← Chapters

စံပြတွေအားလုံးတောင် ငါ့ရှေ့မှာ ဦးညွတ်ရမယ်

Vol. 23 Ch. 332

စံပြတွေအားလုံးတောင် ငါ့ရှေ့မှာ ဦးညွတ်ရမယ်

Vol. 23 Ch. 332

အခန်း (၃၃၂) : စံပြတွေအားလုံးတောင် ငါ့ရှေ့မှာ ဦးညွတ်ရမယ်

ခွန်ဘုရင်က မဟာလေဟာနယ် ခွန်မျိုးနွယ်တွင် နာမည်ကောင်းရခြင်းကို ပျော်မွေ့နေခဲ့သည်။ မြောက်ပင်လယ်ရှိ ခွန်မျိုးနွယ်တစ်ခုလုံးက အမိန့်တစ်ခုကြောင့် စတင် လှုပ်ရှားလာကြတော့သည်။

အနည်းဆုံးတော့ အတိသုခမြို့တော်၏ ကြော်ငြာသင်ပုန်းတွင် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို အသူရာချောက်နက်သို့ ဖိတ်ခေါ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။

ထို့ကြောင့် မြောက်ပင်လယ်ရှိ မျိုးနွယ်များက ဤအရာကို “ပွင့်လင်းရိုးသားစွာ” ဖိတ်ကြားမှုဟု သတ်မှတ်လိုက်သည်။ သို့မဟုတ် ခွန်ဘုရင်က ဘယ်တော့မှ ပုန်းကွယ်နေဖို့ မစဉ်းစားကြောင်း ဆိုလို့ရသည်။

အချိန်ခဏအတွင်းမှာပင် မြောက်ပင်လယ် တစ်ခွင်လုံးကို ခွန်မျိုးနွယ်မှ ရှန်ထျန်းကို ဖိတ်ကြားသည့်သတင်းဖြင့် ဖုံးလွှမ်းသွားသည်။

“ ဒါက ထောင်ချောက်ပဲ … သေချာပေါက် ထောင်ချောက်ပဲ”

“ မဟာလေဟာနယ် ခွန်မျိုးနွယ်ရဲ့ သခင်လေးက ယုဖန်ရှန်းကို ကြိုက်နေတာ မြောက်ပင်လယ်မှာ ရှိတဲ့သူတွေ အကုန်လုံး သိတယ်မဟုတ်လား။ ဒါပေမဲ့ ယုဖန်ရှန်းနဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်တို့ရဲ့ ဆက်ဆံရေးက မပြတ်သားဘူး။ မဟာလေဟာနယ် ခွန်မျိုးနွယ်တွေက ရုတ်တရက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို ဘာလို့ ဖိတ်ကြားရတာလဲ။ ဟား…ဟား…ဟား… သူတို့ကို ကြည့်ရတာ သူနဲ့ ညှိနှိုင်းတော့မယ် ထင်တယ်”

“ မဟာလေဟာနယ် ခွန်မျိုးနွယ်က ဒီလောက်ထိ မောက်မာတာလား။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က စွမ်းအားကြီးနဂါးတစ်ကောင်ရဲ့ လူသားတွဲဖက်လေ။ နဂါးနက်ကျွန်းမှာ အဲဒီကောင်လေးရဲ့ ရာထူးက တကယ်ကို ထူးခြားအံ့ဖွယ်ပဲ”

“ မဟာလေဟာနယ် ခွန်မျိုးနွယ်သာ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို ဆန့်ကျင်ပြီး လှုပ်ရှားရဲမယ်ဆိုရင် နဂါးနက်ကျွန်းနဲ့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက သဘောတူမှာ မဟုတ်ဘူး”

“ အဲဒါက အရေးမကြီးသေးဘူး။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက်ထဲမှာ ခွန်ပန်တာအိုကို အပြည့်အဝ နားလည်နိုင်ခဲ့တယ်လို့ ကြားထားတယ်။ အဲဒါက မဟာလေဟာနယ် ခွန်မျိုးနွယ်ရဲ့ ပင်မအမွေအနှစ်လေ”

“ ခွန်ပန်တာအိုကြောင့်ဆိုရင်တော့ ခွန်မျိုးနွယ် ဘာပဲလုပ်လုပ် အဆန်းမဟုတ်ပါဘူး”

မြောက်ပင်လယ်တစ်ခုလုံး ရှန်ထျန်းနှင့် ခွန်မျိုးနွယ်ကြားက ကိစ္စကို စပ်စုနေကြသည်။ နဂါးမျိုးနွယ်ကလည်း သီးခြားနေပြီး လျစ်လျူရှုထားမည် မဟုတ်ပေ။

နဂါးဘုရင်နန်းတော်တွင် နဂါးနက်ဘုရင် အောင်းယဲ့က တင်ပျဉ်ခွေထိုင်ရင်း ကျင့်ကြံနေပြီး သူ့လက်ထဲတွင် နဂါးရင်းမြစ် သစ်သီးကို ကိုင်ထားသည်။ ထိုအရာကို ချီရှောက်ရွှမ်က ပေးခဲ့ခြင်းဖြစ်ပြီး အောင်းယဲ့ကလည်း ချီရှောက်ရွှမ်ကို အံ့ဖွယ်တပိုင်းအဆင့် အသုံးအဆောင် ပစ္စည်းတစ်ခု ပြန်ပေးခဲ့သည်။

ထိုအရာက အထူးသဖြင့် အောင်းယဲ့အတွက် အရမ်းတန်သော လဲလှယ်မှုတစ်ခု ဖြစ်သည်။ သူသာ ဤ နဂါးရင်းမြစ်သစ်သီးကို သေချာ စုပ်ယူနိုင်ပါက အောင်းယဲ့၏ မျိုးရိုးက အဆင့်၈ သို့မဟုတ် အဆင့်၉ အထိပင် ရောက်ရှိသွားနိုင်သည်။

ထို့အပြင် သူ့ခွန်အားက နောက်ထပ်တစ်ဆင့်ထိပင် ရောက်ရှိသွားနိုင်သည်။

ချီရှောက်ရွှမ်က တကယ်ကို စဉ်းစားတတ်တဲ့ ကလေးပဲ။ အောင်းဝူကို သူ့လက်အောက်မှာ ထားတာ မှန်ကန်သွားတယ်။ ဒါပေါ့ ငါ ကြိုတင်မှန်းဆနိုင်တာက ဒေါ်လေး အောင်းပင်းကိုတော့ မယှဉ်နိုင်ပါဘူး

ချီရှောက်ရွှမ်နှင့် အောင်းဝူက လွန်ခဲ့သော ရက်အနည်းငယ်တုန်းက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းမှ ပြန်လာခဲ့သည်။ သူတို့က ချက်ချင်း အောင်းယဲ့နှင့် တွေ့ဆုံကာ နဂါးရင်းမြစ်သစ်ပင်နှင့် ပတ်သက်သည့် အကြောင်းအရာ အားလုံးကို ပြန်ပြောပြခဲ့သည်။

ထိုအကြောင်းအရာကို ကြားပြီး အောင်းယဲ့ လုံးဝ အံ့ဩထိတ်လန့်သွားသည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က နဂါးရင်းမြစ်သစ်ပင်တွေ ဒါဇင်ကျော်ကို ခူးသွားပြီးတော့ အဆင့်အမြင့်ဆုံး နဂါးရင်းမြစ် သစ်သီးကိုတောင် ခူးတာတဲ့လား

အမလေး… နဂါးနတ်ဘုရား

ဒီသတင်းက ဘယ်လောက်ထိ ရူးသွပ်ဖို့ ကောင်းလိုက်လဲ

ငါတို့ရဲ့ နဂါးကျွန်းသာ အဲဒီသစ်သီးတွေကို တကယ် ရရှိခဲ့မယ်ဆိုရင် မျိုးရိုးက အဆင့် ၉ ထိရောက်အောင် သုံး၊လေးဆင့်လောက်ထိ မြင့်သွားတာကနေ မျိုးရိုးဒါဇင်ကျော် အဆင့်၉ထိ အလွယ်လေး ရောက်သွားမှာ

ထို့နောက် သူတို့ အချိန်အတိုင်းအတာ တစ်ခုလောက် ကျင့်ကြံလိုက်သည်နှင့် နဂါးနက်ကျွန်း၏ ထိပ်သီးကျင့်ကြံသူများ၏ ခွန်အားက အနည်းဆုံး အဆအနည်းငယ်တော့ မြင့်တက်သွားနိုင်သည်။

နဂါးနက်ကျွန်းက မူလကတည်းက မြောက်ပင်လယ်တွင် စွမ်းအားအကြီးဆုံး အင်အားစု ဖြစ်နေပြီဖြစ်သည့်အတွက် သူတို့၏ ခွန်အားသာ အဆအနည်းငယ် တိုးတက်သွားပါက တောင်ပိုင်းနယ်မြေ၏ ဇာမဏီများပင် ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ပေ။

“ ဟင်း… အံ့ဖွယ်မိုးကောင်းကင် သူတော်စင်။ ဒီတစ်ခေါက် ဘယ်ကိုများ သွားနေခဲ့တာလဲ။ မြန်မြန်ပြန်လာခဲ့ပါတော့။ ငါ မင်းကို အရမ်းလွမ်းနေပြီ”

အောင်းယဲ့က နဂါးရင်းမြစ် သစ်သီးကိုကိုင်ကာ အထဲရှိ စွမ်းအင်အရင်းအမြစ်ကို သေချာစုပ်ယူနေသည်။

ချီရှောက်ရွှမ်က ဤနဂါးရင်းမြစ်သစ်သီးကို ခူးယူခဲ့ခြင်းဖြစ်သည့်အတွက် အရည်အသွေးက အောင်းဝူ ခူးယူလာသည်ထက် ပိုပြီး သာလွန်နေသည်။ ထို့ကြောင့် အောင်းယဲ့က စွမ်းအင် အနည်းငယ်စီတိုင်းကို တိတိကျကျ အသုံးပြုနေရသည်။

တစ်ဖက်တွင် အောင်းဝူက အရည်အသွေးမြင့် နဂါးရင်းမြစ် သစ်သီးကို ချက်ချင်းစားကာ နဂါးနက်ကျွန်း၏ အဆင့်မြှင့် ဆေးလုံးကို သောက်သုံးကာ အိပ်စက်သွားသည်။

အမှားအယွင်းသာ မရှိလျှင် လဝက်လောက်သာ အိပ်ပြီးပါက အောင်းဝူက နှစ်ပေါင်းတစ်သောင်းအတွင်း နဂါးနက်ကျွန်း၏ ဒုတိယမြောက် အဆင့် ၉ နဂါးနက်တစ်ကောင် ဖြစ်လာနိုင်သည်။

မြှောက်ပင့်ကာ အခွင့်ကောင်းယူရတာ ကြိုက်ပြီး ပျင်းရိသော ပန်ဒါဝက်ဝံနှင့်တူသော နဂါးက ရှန်ထျန်းဆီမှ အခွင့်ကောင်းယူပြီးနောက် သူ့ဘဝ၏ ထိပ်ဆုံးအဆင့်သို့ တက်လှမ်းဖို့ ဦးတည်နေပြီဖြစ်သည်။

ထိုအရာက ရိုးရှင်းစွာ ကျိုးကြောင်းဆီလျော်ခြင်း မရှိပေ။

ထိုအရာက အောင်းယဲ့ကို ရှန်ထျန်းအကြောင်း ပိုပြီး တွေးမိအောင် လုပ်နေသည်။

“ နဂါးဘုရင်”

နဂါးဘုရင်နန်းတော်၏ အပြင်ဘက်မှ  နဂါးအစောင့်၏ အသံက ရုတ်တရက် ပဲ့တင်ထွက်လာသည်။

အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားပြီး ဧရာမစွမ်းပကားရှင် ကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါကို ထုတ်လွှတ်နေသည့် သူတစ်ယောက် ပေါ်ထွက်လာသည်။

သူက အောင်းယဲ့ကို မြင်သည့်အခါ အရိုအသေ ပေးလိုက်သည်။

“ နဂါးဘုရင်ထံ တင်ပြအပ်ပါတယ်။ အတိသုခမြို့တော်က သတင်းတချို့ပါ။ မဟာလေဟာနယ် ခွန်မျိုးနွယ်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို ဖိတ်ကြားလွှာ ပို့လိုက်ပါတယ်။ သူတို့က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို အသူရာချောက်နက်ဆီလာဖို့ ဖိတ်ကြားတယ်ဆိုတာကိုလည်း အားလုံးသိအောင် ကြေညာထားပါတယ်”

ခွန်မျိုးနွယ်တဲ့လား။ သူတို့က ဒီတစ်ခေါက်ရော ဘာတွေ ကြံစည်နေပြန်တာလဲ

အောင်းယဲ့ မျက်မှောင်ကြုတ်ပြီး ခဏအကြာ စဉ်းစားပြီးနောက် နားလည်သွားသည်။

ရှန်ထျန်းနှင့် တခြားသူများက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက်ထဲတွင် ခွန်ပန်တာအိုကို နားလည်ခဲ့ကြောင်း အောင်းယဲ့လည်း သိရှိပြီးပြီဖြစ်သည်။

အောင်းဝူက ခွန်ပန်တာအို တစ်စိတ်တစ်ပိုင်းကိုသာ နားလည်ခဲ့သော်လည်း အကျိုးအမြတ်များစွာ ရရှိသွားခဲ့သည်။

သို့သော် ဘယ်လိုပဲဖြစ်ဖြစ် ခွန်ပန်တာအိုက ခွန်ပန်မျိုးနွယ်၏ ရှေးဟောင်းမူလ ပညာရပ်ဖြစ်ပြီး မဟာလေဟာနယ် ခွန်မျိုးနွယ်က ခွန်ပန်မျိုးနွယ်၏ တိုက်ရိုက်ဆင်းသက်လာသော မျိုးဆက် ဖြစ်သည်။

ယခု ခွန်ပန်တာအို အပြည့်အစုံ ထွက်ပေါ်လာပြီဖြစ်သည့်အတွက် ခွန်မျိုးနွယ် လက်မလျှော့နိုင်ခဲ့ပေ။

အောင်းယဲ့၏ အကြည့်များက ပိုမိုလေးနက်လာသည်။

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို အသူရာချောက်နက်ထဲ ဝင်ဖို့ တိုက်ရိုက်ဖိတ်ကြားတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ခွန်ရှုက နှစ်ပေါင်းတစ်ထောင်ကြာပြီးမှ ဘယ်သူမှ ပိုပြီး သန်မာတယ်ဆိုတာကို သိချင်လို့ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နဲ့ တိုက်ခိုက်ချင်တာတော့ မဟုတ်နိုင်ဘူးမလား”

မဟာလေဟာနယ် ခွန်မျိုးနွယ်က ရှန်ထျန်းကို သတ်မည်ဟု အောင်းယဲ့က မစိုးရိမ်ပေ။ ခွန်ရှုက ငယ်ရွယ်သေးသော်လည်း တုံးအသည့်သူ မဟုတ်ပေ။

ရှန်ထျန်းက ထူးခြားဆန်းပြားသော ရာထူးကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူသာ တစ်ခုခုဖြစ်သွားပါက ဖြစ်လာမည့် အကျိုးဆက်ကို ခွန်မျိုးနွယ်ပင် မသယ်ပိုးနိုင်ပေ။

သို့သော် ခွန်မျိုးနွယ်က ဂုဏ်မောက်သည်။

သူတို့က စိတ်လိုက်မာန်ပါနဲ့ ရှန်ထျန်းကို ချုပ်နှောင် ခြိမ်းခြောက်ရင် ဘယ်လိုလုပ်မလဲ။ ဒါဆိုရင် အောင်းယဲ့အနေနဲ့ ရှန်ထျန်းအကြောင်းကို အောင်းပင်းရှေ့မှာ ဘယ်လိုပြန်ပြောပြရပါ့မလဲ

“ ခွန်မျိုးနွယ် … ခွန်မျိုးနွယ်က အမြဲတမ်း ပြဿနာရှာတယ်”

အောင်းယဲ့က သက်ပြင်းချကာ ပေတစ်သိန်းရှည်လျားသော နဂါးနက်တစ်ကောင်အဖြစ် ပြောင်းလဲကာ အဝေးသို့ ပျံသန်းသွားသည်။

ဟုတ်တယ် … သူက မကောင်းသော အရာတွေ ဖြစ်မလာအောင် ရှောင်ကြဉ်ဖို့ အချင်းချင်းသတိပေးဖို့အတွက် ခွန်ဘုရင်ကို အရင်ကြိုပြီး သွားတွေ့လိုခြင်း ဖြစ်သည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်၏ ရာထူးနှင့် သူ့ဆီမှာ ရှိနေသော ရတနာပစ္စည်းများက နဂါးမျိုးနွယ်အတွက် အရမ်းကို အရေးကြီးလွန်းသည်။

နယ်မြေငါးခုတွင် အမြင့်ဆုံးရာထူးနှင့် အာဏာကို ပိုင်ဆိုင်ထားသော နဂါးနက်ဘုရင် တစ်ပါးအနေဖြင့်ပင် အောင်းယဲ့ ရွေးချယ်စရာမရှိဘဲ သူ့ “ဦးလေးငယ်” ၏ အရှုပ်ထုပ်ကို ရှင်းရမည် ဖြစ်သည်။

………………..

တစ်ချိန်တည်းမှာပဲ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ဂိုဏ်းချုပ်တောင်ပေါ်၌…

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို မိုးကြိုးအရှိန်အဝါဖြင့် လွှမ်းခြုံထားသည်။ သူ့ကို ကြည့်ရတာ ယခင်ကလိုမျိုး ဂုဏ်သရေရှိပြီး ခန့်ညားတည်ငြိမ်ပုံပေါ်သည်။

သူက အမည်မသိ သားရေဖြင့် လုပ်ထားသော ရှေးဟောင်းစာအုပ်ကို ကိုင်ထားပြီး စာအုပ်အဖုံးပေါ်တွင် ဆန်းကြယ်ရှေးကျသော စည်းချစကားလုံးများ ပါဝင်သည်။

“ကျွန်တော်က တကယ်ကို ကံကြမ္မာသားတော် မဟုတ်ရပါဘူး”

ထိုအရာက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ငယ်ရွယ်စဉ်က ကမ္ဘာဦး ခေါင်းတလားတစ်ခုမှ ရရှိခဲ့သော ရှေးဟောင်းစာအုပ် တစ်အုပ် ဖြစ်ကာ နတ်ဧကရာဇ်တစ်ပါး၏ မြှုပ်နှံပစ္စည်း ဖြစ်သည်။

ကမ္ဘာဦးအချိန်အခါတွင် ပြိုင်ဘက်ကင်း ပါရမီရှင်များ၏ ဒဏ္ဍာရီလာ ထူးခြားသော အပြုအမူများကို မှတ်တမ်းတင်ထားခဲ့သည်။

ထို ထူးခြားသော အပြုအမူများက မယုံကြည်နိုင်လောက်အောင် ဖြစ်နေမိသည်။

ကမ္ဘာဦးအချိန်ဆိုတာ ဘာကို ဆိုလိုတာလဲ

ရှေးခေတ်ဆိုတာက လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းအချိန်၊ ကမ္ဘာဦးခေတ်ဆိုတာ လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းအချိန်၊  ရှေးပဝေသဏီခေတ်က လွန်ခဲ့သော နှစ်ပေါင်း တစ်သန်းအချိန် ဖြစ်သည်။

ရှေးပဝေသဏီ ၏ သမိုင်းက ထပ်ပြီး အတည်ပြုလို့ မရနိုင်တော့သလို ကမ္ဘာဦးခေတ် မတိုင်မီက များပြားသော ဒဏ္ဍာရီများပင် ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

“ကျွန်တော်က တကယ်ပဲ ကံကြမ္မာသားတော် မဟုတ်ရပါဘူး” ဟူသော စာအုပ်ထဲတွင် ပါဝင်သော လူများ၏ သမိုင်းကြောင်းသည် ဂိုဏ်းချုပ်ကဲ့သို့ အရည်အချင်းရှိသော ပါရမီရှင်တစ်ယောက်ကိုပင် အံ့ဩထိတ်လန့်သွားစေသည်။

ထိုရှေးဟောင်းစာအုပ်ထဲတွင် ကမ္ဘာဦးခေတ် ကံကြမ္မာသားတော် ၁၀၈ ယောက်အကြောင်းကို မှတ်တမ်း တင်ထား၏။

သူတို့ မွေးဖွားလာစဉ်ကတည်းက ထူးခြားအံ့ဖွယ် သဘာဝဖြစ်စဉ်များ ဖြစ်ပေါ်လာကာ ကျင့်ကြံရေးလောကတစ်ခုလုံး သူတို့ကို အာရုံစိုက်မိသွားကြသည်။

သူငယ်အိမ်နှစ်ခုဖြင့် မွေးလာသောသူတချို့က ပုံရိပ်ယောင်များကို ဖြတ်ကာ မြင်နိုင်စွမ်းရှိပြီး တချို့က ဝိဇ္ဇာများဖြစ်ဖို့ အလားအလာ ရှိကြသည်။ တချို့က မွေးလာစဉ် ရှေးဟောင်း မဟာလေဟာနယ် ကြေးမုံ ပါရှိခဲ့ပြီး မဟာလေဟာနယ် ပညာရပ်ကို သိနေခဲ့သည်။ ထို့ကြောင့် သူတို့ကို မဟာလေဟာနယ်၏ သားတော်များဟု ခေါ်ဆိုကြသည်။ မိခင်အချို့က ကိုယ်ဝန်ရရှိလာပြီးနောက် မွေးဖွားလာသည့်နေ့တွင် အဆုံးမဲ့သော အံ့ဖွယ်မိုးကြိုးက ကောင်းကင်တစ်ခုလုံးသို့ ပြည့်နှက်သွားသည်။

တချို့သူ မွေးသောနေ့များတွင် နဂါး၊ ဇာမဏီနှင့် ချီလင်တို့၏ ပုံရိပ်သဏ္ဌာန်များ ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ နတ်ဆိုးများကလည်း နတ်ဆိုးဧကရာဇ်ကို ကြိုဆိုနေသကဲ့သို့ အရိုအသေ ပြုနေကြသည်။

ကံကြမ္မာသားတော် ကြီးပြင်းလာသည့် ဖြစ်စဉ်က သူတို့မွေးဖွားစဉ် ပေါ်ထွက်လာသော ထူးခြားအံ့ဖွယ် သဘာဝဖြစ်စဉ်နှင့် ထိုက်တန်သည်။ ထို့အပြင် သူတို့က “ ဂိုဏ်းတူ အကြီးအကဲများ” သို့မဟုတ် “ အရည်အချင်းရှိ စီနီယာများ”ကိုလည်း အလွယ်လေး ကျော်ဖြတ်နိုင်သည်။

သူတို့က ရတနာများရှာဖွေရန် ဆန်းကြယ်နယ်ပယ်အဆင့်သို့ ဦးတည်သွားလျှင်လည်း တခြားသူများ စိတ်ရောကိုယ်ပါ နှစ်ပြီး ရှာနေသော ရတနာများက သူတို့ရှေ့မှာမှ ပေါ်ထွက်လာတတ်သည်။

သူတို့က မပြည့်စုံသော၊ အန္တရာယ်ရှိသော၊ သို့မဟုတ် အသုံးမဝင်သော ကမ္ဘာဦးဆန်းကြယ် ပညာရပ်များကို ကျင့်ကြံလျှင်ပင် ချီဖောက်ပြန်ခြင်းကို မခံစားရသည့်အပြင် သူတို့ကိုယ်ပိုင် စံပြတာအိုအသစ်ကိုပင် ဖန်တီးနိုင်ကြသည်။

သူတို့ စွမ်းအားကြီးသော ရန်သူများ၏ လိုက်လံဖမ်းဆီးခြင်းကို ခံရပြီး တားမြစ်နယ်မြေများဆီသို့ ရောက်သွားလျှင်ပင် သူတို့က ကံအပြောင်းအလဲ အခွင့်အရေးအသစ်များကို ထပ်မံ ရှာတွေ့နိုင်သည်။ ထို့ကြောင့် သူတို့၏ ခွန်အားကို တိုးမြှင့်ပြီး ချက်ချင်း လက်စားချေနိုင်သည်။

ထို ကံကြမ္မာသားတော် ၁၀၈ ယောက်က “ ကျိုးကြောင်းဆီလျော်မှု မရှိခြင်း” ၏ အဓိပ္ပာယ်တူ စကားလုံး ဖြစ်သည်။

ဒီထက်ပိုပြီး မယုံကြည်နိုင်စရာ ကောင်းသည်က ထိုကံကြမ္မာသားတော် ၁၀၈ ယောက်လုံးက မျိုးဆက်တစ်ခုတည်းတွင် မွေးဖွားလာကြသည်။

ထိုမျိုးဆက်က လွန်ခဲ့သော နှစ်ပေါင်း ၄ သိန်း ၉ သောင်းက ဖြစ်ပြီး ရှေးပဝေသဏီခေတ်ပြီးနောက် အကြွယ်ဝဆုံးမျိုးဆက်ဟု ဆိုနိုင်သည်။ ထို ပြိုင်ဘက်ကင်း ပါရမီရှင် ၁၀၈ ယောက်က အတူတူ အလုပ်လုပ်ပြီး နယ်မြေငါးခုနှင့် လွင်ပြင်ရှစ်ခုကို အုပ်ချုပ်ခဲ့သည်။ တိုက်ပွဲထွက်ဖို့ပင် ဦးဆောင်ခဲ့ပြီး ပြိုင်ဘက်ကင်း အင်အားစုတစ်ခုကို ဖန်တီးခဲ့သည်။

ဟုတ်တယ်… အဲဒီအင်အားစုရဲ့ နာမည်က ကောင်းကင်တရားခုံရုံးပဲ

ကောင်းကင်တရားခုံရုံးတွင် လူသားများ၊ နတ်ဆိုးများ၊ လူသားတစ်ဝက် နတ်ဆိုးတစ်ဝက်များ ပါဝင်ကြပြီး သူတို့အားလုံးတွင် အံ့ဩထိတ်လန့်ဖို့ကောင်းသော အရည်အချင်းများ ပိုင်ဆိုင်ထားသည်။

ထိုပြိုင်ဘက်ကင်း ပါရမီရှင် ၁၀၈ ယောက်ထဲမှ တစ်ယောက်က “ကျွန်တော်က တကယ်ပဲ ကံကြမ္မာသားတော် မဟုတ်ရပါဘူး” ဆိုသော စာအုပ်ကို ရေးသားခဲ့သည်ဟု ကောလဟာလများ ရှိဖူးသည်။

ပါရမီရှင်က စာအုပ်ကို ဘာလို့ ဒီနာမည်ပေးခဲ့ရလဲဆိုရင်တော့ သူ့ ကံကြမ္မာက ထိတ်လန့်စရာ ကောင်းပေမဲ့ အကြောင်းအရင်းကတော့ အင်မတန် ရိုးရှင်းလှသည်။ အဘယ်ကြောင့်ဆိုသော် ထို ကံကြမ္မာသားတော် ၁၀၈ ယောက်၏ အသက်နှင့် ခွန်အားက တားမြစ်အခြေအနေတစ်ခုနှင့် ယှဉ်လိုက်သည့်အခါ အားအင်လျော့နည်းသွားသည့်အတွက် ဖြစ်သည်။

တားမြစ်အခြေအနေက ဤစာအုပ်၏ အဆုံးတွင် နှစ်ခါသာ ဖော်ပြထားသည်။ တိကျသော ဥပမာများ မရှိခြင်း သို့မဟုတ် ချန်မထားခဲ့ခြင်းဟု သတ်မှတ်နိုင်သည်။

အဘယ်ကြောင့်ဆိုသော် စာအုပ်၏ ဒုတိယတစ်ဝက်က စုတ်ဖြဲခံလိုက်ရသည့်အတွက် ဖြစ်သည်။

စာအုပ်မှတ်တမ်း၏ ဒုတိယတစ်ဝက်ရှိ အပြုအမူများက အနာဂတ်မျိုးဆက်ဆီ လက်ကမ်းခွင့် မပြုနိုင်လောင်အောင်အထိ အံ့ဩမှင်သက်ဖို့ ကောင်းခြင်း ဖြစ်လိမ့်မည်။

ထို တားမြစ်ဖြစ်တည်မှုကို နတ်ဘုရားဧကရာဇ်ဟု ခေါ်ဆိုကြောင်းကိုသာ ဂိုဏ်းချုပ်က သိထားသည်။ ဤစာအုပ်ရေးသားသူက သူ့အကြောင်းကို အထွတ်အထိပ် လေးစားမှုဖြင့် ရေးသားထားသည်။

နတ်ဘုရားဧကရာဇ်၏ အကြောင်းကို ရှေးဟောင်းစာအုပ်ထဲတွင် စာတစ်ကြောင်းဖြင့်သာ မှတ်တမ်းတင်ထားသည်။

နတ်ဧကရာဇ်တစ်ပါးနှင့် တွေ့တဲ့အခါ စံပြတွေအားလုံး ဦးညွတ်ရမယ်

ဘယ်လောက်တောင် ဩဇာကြီးမားလိုက်လဲ

“ ဟင်း…ငါ ကမ္ဘာဦးခေတ်မှာ မွေးဖွားလာပြီးတော့ အဲဒီတားမြစ်ဖြစ်တည်မှုနဲ့တွေ့အောင် ဘယ်လိုဆုတောင်းရမလဲ”

ဂိုဏ်းချုပ်၏ ပတ်လည်ရှိ မိုးကြိုးအရှိန်အဝါက သိမ်မွေ့စွာ လှုပ်ခတ်သွားသည်။ သူက ဤစာအုပ်ကို အကြိမ်ပေါင်းများစွာ ဖတ်ပြီးပြီဖြစ်သော်လည်း သူ ပြန်ဖတ်တိုင်း ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးများဆူပွက်လာသလို ခံစားရသည်။

ကံကြမ္မာသားတော် ၁၀၈ ယောက်၏ ဒဏ္ဍာရီနှင့်ပင် ယှဉ်ပြိုင်လို့ မရဖြစ်နေပြီဖြစ်သည်။

သူ့ကို တန်းပြီး အလျှော့ပေးရလောက်အောင်အထိ နတ်ဘုရားဧကရာဇ်က ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို စဉ်းစားကြည့်ဖို့တောင် ခက်ခဲတယ်

ထျန်းအာရဲ့ ကံကြမ္မာက ဘယ်လိုလုပ်ပြီးတော့ အဲဒီ စံပြ ၁၀၈ ယောက်ကို ယှဉ်လို့ရတာလဲဆိုတာ သိချင်မိတယ်။ ဘယ်သူ့ရဲ့ ကံကြမ္မာက ပိုပြီးတော့ မြင့်တာလဲ

ဂိုဏ်းချုပ်က ရှေးဟောင်းစာအုပ်ကို လှန်လှောနေရင်း ရုတ်တရက် အကြံတစ်ခု ရသွားသည်။

“ ဒါပေမဲ့ အဲဒီရှေးဟောင်းစာအုပ်အရ နယ်မြေငါးခုက လွန်ခဲ့တဲ့နှစ်ပေါင်း ၄ သိန်း ၉ သောင်းတုန်းက အရမ်းဆိုးရွားတဲ့ ကပ်ဘေးတစ်ခုကို ခံစားခဲ့ရပုံပဲ။ ထိုနတ်ဘုရားဧကရာဇ်အရှင်နှင့် စံပြ ၁၀၈ယောက်တို့လည်း အဲဒီ စစ်ဆေးမှုကို ရင်ဆိုင်ခဲ့ရသူတွေပဲ။

လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းတုန်းက မိစ္ဆာဝိညာဉ်တွေ ကျူးကျော်လာတုန်းကလည်း လူသားမျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ်မှာ မရေတွက်နိုင်တဲ့ အရည်အချင်းရှိ ပါရမီရှင်တွေ မွေးဖွားလာခဲ့တာ။ ဟွမ်ရှစ်တောင်ပဲ ကျူးကျော်ခြင်းကို တားမြစ်ဖို့အတွက် ပေါ်လာသေးတယ်”

ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါ လှုပ်ခတ်သွားသည်။

“ အခု အထွတ်အမြတ်မြေ အသီးသီးမှာ အရည်အချင်းရှိ ပါရမီရှင်တွေ ထပ်မံထွက်ပေါ်လာပြီဆိုတော့ … အဲဒီအရှုပ်အထုပ်ရော ထပ်ဖြစ်လာနိုင်လောက်လား”

ဂိုဏ်းချုပ်အတွေးထဲ နစ်မြောနေစဉ် သူ့ ဂိုဏ်းချုပ် အမှတ်အသားပြားက ရုတ်တရက် တုန်ခါလာသည်။

“ အာ…အဲဒါက ခွန်ရှုမလား။ သူက ဘာလို့ ငါ့ကို ရှာနေရတာလဲ”

All Chapters