သုံးရောင်ခြယ်ရေစင် … ထာဝရအံ့ဖွယ်ရေစင်
Vol. 23 Ch. 334
အခန်း (၃၃၄) : သုံးရောင်ခြယ်ရေစင် … ထာဝရအံ့ဖွယ်ရေစင်
ရှန်ထျန်းက လက်ဟန်တချို့ ပြုလုပ်ကာ သူတော်စင် အမှတ်အသားပြားကို အသက်သွင်းလိုက်သည်။
ထို့နောက် မိုးကြိုးအရှိန်အဝါများ လွှမ်းခြုံနေသည့် လူတစ်ယောက် ထွက်ပေါ်လာသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ အသံထွက်လာသည့်အတွက် မိုးကြိုးအရှိန်အဝါများလည်း တုန်ခါသွားသည်
“ ထျန်းအာ … စစ်ဆေးမှုက ဘယ်လိုလဲ။ ဒဏ်ရာရသွားသေးလား”
ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်
“ ဆရာရဲ့ စိတ်ပူမှုအတွက် ကျေးဇူးတင်ပါတယ်။ အရမ်းကို အဆင်ပြေပြေနဲ့ ပြီးသွားခဲ့ပါတယ်”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ကောင်းတာပေါ့။ ယွင်ရှီး၊ ကျန်တဲ့သူတွေနဲ့ ငါလည်း မြောက်ပင်လယ်ကို မကြာခင် ရောက်မယ်။ အဲဒီအထိ ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီးနေပါ”
ဆရာနဲ့ တခြားသူတွေက မြောက်ပင်လယ်ကို လာကြမှာတဲ့လား
ရှန်ထျန်းက အံ့ဩထိတ်လန့်စွာဖြင့် ပြောလိုက်သည်
“ ဆရာ ကျွန်တော်ကို လာကြိုစရာ မလိုပါဘူး”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်လည်း အံ့အားသင့်သွားသည်။ သူ့ မိုးကြိုးအရှိန်အဝါက ခဏလောက် ရပ်တန့်သွားပြီးမှ ပြန်လည် တုန်ခါလာသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ပြောလိုက်သည်
“ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းမှာ ရရှိလာခဲ့တဲ့ အကျိုးအမြတ်တွေ အများကြီးပဲလို့ ကြားထားတယ်။ မြောက်ပင်လယ်က နတ်ဆိုးမျိုးနွယ်ရဲ့ ပိုင်နက် ဖြစ်နေတုန်းပဲလေ။
နဂါးမျိုးနွယ်က မြောက်ပင်လယ်ကို အုပ်ချုပ်နေပေမဲ့လည်း ငါ စိတ်ပူနေတုန်းပဲ။ မင်းကို ကိုယ်တိုင်လာကြိုတာ ပိုပြီးတော့ ကောင်းမယ်ထင်တယ်”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ အသံက ခံစားချက် မဲ့လှသော်လည်း ရှန်ထျန်း၏ ရင်ထဲကို နွေးထွေးသွားစေသည်။
အထွတ်အမြတ်တစ်ခု၏ ကြီးမြတ်သော ဂိုဏ်းချုပ်က ငါ့ကို လာကြိုဖို့အတွက် မြောက်ပင်လယ်ထိ တကူးတက လာမှာတဲ့။ သူက ငါ့ကို အဲလောက်ထိ အဆင့်မြင့်မြင့် သတ်မှတ်ထားတာပဲ
သူက အစ်မကြီးယွင်ရှီးနဲ့ ကျန်တဲ့သူတွေကိုလည်း အတူတူခေါ်လာမှာ။ ဟား…ဟား…ဟား…ငါက ဘယ်လိုလုပ်ပြီးတော့ အားလုံးကို ဒုက္ခပေးနိုင်မှာလဲ
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက တကယ်ကို လိုက်လျောညီထွေတဲ့ မိသားစုကြီးပဲ၊ ဂိုဏ်းသားအချင်းချင်းလည်း လေးစားမှုရှိကြတယ်
ရှန်ထျန်းက ပြုံးပြလိုက်သည်
“ ကျေးဇူးတင်ပါတယ် ဆရာ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ မင်းက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက်ထဲမှာ ခွန်ပန်တာအိုကို နားလည်ခဲ့တယ်ဆို ဟုတ်လား”
ဝိုး… ဆရာက ငါ ခွန်ပန်တာအိုကို နားလည်သွားတယ်ဆိုတာကို ဘယ်လိုလုပ်ပြီးတော့ သိတာပါလိမ့်
ရှန်ထျန်းက ရိုးသားစွာ ခေါင်းညိတ်ပြပြီး ပြောလိုက်သည်
“ ဟုတ်ပါတယ်”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က တည်ငြိမ်စွာ ပြောလိုက်သည်
“ ဒါက ဒီလိုရှိတယ်။ မဟာလေဟာနယ် ခွန်မျိုးနွယ်ဘုရင်က ငါ့ကို ဒီနေ့ ဆက်သွယ်လာတယ်။
သူက ပြောတယ်။ သူ့ရဲ့ တစ်ဦးတည်းသောသား ခွန်မင်က ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက်ထဲမှာ ခွန်ပန်ကျောက်စိမ်းတောင်စွန်းကို ရှာတွေ့ခဲ့ပြီးတော့ ခွန်ပန်တာအိုကို နားလည်ဖို့ မျှော်လင့်နေခဲ့တယ်။
ဒါပေမဲ့ သူက ကျရှုံးရုံတင် မကသေးဘူး ပန်အဖြစ် အသွင်ပြောင်းလဲဖို့အတွက် အတင်းကြိုးစားရင်းကနေ လမ်းကြောင်းသွေဖယ်ပြီးတော့ လမ်းမှား ရောက်သွားတယ်တဲ့။ သူက အခု အရမ်းလေးနက်တဲ့ အနေအထားမျိုး ဖြစ်နေတယ်။
မင်းက ခွန်ပန်တာအို အပြည့်အစုံကို နားလည်ထားတာကို သိတော့ မင်း သူတို့ကို ကူညီပေးနိုင်ဖို့ မျှော်လင့်နေတယ်”
ခွန်မင်က ခွန်ပန်တာအိုကို နားလည်အောင် လုပ်တဲ့နေရာမှာ ကျရှုံးသွားလို့ လမ်းမှားကို ရောက်သွားတယ်တဲ့လား
ရှန်ထျန်း၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားသည်။
ကောင်းပြီလေ
အမှန်တော့ ရှန်ထျန်းက ထိုကဲ့သို့ ဖြစ်လာမည်ကို ခန့်မှန်းထားပြီးသား ဖြစ်သည်။ ဖန်ချန်းနှင့် ချီရှောက်ရွှမ်သည်လည်း ထိုကဲ့သို့သော ကံကြမ္မာများကို ရင်ဆိုင်ကြုံတွေ့ပြီးပြီ မဟုတ်ပါလော။
သူ ဘာလို့ ဒါကို လုပ်ဖို့လိုလဲ ဟုတ်လား
ငါက စစ်ဆေးမှုမှာ မင်းရဲ့ တွဲဖက် ဖြစ်လာချင်ခဲ့ပေမဲ့ မင်းက ငြင်းဆန်ခဲ့တယ်လေ။ ငါ့ကို စော်ကားပြီးတောင် ပြောဆိုခဲ့သေးတယ်
အခုတော့ ဒီလိုမျိုး ဖြစ်လာခဲ့ပြီ။ ဘယ်သူကမှ ဒီလိုမျိုး အဆုံးသတ်သွားဖို့ မမျှော်လင့်ဘူး
ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်
“ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဆရာရော ဘယ်လိုထင်လဲ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ပြောလိုက်သည်
“ မဟာလေဟာနယ် ခွန်မျိုးနွယ်က မြောက်ပင်လယ်မှာ ဒုတိယအင်အားအကြီးဆုံး မျိုးနွယ်ပဲ။ ငါတို့မှာ သူတို့နဲ့ ပြဿနာ တက်စရာအကြောင်းလည်း မရှိဘူး။
အခုလက်ရှိခေါင်းဆောင် ခွန်ရှုက ငါ့ရဲ့ မိတ်ဆွေကောင်း တစ်ယောက်ပဲ။ နယ်ပယ်အများကြီးမှာ ငါတို့နဲ့ အပြန်အလှန် အကျိုးရှိတဲ့ ဆက်ဆံရေးမျိုးကို ထိန်းသိမ်းထားတယ်။
အဲဒါကြောင့် လုံးဝ မလိုအပ်ပဲနဲ့ ခွန်ပန်တာအိုကြောင့် မဟာလေဟာနယ် ခွန်မျိုးနွယ်နဲ့ အချင်း မများချင်ဘူး။
ခွန်မျိုးနွယ်က စွမ်းအားကြီးပြီးတော့ ချမ်းလည်း ချမ်းသာတယ်။ ငါတို့ သူတို့ကို ချောင်ပိတ်အောင် လုပ်လိုက်ရင် သူတို့က မင်းကို ထိခိုက်အောင် လုပ်လာနိုင်တယ်”
ရှန်ထျန်းက ယခု နားလည်သွားပြီ ဖြစ်သည့်အတွက် ပြောလိုက်သည်
“ ဒါဆိုရင် ဆရာက ခွန်ပန်တာအိုကို မဟာလေဟာနယ် ခွန်မျိုးနွယ်ဆီကို ပြန်ယူသွားပေးစေချင်တာလား”
ရှန်ထျန်းက တွေဝေမှုကို အနည်းငယ် ခံစားလိုက်ရသော်လည်း စိတ်ထဲမထားပေ။ အဘယ်ကြောင့်ဆိုသော် ခွန်ပန်တာအိုက အစကတည်းက ခွန်မင်၏ ကံအပြောင်းအလဲ အခွင့်အရေးဖြစ်သည့်အတွက် ရသင့်သော ပိုင်ရှင်ကို ပြန်ပေးခြင်းပင် ဖြစ်သည်။
ခွန်မင်သာ သူ့ကို ဆက်လက်ပြီး စော်ကားနေတာမျိုး မလုပ်ခဲ့ပါက ရှန်ထျန်းက သူ့ကို ခွန်ပန်ကျောက်စိမ်းတောင်စွန်းသို့ အတူခေါ်သွားကာ ခွန်ပန်တာအိုကို နားလည်အောင် လုပ်ပေးဖို့ ဆန္ဒရှိခဲ့သည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က သူ့ကို ကိုယ်တိုင် တောင်းဆိုလာသည့်အတွက် ရှန်ထျန်းက လိုက်လျောဖို့ လိုလားလေသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ခေါင်းယမ်းပြကာ ပြောလို်ကသည်
“ ငါတို့ ဘာလို့ ပြန်ပေးရမှာလဲ”
ရှန်ထျန်း နားမလည်နိုင်ဖြစ်သွားသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ အရှိန်အဝါက လှုပ်ခတ်သွားသည်
“ ငါက ခွန်ပန်တာအိုကြောင့် မဟာလေဟာနယ် ခွန်မျိုးနွယ်နဲ့ အချင်းမများချင်ပေမဲ့ ငါ သူတို့ကို မကြောက်ပါဘူး။ မင်းက ခွန်ပန်တာအိုကို ရှာတွေ့မှတော့ မင်းရသင့်တဲ့ ကံအပြောင်းအလဲ အခွင့်အရေးဖြစ်ပြီးတော့ အဲဒါက မင်းအပိုင်ပဲလေ။
မဟာလေဟာနယ် ခွန်မျိုးနွယ်က အဲဒါကို လိုချင်တာလား။ ရတယ်လေ ဒါပေမဲ့ အလကားတော့ မဟုတ်ဘူး။ အပြန်အလှန်အနေနဲ့ ကောင်းတာတစ်ခုခုကို ပေးဖို့ လိုအပ်တယ်။”
ရှန်ထျန်း ဘာပြန်ပြောရမယ်မှန်းမသိ ဖြစ်သွားသည်။
ဒါဆိုရင် ဆရာက ဒီခွန်ပန်တာအိုကို တခြားအရာတွေနဲ့ လဲလှယ်ဖို့ အသုံးပြုချင်တာလား
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က တည်ငြိမ်စွာ ဆက်ပြောလိုက်သည်
“ ငါ ခွန်ရှုနဲ့ ညှိနှိုင်းပြီးသွားပြီ။ ခွန်မျိုးနွယ်က ခွန်ပန်တာအို အပြည့်အစုံနဲ့ လဲလှယ်ဖို့အတွက် မင်းကို ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်းသုံးခုနဲ့ ထူးခြားအံ့ဖွယ် ပစ္စည်းတစ်ခု ပေးမယ်တဲ့။
တစ်ချိန်တည်းမှာပဲ ငါတို့က မင်းနဲ့ တခြားအံ့ဖွယ်မိုးကောင်းကင် တပည့်တွေ ဒီအမွေအနှစ်ကို အသုံးပြုခွင့်ကိုလည်း ရယူထားတယ်။ ထျန်းအာ မင်းရော ဘယ်လိုထင်လဲ။
ဒီသဘောတူညီချက်ကို မကျေနပ်ဘူးဆိုရင် ခွန်ရှုနဲ့ နောက်ထပ် ဆွေးနွေးပြီးတော့ ဝိဇ္ဇာအဆင့် အသုံးအဆောင် ပစ္စည်းတွေ ထပ်ပြီးတော့ တောင်းလို့ရတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ခွန်မျိုးနွယ် ဒေါသထွက်သွားမယ်ဆိုရင်တောင် သူတို့ကို မကြောက်ပါဘူး”
ထိုစကားကိုပြောရင်း အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ အရှိန်အဝါများ ပိုမိုပြင်းထန်လာကာ မိုးကြိုးအရှိန်အဝါများလည်း ပြင်းထန်စွာ တုန်ခါလာသည်။
ယခု ကောင်းကင်အသျှင် အများစုကို အနိုင်ယူနိုင်နေပြီဖြစ်သော ရှန်ထျန်းပင် ထိုအရာမှ ဖိအားကို ခံစားနေရသည်။
ထိုဖိအားက သူ ဝိညာဉ်မြူခိုးတောင်ကြားတွင် ရင်ဆိုင်ခဲ့ရသည့် ကောင်းကင် အတိဒုက္ခစမ်းသပ်ချက်နှင့် ဆင်တူသည်။
ဂိုဏ်းချုပ်၏ ကျင့်ကြံဆင့်က အခုမှ ဝိဇ္ဇာဖြစ်လာသောသူနှင့် မတူဘဲ အများကြီး သာလွန်နေသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ အရမ်းလေးနက်နေပုံကိုကြည့်ပြီး ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်
“ ကျွန်တော်ကလည်း ခွန်မျိုးနွယ်နဲ့ ဘာရန်ငြိုးမှ မရှိပါဘူး။ နည်းနည်းလောက် နားလည်မှု လွဲရုံလေးတင်ပါ။
ခွန်မျိုးနွယ်က ခွန်ပန်တာအိုနဲ့ လဲလှယ်ဖို့အတွက် ကျွန်တော်ကို ဝိဇ္ဇာအဆင့် အသုံးအဆောင် ပစ္စည်းသုံးခုနဲ့ ထူးခြားအံ့ဖွယ် ပစ္စည်းတစ်ခု ပေးမယ်ဆိုရုံနဲ့တင် လုံလောက်နေပါပြီ။
အဟမ်း…ဒါပေမဲ့ သူတို့က ကျွန်တော် ဘာထူးခြားအံ့ဖွယ် ပစ္စည်းကို ပေးမှာလဲဆိုတာလေး သိလို့ရမလား”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ အရှိန်အဝါက ထပ်မံ တုန်ခါလာကာ ပြောလိုက်သည်
“ အစစ်အမှန်ရေ စာရင်းမှာ အဆင့် ၆ ချိတ်တဲ့ သုံးရောင်ခြယ်ရေစင်ပဲ။ အဲဒါကို ထာဝရအံ့ဖွယ်ရေစင်လို့လည်းခေါ်တယ်”
ဒါကို မင်းအတွက် အထူးတောင်းဆိုပေးထားတာ။ မင်းအတွက် အဲဒီပစ္စည်းရဲ့ တန်ဖိုးက ဝိဇ္ဇာအဆင့် ပစ္စည်း ၁၀ ခုထက် ပိုပြီးတော့ ထိုက်တန်တယ်။
ချမ်းသာတဲ့ ခွန်မျိုးနွယ်အတွက်တော့ အရမ်းအဖိုးတန်တဲ့ ရတနာတစ်ပါးအဖြစ် သတ်မှတ်ခံထားရတာ။
ငါ အဲဒါကို တောင်းဆိုလိုက်တဲ့အချိန် ခွန်ရှုရဲ့ နှလုံးသား သွေးထွက်နေတော့မှာ သေချာတယ်”
သုံးရောင်ခြယ်ရေစင် … ထာဝရအံ့ဖွယ်ရေစင်တဲ့လား
ရှန်ထျန်း၏ နှလုံးသားထဲတွင်လည်း ပျော်ရွှင်လာမိသည်။
အဲဒီ အစစ်အမှန်ရေက နယ်မြေငါးခုထဲမှာ ကျော်ကြားပြီးတော့ ဆန်းကြယ်တဲ့ အံ့ဖွယ်ကုသရေးပစ္စည်းပဲ
တစ်စုံတစ်ယောက် ဒဏ်ရာအပြင်းအထန်ရပြီး သေလုမြောပါးဖြစ်နေရင်တောင် သုံးရောင်ခြယ်ရေစင် ခွက်တစ်ဝက်စာလောက် တိုက်လိုက်ရင် လုံးဝ ပြန်ကောင်းသွားတယ်
သူ့ရဲ့ ကုစားရေး စွမ်းရည်က သာမန်နိဗာနတော်ဝင် ရေစင်ထက်တောင် ပိုပြီးတော့ စွမ်းအားကြီးသေးတယ်
ခန္ဓာကိုယ်ထဲသို့ သေချာသန့်စင်လိုက်ပါက ထာဝရရှင်သန်သူပင် ဖြစ်လာနိုင်သည်။
တိုက်ပွဲမှာ ရရှိလာသော မည်သည့်ဒဏ်ရာပေါ်ကိုမဆို သုံးရောင်ခြယ် ရေစင်အချို့ဖြင့် လိမ်းထားလိုက်ပါက မိနစ်အနည်းငယ်အတွင်း ဒဏ်ရာကျက်သွားနိုင်သည်။ ထို့နောက် ဆက်လက်ပြီး တိုက်ခိုက်လို့ ရနိုင်သည်။
ထိုကဲ့သို့သော စွမ်းရည်များကြောင့် ခရီးဆောင် နတ်ဘုရားနို့ရည်ဟုပင် ခေါ်သေးသည်။
ရှန်ထျန်းမှာက ဒဏ်ရာတွေကို သေချာကုစားပေးနိုင်တဲ့ နိဗာနတော်ဝင်ရေစင် ရှိနေပြီးပြီဆိုပေမဲ့လည်း ဘယ်သူက နောက်ထပ်ရလာမဲ့ ရတနာတွေကို ငြင်းဆန်လို့လဲ
စူပါမော်ဒယ်တစ်ယောက်ကို တစ်ဖက်မှာ ဖက်ထားရင် နောက်တစ်ဖက်မှာရော နောက်တစ်ယောက် ထပ်ရောက်လာလည်း ပြဿနာမရှိဘူးလေ ဟုတ်တယ်မလား
ထို့အပြင် ရှန်ထျန်း၏ လက်ထဲတွင် နိဗာနတော်ဝင်ရေစင် အများအပြား ရှိနေသေးသော်လည်း ဘာမှမကျန်ရှိတော့သော အချိန်သို့ ရောက်လာပေဦးမည်။
သုံးရောင်ခြယ်ရေစင်ကို ရရှိပြီးနောက် ခန္ဓာကိုယ်ထဲတွင် သန့်စင်ကာ ဆက်တိုက် ကိုယ့်ကိုယ်ကို အားအင်ဖြည့်တင်းနေပါက ထာဝရခန္ဓာတစ်ခုကို ပိုင်ဆိုင်လာနိုင်သည်။
ထိုအရာက ရှန်ထျန်း၏ သက်တမ်းကို အဆမတန် မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
ခွန်မျိုးနွယ်က အဲလိုမျိုး အဖိုးတန် ထူးခြားအံ့ဖွယ်ပစ္စည်းကို ဘယ်လိုလုပ်ပြီးတော့ လက်လွှတ်ပေးချင်ပါ့မလဲ
အကြောင်းအရင်းက ရိုးရှင်းပါတယ်။ ဒီကုစားရတနာက အရမ်းတန်ဖိုးရှိတယ် ဒါပေမဲ့ တခြားပစ္စည်းတွေလည်း တူညီတဲ့ အကျိုးသက်ရောက်မှုတွေရှိတယ်။
သေခါနီးအခြေအနေဖြစ်နေရင် နောက်ဆုတ်ပြီးတော့ ပေါပေါရတဲ့ ဆေးတွေကို သောက်ပြီးတော့ ဒဏ်ရာတွေကို ကုသလို့ရပါတယ်
သို့သော် ခွန်ပန်တာအိုက ခွန်မျိုးနွယ်အတွက် အရေးပါသည်။ သူတို့သာ ခွန်ပန်တာအိုကို ရရှိသွားပါက မဟာလေဟာနယ် ခွန်မျိုးနွယ်၏ စွမ်းအားက အဆပေါင်းများစွာ တိုးပွားသွားနိုင်သည်။
ခွန်ရှုက သုံးရောင်ခြယ် ရေစင်ကို မစွန့်လွှတ်နိုင်ပေမဲ့ အဲဒါက ခွန်ပန်တာအိုလောက် အရေးမကြီးပြန်ဘူး
“ သဘောတူညီချက်ကို ကြိုက်တယ်ဆိုရင်တော့ အတိသုခမြို့တော်ဆီ သွားလိုက်ပါ။
ခွန်မျိုးနွယ်က လူတွေက အဲဒီမှာ စောင့်နေတယ်။ အဲဒီကနေမှ မင်းကို အသူရာချောက်နက်ဆီ ဧည့်သည်တစ်ယောက်အဖြစ် ခေါ်သွားလိမ့်မယ်။
နည်းလမ်းတကျပြောရရင် မဟာလေဟာနယ် ခွန်မျိုးနွယ်က လူအားလုံးသိအောင် ကြေညာထားလို့ နဂါးမျိုးနွယ်နဲ့ ငါတို့ အထွတ်အမြတ်မြေကို မစော်ကားချင်ပဲ မင်းကို ထိခိုက်အောင် လုပ်လို့မရဘူး။
ဒါပေမဲ့ မင်း မလုံခြုံဘူးလို့ ခံစားနေရရင် ရက်အနည်းငယ်လောက် ထပ်ပြီးတော့ စောင့်နိုင်ပါတယ်။ ဒါဆိုရင် ငါ မြောက်ပင်လယ်ကို ရောက်တာနဲ့ မင်းကို ခေါ်သွားပေးမယ်”
ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ စိုးရိမ်ပေးမှုကြောင့် ပြုံးကာ ပြောလိုက်သည်
“ ရပါတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်ပါပြီ”
အဖိုးတန်ရတနာ ဟုတ်တယ်မလား
ကျွန်တော်ဆီမှာ အနည်းငယ် ရှိတယ်
မိုးကြိုးအရှိန်အဝါကြားထဲမှ လေးလေးနက်နက်အကြည့်က ရှန်ထျန်းအပေါ်သို့ ကျရောက်နေသည်။
အချိန်ကြာပြီးနောက် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က တည်ငြိမ်စွာ ပြောလိုက်သည်
“ ထျန်းအာ မင်းက အရမ်းအားကိုးရပြီးတော့ တည်ကြည်တဲ့သူတစ်ယောက်ပဲ။ မင်း အလုပ်လုပ်တာနဲ့ ပတ်သက်ပြီးတော့ ငါ အရမ်းယုံကြည်ပါတယ်။
ဒါဆိုရင် မင်းအရင်သွားနှင့်လိုက်။ ငါတို့ မြောက်ပင်လယ်ကို ရောက်ပြီးရင် အဲဒီမှာ တွေ့မယ်နော်။
မင်းရဲ့ လုံခြုံရေးကို ဦးစားပေးဖို့ အမြဲသတိရနော်”
ထို့နောက် သူတော်စင် အမှတ်အသားပြား၏ အလင်းက ဖြည်းဖြည်းချင်း မှေးမှိန်သွားသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ပုံရိပ်လည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
ယဲ့ချန်းခန်၏ ပုံရိပ်က ခရမ်းရောင် အလင်းတန်းဖြင့် ပြန်လည်ထွက်ပေါ်လာသည်။
သူက ခပ်ဖွဖွ ရယ်ကာ ပြောလိုက်သည်
“ ဒီကောင်လေးက တကယ်ကို ကြောက်စရာကောင်းတာပဲ။ သူတို့ကို ခွန်ပန်တာအိုအတွက် သုံးရောင်ခြယ် ရေစင်အပြင် ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်း သုံးခုကိုပါ ပေးခိုင်းခဲ့တယ်။ ဒါက ခွန်မျိုးနွယ်ရဲ့ ရတနာသိုက်ကို ရှင်းထုတ်လိုက်သလိုမျိုး ကောင်းတာပဲ”
ရှန်ထျန်းက ရှက်သည့်ပုံစံဖြင့် ပြောလိုက်သည်
“ လူအိုကြီးယဲ့ ဆရာ တောင်းဆိုထားတဲ့အရာတွေအရ ကျွန်တော် ထောင်ချောက်ထဲကို လမ်းလျှောက်ဝင်သွားတာမျိုး ဖြစ်နေလောက်လား”
ယဲ့ချန်းခန်က လှောင်ပြုံး ပြုံးပြကာ ပြောလိုက်သည်
“ မဖြစ်နိုင်ဘူး။ ကျန်းလုံယွမ်က အရမ်းအသိဉာဏ်ရှိရှိ လုပ်တတ်တဲ့သူတစ်ယောက် ဖြစ်ပြီးတော့ မင်းကို အဖိုးတန် ကလေးလေးတစ်ယောက်လိုမျိုး ဆက်ဆံတာ။ သူသာ ယုံကြည်မှုမရှိဘူးဆိုရင် မင်းကို ခွန်မျိုးနွယ်ဆီ အလည်သွားခိုင်းပါ့မလား။ မစိုးရိမ်ပါနဲ့။
ပြီးတော့ မင်းကလည်း ခွန်မျိုးနွယ်ဆီ မင်းကိုယ်တိုင် သွားလည်တော့မလိုကို ပြောနေတော့တာပဲ”
ရှန်ထျန်း ခဏတာ နားမလည်နိုင် ဖြစ်သွားသည်။
သံသယများနေသည့်အတွက် သူလည်း ရွေးချယ်စရာမရှိဘဲ ခွန်မျိုးနွယ်ဆီသို့ သွားလည်ရမည်ဖြစ်သည်။ ခွန်မင် လမ်းကြောင်း သွေဖယ်သွားခြင်း၏ တစ်စိတ်တစ်ပိုင်းက ရှန်ထျန်းနှင့် သက်ဆိုင်နေသည်။
ရှန်ထျန်းကို မနာလိုဖြစ်ပြီး စော်ကားတာက ခွန်မင်က အရင်ဖြစ်သော်လည်း သဘောထားကြီးသော လူသား သူတော်စင် တစ်ယောက်အနေဖြင့် နတ်ဆိုးမျိုးနွယ်အပေါ် သဘောထားကြီးစွာဖြင့် ဆက်ဆံသင့်ကြောင်း ရှန်ထျန်း ခံစားမိသည်။
ဟုတ်တယ် ဒါက သုံးရောင်ခြယ် ရေစင်နဲ့ ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်းသုံးခုကြောင့် လုံးဝ မဟုတ်ဘူးနော်။ ဒါက စာနာမှုသက်သက်နဲ့ လုပ်တာ
ရှန်ထျန်းက အသက်ပြင်းပြင်းရှူသွင်းကာ ညာဖက်လက်ကို ထုတ်လိုက်သည်။
ရှန်ထျန်း၏ လက်ချောင်းမှ ရွှေနီရောင် သွေးတစ်စက် ကျဆင်းလာကာ လက်ဖဝါးအရွယ်အစားရှိသော သွေးအိုင် ဖြစ်သွားသည်။ ထို့နောက် အလျင်အမြန် ပြောင်းလဲတိုးတက်လာသည်။
အချိန်ခဏအတွင်းမှာပင် အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ချောမောသည့်သူတစ်ယောက် ပေါ်လာသည်။ သူ့အရှိန်အဝါက ရှန်ထျန်းထက် အနည်းငယ် အားနည်းနေသည်ကိုသာ ဖယ်ထားလိုက်ပါက သူတို့က အတော်လေး တူသည်။
“ မင်းရဲ့ သွေးကိုယ်ပွားပညာရပ်က အရမ်းတိုးတက်လာပြီနော်။ မင်းက အရမ်းလည်း ချောလာတယ်”
သူ့ကိုယ်ပွားကို သေချာကြည့်ပြီးနောက် ရှန်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။
“ ခွန်မင်က ချောမောတဲ့သူတွေကို မုန်းတယ်ထင်တယ်။ ကျွန်တော် ခွန်မျိုးနွယ်ဆီသွားလည်ရင် သူ ဘယ်လိုပြုမူမလဲဆိုတာ သိချင်နေပြီ”
ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က လူသူကင်းမဲ့သော ကျွန်းကြီးမှ ထွက်လာသည်။ တောင်ပံကို ဆန့်ထုတ်ရင်း ပင်လယ်ပြင်ကြီးဆီ လှမ်းကြည့်လိုက်သည်။
ဟင်း…
အံ့ဖွယ်တောင်ပံများကို ခတ်ကာ ရွှေရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး အတိသုခမြို့တော်သို့ ဦးတည်ပျံသန်းသွားသည်။
ထိုနေ့အတွက် သတင်းခေါင်းစဉ်က “ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အသူရာချောက်နက်ဆီ ဧည့်သည်အဖြစ် လာဖို့ ခွန်ရှု၏ ဖိတ်ကြားချက်ကို လက်ခံခြင်း” ဖြစ်သည်။
ထိုသတင်းကြောင့် မြောက်ပင်လယ်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။