန်လာပြီး အကြောင်းကြားတာပါ”
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်တဲ့လား
ခွန်ရှု၏ အရှိန်အဝါ လှုပ်ခတ်သွားကာ ပြောလိုက်သည်
“ သူက ချူးလုံဟယ်နဲ့ ကျန်းလုံယွမ်တို့ရဲ့ တပည့်မလား”
နောက်ထပ် အကြီးအကဲတစ်ယောက်က ခေါင်းညိတ်ကာ ထပ်ပြောလိုက်သည်
“ ဟုတ်တယ်။ သူက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ကျန်းလုံယွမ်ရဲ့ တပည့်ပါ။ သူက အရှေ့ပိုင်းလွင်ပြင်က သူတော်စင်တစ်ယောက် ဖြစ်ပေမဲ့ မြောက်ပင်လယ်ကို လာပြီးတော့ ကျုပ်တို့ရဲ့ ခွန်ပန်တာအိုကို ခိုးယူရဲတယ်ပေါ့လေ။ ခေါင်းဆောင် ကျုပ်တို့ သွားပြီးတော့…”
အကြီးအကဲက လည်ပင်းကို ဖြတ်သည့်ပုံစံ လုပ်ပြလိုက်သည်။
ခွန်ဘုရင်၏ နှုတ်ခမ်းတို့ တွန့်ချိုးသွားကာ ပြောလိုက်သည်
“ ငတုံး …သူ့ နောက်ခံအင်အားက ဘယ်လောက်ထိ တောင့်လဲဆိုတာကို မင်းသိရဲ့လား”
အကြီးအကဲက နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်
“ သူ့ဆီမှာ ကျန်းလုံယွမ်နဲ့ ချူးလုံဟယ် နှစ်ယောက်ပဲ ရှိတာ မဟုတ်ဘူးလား။
ချူးလုံဟယ်ရဲ့ စွမ်းအားတွေကလည်း လျော့ကျသွားသလို ကျန်းလုံယွမ်ကလည်း အခုမှ ဝိဇ္ဇာ စဖြစ်တာလေ။ ကျွန်တော်တို့ရဲ့ မျိုးနွယ်ထဲမှာ ဝိဇ္ဇာတွေ အများကြီး ရှိတာပဲ။ ကျွန်တော်တို့က သူတို့ကို ကြောက်နေစရာ မလိုပါဘူး။
ခေါင်းဆောင်လည်း ကျန်းလုံယွမ်နဲ့ ခုနစ်ရက်ခုနစ်ည တိုက်ခိုက်ပြီးတော့ အနိုင်အရှုံး မပေါ်ခဲ့တာမျိုး ဖြစ်ခဲ့ဖူးတယ်မလား။ ဒီခွန်ပန်တာအိုကိုသာ ကျွန်တော်တို့ ပြန်ရရင် ခေါင်းဆောင်ရဲ့ စွမ်းအားတွေလည်း အဆမတန် တိုးတက်သွားပြီးတော့…”
စကားမဆုံးခင် အေးစက်သော စကားတစ်ခွန်း၏ ကြားဖြတ်ပြောခြင်းကို ခံလိုက်ရသည်။
“ ပါးစပ်ပိတ်ထား”
ခွန်ဘုရင်က လက်ကို နောက်ပစ်ထားကာ မျက်နှာထားတင်းမာစွာဖြင့် ပြောလိုက်သည်
“ ခွန်မျိုးနွယ်က မြောက်ပင်လယ်မှာ အင်အားအကြီးဆုံးနဲ့ လေးစားခံရဆုံးမျိုးနွယ်ထဲက တစ်ခုပဲ။ ငါတို့က ဘယ်လိုလုပ်ပြီးတော့ အဲလိုမျိုး နိမ့်ကျပြီးတော့ စက်ဆုပ်စရာကောင်းတဲ့ လုပ်ရပ်မျိုးကို လုပ်ရမှာလဲ။
ခွန်မင်က ရှန်ထျန်းနဲ့ တိုက်ခိုက်ပြီးတော့ ခွန်ပန်တာအိုကို ကိုယ်တိုင် ပြန်ယူတာက အဆင်ပြေလိမ့်မယ်။ အဲလိုဆိုရင် ဂုဏ်လည်းရှိလိမ့်မယ်။
ဒါပေမဲ့ မင်းတို့ ဧရာမစွမ်းပကားရှင် အကြီးအကဲတွေက ကြားဝင်ဖျန်ဖြေရင်း ခွန်ပန်တာအိုကို ပြန်ယူဖို့အတွက် အဲဒီကလေးကို သတ်မိသွားရင် ငါတို့က နယ်မြေငါးခုလုံးရဲ့ လှောင်ပြောင်စရာတွေ ဖြစ်လာလိမ့်မယ်”
အကြီးအကဲက မယုံကြည်သည့်ပုံစံဖြင့် ပြောလိုက်သည်
“ ဒါပေမဲ့ ခွန်ပန်တာအိုက အရမ်းအရေးကြီးတယ်။ အဲဒါကို ကျွန်တော်တို့လက်ထဲရအောင် ယူနိုင်တာနဲ့ ခြွင်းချက်တွေဆိုတာ ဖြစ်လာနိုင်တယ်”
ခွန်ရှုက သက်ပြင်းချကာ ပြောလိုက်သည်
“ ဘယ်အရာကမှ ခွန်မျိုးနွယ်ရဲ့ မာနနဲ့ဂုဏ်သိက္ခာထက် အရေးမကြီးဘူး။ ခွန်ပန်တာအိုတောင်မှပေါ့”
ထို့စကားနှင့်အတူ ခွန်ရှု အနောက်ရှိ ဧရာမခွန်ပုံရိပ်သဏ္ဌာန်ကလည်း ဒေါသများဖြင့် တောက်လောင်သွားပုံရသည်။
ခမ်းနားသော အရှိန်အဝါက မိုင်ပေါင်းသောင်းချီကာ ပျံ့နှံ့သွားသည့်အတွက် များပြားသော သမုဒ္ဒရာမျိုးနွယ်များလည်း ကြောက်လန့်တုန်လှုပ်သွားကြသည်။
သူက တည်ငြိမ်စွာ ပြောလိုက်သည်
“ ခွန်မျိုးနွယ်နဲ့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ မိတ်ဆွေအဖြစ် ရှိနေရမယ်လို့ အမိန့်ပေးတယ်။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ငါ့မိတ်ဆွေဆိုတော့ မြောက်ပင်လယ်ရဲ့ အဖိုးတန် ဧည့်သည်တစ်ယောက်အဖြစ် ဆက်ဆံခံရမယ်။
ငါက အသူရာချောက်နက်ဆီ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို ငါ့ဧည့်သည်အဖြစ် တရားဝင် ဖိတ်ကြားတယ်ဆိုတာကို အားလုံး သိအောင် လုပ်လိုက်။ မြောက်ပင်လယ် မျိုးနွယ်တွေအားလုံး ငါ့ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကို အားလုံးမြင်တွေ့ခံစားရမယ်။
ငါတို့ ခွန်ပန်တာအိုကို ပြန်ပြီးတော့ ယူမယ်ဆိုရင်လည်း မှန်ကန်ပြီးတော့ နည်းလမ်းကျတဲ့ အပြုအမူနဲ့ လုပ်ရမယ်”
ခွန်ရှုက ငယ်ရွယ်သော်လည်း သူ့စကားများက မဟာလေဟာနယ် ခွန်မျိုးနွယ်ထဲတွင် အရေးပါသော အာဏာရှိကြောင်း ရှင်းလင်းစွာ သိနိုင်သည်။
သူ့အမိန့်ကို ပြောပြီးနောက် အကြီးအကဲတချို့က မယုံသေးသော်လည်း သူတို့မှာ ရွေးချယ်စရာ မရှိသည့်အတွက် ထိုနေရာမှ ထွက်သွားကာ လိုအပ်သော ပြင်ဆင်မှုများကို လုပ်ကြရတော့သည်။
အကြီးအကဲများအားလုံး ထွက်သွားပြီးနောက် ခွန်မင်က စကားပြောလိုက်သည်
“ အဖေက အမြော်အမြင် ကြီးလိုက်တာ။ အသူရာချောက်နက်မှာ ချုံခိုတိုက်ခိုက်ဖို့ ကြံစည်နေတာလား”
ခွန်ရှုက နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်
“ ဘာ ချုံခိုတိုက်ခိုက်ရမယ်ဟုတ်လား။ မင်းရဲ့ ခေါင်းထဲမှာ ဘယ်လိုလုပ်ပြီးတော့ အဲလိုမျိုး ရူးကြောင်ကြောင် အကြံဉာဏ်တွေ ရှိနေရတာလဲ။
မင်းက ဧရာမစွမ်းပကားရှင် နယ်ပယ်အဆင့်ကိုတောင် မရောက်သေးဘဲနဲ့ တခြားသူတွေနဲ့ ယှဉ်ပြိုင်ဖို့ ကြိုးစားနေတာ။ ငါ ခဏလောက်ပဲ နောက်လှည့်ရသေးတယ် မင်းက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို မကျေမချမ်း ဖြစ်နေပြီ။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ နောက်ခံအင်အားက ဘယ်လောက်ထိ တောင့်တင်းလဲဆိုတာကို မင်းသိရဲ့လား”
ခွန်မင်က နှုတ်ခမ်းကို တင်းတင်းစေ့ကာ ပြောလိုက်သည်
“ သူက လူသား သူတော်စင်တစ်ယောက် သက်သက်ပဲလေ။ သူက ကံကောင်းပြီးတော့ ကျွန်တော်ထက် ခြေတစ်လှမ်းသာပြီး ခွန်ပန်တာအိုကို အရယူနိုင်ခဲ့တာပါ။ သူက ဘာတွေများ အဲလောက်ထိ ကြီးကျယ်နေလို့လဲ။
အသွင်ပြောင်းလဲခြင်း ရှုံးနိမ့်ပြီးတော့ မျက်နှာကို မပြနိုင်လို့သာပေါ့ မဟုတ်ရင် ကျွန်တော် သူ့ကို အလွယ်လေး အနိုင်ယူနိုင်တယ်”
ခွန်ဘုရင်က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်
“ မင်းက ကံမကောင်းတဲ့ ကလေးတစ်ယောက်ပဲ။ မင်းရဲ့ခေါင်းက ငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွားပေမဲ့ မင်းရဲ့ ဦးနှောက်ကတော့ တုံးအနေတုန်းပဲ”
ခွန်ဘုရင်က ကျောက်စိမ်းဆွဲပြားကို ထုတ်ကာ ပြောလိုက်သည်
“ ငွေရောင်ရေဘဝဲ မျိုးနွယ်နဲ့ နဂါးမျိုးနွယ်မှာ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်အကြောင်းကို စုံစမ်းထောက်လှမ်းမဲ့သူတွေ လွှတ်ထားပြီးပြီ။ မင်းဘာသာမင်း ကြည့်ကြည့်လိုက်”
ခွန်ဘုရင်က မျက်နှာထားတည်တည်ဖြင့် ပြောလိုက်သည်
“ သေချာကြည့်လိုက် … အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို အရှေ့ပိုင်းလွင်ပြင် နံပါတ်တစ် အချောဆုံး အမျိုးသားလို့လည်း ခေါ်တယ်။ သူ့အသက်က ၁၆နှစ် ရှိပြီ။ သူ့ကို သေမျိုးကမ္ဘာက နိုင်ငံတစ်ခုမှာ မွေးခဲ့တာ။
သူက ငယ်ငယ်လေးကတည်းက ဂြိုလ်ဆိုးဝင်ခဲ့တာ ဒါပေမဲ့ လွန်ခဲ့တဲ့ လပေါင်းများစွာတုန်းက သူ့ကံကြမ္မာက ရုတ်တရက် ပြောင်းလဲသွားခဲ့တယ်။ သူက အခု ကောင်းကင်တာအိုရဲ့ ကောင်းချီးပေးခံရထားတဲ့ သားတော်လို ဖြစ်နေပြီ။
ဝိညာဉ်သတ္တုရိုင်းတုံးကို ဖွင့်လိုက်တဲ့အခါ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ ကပ်ဘေးတစ်ဖန်အခန်းကို ရှာတွေ့ခဲ့တယ်တဲ့။
ကမ္ဘာဦး တိုက်ပွဲနယ်မြေထဲကို ဝင်သွားပြီးတော့ ဂုဏ်သတင်းကြီးတဲ့ စစ်နတ်ဘုရား မျှော်နန်းဆောင်ကို ယူလာနိုင်တယ်တဲ့။
ဒါက ဘာလဲဆိုတာ မင်းသိလား။ သူက ဟိုးအမြင့်တွေထိ တက်လှမ်းဖို့အတွက် ကံကြမ္မာပါလာတာ။ သူက ကံကြမ္မာသားတော် အစစ်အမှန်ပဲ”
ခွန်မင်၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားကာ စူပုတ်နေရင်း ပြောလိုက်သည်
“ သူက အဲလောက်ထိ ကြီးကျယ်လို့လား။ အဖေက အဲဒီကောင်ကို အရမ်းအထင်ကြီးနေပါပြီ”
ခွန်ဘုရင်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်
“ ငါ ဘယ်လိုလုပ်ပြီးတော့ မင်းလိုမျိုး ဦးနှောက်မရှိတဲ့ သားကို မွေးခဲ့မိပါလိမ့်”
ခွန်ဘုရင်က ဆက်ပြောလိုက်သည်
“ သေချာကြည့်လိုက်။ ရှန်ထျန်း အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ရောက်ပြီးတော့ သူ့ကို ဆန့်ကျင်တဲ့သူတွေ ဘာဖြစ်သွားသလဲ။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ အစ်ကိုကြီး ဖန်ချန်းက သူ့ကို ဆန့်ကျင်လို့ ရွှေအမြုတေ ပျက်စီးမလိုအထိ ဖြစ်ခဲ့ရတယ်။ ခုနစ်စဉ်ကြယ်
သူတော်စင် ချန်ကျုံးထျန်းကလည်း သူ့ကို ဆန့်ကျင်မိလို့ ကနဦးဝိညာဉ် ပျက်စီးမလို ဖြစ်သွားတယ်။
ခရမ်းစံအိမ် သူတော်စင် ချီရှောက်ရွှမ်ကလည်း သူ့ကို တစ်ခါ ဆန့်ကျင်ခဲ့ဖူးတယ်။ အဆုံးမှာတော့ လူပုံအလယ်မှာ ရှန်ထျန်းရဲ့ တိုက်ကွက်တစ်ခုထဲနဲ့တင် အနိုင်ယူခံလိုက်ရတယ်။ သူက မြောက်ပင်လယ်ကို ရောက်ပြီးတော့ အမြုတေကွဲအက်သွားပေမဲ့ သူ့ရဲ့ ကိုယ်ပိုင်ရွှေအမြုတေက သူ့ ကနဦးဝိညာဉ်ကို အသေသတ်မလိုထိ ဖြစ်ခဲ့တာ။
အဲဒီအဖြစ်အပျက်တွေအားလုံး…အခု မင်းရဲ့ လက်ရှိအခြေအနေကို တစ်ချက်လောက် ပြန်ကြည့်လိုက်ဦး။ ဒီနေရာမှာ ဖြစ်ပျက်နေတာတွေကို တွေ့လား”
ဒုံး…
ခွန်ဘုရင်၏ စကားလုံးများက ခွန်မင်၏ နားထဲတွင် အံ့ဖွယ်မောင်းသံ တစ်ခု မြည်နေသလိုမျိုး ခံစားနေရသည်။
သူက မကျေမနပ်ဖြင့် ပြောလိုက်သည်
“ ကျွန်တော်ရဲ့ လက်ရှိအခြေအနေက သူ့ရဲ့ ယုတ်မာတဲ့ အကြံအစည်လို့တော့ လာမပြောနဲ့နော်”
ခွန်ဘုရင်က သူ၏ တုံးအသော သားကြောင့် ကိုယ့်ကိုယ်ကို စိတ်ထိန်းချုပ်ကာ ပြောလိုက်ရသည်
“ မင်းရဲ့ အဲဒီအသုံးမကျတဲ့ ဦးနှောက်ကို ကျေးဇူးပြုပြီးတော့ သုံးဖို့ ကြိုးစားကြည့်စမ်းပါ။
မင်းကသာ အသွင်ပြောင်းတာကို အတင်းဖိအားပေး လုပ်ခဲ့ပြီးတော့ ကျရှုံးခဲ့တာ။ သူက မင်းအနားမှာ ရှိမနေခဲ့ဘူးလေ။ ဘယ်လိုလုပ်ပြီးတော့ သူလုပ်တာ ဖြစ်ပါ့မလဲ။ ဒါက ကံဆိုးသွားတာပဲ”
ခွန်ဘုရင်က နဖူးကို ကိုင်ကာ မခံမရပ်နိုင်ဖြစ်စွာဖြင့် ပြောလိုက်သည်
“ရွှေခေတ်တိုင်းမှာ ကောင်းကင်တာအိုရဲ့ ချစ်ခြင်းကို ခံရတဲ့သူတွေဆိုတာ ရှိတတ်စမြဲပဲလေ။ သူတို့က ထူးခြားတဲ့ အရည်အချင်းနဲ့ ကံကြမ္မာတွေကို ပိုင်ဆိုင်ထားတယ်။
ချီရှောက်ရွှမ်လည်း ပါဝင်သလို မင်းလည်း ပါဝင်တယ်။ ဒါပေမဲ့ ဒီကောင်းချီးပေးခံရတဲ့ အဖွဲ့ထဲမှာ အဆင့်တွေ ကွဲနေတယ်။
ရိုးရှင်းတဲ့ ဥပမာ ပေးရမယ်ဆိုရင် မင်းနဲ့ ချီရှောက်ရွှမ်က ကောင်းကင်တာအိုရဲ့ မွေးစားသားတွေ ဖြစ်ပြီးတော့ ရှန်ထျန်းက သူ့ရဲ့ သားအရင်းလိုမျိုးပေါ့။ မွေးစားသားတွေနဲ့ သားအရင်းတွေသာ တိုက်ခိုက်ကြမယ်ဆိုရင် ကောင်းကင်တာအိုက ဘယ်သူ့ဘက်မှာ ရပ်တည်ပေးမယ်ထင်လဲ”
ခွန်မင် ဘယ်လိုပြောရမယ်မှန်း မသိတော့ပေ။
သူ့အဖေက ရှုထောင့်အသစ်ကို ပြသပေးလိုက်သည်ဟု ခံစားရသည့်အတွက် ခွန်မင် ပင့်သက်ရှိုက်လိုက်မိသည်။
သူက ခွန်ဘုရင်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်ရင်း မေးလိုက်သည်
“ ကျွန်တော် ရွေးချယ်စရာမရှိတော့ဘဲ အဲဒီလူသား သူတော်စင်ရှေ့မှာ ခေါင်းငုံ့ရမယ်လို့တော့ ပြောမှာ မဟုတ်ဘူးမလား”
ခွန်ဘုရင်က ခွန်မင်ကို ငတုံးတစ်ယောက်လို သဘောထားကာ စိုက်ကြည့်နေသည်။
သူက မဲ့ပြုံးပြုံးကာ ပြောလိုက်သည်
“ အဲဒါ ဘာများမှားနေလို့လဲ။ နတ်ဆိုးမျိုးနွယ်တွေက အသိအမှတ်ပြုဖို့ ငြင်းဆန်နေလို့သာပါ။ ဒါပေမဲ့ လူသားမျိုးနွယ်တွေကတော့ တကယ်ကို ကောင်းကင်တာအိုရဲ့ ကောင်းချီးပေးခံရတဲ့ မျိုးနွယ်ပဲ။
ခွန်မျိုးနွယ်က ပြိုင်ဘက်ကင်းလောက်အောင် စွမ်းအားကြီးပြီးတော့ လူသားမျိုးနွယ်တွေရဲ့ အထွတ်အမြတ်မြေတွေကို ဖိနှိပ်နိုင်တယ်။ ဒါပေမဲ့ အဲတော့ ဘာဖြစ်လဲ။ အဲဒါနဲ့ပဲ လူသားမျိုးနွယ်တစ်ခုလုံးကို ဆန့်ကျင်လို့ ရတယ်လို့ ပြောနိုင်လား။
အဲဒါက ငါတို့ ခွန်မျိုးနွယ်အတွက်တင် မဟုတ်သေးဘူး။ ရှေးဟောင်းနဂါး၊ ဇာမဏီနဲ့ သွေးသန့် ခွန်ပန်တွေတောင် လုပ်နိုင်တဲ့အရာ မဟုတ်ဘူး။
ဘာကြောင့်လဲဆိုတာတော့ မသိပေမဲ့ ကောင်းကင်တရားခုံရုံးက ရှေးခေတ်အခါက ပြိုလဲသွားခဲ့ပြီးတော့ လူသားမျိုးနွယ်တွေက အထွတ်အမြတ်မြေ အသီးသီးအဖြစ် ခွဲထွက်သွားခဲ့တာ။
ဒါပေမဲ့ ကောင်းကင်တာအိုက လူသားမျိုးနွယ်ကိုပဲ သဘောကျနေခဲ့ပြီးတော့ အဲဒါကလည်း အမြဲတမ်း တခြားမျိုးနွယ်တွေထက် ကျော်လွန်နေတယ်။
အခု နယ်မြေငါးခုမှာ စွမ်းအားအကြီးဆုံးမျိုးနွယ်က လူသားမျိုးနွယ်ဆိုတာကို မေ့မထားနဲ့ဦး။
ရှန်ထျန်းက လူသားမျိုးနွယ်မှာ အရှားပါးဆုံး အလားအလာရှိတဲ့ လူစားမျိုးပဲ။ သူက ကြီးကျယ်တဲ့ အရာတွေအတွက် ကံပါလာတယ်။ သူ့အတွက်တော့ အားကောင်းတဲ့ ကံကြမ္မာရှိနေတာက သာမန်ပါပဲ။ လုံးဝ အရှက်ရစရာ မရှိဘူး”
သူက ခွန်ဘုရင်ကို ကြည့်လိုက်သည့်အခါ စိတ်ပျက်နေသည့် ပုံစံပေါ်နေသည်ဟု ခွန်မင် ခံစားလိုက်ရသည်။ ကြာရှည်စွာ တည်ရှိလာသော မာနနှင့် ဂုဏ်သိက္ခာများလည်း ပြိုလဲခါနီး ဖြစ်နေရသည့်အတွက် ကိုယ်တိုင်လည်း စိတ်များလေးလံနေရသည်။
ခွန်ဘုရင်က သူ့သား စိတ်အခြေအနေ ပြောင်းလဲသွားသည်ကို သတိထားမိပြီး ပြုံးကာ နှစ်သိမ့်လိုက်သည်
“ မင်းက အမြဲတမ်း ဂုဏ်မောက်ခဲ့တဲ့သူဆိုတာကို သိတယ်။ မင်းက မြောက်ပင်လယ်မှာ စွမ်းအားအကြီးဆုံး ပါရမီရှင်လို့လည်း ခံစားနေရတယ်။
ဒါပေမဲ့ ငါ့သား နယ်မြေငါးခုက ငါတို့ မြောက်ပင်လယ်ထက် အများကြီး ပိုမိုကျယ်ဝန်းတယ်ဆိုတာကို နားလည်ထားရမယ်။
ဧရာမခွန်တွေက ဘာလို့ ပန်အဖြစ် အသွင်ပြောင်းချင်ကြတာလဲ။ သမုဒ္ဒရာရဲ့ ကန့်သတ်ချက်တွေကနေ လွတ်မြောက်ပြီးတော့ ပိုပြီးကြီးကျယ်တဲ့လောကဆီကို ဝင်ရောက်ချင်တာ။ ကောင်းကင်ဆီ ပျံသန်းချင်တာ။
မင်းက မင်းရဲ့ ‘မြောက်ပင်လယ်က ထိပ်သီး ပါရမီရှင်’ဆိုတဲ့ ရာထူးကို ဆက်ပြီးတော့ ဖက်တွယ်နေဦးမယ်ဆိုရင် ရေတွင်းထဲက ဖားသူငယ်တစ်ကောင်လို ဖြစ်ပြီး အဆုံးသတ်သွားလိမ့်မယ်။
ပန်အစစ်ရဲ့ နှလုံးသား မရှိဘဲနဲ့ မင်း ခွန်ပန်တာအိုကို အလုံးစုံ သိနားလည်သွားမယ်ဆိုရင်တောင် ဘယ်လိုလုပ်ပြီးတော့ ပန်တစ်ကောင်အဖြစ် ပြောင်းလဲနိုင်မှာလဲ။
မင်းကို လေးလံစေတဲ့ ဒီလိုမျိုးအရာတွေကို လက်လွှတ်နိုင်မှ ဒီထက်ပိုပြီး မြင့်မြင့်ကို ပျံသန်းနိုင်လိမ့်မယ်”
ငါ့ကို လေးလံစေတဲ့ အဲလိုအရာမျိုးတွေကို လက်လွှတ်ရမယ်တဲ့လား။ မာနကို ပြောတာလား
ခွန်မင်က သူ့အဖေကို စိုက်ကြည့်ပြီး ရုတ်တရက် သူစိမ်းတစ်ယောက်ကို စိုက်ကြည့်နေရသလိုမျိုး ခံစားလာရသည်။
ဒါက လူသားတွေရှေ့မှာ “ ငါတို့ရဲ့ မဟာလေဟာနယ် ခွန်မျိုးနွယ် ဂုဏ်သိက္ခာကို ဒီလိုပုံစံမျိုးနဲ့ နှိမ်ချမခံနိုင်ဘူး”လို့ ကြွေးကြော်ခဲ့တဲ့ အဖေရော ဟုတ်ရဲ့လား
နဂါးနက်ဘုရင်နဲ့ ရင်ဘောင်တန်းနိုင်ရဲတဲ့ အဖေလား။ သူက အခုတော့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်လေးကို ကြောက်နေတယ်တဲ့လား
ဒီထက်ပိုပြီး အံ့ဩစရာကောင်းသည့်အချက်က ရှန်ထျန်းအကြောင်း ခွန်ဘုရင်က ရှင်းပြသည်ကို နားထောင်ကာ ရှန်ထျန်း၏ သမိုင်းကြောင်းကို ကြည့်ပြီးနောက် ခွန်မင်ကိုယ်တိုင်လည်း ကြောက်ရွံ့တုန်လှုပ်လာရသည်။
ထို့အပြင် ရှန်ထျန်းအကြောင်းများကလည်း တကယ်ကို ထိတ်လန့်စရာ ကောင်းလှသည်။ သူ့ဆီမှာ အမှုထမ်းသောသူများအားလုံးလည်း သူတို့၏ ကျင့်ကြံရေး လမ်းစဉ်တွင် ထူးခြားအောင် လုပ်သွားနိုင်သည်။
ယခုလက်ရှိ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း စစ်ဆေးမှုတွင်လည်း ယုဖန်ရှန်းနှင့် မင်းသားလေးယောက်က များပြားသော အကျိုးအမြတ်များစွာကို ရရှိခဲ့သည်။
အောင်းဝူနှင့် ချီရှောက်ရွှမ်တို့အကြောင်းကိုတော့ ထည့်ပြောစရာပင် မလိုတော့ပေ။
ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက်မှ ထွက်လာလာပြီးချင်း နဂါးနက်ကျွန်းသို့ သွားကာ အံ့ဩစေလောက်မည့် ရတနာကို သွားရောက်ဆက်သသည်ဟု ကြားထားသည်။
သူ့ကို ဆန့်ကျင်တဲ့သူတွေကတော့ ကံဆိုးမှုတွေနဲ့ ကြုံတွေ့သွားရတယ်
မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ ဝိဇ္ဇာတောင် သူ့လက်ထဲ ရောက်သွားပြီးတော့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ အကျဉ်းချခံထားရတယ်
အဲဒီကောင်လေးက တစ်ခုခုတော့ တစ်ခုခုပဲ
ခွန်မင်က တစ်စုံတစ်ခုကို တွေးတောရင်း ပြောလိုက်သည်
“ အဖေက ဘာလို့ ရှန်ထျန်းအကြောင်းကို ဒီလောက်ထိ သိနေရတာလဲ”
ခွန်ဘုရင်ကိုက အနည်းငယ် စိတ်မသက်သာသည့် ပုံစံဖြင့် ပြောလိုက်သည်
“ အဟင်း… ရိုးရှင်းတဲ့ နောက်ခံ စစ်ဆေးမှုလေးတစ်ခုပဲ လုပ်လို့ ဆုံးဖြတ်လိုက်တာပါ”
ဟား…ဟား…ဟား…ငါက ဘာလို့ ရှန်ထျန်းအကြောင်းကို ဒီလောက်ထိ သိနေရတာလဲတဲ့လား
ဒီကောင်လေးရဲ့ ဆရာတွေက ဘယ်သူလဲဆိုတာကို မင်း မမှတ်မိဘူးလား။ သူတို့နှစ်ယောက်ကလည်း သူတို့ခေတ်တုန်းက မြောက်ပင်လယ်မှာ အဲလိုမျိုး ရှုပ်ထွေးမှု ဖြစ်သွားစေခဲ့တာပဲ။
မင်းတို့က မွေးတောင် မမွေးသေးဘူး …
သူ့ဆရာတွေက အရမ်းရက်စက်တယ်။ အရမ်းဉာဏ်များတယ်။ အရမ်းလည်း ကြောက်ဖို့ကောင်းတယ်…
ဟား … ဟား … ဟား … မင်းသာ သိခဲ့ရင်ပေါ့