မင်းသမီးဖန်ရှန်းရဲ့ ရွေးချယ်မှုက မှန်ကန်တယ်
Vol. 23 Ch. 335
အခန်း (၃၃၅) : မင်းသမီးဖန်ရှန်းရဲ့ ရွေးချယ်မှုက မှန်ကန်တယ်
မြောက်ပင်လယ်ရှိ အသူရာချောက်နက်တွင်…
ငါးကန်ကြီးဘေးတွင် အပြာရောင် ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး မတ်တပ်ရပ်နေသည်။
သူမက ကန်ထဲရှိ ငှက်တစ်ပိုင်း ငါးတစ်ပိုင်း ဖြစ်နေသော ခွန်မင်ကို စိုက်ကြည့်ကာ အကြည့်ထဲတွင် ဒေါသများဖြင့် ပြည့်နှက်နေ၏။
သူမ၏ ပန်းရောင်သမ်းနေသော လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ပြောလိုက်သည်
“ အဲဒီ စက်ဆုပ်စရာကောင်းတဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကတော့ … သူက ငါတို့ရဲ့ အဖိုးတန်ဆုံး အမွေအနှစ်ကို ခိုးယူသွားပြီးတော့ မောင်လေးကိုလည်း အခုလိုမျိုး လမ်းလွဲမှားသွားအောင် လုပ်ခဲ့တယ်”
အမျိုးသမီး၏ လှပသော မျက်နှာလေးတွင် အငြိုးအတေးများဖြင့် ပြည့်နှက်နေကာ ပြောလိုက်သည်
“ အခုတော့ သူက ခွန်ပန်တာအိုနဲ့ လဲလှယ်ဖို့အတွက် သုံးရောင်ခြယ်ရေစင်ကို လိုချင်ပြန်ပြီ။ သူ အရမ်းလွန်သွားပြီ။ သူက ငါတို့အပေါ်ကနေ အကျိုးအမြတ် ထုတ်ဖို့ ကြိုးစားနေတာပဲ”
ဟုတ်တယ်…ဒီအမျိုးသမီးက မဟာလေဟာနယ် ခွန်မျိုးနွယ်ရဲ့ မင်းသမီးကြီး ခွန်ယုပဲ
ခွန်မင် မမွေးဖွားခင်တုန်းက ခွန်ယုသည် မဟာလေဟာနယ် ခွန်မျိုးနွယ်၏ လူငယ်မျိုးဆက်တွင် ထိပ်သီး ပါရမီရှင် တစ်ယောက် ဖြစ်ခဲ့သည်။ သူမက နဂါးမျိုးနွယ်၏ ငါးယောက်မြောက် မင်းသားနှင့် တန်းတူ အရည်အချင်း ရှိသည်။
သူမက ယခု သက်တမ်း နှစ်ပေါင်း ၇၀၀ ရှိပြီဖြစ်သည့်အတွက် သူမက ဧရာမစွမ်းပကားရှင် နယ်ပယ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး နယ်မြေငါးခုရှိ ထိပ်သီးကောင်းကင်အသျှင်များထဲမှ တစ်ယောက် ဖြစ်နေပြီဖြစ်သည်။
ခွန်မျိုးနွယ်တွင် သက်တမ်း ၇၀၀ ရှိနေသောသူကို တက်ကြွဖျတ်လတ်နေသေးသည်ဟု သတ်မှတ်လို့ရနိုင်ပြီး ပါရမီရှင်ငယ် တစ်ယောက်ဟု ခေါ်ဆိုနိုင်သေးသည်။
ခွန်ယု၏ အရည်အချင်းနှင့် စွမ်းအားများကို လုံးဝ အသိအမှတ်ပြုရမည်။
ထို့ကြောင့် ခွန်ယုက မြောက်ပင်လယ်တစ်ခွင်လုံးရှိ များပြားသော ပါရမီရှင်များ၏ ချစ်မြတ်နိုးခြင်းကို ခံရသော မိန်းကလေးတစ်ယောက် ဖြစ်ခဲ့သည်။
မရေတွက်နိုင်သော နတ်ဆိုးပါရမီရှင်များက ခွန်ယု၏ သဘောကျမှုကို ရရှိဖို့ မျှော်လင့်နေကြသည်။ သဘောကျမှုကိုသာ ရရှိသွားပါက သူတို့ဘဝတွင် ထပ်မံရုန်းကန်စရာမလိုတော့ဘဲ နတ်ဆိုးလောက၏ ထိပ်ဆုံးအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားမည်။
ဒါပေမဲ့ ခွန်ယုရဲ့ စံနှုန်းသတ်မှတ်ချက်တွေက ဘယ်လောက်ထိမြင့်လဲဆိုတာရော သိကြရဲ့လား
အဲဒီပင်လယ်နတ်ဆိုး ပါရမီရှင်တွေ ပုံစံစုံ ဆိုဒ်စုံလာကြတာလေ။ လက်တံရှစ်ခုပါတဲ့ ရေဘဝဲတွေ၊ အခွံပါတဲ့ လိပ်နဲ့ လမ်းကိုတောင် တည့်တည့်မလျှောက်နိုင်တဲ့ ဂဏန်းတွေပေါ့ …
ပြီးတော့ သူတို့က အရမ်းအားနည်းလို့ သူမရဲ့ “မဟာလေဟာနယ် လေပွေ” တစ်ချက်စာကိုတောင် တောင့်မခံနိုင်ကြဘူး
အဲလိုလူတွေက သူမရှေ့ကိုရောက်လာဖို့တောင် အခွင့်အရေးမရှိဘူး
ခွန်ယုက သူမ၏ လက်တွဲဖော်သည် သူမထက် ပိုမိုအရည်အချင်းရှိကာ ပိုပြီးစွမ်းအားကြီးရမည်ဟု ယူဆထားသည်။
သူက သူမရဲ့သဘောကျမှုကို ဘယ်လိုလုပ်ပြီးတော့ ရသွားတာလဲ
သူက နမ်းတာ တော်တဲ့သူမလို့လား
“ အဲဒီရေသူမျိုးနွယ် မင်းသမီး ဖန်ရှန်း။ ငါ့မောင်လေးက အရမ်းချောပြီးတော့ အရည်အချင်းလည်း ရှိတယ်။ မင်းရဲ့ သဘောကျခြင်းကို ခံရလို့ သူမ ဂုဏ်တောင်ယူသင့်သေးတယ်။
ဒါပေမဲ့ သူမက ထွက်သွားပြီးတော့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်လို့ ခေါ်တဲ့သူကို ရွေးချယ်သွားခဲ့တယ်။ သူမက တကယ်ကို မျက်စိကန်းနေတာပဲ
မစိုးရိမ်ပါနဲ့။ အဲဒီ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် အသူရာချောက်နက်ကို ရောက်လာပြီဆိုတာနဲ့ မင်းအတွက် တရားမျှတမှု ရစေရမယ်”
ခွန်ယုက စိတ်ပူစွာဖြင့် မေးလိုက်သည်
“ မောင်လေး အခု ခံစားရတာ ဘယ်လိုနေသေးလဲ။ ခေါင်းရော နာနေသေးလား”
ခွန်မင်က သူ့အစ်မအရင်း၏ ဂရုစိုက်မှုကို ခံစားသိရှိလိုက်ရသည့်အတွက် အနည်းငယ် စိတ်သက်သာရာရသွားသည်။
သူက မကြည်မသာ လေသံဖြင့် ပြန်ဖြေလိုက်သည်
“ ကျွန်တော် အဆင်ပြေပါတယ်။ အစ်မကြီးလည်း ကျွန်တော်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ထက် ဖန်ရှန်းနဲ့ ပိုပြီးသင့်တော်တယ်လို့ ထင်တယ် မဟုတ်လား”
ခွန်ယုက အလျင်အမြန် ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ဒါပေါ့ ငါ့မောင်လေးက မြောက်ပင်လယ် လူငယ်မျိုးဆက်ကြားထဲမှာ စွမ်းအားအကြီးဆုံး ပါရမီရှင် တစ်ယောက်ပဲလေ။
မင်းက အရပ်ရှည်သလို ရုပ်လည်းချောတဲ့အပြင် အဖေရဲ့ တစ်ဦးတည်းသောသားဆိုလည်း ဟုတ်တယ်လေ။ အနာဂတ်မှာ မင်းက ခွန်မျိုးနွယ်တစ်ခုလုံးကို ဦးဆောင်ရမှာလေ။
သာမန် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က မင်းကို ဘယ်လိုလုပ်ပြီးတော့ ယှဉ်နိုင်မှာလဲ။ ရေသူမင်းသမီး မျက်စိမှောက်နေတယ်ဆိုတာ မမှားနိုင်ဘူး”
ထိုအခိုက်အတန့်တွင် ခွန်ယု၏ ခရုခွံလေး တုန်ခါလာသည်။
သူမ၏ အကြည့်တို့ ခက်ထန်သွားကာ ပြောလိုက်သည်
“ အော်…အံ့ဖွယ်မိုးကောင်းကင် သူတော်စင် အသူရာချောက်နက်ရဲ့ နယ်နမိတ်စည်းနားကို ရောက်နေပြီလို့ အစောင့်တွေက သတင်းပို့လာတယ်”
ငါးကန်ထဲရှိ ရေများ စတင် လှုပ်ရှားလာပြီဖြစ်သည့်အတွက် ခွန်မင် စိတ်လှုပ်ရှားလာတာ ရှင်းလင်းလှသည်။
သူသာ အခုလိုမျိုး ဂုဏ်သိက္ခာကို ထိန်းသိမ်းကာ ဖုံးကွယ်ထားရမည့် မျက်နှာမျိုး မရှိပါက ချက်ချင်း ပြေးထွက်သွားလိုက်ပြီ ဖြစ်သည်။
ခွန်ယုက သူမ၏ မောင်လေးကို နှစ်သိမ့်ရန်အတွက် ငါးကန်ကို ပုတ်ပြီး ပြောလိုက်သည်
“ စိတ်အေးအေးထားပါ။ မင်းမှာ ငါ တစ်ယောက်လုံး ရှိနေပါသေးတယ်။ သူက ငါတို့ရဲ့ သုံးရောင်ခြယ်ရေစင်ကို ထုတ်ပေးစေချင်တယ်ပေါ့လေ။ ဟင်း..အဲလောက်လည်း မလွယ်ပါဘူး။ မင်းအတွက် လက်စားချေဖို့ အဲဒီကောင်စုတ်လေးကို အခုပဲ သွားရှာလိုက်မယ်”
ခွန်ယုက ယုံကြည်မှုရှိစွာဖြင့် နန်းတော်ထဲမှ ထွက်သွားကာ ခွန်သဏ္ဌာန် အသုံးအဆောင်ပစ္စည်းကို ထုတ်လိုက်သည်။ သူမက ထိုပစ္စည်းပေါ်တွင် ထိုင်ကာ အသူရာချောက်နက်၏ နယ်နိမိတ်စည်းဆီသို့ ပျံသန်းသွားသည်။
…………….
အသူရာချောက်နက်၏ နယ်နမိတ်စည်းတွင်…
ခွန်မျိုးနွယ်၏ ကောင်းကင်အသျှင်တစ်ယောက်နှင့်အတူ ရှန်ထျန်း ရောက်ရှိလာပြီဖြစ်သည်။
ထို အသူရာချောက်နက်က ပင်လယ်ထဲရှိ အောက်ခြေကြမ်းပြင်မဲ့ ရေအောက် ချောက်နက်ကြီးတစ်ခုဖြစ်သည်။ ထိုချောက်နက်က အရှည်နှင့် အကျယ်အားဖြင့် မိုင်ပေါင်း သန်းချီရှိသည်။
ဘယ်လောက်အထိ နက်စောက်သည်ကိုတော့ ဘယ်သူမှ မသိကြပေ။
အသူရာချောက်နက်ထဲသို့ နက်သည်ထက် နက်အောင် ဝင်သွားလေလေ ပိုမို မှောင်မဲအေးစက်လာလေလေဖြစ်ပြီး ရေဖိအားကလည်း ပိုမို ပြင်းထန်လာသည်။ ထို့ကြောင့် ထိုချောက်နက်ထဲတွင် တိတ်ဆိတ်ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်းများဖြင့် ပြည့်နှက်နေသည်။
အတိဒုက္ခစမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်သော ဝိဇ္ဇာတစ်ယောက်ပင် ဤချောက်နက်၏ အနက်ဆုံးအပိုင်းကို ရောက်ရှိအောင် မသွားနိုင်ဘဲ လမ်းတစ်ဝက်မှာ လှည့်ပြန်လာရမည်ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းတုန်းက ခွန်မျိုးနွယ်တွင် သိချင်စိတ်ကို မထိန်းချုပ်နိုင်သော ကြီးမြတ်သော ဝိဇ္ဇာတစ်ပါး ရှိခဲ့သည်။ သူက ချောက်နက်၏ အနက်ဆုံးအပိုင်းများကို စွန့်စားရန်အတွက် အဆင့်ဆင့် ကြိုးစားခဲ့သည်။
ပေ ၅ သိန်း…
ပေ ၈ သိန်း…
ပေ ၁ သန်း…
သူ၏ ရှစ်ခါမြောက် ကြိုးစားမှုတွင် ကြီးမြတ်သော ဝိဇ္ဇာက ပေ၄ သန်း ၅ သောင်းအထိ ရောက်အောင် ကြိုးစားနိုင်ခဲ့သည်။
ထိုချောက်နက်ထဲတွင် ဘာအလင်းရောင်မှမရှိဘဲ ရေတစ်စက်ချင်းစီကလည်း တောင်တစ်တောင်ကဲ့သို့ လေးလံသည်ဟု သူ့စကားအရ သိရသည်။
ဒီထက်ပိုပြီး ကြောက်စရာကောင်းသည့်အရာက ဖိအားအရှိန်အဝါပင် ဖြစ်သည်။ အမှောင်ထုထဲမှ သူ့ကို စိုက်ကြည့်နေသလိုမျိုး ခံစားနေရသည်။ ကြက်သီးမွေးညင်းထစရာ ကောင်းသည့် ခံစားချက်ဖြစ်သော်လည်း အရင်းအမြစ်ကို သူ ရှာမတွေ့ခဲ့ပေ။
သိချင်စိတ်က စွဲလမ်းစေသည့်အရာ ဖြစ်သည့်အတွက် မဟာခွန်ဝိဇ္ဇာက ၉ ကြိမ်မြောက် ထပ်ပြီးသွားပြန်သည်။
ထိုအကြိမ်တွင် ပြန်လာခြင်း မရှိတော့ပေ။ သူက အသူရာချောက်နက်၏ အနက်ဆုံး နယ်မြေတွင်သာ ပျောက်ကွယ်သွားပြီး အမှောင်ထု၏ ဝါးမျိုခြင်းကို ခံခဲ့ရသည်။
နှစ်ပေါင်းတစ်သောင်း ကြာပြီသွားသော်လည်း သူ့ အရိပ်အယောင်ကို လုံးဝ မတွေ့ရသေးပေ။
အသူရာချောက်နက်၏ ပေတစ်သိန်းအောက် နယ်မြေများကို တားမြစ်နယ်မြေဟု ခွန်မျိုးနွယ်မှ ကြေညာချက် ထုတ်ထားသည်။ ခွန်မျိုးနွယ်ဝင်တွေကို ထိုသတ်မှတ်ချက်ထက် နက်သောနေရာသို့ သွားခွင့်မပြုပေ။
ထိုနေရာက တားမြစ်ထားပြီး ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသည်။
ဒါပေါ့ ရှန်ထျန်းကတော့ အဲလိုမျိုးတွေ စွန့်စားတာမျိုး လုပ်မှာ မဟုတ်ဘူး။ သူက သတိထားပြီးတော့တောင် နေသေးတယ်
သို့သော် ချောက်နက်က မဟာလေဟာနယ် ခွန်မျိုးနွယ်၏ အိမ် ဖြစ်သည်။ သူတို့က အင်မတန်စွမ်းအားကြီးသလို သူကလည်း သူတို့နှင့် ယခင်က အငြိုးအတေး အနည်းငယ် ရှိခဲ့သည်။
အသက်ကြီးသော ခွန်မျိုးနွယ်များက လူငယ်မျိုးဆက်များ၏ ပြဿနာများတွင် ဝင်မစွက်ဖို့အတွက်သာ သူ မျှော်လင့်နိုင်တော့သည်။ မဟုတ်လျှင် ထောင်ပေါင်းများစွာသော ဧရာမခွန်တွေ သူ့ဆီ ဦးတည်လာသည်ကို တွေးလိုက်ရုံဖြင့်ပင် ကြက်သီးထစရာကောင်းလှသည်။
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ကြိုဆိုပါတယ်”
သူ့နောက်မှ ခွန် ကောင်းကင်အသျှင်က ရှန်ထျန်းကို ချောက်နက်ထဲသို့ ဝင်ဖို့ ဖိတ်ခေါ်နေသည်။
ထိုအခိုက်အတန့်တွင် ရှန်ထျန်းက ပင့်ကူအိမ်ပေါ်သို့ တက်လှမ်းဖို့ ဖိတ်ခေါ်ခံရသော ယင်ကောင် တစ်ကောင်လိုမျိုး ခံစားလိုက်ရသည်။
“ အနာခံမှ အသာစံရမယ်” ဆိုသလိုမျိုး ခွန်မင်ကို ကယ်တင်ဖို့အတွက် ဒီစွန့်စားမှုကို ငါ လုပ်ချင်ပါတယ်
ထို့နောက် ချောက်နက်ထဲတွင် ရုတ်တရက် အပြာရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
စွမ်းအားကြီးသော ကောင်းကင်အသျှင်အဆင့် အရှိန်အဝါက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ရှန်ထျန်း၏ ဘေးတွင်ရှိနေသော အတွေ့အကြုံရင့်သန်သော ကောင်းကင်အသျှင်ပင် ခြေလှမ်းပေါင်း မြောက်များစွာ ပြန်ဆုတ်လိုက်ရသည်။
“ ဒါက မင်းသမီးကြီးပဲ။ သူမက ဘယ်လိုလုပ်ပြီးတော့ ဒီနေရာရောက်နေရတာလဲ”
ခွန်မျိုးနွယ် ကောင်းကင်အသျှင်၏ မျက်နှာက ပြောင်းလဲသွားသည်။ သူ့ခေါင်းဆောင်၏ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို အတတ်နိုင်ဆုံး လုံခြုံအောင် လုပ်ပေးရမည်ဆိုသော အမိန့်ကိုလည်း သတိရနေဆဲ ဖြစ်သည်။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ဒီနေရာမှာ ရောက်လာပြီ။ မင်းသမီးကြီးကလည်း ဒီနေရာမှာ ရုတ်တရက် ပေါ်လာတယ် … ကြည့်ရတာ လုံးဝ အဆင်မပြေလောက်တော့ဘူး
သူ ခွန်ယု၏ ဩဇာကြီးမားသော အရှိန်အဝါကြောင့် သူမ ဤနေရာကို ရောက်လာခြင်းက ဧည့်သည်ကို ကြိုဆိုဖို့မဟုတ်ဘဲ ပြဿနာရှာဖို့ လာကြောင်း သိလိုက်သည်။
မင်းသမီးကြီးက သူမ၏ မောင်လေးနှင့် အရမ်းရင်းနှီးကြောင်းကို ခွန်မျိုးနွယ်ဝင် အားလုံးက သိကြသည်။ သူမကိုယ်တိုင်မှလွဲ၍ သူမ၏ မောင်လေးကို တခြားသူများ အနိုင်ကျင့်ခွင့် မပေးပေ။
သူတို့၏ သခင်လေးက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကြောင့် ဒုက္ခရောက်ခဲ့ရသည့်အတွက် သူတို့၏ မင်းသမီးကြီးက စိတ်တိုနေမှာ သေချာသည်။
ယခု အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သူတို့ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာလေပြီ။
ခွန်မျိုးနွယ် ကောင်းကင်အသျှင်က မင်းသမီးကြီးကို မယှဉ်နိုင်မှန်း သိသည့်အတွက် စိတ်မရှည်သည့်ပုံစံဖြင့် ပြောလိုက်သည်
“ သူတော်စင် … တစ်နေရာရာမှာ အကာအကွယ်ယူနေတာ ပိုကောင်းလိမ့်မယ်။ မင်းသမီးကြီးကို ဖျောင်းဖျဖို့အတွက် ကူညီပေးမယ်။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကို အခုချက်ချင်း ဆက်သွယ်လိုက်ပါ မဟုတ်ရင် ဒုက္ခရောက်လိမ့်မယ်”
ထို့နောက် အပြာရောင်အလင်းတန်းက ရောက်လာနှင့်ပြီးပြီဖြစ်သည်။
ခွန်မျိုးနွယ် ကောင်းကင်အသျှင်က ကိုယ့်နဖူးကို ရိုက်လိုက်မိသည်။
“ ကြည့်ရတာ ကျွန်တော်တို့ အချိန်မမှီတော့ဘူး ထင်တယ်”
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ရှန်ထျန်းက ဘယ်မှာလဲ”
ချောက်နက်ထဲမှ အေးစက်သောအသံတစ်ခု ထွက်ပေါ်လာကာ ဧရာမခွန် ပုံရိပ်သဏ္ဌာန်ကြီးတစ်ခုလည်း ပေါ်ထွက်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်သဏ္ဌာန်၏ အလယ်တွင် အပြာရောင် ခွန်သဏ္ဌာန် အသုံးအဆောင် ပစ္စည်းတစ်ခု ရှိနေပြီး ထိုပစ္စည်းပေါ်တွင် အပြာရောင် ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က ထိုင်နေသည်။
သူမမှာ တိုသော ဆံနွယ်အပြာရောင်ကို ပိုင်ဆိုင်ထားပြီး ကြည့်ရတာ လှပပြီး ကျက်သရေရှိသည့်အပြင် အသက်နှစ်ဆယ်အရွယ် မော်ဒယ်မလေးတစ်ယောက်နှင့်ပင် တူနေသည်။ တစ်ချိန်တည်းမှာပဲ သူမက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ထိုအရာက သူမကို ငယ်ရွယ်သော ကောင်းကင်အသျှင် တစ်ယောက်ဖြစ်ကြောင်း သိသာစေသည်။
ရှန်ထျန်းပင် ထိုအမျိုးသမီးဆီမှ ဖျော့တော့သော ဖိအားကို ခံစားနေရသည်။
ဤအမျိုးသမီး၏ စွမ်းအားက အတော်လေး ထူးခြားဆန်းကြယ်လှသည်။ သူမနှင့် ရင်ဆိုင်ဖို့အတွက် ရှန်ထျန်း အတော်လေး အားစိုက်ထုတ်ရမည် ဖြစ်သည်။
မဟာလေဟာနယ် ခွန်မျိုးနွယ်က နဂါးမျိုးနွယ်နှင့် အဆင့်အတန်း တူညီသည်။ ထိုမျိုးနွယ်မှ သာမန်အမျိုးသမီး တစ်ယောက်ပင် အရမ်းစွမ်းအားကြီးနေပြီ ဖြစ်သည်။
တကယ်ကို ပြိုင်ဘက်ကင်းပဲ
ထိုအတွေးကြောင့် ရှန်ထျန်းက ရှေ့တစ်လှမ်း တိုးကာ ပြောလိုက်သည်
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ရှန်ထျန်းက မင်းသမီးကြီးကို နှုတ်ခွန်းဆက်သအပ်ပါတယ်”
ခွန်သဏ္ဌာန်အသုံးအဆောင် ပစ္စည်းပေါ်တွင် ထိုင်နေသော ဆံပင်ပြာ အမျိုးသမီးက လှည့်ကြည့်လိုက်သည်။
သူမ၏ အကြည့် ရှန်ထျန်းအပေါ်သို့ ကျရောက်သွားသည့်အချိန် အေးစက်နေသော အကြည့်များက နူးညံ့သိမ်မွေ့သွားသည်။
သေစမ်း…
ဒါက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်တဲ့လား
နှင်းလိုမျိုး ဖြူစွတ်နေတဲ့ ဝတ်ရုံကို ဝတ်ထားတဲ့ပုံစံက အရမ်းကို ဖြူစင်တာပဲ
သူက ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသော ကျက်သရေအပေါင်းနှင့် ပြည့်စုံသော ငယ်ရွယ်သည့် နတ်ဘုရားတစ်ပါးနှင့် တူနေသည်။
ဒီလိုမျက်နှာမျိုးက ကောင်းကင်တာအိုရဲ့ ပြီးပြည့်စုံဆုံး အနုပညာ ဖြစ်လိမ့်မယ်။ အစိတ်အပိုင်းတစ်ခုချင်းစီက နှလုံးသားထဲမှာ မီးမွှေးခံလိုက်ရသလိုမျိုး အရမ်းကို ရင်ခုန်ဖို့ကောင်းတယ်
ဒီလောကကြီးမှာ ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ ချောမောတဲ့သူတစ်ယောက် ရှိနေနိုင်ရတာလဲ
ဒီလိုမျိုး မျက်နှာနဲ့ဆိုရင် “စွမ်းအား”နဲ့ “အရည်အချင်း”တွေ များပြားနေရင်တောင် နှိုင်းယှဉ်နိုင်မှာ မဟုတ်ဘူး
ထိုအခိုက်အတန့်တွင် ခွန်ရှုက ရေသူမင်းသမီးလေး သူမ၏ မောင်လေးကို ကျော်ပြီး ဤသူတော်စင်ကို ဘာလို့ ရွေးချယ်သွားလဲဆိုတာကို နားလည်သွားပုံပေါ်သည်။
ဟင်း…ဒီ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ နှိုင်းယှဉ်လိုက်ရင် မောင်လေးက … သိပ်ပြီးတော့ မလုံလောက်ဘူး
ခွန်ယုက ဩဇာကြီးမားသူ ဖြစ်သော်လည်း စဉ်းစားဉာဏ် မရှိသောသူ မဟုတ်ပေ။ ယုဖန်ရှန်း၏ အကြပ်ရိုက်သွားရသည့် အခြေအနေကို သူမ လုံးဝ နားလည်သည်။
တစ်ချိန်တည်းမှာပဲ သူမက ယုဖန်ရှန်းအပေါ် အငြိုးအတေး မရှိတော့ပေ။
ခွန်ယုသာ ယုဖန်ရှန်းရဲ့ နေရာမှာဆိုရင်လည်း ဒီအံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို ကြည့်ပြီးသွားရင် ခွန်မင်အတွက် ခံစားချက်တွေ ရှိနေနိုင်ပါဦးမလား
ဟူး…
မောင်လေး… မင်း ရှုံးသွားတာမှာ အရမ်းကို ကောင်းမွန်တဲ့ အကြောင်းပြချက် တစ်ခုရှိနေတယ်
အဟင်း…. အဟင်း
အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ဘယ်လောက်ပဲ ရုပ်ချောနေပါစေ သူက ဒီမှာ သူတို့ရဲ့ မိသားစုရတနာတွေကို ယူဖို့ ရောက်လာတာပဲလေ
မဟာလေဟာနယ် ခွန်မျိုးနွယ်ရဲ့ လူငယ်မျိုးဆက် ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ခွန်ယုက ရုပ်ချောတဲ့သူကို မြင်လိုက်တာနဲ့ ကူကယ်ရာမဲ့သွားတတ်တဲ့ မိန်းကလေးမျိုး မဟုတ်ပါဘူး
သူမက ရှန်ထျန်းကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။ သူမ၏ ပါးများနီရဲနေကာ အမြန်ပြေးလာရင်း ပြောလိုက်သည်
“ မင်းက ရှန်ထျန်းလား။ ခွန်ပန်တာအို အပြည့်အစုံကို နားလည်သွားတဲ့ သူတော်စင်ဆိုတာလား”
ရှန်ထျန်းက သတိကြီးစွာဖြင့် မေးလိုက်သည်
“ ဟုတ်ပါတယ်… ကျွန်တော်ကို ဘာလို့ မေးတယ်ဆိုတာ သိလို့ရမလား”
ခွန်ယုက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ရှင်က အရှေ့ပိုင်းလွင်ပြင်မှာ ရုပ်အချောဆုံးသူလို့ ကြားထားတယ်။ ကြည့်ရတာ အဲဒီကောလဟာလတွေက အပိုတော့ မဟုတ်ဘူး ထင်ပါတယ်”
ရှန်ထျန်းက ဘာပြန်ပြောရမယ်မှန်းမသိ ဖြစ်သွားသည်။
ဒီမင်းသမီးက စကားလမ်းကြောင်း ဘယ်လိုလွှဲရမယ်ဆိုတာ ကောင်းကောင်းသိတာပဲ
ခဏတာတွေးတောပြီးနောက် ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်
“ မင်းသမီးကြီးက အရမ်းကြင်နာတတ်တာပဲ။ အဲဒါက ကျွန်တော်ရဲ့ အရှေ့ပိုင်းလွင်ပြင်က ညီအစ်ကိုတွေ စနောက်နေကြတာပါ။
မင်းသမီးကြီးက ပြိုင်ဘက်ကင်းအောင် လှပြီးတော့ မြောက်ပင်လယ်ရဲ့ လူငယ်မျိုးဆက် မိန်းကလေးတွေထဲမှာ အလှဆုံးပဲဆိုတဲ့ ကောလဟာလကိုလည်း ကြားထားသေးတယ်။ အခုတော့ အဲဒါက အမှန်ဆိုတာကို သိသွားပါပြီ”
အမြဲတမ်း အပေးအယူမျှအောင် လေ့ကျင့်ထားရမယ်။ တစ်စုံတစ်ယောက်က ရုပ်ချောတယ်လို့ လာပြောရင် ပြန်ပြီးတော့ ချီးကျူးပေးရမှာပဲလေ
ခွန်ယုက ရှန်ထျန်း၏ “ ယဉ်ကျေးသော” စကားလုံးများကြောင့် မျက်နှာပင် နီရဲသွားသည်
“ ကျွန်မက တကယ် ပြိုင်ဘက်ကင်းအောင် လှတယ်လို့ ထင်လို့လား”
သူမ၏ တည်တံ့နေသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာသည်။ ထိုအခိုက်အတန့်တွင် အေးစက်သော ရေခဲများ အရည်ပျော်သွားကာ နွေဦးသို့ ပြန်လည်ရောက်ရှိလာသလိုမျိုး ခံစားလိုက်ရသည်။
ခွန်ယုက ရှန်ထျန်း၏ ရှေ့တွင် ဆင်းသက်လိုက်သည်။ သူမ၏ သွယ်လျသော ခန္ဓာကိုယ်လေးက သူ့ထက် ခေါင်းတစ်ဝက်စာလောက်သာ နိမ့်တော့သည်
“ လာ… ရှင့်ကို ကျွန်မရဲ့အဖေနဲ့တွေ့ဖို့ ခေါ်သွားပေးမယ်”
သူမက ရှန်ထျန်းလက်ကို ဆွဲကာ ခွန်သဏ္ဌာန်အသုံးအဆောင် ပစ္စည်းပေါ်သို့ ခေါ်သွားပြီး ခွန်နန်းတော်ဆီသို့ ချက်ချင်း ဦးတည်သွားလိုက်သည်။
ထိုအချိန်တွင် ငါးကန်ကြီးထဲရှိ ခွန်မင်၏ ခန္ဓာကိုယ်က အရေးကြီးသော တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရသလိုမျိုး လှုပ်ခါလာသည်။
ခွန်ယု၏ ခွန်သဏ္ဌာန် အသုံးအဆောင်ပစ္စည်းက အရမ်းကို သာမန်နှင့် တူသော်လည်း ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပြီး စွမ်းအားကြီးသော ခုခံစွမ်းအားကို ပိုင်ဆိုင်ထားသည်။
ထိုအရာမှ မဟာလေဟာနယ် ခွန်မျိုးနွယ်၏ ထူးခြားတိုက်ကွက်များဖြစ်သည့် မဟာလေဟာနယ် အေးခဲခြင်းနှင့် မဟာလေဟာနယ် ခွဲထွက်ခြင်းကိုပင် ထုတ်လွှတ်လို့ရသည်။ ထိုတိုက်ကွက်များက ပြိုင်ဘက်၏ အရှိန်နှင့် နောက်က လိုက်ခြင်းများကို ခုခံနိုင်သည်။
ထိုအရာက ခွန်ယုကို စစ်ဆေးမှုများတွင် အန္တရာယ်နှင့် ကြုံတွေ့သည့် အခါ ကျော်လွှားနိုင်အောင် ကူညီပေးသည်။
ရှန်ထျန်းက ထိုအသုံးအဆောင် ပစ္စည်းပေါ်မှာ ထိုင်ရတာ အရမ်းကို သက်တောင့်သက်သာ ဖြစ်နေသည်။ အချိန်တိုခဏအတွင်းမှာတင် သူက ခွန်နန်းတော်၏ ရှေ့သို့ ရောက်ရှိသွားပြီဖြစ်သည်။
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ရောက်နေပြီလို့ အဖေဆီ သတင်းပို့လိုက်”
ခွန်ယုက လက်ဟန်ကို ပြုလုပ်လိုက်သည့်အခါ နန်းတော် ဂိတ်တံခါးပွင့်သွားသည်။ ရှည်လျားသော ခန်းမဆောင်လျှောက်လမ်းတစ်ခု ထွက်ပေါ်လာသည်။
သူတို့နှစ်ယောက် နန်းတော်ထဲသို့ ပျံသန်းသွားပြီးနောက် အနက်ရောင် ခန်းမဆောင်ကြီး တစ်ခုဆီ ရောက်ရှိသွားသည်။
အနက်ရောင် ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်က ခန်းမ၏ အလယ်တွင် မတ်တပ်ရပ်နေသည်။
လတ်တလော ကျင့်ကြံဆင့် တိုးတက်မှုကြောင့် ရှန်ထျန်းပင် ထိုအမျိုးသားဆီမှာ ပြိုင်ဘက်ကင်း ဖိအားကို ခံစားကြည့်လို့ရနိုင်သည်။ သူရှေ့တွင် သူ လုံးဝ ကူကယ်ရာမဲ့ ဖြစ်နေသည်။
သူက မဟာလေဟာနယ် ခွန်မျိုးနွယ်ရဲ့ ခေါင်းဆောင်ဖြစ်နေတာ မဆန်းပါဘူး။ အရမ်းစွမ်းအားကြီးတယ်
ရှန်ထျန်းက လေးစားစွာ အရိုအသေပြုရင်း ပြောလိုက်သည်
“ ခွန်ဘုရင်ကို နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်က ရှန်ထျန်းပါ”
ရှန်ထျန်း နောက်ဆုံးတော့ ရောက်လာပြီပေါ့
ခွန်ရှုက စိုးရိမ်သလိုမျိုး အနည်းငယ် တုန်လှုပ်သွားသည်။
ရှန်ထျန်းက ဘာလို့ ယုအာနဲ့အတူ လာခဲ့ရတာလဲ။ ဘာမှ ဆိုးရွားတာ မဖြစ်ဖို့အတွက် မျှော်လင့်ရမှာပဲ
ဒီငတုံးမလေး … ရှန်ထျန်းကို ထိခိုက်အောင် ဘာမှမလုပ်ဖို့ မျှော်လင့်တာပဲ
အလျင်စလို မပြုမူတာ ပိုကောင်းလိမ့်မယ်
ဒါပေမဲ့ ဒီနှစ်ယောက် အတူတူလာတယ်ဆိုတော့ … ပြဿနာတော့ ရှိမယ် မထင်ပါဘူး
ခွန်ဘုရင်၏ နှလုံးခုန်သံ မြန်လာကာ ရှန်ထျန်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်
“ အရမ်းကောင်းတယ်။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို စောင့်နေတာကြာပြီ”
ခွန်ဘုရင်က တောက်ပစွာ ပြုံးလိုက်သည်။
ထို့နောက် နွေးထွေးစွာ ပြောလိုက်သည်
“ အမှန်အတိုင်းပြောရရင် ငါက မင်းရဲ့ ဆရာနဲ့ခင်တာ နှစ်ပေါင်းရာချီနေပြီ။
ဂိုဏ်းချုပ်ကျန်းက ပြောတယ်။ နှစ်ပေါင်းတစ်သောင်းအတွင်း မင်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ စွမ်းအားအကြီးဆုံး ပါရမီရှင်လို့ ပြောတယ်။ ငါ မင်းအကြောင်းကို အရမ်းသိချင်နေတာ။
အခုတွေ့ရပြီဆိုတော့ မင်းက တကယ် ထူးခြားတဲ့လူပဲ။ ငါ့မှာ မင်းလို တူလေးတစ်ယောက်သာ ရှိရင်တော့ကွာ”
ဒီခေါင်းဆောင်မှာ တကယ်ကို မြင့်မားတဲ့ ခံစားသိရှိမှုရှိတယ်လို့ ပြောလို့ရတယ်
ခွန်ဘုရင်က ကြီးမြတ်သော ဝိဇ္ဇာတစ်ပါးဖြစ်ပြီး စွမ်းအားကြီးသော မျိုးနွယ်၏ ခေါင်းဆောင်တစ်ယောက် ဖြစ်သည်။ သို့သော် သူက ရှန်ထျန်းအပေါ် ကြင်နာတတ်သော ဦးလေးတစ်ယောက်လိုမျိုး ပြုမူနေသည်။
တစ်စုံတစ်ယောက်ရဲ့ နှလုံးသားထဲကို ဝင်ချင်ရင် မြှောက်ပင့်ပြောဆိုရမယ်
ပြီးတော့ မင်းကို မြှောက်ပင့်ပြောဆိုနေတာကလည်း “ကြီးမြတ်တဲ့ ဝိဇ္ဇာ”တဲ့
ခွန်ဘုရင်က ရှန်ထျန်းကို တကယ် မြှောက်ပင့်ပြောဆိုနေသည်။ ဤအချိန်မတိုင်ခင်က ရှန်ထျန်းက ခွန်ပန်တာအိုကို လက်လွှဲပေးလိမ့်မည်ဟု အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ပြောထားပြီးသား ဖြစ်သည်။
သူသာ ခွန်ပန်တာအိုကို ပြန်ပေးလိုက်ပါက ရှန်ထျန်း၏ ကံကြမ္မာ တိုးတက်လာလိမ့်မည်။
ခွန်ပန်တာအိုနှင့် လဲလှယ်ဖို့အတွက် ဘာမှပြန်လည်တောင်းဆိုခြင်း မရှိလျှင်ပင် ရှန်ထျန်းက အကျိုးအမြတ်ရနေဆဲ ဖြစ်သည်။
သို့သော် ခွန်မျိုးနွယ်က သူ့ကို သုံးရောင်ခြယ်ရေစင်ကို ပေးချင်နေသည့်အတွက် သူလည်း ငြင်းဆိုမနေတော့ပေ။ ထိုအရာ အင်မတန် တန်ဖိုးရှိသော ပစ္စည်းဖြစ်နေခြင်းကြောင့်လည်း ပါဝင်သည်။
အလကားရရင် အမြဲတမ်း ဝမ်းသာတယ် …
ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်
“ အရှင်မင်းမြတ်က အရမ်းကြင်နာတာပဲ။ ကျွန်တော်က အဲလောက်ထိ မတော်ပါဘူး”
ခွန်ဘုရင်က ရှန်ထျန်းကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
“ မင်းက ဒီမှာ ရောက်လာပြီဆိုမှတော့ လိုရင်းကိုပဲ ပြောတော့မယ်။ မင်းက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းမှာ ခွန်ပန်တာအိုကို အပြည့်အစုံ နားလည်သွားတယ်လို့ ငါ ကြားထားတယ်။
ခွန်ပန်တာအိုက ငါတို့အတွက် ဘယ်လောက်ထိ အရေးကြီးတယ်ဆိုတာ မင်း သိထားရမယ်။ ခွန်မျိုးနွယ်တစ်ခုလုံးရဲ့ ကိုယ်စား မင်း ငါတို့ရဲ့ အမွေအနှစ်ကို ပြန်ပေးတဲ့အတွက် ကျေးဇူးပြန်ဆပ်မှာပါ။
ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်းတွေနဲ့ သုံးရောင်ခြယ် ရေစင်ကို ပြင်ဆင်ထားပြီးပါပြီ။ အခု ငါ ကြည့်လို့ရအောင် တိုက်ကွက်နည်းနည်းလောက် ထုတ်ပြလို့ ရမလား။
မင်းရဲ့ ခွန်ပန်တာအိုက ပြည့်စုံတယ်ဆိုတာကို အတည်ပြုပေးရင် ဒီရတနာတွေကို ဝမ်းမြောက်ဝမ်းသာနဲ့ လက်လွှဲပေးမှာပါ”
ခွန်ဘုရင်က အရမ်းတည့်တိုးဆန်နေသည်။
ခွန်ယု၏ အကြည့်တို့ တောက်ပနေသည်။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အရှေ့ပိုင်းလွင်ပြင်တစ်ခွင်တွင် ရုပ်အချောဆုံး ဖြစ်သည့်အပြင် စွမ်းအားအကြီးဆုံး ပါရမီရှင် ဖြစ်ကြောင်း သူမ ကြားထားသည်။
သူ့ရုပ်ရည်ကတော့ အပိုတွေ ပြောတာ မဟုတ်ဘူးဆိုတာ သိပြီးပြီ။ သူ့ရဲ့ အရည်အချင်းနဲ့ စွမ်းအားကရော …
အပွင့်လင်းဆုံးပြောရလျှင် ခွန်ယု သိချင်စိတ်များပြီး သူ့သတ္တိကို စမ်းသပ်ချင်နေမိသည်။
အထင်မလွဲနဲ့နော်။ သူမက အသားချင်းထိချင်လို့ တမင် ကြံစည်နေတာ မဟုတ်ဘူး။ လုံးဝ မဟုတ်ဘူးနော်
ခွန်ယုက ရှန်ထျန်းကို ကြည့်ကာ ပြောလိုက်သည်
“ ကျွန်မက ခွန်ပန်တာအိုကို အရမ်းစိတ်ဝင်စားတယ်။ ကျွန်မနဲ့ လေ့ကျင့်ချင်လား။ ကျွန်မရဲ့ ကျင့်ကြံဆင့်ကို သေချာပေါက် ရွှေရောင်ကိုယ်ထည် နယ်ပယ်အဆင့်ထိ လျှော့ချထားမှာပါ။
ဘယ်လို သဘောရလဲဟင်”
လေ့ကျင့်တာလား … တိုက်ခိုက်ချင်တာလား
ရှန်ထျန်းက ခွန်ယု၏ အကြည့်ကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။
ဒီခွန်အမျိုးသမီးက သူမရဲ့ အာဏာကို ငါ့အပေါ်မှာ သုံးချင်နေတာလား
ဟား…ဟား…ဟား…အိပ်မက် ဆက်မက်နေလိုက်
ရှန်ထျန်းက ပြုံးကာ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်
“ တကယ်တော့ မင်းရဲ့ ကျင့်ကြံဆင့်ကို လျှော့ချဖို့ မလိုပါဘူး”
ရှန်ထျန်းက ဖြည်းဖြည်းချင်း အရှိန်အဝါ ထုတ်လွှတ်လိုက်သည့်အခါ အချိန်ခဏအတွင်းမှာပင် စွမ်းအားတိုးပွားလာသည်။
ခွန်ရှုနှင့် ခွန်ယုတို့၏ မျက်နှာများပေါ်မှ အပြုံးများလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
ဒါ… ဒါကို ဘယ်လိုလုပ်ပြီးတော့ ရွှေရောင်ကိုယ်ထည် နယ်ပယ်အဆင့်လို့ သတ်မှတ်ရမှာလဲ